အခန်း ၈၂၀
Vol. 55 Ch. 820
အခန်း (၈၂၀) - နတ်ဘုရားလက်နက် နိုးထလာခြင်း
"မစမ်းကြည့်ဘဲနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ"
တပ်မှူးလေးက ဖုန်းဝူချန်နှင့် အခြားသူများအား အရူးတစ်အုပ်ကို ကြည့်သကဲ့သို့ လှမ်းကြည့်လိုက်၏။
"အစ်ကိုဖုန်း... ငါတို့ တကယ်ပဲ မစမ်းသပ်ကြည့်ရသေးဘူး ထင်တယ်"
လျိုချင်းယန်က အံ့အားသင့်စွာ ထောက်ခံလိုက်၏။ သေချာ ပြန်စဉ်းစားကြည့်လျှင် သူတို့သည် ရှေးဦး စက်ကွင်းလက်နက်ကို ရရှိခဲ့စဉ်ကတည်းက အချိန်စွမ်းအား တစ်ခုတည်းကသာ ထိန်းချုပ်နိုင်မည်ဟု အမြဲတမ်း တွေးထင်ထားခဲ့သဖြင့် တစ်ကြိမ်တစ်ခါမျှပင် စမ်းသပ်မကြည့်ခဲ့မိပေ။
"နန်းတော်သခင်... ကျွန်တော်တို့ စမ်းကြည့်ကြမလား"
ယဲ့ထျန်းဝေက အကြံပြုလိုက်သည်။ အခြားနည်းလမ်းများဖြင့် အခင်းအကျင်း၏ ပိတ်လှောင်မှုကို မချိုးဖျက်နိုင်ခဲ့ရာ ယခုနည်းလမ်းကို စမ်းသပ်ကြည့်ရန်သာ ရွေးချယ်စရာ ရှိတော့၏။
ဖုန်းဝူချန်က တပ်မှူးလေးထံသို့ တစ်ချက် လှမ်းကြည့်လိုက်ရာ ထိုသူ လိမ်ညာနေပုံ မရကြောင်း ခံစားလိုက်ရ၏။
ထို့အပြင် ဖုန်းဝူချန် ကိုယ်တိုင်လည်း ရှေးဦး ကမ္ဘာဦးစွမ်းအားကို အသုံးပြု၍ ရှေးဦး စက်ကွင်းလက်နက်အား ထိန်းချုပ်ရန် တစ်ခါမျှ မကြိုးစားခဲ့ဖူးရာ စမ်းသပ်ကြည့်ရုံဖြင့်လည်း မည်သို့မျှ မနစ်နာနိုင်ချေ။
"မင်း ငါ့ကို မလိမ်ဖို့ မျှော်လင့်တယ်... မဟုတ်ရင်တော့ အကျိုးဆက်က ဘာလဲဆိုတာ မင်း အသိဆုံးပဲ"
ဖုန်းဝူချန်က လေးနက်သော မျက်နှာထားဖြင့် သတိပေးလိုက်၏။
စကားပြောရင်းပင် ဖုန်းဝူချန်က သူ၏ သိုလှောင်လက်စွပ်ထဲမှ ရှေးဦး စက်ကွင်းလက်နက်ကို ထုတ်ယူလိုက်သည်။ ၎င်းအပေါ်ရှိ မှော်စာလုံးများကို တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် ဖျက်ဆီးခြင်းစွမ်းအားများကို စတင် အသက်သွင်းလိုက်တော့၏။
ထိုအခိုက်အတန့်၌ လူတိုင်း၏ အကြည့်များက ဖုန်းဝူချန်ထံသို့ တင်းမာစွာ စူးစိုက်သွားကြတော့သည်။
'ဒီကောင်လေးရဲ့ ရှေးဦး ကမ္ဘာဦးစွမ်းအားက ဘယ်လိုဖြစ်နေတာလဲ... အရင်ကထက် ပိုအစွမ်းထက်လာသလိုပဲ... အရှိန်အဝါကလည်း အရမ်း ထူးဆန်းတယ်... တခြား စွမ်းအင်တွေပါ ရောနှောပါဝင်နေသလိုပဲ'
တပ်မှူးလေးက ဖုန်းဝူချန်အား အကဲခတ်ရင်း ရင်တွင်း၌ အလွန်အမင်း တုန်လှုပ်စွာဖြင့် တွေးတောနေမိ၏။
ဖုန်းဝူချန်၏ ဖျက်ဆီးခြင်းစွမ်းအားမှာ အခြားသော စွမ်းအားများစွာနှင့် ပေါင်းစပ်ထားပြီး မူလ ဖျက်ဆီးခြင်းစွမ်းအားထက် အဆပေါင်းများစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်ကြောင်းကို တပ်မှူးလေး လုံးဝ မသိရှိခဲ့ချေ။
ဖုန်းဝူချန်က ဖျက်ဆီးခြင်းစွမ်းအားများကို ရှေးဦး စက်ကွင်းလက်နက်အတွင်းသို့ သတိကြီးစွာ ထည့်သွင်းလိုက်ပြီး သူ၏ မျက်နှာထားမှာလည်း အလွန်အမင်း လေးနက် တင်းမာနေတော့၏။
အချိန်တိုလေး အတွင်းမှာပင် ရှေးဦး စက်ကွင်းလက်နက်ထံမှ တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့ပြီ။
"တကယ်ပဲ ထိန်းချုပ်လို့ ရနေတာပဲ"
ဖုန်းဝူချန်မှာ ရင်တွင်း၌ ဝမ်းသာလုံးဆို့သွားတော့၏။
"လင်းလာပြီ... လက်နက်ကြီး လင်းလာပြီကွ"
လျိုချင်းယန်က တက်ကြွစွာ အော်ဟစ်လိုက်ရာ သူ၏ တင်းမာနေသော မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ချက်ချင်းပင် အစားထိုး ဝင်ရောက်လာခဲ့၏။
"ရှေးဦး ကမ္ဘာဦးစွမ်းအားက ရှေးဦး စက်ကွင်းလက်နက်ကို တကယ် အသက်သွင်းနိုင်တာပဲ"
ကျန်းကျွင့်လန်နှင့် အခြားသူများ၏ မျက်နှာထက်တွင်လည်း ပီတိများ ဝေဖြာသွားကြတော့သည်။
ရှေးဦး စက်ကွင်းလက်နက်ထံမှ ရွှေရောင် အလင်းတန်းများ မှိန်ဖျော့ဖျော့ ထွက်ပေါ်လာပြီး ၎င်းအပေါ်ရှိ မှော်စာလုံးများမှာလည်း အဆက်မပြတ် တလက်လက် တောက်ပလာရာ နိုးထလာတော့မည့် လက္ခဏာပင်။
ရှေးဦး စက်ကွင်းလက်နက်မှာ ဖြည်းညင်းစွာ တုန်ခါနေပြီး ဖုန်းဝူချန် ထည့်သွင်းပေးလိုက်သော စွမ်းအားများ ပိုမို ကြီးမားလာသည်နှင့်အမျှ ရွှေရောင် အလင်းတန်းများမှာလည်း ပိုမို စူးရှ တောက်ပလာတော့၏။
ရှေးဦး စက်ကွင်းလက်နက်သည် နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်စွာ အိပ်မောကျနေခဲ့ခြင်းပင်။ ယခု တဖြည်းဖြည်း နိုးထလာချိန်တွင် နှစ်သောင်းချီ၍ ငတ်မွတ်နေခဲ့သော အရာတစ်ခုအလား ဖုန်းဝူချန်၏ ဖျက်ဆီးခြင်းစွမ်းအားများကို ရူးသွပ်စွာ စုပ်ယူနေတော့သည်။
"ငါ့စွမ်းအားတွေကို သူ စုပ်ယူနေတယ်... ရှေးဦး စက်ကွင်းလက်နက်က ဒီဧရာမ စွမ်းအားကြီးနဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်နေတာပဲ... ဒါ အခွင့်ကောင်းပဲ"
ဖုန်းဝူချန်က အံ့အားသင့်စွာ ရေရွတ်လိုက်၏။
ဖုန်းဝူချန်၏ စိတ်ထဲတွင် ရည်ရွယ်ချက် တစ်ချို့ကို ရှင်းလင်းစွာ စဉ်းစားတွေးတောနေခဲ့ပြီ ဖြစ်၏။
ထိုစဉ် နတ်ဘုရားလက်နက်ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကလည်း လွှမ်းမိုး ပြန့်ကျဲလာတော့သည်။
"ဒါက နတ်ဘုရားလက်နက်ရဲ့ အရှိန်အဝါလား"
လျိုချင်းယန်နှင့် အခြားသူများက ရှေးဦး စက်ကွင်းလက်နက်အား အသေအချာ စိုက်ကြည့်နေကြပြီး နတ်ဘုရားလက်နက်၏ ကြီးမြတ်သော အရှိန်အဝါကို အာရုံခံမိနေကြပြီ ဖြစ်၏။
"ဝီ... ဝီ..."
ရှေးဟောင်း နတ်ဘုရားလက်နက်ကြီးမှာ ဖြည်းညင်းစွာ နိုးထလာနေပြီး ရှေးဦး စက်ကွင်းလက်နက်ထံမှ အလွန်တရာ ကြီးမားလှသော စွမ်းအင် အရှိန်အဝါကြီး တစ်ခု ထွက်ပေါ်လာ၏။ လွှမ်းမိုးသွားသော စွမ်းအင်လှိုင်းများက ကမ္ဘာမြေကိုပင် တုန်လှုပ်သွားစေတော့သည်။
"နတ်ဘုရားလက်နက်ရဲ့ စွမ်းအားပဲ... ဒါ တကယ့် နတ်ဘုရားလက်နက်ရဲ့ စွမ်းအားအစစ်ပဲကွ"
"ဒါ နတ်ဘုရားလက်နက်ရဲ့ အရှိန်အဝါပေါ့... အင်မော်တယ်လက်နက်ထက် အဆပေါင်းများစွာ ပိုပြီး အစွမ်းထက်တာပဲ"
"နတ်ဘုရားလက်နက်ရဲ့ အသက်ရှူသံကို ငါ ခံစားဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ... ဒီစွမ်းအားက အရမ်းကို ကြောက်ဖို့ ကောင်းလွန်းတယ်"
ဧရာမ စွမ်းအင်ကြီးများ တဝေါဝေါ ရိုက်ခတ်သွားသည်နှင့်အမျှ လျိုချင်းယန်နှင့် အခြားသူများမှာ အလွန်အမင်း ရွှင်မြူးစွာ အော်ဟစ်လိုက်ကြပြီး ဝမ်းသာလုံးဆို့နေကြတော့၏။
တပ်မှူးလေး၏ အကြည့်များက ရှေးဦး စက်ကွင်းလက်နက်ပေါ်တွင် စူးစိုက်နေပြီး သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် အံ့အားသင့်နေကာ ရင်တွင်း၌ တွေးတောလိုက်မိ၏။
'ရှေးဦး ကမ္ဘာဦး နတ်ဘုရားလက်နက် ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ... သာမန် နတ်ဘုရားလက်နက်တွေထက် အများကြီး ပိုစွမ်းတယ်... ဘာလို့ ဒီနတ်ဘုရားလက်နက်ကို အသေအလဲ လိုချင်နေကြလဲ ဆိုတာ အံ့သြစရာ မရှိတော့ဘူး... လက်နက်ဝိညာဉ်တောင် နိုးထလာနေပြီပဲ'
နတ်ဘုရားလက်နက်ကို နတ်ဘုရားလက်နက်ဟု ခေါ်ဆိုရခြင်း၏ အဓိက အကြောင်းရင်းမှာ နတ်ဘုရားများနှင့် ရင်ဘောင်တန်းနိုင်သော ပြိုင်ဘက်ကင်း အရှိန်အဝါနှင့် အဆုံးအစမဲ့ စွမ်းအားများကို ပိုင်ဆိုင်ထားသောကြောင့်ပင်။
အင်မော်တယ်လက်နက် တစ်ပါး မည်မျှပင် အစွမ်းထက်နေပါစေ နတ်ဘုရားလက်နက်နှင့်မူ လုံးဝ နှိုင်းယှဉ်၍ မရနိုင်ချေ။
"ထျန်းဝေ... သူ့ကို သေချာ စောင့်ကြည့်ထား... လွတ်မသွားစေနဲ့"
ဖုန်းဝူချန်မှာ စိတ်လှုပ်ရှား ဝမ်းသာနေသော်လည်း သတိမလွတ်ဘဲ အလျင်အမြန် မှာကြားလိုက်၏။
"နန်းတော်သခင်... စိတ်ချပါ... သူ ထွက်ပြေးလို့ မရပါဘူး"
ယဲ့ထျန်းဝေက အာမခံလိုက်ပြီး တပ်မှူးလေးအား သူ၏ စွမ်းအင်များဖြင့် အသေအချာ ဖိနှိပ် ချုပ်နှောင်ထားလိုက်၏။
တပ်မှူးလေး၏ အဆင့်အတန်းက မည်သို့သော အခြေအနေမျိုး ရှိသနည်း။ ယင်ယန် မိသားစု၏ ထိပ်တန်း အဆင့်ရှိ ခေါင်းဆောင် တစ်ယောက်အနေဖြင့် ယခုအခါ လူငယ် တစ်စု၏ လက်ထဲတွင် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရရုံသာမက ချုပ်နှောင် ဖိနှိပ်ခြင်းကိုပါ ခံနေရရာ အလွန်တရာ ကြီးမားလှသော အရှက်ရမှုကြီးပင်။
သို့သော်လည်း သူ ဘာမျှ မတတ်နိုင်ခဲ့ချေ။ ဒဏ်ရာအပြင်းအထန် ရရှိထားသော သူ၏ အခြေအနေအရ မည်သို့ ပြန်လည် ခုခံနိုင်ပါမည်နည်း။
မိမိ အသက်ကို ကယ်တင်ရန်အတွက် ဒေါသများကို အတင်းအကြပ် မြိုသိပ်ထားရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။
"အချိန်စွမ်းအားရဲ့ တည်ရှိမှုကို ငါ ဘာလို့ အာရုံမခံမိတာလဲ... တကယ်ပဲ ပိတ်လှောင်ခံထားရတဲ့ ပုံပဲ... အချိန်စွမ်းအားကို ဒီရှေးဟောင်း စာလိပ်ကြီးထဲမှာ ပိတ်လှောင်ထားလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမိမှာလဲ"
ဖုန်းဝူချန်က ဝမ်းသာအားရ ရယ်ရင်း အချိန်စွမ်းအားကိုပင် လက်ဖြင့် ကိုင်တွယ် ထိတွေ့လိုက်ရသည့်အလား ခံစားနေရတော့၏။
ရှေးဦး စက်ကွင်းလက်နက် နိုးထလာခြင်းကြောင့် ဖြစ်မည်လော၊ သို့တည်းမဟုတ် ထိုလက်နက်မှ ပေါက်ကွဲထွက်လာသော စွမ်းအားများကြောင့် ဖြစ်မည်လော မသိနိုင်သော်လည်း ကောင်းကင်ယံတွင် လွှမ်းမိုးနေသော ပိတ်လှောင်ခြင်း အခင်းအကျင်းကြီးမှာ တုံ့ပြန်မှု တစ်ခုခု ရရှိလိုက်သည့်အလား ဖြည်းညင်းစွာ တုန်ခါနေပြီး တောက်ပသော မှော်စာလုံးများနှင့် သင်္ကေတများမှာ အရင်ကထက်ပင် ပိုမို စူးရှစွာ တလက်လက် တောက်ပလာတော့သည်။
"နတ်ဘုရားလက်နက်နဲ့ ပိတ်လှောင်ခြင်း အခင်းအကျင်းက အပြန်အလှန် တုံ့ပြန်နေကြပြီ... ကောင်းတယ်... တပ်မှူးလေး လိမ်မပြောဘူးဆိုတာ သေချာသွားပြီ... ရှေးဦး စက်ကွင်းလက်နက်က ဒီပိတ်လှောင်ခြင်း အခင်းအကျင်းကို တကယ် ချိုးဖျက်နိုင်တာပဲ"
အခင်းအကျင်း၏ လှုပ်ရှားမှုကို သတိပြုမိလိုက်သည်နှင့် ဖုန်းဝူချန်က ဝမ်းသာရွှင်မြူးစွာ ရယ်လိုက်၏။
"နန်းတော်သခင်... ပိတ်လှောင်မှုကို မြန်မြန် ချိုးဖျက်လိုက်ပါတော့"
ပိတ်လှောင်ခြင်း အခင်းအကျင်း အတွင်း၌ အချိန်စွမ်းအား အမှန်တကယ် ရှိမရှိကို အလွန်အမင်း သိချင်နေသော ပိုင်မိက စိတ်လှုပ်ရှားစွာဖြင့် တိုက်တွန်းလိုက်၏။
ဖုန်းဝူချန်က တည်ငြိမ်စွာ ပြုံးပြလိုက်သည်။
"မမေ့ကြနဲ့... နတ်ဘုရားလက်နက်တိုင်းမှာ ကိုယ်ပိုင် ဝိညာဉ် ရှိတယ်... ရှေးဦး စက်ကွင်းလက်နက် နိုးထလာပြီ ဆိုကတည်းက လက်နက်ဝိညာဉ် ပြန်လည် ရောက်ရှိလာပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ"
"လက်နက်ဝိညာဉ်"
ကျန်းကျွင့်လန်နှင့် အခြားသူများမှာ လန့်ဖြတ်သွားကြပြီး ယခုမှသာ သဘောပေါက်သွားကြတော့၏။
ရှေးဦး စက်ကွင်းလက်နက်သည် ဖုန်းဝူချန်၏ ဖျက်ဆီးခြင်းစွမ်းအား အမြောက်အမြားကို စုပ်ယူပြီးနောက် အပြည့်အဝ နိုးထလာခဲ့ပြီ။ နတ်ဘုရားလက်နက် တစ်ပါး ဖြစ်သည့်အားလျော်စွာ ၎င်းတွင် လက်နက်ဝိညာဉ် ရှိနေရမည်မှာ အသေအချာပင်။
"ရှေးဦး ကမ္ဘာဦးစွမ်းအားတွေထဲမှာ နံပါတ် (၃) နေရာမှာရှိတဲ့ ဖျက်ဆီးခြင်းစွမ်းအားက ငါ့ကို ဒီလောက် မြန်မြန် နိုးထလာအောင် လုပ်ပေးနိုင်တာ အံ့သြစရာ မရှိပါဘူး"
လေထဲတွင် လွင့်မျောကာ ရွှေရောင် အလင်းတန်းများ တလက်လက် တောက်ပနေသော ရှေးဦး စက်ကွင်းလက်နက်ထံမှ သြဇာတိက္ကမ ရှိလှသော အသံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
'ဘာ... ဖုန်းဝူချန်ရဲ့ ရှေးဦး ကမ္ဘာဦးစွမ်းအားက ဖျက်ဆီးခြင်းစွမ်းအား လား... ဖျက်ဆီးခြင်းစွမ်းအားက ဝါးမြိုနိုင်တဲ့ အစွမ်းသတ္တိ ရှိတယ်လေ... နေပါဦး... သူက တခြား ရှေးဦး ကမ္ဘာဦးစွမ်းအားတွေကိုပါ ဝါးမြိုထားတာများလား'
ထိုအတွေးက တပ်မှူးလေးအား အလွန်အမင်း တုန်လှုပ်သွားစေခဲ့ပြီး သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့၏။
ရှေးဦး စက်ကွင်းလက်နက် အတွင်းမှ မှုန်ဝါးဝါး ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် လူငယ်တစ်ဦးပင်။
သူက ရှေးဦး စက်ကွင်းလက်နက်၏ လက်နက်ဝိညာဉ်ပင်တည်း။
"ဖျက်ဆီးခြင်းစွမ်းအားကို ပိုင်ဆိုင်ထားတဲ့သူက သာမန် လူငယ်လေး တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
လူငယ်လေးက ဖုန်းဝူချန်အား တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ စကားသံထဲတွင် မထီမဲ့မြင် ပြုမှုနှင့် မာနတရားများ အပြည့်အဝ ပါဝင်နေတော့သည်။
"အခု မင်း နိုးထလာပြီ ဆိုတော့ အချိန်စွမ်းအားကို အာရုံခံနိုင်လောက်ပြီပေါ့... အဲဒီစွမ်းအားက ဒီပိတ်လှောင်ခြင်း အခင်းအကျင်း ထဲမှာများ ရှိနေမလား လို့"
ဖုန်းဝူချန်က ခပ်အေးအေးပင် မေးလိုက်၏။
"အချိန်စွမ်းအားလား... မင်းကိုယ်မင်း အချိန်စွမ်းအားကို ထိန်းချုပ်နိုင်လောက်အောင် ထိုက်တန်တယ်လို့ ထင်နေတာလား... အိပ်မက်မက်နေလိုက်"
လူငယ်လေးက သရော်လိုက်သည်။
"ရှေးဦး စက်ကွင်းလက်နက် နိုးထလာတာက သတင်းကောင်းပုံ မရတော့ဘူး"
ပေတိုယန်က မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်၏။
"သူက နန်းတော်သခင်ကို ပိတ်လှောင်ခြင်း အခင်းအကျင်း ချိုးဖျက်ဖို့ ကူညီပေးမယ့်ပုံ မပေါ်ဘူး"
ယီထျန်းချင်းကလည်း လက်နက်ဝိညာဉ်၏ မောက်မာသော စရိုက်ကို ထင်ရှားစွာ မြင်တွေ့နေရ၏။
"ငါက မင်းကို နိုးထလာအောင် လုပ်ပေးခဲ့တာလေ... ငါ့ကို ပိတ်လှောင်ခြင်း အခင်းအကျင်း ချိုးဖျက်ဖို့ ကူညီပေးသင့်တယ် မဟုတ်လား... မင်းက လက်နက်ဝိညာဉ် တစ်ခု သက်သက်ပဲလေ... အချိန်စွမ်းအားကို မင်း ဘယ်လိုမှ အသုံးချလို့ မရနိုင်ပါဘူး... အဲဒီစွမ်းအားကို ပိုင်ဆိုင်တဲ့သူက ကိုင်ဆောင်ဖို့ပဲ မင်းက ထိုက်တန်တာပါ"
ဖုန်းဝူချန်က အေးစက်စက် ရယ်ရင်း တုံ့ပြန်လိုက်တော့သည်။
--