← Chapters

အခန်း ၈၂၄

Vol. 55 Ch. 824

အခန်း ၈၂၄

Vol. 55 Ch. 824

အခန်း (၈၂၄) - သေလမ်းကို ရှာနေတာက မင်းပဲ

လေလံရုံ အတွင်း၌ လူအုပ်ကြီးဖြင့် ပြည့်နှက်နေပြီး အလွန်တရာ စည်ကားသိုက်မြိုက်နေ၏။

ထိုလေလံပွဲက မြောက်ပိုင်း ဆန်းကြယ် နယ်မြေမှ အစွမ်းထက် ပညာရှင် အများအပြားကို ဆွဲဆောင်နိုင်ခဲ့ပြီး ကောင်းကင်ဘုံလူသား အဆင့်နှင့် ထျန်းကျီဘုံ အဆင့်ရှိ ကျင့်ကြံသူများပင် အများအပြား ပါဝင်နေကြသည်။

"ကျန်းကျွင့်လန်... မင်း ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ လေလံပွဲမျိုးကို အရင်က တစ်ခါမှ မရောက်ဖူးဘူးလား"

ကျယ်ဝန်းလှသော လေလံရုံကြီး အတွင်း၌ ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများ စောင့်ဆိုင်းနေစဉ် လျိုချင်းယန်က စည်ကားနေသော ပတ်ဝန်းကျင်ကို ငေးကြည့်ရင်း သိချင်စိတ် ပြင်းပြစွာဖြင့် မေးခွန်းထုတ်လိုက်၏။

ကျန်းကျွင့်လန်က ခေါင်းခါယမ်းပြရင်း ရှင်းပြလိုက်သည်။

"မြောက်ပိုင်း ဆန်းကြယ် နယ်မြေကို လာတာ ဒါ ပထမဆုံးအကြိမ်ပဲ... အိမ်မှာပဲ အမြဲတမ်း ကျင့်ကြံနေခဲ့ရတာ... အဖေက အပြင်ထွက်ခွင့် မပေးဘူးလေ... ဒါပေမဲ့ ကျိုကျိုး လေလံရုံရဲ့ ဥက္ကဋ္ဌကိုတော့ ငါ မြင်ဖူးတယ်..ဥက္ကဋ္ဌက လက်နက်သွန်းလုပ် ပညာရှင်များ အစည်းအဝေးကို လာတက်ခဲ့ဖူးတယ်"

"ဒီလိုဆိုရင်တော့ နောက်ကျရင် ငါတို့ ဈေးလျှော့ရလောက်တယ်... နန်းတော်သခင် ဝယ်မယ့် ပစ္စည်းတွေက အလွန်တရာ ရှားပါးပြီး တန်ဖိုးကြီးမယ့် ပစ္စည်းတွေချည်းပဲ"

လေ့ထျန်းကျွယ်က ပြုံးရွှင်စွာဖြင့် ဝင်ရောက် ထောက်ခံလိုက်သည်။

ကျန်းကျွင့်လန်မှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်မိတော့၏။

ဖုန်းဝူချန်နှင့် အခြားသူများ စကားစမြည် ပြောဆိုနေစဉ်မှာပင် လေလံရုံ အတွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့လေပြီ။ တစ်စုံတစ်ခုကို ကြားလိုက်ရသည့်အလား လူအများအပြားမှာ ထိတ်လန့်တကြားဖြင့် ခန်းမထဲမှ အပြေးအလွှား ထွက်ခွာသွားကြတော့သည်။

"ရှဟိုဖုန်း ရောက်လာပြီ... မြန်မြန်... သွားကြစို့"

လူအုပ်ကြီးမှာ ရှဟိုဖုန်းအား တစ္ဆေသရဲ တစ်ကောင်ကို မြင်လိုက်ရသည့်အလား ကြောက်လန့်တကြားဖြင့် အလျင်အမြန် ထွက်ပြေးကုန်ကြ၏။

ခန်းမဆောင်၏ ဝင်ပေါက် အပြင်ဘက်မှ အမျိုးသား နှစ်ဦးသည် ရယ်ပြောဆိုရင်း ဝင်ရောက်လာကြပြီး သူတို့၏ အနောက်တွင်တော့ သက်တော်စောင့် အချို့လည်း လိုက်ပါလာကြသည်။

"ညီလေး ရှဟို... မနေ့ညက အခြေအနေ ဘယ်လိုလဲ... အဲဒီ အလှလေး နှစ်ယောက်ကို သဘောကျရဲ့လား"

အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး အမျိုးသား တစ်ဦးက ရယ်ရင်း မေးလိုက်၏။

"ဟား ဟား... ကျေနပ်တာပေါ့ကွာ... အရမ်းကို ကောင်းတယ်... ငါ့ရဲ့ ခွန်အားတွေ အများကြီး ကုန်သွားလို့သာ ယန်အားဖြည့် ဆေးလုံး လာဝယ်ရတာ... ကျစ် ကျစ်... တွေးကြည့်လိုက်တာနဲ့တင် ရင်ခုန်စရာ ကောင်းနေပြီ... အစ်ကိုလျို... မင်း သခင်လေးအတွက် နောက်ထပ် အလှလေး နည်းနည်းလောက် ထပ်ရှာပေးဦး... မနေ့ညက နှစ်ယောက်ကတော့ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တော့ဘူး"

ရှဟိုဖုန်းက စိတ်လှုပ်ရှားစွာဖြင့် တဟားဟား ရယ်လိုက်သည်။

"ပြဿနာ မရှိပါဘူး... ညီလေး ရှဟို ပျော်နေသရွေ့ အားလုံး အိုကေတယ်"

အစ်ကိုလျိုက တက်ကြွစွာ ပြန်လည် ဖြေကြားလိုက်၏။

ထိုအမျိုးသား နှစ်ဦး ခန်းမထဲသို့ ဝင်ရောက်လာသည်နှင့် လူတိုင်းက အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြပြီး ရှဟိုဖုန်းအား ထိတ်လန့် ကြောက်ရွံ့နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြတော့သည်။ လာရောက် ကြိုဆိုရသော ဝန်ထမ်းများပင်လျှင် အလွန်အမင်း တုန်လှုပ်နေကြပုံ ရ၏။

တစ်ခဏတာ အတွင်းမှာပင် ဆူညံနေခဲ့သော လေလံရုံကြီးမှာ တိတ်ဆိတ် ငြိမ်သက်သွားခဲ့လေပြီ။

"သွား... ငါ့အတွက် ပြင်ဆင်ထား..."

ရှဟိုဖုန်း ခန်းမထဲသို့ ဝင်ရောက်လာပြီး အစေခံ တစ်ဦးအား အမိန့်ပေးနေစဉ်မှာပင် သူ၏ မျက်နှာအမူအရာက ရုတ်တရက် တောင့်တင်းသွားတော့သည်။

"သခင်လေး ရှဟို ပါလား... ကြိုဆိုပါတယ်... ကြိုဆိုပါတယ်"

လေလံရုံ၏ တာဝန်ခံက အလျင်အမြန် ပြေးလာပြီး ရိုသေကျိုးနွံစွာ ကြိုဆိုနှုတ်ဆက်လိုက်၏။

သို့သော်ငြား တာဝန်ခံအတွက် အရှက်ရစရာ ကောင်းသည်မှာ ရှဟိုဖုန်းက သူ့အား တစ်ချက်လေးမျှပင် လှည့်မကြည့်ခဲ့ဘဲ ဟင်းလင်းပြင် တစ်ခုကို ဖြတ်သန်းသွားသည့်အလား လုံးဝ လျစ်လျူရှုသွားခဲ့ခြင်းပင်။

မည်သို့ပင် ဆိုစေကာမူ သူသည် လေလံရုံ၏ တာဝန်ခံ တစ်ဦး ဖြစ်သည်။ သာမန် လူတွေကိုဆိုလျှင် သူကိုယ်တိုင် ထွက်၍ပင် ကြိုဆိုလေ့ မရှိသော်လည်း ယခုအခါ ရှဟိုဖုန်း၏ အထင်အမြင်သေး စော်ကားမှုကိုသာ ခံလိုက်ရတော့၏။

"အစ်ကိုလျို... မြင်လိုက်လား... အလှလေးတွေကွ"

ရှဟိုဖုန်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး မြောင်ချင်းချင်းနှင့် လန်ယွဲ့တို့ထံသို့ မိုက်ရိုင်းသော အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်သည်။ တံတွေးများကို ဝါးမြိုလိုက်ပြီး သူ၏ နှုတ်ခမ်းများကိုပင် လျှာဖြင့် သပ်လိုက်သေး၏။

"မြင်တယ်... မြင်တယ်... ညီလေး ရှဟို... ဒါတွေက ထိပ်တန်း အဆင့်တွေပဲ"

အစ်ကိုလျို၏ မျက်နှာပေါ်တွင်လည်း ရူးသွပ်မတတ် ဝမ်းသာ စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေပြီး သူ၏ မျက်လုံးများမှာ ပြူးထွက်လုမတတ် ဖြစ်နေတော့သည်။

ထိုနှစ်ဦး၏ စော်ကားသော အကြည့်များကို သတိပြုမိလိုက်သည်နှင့် မြောင်ချင်းချင်းနှင့် လန်ယွဲ့တို့၏ လှပသော မျက်နှာလေးများမှာ ရေခဲတမျှ အေးစက်သွားကြတော့၏။

ထိုအခိုက်အတန့်တွင် ရှဟိုဖုန်းနှင့် အစ်ကိုလျိုတို့က သူတို့ထံသို့ အလျင်အမြန် လျှောက်လာခဲ့ကြပြီး ရွံရှာဖွယ် ကောင်းလှသော နှာဘူး အပြုံးကြီးများကို ဆင်မြန်းထားကြသည်။

"သွားပြီ... ရှဟိုဖုန်း မျက်စိကျသွားပြီ ဆိုရင် ဘယ်သူမှ လွတ်လေ့ မရှိဘူး"

"တိရစ္ဆာန်တွေ... ဒီတိရစ္ဆာန် နှစ်ကောင်"

"သနားစရာ အလှလေး နှစ်ယောက်တော့ တိရစ္ဆာန်တွေရဲ့ ဖျက်ဆီးတာကို ခံရတော့မှာပဲ"

ရှဟိုဖုန်းနှင့် အစ်ကိုလျိုတို့က မြောင်ချင်းချင်းနှင့် လန်ယွဲ့တို့ ရှိရာသို့ ဦးတည်သွားနေသည်ကို မြင်လိုက်ရသောအခါ လေလံရုံ အတွင်းရှိ လူတိုင်းက ခပ်တိုးတိုး ကျိန်ဆဲရင်း ခေါင်းခါယမ်းနေကြတော့သည်။

"ပြဿနာပဲ"

တာဝန်ခံ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ဝိညာဉ်ပင် လွင့်ထွက်မတတ် ကြောက်လန့်တကြားဖြင့် သူတို့ အနောက်သို့ အလျင်အမြန် လိုက်သွားသည်။

မည်သို့ပင် ဆိုစေကာမူ ဤနေရာမှာ လေလံရုံကြီး ဖြစ်ပါ၏။ ရှဟိုဖုန်းက အရမ်း ရဲတင်းလွန်းနေသည် မဟုတ်ပါလော။

"အစ်ကိုချင်းယန်"

မြောင်ချင်းချင်းက တိုးညှင်းစွာ ခေါ်လိုက်သည်။

"ငါ မြင်တယ်"

လျိုချင်းယန်က အေးစက်စွာ တုံ့ပြန်လိုက်ပြီး သူ၏ ရေခဲတမျှ အေးစက်သော အကြည့်များက ချဉ်းကပ်လာသည့် အမျိုးသား နှစ်ဦးထံသို့ သေချာပေါက် စူးစိုက်သွားတော့၏။

မြောင်ချင်းချင်း အပေါ် ကျရောက်နေသော ထိုနှာဘူး အကြည့်များကို သတိပြုမိလိုက်သည်နှင့် လျိုချင်းယန်၏ ရင်ထဲတွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်နေခဲ့ပြီ ဖြစ်သည်။

သူ၏ ချစ်သူကို အခြား သူများက ဤကဲ့သို့ မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို သူ မည်သို့လုပ် သည်းခံနိုင်ပါမည်နည်း။

"ဘာမှ နားမလည်တဲ့ အရူးတွေ"

ပေတိုယန်က ခေါင်းခါယမ်းလိုက်ပြီး ချဉ်းကပ်လာသော ထိုနှစ်ဦးအား အရူးများကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။

"ကြည့်ရတာ သူတို့မှာ နောက်ခံ အင်အား တောင့်တင်းပုံ ရတယ်"

လေလံရုံ အတွင်းရှိ လူအားလုံး၏ ထိတ်လန့်နေမှုများကို သတိပြုမိလိုက်သော ပိုင်မိက အပြုံးလေးဖြင့် မှတ်ချက်ချလိုက်၏။

"ဟွန့်... သူတို့မှာ ဘယ်လို နောက်ခံမျိုးပဲ ရှိရှိ ငါ ဂရုမစိုက်ဘူး... ငါ့ရဲ့ ချင်းချင်းကို ဒီလိုမျိုး စိုက်ကြည့်ရဲတယ် ဆိုမှတော့ သေလမ်းကို ရှာနေတာပဲ"

ဟု လျိုချင်းယန်က ရက်စက်စွာ ကြိမ်းဝါးလိုက်သည်။ သူ၏ မျက်နှာမှာ အလွန်အမင်း ခက်ထန်နေပြီး လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားတော့၏။

"ထွက်သွား"

ရှဟိုဖုန်းနှင့် အစ်ကိုလျိုတို့ အနီးသို့ ရောက်မလာမီမှာပင် လျိုချင်းယန်က နေရာမှ မတ်တတ်ရပ်လိုက်ပြီး ထိုနှစ်ဦးအား အေးစက်ပြတ်သားစွာ ဟိန်းဟောက်လိုက်သည်။ သူ၏ မျက်နှာထားမှာ အထွတ်အထိပ် ရောက်အောင် ရက်စက်ကြမ်းကြုတ်နေတော့၏။

လျိုချင်းယန်၏ အေးစက်သော အော်ဟစ်သံက လေလံရုံ အတွင်းရှိ လူတိုင်းကို ချက်ချင်းပင် ဆွံ့အ မှင်သက်သွားစေခဲ့ပြီး လေလံရုံ တာဝန်ခံပင် အပါအဝင် ဖြစ်သည်။

လျိုချင်းယန်က ရှဟိုဖုန်းအား အော်ဟစ်ရဲခဲ့သည်လား။

သူက သေလမ်း ရှာနေခြင်းများလား။

ထိုအခိုက်အတန့်တွင် စောင့်ကြည့်နေသူ အားလုံးမှာ တစ်ကိုယ်လုံး ကျောချမ်းသွားသည်အထိ အေးစက်သွားကြတော့သည်။

"ဟီး ဟီး... ညီလေး... မင်းကို စော်ကားလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး... ငါတို့က ဒီအလှလေး နှစ်ယောက်နဲ့ သိကျွမ်းချင်ရုံ သက်သက်ပါ... တခြား မရှိပါဘူး"

ရှဟိုဖုန်းက ယဉ်ကျေးဟန်ဆောင်ကာ ပြုံးပြရင်း တုံ့ပြန်လိုက်၏။ လျိုချင်းယန်၏ ကြိမ်းမောင်းမှုကို သူက ဒေါသထွက်နေပုံ မရချေ။

ရှဟိုဖုန်းအား ရက်စက်သော အကြည့်များဖြင့် စူးစူးရဲရဲ စိုက်ကြည့်ရင်း လျိုချင်းယန်က အံကို တင်းတင်းကြိတ်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြန်သည်။

"မင်းတို့ကို ထွက်သွားလို့ ငါ ပြောနေတယ်... နားပင်းနေတာလား"

လျိုချင်းယန်၏ ရက်စက်ကြမ်းကြုတ်မှုက လေလံရုံ အတွင်းရှိ လူတိုင်းကို နောက်တစ်ကြိမ် အကြီးအကျယ် ထိတ်လန့်သွားစေခဲ့ပြန်၏။

သူက အရမ်းကို ရဲတင်းလွန်းနေသည် မဟုတ်ပါလော။

"ရှဟိုဖုန်းက ဘယ်သူလဲ ဆိုတာ သူ မသိဘူးလား... ထွက်သွားလို့တောင် ပြောရဲတယ်"

"ရှဟိုဖုန်း ဆိုတာ အင်အားကြီးမားတဲ့ ရှဟို မိသားစုရဲ့ သခင်လေးကွ... ဒါ့အပြင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ဆရာ ရှင်းရီက သူ့ရဲ့ ဆရာပဲ"

"သူတို့တော့ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်... ကျိုကျိုး ဒေသမှာ ရှဟိုဖုန်းကို ဘယ်သူက ရန်စရဲလို့လဲ"

လေလံရုံ အတွင်းရှိ လူတိုင်းမှာ အလွန်အမင်း ထိတ်လန့်နေကြတော့သည်။ ရှင်းရီ ဆိုသည်မှာ ဘယ်သူနည်း။ သူသည် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ နံပါတ်တစ် ဆရာ တစ်ဦးဖြစ်ပြီး ကျောင်းတော်ကြီး ကိုယ်တိုင်က သူ၏ နောက်ခံအင်အား ပင်ဖြစ်၏။

ထိုအချက်ကြောင့်ပင် ရှဟိုဖုန်းက ဤမျှလောက် မောက်မာပြီး ရမ်းကားရဲနေခြင်း ဖြစ်သည်။

လေထု တစ်ခုလုံးမှာ ရုတ်တရက် တင်းမာလာခဲ့လေပြီ။

တင်းမာမှုများက လျင်မြန်စွာ မြင့်တက်လာပြီး အခြေအနေများ ဆိုးရွားလာတော့မည့် အချိန်မှာပင် စိုးရိမ်ပူပန်နေသော တာဝန်ခံက အလျင်အမြန် ဝင်ရောက် ဖြန်ဖြေလိုက်တော့၏။

"ညီလေး... စိတ်လိုက်မာပါ မလုပ်ပါနဲ့... အေးအေးဆေးဆေး စကားပြောကြရအောင်... သခင်လေး ရှဟို... ဒီနေရာကလေ..."

"ဒီကိစ္စက မင်းနဲ့ ဘာမှ မဆိုင်ဘူး... လမ်းဖယ်"

ရှဟိုဖုန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး တာဝန်ခံအား ကြမ်းတမ်းစွာ တွန်းဖယ်လိုက်လေ၏။ လေလံရုံ တာဝန်ခံကို နည်းနည်းလေးမျှ အလေးထားဟန် မပြခဲ့ချေ။

"ဟား... ကောင်စုတ်လေး... မင်းက အကောင်းပြောလို့ မရဘူးပဲ... သေလမ်းကို မင်းဘာသာ ရှာနေတာပဲ"

ရှဟိုဖုန်းက လျိုချင်းယန်အား မကြောက်မရွံ့ ကျိန်ဆဲလိုက်သည်။

ရှဟိုဖုန်း၏ မူလ အကြံအစည်မှာ လျိုချင်းယန်နှင့် အရင်ဆုံး ရင်းနှီးအောင် လုပ်ပြီးမှ မြောင်ချင်းချင်းနှင့် လန်ယွဲ့တို့ကို ပစ်မှတ်ထားရန် အခွင့်အရေး ရှာမည်ဟု တွေးထားခဲ့ခြင်းပင်။ လျိုချင်းယန်က ဤမျှလောက် ကျေးဇူးကန်းလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

"ခွေးကောင်... ငါ့မိန်းကလေးကို မင်းက ထိချင်နေတာလား... ကြည့်ရတာ သေလမ်းကို ရှာနေတာက မင်းပဲ ဖြစ်ရမယ်"

လျိုချင်းယန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏ မျက်နှာမှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်နေတော့၏။

စကားပြောပြောဆိုဆိုပင် လျိုချင်းယန်က လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူ၏ လင်းယုန်ခြေသည်းပမာ ကွေးညွတ်ထားသော လက်သည်းက ရှဟိုဖုန်း၏ မျက်နှာကို အမိအရ ဖမ်းဆုပ်လိုက်ပြီးနောက် အမှိုက်တစ်စကို လွှင့်ပစ်လိုက်သည့်အလား အားပါးတရ လွှင့်ပစ်လိုက်တော့၏။

"ဘာ"

ရှဟိုဖုန်း၏ မျက်နှာမှာ ဆိုးရွားစွာ ပြောင်းလဲသွားပြီး လုံးဝ သတိမထားမိလိုက်ချေ။

“ဘုန်း…”

လျိုချင်းယန်၏ အင်အားမှာ အလွန်တရာ ကြီးမားလှပေရာ ရှဟိုဖုန်းမှာ လေလံရုံ အတွင်းရှိ ဧရာမ ကျောက်တိုင်ကြီးကို ပြင်းထန်စွာ ဝင်တိုက်မိသွားပြီး ထိုကျောက်တိုင်ကြီးမှာလည်း မျက်တောင်တစ်ခတ် အတွင်းမှာပင် အက်ကွဲကြောင်း အများအပြား ထွက်ပေါ်သွားတော့သည်။

ရှဟိုဖုန်းမှာ လျိုချင်းယန်အား မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိပြီး လုံးဝ မလှုပ်ရှားနိုင်တော့ချေ။

တိတ်ဆိတ်မှု။

လေလံရုံကြီး တစ်ခုလုံး သေမတတ် တိတ်ဆိတ် ငြိမ်သက်သွားခဲ့လေပြီ။

အလွန်အမင်း အံ့အားသင့် ထိတ်လန့်နေသော အကြည့်များ အားလုံးက လျိုချင်းယန်နှင့် ရှဟိုဖုန်းတို့ အပေါ်သို့ စူးစိုက်ကျရောက်နေတော့၏။

တာဝန်ခံနှင့် အစ်ကိုလျိုတို့၏ မျက်နှာများမှာလည်း ကျောက်ရုပ်ပမာ အေးခဲသွားကြသည်။

ထိုနေရာရှိ မည်သူကမျှ လျိုချင်းယန် တစ်ယောက် အမှန်တကယ် လက်ပါလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြသလို ဤမျှလောက် ရက်စက်ကြမ်းကြုတ်လိမ့်မည် ဟုလည်း မျှော်လင့်မထားခဲ့ကြချေ။

သို့သော်ငြား ထိုအချက်က အဓိက မဟုတ်ပေ။ အဓိက အရေးကြီးဆုံး အချက်မှာ ရှဟိုဖုန်းသည် ထျန်းကျီဘုံ ပထမအလွှာ အဆင့်တွင် ရှိနေသူ ဖြစ်ပြီး လျိုချင်းယန်က သူ့အား လွယ်ကူစွာပင် လွှင့်ပစ်နိုင်ခဲ့ခြင်းပင် ဖြစ်တော့သည်။

--

All Chapters