အခန်း ၈၂၃
Vol. 55 Ch. 823
အခန်း (၈၂၃) - ကျိုကျိုး လေလံရုံ
“အချိန်စွမ်းအားက ပိတ်လှောင်ခြင်း အခင်းအကျင်းထဲမှာ တကယ် မရှိတာ သေချာရဲ့လား”
‘ဒီလောက် ကြောက်စရာကောင်းတဲ့ ပိတ်လှောင်ခြင်း အခင်းအကျင်းကြီးက အချိန်စွမ်းအားကို ပိတ်လှောင်ထားဖို့ကလွဲရင် တခြား ဘာအတွက်များ အသုံးပြုဦးမလဲ’
ကျန်းကျွင့်လန်မှာ တကယ်ကို မယုံကြည်နိုင်အောင် ဖြစ်နေမိ၏။
“လုံးဝ သေချာပါတယ်... ကျွန်တော် နည်းနည်းလေးမှ မလိမ်ရဲပါဘူး”
လက်နက်ဝိညာဉ်က ရိုသေကျိုးနွံစွာ ဖြေကြားလိုက်သည်။
“မဖြစ်နိုင်ဘူး... ငါတို့ ယင်ယန် မိသားစုရဲ့ ဘိုးဘေးတွေ ချန်ရစ်ခဲ့တဲ့ သတင်းစကားမှာ ရှေးဦး ကမ္ဘာဦးစွမ်းအားကို စာလိပ်ထဲမှာ ပိတ်လှောင်ထားတယ်လို့ အတိအလင်း ရေးထားတာပဲ”
တပ်မှူးလေးက ရုတ်တရက် ဝင်ရောက် ငြင်းဆန်လိုက်၏။
“မင်းတို့ရဲ့ ဘိုးဘေး ဟုတ်လား”
လက်နက်ဝိညာဉ်က တပ်မှူးလေးအား မထီမဲ့မြင် အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်ပြီး သရော်လိုက်သည်။
“မင်းရဲ့ ဘိုးဘေး ဆိုတာ ဘယ်သူလဲ... သူတို့က ငါ့ထက် အချိန်စွမ်းအား အကြောင်းကို ပိုပြီး နားလည်နိုင်လို့လား”
“...”
တပ်မှူးလေးမှာ ချက်ချင်းပင် စကားဆွံ့အသွားတော့၏။
ရှေးဦး စက်ကွင်းလက်နက် ဆိုသည်မှာ ကမ္ဘာဦး ရှေးဦးခေတ် ကတည်းက တည်ရှိလာခဲ့သော နတ်ဘုရား လက်နက် တစ်ပါး ဖြစ်ပါ၏။ ယင်ယန် မိသားစု၏ ဘိုးဘေးများ ဆိုသည်မှာ အလွန်ဆုံး ရှိလှ အဆုံးမဲ့ ရှေးဟောင်းခေတ် သို့မဟုတ် ရှေးဟောင်းခေတ် လောက်ကသာ ဖြစ်ရာ အချိန်စွမ်းအား၏ တည်နေရာကို ရှေးဦး စက်ကွင်းလက်နက်ထက် မည်သို့ ပိုမို သိရှိနိုင်မည်နည်း။
ထို့အပြင် အချိန်စွမ်းအားဖြင့်သာ ရှေးဦး စက်ကွင်းလက်နက်၏ နတ်ဘုရား စွမ်းရည်များကို အပြည့်အဝ အသက်သွင်းနိုင်မည် ဖြစ်ရာ ၎င်းက အချိန်စွမ်းအား၏ တည်ရှိမှုကို အတိအကျ အာရုံခံနိုင်စွမ်း ရှိသည်။
“အရှင်သခင်... အချိန်စွမ်းအားက ပိတ်လှောင်ခြင်း အခင်းအကျင်းထဲမှာ တကယ်ကို မရှိတာပါ... အရှင်သခင် မယုံဘူး ဆိုရင် အချိန်မရွေး ပိတ်လှောင်မှုကို ချိုးဖျက်ပြီး သေချာ စစ်ဆေးကြည့်လို့ ရပါတယ်”
လက်နက်ဝိညာဉ်က လေးစားစွာဖြင့် ထပ်မံ အတည်ပြုလိုက်၏။
“မလိုပါဘူး... မင်း ငါ့ကို လိမ်ရဲတဲ့ သတ္တိ မရှိဘူး ဆိုတာ ငါ ယုံတယ်”
ဖုန်းဝူချန်က ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။ သူ၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ ဖျက်ဆီးခြင်း စွမ်းအားများ ပြန်လည် ရုပ်သိမ်းသွားပြီး ပိတ်လှောင်ခြင်း အခင်းအကျင်းကြီး ပျောက်ကွယ်သွားပြီးနောက် ဖုန်းဝူချန်က စာလိပ်ကို သိုလှောင်လက်စွပ် အတွင်းသို့ တိုက်ရိုက် သိမ်းဆည်းလိုက်၏။
“အချိန်စွမ်းအားက ရှုမီ ချောက်ကမ်းပါးထဲမှာများ ရှိနေမလား”
မြောင်ချင်းချင်းက ဝင်မေးလိုက်သည်။
“အချိန်စွမ်းအားက ဒီနေရာမှာပဲ ပုန်းကွယ်နေတာပါ”
လက်နက်ဝိညာဉ်က ခေါင်းညိတ်ပြရင်း နည်းနည်းလေးမျှ ဖုံးကွယ်ထားခြင်း မရှိဘဲ အမှန်တိုင်း ဖြေကြားလိုက်၏။
“သိပ်ကောင်းတာပေါ့... အစ်ကိုဖုန်း... အချိန်စွမ်းအားက မကြာခင် ကျွန်တော်တို့လက်ထဲ ရောက်လာတော့မယ်ဗျ”
လျိုချင်းယန်က ဝမ်းသာအားရ ရယ်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဖုန်းဝူချန်က လက်နက်ဝိညာဉ်အား စိုက်ကြည့်ရင်း အမိန့်ပေးလိုက်၏။
“အခုချက်ချင်း အချိန်စွမ်းအားကို ရှာဖို့ ငါ့ကို ခေါ်သွား"
ထိုစကားကို ကြားလိုက်ရသည့်အခါ လက်နက်ဝိညာဉ်က ရိုသေစွာဖြင့် တားမြစ်လိုက်သည်။
“အရှင်သခင်... ဒီအတိုင်း သွားရှာမယ် ဆိုရင် တွေ့ခဲ့ရင်တောင်မှ အရှင်သခင် ဖမ်းမိမှာ မဟုတ်ဘူး”
“ဘာဖြစ်လို့လဲ”
ပေတိုယန်က သိချင်စိတ် ပြင်းပြစွာဖြင့် ဝင်မေးလိုက်၏။
“အချိန်စွမ်းအားက အချိန်ရဲ့ အမြန်နှုန်းကို ထိန်းချုပ်နိုင်တယ်... သတ်မှတ်ထားတဲ့ အကွာအဝေး တစ်ခု အတွင်းမှာ အချိန်ကို မြန်အောင် ဒါမှမဟုတ် နှေးသွားအောင် လုပ်နိုင်စွမ်း ရှိတယ်... အဲဒါကြောင့် ဖမ်းဆီးဖို့ ဆိုတာ အလွန်တရာ ခက်ခဲပါတယ်”
လက်နက်ဝိညာဉ်က ရှင်းပြလိုက်သည်။
“ဒါဆို မင်းဆီမှာ တခြား နည်းလမ်း ရှိလို့လား”
ယီထျန်းချင်းက မေးခွန်းထုတ်လိုက်၏။
ရှေးဦး စက်ကွင်းလက်နက်ကို အချိန်စွမ်းအားဖြင့်သာ အသုံးပြုနိုင်ပြီး ၎င်းတို့ နှစ်ခုမှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် မှီခိုနေကြသည် ဖြစ်ရာ လက်နက်ဝိညာဉ်ထံတွင် သေချာပေါက် နည်းလမ်း ရှိနေရမည်ပင်။
ဖုန်းဝူချန်က တွေးတောရင်း ပြောလိုက်သည်။
“ပိတ်လှောင်မှု တစ်ခုခုကများ အချိန်စွမ်းအားကို ဖမ်းချုပ်ထားနိုင်မလား... ဒါမှမဟုတ် သီးခြား ဟင်းလင်းပြင် တစ်ခု ဖန်တီးပြီးတော့များလား”
“အရှင်သခင် ပြောတာ မှန်ပါတယ်... ဒီနည်းလမ်း နှစ်ခုနဲ့ပဲ ဖမ်းချုပ်နိုင်မှာပါ... ဒါပေမဲ့ အဓိက အချက်က အချိန်စွမ်းအားကို မရိပ်မိစေရဘူး”
လက်နက်ဝိညာဉ်က ရိုသေစွာဖြင့် ထောက်ခံလိုက်၏။
“အချိန်စွမ်းအားကို မရိပ်မိစေရဘူး ဟုတ်လား... အဲဒါက တော်တော်လေး ခက်ခဲမယ့် ကိစ္စပဲ”
ကျန်းကျွင့်လန်က မျက်မှောင် အနည်းငယ် ကြုတ်ရင်း မှတ်ချက်ချလိုက်သည်။
အချိန်စွမ်းအား ဆိုသည်မှာ ရှေးဦး ကမ္ဘာဦးစွမ်းအား တစ်ခု ဖြစ်ပြီး အလွန်တရာ ကြောက်စရာ ကောင်းလှပေ၏။ တစ်စုံတစ်ရာ ပုံမှန် မဟုတ်ကြောင်းကို အနည်းငယ်မျှ ရိပ်မိသွားသည်နှင့် အချိန်ကို နှေးကွေးသွားအောင် ထိန်းချုပ်ပြီး လွတ်မြောက်သွားနိုင်ရာ အချိန်စွမ်းအားကို ဖမ်းဆီးရန်မှာ ကောင်းကင်သို့ တက်လှမ်းရသည်ထက်ပင် ခက်ခဲပေလိမ့်မည်။
“အစ်ကိုဖုန်း... အစ်ကို့ရဲ့ အရှိန်အဝါတွေကို လုံးဝ ဖုံးကွယ်ထားပြီး အချိန်စွမ်းအား အနားကို ကပ်သွားလို့ မရဘူးလား”
လျိုချင်းယန်က အကြံပေးလိုက်၏။
ဖုန်းဝူချန်က ခေါင်းခါယမ်းပြရင်း ရှင်းပြလိုက်သည်။
“အချိန်စွမ်းအားက ရှေးဦး ကမ္ဘာဦးစွမ်းအားပဲ... ငါ့ကိုယ်ထဲမှာ ရှိနေတဲ့ ရှေးဦး ကမ္ဘာဦးစွမ်းအားကို သူက အလွယ်တကူ အာရုံခံမိနိုင်တယ်... သူ့အနားကို ကပ်သွားဖို့က သေချာပေါက် အရမ်း ခက်ခဲလိမ့်မယ်”
“အဲဒီတုန်းက နန်းတော်သခင်သာ လိန်ဟွန်းရဲ့ ဟင်းလင်းပြင်စွမ်းအားကို ဝါးမြိုနိုင်ခဲ့ရင် သိပ်ကောင်းမှာပဲ... အဲဒီလိုဆိုရင် အခုလောက်ဆို အများကြီး ပိုလွယ်သွားပြီ”
ဟု ယဲ့ထျန်းဝေက နှမြောတသစွာ ရေရွတ်လိုက်၏။
“အခုတော့ အတင်းအဓမ္မ သွားလုယူဖို့ မဖြစ်နိုင်တော့ဘူး... အဲဒီ ခွေးကောင် လိန်ဟွန်းကလည်း အပြင်ကို ထွက်မလာရဲတော့ဘူးလေ... သူ့နောက်ကွယ်မှာ နတ်ဘုရား ဘုရင် နန်းတော် ရှိနေတော့ ငါတို့လည်း သူ့ကို ဘာမှ လုပ်လို့ မရသေးဘူး”
ပေတိုယန်က ခေါင်းခါရင်း စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
“အခုတော့ ပိတ်လှောင်ဖို့ နည်းလမ်းပဲ ကျန်တော့တယ်”
ဖုန်းဝူချန်က အချိန်အတန်ကြာ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် ချလိုက်၏။ သူက လက်နက်ဝိညာဉ်ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။
“သူ့ကို မလန့်သွားစေဘဲ အချိန်စွမ်းအားရဲ့ တည်နေရာကို အရင်ဆုံး ရှာထား... ပိတ်လှောင်ခြင်း အခင်းအကျင်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ပြင်ဆင်ဖို့ ငါ အချိန်နည်းနည်း လိုတယ်”
“အရှင်သခင်... အချိန်စွမ်းအားရဲ့ တည်နေရာကို အတိအကျ ရှာနေစရာ မလိုပါဘူး... ကျွန်တော် နည်းနည်းလေး အာရုံခံလိုက်တာနဲ့ ဘယ်နေရာမှာ ရှိနေလဲ ဆိုတာ ချက်ချင်း သိနိုင်ပါတယ်”
လက်နက်ဝိညာဉ်က ရိုသေစွာ ဖြေကြားလိုက်၏။
“အဲဒီလိုဆိုရင်လည်း ပိတ်လှောင်ခြင်း အခင်းအကျင်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို အရင် သွားစုဆောင်းကြတာပေါ့”
ဖုန်းဝူချန်က ခေါင်းညိတ် သဘောတူလိုက်သည်။
“နန်းတော်သခင်... သူ့ကို ဘယ်လို လုပ်မလဲ”
ယဲ့ထျန်းဝေက တပ်မှူးလေးအား လက်ညှိုးထိုးပြရင်း မေးလိုက်၏။
“သူ့ကို လွှတ်ပေးလိုက်”
ဖုန်းဝူချန်က ခပ်အေးအေးပင် အမိန့်ပေးလိုက်ပြီး တပ်မှူးလေးဘက်သို့ လှည့်ကာ သတိပေးလိုက်သည်။
“တပ်မှူးလေး... မမေ့နဲ့နော်... မင်း ငါ့ကို ကျေးဇူး တစ်ခု ဆပ်ဖို့ ကျန်သေးတယ်”
“နန်းတော်သခင်... ဒါက ကျားကို တောထဲ ပြန်လွှတ်ပေးလိုက်သလို ဖြစ်နေပြီနော်... သူ အပြည့်အဝ ပြန်ကောင်းလာတာနဲ့ ငါတို့ကို သေချာပေါက် ပြန်လာရှာလိမ့်မယ်”
နန်းကုန်းကျန့်က စိုးရိမ်တကြီး ဝင်ပြောလိုက်၏။
“သူ့ကို လွှတ်ပေးမယ်လို့ ကတိပေးထားပြီးမှတော့ ငါက ဘယ်လိုလုပ် ကတိဖျက်လို့ ရမလဲ”
ဖုန်းဝူချန်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
“ပြီးတော့ သူ့ကို အခု သတ်လိုက်မယ် ဆိုရင် ယင်ယန် မိသားစု တစ်ခုလုံး အထိတ်တလန့် ဖြစ်သွားလိမ့်မယ်... အခုအချိန်မှာ သူတို့ကို သွားပြီး ဆွပေးနေစရာ မလိုသေးဘူး”
စကားပြောနေရင်းပင် ဖုန်းဝူချန်က ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး သူ၏ အဖွဲ့သားများလည်း အလျင်အမြန် လိုက်ပါသွားကြတော့၏။
“ဖုန်းဝူချန်”
ထွက်ခွာသွားသော ဖုန်းဝူချန်အား အမုန်းတရားများ အပြည့်ဖြင့် စူးစူးရဲရဲ စိုက်ကြည့်ရင်း တပ်မှူးလေးက ကြိတ်မနိုင်ခဲမရ ကြိမ်းဝါးလိုက်သည်။
“ဒီကနေ့ ငါ ခံစားလိုက်ရတဲ့ အရှက်ကွဲမှုတွေ အတွက်... တပ်မှူးလေး ဖြစ်တဲ့ ငါက တစ်နေ့ကျရင် မင်းကို အဆတစ်ရာ ပြန်ဆပ်ပေးမယ်”
ဖုန်းဝူချန်က သူ့အား တကယ်တမ်း လွှတ်ပေးလိမ့်မည်ဟု တပ်မှူးလေး လုံးဝ ထင်မှတ်မထားခဲ့မိချေ။
“ဒီကိစ္စကို တပ်မှူးကြီးဆီ အမြန်ဆုံး သတင်းပို့မှ ဖြစ်မယ်... အချိန်စွမ်းအားက ဖုန်းဝူချန် လက်ထဲကို လုံးဝ ရောက်သွားလို့ မဖြစ်ဘူး... ဖုန်းဝူချန်ကိုသာ ဖမ်းမိခဲ့မယ် ဆိုရင် ငါတို့အတွက် အရမ်းကို ကြီးမားတဲ့ အကျိုးအမြတ်တွေ ရလိမ့်မယ်”
တပ်မှူးလေးက အေးစက်စွာ ရေရွတ်လိုက်ပြီးနောက် ဒဏ်ရာအပြင်းအထန် ရရှိနေသော ခန္ဓာကိုယ်ကို သယ်ဆောင်ကာ ထိုနေရာမှ ချက်ချင်း ထွက်ခွာသွားတော့၏။
...
ရှုမီ ချောက်ကမ်းပါးမှ ထွက်ခွာလာပြီးနောက် ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သည် သတင်းအချက်အလက်များကို စုံစမ်းမေးမြန်းရင်း မြောက်ဘက် ဆန်းကြယ် နယ်မြေရှိ ကျိုကျိုး ဒေသသို့ ရောက်ရှိလာခဲ့ကြသည်။
ကျိုကျိုး ဒေသသည် မြောက်ဘက် ဆန်းကြယ် နယ်မြေတွင် အကြီးဆုံးနှင့် အစွမ်းအထက်ဆုံး နယ်မြေ တစ်ခု ဖြစ်ပြီး မြောက်ဘက် ဆန်းကြယ် နယ်မြေ၏ အကြီးဆုံး လေလံရုံ ဖြစ်သော... ကျိုကျိုး လေလံရုံ တည်ရှိရာ နေရာလည်း ဖြစ်ပေ၏။
ကျိုကျိုး လေလံရုံမှာ အလွန်တရာ ကြီးမားခမ်းနားလှပြီး မြောက်ဘက် ဆန်းကြယ် နယ်မြေ တစ်ခုလုံးရှိ တရားဝင်ရော တရားမဝင် အရောင်းအဝယ် ကိစ္စရပ်များ အားလုံးကို စုစည်းလုပ်ကိုင်ရာ နေရာလည်း ဖြစ်သည်။ ရောင်းချရဲသူ ရှိနေသရွေ့ ကျိုကျိုး လေလံရုံက ဝယ်ယူရန် ဝန်လေးမည် မဟုတ်ဘဲ သတင်းအချက်အလက် လုံခြုံမှုကိုလည်း အပြည့်အဝ အာမခံချက် ပေးထားသည်။
“ဒီကျိုကျိုး လေလံရုံက ကြယ်တာရာနယ်မြေ လေလံရုံထက် နည်းနည်းလေးမှ မနိမ့်ကျဘူးပဲ”
ယီထျန်းချင်းက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း မှတ်ချက်ချလိုက်၏။
“သွားကြစို့... ငါတို့ လိုအပ်တဲ့ ပစ္စည်းတွေ သူတို့ဆီမှာ ရှိပါစေလို့ ဆုတောင်းရမှာပဲ”
ဖုန်းဝူချန်က ရှေ့မှ ဦးဆောင်ကာ လေလံရုံ အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။
ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့ ရောက်ရှိလာသည်နှင့် ချက်ချင်းပင် ရိုသေလေးစားစွာ ကြိုဆိုခြင်းကို ခံလိုက်ရ၏။
စကားအပိုတွေ ပြောမနေတော့ဘဲ ဖုန်းဝူချန်က ကြိုတင် ပြင်ဆင်ထားသော စာရင်းကို ဧည့်ကြို အစေခံမလေးထံသို့ ကမ်းပေးလိုက်သည်။ ထိုစာရင်းထဲမှ ပစ္စည်းများကိုသာ ထုတ်ပေးရန် လိုအပ်ကြောင်း ပြောပြလိုက်၏။
“အကြီးအကဲ... အပြင်ဘက်မှာ လက်နက်သွန်းလုပ်ရေး ပစ္စည်းတွေ လာမေးတဲ့ လူငယ် တစ်ယောက် ရောက်နေပါတယ်... စာရင်းထဲမှာ ပစ္စည်း (၂၃) မျိုး ပါပေမယ့် ကျွန်မ တစ်ခါမှ မမြင်ဖူးသလို ဘာပစ္စည်းတွေမှန်းလည်း မသိတဲ့ အရာ သုံးခု ပါနေလို့ပါ... အကြီးအကဲ ကျေးဇူးပြုပြီး တစ်ချက်လောက် ကြည့်ပေးပါဦး”
အစေခံမလေးက လေလံရုံ၏ ပင်မ ခန်းမဆောင်ကြီး အတွင်းသို့ စာရင်းကို ယူဆောင်လာခဲ့ပြီး အကြီးအကဲ တစ်ဦးထံသို့ ရိုသေစွာ ကမ်းပေးရင်း အစီရင်ခံလိုက်သည်။
“တစ်ခါမှ မမြင်ဖူးဘူး ဟုတ်လား”
အကြီးအကဲမှာ အံ့အားသင့်သွားပြီး သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်၏။
“ငါတို့ ကျိုကျိုး လေလံရုံမှာ မရှိတဲ့ ပစ္စည်းတွေများ ဘာတွေ ဖြစ်နေမလဲ... လုံးဝ မဖြစ်နိုင်တာ”
“အဲဒါ ဘယ်သူလဲ ဆိုတာ မင်း သိလား”
အခြား အကြီးအကဲ တစ်ဦးက ဝင်မေးလိုက်သည်။
အစေခံမလေးက ခေါင်းခါပြရင်း ဖြေလိုက်၏။
“မသိပါဘူးရှင်... မျက်နှာစိမ်းပါ... အရင်က တစ်ခါမှ မမြင်ဖူးပါဘူး”
“ရွှမ်ဟိုင် ရေခဲဝိညာဉ်... ရွှမ်ထျန်း ကြယ်တာရာ ကျောက်တုံး... ရတနာခုနစ်ပါး နွေးထွေးသော ကျောက်စိမ်း... ဒါ... ဒါက...”
စာရင်းထဲရှိ ပစ္စည်းများကို ကြည့်လိုက်ရသောအခါ အကြီးအကဲ၏ မျက်နှာပေါ်တွင် အလွန်အမင်း အံ့အားသင့် ထိတ်လန့်သွားသော အမူအရာများ ထင်ဟပ်လာတော့၏။
“ဘာ”
အကြီးအကဲ အသံထွက် ဖတ်ပြလိုက်သော ပစ္စည်း အမည်များကို ကြားလိုက်ရသည့်အခါ အခြား အကြီးအကဲ နှစ်ဦးမှာလည်း တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး သူတို့၏ မျက်နှာများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
“အကြီးအကဲ... ဒီပစ္စည်း သုံးခုက အရမ်း တန်ဖိုးကြီးလို့လားရှင်”
အစေခံမလေးမှာ အံ့အားသင့်စွာ မေးလိုက်မိ၏။ ပစ္စည်းများကြောင့် အကြီးအကဲ သုံးဦးစလုံး ဤမျှလောက် ပြင်းပြင်းထန်ထန် တုံ့ပြန်ကြသည်ကို သူမ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။
“ရွှမ်ထျန်း ကြယ်တာရာ ကျောက်တုံး၊ ရွှမ်ဟိုင် ရေခဲဝိညာဉ်နဲ့ ရတနာခုနစ်ပါး နွေးထွေးသော ကျောက်စိမ်း... ဒီပစ္စည်း သုံးခုက အလွန်တရာ အစွမ်းထက်တဲ့ ပိတ်လှောင်ခြင်း အခင်းအကျင်း တစ်ခုကို တည်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေပဲ... အခင်းအကျင်း သခင်ကြီး တစ်ယောက်တောင်မှ ဒီလောက် အစွမ်းထက်တဲ့ အခင်းအကျင်းမျိုးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူး”
အကြီးအကဲ တစ်ဦးက မှင်သက်နေဆဲဖြင့် ရှင်းပြလိုက်သည်။
စာရင်းကို ကိုင်ထားသော အကြီးအကဲက အလျင်အမြန် မေးလိုက်၏။
“သူတို့ ဘယ်မှာလဲ... ငါ့ကို အခုချက်ချင်း ခေါ်သွား"
--