အခန်း ၉၁၀
Vol. 87 Ch. 910
အခန်း (၉၁၀) သီးသန့်နေရာ
ဝမ်ကန်း၏ ရှင်းပြချက်များကို နားထောင်ရင်း ထန်ထျန်းက လွန်ခဲ့သော နှစ်ပေါင်း ခုနစ်ရာကျော်အတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အခြေခံအားဖြင့် နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
အများစုမှာ မျှော်လင့်ထားသည့်အတိုင်း ဖြစ်သော်လည်း အချို့မှာမူ ထင်မှတ်မထားခဲ့သည့် ကိစ္စများ ဖြစ်၏။
အခြေအနေက အလွန်အမင်း ကောင်းမွန်မနေသလို အလွန်အမင်းလည်း ဆိုးဝါးမနေပေ။
ခြုံငုံပြောရလျှင် ယခုလက်ရှိ ကမ္ဘာကြီးတွင် ကယ်တင်ခြင်း မဟာမိတ်နှင့် ရှေးဟောင်းမြင့်မြတ်နယ်မြေ တို့မှလွဲ၍ အရာအားလုံးက အလင်းကမ္ဘာ နှင့် ကျွင်းချန်ချင်း ၏ လက်အောက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ကယ်တင်ခြင်း မဟာမိတ်က သူတို့၏ နည်းလမ်းအတိုင်း ကမ္ဘာကြီးအတွက် အနာဂတ်မျိုးစေ့များကို ချန်ထားရန် ကြိုးစားနေကြသည်။
ရှေးဟောင်းမြင့်မြတ်နယ်မြေကမူ သူတို့ဘာသာ ဘေးကင်းရာတွင် နေထိုင်ကြပြီး တစ်ခါတစ်ရံမှသာ လူသားများ ရှေ့မှောက်၌ ပေါ်လာတတ်ကြ၏။
ကျွင်းချန်ချင်းကတော့ ထိုစဉ်က ထန်ထျန်းကို ပေးခဲ့သည့် သူ့ကတိအတိုင်းသာ လုပ်နေခြင်း ဖြစ်ပေသည်။
ဤကမ္ဘာကြီးနှင့် ပတ်သက်၍မူ...
မည်သူမျှ အာရုံစိုက်ရန် သို့မဟုတ် ဂရုစိုက်နိုင်ရန် အင်အားနှင့် စွမ်းအား မရှိကြတော့ချေ။
"ဒါဆို မင်းတို့ကျတော့ရော"
ထန်ထျန်းက ဆက်ပြီး မေးလိုက်သည်။ "ကျွင်းချန်ချင်းနဲ့ အလင်းကမ္ဘာက မင်းတို့ကို အရေးယူဖို့ မရွေးချယ်ခဲ့ဘူးလား"
"မင်းတို့တွေက နန်းတော်ရဲ့ အတွင်းပိုင်းအထိတောင် ထိုးဖောက်ဝင်ရောက်နေတာကို ငါ မြင်ခဲ့တယ်"
ဒါက ထန်ထျန်းကို အတော်လေး အံ့အားသင့်စေသည့် ကိစ္စတစ်ခု ဖြစ်သည်။
ထန်ထျန်းနှင့် ကျွင်းချန်ချင်းတို့ကြားမှ ပုဂ္ဂိုလ်ရေး ရန်ငြိုးများကို ခေတ္တဖယ်ထားလျှင်ပင် ထျန်းရှထုန် ကုန်သွယ်ရေးအသင်းက အလင်းကမ္ဘာထံ ဒူးထောက်အရှုံးပေးရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
သို့သော်လည်း အလင်းကမ္ဘာက ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပျက်လာသည်ကို ခွင့်ပြုထားခဲ့သည်လား။
ဤမေးခွန်းကို ကြားလိုက်ရသည့်အခါ ဝမ်ကန်းက သက်ပြင်းချလျက် မချိပြုံး ပြုံးလိုက်မိတော့သည်။
"အလင်းကမ္ဘာက ကျွန်တော်တို့ကို မနှိမ်နင်းချင်ဘဲ နေပါ့မလား သခင်လေး"
"အမှန်အတိုင်း ပြောရရင် အစပိုင်းတုန်းက သူတို့က ကျွန်တော်တို့ရဲ့ ရှင်သန်မှု နယ်ပယ်ကို အတင်းအကျပ် ဖိနှိပ်ချုပ်ချယ်ခဲ့လို့ ကျွန်တော်တို့တွေ ရှေးဟောင်းမြင့်မြတ်နယ်မြေ ထဲမှာပဲ ဆက်ပြီး အောင်းနေခဲ့ရတာ"
"ဒါပေမဲ့ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ အပြင်ကမ္ဘာရဲ့ အခြေအနေက အလွန်အမင်း ဆိုးဝါးလာခဲ့တယ်"
"လူတွေက အသက်ရှင်သန်ဖို့ မျှော်လင့်ချက်တွေ ပျောက်ဆုံးကုန်ကြပြီး နေ့တိုင်း စိုးရိမ်ထိတ်လန့်မှုတွေ၊ မလုံခြုံမှုတွေကြားထဲမှာပဲ ဖြတ်သန်းနေကြရတာ... တကယ်လို့ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ဖွင့်ထုတ်ပေးမယ့် ပြတင်းပေါက်တစ်ခုသာ မရှိဘူးဆိုရင် သိပ်မကြာခင်မှာပဲ ကမ္ဘာကြီးတစ်ခုလုံးက လူသားငရဲဘုံကြီးတစ်ခု ဖြစ်သွားလိမ့်မယ်"
"ဒါကြောင့် အလင်းကမ္ဘာဘက်က ကျွန်တော်တို့ဆီကို အရင်ဆုံး လာ ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းလာခဲ့တာပါ"
"မဟာမိတ်ဖွဲ့ဖို့ လာပြောတုန်းကတော့ ကျွန်တော်တို့ သိပ်ပြီး ဂရုမစိုက်ချင်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ဟိုတုန်းက သူတို့ ကျွန်တော်တို့ကို လိုက်လံ သတ်ဖြတ်တုန်းက ထျန်းရှထုန် ကုန်သွယ်ရေးအသင်းရဲ့ အဓိက စီမံသူ အတော်များများ သေဆုံး ခဲ့ရလို့ပဲ"
"ဒါပေမဲ့ နောက်ဆုံးကျတော့ သခင်မလေးရှောင်းရွှယ်က ကျွန်တော်တို့ကို ဖျောင်းဖျပေးခဲ့တယ်... သူမ ပြောတာကတော့... 'တကယ်လို့ သခင်လေး သာ ရှိနေရင်လည်း ဒီလိုမျိုး အဆုံးသတ်ကို မြင်ချင်မှာ မဟုတ်ဘူး' တဲ့..."
"ဒီလိုနဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့ နှစ်ဖက်စလုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်၊ အလင်းကမ္ဘာက ကျွန်တော်တို့ရဲ့ ထျန်းရှထုန်နဲ့ ပုံရိပ်ယောင်ကမ္ဘာ ရဲ့ လည်ပတ်မှုတွေကို ဝင်ရောက်မနှောင့်ယှက်တော့ဘူး၊ ကျွန်တော်တို့ဘက်ကတော့ ပုံရိပ်ယောင် ကမ္ဘာရဲ့ တံခါးဝတွေကို မြို့ တိုင်းမှာ ဖွင့်လှစ်ပေးခဲ့ရတယ်"
ထန်ထျန်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်၊ အော်... ဒီလိုကိုး။
ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှုတစ်ခုဟု ဆိုရပေမည်။ ရှောင်းရွှယ် ပြောတာ မှန်ပါသည်၊ တကယ်လို့ သူသာ ရှိနေလျှင်လည်း အပြင်ကမ္ဘာကြီးကို ဤအတိုင်း ဆက်ပြီး ပျက်စီးယိုယွင်းမသွားစေဘဲ သေချာပေါက် နည်းလမ်းတစ်ခုခု ရှာကြံပေးမိမည်သာ ဖြစ်၏။
"ဒါပေမဲ့ အဲ့ဒီလို လုပ်ခဲ့ရင်တောင်မှ ကမ္ဘာကြီးကတော့ တစ်ရက်ထက်တစ်ရက် ပိုပြီး ဆိုးရွားလာနေတုန်းပဲ"
ဝမ်ကန်းက ထပ်မံ၍ သက်ပြင်းချလိုက်ပြီးနောက် ပြော သည် ။ "အချိန်တိုင်းမှာ အကြောင်းရင်းမရှိဘဲ ပြိုကွဲပျက်စီးနေတဲ့ နေရာတွေ ရှိနေသလို အသက်ဆုံးရှုံးနေရတဲ့ သက်ရှိတွေလည်း ရှိနေတယ်"
"နှစ်ပေါင်း ခုနစ်ရာအတွင်းမှာ ပြိုကွဲသွားခဲ့တဲ့ ကမ္ဘာငယ်လေးတွေက ရေတွက်လို့ မရနိုင်လောက်အောင် များပြားလှသလို ဒါကြောင့်မို့လို့ သေဆုံး သွားရတဲ့ သက်ရှိတွေကလည်း အနန္တပဲ"
"ပြီးတော့ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ဒီလို ဖြစ်စဉ်တွေက ပိုပြီးတော့တောင် ပြင်းထန်လာနေတယ်..."
"ဒါပေမဲ့ ကံကောင်းတာက သခင်လေး နောက်ဆုံးတော့ ပြန်လာခဲ့ပြီ"
"သခင်လေး ပြန်ရောက်လာပြီဆိုတော့ ကျွန်တော်တို့မှာ အားကိုးရာ ရသွားပြီ၊ အနာဂတ်က သေချာပေါက် ပိုပြီး ကောင်းမွန်လာတော့မှာပါ"
"ကျွန်တော် အခုချက်ချင်းပဲ သူတို့ကို ဒီသတင်းကောင်း သွားပြောလိုက်ဦးမယ်၊ သခင်မလေးရှောင်းရွှယ်သာ သိရင် ဘယ်လောက်တောင် စိတ်လှုပ်ရှားသွားမလဲဆိုတာ ကျွန်တော် စိတ်ကူးတောင် မယဉ်ရဲဘူး"
ပြောရင်းနှင့် ဝမ်ကန်းက ရုတ်တရက် အင်အားများ အတိုင်း အဆမရှိ ပြည့်ဝလာသကဲ့သို့ ဖြစ်သွားပြီး ထန်ထျန်း ပြန်လည်ရောက်ရှိလာသည့် သတင်းကို အခြားလူများထံ အသိပေးရန်အတွက် ဆက်သွယ်ရေးကျောက်စိမ်းပြားကို တိုက်ရိုက်ပင် ထုတ်ယူလိုက်တော့သည်။
သို့သော်လည်း ထန်ထျန်းက လက်ကို အသာအယာ မြှောက်ကာ သူ့လှုပ်ရှားမှုကို တားဆီးလိုက်၏။
"လောလောဆယ်တော့ မပြောနဲ့ဦး"
ထန်ထျန်းက ပြောလိုက်သည်။
ဝမ်ကန်း ကြောင်သွားပြီး "ဘာလို့လဲ သခင်လေး"
"အားလုံးက သခင်လေး ပြန်လာမယ့်အချိန်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြတာကို သခင်လေး မသိဘူးလား"
ထန်ထျန်း ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် နောက်ဆုံးတွင် ခေါင်းခါလိုက်မိသည်။
"အဓိပ္ပာယ် မရှိဘူး"
"ငါ ပြန်လာတာက အရာရာကို အများကြီး ပြောင်းလဲပစ်နိုင်မှာ မဟုတ်သေးဘူး"
"အနည်းဆုံးတော့ အခုလောလောဆယ် မတတ်နိုင်သေးဘူး"
"ငါ အချို့အရာတွေကို ရှာဖွေနေတယ်၊ အဲ့ဒါကို ရှာတွေ့ပြီးတဲ့အခါကျရင်တော့ ငါ့ဘာသာငါ ပေါ်လာလိမ့်မယ်"
"အခုက... အချိန်မတန်သေးဘူး"
သူက အရာအားလုံးကို ပြောင်းလဲပစ်နိုင်သည့် စွမ်းအားကို ရှာဖွေရမည် ဖြစ်သည်၊ သို့မဟုတ်ပါက ပြန်လည်ပေါ်ထွက်လာလျှင်ပင် ကြီးမားသော အကျိုးသက်ရောက်မှု ရှိလိမ့်မည်မဟုတ်ပေ။
ထို လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည်သာလျှင် အရေးကြီးဆုံး ကိစ္စ ဖြစ်၏။
ဝမ်ကန်းက ထန်ထျန်း ပြောသည့်အရာက ဘာလဲဆိုတာကို မသိသော်လည်း ထန်ထျန်း၏ အမိန့်ကို နာခံကာ နေရာတွင် ပြနိ ထိုင်လိုက်သည်။
"အဲ့ဒီအရာက... ရှာရတာ အရမ်း ခက်လား သခင်လေး"
"ကျွန်တော်တို့တွေ တစ်ခုခု ကူညီပေးလို့ ရမလား"
ဝမ်ကန်းက မေးလိုက်၏။
ထန်ထျန်းက အသာအယာ ခေါင်းခါပြသည်။
ကူညီပေးလို့ မရခြင်းကြောင့် မဟုတ်ဘဲ သူကိုယ်တိုင်ပင် သူတို့ ကူညီပေးနိုင်မလား မသိခြင်းကြောင့် ဖြစ်၏။
သူ၏ ယခုလက်ရှိ ပြိုင်ဘက်မှာ ကျွင်းချန်ချင်း မဟုတ်ဘဲ ပိုမိုအစွမ်းထက်ပြီး အဖြေရှာမရနိုင်လောက်အောင် ဖြစ်နေသည့် ငါးမွေးသူ ဖြစ်သည်။
ငါးမွေးသူနှင့် ပတ်သက်လာလျှင် အရာအားလုံးက ပြောရခက်လှပေသည်။
ထန်ထျန်းတွင် ယခုအခါ သူ့ကိုယ်ပိုင် အစီအစဉ် ရှိနေပြီဖြစ်ရာ တကယ်လို့ ဤလမ်းစဉ်က အဆင်မပြေခဲ့လျှင်ပင် အခြားနည်းလမ်းကို စဉ်းစားရန် နောက်မကျသေးပေ။
ကမ္ဘာကြီး လုံးဝ ပျက်စီးသွားရန်အတွက် နှစ်ပေါင်း နှစ်ရာကျော် အချိန် ကျန်ပါသေးသည်။
"ကောင်းပါပြီ"
ဝမ်ကန်းက မတတ်သာသဖြင့် ခေါင်းညိတ်လိုက်ရသည်။ "ဒါဆိုရင် ကျွန်တော် တခြားလူတွေကို လောလောဆယ် မပြောတော့ပါဘူး"
"တကယ်လို့ သခင်လေး ကျွန်တော့်ကို တစ်ခုခု လုပ်ခိုင်းချင်တယ်ဆိုရင် အချိန်မရွေး အမိန့်ပေးပါ"
"ယခုလက်ရှိ ကမ္ဘာပေါ်မှာ အလင်းကမ္ဘာကလွဲရင် ကျွန်တော်တို့ရဲ့ ရှေးဟောင်းမြင့်မြတ်နယ်မြေ က အင်အားအကြီးဆုံးပဲ"
ထန်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက်တွင်မူ သူက ဤကဲ့သို့သော လေးလံထိုင်းမှိုင်းသည့် အကြောင်းအရာများကို ကျော်လိုက်ပြီး ဘေးနားရှိ ဝမ်လင်း၏ ခေါင်းလေးကို ပွတ်သပ်ပေးရင်း မေးလိုက်သည်။ "မင်းတို့နှစ်ယောက်က ဘယ်လိုဖြစ်တာလဲ"
"နှစ်ပေါင်း ခုနစ်ရာကျော်သွားပြီကို ဘာလို့ အခုမှ ပထမဆုံး ကလေးတစ်ယောက်ပဲ ရသေးတာလဲ"
ဝမ်ကန်းက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်စွာဖြင့် သူ့ခေါင်းကို သူ ကုတ်လိုက်ပြီး ပြော သည်။ "လောကကြီးက အန္တရာယ်များလွန်းလို့ ကျွန်တော်တို့တွေ တကယ်တော့ ကလေးမယူဖို့ ဆုံးဖြတ်ထားကြတာ"
"ဒါပေမဲ့... အင်း..."
"အဟွတ် အဟွတ်... သခင်လေးလည်း သိတဲ့အတိုင်း တစ်ခါတလေကျရင် မတော်တဆမှုတွေ ဖြစ်တတ်တာပဲလေ"
ဤစကားကို ကြားလိုက်ရသည့်အခါ ဝမ်လင်းက ချက်ချင်းပင် မျက်ခုံးပင့်ကာ မျက်စောင်း ထိုးလိုက်တော့၏။
"အဖေ ကမှ မတော်တဆမှုကြီးပါနော်"
"ကျွန်တော့်အမေ ပြောတာတော့... သူမက အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီးမှ ကျွန်တော့်ကို မွေးဖွားပေးခဲ့တာတဲ့"
ဝမ်ကန်း၏ မျက်နှာက ပျက်သွားခဲ့ပြီး လက်ဝါးကို မြှောက်ကာ ရိုက်ပစ်ရန် ဟန်ပြင်လိုက်သည်။
ဉာဏ်ကောင်းသော ဝမ်လင်းက ချက်ချင်းပင် ထန်ထျန်း၏ လက်မောင်းကို လှမ်းဖက်လိုက်တော့၏၊ ဝမ်ကန်းက ဤ ဘိုးဘေး ၏ ရှေ့မှောက်တွင် မဆင်မခြင် မရမ်းကားရဲကြောင်း သူ ရိပ်မိသွားခဲ့ပြီ ဖြစ်သည်။
"တော်ပြီ တော်ပြီ"
"ဒီကလေးတစ်ယောက်တည်း ရှိတာကို ရန်သူတွေလိုမျိုး မလုပ်နေကြပါနဲ့"
"ဒီကလေးကို ကြည့်ရတာ တော်တော်လေး ဖျတ်လတ်ချက်ချာပြီး သတ္တိရော ဉာဏ်ပညာရော ရှိပုံရတယ်၊ မင်းထက်စာရင် အများကြီး ပိုပြီး တော်တယ်"
ထန်ထျန်းက စိတ်မရှည်သလို ပြောလိုက်၏။
ဝမ်ကန်းက ဝမ်လင်းကို မျက်စောင်း နှစ်ချက်ထိုး လိုက်ပြီးနောက် နောက်ဆုံးတွင် သူ့ လက်ကို ပြန်ချလိုက်ရတော့သည်။
"အရမ်း ဆိုးလွန်းလို့ပါ"
"အမြဲတမ်း ဒီလို စည်းမဲ့ကမ်းမဲ့ နေနေရင် နောင်တစ်ချိန်ကျရင် သေချာပေါက် ဒုက္ခရှာမိလိမ့်မယ်"
ဝမ်ကန်းက မတတ်သာဘဲ ပြောရှာသည်။
"အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့ နေရာမှာ မမှား ရင် ရပါပြီ"
ထန်ထျန်းက ပြောလိုက်၏။
"ဒါနဲ့... ငါ့ရဲ့ အဲ့ဒီ နာမည် ကိစ္စလည်း ရှိသေးတယ်"
"မင်းတို့ရဲ့ ခေါင်းထဲမှာ ဘယ်လို ဉာဏ်ကြီးရှင် အတွေးမျိုး တွေးမိလို့ ဒီလောက် ထူးဆန်းဆန်းပြားတဲ့ နာမည်ကြီးကို စဉ်းစားမိကြတာလဲ"
ကျိကျွင်း အထွတ်အထိပ် ကောင်းကင် ဘိုးဘေး ဆိုတာက... တကယ်ကို စိတ်ကူးယဉ်ဆန်လွန်းလှသည်။
ဝမ်ကန်းကတော့ ရယ်မောရင်း ပြောလာသည်။ "ဒါက အစည်းအဝေးခန်းမရဲ့ မဲခွဲဆုံးဖြတ်မှုမှာ ကန့်ကွက်သူမရှိ တညီတညွတ်တည်း အတည်ပြုခဲ့တဲ့ နာမည် လေ သခင်လေး"
"အမှန်တော့ မူရင်း နာမည် က အရမ်း အရမ်းကို ရှည်လွန်းတာ၊ နောက်ပိုင်းကျမှ ခေါ်ရလွယ်ကူအောင် ဒီလို တိုတိုတုတ်တုတ် ဖြစ်သွားအောင် ချုံ့လိုက်ကြတာပါ"
"အဓိကကတော့ သခင်လေးရဲ့ ခန့်ညားထည်ဝါမှုကို ဖော်ကျူးချင်လို့ပါပဲ"
ထန်ထျန်းက လက်ကို အကြိမ်ကြိမ် ယမ်းပြလိုက်သည်။
"ငါက အဲ့ဒီလိုမျိုး အပေါ်ယံ ဟန်ဆောင်ပန်ဆောင် အရာတွေကို မကြိုက်ဘူးဆိုတာ မင်းသိသားပဲ"
"ပြီးတော့ ဒီထိုင်ခုံကလည်း အမှန်တော့ မင်းအတွက် ချန်ထားပေးခဲ့တာကို မင်းက ဘာလို့ အလွတ်ထားနေရတာလဲ"
"မကြိုက်ဘူး မဟုတ်လား... ဒါဆိုရင် ငါ ဒါကို ဝမ်လင်းလေးကိုပဲ ပေးလိုက်တော့မယ်"
"နောက်ဆိုရင် ဒါက ဝမ်လင်းလေးရဲ့ သီးသန့်နေရာ ပဲ၊ ဒါ ငါပြောတာ"
ဝမ်ကန်း ရုတ်တရက် ဆွံ့အ သွားခဲ့ရ၏။
ဝမ်လင်းလေးမှာမူ မျက်လုံးများထဲတွင် ကြယ်ပွင့်လေးများ တဖျတ်ဖျတ် လင်းလက်သွားခဲ့တော့သည်။
"ဝါး တကယ်ကြီးလား"
"ဘိုးဘေး က တကယ်ကို အကောင်းဆုံးပဲ"
"ဘိုးဘေး က အကောင်းဆုံးပဲ"
အစည်းအဝေးခန်းမအတွင်း၌ ကလေးငယ်တစ်ဦး၏ ဝမ်းသာအားရ ခုန်ပေါက် အော်ဟစ် သံများ လွှမ်းမိုးသွားခဲ့တော့သည်။