အခန်း ၈၉၇
Vol. 86 Ch. 897
အခန်း (၈၉၇) စမ်းသပ်မှုအသစ်
ဤအထွတ်အထိပ် ပါရမီရှင် တိုက်ပွဲက အခြေခံအားဖြင့် လူတိုင်း၏ ထင်မှတ်ချက်ကို ကျော်လွန်သွားခဲ့သည်။
လူတွေက ကျူးကျစ်ယန် အနေဖြင့် ကျူကျင်းချန်ကို နိုင်လိမ့်မည်၊ သို့မဟုတ် ကျူကျင်းချန်ကို သတ်ဖြတ်လိမ့်မည်ဟု ခန့်မှန်းထားခဲ့ကြသည်။
သို့သော်လည်း လူတွေ မထင်မှတ်ထားခဲ့မိသည်က ဤမျှလောက်အထိ လုံးဝ ဥဿုံ အပြတ်အသတ် အနိုင်ယူသည့် အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟူ၍ ဖြစ်သည်။
အစပိုင်းက လက်ရည်တူ ဖြစ်နေခြင်းက ဟန်ပြ သက်သက်သာ ဖြစ်ပေသည်။
ကျူးကျစ်ယန်က တကယ်တမ်း စတင် စွမ်းအား ထုတ်လာချိန်တွင်မူ ကျူကျင်းချန်တွင် မည်သည့် အခွင့်အရေးမျှ မရှိတော့ပေ ။
နောက်ဆုံးတွင် စင်မြင့်ထက်၌ အရှက်တကွဲ ကြီးကြီးမားမား ရှုံးနိမ့်ခဲ့ရပြီး ကျူးကျစ်ယန်က နေရာတင် သတ်ဖြတ်ခြင်းကို ခံလိုက်ရတော့သည်။
ကျူကျင်းချန် သေဆုံးသွားခြင်းအတွက် မည်သူမျှ ဝမ်းနည်းပူဆွေးခြင်း မရှိကြဘဲ သူတို့ ပို၍ ဖြစ်လာရသည်က ကျူးကျစ်ယန်၏ တကယ့် တိုက်ခိုက်ရေးခွန်အားအပေါ် မှင်တက် အံ့ဩမိခြင်း ဖြစ်သည်။
တကယ်ပဲ ဤမျှအထိ သန်မာနိုင်လွန်းလှပေသည်။
ကျင်းရှန် မြို့ သို့ ရောက်ရှိလာပြီးနောက် သူမက ဘယ်လိုမျိုး အခွင့်အလမ်းကောင်းတွေနဲ့ ကြုံတွေ့ခဲ့ရလို့ ဤမျှလောက် ထိတ်လန့်စရာကောင်းတဲ့ တိုးတက်မှုကို ရရှိခဲ့တာလဲ။
ဤတိုက်ပွဲ ပြီးဆုံးသွားသည်နှင့်အမျှ ကျူးကျစ်ယန်၏ ဂုဏ်သတင်းကလည်း ကျင်းရှန် မြို့ အတွင်း၌ တစ်ဖန် ပြန်လည် အရှိန်အဟုန်ပြင်းစွာ ထိုးတက်သွားခဲ့ပြီး အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ပါရမီရှင် ရွေးချယ်ပွဲထဲက သူမ၏ အဆင့်ကလည်း ယခုလေးတင် ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ရုံမျှ ရှိသေးရာကနေ ခြေတစ်လှမ်းတည်းဖြင့် လူတိုင်းကို ကျော်လွန်ကာ စာရင်း၏ ထိပ်ဆုံးနေရာသို့ တက်လှမ်းသွားခဲ့ပြီး ယခင်က ထိပ်ဆုံးနေရာတွင် ရှိနေခဲ့သည့် ကျန့်ဖုန်းကို အောက်သို့ ဖိနှိပ်လိုက်တော့သည်။
"ဒါကြောင့်မလို့ သူမက အင်အားစုအားလုံးရဲ့ စည်းရုံးဆွဲဆောင်မှုတွေကို မျက်ကွယ်ပြုခဲ့တာကိုး"
ကျန့်ဖုန်းက ခါးသက်သက် ပြုံးလိုက်ရင်း ပြောသည်။ "တကယ်တော့ သူမမှာ အရာအားလုံးကို အထင်သေးဝံ့တဲ့ ခွန်အားနဲ့ အခြေခံအုတ်မြစ် တကယ့် အစစ်အမှန် ရှိနေခဲ့တာပဲ"
ကျန့်ဖုန်း၏ သက်ပြင်းချသံက လူတိုင်း၏ သက်ပြင်းချသံလည်း ဖြစ်နေခဲ့သည်။
"အခုတော့ ငါ နည်းနည်း ယုံကြည်လာပြီ"
"ကျူမိသားစု တစ်စုလုံး သတ်ဖြတ်ခံရမှုက တကယ်ပဲ နတ်သမီး ကျစ်ယန် နဲ့ ပတ်သက်နေတာ ဖြစ်လိမ့်မယ်..."
......
နောက်ပိုင်း တိုက်ပွဲတွေကိုတော့ ထန်ထျန်းက အဲ့လောက်အထိ အာရုံစိုက်မနေတော့ပေ ။
ငြိမ်းချမ်းရေးနှင့် တိုက်ပွဲအပေါ် တွေးတောမိခြင်းက သူ့ကို အတွေးအမြင်အသစ်အချို့ ဖြစ်ပေါ်လာစေခဲ့သည်။
သေသေချာချာ တွေးကြည့်မည်ဆိုလျှင် တကယ်တော့ ယဉ်ကျေးမှု ထွန်းကားလာတဲ့ ဖြစ်စဉ်အတွင်းမှာ လူတွေရဲ့ အမျိုးမျိုးသော လိုအင်ဆန္ဒ များက ထိုအထဲတွင် ဘယ်လိုမှ လျစ်လျူရှုလို့မရတဲ့ ဓာတ်ကူပစ္စည်းတစ်ခု ဖြစ်သည်။
အချို့သော လိုအင်ဆန္ဒ များက မျိုးနွယ်စုကို ပျက်စီးသွားစေသော်လည်း အချို့သော လိုအင်ဆန္ဒများကမူ မျိုးနွယ်စုကို ဆက်လက် အသက်ဆက်ရှင် သွားနိုင်အောင် ကူညီပေးသည်။
နောက်ထပ် စမ်းသပ်မှုတွေကိုတော့ ဤအချက်တွေပေါ်ကနေ အခြေခံပြီး လက်တွေ့ စမ်းသပ်ကြည့်လို့ရနိုင်သည်။
ခေတ္တမျှ ထပ်မံ စောင့်ဆိုင်းပြီးနောက် ကျူးကျစ်ယန်၏ ဒုတိယအကြိမ် တိုက်ပွဲကို ကြည့်ရှုပြီးသည်နှင့် ထန်ထျန်းက ပြိုင်ကွင်းကြီးကနေ တစ်ကိုယ်တည်း ထွက်လာခဲ့ပြီး တည်းခိုခန်း ခြံဝင်းငယ်လေးဆီသို့ ပြန်လာခဲ့သည်။
ဒုတိယနေ့၏ နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲကိုတော့ သူ မသွားခဲ့ပေ ။
သို့သော်လည်း ရှောင်ယင် ပြန်လာပြီးနောက် အလွန် စိတ်လှုပ်ရှားစွာဖြင့် ထန်ထျန်းကို ထိုစဉ်က ဖြစ်ပျက်ခဲ့သည့် အခြေအနေများကို လာရောက် ပြောပြခဲ့သည်။
ကြီးမားသော မရေရာမှုမျိုး မရှိဘဲ ကျူးကျစ်ယန်က နောက်ဆုံး အထွတ်အထိပ် တိုက်ပွဲအတွင်းမှာ အစွမ်းအထက်ဆုံး ဖြစ်သော ကျန့်ဖုန်းကို ထိပ်တိုက် အနိုင်ယူ ခဲ့ပြီး စင်မြင့်ထက်မှာတင် နတ်ဘုရားအဖြစ် ပြောင်းလဲခြင်း အဆင့်ကိုး သို့ တိုက်ရိုက် တက်လှမ်းသွားခဲ့သည်။
ဤအရာပြီးနောက် ကျူးကျစ်ယန်က နောက်ဆုံးတွင် သး့ ရည်မှန်းချက်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး မြင့်မြတ်နန်းတော် ထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
"သခင်မလေးက နေရာတင် ခေါ်ဆောင်သွား တာ၊ ဘယ်အချိန်မှ ပြန်လာနိုင်မလဲ မသိဘူး"
"ဒါပေမဲ့ မြင့်မြတ်နန်းတော်က အမိန့်စာ ချပေးထားတယ်၊ ဘယ်သူမှ ကျွန်မတို့ကို ဒုက္ခပေးလို့ မရဘူးတဲ့၊ မဟုတ်ရင် တစ်မိသားစုလုံး သတ်ဖြတ်ခြင်း ခံရလိမ့်မယ် တဲ့"
"သူမ နောက်ဆုံးတော့ မြင့်မြတ်နန်းတော်ထဲ ဝင်သွားနိုင်ခဲ့ပြီ"
"ဒီတစ်ခါတော့ သခင်လေး ကျိယွီ ကို သေချာပေါက် ရှာတွေ့နိုင်တော့မှာ"
ရှောင်ယင်က စားပွဲပေါ်တွင် မှောက်လျက် သူ့ ပါးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ထောက်ထားခဲ့သည်။
အလွန် ဝမ်းသာနေသော်လည်း ယခင်ကကဲ့သို့ စိတ်လှုပ်ရှားပြီး တက်ကြွနေသည့် ပုံစံမျိုး လုံးဝ မရှိတော့ပေ ။
သူမအတွက်မူ ကျူးကျစ်ယန်က ကမ္ဘာကြီးတစ်ခုလုံး ဖြစ်နေခဲ့ရာ အခု နှစ်ယောက်စလုံး ခွဲခွာသွားရပြီးနောက် အမြဲတမ်း ပူပန်မှုမရှိတတ်သော သူမကလည်း လွမ်းဆွတ်တမ်းတမှုအချို့ ရှိလာပုံရပေသည်။
"နောက်ပိုင်းကျရင် ကျွန်မတို့ ဒီမှာပဲ သခင်မလေးရဲ့ သတင်းကို စောင့်ကြတာပေါ့"
ပြောရင်းနှင့် ရှောင်ယင်က ရုတ်တရက် ခေါင်းမော့လာပြီး ထန်ထျန်းကို ကြည့်ကာ ပြောလိုက်သည်။ "အစ်ကိုထန်"
"အစ်ကို အရင်တုန်းက သခင်မလေးကို တိုက် ခဲ့တဲ့ အဲ့ဒီ အမှုန့်မျိုး ရှိသေးလားဟင်"
ထန်ထျန်းက ခေါင်းလှည့်လာပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
ရှောင်ယင်က ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ပြောသည်။ "ကျွန်မလည်း ကျင့်ကြံချင်လာလို့ပါ"
"ပိုပြီးတော့ အစွမ်းထက်ချင်လာတယ်"
ထန်ထျန်း မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားရပြီး မေးလိုက်သည်။ "ဘယ်လိုဖြစ်လို့ ဒီအချိန်ကျမှ ရုတ်တရက် ကျင့်ကြံချင်လာရတာလဲ"
"မင်းက အမြဲတမ်း အဲ့လို ကိစ္စတွေကို စိတ်မဝင်စားတတ်ဘူး မဟုတ်လား"
ရှောင်ယင်၏ ကမ္ဘာက အလွန် ရိုးရှင်းလှသည်၊ ကျူးကျစ်ယန် တစ်ဦးတည်းသာ ရှိသည်။
ဒါကလည်း သူမကို ကျူးကျစ်ယန်ကလွဲလို့ အခြားသော ကိစ္စတွေအပေါ် အဲ့လောက်အထိ စိတ်မဝင်စားတတ်အောင် ဖြစ်လာစေခြင်း ဖြစ်သည်။
ကျင့်ကြံခြင်းကလည်း ဤအတိုင်းပင်။
"ကျွန်မက သခင်မလေးရဲ့ အစေခံ လေးပဲဥစ္စာ၊ သခင်မလေး အစွမ်းထက်ရင် ရပြီလေ"
ဒါက သူမ၏ စကား ဖြစ်သည်။
ထန်ထျန်း၏ ဤမေးခွန်းကို ရင်ဆိုင်ရချိန်တွင် ရှောင်ယင်က သက်ပြင်း ခပ်ဖွဖွ တစ်ချက် ချလိုက်သည်။
"အရင်တုန်းကတော့ စိတ်မဝင်စားဘူး၊ ဒါပေမဲ့ အခုတော့..."
"သခင်မလေးက ပို၍ ပို၍ အစွမ်းထက်လာတာ ကျွန်မ ခံစားလို့ရတယ်၊ ကျွန်မနဲ့ သူမကြားက ကွာဟချက်က ပို၍ ပို၍ ကြီးမားလာနေပြီ"
"ဒီအတိုင်းသာ ဆက်သွားရင် ကျွန်မ ကြောက်မိတယ်..."
"သူမ နောက်ပိုင်း ကျွန်မကို မလိုအပ်တော့မှာ ကြောက်တယ်..."
ရှောင်ယင်က စားပွဲပေါ်တွင် မှောက်လျက် မျက်နှာတစ်ခုလုံး ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ထန်ထျန်းက ပြုံးလျက် ပြောလိုက်သည်။ "မဖြစ်နိုင်ဘူး"
"မင်းကလည်း ကျစ်ယန်ရဲ့ အရေးအကြီးဆုံးလူပဲလေ၊ သူမ မင်းကို ပစ်ထားမှာ မဟုတ်ပါဘူး"
ရှောင်ယင်က တိုးတိုးလေး ရေရွတ်လိုက်သည်။ "ဒါပေမဲ့ ကျွန်မက အရမ်း အားနည်းနေရင် သခင်မလေးကို ဘာမှ ကူညီပေးနိုင်မှာ မဟုတ်တော့ဘူး ထင်တယ်"
"ကျွန်မ သူမရဲ့ ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူး"
"ကျွန်မ ပိုပြီးတော့... အသုံးဝင်တဲ့သူ ဖြစ်ချင်တယ်..."
ထန်ထျန်း ခေတ္တမျှ ကြောင်အမ်းသွားရသည်။
ရှောင်ယင်၏ ပုံစံက သူ့ကို ကုရှောင်းရွှယ် အား တစ်ဖန် ပြန်လည် သတိရမိစေခဲ့သည်။
ဒီကောင်မလေးနှစ်ယောက်၏ စရိုက်က တကယ်ပဲ တော်တော်လေး တူညီလှပေသည်။
ထိုစဉ်က ကုရှောင်းရွှယ် သူ့ဘေးနားတွင် ရှိနေခဲ့စဉ်ကလည်း ဤကဲ့သို့သော ပူပန်မှုမျိုး ရှိခဲ့ဖူးမှာ သေချာပါသည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထန်ထျန်းက ပြော လာသည်။ "ကောင်းပြီ"
"ငါ မင်းကို ကူညီမယ်"
ရှောင်ယင်၏ မျက်လုံးနှစ်လုံးက ချက်ချင်းပင် အရောင်တောက်သွားခဲ့ပြီး ကိုယ်ကို ချက်ချင်းပင် မတ်မတ် ထိုင်လိုက်တော့သည်။
"တကယ်လားဟင်"
"အဲ့ဒီ အမှုန့်က ကျွန်မကိုလည်း သခင်မလေးလိုမျိုး ကျင့်ကြံခြင်း ပါရမီ ရှိလာအောင် လုပ်ပေးနိုင်တာလား"
သူမက အလွန် မျှော်လင့်တကြီး ဖြစ်နေခဲ့သည်။
သို့သော်လည်း ထန်ထျန်းက ခေါင်းခါပြလိုက်ရင်း ပြောသည်။ "အဲ့ဒီ အမှုန့်က မင်းအတွက် အသုံးမဝင်ဘူး"
"ဒါပေမဲ့ မင်းက အဲ့ဒါကို မလိုဘူး"
"မင်းရဲ့ ပါရမီက မူလကတည်းက မဆိုးလှဘူး၊ အမြဲတမ်း သေသေချာချာ စိတ်မဝင်စားခဲ့လို့ပဲ"
"ငါ မင်းကို အရင်းအမြစ် နည်းနည်း ပေးမယ်၊ မင်း အဲ့ဒါတွေကို အသုံးပြုရင် ကျစ်ယန်ကို ကျော်ဖို့ ခက်ခဲလိမ့်မယ် ဆိုပေမဲ့ သူမရဲ့ ခြေလှမ်းကို မှီအောင် လိုက်ဖို့ကတော့ ကြီးမားတဲ့ ပြဿနာမျိုး မရှိဘူး"
ရှောင်ယင်က ခဏချင်းအတွင်းမှာပင် စိတ်လှုပ်ရှားသွားခဲ့သည်။
"ဒါဆိုရင် လုံလောက်ပါပြီ"
"ဝါး... အစ်ကိုထန်က တကယ့်ကို ဒဏ္ဍာရီထဲက အရာအားလုံးကို လုပ်နိုင်တဲ့ နတ်ဘုရား အစစ်ပဲ"
"ကျွန်မ အစ်ကို့ကို တကယ်ပဲ အရမ်း ချစ်တာပဲ"
သူမ၏ စိတ်ခံစားချက်ကို ဖော်ပြသည့် နည်းလမ်းက အမြဲတမ်း တိုက်ရိုက်ဆန်လှသည်။
ထို့နောက်တွင် ထန်ထျန်းက အပိုဆောင်း စကားများစွာ မပြောတော့ဘဲ သူ့ သိုလှောင် နေရာလွတ် ထဲကနေ ကျင့်ကြံခြင်းအတွက် အထောက်အကူပြုမည့် ဝိညာဉ် ရတနာ အချို့ကို ထုတ်ယူကာ သိုလှောင်ကျောက်တုံး ထဲတွင် ထည့်သွင်းလျက် ရှောင်ယင်ထံသို့ ပေးလိုက်သည်။
"နောက်ပိုင်းကျရင်တော့ ပျင်းနေလို့ မရတော့ဘူး"
"တကယ်လို့ ပျင်း နေမယ်ဆိုရင် ငါ ဒီပစ္စည်းတွေကို ပြန်သိမ်းပစ်မယ်"
ထန်ထျန်းက ပြောလိုက်သည်။
ရှောင်ယင်က ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်၏။
"မဖြစ်စေရပါဘူး"
"ကျွန်မ သေချာပေါက် ဒါတွေကို သေသေချာချာ အသုံးပြုပြီး အစ်ကိုထန်ရဲ့ ကူညီမှုကို ဘယ်တော့မှ အလဟဿ မဖြစ်စေရဘူး"
သိုလှောင်ကျောက်တုံးကို လက်ခံရရှိပြီးနောက် သူမ၏ မျက်နှာတစ်ခုလုံး ပျော်ရွှင်စရာကောင်းသော မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
"သခင်မလေးက အနည်းဆုံး နှစ်လ သုံးလလောက် ကြာမှ ပြန်လာနိုင်မှာ"
"ကျွန်မသာ သူမ မပြန်လာခင် ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်ကို တက်လှမ်းနိုင်မယ်ဆိုရင် သူမ သေချာပေါက် အရမ်း အံ့ဩသွားလိမ့်မယ်"
"တကယ်လို့ နတ်ဘုရားအဖြစ် ပြောင်းလဲခြင်း အဆင့်အထိ ရောက်သွားမယ်ဆိုရင်တော့... ဟဲဟဲ..."
"သခင်မလေး အဲ့ဒီအချိန်က မျက်နှာအမူအရာကို ကျွန်မ အခုကတည်းက စိတ်ကူးလို့ ရနေပြီ"
ရှောင်ယင်က အနာဂတ်ကို စတင် စိတ်ကူးယဉ်နေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ထန်ထျန်းကမူ ခေါင်းကို အသာအယာ ခါယမ်းလိုက်မိသည်။
ဤစိတ်ကူးယဉ်မှုက တကယ်ပဲ အလွန် ရိုးအလွန်းလှပေသည်။
သူ ရှောင်ယင်ကို ပေးခဲ့သည့် ထိုပစ္စည်းများမှာ အလွန့် အလွန် ရှားပါးလှသော ကောင်းကင်နှင့် မြေကြီး ရတနာများ ဖြစ်ကြပြီး ကျိကျွင်းများ ပင်လျှင် ၎င်းတို့အတွက် အသေအလဲ တိုက်ခိုက်ကြလိမ့်မည်။
ယခု လက်ရှိ ရွှေအူတိုင် အဆင့်သာ ရှိသေးသော ရှောင်ယင်ကို အသုံးပြုစေခြင်းက သူမကို တစ်သက်လုံး အသုံးဝင်စေရန် လုံလောက်လှသည်။
နှစ်လ သုံးလအတွင်း ဝိညာဉ်အသွင်ပြောင်းခြင်း ကို ဖြတ်ကျော်မလား။ နတ်ဘုရားအဖြစ် ပြောင်းလဲခြင်းလား။
ရှောင်ယင် အနေဖြင့် တစ်ရက်ကျင့် ဆယ် ရက်နား မလုပ်သရွေ့တော့ ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်၊ ပေါင်းစည်းခြင်း အဆင့် အထိ ရောက်ရှိရန် သေချာပေါက် ကြီးမားသော ပြဿနာ မရှိပေ။
အကယ်၍သာ ပိုပြီး စိတ်ဝင်စားမယ် ဆိုရင်တော့...
အတိဒုက္ခဖြတ်ကျော်ခြင်း နှင့် နတ်ဘုရားအဖြစ် ပြောင်းလဲခြင်း ကလည်း အလွန် လွယ်ကူသော ကိစ္စတစ်ခုသာ ဖြစ်ပေသည်။
သူမကိုယ်တိုင် အလွန်အမင်း အံ့ဩမသွားရန်သာ မျှော်လင့်ရတော့မည်။
"ကဲပါ"
"သေသေချာချာ သွားပြီး ကျင့်ကြံတော့"
ထန်ထျန်းက ပြောလိုက်သည်။
ထို့နောက်တွင် သူက ရှေ့ရှိ ကူကောင် သေတ္တာကို တစ်ဖန် ပြန် ကြည့်လိုက်ပြန်သည်။
စမ်းသပ်မှုအသစ်က တရားဝင် စတင်လေပြီ။