အခန်း ၈၉၅
Vol. 86 Ch. 895
အခန်း (၈၉၅) ငြိမ်းချမ်းရေးနှင့် တိုက်ပွဲ
ဒီရက်ပိုင်းအတွင်း ကျင်းရှန် မြို့ က သိသိသာသာကို ပိုမိုစည်ကားသိုက်မြိုက်လာခဲ့သည်။
လမ်းမကြီးများပေါ်တွင် လူရိပ်လူခြေများ ပိုမိုများပြားလာပြီး လမ်းဘေးဝဲယာရှိ ဆိုင်ခန်းများအားလုံးလည်း ဖွင့်လှစ်ထားကြရာ အဝင်အထွက်ပြုလုပ်နေကြသော ဧည့်သည်များဖြင့် မပြတ် စည်ကားနေတော့သည်။
ဤအရာအားလုံး၏ အကြောင်းအရင်းမှာ ပါရမီရှင် ရွေးချယ်ပွဲကြောင့်ပင် ဖြစ်၏။
ရွေးချယ်ပွဲ၏ ပြိုင်ကွင်းကြီးကို ကျင်းရှန် မြို့ ၏ အလယ် ဗဟို တွင် ကျင်းပနေခြင်း ဖြစ်သည်။
ဤနေရာက ကျင်းရှန် မြို့ ၏ အတောက်ပ ဆုံး နယ်မြေတစ်ခုလည်း ဖြစ်ပြီး အပေါ် တည့်တည့်တွင် ကြယ်ကိုးပွင့်က မြင့်မားစွာ ချိတ်ဆွဲလျက် တည်ရှိနေကာ အောက်ဘက်ရှိ အလွန်တရာ စည်ကားလှသော ပြိုင်ကွင်းကြီးကို လင်းထိန်စွာ အလင်းပေးထားသည်။
ထိပ်တန်း ပါရမီရှင် ကျူးကျစ်ယန်၏ လူ များဖြစ်ကြသည့်အတိုင်း ထန်ထျန်းနှင့် ရှောင်ယင်တို့မှာ အခြားလူများနှင့် တိုးဝှေ့နေစရာမလိုဘဲ သူတို့အတွက် သီးသန့်ကြည့်ရှုရန် နေရာ ရှိနေခဲ့သည်။
ထန်ထျန်းတို့ ရောက်ရှိလာချိန်တွင် ဤနေရာ၌ လူများ ပြည့်နှက်နေပြီဖြစ်ရာ အခြေခံအားဖြင့် အားလုံးမှာ ချမ်းသာကြွယ်ဝပြီး ရာထူးဂုဏ်ရှိသူများသာ ဖြစ်ကြပြီး ထိုအထဲက မျက်နှာအများစုမှာ ကျန့်မိသားစု၏ ထိုစဉ်က စားပွဲကြီးတွင် တွေ့မြင်ခဲ့ရဖူးသူများ ဖြစ်ကြသည်။
ကျန့်မိသားစု၏ အိမ်တော်သခင် လည်း ထိုနေရာတွင် ထင်ထင်ရှားရှား ရှိနေခဲ့သည်။
ထန်ထျန်း ပေါ်လာပြီးနောက်တွင်မူ ခဏချင်းအတွင်းမှာပင် လူအများအပြား၏ အကြည့်များကို ဆွဲဆောင်လိုက်သလို ဖြစ်သွားရသည်။
ကျူမိသားစု တစ်မျိုးလုံး သတ်ဖြတ်ခံရသည့် အမှုကြီး၏ အခြေအနေက တဖြည်းဖြည်း ထင်သာမြင်သာရှိလာခဲ့ပြီ ဖြစ်ရာ ကျူမိသားစုတစ်ခုလုံး ပျက်စီးသွားစေရန် အစပြုခဲ့သည့် ထိုကူကောင်ကို ကျူကျင်းချန်ကိုယ်တိုင် ထန်ထျန်း၏ကိုယ်ပေါ်သို့ လက်ရဲဇာတ်ရဲ တင်ထားခဲ့ခြင်း ဖြစ်သည်ကို အားလုံးက သိရှိသွားကြပြီ ဖြစ်သည်။
သို့သော်လည်း ၎င်းက ဘာကြောင့် ရုတ်တရက် အသွင်ပြောင်းလဲသွားခဲ့ရသလဲဆိုသည်ကိုမူ မည်သူမျှ သဲသဲကွဲကွဲ မသိကြပေ။
လူများ သိရှိထားသည်မှာ ဤကိစ္စက ကျူးကျစ်ယန်၊ ထို့အတူ ထန်ထျန်းတို့နှင့် လုံးဝ ဥဿုံ ပတ်သက်ဆက်နွှယ်နေသည်ဟူ၍သာ။
"တကယ်ပဲ သေမျိုး လား"
တစ်ယောက်က တိုးတိုးလေး ပြောလိုက်သည်။
သို့သော်လည်း မကြာခင်မှာပင် အခြားတစ်ယောက်က ပြန်လည် တုံ့ပြန်လိုက်၏။ "အပေါ်ယံ အသွင်အပြင်ကိုပဲ မကြည့်နဲ့"
"သာမန်သေမျိုး တစ်ယောက်က ကျူမိသားစုတစ်ခုလုံး ပျက်စီးသွားအောင် လုပ်နိုင်ပါ့မလား"
"သူ့ကိုယ်ပေါ်မှာ ကျင့်ကြံသူတစ်ယောက်ရဲ့ အော်ရာ မရှိရင်တောင်မှ ဘယ်လိုမှ သွားပြီး မစနဲ့"
ထိုလူက အင်းဟု ရေရွတ်လိုက်သည်။ "ဒါပေါ့"
"စိတ်မမှန်တဲ့သူမှပဲ အဲ့ဒီလိုလူမျိုးကို သွားပြီး စိန်ခေါ်လိမ့်မယ်"
"ငါက နည်းနည်း စူးစမ်းချင်ရုံတင်ပါ"
အကဲခတ် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ထိုအကြည့်များအားလုံးက သူ့ ကိုယ်ပေါ်ကနေ လွှဲဖယ်သွားသည်ကို ထန်ထျန်း ခံစားလိုက်ရသည်။
အားလုံးက လူလည်တွေချည်းပါပဲ။
ဒီကိစ္စက တကယ်ပဲ ထန်ထျန်း လုပ်ခဲ့တာ ဖြစ်နေရင်တောင်မှ သူတို့နဲ့ ကြီးကြီးမားမား သက်ဆိုင်နေတာမှ မဟုတ်တာ။
ကျူမိသားစုအတွက် လက်စားချေဖို့ ရန်ကြွေးဆပ်ပေးမလို့လား။
တော်စမ်းပါ။
အော်ဟစ်ရုံလောက်ပဲ ရမယ်၊ ဘယ်သူကမှ ၎င်းကို တကယ်တမ်း လက်တွေ့ အကောင်အထည်ဖော်မှာ မဟုတ်ပေ။
ကျူမိသားစုက ပျက်စီးသွားခဲ့ပြီ ဖြစ်သလို အကျိုးအမြတ်တွေကိုလည်း ခွဲဝေယူပြီးကြပြီ ဖြစ်ရာ မည်သူမျှ ဤကဲ့သို့ ပျင်းစရာကောင်းသော ကိစ္စမျိုးကို သွားရောက် လုပ်ဆောင်ရန် ရွေးချယ်မည် မဟုတ်ချေ။
ထန်ထျန်းကလည်း ဤအခြေအနေကို သဘောကျလှသည်၊ သူက ဘယ်နေရာသွားသွား အမြင်မကျယ်ဘဲ ရှေ့တိုးလာပြီး လာရောက် ရန်စမည့်သူမျိုးနှင့် ကြုံတွေ့ရသည်ကို မနှစ်သက်ပေ။
ရှောင်ယင်နှင့်အတူ ကြည့်ရှုသူများနေရာတွင် ထိုင်လိုက်ပြီး ခေတ္တမျှ ကြာပြီးနောက် ယနေ့၏ ပါရမီရှင် ရွေးချယ်ပွဲက တရားဝင် စတင်သွားခဲ့ပြီ ဖြစ်သည်။
မကြာမီမှာပင် ပြိုင်ပွဲဝင် နှစ်ဦးက အောက်ဘက်ရှိ ကြီးမားလှသော စင်မြင့်ထက်သို့ တက်လှမ်းလာခဲ့ကြသည်။
ယခုအချိန်အထိ လျှောက်လှမ်းနိုင်ခဲ့သူများထဲတွင် အားနည်းသူဟူ၍ မရှိတော့ပေ။
အားလုံးက ပါရမီရှင်တွေချည်းပဲ ဖြစ်ရာ တိုက်ပွဲ စတင်ရုံမျှဖြင့် တိုက်ရိုက်ပင် အရှိန်အဟုန် ပြင်းထန်လာခဲ့တော့သည်။
နှစ်ဦးစလုံးက သူတို့၏ အိတ်ကပ်ထဲက အကောင်းဆုံး အစွမ်းများကို ထုတ်သုံးကြပြီး စင်မြင့်ထက်တွင် အသီးသီး အစွမ်းပြနေကြရာ အခါအားလျော်စွာ ကြည့်ရှုသူများ၏ အာမေဍိတ် သံများကို ဆွဲဆောင်နေခဲ့သည်။
သို့သော်လည်း သူတို့အားလုံးက မည်မျှပင် ထူးချွန်ပြောင်မြောက်နေပါစေ၊ အောင်နိုင်သူကတော့ နောက်ဆုံးတွင် တစ်ဦးတည်းသာ ရှိရပေမည်။
ထိုအထဲက ပါရမီရှင်တစ်ဦး စင်မြင့်ထက်တွင် လုံးဝ လဲပြိုသွားချိန်၌ အနိုင်အရှုံးက အဖြေပေါ်သွားခဲ့ပြီ ဖြစ်သည်။
စင်မြင့်ပတ်ပတ်လည်ရှိ ကြည့်ရှုသူများထံမှ ချက်ချင်းပင် ပင်လယ်ဒီရေလှိုင်းလုံးကြီးကဲ့သို့ သောင်းသောင်းဖျဖျ သြဘာသံများ ပေါက်ကွဲထွက်ပေါ်လာပြီး ယခုတစ်ကြိမ် တိုက်ပွဲ၏ အောင်နိုင်သူအတွက် ကျယ်လောင်စွာ ဟစ်ကြွေး ဂုဏ်ပြုပေးလိုက်ကြသည်။
အငွေ့အသက်များ လုံးဝ အရှိန်တက်နေပြီဖြစ်သော ပြိုင်ကွင်းကြီးကို ကြည့်ရင်း ထန်ထျန်း မတွေးဘဲ မနေနိုင်အောင် ဖြစ်လာစေခဲ့သည်။
ကြည့်ရှုသူများ၏ သြဘာသံက အောင်နိုင်သူအတွက် ဖြစ်သည်။
သို့သော်လည်း အကယ်၍ အခြားရှုထောင့်တစ်ခုကနေ စောင့်ကြည့်လေ့လာကြည့်မည် ဆိုလျှင်တော့ သူတို့၏ စိတ်ခံစားချက်ကို မြင့်မားသွားစေခဲ့သည့် အကြောင်းရင်း၏ တစ်ဝက်က တကယ်တော့ ဤတိုက်ပွဲ၏ ရှုံးနိမ့်သူကနေ ပံ့ပိုးပေးထားခြင်း ဖြစ်သည်။
ရှုံးနိမ့်သူ မရှိဘဲနဲ့ အောင်နိုင်သူ ဘယ်ကနေ လာမှာလဲ။
သူတို့က အတူတကွ တည်ရှိနေကြတာ ဖြစ်သည်။
ထို့ကြောင့် လူတွေရဲ့ သြဘာသံက ရှုံးနိမ့်သူအတွက် ဖြစ်တယ်လို့လည်း ပြောလို့ရသည်။
ဒါပေမဲ့ လူတွေက ရှုံးနိမ့်သူအတွက် ဘာလို့ သြဘာပေးမှာလဲ။
ဒါက ပြဿနာ အချက်တစ်ခု ဖြစ်သည်။
ပြုလုပ်သူ နှင့် ပြုလုပ်ခံရသူ အကြားက ပြဿနာ ဖြစ်၏။
အကယ်၍ ပြုလုပ်သူ နှင့် ပြုလုပ်ခံရသူ အကြားက ပြဿနာ ကို ပေါင်းစည်းချင်တယ် ဆိုလျှင်တော့ အခြားသော စကား တစ်ခုနဲ့ပဲ ပြောင်းလဲရလိမ့်မည်။
လူတွေက တိုက်ပွဲအတွက် သြဘာပေးနေကြခြင်း ဖြစ်သည်။
တိုက်ပွဲက လူတွေရဲ့ စိတ်ခံစားချက်ကို မီးညှိပေးလိုက်သည်။
သက်ရှိတွေကို ရှင်သန်နိုးကြားစေခဲ့သည်။
ဒါက ထန်ထျန်းကို မေးခွန်းတစ်ခု တွေးတောမိစေခဲ့သည်။
သက်ရှိများ၏ အသက်ဆက်ရှင်ခြင်း အတွက်ဆိုလျှင် ငြိမ်းချမ်းရေးနှင့် တိုက်ပွဲ၊ ဘယ်အရာက ပိုပြီး အရေးကြီးသလဲ။
ဤမေးခွန်းနှင့် ရင်ဆိုင်ရချိန်တွင် လူအများစု၏ ပထမဆုံး အတွေးက ငြိမ်းချမ်းရေးက ပိုပြီး အရေးကြီးသည်ဟူ၍ သေချာပေါက် ဖြစ်လိမ့်မည်။
ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲက သေဆုံးခြင်းနဲ့အတူ ဒွန်တွဲနေလို့ပင်။
သေဆုံးခြင်းက သက်ရှိမျိုးနွယ်စုရဲ့ အသက်ဆက်ရှင်ခြင်း အတွက် ဘယ်လိုလုပ်ပြီး အကျိုးရှိနိုင်မှာလဲ။
ငြိမ်းချမ်းစွာနဲ့ အမြဲတမ်း ဖွံ့ဖြိုးတိုးတက်သွားမှသာ မျိုးနွယ်စုက ထာဝရ ချောချောမွေ့မွေ့ အသက်ဆက်ရှင် သွားနိုင်လိမ့်မည်။
သို့သော်လည်း မင်းက ဤပြဿနာကို နက်နက်ရှိုင်းရှိုင်း တွေးတောကြည့်မည် ဆိုလျှင်တော့ ပြဿနာက ထိုမျှလောက် မရိုးရှင်းကြောင်း ရှာဖွေတွေ့ရှိလိမ့်မည်။
မှန်ပါသည်၊ တိုက်ပွဲက အမြဲတမ်း သေဆုံးခြင်းနဲ့ ဒွန်တွဲနေတတ်သည်။
ဒါပေမဲ့ ၎င်းက အခြားသော ရလဒ်တစ်ခုကိုလည်း ယူဆောင်လာပေးသည်။
အကောင်းဆုံးတွေ ကျန်ရစ်ပြီး အညံ့စားတွေ ပျက်စီးခြင်း။
တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဖြစ်စဉ်အတွင်းမှာ သက်ရှိမျိုးနွယ်စုထဲက အားနည်းတဲ့ အစိတ်အပိုင်းက မြန်မြန်ဆန်ဆန်ပဲ ဖယ်ရှားခြင်း ခံရလိမ့်မည်၊ ကျန်ရှိနေခဲ့သူတွေက အားလုံး ပိုမို သန်မာတဲ့ သက်ရှိတွေ ဖြစ်ကြရာ အနာဂတ်ဆီကို လျှောက်လှမ်းဖို့ ပိုပြီး လွယ်ကူစေသည်။
ဤဖြစ်စဉ်က ဆက်တိုက် သံသရာလည်နေပြီး သက်ရှိမျိုးနွယ်စုရဲ့ တစ်ခုလုံးက ပို၍ ပို၍ သန်မာလာလိမ့်မည် ဖြစ်သလို အသက်စွမ်းအားကလည်း ပို၍ ပို၍ ခံနိုင်ရည် ရှိလာလိမ့်မည်။
ဒါကလည်း သက်ရှိများ အသက်ဆက်ရှင်ခြင်း အတွက် မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ဒါဆိုရင် ငြိမ်းချမ်းရေးနဲ့ တိုက်ပွဲ၊ ဘယ်အရာက ပိုပြီး အရေးကြီးသလဲ။
ဒီနေရာအထိ တွေးတောမိပြီးနောက် ပြီးခဲ့တဲ့ရက်ပိုင်းက စမ်းသပ်မှု ရလဒ်ပေါင်း ရာချီက သူ့ရဲ့ ဦးနှောက်ထဲတွင် ဖျတ်ခနဲ ပေါ်လာခဲ့သည်။
ကူကောင် သေတ္တာ ကမ္ဘာ တည်ရှိနေမည့် အချိန်ကို ဆွဲဆန့်နိုင်ရန်အတွက် ထန်ထျန်းက နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့သည်။
ဒါပေမဲ့ အကယ်၍ ဤစမ်းသပ်မှုတွေကို ငြိမ်းချမ်းရေးနဲ့ တိုက်ပွဲဆိုပြီး ခွဲခြားလိုက်မယ် ဆိုလျှင်တော့ အချိန်အကြာကြီး တည်တံ့နေနိုင်တဲ့ ကမ္ဘာတွေက အမြဲတမ်း တိုက်ပွဲတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာတွေ ဖြစ်နေတတ်တာကို သူ သတိထားမိလိုက်သည်။
ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲက သက်ရှိတွေရဲ့ ရင်ထဲက အောက်မေ့ဖွယ် အစွမ်းတွေကို အကြီးမားဆုံး အတိုင်းအတာအထိ လှုံ့ဆော်ပေးနိုင်ပြီး ၎င်းကို လုံးဝ မြင့်မြတ်သွားတဲ့အထိ ဆက်တိုက် ဆင့်ကဲပြောင်းလဲစေလို့ပင်။
ဒါပေမဲ့လည်း ၎င်းမှာ အခြားသော ပြဿနာတစ်ခု ရှိနေပြန်သည်။
ဤစမ်းသပ်မှု ရလဒ်တွေထဲတွင် အချိန်အကြာဆုံး အသက်ဆက်ရှင် နိုင်ခဲ့သည့် ကူကောင် သေတ္တာ ကမ္ဘာ အများစုက ပြိုင်ဆိုင်မှုတွေနဲ့ ပြည့်နှက်နေခဲ့သည်။
သို့သော်လည်း အချိန်အတိုတောင်းဆုံး အသက်ဆက်ရှင် နိုင်ခဲ့သည့် ကူကောင် သေတ္တာ ကမ္ဘာကလည်း ဤအတိုင်းပဲ ဖြစ်နေသည်။
၎င်းက အစွန်းနှစ်ဖက်လိုမျိုး စမ်းသပ်မှုရဲ့ ဘေးတစ်ဖက်စီမှာ နေရာယူထားသည်။
ဒါမှမဟုတ်ရင် ချက်ချင်း သေဆုံးသွားတာ၊ ဒါမှမဟုတ်ရင် အကြာကြီး တည်တံ့နေတာမျိုး။
အလယ်ဗဟိုနေရာမှာ ရှိနေတဲ့အရာတွေကတော့ အခြေခံအားဖြင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ခြင်းက အဓိက နေရာယူထားတဲ့ ကမ္ဘာတွေ ဖြစ်ကြသည်။
ထန်ထျန်းက သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။
နောက်ထပ် စမ်းသပ်မှုတွေကိုတော့ ဤအချက်နှစ်ချက်ပေါ်ကနေ အခြေခံပြီး စတင်လို့ရနိုင်ပြီး ထိုအထဲကနေ အကောင်းဆုံး မျှခြေတစ်ခုကို ရှာဖွေရလိမ့်မည်။
ဒီရက်ပိုင်းအတွင်းက အတားအဆီးက တကယ်ပဲ အလိုလို ပြေလည်သွားဖို့ အခွင့်အရေး ရှိလာခဲ့ပြီ ဖြစ်သည်။
ဒီနေရာအထိ တွေးတောမိပြီးနောက် ထန်ထျန်းက မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားရပြီး ဘေးနားရှိ ရှောင်ယင်ကို ပြောလိုက်သည်။ "ရှောင်ယင်... ကျေးဇူးတင်ပါတယ်"
တိုက်ပွဲကို အာရုံစိုက် စိုက်ကြည့်နေသည့် ရှောင်ယင်မှာ ချက်ချင်းပင် ကြောင်အမ်းသွားရသည်။
"အာ"
သူမက ထန်ထျန်းက သူမကို ဘာအတွက် ကျေးဇူးတင်နေမှန်း မသိသဖြင့် သူ့ကိုယ်သူ အစအဆုံး တစ်ချက် ပြန်လည် စစ်ဆေးကြည့်ပြီးနောက် လက်ထဲရှိ မုန့်များကို ထန်ထျန်းထံသို့ ကမ်းပေးလိုက်သည်။
ထန်ထျန်းကတော့ ပြုံးလျက် လက်ခံလိုက်၏။
"မြန်မြန်ကြည့်... သခင်မလေး စင်မြင့် ပေါ်တက်လာပြီ"
ရုတ်တရက် ရှောင်ယင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူမ၏ စကားသံ ဆုံးသွားသည်နှင့်အမျှ ဝတ်စုံဖြူ အရှည်ကို ဝတ်ဆင်ထားသော ကျူးကျစ်ယန်က စင်မြင့်ထက်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။
သူမက ထန်ထျန်း၏ စကားကို နားထောင်ပြီး သူ့ကိုယ်သူ ဝတ်စုံသစ်တစ်စုံ ပြောင်းလဲဝတ်ဆင်ထားခြင်း ဖြစ်သည်။
ထိုဝတ်စုံအရှည်ပေါ်တွင် မှိန်ပျပျ တောက်ပမှုများ ဝန်းရံနေပြီး စကတ်အနားသတ်က နောက်ဘက်ရှိ စင်မြင့်ထက်တွင် အလင်းတန်းတစ်ခုကို ချန်ထားခဲ့သည်။
၎င်းအပြင် ကျူးကျစ်ယန်၏ တည်ငြိမ်ခန့်ညားသော အသွင်အပြင်၊ အလွန်တရာ လှပချောမောသော မျက်နှာလေးနှင့် ပေါင်းစပ်လိုက်သောအခါ တကယ်ပဲ နတ်သမီးလေးတစ်ပါး လောကထဲကို ဆင်းသက်လာသကဲ့သို့ပင်။
သူမ ပေါ်လာပြီးနောက်တွင်မူ ကွင်းပြင်တစ်ခုလုံးတွင် ချက်ချင်းပင် ပင်လယ်ဒီရေလှိုင်းလုံးကြီးကဲ့သို့ သောင်းသောင်းဖျဖျ သြဘာသံများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ဒါက ထန်ထျန်းကို အခြားသော အကြောင်းအရာတစ်ခုကို တွေးတောမိစေပြန်သည်။
သက်ရှိတွေက တိုက်ပွဲ ဒါမှမဟုတ် ငြိမ်းချမ်းရေးတင်မကဘဲ လူတွေရဲ့ လှပတဲ့အရာတွေအပေါ် ထာဝရ မပြောင်းလဲတဲ့ စွဲလမ်းမှုလည်း ရှိနေသေးသည်။
လူတွေရဲ့ သြဘာသံတွေကြားထဲတွင် ကျူးကျစ်ယန်၏ ပြိုင်ဘက်ကလည်း အခြားတစ်ဖက်ကနေ စင်ပေါ်သို့ တက်လာခဲ့သည်။
ရှောင်ယင်ကတော့ ချက်ချင်းပင် လန့်အော်လိုက်မိတော့သည်။
"အမလေး"
"တကယ်ပဲ ကျူကျင်းချန် ပါလား"
"ကျွန်မကတော့ တကယ်ပဲ ကံဆိုးမ ( နှုတ်စီး သူ) ပါပဲ..."