← Chapters

အခန်း ၈၂၂

Vol. 55 Ch. 822

အခန်း ၈၂၂

Vol. 55 Ch. 822

အခန်း (၈၂၂) - အညံ့ခံ အရှုံးပေးခြင်း

“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့်ရှိသော လက်နက်ဝိညာဉ်အား ဖုန်းဝူချန်က ကစားစရာ တစ်ခုပမာ ချုပ်ကိုင် ကစားနေသည်ကို မြင်လိုက်ရသည့်အခါ လျိုချင်းယန်နှင့် အခြားသူများမှာ လုံးဝ ဆွံ့အ မှင်သက်သွားကြပြီး ကျောက်ရုပ်များပမာ အေးခဲသွားကြတော့၏။

“သေစမ်း... ကောက်ကျစ်စဉ်းလဲတဲ့ ကောင်စုတ်လေး...”

လက်နက်ဝိညာဉ်က အံကို တင်းတင်းကြိတ်ကာ ရက်စက်စွာ ဟိန်းဟောက်လိုက်ပြီး ဒေါသကြောင့် ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်နေတော့သည်။

ဖုန်းဝူချန်က လက်နက်ဝိညာဉ်ကို လုံးဝ လှုပ်ရှား ရုန်းကန်၍ မရနိုင်အောင် အသေအချာ ဖမ်းချုပ်ထားခဲ့လေပြီ။ ဖုန်းဝူချန်၏ ဆန္ဒအတိုင်းသာ လိုက်ပါ လှုပ်ရှားရမည့် အခြေအနေသို့ ရောက်ရှိနေ၏။

“ကိုယ့်သခင် ရှေ့မှာတောင် မောက်မာချင်နေသေးတယ် ဆိုတော့... မင်းက အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်...”

ဖုန်းဝူချန်၏ နှုတ်ခမ်းထောင့်များက အန္တရာယ်များသော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားပြီး သူ၏ နက်မှောင်သော မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင် တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားတော့၏။

“သခင်... အစ်ကိုဖုန်းက ဘယ်အချိန်ကတည်းက လက်နက်ဝိညာဉ်ရဲ့ သခင် ဖြစ်သွားရတာလဲ...”

လျိုချင်းယန်နှင့် အခြားသူများမှာ နောက်တစ်ကြိမ် ဇဝေဇဝါ ဖြစ်သွားကြပြန်သည်။

ဘုန်းခနဲ မြည်သံနှင့်အတူ ဖုန်းဝူချန်၏ လက်ဝါးပြင်ထက်တွင် အနက်ရောင် မီးတောက်များ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာ၏။ ထို့နောက် သူ၏ ထိန်းချုပ်မှုအောက်တွင် ဖြည်းညင်းစွာ ပျံ့နှံ့သွားရာ ကြောက်မက်ဖွယ် ကောင်းလှသော အေးစက်မှုကြီးက လေထုထဲသို့ စိမ့်ဝင်သွားပြီး ပေဆယ်နှင့်ချီ ကျယ်ဝန်းသော ဟင်းလင်းပြင် တစ်ခုလုံး မျက်မြင်ကိုယ်တွေ့ပင် ရေခဲများအဖြစ် အေးခဲသွားတော့သည်။

“ဒါ... ဒါက ဝူမီးတောက်လား... မင်းဆီမှာ ရှေးဦး ဝူမီးတောက်တောင် ရှိနေတာလား...”

အနက်ရောင် မီးတောက်များ ပျံ့နှံ့လာသည်ကို မြင်လိုက်ရသည့်အခါ လက်နက်ဝိညာဉ်၏ မျက်နှာအမူအရာမှာ ဆိုးရွားစွာ ပြောင်းလဲသွားပြီး မယုံကြည်နိုင်လောက်အောင် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

လက်နက်ဝိညာဉ်၏ နှလုံးသားထဲတွင် ဧရာမ မုန်တိုင်းကြီး တစ်ခု တဝေါဝေါ ရိုက်ခတ်သွားတော့သည်။ ရှေးဦး ဝူမီးတောက် အပေါ်ထားရှိသော ကြောက်ရွံ့မှုက အလွန်တရာ ကြီးမားလှပြီး နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်များပင်လျှင် ဤမီးတောက်ကို အလွန်အမင်း သတိထား ရှောင်ကြဉ်ကြရ၏။ သို့သော် ယခုအခါ ဤလူငယ်လေးက ဝူမီးတောက်ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီတကား။

“လက်နက်ဝိညာဉ် သက်သက်လေးကများ... ဒီလောက်တောင် မောက်မာရဲတယ်ပေါ့...”

ဖုန်းဝူချန်က မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ရင်း ရက်စက်ကြမ်းကြုတ်စွာ တုံ့ပြန်လိုက်သည်။

အခိုက်အတန့် အကြာတွင်တော့ လက်နက်ဝိညာဉ်၏ အလွန်အမင်း ထိတ်လန့်နေသော အကြည့်များ အောက်တွင် ဝူမီးတောက်များက ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖြည်းညင်းစွာ ဖုံးလွှမ်းသွားခဲ့ပြီး အနက်ရောင် မီးတောက် လူသား တစ်ဦးအဖြစ် ပြောင်းလဲသွားစေတော့၏။

“မင်း... မင်း ဘာလုပ်ချင်နေတာလဲ...”

လက်နက်ဝိညာဉ်က ပြာယာခတ်စွာ မေးလိုက်သည်။

“ကိုယ့်သခင်ကို ပြန်ပြီး မောက်မာရဲတဲ့ လက်နက်ဝိညာဉ်ကို ထားထားလို့ ဘာအသုံးကျမှာလဲ... ငါက လက်နက်သွန်းလုပ်ရေး ပညာရှင် တစ်ယောက် ဖြစ်နေမှတော့ မင်းကို အချိန်မရွေး ပြာကျသွားအောင် လုပ်ပစ်နိုင်တယ်... လက်နက်ဝိညာဉ် အသစ် တစ်ခု ဖန်တီးဖို့ ဆိုတာကလည်း ငါ့အတွက် လက်ဖဝါး လှန်လိုက်သလို လွယ်ကူတဲ့ ကိစ္စပဲ...”

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်ပြီး ဝူမီးတောက်ကို ညှာတာမှု ကင်းမဲ့စွာ ထိန်းချုပ်ကာ လက်နက်ဝိညာဉ်အား ဝါးမြိုပစ်ရန် အမိန့်ပေးလိုက်၏။

“အား...”

ကြောက်မက်ဖွယ် ဝူမီးတောက်က ရုတ်တရက် ဝါးမြိုလိုက်သည်နှင့် တစ်ပြိုင်နက် လက်နက်ဝိညာဉ်ထံမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာတော့သည်။

တစ်ဖက်တွင် ဖုန်းဝူချန်၏ ဖိနှိပ် ချုပ်နှောင်မှုကို ခံထားရပြီး အခြား တစ်ဖက်တွင်လည်း ဝူမီးတောက်၏ ဝါးမြိုမှုကို ခံနေရရာ လက်နက်ဝိညာဉ်မှာ အလွန်အမင်း ဒေါသထွက်နေသလို အပြင်းအထန်လည်း ကြောက်ရွံ့နေတော့၏။

အဆိုးရွားဆုံး ပြောရမည် ဆိုပါက နေရာတွင် မတ်တတ်ရပ်လျက် အထိုးခံနေရပြီး ပြန်လည် မခုခံနိုင်သည့်အပြင် အရိုက်ခံရသော နေရာကိုပင် ပွတ်သပ်နိုင်စွမ်း မရှိသော အခြေအနေမျိုးပင်။ မာနကြီးလှသော လက်နက်ဝိညာဉ်က ဤကဲ့သို့ နာကျင်မှုနှင့် အရှက်ရမှုကို မည်သို့ သည်းခံနိုင်ပါမည်နည်း။

လျိုချင်းယန်နှင့် အခြားသူများမှာ လုံးဝ ဆွံ့အ မှင်သက်နေကြဆဲပင်။ ဖုန်းဝူချန်၏ ရှေ့မှောက်တွင် ဤလက်နက်ဝိညာဉ်ကြီးမှာ မူကြို ကျောင်းသားလေး တစ်ယောက်နှင့် ဘာမှ မကွာခြားလှတော့ချေ။

“မင်းလို မာနကြီးတဲ့ လက်နက်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်ရင်တောင်မှ ငါက ရှေးဦး စက်ကွင်းလက်နက်ကို အချိန်မရွေး ထိန်းချုပ်ပြီး ပိတ်လှောင်မှုကို ချိုးဖျက်နိုင်သေးတယ်... မင်းကို တောင်းပန်နေစရာ ဘာအကြောင်း ရှိလို့လဲ... ဟွန့်... အကောင်းပြောတာကို နားမလည်တဲ့ကောင်...”

ဖုန်းဝူချန်က ရက်စက်စွာ ကြိမ်းမောင်းလိုက်ပြီး နည်းနည်းလေးမျှ သနားညှာတာခြင်း မရှိဘဲ အပြည့်အဝ ဝါးမြိုပစ်ရန် ဆက်လက် လုပ်ဆောင်နေတော့၏။

လက်နက်ဝိညာဉ်၏ မောက်မာ ထောင်လွှားမှုများက ဖုန်းဝူချန်အား အပြင်းအထန် ဒေါသထွက်သွားစေခဲ့ပြီ ဖြစ်သည်။

“အစ်ကိုဖုန်း... တ... တကယ်တော့ ဘာတွေ ဖြစ်နေတာလဲ... နတ်ဘုရားလက်နက်ရဲ့ ဝိညာဉ်ကို အစ်ကိုက ဘယ်လိုလုပ် ထိန်းချုပ်နိုင်ရတာလဲ...”

လျိုချင်းယန်မှာ နောက်ဆုံးတွင် သိချင်စိတ်ကို မအောင့်အည်းနိုင်တော့ဘဲ မေးခွန်းထုတ်လိုက်၏။

“ဘာလို့လဲ ဆိုတော့ ရှေးဦး စက်ကွင်းလက်နက်က ငါ့ရဲ့ မှော်ရတနာ ဖြစ်သွားပြီလေ... အခု ငါက သူ့ရဲ့ သခင် ဖြစ်နေမှတော့ ငါက သူ့ကို သေချာပေါက် ထိန်းချုပ်နိုင်တာပေါ့...”

ဖုန်းဝူချန်က ပြုံးလျက် ရှင်းပြလိုက်သည်။

“ဘာ... အစ်ကိုဖုန်းရဲ့ မှော်ရတနာ ဖြစ်သွားပြီ ဟုတ်လား...”

လျိုချင်းယန်နှင့် အခြားသူများမှာ အလွန်အမင်း အံ့အားသင့်သွားကြပြန်၏။

“အဓိပ္ပာယ် မရှိတာတွေ... နတ်ဘုရားလက်နက် တစ်ပါးကို ယဉ်ပါးအောင် လုပ်ဖို့က အဲဒီလောက် မလွယ်ကူဘူး... ဒါ့အပြင် မှော်ရတနာတွေမှာ သူတို့ရဲ့ မူလ သခင်တွေရဲ့ ဝိညာဉ် အမှတ်အသား ရှိနေတတ်တယ်... မင်းက လက်နက်သွန်းလုပ်ရေး ပညာရှင် တစ်ယောက် ဖြစ်နေရင်တောင် သွေးနဲ့ အသိအမှတ်ပြုတာတို့၊ ဝိညာဉ် အမှတ်အသားကို ဖျက်ဆီးတာတို့ မလုပ်ဘဲနဲ့ နတ်ဘုရားလက်နက်ကို အတင်းအဓမ္မ ဖိနှိပ် ချုပ်ကိုင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး...”

တပ်မှူးလေးက ရုတ်တရက် ဝင်ရောက် ငြင်းဆန်လိုက်သည်။

တပ်မှူးလေး၏ စကားကလည်း အကြောင်းပြချက် ခိုင်လုံလှသည်။ မှော်ရတနာ တစ်ခုကို ပိုင်ဆိုင်ရန်အတွက် သွေးဖြင့် အသိအမှတ်ပြုခြင်းကို သေချာပေါက် ပြုလုပ်ရမည် ဖြစ်၏။

လျိုချင်းယန်တို့ အဖွဲ့သည် ဖုန်းဝူချန် တစ်ယောက် သွေးဖြင့် အသိအမှတ်ပြုခြင်း ပြုလုပ်သည်ကို ဖြစ်စေ၊ ရှေးဦး စက်ကွင်းလက်နက်ပေါ်ရှိ ဝိညာဉ် အမှတ်အသားကို ဖျက်ဆီးရန် ဝိညာဉ်စွမ်းအားများ အသက်သွင်းသည်ကို ဖြစ်စေ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ရချေ။

“မင်းပြောတာ မှန်ပါတယ်... သွေးနဲ့ အသိအမှတ်ပြုဖို့က တကယ်ကို လိုအပ်တယ်... ငါ့ရဲ့ စွမ်းအားတွေကို သူ စုပ်ယူနေတဲ့ အချိန်တုန်းက လက်နက်ဝိညာဉ်က အခုမှ နိုးထစ အခြေအနေမှာပဲ ရှိသေးတာ... အဲဒီအချိန်တုန်းက ငါ့ရဲ့ သွေးတွေကိုပါ သူ စုပ်ယူသွားအောင် ငါ အစီအစဉ် ချထားခဲ့တာလေ... အဲဒီလို အခြေအနေမှာ သူက ဘယ်လိုလုပ် သတိထားမိနိုင်မှာလဲ...”

ထိုစကားကို ကြားလိုက်ရသည့်အခါ ဖုန်းဝူချန်က တပ်မှူးလေးအား တစ်ချက် လှမ်းကြည့်လိုက်ပြီး ပြုံးလျက် ရှင်းပြလိုက်သည်။

“ဘာ... မင်းက အဲဒီကတည်းက ကြိုပြီးတော့...”

တပ်မှူးလေး၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားတော့၏။

“ရှေးဦး စက်ကွင်းလက်နက် ဆိုတာ ရှေးဦး ကမ္ဘာဦး နတ်ဘုရားလက်နက် တစ်ပါးပဲ... ရှေးဦး ကမ္ဘာဦးခေတ်၊ အဆုံးမဲ့ ရှေးဟောင်းခေတ်၊ ရှေးဟောင်းခေတ် ကနေစပြီး အခုချိန်ထိ နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ရတာလေ... အစွမ်းအထက်ဆုံး ဝိညာဉ် အမှတ်အသားတွေ ဆိုရင်တောင်မှ အချိန်ကြာလာတာနဲ့အမျှ လုံးဝ လျစ်လျူရှုထားလို့ ရလောက်တဲ့ အထိ မှိန်ဖျော့သွားခဲ့ပြီ... သူတို့က ငါ့ကို ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ...”

ခဏမျှ ရပ်တန့်သွားပြီးနောက် ဖုန်းဝူချန်က ဆက်လက် ရှင်းပြလိုက်၏။

“ဒါဆို အစ်ကိုဖုန်းက အစကတည်းက ဒါတွေကို အကုန် ကြိုပြီး အစီအစဉ် ချထားခဲ့တာပေါ့...”

လျိုချင်းယန်နှင့် အခြားသူများလည်း နောက်ဆုံးတော့ သဘောပေါက်သွားကြလေပြီ။

“နတ်ဘုရားလက်နက် တစ်ပါးရဲ့ ဝိညာဉ်တိုင်းက အမြဲတမ်း မာနကြီးတတ်ကြတယ်... ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ ဖြစ်တည်မှုက အမြင့်မြတ်ဆုံး ဖြစ်နေလို့ပဲ... မူလ သခင်ကလွဲရင် တခြား ဘယ်သူ့ကိုမှ သူတို့ အရှုံးမပေးတတ်ကြဘူး... ရှေးဦး စက်ကွင်းလက်နက်ကလည်း ချွင်းချက် မဟုတ်ဘူးလေ... ကြိုတင် ပြင်ဆင်မှု မရှိဘဲနဲ့ ငါက သူ့ကို ဘယ်လိုလုပ် ယဉ်ပါးအောင် လုပ်နိုင်မှာလဲ...”

ဖုန်းဝူချန်က ခပ်ဟဟ ပြုံးရင်း ရှင်းပြလိုက်သည်။

“ကျေးဇူးကန်းတဲ့ ကောင်... ခံရတာ နည်းတောင် နည်းသေးတယ်...”

လျိုချင်းယန်က အပျက်အစီးကို ဝမ်းသာအားရ ကြည့်လိုသော အမူအရာဖြင့် မှတ်ချက်ချလိုက်၏။

“သူက အရှုံးမပေးချင်ဘူး ဆိုမှတော့ အပြီးတိုင် ဖျက်ဆီးပစ်လိုက်တာပဲ ကောင်းပါတယ်... ပြီးမှ နန်းတော်သခင်က နောက်ထပ် လက်နက်ဝိညာဉ် တစ်ခုကို ဖန်တီးပြီး အစေခံ ခိုင်းလိုက်ရုံပေါ့...”

ယဲ့ထျန်းဝေကလည်း ဝင်ရောက် အကြံပေးလိုက်သည်။

“အင်း... ဟုတ်တယ်...”

ဖုန်းဝူချန်က ခေါင်းညိတ် ထောက်ခံလိုက်၏။

ဝူမီးတောက်၏ ရူးသွပ်သော ဝါးမြိုမှုများ အောက်တွင် လက်နက်ဝိညာဉ်၏ အော်ဟစ်သံများက တဖြည်းဖြည်း မှိန်ဖျော့လာပြီး ၎င်း၏ အရှိန်အဝါများလည်း သိသိသာသာ အားနည်းလာတော့သည်။

“ရပ်... ကျေးဇူးပြုပြီး ရပ်ပါတော့...”

လက်နက်ဝိညာဉ်မှာ ဆက်လက်၍ အောင့်အည်း မထားနိုင်တော့ဘဲ အသည်းအသန် အော်ဟစ် တောင်းပန်လာတော့၏။

“ငါ့ကို အရှုံးမပေးတဲ့ လက်နက်ဝိညာဉ်ကို ထားထားလို့ ဘာအသုံးကျမှာလဲ...”

ဖုန်းဝူချန်က ရက်စက်စွာ တုံ့ပြန်လိုက်သည်။

“သခင်... ကျွန်တော် အရှုံးပေးပါ့မယ်... အညံ့ခံပါပြီ... ကျေးဇူးပြုပြီး ဝူမီးတောက်ကို ပြန်ရုပ်သိမ်းပေးပါ သခင်...”

လက်နက်ဝိညာဉ်မှာ ထိတ်လန့်တကြား တောင်းပန်လိုက်ပြီး လုံးဝ အညံ့ခံ အရှုံးပေးလိုက်တော့၏။

ဝူမီးတောက်၏ ဝါးမြိုနိုင်သော စွမ်းအားမှာ ဤလောကတွင် အစွမ်းအထက်ဆုံး ဖြစ်ရာ လက်နက်ဝိညာဉ်ထံတွင် ပြန်လည် ခုခံရန် အင်အား နည်းနည်းလေးမျှ မကျန်ရှိတော့ချေ။ အကယ်၍သာ အညံ့မခံပါက ၎င်း အမှန်တကယ်ပင် ပြာကျသွားတော့မည် ဖြစ်သည်။

“ဟွန့်... နောက်ကျသွားပြီ... မင်းလို အသုံးမကျပြီး မာနကြီးတဲ့ လက်နက်ဝိညာဉ်ကို ငါ မလိုအပ်ဘူး... မင်းနေရာမှာ အစားထိုးဖို့ လက်နက်ဝိညာဉ် အသစ် တစ်ခုကိုပဲ ငါ ဖန်တီးလိုက်တော့မယ်...”

ဖုန်းဝူချန်က ညှာတာမှု ကင်းမဲ့စွာ ငြင်းပယ်လိုက်၏။

ဖုန်းဝူချန်၏ စကားကို ကြားလိုက်ရသောအခါ တပ်မှူးလေးမှာ နောက်တစ်ကြိမ် ဆွံ့အ မှင်သက်သွားရပြန်သည်။

အညံ့ခံတာတောင် မလုံလောက်သေးဘူးလား။ နတ်ဘုရားလက်နက် တစ်ပါး၏ ဝိညာဉ်ကို အသစ်တဖန် ပြန်လည် ဖန်တီးရသည်မှာ ဖုန်းဝူချန် ပြောသကဲ့သို့ တကယ်ပဲ ထိုမျှလောက် လွယ်ကူ ရိုးရှင်းနေသည်လား။

“သခင်... ကျွန်တော့် အသက်ကို ချမ်းသာပေးပါ... သခင်... ကျေးဇူးပြုပြီး နောက်ထပ် အခွင့်အရေး တစ်ကြိမ်လောက် ပေးပါ...”

ဝူမီးတောက်၏ ဝါးမြိုမှုကို ဆက်လက်၍ မခံနိုင်တော့သော လက်နက်ဝိညာဉ်က အထပ်ထပ် အခါခါ တောင်းပန်နေတော့၏။

သို့တိုင်အောင် ဖုန်းဝူချန်က နည်းနည်းလေးမျှ စိတ်ပြောင်းသွားဟန် မရှိဘဲ ဝူမီးတောက်ကလည်း ညှာတာမှု ကင်းမဲ့စွာ ဆက်လက် ဝါးမြိုနေဆဲပင်။

“သခင်... သခင်... ကျေးဇူးပြုပြီး ရပ်ပါတော့... အချိန်စွမ်းအားရဲ့ တည်နေရာကို ကျွန်တော် သိတယ်... သခင့်ကို ကျွန်တော် လမ်းပြပေးပါ့မယ်...”

လက်နက်ဝိညာဉ်မှာ ပိုမို ပြာယာခတ်လာပြီး အသည်းအသန် အော်ဟစ်လိုက်တော့သည်။

“မင်း မပါလည်း အချိန်စွမ်းအားကို ငါ ရှာတွေ့နိုင်တာပဲ... လက်နက်ဝိညာဉ် အသစ် တစ်ခု ဖန်တီးပြီးတာနဲ့ အချိန်စွမ်းအားက အနှေးနဲ့အမြန် ငါ့လက်ထဲ ရောက်လာမှာပါပဲ... မင်းရဲ့ ကမ်းလှမ်းချက်ကို မေ့လိုက်တော့...”

ဖုန်းဝူချန်က အေးစက်စက် တုံ့ပြန်လိုက်၏။

“သခင်... အချိန်စွမ်းအားက ပိတ်လှောင်ခြင်း အခင်းအကျင်းထဲမှာ မရှိဘူး... ဒီပိတ်လှောင်ခြင်း အခင်းအကျင်းက အချိန်စွမ်းအားကို ပိတ်လှောင်ထားတာ မဟုတ်ဘူး... ကျွန်တော့်ရဲ့ မူလ သခင်ရဲ့ အုတ်ဂူကို ပိတ်လှောင်ထားတာပါ...”

လက်နက်ဝိညာဉ်က အလောတကြီး အော်ဟစ် ဖွင့်ဟလိုက်တော့သည်။

“အိုး... အချိန်စွမ်းအားက ပိတ်လှောင်ခြင်း အခင်းအကျင်းထဲမှာ မရှိဘူး ဟုတ်လား...”

ဖုန်းဝူချန်၏ မျက်နှာအမူအရာက ရုတ်ချည်း ပြောင်းလဲသွားတော့၏။

“မူလ သခင်ရဲ့ အုတ်ဂူ... တစ်ယောက်ယောက်ကများ သူ့ရဲ့ ကိုယ်ပိုင် ရုပ်အလောင်းကို ပိတ်လှောင်ဖို့ ဒီလောက် ကြောက်စရာကောင်းတဲ့ အခင်းအကျင်းကြီးကို အသုံးပြုခဲ့တာများလား...”

ဟု လျိုချင်းယန်ကလည်း လုံးဝ မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်မ်ိသည်။

“အချိန်စွမ်းအားက ဘယ်မှာလဲ...”

ချက်ချင်းဆိုသလိုပင် ဖုန်းဝူချန်က ဝူမီးတောက်များကို ပြန်လည် ရုပ်သိမ်းလိုက်၏။ သူ၏ အေးစက်သော အကြည့်များက အလွန်အမင်း အားနည်းနေပြီ ဖြစ်သော လက်နက်ဝိညာဉ်ထံသို့ စူးစိုက်သွားပြီး ပြတ်သားစွာ မေးခွန်းထုတ်လိုက်သည်။

ဝူမီးတောက်များ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် လက်နက်ဝိညာဉ်မှာ အလုံးစုံ စိတ်အေးသွားပြီး လုံးဝ အပန်းဖြေသွားတော့၏။

“ကျေးဇူးပြုပြီး အမှားကို ပြင်ဆင်ဖို့ အခွင့်အရေး တစ်ကြိမ်လောက် ပေးပါ သခင်... အချိန်စွမ်းအား ရှိတဲ့ နေရာကို ကျွန်တော် သေချာပေါက် လမ်းပြပေးပါ့မယ်...”

အလွန်အမင်း အားနည်းနေသော လက်နက်ဝိညာဉ်မှာ အလျင်အမြန် ဒူးထောက်ကာ အသနားခံ တောင်းပန်နေတော့သည်။

--

All Chapters