← Chapters

အခန်း ၈၉၉

Vol. 86 Ch. 899

အခန်း ၈၉၉

Vol. 86 Ch. 899

အခန်း (၈၉၉) မြင့်မြတ်နန်းတော်၏ မူလ

​လအနည်းငယ်ကြာ တွက်ချက်ပုံဖော်မှု တွင် အကြိမ်ပေါင်း တစ်သောင်းကျော်တိုင်တိုင် စမ်းသပ်မှု များ၏ မွေးဖွားခြင်းနှင့် သေဆုံး ခြင်း တို့ကို မှတ်တမ်းတင်ခဲ့သည်။

​သေးငယ်လှသော ကူကောင် သေတ္တာကို အခြေခံပြီး ထန်ထျန်း အနေဖြင့် ရလဒ်အချို့ကိုတော့ ရရှိခဲ့ပါသည်။

​သို့သော် ဤရလဒ်များက လူကို ပို၍ပင် မျှော်လင့်ချက်မဲ့စေလှသည်။

​အကယ်၍ ငါးမွေးသူ၏ တည်ရှိမှုက တကယ်ပဲ ကူကောင် သေတ္တာအပြင်ဘက်က ထန်ထျန်းလိုမျိုး ဖြစ်နေခဲ့မည်ဆိုလျှင် ကမ္ဘာကြီး၏ ရှင်သန်ခြင်း ပျက်စီးခြင်းက သူမအတွက်တော့ တကယ်ပဲ ဘာမှ မဟုတ်ပေ။

​ဘယ်လိုပဲ ရုန်းကန်ပါစေ မည်သည့် အဓိပ္ပာယ်မျှ ရှိလိမ့်မည် မဟုတ်ပေ။

​သေခြင်း နိဂုံး ကျရောက်လာမည့်အချိန်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေရုံပဲ ရှိတော့သည်။

​သို့သော်လည်း လက်တွေ့တွင်မူ အနည်းငယ် ကွဲပြားခြားနားသော နေရာအချို့ ရှိနေခဲ့ပြန်သည်။

​ဘာပဲဖြစ်ဖြစ် ငါးမွေးသူက ကမ္ဘာ့အရှင် ၏ အသနားခံမှုကို တကယ်ပဲ တုံ့ပြန်ပေးခဲ့ဖူးသည် မဟုတ်လား။

​ဒါပေမဲ့ ဘာဖြစ်လို့ တုံ့ပြန်ပေးခဲ့တာလဲ။

​ယခင်က ထန်ထျန်းက ကမ္ဘာ့အရှင်၏ ရိုးသားဖြူစင်မှုက ငါးမွေးသူကို စိတ်လှုပ်ရှားသွားစေခဲ့၍ ဝင်ရောက်စွက်ဖက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်လိမ့်မည်ဟု အမြဲ ထင်မှတ်ခဲ့သည်။

​သို့သော်လည်း ခုနက နံပါတ် ၁၆၃၄၄ စမ်းသပ်မှု ပျက်စီးသွားပြီးနောက်တွင်မူ ထန်ထျန်းက အရှိတရားက သေချာပေါက် ဤသို့မဟုတ်ကြောင်း ကောင်းကောင်း သိရှိသွားခဲ့ပြီ ဖြစ်သည်။

​အဖိုးကြီး ၏ ကြည်ညိုမှု၊ သက်ရှိများ၏ သေခြင်း နှင့် ကမ္ဘာကြီး၏ ပျက်စီးခြင်းတို့က ထန်ထျန်းအတွက်တော့ မည်သည့် အဓိပ္ပာယ်မျှ မရှိပေ။

​သူက ၎င်းတို့ကို မြင်တွေ့ရလွန်း၍ ရိုးအီနေခဲ့ပြီ ဖြစ်သည်။

​ငါးမွေးသူကလည်း ရာခိုင်နှုန်း အတော်များများက ဤအတိုင်းပင် ဖြစ်ပေလိမ့်မည်။

​ဒါကြောင့် သူမက ကမ္ဘာ့အရှင်ကြောင့်နှင့်တော့ သူကိုယ်တိုင် ဖြစ်သော ဤ "ခုနစ်ရောင်ခြယ် ပိုးပျံကောင်" ကို စေလွှတ်ရန် ရွေးချယ်ခဲ့ခြင်းမျိုး ဘယ်လိုမှ မဖြစ်နိုင်ပေ။

​ဒါဆိုရင် ဘယ်လို အကြောင်းအရင်းကြောင့် ငါးမွေးသူက ဝင်ရောက်စွက်ဖက်လာရတာလဲ။

​ထန်ထျန်းက အချိန်အတော်ကြာ တွေးတောနေခဲ့သော်လည်း အဆင်ပြေမည့် အကြောင်းပြချက်နှင့် အဖြေကို ဘယ်လိုမှ ရှာမတွေ့ခဲ့ချေ။

​သူက အမြဲတမ်း တစ်ခုခု လိုအပ်နေသလိုမျိုး ခံစားနေရသော်လည်း ဘယ်နေရာမှာ လိုအပ်နေမှန်း မသိဖြစ်နေခဲ့သည်။

​စမ်းသပ်မှု တိုးတက်ပြောင်းလဲခြင်း တွက်ချက်မှုက တစ်ဖန် ပြန်လည်ပြီး ဖြတ်ကျော်ရန် ခက်ခဲလှသော ပိတ်ဆို့မှုတစ်ခုထဲသို့ ကျရောက်သွားခဲ့ပြန်သည်။

​အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ ရုတ်တရက် ပြင်းထန်လှသော တာအို လှိုင်း တစ်ခုက ထန်ထျန်း၏ အတွေးများကို လက်တွေ့ ထဲသို့ ဆွဲခေါ်သွားခဲ့သည်။

​၎င်းက ရှောင်ယင်၏ အခန်းဆီမှ ဖြစ်၏။

​ထိုအချိန်တွင် အလွန် စွမ်းအားကြီး လှသော အင်မော်တယ် စွမ်းအား လှိုင်းများက ရှောင်ယင်၏ အခန်းထဲကနေ တဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး အရှိန်အဟုန်က ကြီးမားလှပေသည်။

​သူမ အင်မော်တယ် ဖြစ်သွားခဲ့ပြီ။

​ပြီးခဲ့သည့်အကြိမ်က ထန်ထျန်း သူမကို ဝိညာဉ် ရတနာ အပုံလိုက် ပေးခဲ့ပြီးနောက် သုံးလကျော် အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

​ဤအချိန်အတောအတွင်း ရှောင်ယင်၏ ကျင့်ကြံခြင်းက ဒုံးပျံတစ်စင်းပေါ်တွင် ထိုင်နေသလိုမျိုး ကောင်းကင်ယံဆီသို့ တိုက်ရိုက် ထိုးတက်သွားခဲ့သည်။

​သူမက ကျူးကျစ်ယန်နှင့် မတူပေ၊ အဆုံးစွန်သော ခွန်အားကို လိုက်လံရှာဖွေရန် မလိုအပ်ဘဲ အာရုံစိုက်မှု အားလုံးကို ကျင့်ကြံခြင်းအဆင့် ဖြတ်ကျော်မှုပေါ်တွင်သာ ပုံအောထားခဲ့ခြင်း ဖြစ်ရာ သူမ၏ တိုးတက်မှုနှုန်းက ယခင်က ကျူးကျစ်ယန်ထက်ပင် ပို၍ ထိတ်လန့်စရာကောင်းနေပုံရသည်။

နတ်ဘုရားဝိညာဉ်၊ ​ဝိညာဉ်အသွင်ပြောင်းခြင်း၊ ခန္ဓာကိုယ်အသွင်ပြောင်းခြင်း ၊ ပေါင်းစည်းခြင်း အဆင့်၊ အတိဒုက္ခဖြတ်ကျော်ခြင်း၊ နတ်ဘုရားအဖြစ် ပြောင်းလဲခြင်း အဆင့်

​ ကျင့်ကြံခြင်းအဆင့်ကြီး ခြောက်ခုကို သုံးလ ဆိုသော အချိန်အတွင်းမှာပင် တိုက်ရိုက် တစ်ဟုန်ထိုး ဖြတ်ကျော်သွားခဲ့သည်။

​ယနေ့တွင်မူ သူမက နောက်ဆုံး၌ သေမျိုးနယ်ပယ် ၏ နောက်ဆုံးခြေလှမ်းကို ကျော်ဖြတ်ကာ အင်မော်တယ် နယ်ပယ်ထဲသို့ တရားဝင် ခြေချနိုင်ခဲ့ပြီ ဖြစ်သည်။

​အင်မော်တယ် ဖြစ်လာသည့် လှုပ်ရှားမှုက အလွန် ကြီးမားလှပေရာ အခြားလူများ၏ အာရုံစိုက်မှုကို မခံရစေရန်အတွက် ထန်ထျန်းက လက်ညှိုးကို ခါးသက်သက် ပုတ်လိုက်ပြီး ထိုစွမ်းအားကြီး လှသော အင်မော်တယ် စွမ်းအား လှိုင်းများကို ဖုံးကွယ်ပစ်လိုက်သည်။

​မဟုတ်လျှင် သေချာပေါက် အာရုံစိုက်မှုကို ခံရပေလိမ့်မည်၊ ထန်ထျန်းက ဤကဲ့သို့သော ဒုက္ခမျိုးကို သဘောမကျပေ။

​အင်မော်တယ် နယ်ပယ်သို့ တက်လှမ်းသည့် ဖြစ်စဉ်က နေ့တစ်ဝက်နီးပါး ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင်မူ အော်ရာအားလုံး ပျောက်ကွယ်ကာ ခန္ဓာကိုယ်တွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီး ရှောင်ယင်တစ်ယောက် အင်မော်တယ် တက်လှမ်း ခြင်း ဖြစ်စဉ်ကို ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။

​နောက်ထပ် အခိုက်အတန့်တွင်မူ အရိပ်တစ်ခုက အခန်းထဲကနေ လျှပ်စီးလက်သလိုမျိုး ပြေးထွက်လာခဲ့သည်။

​"အစ်ကိုထန်၊ ကျွန်မ အောင်မြင်သွားပြီ"

​"ကျွန်မ အင်မော်တယ် ဖြစ်သွားပြီ"

​"အစ်ကို ယုံနိုင်ရဲ့လား၊ ကျွန်မ အင်မော်တယ် ဖြစ်သွားပြီလို့"

​"ဝါး ဟားဟားဟား..."

​ရှောင်ယင်က အကျယ်ကြီး ရယ်မောရင်း ထန်ထျန်း၏ ရှေ့သို့ ပြေးလာခဲ့ပြီး မျက်နှာလေးတစ်ခုလုံး နီမြန်းနေကာ ပျော်ရွှင်မှုကို ဘယ်လိုမှ မထိန်းနိုင်ဖြစ်နေခဲ့သည်။

​စိတ်လှုပ်ရှားနေသည့် စိတ်ခံစားချက်က မျက်နှာပေါ်တွင် အထင်အရှား ပေါ်လွင်နေခဲ့သည်။

​"တော်စမ်းပါ"

​"အင်မော်တယ် ဖြစ်တာလေးကိုပဲ ဘာတွေ အဲ့လောက် အံ့ဩတကြီး ဖြစ်နေတာလဲ"

​ထန်ထျန်းက ခေါင်းခါရင်း ပြောလိုက်သည်။

​ရှောင်ယင်က ဝိုင်းစက်တောက်ပနေသော မျက်လုံးကြီးများဖြင့် ကြည့်ကာ ပြောသည်။ "ဒါကိုတောင် မအံ့ဩ ရဘူးလား"

​"ကျွန်မ အိပ်မက်ထဲမှာတောင် မထင်ထားခဲ့မိဘူး၊ ကျွန်မကိုယ်တိုင်လည်း အင်မော်တယ် ဖြစ်လာမယ့် နေ့တစ်နေ့ ရှိလိမ့်မယ်လို့လေ"

​"ဘုရားရေ၊ လအနည်းငယ်အတွင်းမှာတင် ကျွန်မက အိမ်က ဘိုးဘေးတွေနဲ့ လက်ရည်တူ ကျင့်ကြံခြင်းအဆင့် ဖြစ်သွားပြီ"

​"တကယ်လို့ ပြန်သွားရင်တော့ သူတို့ကို သေချာပေါက် အလန့်တကြား ဖြစ်ပြီး သေသွားအောင် လုပ်လို့ရတယ်"

​"သခင်မလေးလည်း သေချာပေါက် လန့်သွားမှာ"

​"ခစ်ခစ်ခစ်..."

​သူမက ရယ်မောနေခဲ့သည်။

​ရှောင်ယင်အတွက်မူ ကျင့်ကြံခြင်းအဆင့် တက်လှမ်း မှုက ဘာမှ မဟုတ်ပေ၊ ကျူးကျစ်ယန်ကို အံ့ဩသွားအောင် လုပ်နိုင်ခြင်းကသာ စိတ်ဝင်စားစရာအကောင်း ဆုံး ကိစ္စ ဖြစ်ပေသည်။

​"ဒီတစ်ခါတော့ သခင်မလေးကို ဘာမှ ကူညီပေးနိုင်မှာ မဟုတ်တော့ဘူးဆိုပြီး စိတ်ပူနေစရာ မလိုတော့ဘူးပေါ့"

​ရှောင်ယင်က ခေတ္တမျှ ဖြုံ့ဖြုံ့လေး ဆက်ရယ်နေပြီးမှ ထန်ထျန်းကို လှည့်ကြည့်ကာ လေးနက်လှသော သက်ပြင်းချသံဖြင့် ပြောလိုက်သည်။ "အစ်ကိုထန်"

​"အစ်ကိုက တကယ်ကို အစွမ်းထက်လွန်းပါတယ်"

​"ကျွန်မ မြင်ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံး ဆုံး ဆုံး ဆုံး လူသားပဲ"

​"ပစ္စည်းအချို့ကို သာမန်ကာလျှံကာ ပစ်ပေးရုံနဲ့တင် ကျွန်မလို ကျင့်ကြံခြင်း အမှိုက်တစ်ယောက်ကို အင်မော်တယ် နယ်ပယ်ပေါ် တိုက်ရိုက် ရောက်သွားအောင် လုပ်ပေးနိုင်တယ်"

​"ဒီကမ္ဘာပေါ်မှာ အစ်ကို မလုပ်နိုင်တဲ့ ကိစ္စမျိုး ရှိသေးလို့လား"

​သူမ ထန်ထျန်းကို ကြည့်သည့် မျက်ဝန်းထဲတွင်တော့ ကြည်ညိုလေးစားမှုများဖြင့် အပြည့်အဝ ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်သည်။

​သို့သော်လည်း ထန်ထျန်းကမူ အသာအယာ သက်ပြင်းချလိုက်ပြီး ခေါင်းခါပြလိုက်၏။

​"မလုပ်နိုင်တဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်"

​"အချို့ ကိစ္စတွေက... အဖြေမရှိဘူး"

​ရှောင်ယင်က ထန်ထျန်း ဘာကို ဆိုလိုမှန်း မသိသဖြင့် လက်သီးလေးကို ဝှေ့ယမ်းပြရင်း ပြောသည်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

​"အစ်ကိုထန်ကို ဒုက္ခပေးနိုင်မယ့် ကိစ္စမျိုး ဘာရှိဦးမှာလဲ"

​"ကျွန်မကို ယုံလိုက်ပါ၊ ဘယ်လိုမျိုး ပြဿနာပဲ ဖြစ်ဖြစ် အစ်ကို သေချာပေါက် အောင်အောင်မြင်မြင် ဖြေရှင်းနိုင်မှာပါ"

​ထန်ထျန်းက ပြုံးလိုက်ရင်း "ကောင်းပြီ"

​"ငါ မင်းကို ယုံတယ်"

​ထို့နောက်တွင် ထန်ထျန်းက ရှောင်ယင်အား သူမ၏ ကျင့်ကြံခြင်းအဆင့်ကို သေသေချာချာ အခြေခိုင်အောင် အရင်လုပ်ရန်၊ အဆင့်တက် ဖို့အတွက် အလျင်မလိုဘဲ အခြေကျ အောင် အရင်လုပ်ရန် ပြောလိုက်သည်။

​သူမက ခွန်အား သတ်မှတ်ချက် အဲ့လောက်အထိ မမြင့်မားသော်လည်း မြန်ဆန်လွန်းစွာ အဆင့်တက် ခြင်းက အခြေခံအုတ်မြစ်ကို မခိုင်မာစေနိုင်ပေ။

​ရှောင်ယင်ကလည်း သေချာပေါက် ထန်ထျန်း၏ စကားကို နားထောင်ကာ သူမ၏ ကျင့်ကြံခြင်းအဆင့်ကို အခြေခိုင်ရန်အတွက် အချိန်အနည်းငယ် ပေးရန် ပြင်ဆင်လိုက်သည်။

​သို့သော်လည်း သူမ မထင်မှတ်ထားခဲ့မိသည်က အဆင့်တက် ပြီးသည့် ဒုတိယမြောက်နေ့တွင်မူ ကျူးကျစ်ယန် ပြန်လာခဲ့သည်။

​ကျူးကျစ်ယန် မြင့်မြတ်နန်းတော်၏ ခေါ်ဆောင်သွားခြင်းကို ခံရစဉ်က နှစ်လ သုံးလအတွင်း ပြန်လာနိုင်လိမ့်မည်ဟု ပြောခဲ့ဖူးသည်။

​ယခု သုံးလကျော် အချိန်ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ရာ သူမ နောက်ဆုံး၌ ပြန်လာခဲ့ပြီ ဖြစ်သည်။

​ရှောင်ယင်က ပထမဆုံး အချိန်မှာတင် သူမကို သွားရောက် ကြိုဆိုခဲ့ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြုံးစိစိဖြင့် "မတော်တဆ" ဆိုပြီး သူ့ အော်ရာအနည်းငယ်ကို ထုတ်လွှတ်ပစ်လိုက်သည်။

​ကျူးကျစ်ယန်တစ်ယောက် နေရာတင် ကြောင်အမ်းသွားခဲ့ရတော့သည်။

​သူမ ဘယ်လိုလုပ် ထင်မှတ်ထားနိုင်မည်နည်း၊ သုံးလ ဆိုသော အချိန်အတွင်းမှာတင် ရှောင်ယင်က အင်မော်တယ် ဖြစ်သွားခဲ့လိမ့်မည်ဟူ၍ပင်။

​ဒါက တကယ်ပဲ အဓိပ္ပာယ်မရှိလွန်းလှပေသည်။

​ကျူးကျစ်ယန်၏ တုံ့ပြန်မှုကို ကြည့်ရင်း ရှောင်ယင်က အလွန် စိတ်ကျေနပ်သွားခဲ့ရသည်၊ ဒါက သူမ ကြိုးစားပမ်းစား ကျင့်ကြံနေစဉ်အတွင်း အမျှော်လင့်ဆုံးသော မြင်ကွင်း ဖြစ်ပေသည်။

​အံ့ဩမှင်တက်သွားပြီးနောက် ကျူးကျစ်ယန်က ၎င်းက သေချာပေါက် ထန်ထျန်း၏ လက်ချက် ဖြစ်ရမည်ကို ခဏချင်းအတွင်းမှာပင် နားလည်သွားခဲ့သည်။

​" အစ်ကို့ရဲ့ ကျေးဇူးကို ကျစ်ယန်..."

​"တစ်သက်လုံး မေ့မှာ မဟုတ်ပါဘူး"

​သူမက အလွန် ရိုးသားဖြူစင်စွာဖြင့် ပြောလိုက်သည်။

​ထန်ထျန်းကတော့ လက်ကို ဝှေ့ယမ်းပြလိုက်ရင်း သူမအား ဤမျှအထိ စိတ်ထဲမထားရန် ပြောလိုက်၏။

​လက်ဖျောက်တစ်ချက်တီးရုံမျှ ကိစ္စလေးတစ်ခုသာ ဖြစ်သည်။

​သုံးလကျော် အချိန်ကာလအတွင်း ကျူးကျစ်ယန်၏ ကျင့်ကြံခြင်းကလည်း ကြီးမားသော တိုးတက်မှုကို ရရှိခဲ့သည်။

​ယခု လက်ရှိ သူမက အစစ်အမှန် အင်မော်တယ် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ရာ ဘယ်အချိန်မဆို ကောင်းကင်အင်မော်တယ် အဆင့် ထဲသို့ ခြေချနိုင်သည့် အခြေအနေမျိုး ဖြစ်နေခဲ့သည်။

​"ဘယ်လိုလဲ၊ မင်း မောင်လေးကို ရှာတွေ့ခဲ့လား"

​ထန်ထျန်းက မေးလိုက်သည်။

​သို့သော်လည်း ဤမေးခွန်းကို ရင်ဆိုင်ရချိန်တွင် ကျူးကျစ်ယန်က သက်ပြင်းချလိုက်ပြီး ခေါင်းခါပြလိုက်၏။

​"မတွေ့ဘူး"

​"မြင့်မြတ်နန်းတော် အတွင်းပိုင်း အခြေအနေက ကျွန်မ ယခင်က ထင်ထားခဲ့တာနဲ့ မတူဘူး"

​"ပိုပြီးတော့ ရှုပ်ထွေးလှတယ်"

​"အဲ့ဒီအထဲမှာ မတူညီတဲ့ ရာထူးတွေ၊ အဆင့်အတန်းတွေ အများကြီး ရှိနေပြီး အားလုံးက သီးသန့်စီ ဖြစ်နေကြကာ အချင်းချင်း ပတ်သက်မှု မရှိကြဘူး"

​"ကျွန်မက ပါရမီရှင် ရွေးချယ်ပွဲကို အခြေခံပြီး ဝင်သွားတာ ဖြစ်လို့ ယခု လက်ရှိ အဆင့်အတန်းက 'သေမျိုး အဆင့် လောင်းလျာ' လို့ ခေါ်တယ်"

​"ကျိယွီ ကတော့ 'မွေးရာပါ မျိုးစေ့' ဖြစ်တယ်"

​"ကျွန်မက 'ကံကြမ္မာ အဆင့် မျိုးစေ့' ဖြစ်လာတဲ့ အချိန်ကျမှသာ မွေးရာပါ မျိုးစေ့ရဲ့ သတင်းအချက်အလက်တွေကို တကယ်တမ်း ထိတွေ့ခွင့်ရမှာပါ"

​ကျူးကျစ်ယန်က ပြောသည်။

​ထန်ထျန်းက မျက်ခုံးပင့်လိုက်မိသည်၊ ဤ မြင့်မြတ်နန်းတော် ဟု ခေါ်သော နေရာက တကယ့်ကို ထူးထူးဆန်းဆန်း ဖြစ်နေခဲ့သည်။

​"သတင်းအစအနလေးတောင် မရှိဘူးလား"

​ထန်ထျန်းက မေးလိုက်သည်။

​ကျူးကျစ်ယန်က ခေတ္တမျှ တွေးတောလိုက်ပြီးမှ "ဒါလည်း မဟုတ်ပါဘူး"

​"ကျွန်မ မွေးရာပါ မျိုးစေ့နဲ့ ပတ်သက်တဲ့ ကိစ္စအချို့ကို စုံစမ်းကြည့်တော့ သူတို့ထဲက အများစုက ကျင်းရှန် မြို့ ကနေ ထွက်သွားကြပြီဆိုတာကို သိလိုက်ရတယ်"

​"သူတို့က ဘယ်နေရာကို သွားပုံရလဲဆိုရင်..."

​"နေ၊ လ နဲ့ ကြယ် တွေရဲ့ အလင်းရောင်တွေ တကယ်ပဲ တည်ရှိနေတဲ့ လင်းထိန်နေတဲ့ ကမ္ဘာကြီးဆီကို သွားကြတာ ထင်တယ်"

​ထန်ထျန်း ခေတ္တမျှ ကြောင်အမ်းသွားရသည်။

​နေ၊ လနှင့် ကြယ်များ တည်ရှိနေသည့် ကမ္ဘာတစ်ခုလား။

​သူ ဤ မြင့်မြတ်နန်းတော် က ဘာလုပ်သည့် နေရာလဲဆိုတာကို ရိပ်မိသွားပုံရပေသည်။

All Chapters