အခန်း ၈၂၅
Vol. 55 Ch. 825
အခန်း (၈၂၅) - ပြင်းထန်သော ရိုက်နှက်မှု
“အံ့မခန်းပဲ... အရမ်း အစွမ်းထက်တာပဲ”
“မြန်လွန်းလို့ ဘာမှကို သေသေချာချာ မမြင်လိုက်ရဘူး”
“ဒီကောင်လေးက သာမန် မဟုတ်ဘူးပဲ... ရှဟိုဖုန်းက ထျန်းကျီဘုံ အဆင့်နော်... သူက ကောင်းကင်ဘုံလူသား နဝမအလွှာပဲ ရှိသေးတာကို”
လေလံရုံအတွင်း တိတ်ဆိတ်ငြိမ်သက်နေရာမှ ထိတ်လန့်အံ့အားသင့်သံများ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့ပြီးနောက် ကွင်းဆက် တုံ့ပြန်မှု တစ်ခုပမာ ဆူညံပွက်လောရိုက်သွားကာ လူတိုင်းမှာ အသက်ရှူမှားလုမတတ် အော်ဟစ်နေကြတော့၏။
“ခွေးကောင်... သခင်လေး ရှဟိုက ဘယ်သူလဲ ဆိုတာ မင်း သိလား... သခင်လေး ရှဟို အပေါ်ကိုများ လက်ပါရဲတယ်ပေါ့လေ”
အစ်ကိုလျိုမှာ အံ့အားသင့်နေရာမှ သတိပြန်ဝင်လာပြီး လျိုချင်းယန်အား ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ထိုဟိန်းဟောက်သံက လေလံရုံ တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေတော့၏။
အစ်ကိုလျိုအား ရက်စက်စွာ စိုက်ကြည့်ရင်း လျိုချင်းယန်က အေးစက်စက် တုံ့ပြန်လိုက်သည်။
“သူက ဘယ်လို အဆင့်အတန်းပဲ ရှိရှိ ငါ ဂရုမစိုက်ဘူး... ငါ့မိန်းကလေးကို သူက မလေးမစား လာလုပ်တယ် ဆိုမှတော့ မြေကြီးပေါ်ကနေ သူ့သွားတွေ ပြန်ကောက်ရတဲ့ အထိ ငါ ရိုက်ပစ်မယ်”
“သေချင်တဲ့ကောင်... သခင်လေး ရှဟိုကိုများ စော်ကားရဲတယ်ပေါ့... သခင်လေး ရှဟိုရဲ့ ဆရာက သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ဆရာ ရှင်းရီပဲကွ”
အစ်ကိုလျိုက ဒေါသတကြီး အော်ဟစ်လိုက်ပြန်၏။
“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ဆရာ ရှင်းရီပေါ့လေ... ဒါကြောင့်များ နေ့ခင်းကြောင်တောင်ကြီး ဒီလို တိရစ္ဆာန် အလုပ်မျိုး လုပ်ရဲလောက်အောင် မောက်မာနေတာကိုး”
ပေတိုယန်က လှောင်ပြောင်လိုက်သည်။
ထိုအချိန်တွင် ရှဟိုဖုန်း၏ ကိုယ်တွင်းမှ တောင်တန်းကြီး တစ်ခုပမာ ဒေါသတရားများ ပေါက်ကွဲထွက်လာတော့၏။
ရှဟိုဖုန်း၏ မျက်နှာမှာ အလွန်အမင်း ရက်စက်ကြမ်းကြုတ်နေပြီး သူ၏ မျက်နှာအမူအရာများမှာ ပြင်းထန်စွာ တွန့်လိမ်နေကာ မျက်လုံးများထဲတွင်လည်း အဆိပ်ပြင်းသော မြွေဟောက် တစ်ကောင်ပမာ ယုတ်မာသော အငွေ့အသက်များ တလက်လက် တောက်ပနေသည်။
“ခွေးကောင်လေး... အခု မင်း ဒူးထောက်ပြီး ငါ့ကို တောင်းပန်ရင်တောင်မှ မင်းအသက်ကို နုတ်ယူပစ်ဖို့ ငါ ဆုံးဖြတ်ပြီးပြီ”
ရှဟိုဖုန်းက လျိုချင်းယန်အား စူးစူးရဲရဲ စိုက်ကြည့်ရင်း ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ သတ်ဖြတ်ချင်သော အရှိန်အဝါများက အတားအဆီးမဲ့ ပေါက်ကွဲထွက်လာတော့၏။
“ပြဿနာ တက်ပြီ... ပြေးကြ”
လေလံရုံ အတွင်းရှိ လူများမှာ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြပြီး လေလံရုံ အပြင်ဘက်သို့ အပြေးအလွှား ထွက်ခွာသွားကြတော့သည်။
ကောင်းကင်ဘုံလူသား အဆင့်နှင့် ထျန်းကျီဘုံ အဆင့်ရှိ အစွမ်းထက် ပညာရှင်များပင်လျှင် ဤပြဿနာထဲတွင် မပါဝင်ချင်သဖြင့် လေလံရုံထဲမှ ထွက်ခွာသွားခဲ့ကြလေပြီ။
သတ္တိကောင်းသူ အနည်းငယ်သာ ကျန်ရစ်ခဲ့ကြ၏။
သူတို့က နောက်ဆုံး ရလဒ် မည်သို့ ဖြစ်လာမည်ကို သိချင်နေကြပြီး ရှဟိုဖုန်းကို ရန်စရဲသော လျိုချင်းယန်နှင့် သူ၏ အဖွဲ့သားများ မည်သူမည်ဝါ ဖြစ်သည်ကို ပို၍ပင် စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။
“လာစမ်းကြည့်လိုက်လေ”
လျိုချင်းယန်က ဒေါသတကြီး တုံ့ပြန်လိုက်သည်။
ယခုအခါ လျိုချင်းယန်သည် လျိုမိသားစု၏ သခင်လေး တစ်ယောက် သက်သက် မဟုတ်တော့ဘဲ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့၏ အဆင့်မြင့် ခေါင်းဆောင် တစ်ဦး ဖြစ်နေပြီ ဖြစ်၏။ သူ၏ အဆင့်အတန်းနှင့် ရာထူးက ကျိုကျိုး လေလံရုံ၏ အကြီးအကဲ တစ်ဦးထက်ပင် နည်းနည်းလေးမှ မနိမ့်ကျချေ။
ဤကဲ့သို့သော အဆင့်အတန်းနှင့် ကြောက်မက်ဖွယ် စွမ်းအားများကို ပိုင်ဆိုင်ထားသော လျိုချင်းယန်က ရှဟိုဖုန်းကို အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။
“ဝီ... ဝီ…”
ရှဟိုဖုန်း၏ ခန္ဓာကိုယ်မှ အလွန်တရာ ကြီးမားလှသော အင်အားကြီး တစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး ကြောက်မက်ဖွယ် အရှိန်အဝါများက ရူးသွပ်စွာ လည်ပတ်နေ၏။ သူ့အား ဗဟိုပြု၍ ကြမ်းတမ်းသော လေဆင်နှာမောင်းကြီး တစ်ခု တဝေါဝေါ တိုက်ခတ်လာတော့၏။
လေလံရုံကြီး တစ်ခုလုံး ချက်ချင်းပင် ဖရိုဖရဲ ဖြစ်သွားပြီး အက်ကွဲကြောင်းများ စတင် ထွက်ပေါ်လာတော့သည်။
“မြန်မြန်... အကြီးအကဲတွေကို သွား သတင်းပို့ချေ... မြန်မြန်”
အခြေအနေများ ထိန်းမနိုင် သိမ်းမရ ဖြစ်လာသည်ကို မြင်လိုက်ရသော တာဝန်ခံက အစောင့် တစ်ဦးအား အလျင်အမြန် အော်ဟစ် အမိန့်ပေးလိုက်၏။
“ချင်းယန်... သူ့ကို အရမ်း မကြမ်းနဲ့နော်... သူ ခံနိုင်မှာ မဟုတ်ဘူး”
ယီထျန်းချင်းက ပြုံးလျက် ပြောလိုက်ပြီး နည်းနည်းလေးမျှ စိုးရိမ်ပူပန်နေဟန် မရှိချေ။
“ချင်းယန်... သူ့ကို အားနာမနေနဲ့... အသေအလဲသာ ချပစ်”
လန်ယွဲ့က အေးစက်စက် ကြွေးကြော်လိုက်ရာ သူမ၏ လှပသော မျက်နှာလေးမှာ ရေခဲတမျှ အေးစက်နေတော့၏။
လန်ယွဲ့၏ စကားများကြောင့် ဖုန်းဝူချန်မှာ အံ့အားသင့်သွားပြီး သူမအား တစ်ချက် လှမ်းကြည့်လိုက်မိ၏။ ကျန်းကျွင့်လန်နှင့် အခြားသူများ၏ မျက်နှာများမှာလည်း ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်သွားကြသည်။
လန်ယွဲ့က ဘယ်အချိန်ကတည်းက ဒီလောက် ဒေါသကြီးသွားရတာလဲ။
“ငါ မြေကြီးပေါ်ကနေ သူ့သွားတွေ ပြန်ကောက်ရတဲ့ အထိ ရိုက်ပစ်မယ် ဆိုတာ စောင့်သာ ကြည့်နေ”
လျိုချင်းယန်က အံကို တင်းတင်းကြိတ်ကာ ဟိန်းဟောက်လိုက်ပြီး သူ၏ ရင်တွင်း၌ မခံမရပ်နိုင်အောင် ဒေါသထွက်နေကာ သူ၏ အရိုင်းစွမ်းအားများ ပေါက်ကွဲထွက်လာရန် အသင့်ဖြစ်နေပြီ ဖြစ်၏။
“လေလုံးထွားနေတာ... နောက်ကျရင် ဘယ်သူက အသနားခံရမလဲ ဆိုတာ ကြည့်ကြတာပေါ့”
ရှဟိုဖုန်းက ရက်စက်စွာ ပြောလိုက်ပြီး စွမ်းအားများကို အပြည့်အဝ အသက်သွင်းကာ လျိုချင်းယန်ကို အသေ တိုက်ခိုက်တော့မည့်ဟန် ပြင်လိုက်သည်။
“အသနားခံတဲ့ကောင် ခွေးပဲ”
လျိုချင်းယန်က ဒေါသတကြီး တုံ့ပြန်လိုက်၏။
“ဝီ... ဝီ…”
လျိုချင်းယန်၏ အရှိန်အဝါများက ရူးသွပ်စွာ မြင့်တက်လာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ထျန်းကျီဘုံ ပထမအလွှာသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။ ကျယ်ဝန်းပြီး ခမ်းနားလှသော လေလံရုံကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး သူတို့၏ ခြေအောက်ရှိ မြေပြင်မှာလည်း အက်ကွဲ ပေါက်ကွဲသွားတော့၏။
“ထျန်းကျီဘုံ ပထမအလွှာရဲ့ အရှိန်အဝါပါလား”
“သူ့စွမ်းအားက အရမ်းကို ကြောက်စရာ ကောင်းတာပဲ... ပြီးတော့ အရှိန်အဝါက ဆက်ပြီး မြင့်တက်နေတုန်းပဲ”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူ့စွမ်းအားက ဘယ်လို အခြေအနေကြီးလဲ”
လျိုချင်းယန်၏ ကြောက်မက်ဖွယ် မြင့်တက်လာသော အရှိန်အဝါကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ လေလံရုံ အတွင်းရှိ အစွမ်းထက် ပညာရှင်များမှာ ထိတ်လန့်သွားကြပြီး သူတို့၏ မျက်နှာများမှာ ပြာနှမ်းသွားကြတော့သည်။
“ထျန်း... ထျန်းကျီဘုံ ဒုတိယအလွှာ... ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ရှဟိုဖုန်းမှာ လုံးဝ ဆွံ့အ မှင်သက်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ စတင် တုန်ယင်လာတော့၏။
“ငါ့မိန်းကလေးကိုများ မလေးမစား လာလုပ်ရဲတယ်ပေါ့... နောင်တ ဆိုတာ ဘာလဲဆိုတာ မင်းကို ငါ ပြမယ်”
လျိုချင်းယန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီးနောက် တဟုန်ထိုး ပြေးဝင်သွားတော့သည်။
လျိုချင်းယန်၏ အမြန်နှုန်းမှာ အံ့မခန်း မြန်ဆန်လှပြီး လျှပ်စီးပမာပင်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ရှဟိုဖုန်း၏ မျက်နှာကို သူ၏ လက်သီးက ပြင်းထန်စွာ ဝင်ရောက် ထိုးနှက်သွားခဲ့၏။
“အွတ်”
ရက်စက်ကြမ်းကြုတ်သော အင်အားကြောင့် ရှဟိုဖုန်းမှာ သွေးများကို တဝေါဝေါ အန်ထုတ်လိုက်ရပြီး ရှေ့သွား နှစ်ချောင်းလည်း လွင့်စင်ထွက်သွားတော့သည်။
မျက်နှာမှ ပြင်းထန်လှသော နာကျင်မှုက ရှဟိုဖုန်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို ချက်ချင်းပင် စီးဆင်းသွားခဲ့လေပြီ။
ထိုအခိုက်အတန့်တွင် ရှဟိုဖုန်းမှာ သူ၏ မျက်နှာ တစ်ခုလုံး ကြေမွသွားပြီဟုပင် ထင်မှတ်လိုက်ရ၏။
ထို့အပြင် ရှဟိုဖုန်း၏ အနောက်ဘက်ရှိ မာကျောလှသော ကျောက်တိုင်ကြီးမှာလည်း လုံးဝ ကြေမွ ပေါက်ကွဲသွားခဲ့ပြီး အပျက်အစီးများနှင့် ဖုန်မှုန့်များက ထောင်းခနဲ လွင့်စင်သွားတော့သည်။
“ဘုန်း... ဘုန်း... ဘုန်း…”
“ဝီ... ဝီ…”
လျိုချင်းယန်၏ လက်သီးများက ရူးသွပ်စွာ ဆက်တိုက်ဆိုသလို ထိုးနှက်နေပြီး ရှဟိုဖုန်း၏ ရင်ဘတ်ပေါ်သို့ တစ်ချက်ပြီးတစ်ချက် အသေအချာ ကျရောက်သွားသည်။ ပေါက်ကွဲသံများက လေလံရုံ တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေပြီး လေလံရုံကြီးမှာ အချိန်မရွေး ပြိုကျတော့မည့်အလား တုန်ခါနေတော့၏။
ရှဟိုဖုန်းမှာ ပြန်လည် ခုခံရန် အခွင့်အရေး လုံးဝ မရလိုက်ဘဲ ပြင်းထန်စွာ ရိုက်နှက်ခံလိုက်ရတော့သည်။
တစ်ချိန်က အစွမ်းထက်လှပါသည် ဆိုသော ရှဟို မိသားစု၏ သခင်လေးမှာ ယခုအခါ အလွယ်တကူ အလဲထိုး ခံလိုက်ရပြီး အမှိုက်တစ်စထက်ပင် မပိုတော့ချေ။
စောင့်ကြည့်နေသူများမှာ ကျောက်ရုပ်ပမာ အေးခဲသွားကြပြီး လျိုချင်းယန်၏ ကြောက်မက်ဖွယ် စွမ်းအားများကြောင့် လုံးဝ ဆွံ့အ မှင်သက်သွားကြသည်။ ထျန်းကျီဘုံ ပထမအလွှာ အဆင့်ရှိသူကို ကောင်းကင်ဘုံလူသား နဝမအလွှာ အဆင့်က ပြင်းပြင်းထန်ထန် ရိုက်နှက်နေခြင်းပင်။
ဤကဲ့သို့ ကောင်းကင်ဘုံကို အန်တုနိုင်သော စွမ်းအားမျိုးကို ကိုယ်တိုင် မျက်မြင် မတွေ့ခဲ့ရပါက သေသည်အထိ ယုံကြည်နိုင်မည် မဟုတ်ချေ။
လက်သီးချက် တစ်ဒါဇင်ခန့် အထိုးခံရပြီးနောက် ရှဟိုဖုန်းမှာ ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့ပြီး ယခင်က ခမ်းနား ရက်စက်လှသော အရှိန်အဝါများ အားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။
ဧရာမ ကျောက်တိုင်ကြီးများပင် ထိုကြောက်မက်ဖွယ် အင်အားကို မခံနိုင်တော့ဘဲ ကျောက်တုံးကြီးများ ပြိုကျလာကာ လိမ့်ကျလာတော့၏။
“ချင်းယန်... ကောင်းတယ်... သေတဲ့အထိ သာ ရိုက်ပစ်လိုက်”
လန်ယွဲ့က ကျေနပ်အားရစွာ အော်ဟစ်လိုက်သည်။
“ရပ်ပါ... ရပ်ပါတော့... လူသေတော့မယ်ဗျ”
တာဝန်ခံမှာ ကြောက်လန့်တကြား အော်ဟစ်လိုက်၏။ လျိုချင်းယန်က ရှဟိုဖုန်းအား အမှန်တကယ် သတ်ပစ်လိုက်မည်ကို သူ အလွန်အမင်း စိုးရိမ်နေတော့သည်။
“ချင်းယန်... ပညာပေးရုံလောက်ပဲ တော်ပြီ... အသက်တော့ မသတ်နဲ့”
ဖုန်းဝူချန်က ဝင်ရောက် တားမြစ်လိုက်သည်။
မည်သို့ပင် ဆိုစေကာမူ ရှဟိုဖုန်းသည် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်နှင့် ဆက်နွယ်မှု ရှိနေသူ ဖြစ်ရာ သူ့ကို သတ်ပစ်လိုက်ပါက ပြဿနာများ အမှန်တကယ် ကြီးထွားလာနိုင်သည်။ လေလံရုံကဲ့သို့သော နေရာမျိုးတွင် ပို၍ပင် မသင့်တော်ချေ။
“ဟွန့်... မင်း ကံကောင်းသွားတယ်... ငါ့မိန်းကလေးကိုများ အပိုင်ကြံချင်နေတယ်... သေလမ်းကို ရှာနေတာပဲ”
ဖုန်းဝူချန်၏ အသံကို ကြားလိုက်ရသည့်အခါမှသာ လျိုချင်းယန်က ရိုက်နှက်နေခြင်းကို ရပ်တန့်လိုက်တော့၏။ မဟုတ်ပါက ရှဟိုဖုန်းအား အမှန်တကယ် သေသည်အထိ ရိုက်ပစ်တော့မည် ဖြစ်သည်။
လက်သီး တစ်ဒါဇင်ခန့် အထိုးခံရရုံဖြင့် ရှဟိုဖုန်းမှာ အသက်တစ်ဝက်ခန့်သာ ကျန်တော့ပြီး မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျနေကာ ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျနေတော့၏။
“ပြဿနာပဲ... လူသေတော့မှာပဲ”
ရှဟိုဖုန်း၏ အသက်ငင်နေသော အခြေအနေကို မြင်လိုက်ရသောအခါ စောင့်ကြည့်နေသူများမှာ ပို၍ပင် ထိတ်လန့်သွားကြတော့သည်။
လျိုချင်းယန်ထံတွင် ဤမျှ ကြောက်မက်ဖွယ် စွမ်းအားများ ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မယုံကြည်နိုင်ခဲ့ချေ။
လူတိုင်းက အလွန်တရာ ကျေနပ်အားရနေကြပြီး ရှဟိုဖုန်းနှင့် ထိုက်တန်သော ပြစ်ဒဏ်ကို ခံရသည်ဟု တွေးထင်နေကြသော်ငြား ဤသည်မှာ သူတို့ ဖန်တီးလိုက်သော ဧရာမ ကပ်ဘေးကြီး တစ်ခုပင်။
အကယ်၍ ရှဟို မိသားစုသာ သိသွားပါက အလွယ်တကူ ကျေအေးပေးပါမည်လား။
ူ။
သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ ဆရာ ရှင်းရီ အနေဖြင့် သူ၏ တပည့် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရသည်ကို သိသွားပါက လက်ပိုက် ကြည့်နေပါမည်လား။
လျိုချင်းယန်က အလွန်အမင်း ကြောက်ရွံ့နေသော အစ်ကိုလျိုဘက်သို့ လှည့်ကာ ကြိမ်းမောင်းလိုက်၏။
“မင်းလည်း အတူတူပဲ... ထွက်သွား"
လျိုချင်းယန်၏ ဒေါသတကြီး အော်ဟစ်သံကြောင့် အစ်ကိုလျိုမှာ မြေပြင်ပေါ်သို့ လုံးဝ အရုပ်ကြိုးပြတ် ခွေကျသွားတော့သည်။
“သွားပြီ... ဧရာမ ပြဿနာကြီးတော့ တက်ပြီ”
တာဝန်ခံမှာ တစ်ကိုယ်လုံး တုန်ယင်နေပြီး အချိန်မရွေး သေဆုံးသွားနိုင်သော ရှဟိုဖုန်းကို ကြည့်ရင်း ဤကိစ္စက ရှဟို မိသားစုနှင့် ရှင်းရီတို့ကို သေချာပေါက် အမျက်ဒေါသ ထွက်သွားစေမည်ကို သူ ကောင်းကောင်းကြီး သိနေတော့၏။
--