အခန်း ၉၀၆
Vol. 87 Ch. 906
အခန်း (၉၀၆) ယန်ကွမ်းမြို့သို့ ရောက်ခြင်း
ပြင်းထန်လှသော ဟင်းလင်းပြင်စွမ်းအားများက ထန်ထျန်းတို့ သုံးယောက်လုံးကို လွှမ်းခြုံသွားခဲ့သည်။
စွမ်းအား၏ အတိုင်းအဆ အားကောင်းမှုကို အခြေခံ၍ ဤအရာက ကမ္ဘာ့အတားအဆီးကို ကျော်ဖြတ်နိုင်သည့် အဆင့်မြင့် တည်နေရာကူးပြောင်း အစီအရင် ဖြစ်ကြောင်း ထန်ထျန်း အလွယ်တကူပင် ခန့်မှန်းနိုင်ခဲ့၏။
ထို့အပြင် အကွာအဝေးကလည်း အလွန်အမင်း ဝေးလံလှပေသည်။
ကြည့်ရသည်မှာ ဤယန်ကွမ်းမြို့၏ လက်အောက်တွင် ကျင်းရှန် မြို့ကဲ့သို့သော မြို့ပေါင်းမြောက်မြားစွာကို အုပ်ချုပ် ထားပုံရသည်။
သို့သော်လည်း ဤအချက်ကို ကြည့်ခြင်းအားဖြင့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ရွေးချယ်ခံရပြီး ယန်ကွမ်းမြို့သို့ သွားခွင့်ရမည့်သူများမှာ အလွန်တရာ ရှားပါးလွန်းလှပေသည်။
တကယ်လို့သာ ဇာတ်သိမ်းက ပြောင်းလဲမသွားခဲ့ရင် ကျန်ရှိနေတဲ့ လူသားအားလုံးက ကမ္ဘာကြီး ပျက်သုဉ်းမှုနှင့်အတူ အသက်ပျောက်ကြရမည် ဖြစ်၏။
တစ်နာရီနီးပါးခန့် ကြာမြင့်ပြီးနောက်တွင်မှ တည်နေရာကူးပြောင်းမှု မှာ ပြီးဆုံးသွားခဲ့တော့သည်။
တောက်ပလှသော အလင်းတန်းများ လင်းလက်သွားပြီးနောက် ထန်ထျန်းတို့ သုံးယောက်က ကြီးမား လှသော အစီအရင်တစ်ခုပေါ်တွင် ပေါ်လာခဲ့ကြ၏။
ဤတည်နေရာကူးပြောင်း အစီအရင်၏ ဧရိယာက အလွန်တရာ ကျယ်ဝန်းလှပြီး သူတို့ ရောက်ရှိလာသည့် ဝင်ပေါက်အပြင် အခြားသော ဝင်ပေါက်ပေါင်း ရာချီ၍ ရှိနေသေးသည်။
အချို့သော ဝင်ပေါက်များတွင်လည်း အခြားတစ်ဖက်မှ ကူးပြောင်းလာသည့် လူများ ရှိနေကြပြီး အခြေခံအားဖြင့် အားလုံးက ငယ်ရွယ်သော ပါရမီရှင်များ ဖြစ်ကြပေသည်။
တည်နေရာကူးပြောင်းသည့် အကွာအဝေးက ဝေးလံလွန်းလှသဖြင့် ကျူးကျစ်ယန်နှင့် ရှောင်ယင်တို့ နှစ်ယောက် ခြေချမိစဉ်တွင် ခေါင်းများ မူးဝေ ကာ မတ်တတ်ပင် မရပ်နိုင်ကြပေ ၊ ရှောင်ယင်ဆိုလျှင် သတိပင် လစ်မတတ် ဖြစ်သွားခဲ့ရသည်။
ထန်ထျန်းက သူတို့ဆီသို့ အသက်စွမ်းအားအချို့ ပို့ ပေးလိုက်မှသာ သူတို့၏ အသိစိတ်က ပြန်လည် ကြည်လင်လာခဲ့တော့၏။
နှစ်ယောက်သား ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ကြရာ မျက်ဝန်းထဲတွင် ဝေဝေဝါးဝါး အမူအရာများ ဖြတ်သန်းသွားခဲ့ကြသည်။
"ဒီနေရာက... ယန်ကွမ်းမြို့လား"
နောက်တစ်ခဏတွင်မူ ရှောင်ယင်က အံ့ဩတကြီး အော်ဟစ်လိုက်မိတော့၏။
"ဝါး..."
"ဘုရားရေ..."
"ကြယ်ကြီးက အကြီးကြီးနဲ့ အရမ်းလင်းတာပဲ"
သူမက အသံကျယ်ကြီးဖြင့် အော်ပြောလိုက်ခြင်း ဖြစ်သည်။
ထန်ထျန်းနှင့် ကျူးကျစ်ယန်တို့လည်း ခေါင်းမော့ကြည့်လိုက်ကြ၏။
လူတိုင်း၏ ဦးခေါင်းထက် ကောင်းကင်ယံတွင် ကြိတ်ဆုံကျောက် အရွယ်အစားခန့်ရှိသော ကြယ် ကြီး တစ်စင်းက မြင့်မားစွာ ဆွဲချိတ်ခံထားရသည်ကို တွေ့လိုက်ရသည်။
၎င်း၏ တောက်ပမှုက ကျင်းရှန် မြို့ရှိ ကြယ်ကိုးစင်းလုံး ပေါင်းထားတာထက် အဆပေါင်း ရာချီ၍ ပိုမိုလင်းထိန်နေပြီး တကယ့် နေမင်းကြီးတစ်စင်း ကဲ့သို့ပင် ဖြစ်နေ၏။
သို့သော်လည်း ထန်ထျန်းကတော့ ၎င်းက အမြင်အာရုံ လှည့်စား မှုသက်သက်သာ ဖြစ်ကြောင်း လျင်မြန်စွာ ရိပ်မိလိုက်သည်။
နေမင်းကြီး၏ တောက်ပမှုနှင့် နှိုင်းယှဉ်ပါက ၎င်းက အလှမ်းဝေးလွန်းလှသေးပြီး အလွန်ဆုံးရှိမှ လပြည့်ညထက် အနည်းငယ်မျှသာ ပို၍ လင်းခြင်း ဖြစ်ပေလိမ့်မည်။
ဒါပေမဲ့လည်း ကျင်းရှန် မြို့၊ ထို့အပြင် ရှောင်ယင်တို့ ယခင်က နေထိုင်ခဲ့သည့် နေရာများနှင့် နှိုင်းယှဉ်လျှင်မူ အခြား ကမ္ဘာသစ်တစ်ခုသို့ ရောက်ရှိလာသကဲ့သို့ တကယ်ပင် ခံစားရစေပေသည်။
"တကယ်ကို လင်းတာပဲ"
ကျူးကျစ်ယန်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ထို့နောက် သူမက ထန်ထျန်းဘက်သို့ လှည့်ကာ မေးမြန်းလိုက်၏။ "တကယ့် နေမင်းကြီးကလည်း ဒီလောက်အထိ လင်းတာလားဟင်"
ထန်ထျန်းက ပြုံးလိုက်သည်။
"နောက်ကျရင် မင်း ကိုယ်တိုင် မြင်ရတဲ့အခါ သိလာလိမ့်မယ်"
မသိသေးသော အရာတစ်ခုကို ပုံဖော်ပြခြင်းက အခက်ခဲဆုံး အလုပ်ပင် ဖြစ်၏။
သူတို့နှစ်ယောက် ယန်ကွမ်းမြို့၏ ကြယ်ကြီးကို အံ့ဩနေကြစဉ်မှာပင် သူတို့ ဘေးနားမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ခွင့်ပြုပါ... ကျင်းရှန် မြို့ကနေ လာတဲ့ မိန်းကလေးကျစ်ယန် ဟုတ်ပါသလား"
ထန်ထျန်းတို့အဖွဲ့ လှမ်းကြည့်လိုက်ကြ၏။
၎င်းက သက်ကြီးရွယ်အို အဘိုးအိုတစ်ဦး ဖြစ်ပြီး မထင်မှတ်ဘဲ ချန်ရှန်းတာအို ၏ အစွမ်းထက် ကျင့်ကြံခြင်း ခွန်အား ရှိနေခဲ့သည်။
သို့သော်လည်း သူ့၏ သဘောထားကတော့ ထူးဆန်းစွာပင် အလွန်အမင်း ကောင်းမွန်လှပေ၏။
"ဟုတ်ပါတယ်၊ ကျွန်မပါ"
ကျူးကျစ်ယန်က ပြောလိုက်သည်။
"ဒါနဲ့... အဖိုးက ဘယ်သူလဲဆိုတာ သိပါရစေ"
အဘိုးအိုက ပြုံးလိုက်ပြီးနောက် ပြောသည်။ "ငါ့နာမည်က ယွမ်ပင်း ပါ"
"ကျင်းရှန် မြို့က ယွမ်ကျိုးက ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးလေ"
"သူက မင်းတို့ကို ကြိုဆိုဖို့အတွက် ငါ့ကို ဒီနေရာမှာ သီးသန့် စောင့်ခိုင်းထားတာ"
စကားပြောနေစဉ်အတွင်း သူ့မျက်လုံးများက ထန်ထျန်း၏ ခန္ဓာကိုယ်ပေါ်သို့ ခဏခဏ ဝေ့ဝဲကြည့်နေခဲ့သည်။
ကြည့်ရသည်မှာ ယွမ်ကျိုးက သူ့ကို ကိစ္စအချို့ ပြောပြထားပုံရသည်၊ သို့မဟုတ်ပါက ချန်ရှန်း တာအိုအဆင့် ကျွမ်းကျင်သူတစ်ယောက်က ဤမျှလောက်အထိ ယဉ်ကျေးပျူငှာသော သဘောထားမျိုး ရှိနေစရာ အကြောင်းမရှိပေ ။
"ကျစ်ယန်က အဖိုးယွမ်ပင်းကို ဂါရဝပြုပါတယ်"
ကျူးကျစ်ယန်က ရိုသေစွာ ပြော လိုက်၏။
ယွမ်ပင်းက ပြုံးလျက် လက်ဝှေ့ယမ်းပြကာ ပြောသည်။ "အားနာမနေပါနဲ့"
"မင်းတို့က ငါ့အစ်ကိုကြီးရဲ့ ဧည့်သည်တွေပဲဟာ ၊ ဒါကြောင့် ငါ့ရဲ့ ဧည့်သည်တွေလည်း ဟုတ်တယ်"
"တကယ်လို့ တစ်ခုခု လိုအပ်တာရှိရင် ငါ့ကို အချိန်မရွေး ပြောလို့ရတယ်"
"ငါက ယန်ကွမ်းမြို့ မြင့်မြတ်နန်းတော်ထဲမှာ အဆင့်အတန်းအားဖြင့် ကျင်းရှန် မြို့က အစ်ကိုကြီးကို အဝေးကြီး မမီပေမဲ့လည်း တတ်နိုင်တဲ့ အကူအညီတွေကိုတော့ လုပ်ပေးနိုင်ပါတယ်"
ကျူးကျစ်ယန်က ယွမ်ပင်းကို ထပ်မံ၍ ကျေးဇူးတင် စကားဆိုလိုက်သည်။
သူမက အခြေအနေကို ကောင်းစွာ နားလည်ထားဆဲ ဖြစ်၏၊ တစ်ဖက်လူ ပြသနေသည့် ယဉ်ကျေးမှုက အမှန်တကယ်တွင် သူမနှင့် အများကြီး မသက်ဆိုင်ကြောင်း သိထားပေသည်။
ယွမ်ပင်းက ခေါင်းညိတ်လိုက်ပြီး နောက်ဆုံးတွင်မူ မအောင့်နိုင်တော့ဘဲ ထန်ထျန်းကို လှည့်ကြည့်ကာ မေးမြန်းလိုက်တော့သည်။ "ဒါနဲ့ ... စီနီယာကြီးကို ဘယ်လို ခေါ်ရမလဲ"
ထန်ထျန်းက ပြောသည်။ "ငါ့ကို သခင်လေး ထန် လို့ပဲ ခေါ်ပါ"
ယွမ်ပင်းက လက်သီးဆုပ် ပြလိုက်၏။ "သခင်လေး ထန်..."
"ဒါဆိုရင် အရင်ဆုံး ငါနဲ့အတူ လိုက်ခဲ့ကြပါ"
"အခြေချပြီးတဲ့နောက်မှပဲ ငါ မင်းတို့ကို ယန်ကွမ်းမြို့ထဲ လိုက်ပြပေးပါ့မယ်"
"ဒီနေရာက ကမ္ဘာပေါင်း ဒါဇင်ချီရဲ့ အလယ်ဗဟို မို့ သခင်လေး စိတ်ဝင်စားမယ့် အရာတွေ သေချာပေါက် ရှိနေပါလိမ့်မယ်"
ထန်ထျန်း ခေါင်းညိတ်လိုက်၏။
ထို့နောက်တွင်မူ ယွမ်ပင်း၏ ဦးဆောင်မှုအောက်တွင် သူတို့ သုံးယောက်လုံး အစီအရင်ပေါ်မှ ဆင်းသက်ခဲ့ကြသည်။
တစ်လမ်းလုံး ဆက်လက် လျှောက်လှမ်းလာခဲ့ကြရာ မိုင်ပေါင်း ရာချီခန့် ခရီးပေါက်ပြီးသည့်နောက်တွင် ကြီးမားကျယ်ဝန်းလှသော ခြံဝင်းကြီးတစ်ခုက သူတို့ အရှေ့တွင် ပေါ်လာခဲ့တော့သည်။
"ဒီနေရာက... ယန်ကွမ်းမြို့ရဲ့ မြင့်မြတ်နန်းတော်လားဟင်"
ကျူးကျစ်ယန်က မအောင့်နိုင်ဘဲ အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
သို့သော်လည်း ယွမ်ပင်းက ပြုံးလျက် ခေါင်းခါပြကာ ပြောသည်။ "မဟုတ်ဘူး"
"မင်းတို့ တည်နေရာကူးပြောင်း အစီအရင်ပေါ် ရပ်နေကတည်းက မြင့်မြတ်နန်းတော် အတွင်းပိုင်းကို ရောက်နေခဲ့တာ"
"ဒီနေရာကတော့ အခြားကမ္ဘာက လာတဲ့ ပါရမီရှင်တွေအတွက် သီးသန့် ပြင်ဆင်ပေးထားတဲ့ တည်းခိုရာ နေရာသက်သက်ပဲ"
ကျူးကျစ်ယန်တစ်ယောက် ချက်ချင်းပင် ဆွံ့အသွားခဲ့ရသည်။
ရှောင်ယင်ကမူ ပို၍ပင် အော်ဟစ်လိုက်မိ၏။ "အာ"
"ကျွန်မတို့ ခုနက ဒီလောက်အထိ ဝေးဝေး လျှောက်လာတာတောင် မြင့်မြတ်နန်းတော် အတွင်းထဲမှာပဲ ရှိနေသေးတာလား"
ယွမ်ပင်းက ပြုံး၍ ခေါင်းညိတ်ပြသည်။
"မြင့်မြတ်နန်းတော်က ယန်ကွမ်းမြို့ရဲ့ အရှင်သခင်ဖြစ်သလို မြို့ရဲ့ အဓိက အစိတ်အပိုင်းလည်း ဟုတ်တယ်"
"မြို့တစ်မြို့လုံးရဲ့ သုံးပုံတစ်ပုံ ဧရိယာက မြင့်မြတ်နန်းတော်ရဲ့ နယ်မြေတွေချည်းပဲ"
"ဒါပေမဲ့ အပြင်ဘက်ကလည်း တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်"
"ယန်ကွမ်းမြို့မှာ အခြေစိုက်နိုင်တဲ့ အင်အားစုတွေက အားလုံး ကမ္ဘာ့ထိပ်တန်း အင်အားစုတွေချည်းပဲ"
"တချို့ကဆိုရင် အရင်တုန်းက အဲ့ဒီ မြင့်မြတ် နယ်မြေတွေရဲ့ အကြွင်းအကျန်တွေပေါ့... အင်း၊ နောက်ကျရင် မင်းတို့ သိလာပါလိမ့်မယ်"
ခဏအကြာတွင်တော့ ယွမ်ပင်းက သူတို့ သုံးယောက်ကို ကြီးမားလှသော ခြံဝင်း အစုအဝေး ကြီးအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
သူက အတော်အတန် ကြီးမားကျယ်ဝန်းလှသော ခြံဝင်းတစ်ခုကို ပြင်ဆင်ပေးထားပြီး အတွင်းပိုင်း ပြင်ဆင်မှုများကလည်း အလွန် စုံလင်လှရာ အခြေခံအားဖြင့် လိုလေသေးမရှိ အကုန်ရှိပေသည်။
ထိုအထဲရှိ အရာတစ်ခုက ထန်ထျန်း၏ အကြည့်ကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့၏။
"ဒါက ထျန်းရှုထုန် ကုန်သွယ်ရေးအသင်း ရဲ့ အစီအရင်ပြား ပဲ"
ထန်ထျန်း ခြေလှမ်းရပ်သွားသည်ကို မြင်လိုက်ရသဖြင့် ယွမ်ပင်းက အလျင်အမြန်ပင် အနားသို့ တိုးလာခဲ့သည်။
"ဒီအစီအရင်ပြား က မြင့်မြတ်နန်းတော် သီးသန့်ပဲ၊ သခင်လေး တို့အားလုံး အသုံးပြုလို့ရပါတယ်"
"ဒါ က ပုံရိပ်ယောင်ကမ္ဘာ ဆီကို သွားနိုင်တယ်၊ အဲ့ဒါက... တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတစ်ခုပဲ"
"သခင်လေး ထန်... အရင်က ဒါကို မြင်ဖူးလား"
ယွမ်ပင်းက စမ်းသပ်သည့်သဘောဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်၏။
ထန်ထျန်းကလည်း တစ်စုံတစ်ရာ ဖုံးကွယ်မထားဘဲ ခေါင်းညိတ်ပြကာ ပြောသည်။ "မြင်ဖူးတယ်"
"ဒါပေမဲ့ ဒါက မြင့်မြတ်နန်းတော် အတွင်းထဲမှာ ရှိနေလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး"
ယွမ်ပင်းက ချက်ချင်းပင် ရယ်မောကာ ပြောသည်။ "ထျန်းရှထုတ် ကုန်သွယ်ရေးအသင်းက တစ်ကမ္ဘာလုံး အနှံ့အပြားမှာ ရှိတာပဲ၊ မြင့်မြတ်နန်းတော်ထဲမှာ ရှိနေတာကလည်း သဘာဝကျပါတယ်"
"သခင်လေး က သိပ်ပြီး နားမလည်သေးလို့ ဖြစ်လိမ့်မယ်"
"လက်ရှိ ကမ္ဘာကြီးမှာ အတိအကျ ပြောရရင် အင်အားစု တစ်ခုတည်းသာ တည်ရှိတော့တာ"
"အဲ့ဒါက မြင့်မြတ်နန်းတော်ပဲ"
ထန်ထျန်း ပြန်လည် မဖြေခဲ့ပေ။
မြင့်မြတ်နန်းတော်က ဘာကို ဆိုလိုလဲဆိုတာကို သူ သေချာပေါက် သိရှိပြီးသား ဖြစ်သည်။
သူ မထင်မှတ်ထားခဲ့သည်မှာ ကျွင်းချန်ချင်းက ထျန်းရှထုန် ကုန်သွယ်ရေးအသင်းကို ဖိနှိပ်ခြင်း မပြုခဲ့တာလား။
ကြည့်ရသည်မှာ နှစ်ဦးနှစ်ဖက်က ပူးပေါင်းဆောင်ရွက်မှုတစ်ခုကိုပင် ပြုလုပ်ထားပုံရပြီး ဘယ်လိုမျိုး လည်ပတ်နေလဲဆိုတာတော့ မသိရပေ ။
ခဏအကြာတွင် ယွမ်ပင်းက သိုလှောင်ကျောက်တုံးတစ်တုံးကို ထုတ်ပေးလာခဲ့သည်။
"ဒီထဲမှာ... တာအိုကျောက်တုံး အချို့ ရှိတယ်"
"ပုံရိပ်ယောင်ကမ္ဘာ က စိတ်လှုပ်ရှားဖို့ကောင်းပေမဲ့ ကုန်ကျစရိတ်ကလည်း အရမ်း မြင့်မားတယ်"
"သခင်လေး အရင် သုံးကြည့်လိုက်ပါ တကယ်လို့ မလောက်ရင် ကျွန်တော့် ကို အချိန်မရွေး ပြန်ပြောလို့ရပါတယ်"
ယွမ်ပင်းက ပြောသည်။
ထန်ထျန်း ငြင်းပယ်ခြင်း မပြုခဲ့ပေ။
တစ်ခါတရံတွင် တစ်ဖက်လူ၏ စေတနာကို လက်ခံပေးခြင်းကသာ တစ်ဖက်လူကို ပိုမို စိတ်အေးသွားစေနိုင်ပေသည်။
အခြားသော ကိစ္စအချို့ကို ထပ်မံ မှာကြားပြီးနောက်တွင်မှ ယွမ်ပင်းက ကျူးကျစ်ယန်ကို ခေါ်ဆောင်ကာ အတူတူ ထွက်သွားခဲ့တော့သည်။
ကျူးကျစ်ယန်၏ အဆင့်အတန်းက မြင့်မြတ်နန်းတော်၏ ကံကြမ္မာ မျိုးစေ့ ဖြစ်သဖြင့် လုပ်ထုံးလုပ်နည်းအချို့ကို သွားရောက် လုပ်ဆောင်ရန် လိုအပ်သောကြောင့် ဖြစ်၏။
ခြံဝင်းအတွင်း၌ ထန်ထျန်းနှင့် ရှောင်ယင် နှစ်ယောက်တည်းသာ ပြန်လည် ကျန်ရှိတော့သည်။
ပျင်းရိငြီးငွေ့ဖွယ် ဖြစ်နေသဖြင့် ရှောင်ယင်က ယွမ်ပင်း ချန်ထားခဲ့သည့် သိုလှောင်ကျောက်တုံးကို ကောက်ယူလိုက်၏။
၎င်းကို ဖွင့်ကြည့်ပြီးနောက်တွင်မူ သူမက နှုတ်ခမ်းကို တန်းပြီး မဲ့လိုက်တော့သည်။
"ကျွန်မကတော့ ဘယ်လောက်တောင် ရက်ရောမလဲလို့ တာအိုကျောက်တုံး တစ်သန်းတည်း ရှိတာကိုများ"
"အစ်ကို ကပဲ အကောင်းဆုံး"
ထန်ထျန်းက ခေါင်းခါကာ ပြုံးလိုက်မိသည်၊ ဤကလေးမလေးကတော့ သူ့ကြောင့် အလိုလိုက်ခံရလွန်းလို့ ပျက်စီးနေခဲ့ပြီ ဖြစ်၏။
အရှေ့က အစီအရင်ပြား ကို ကြည့်ရင်း သူက နှုတ်ဟလိုက်သည်။ "ပုံရိပ်ယောင်ကမ္ဘာ ဆီ သွားပြီး ဆော့ချင်လား"