အခန်း ၉၁၁
Vol. 87 Ch. 911
အခန်း (၉၁၁) အလဲ ခံရခြင်း
ဖန်ဆင်းရှင် မျှော်စင်အတွင်း၌ ထန်ထျန်းနှင့် ဝမ်ကန်းတို့သည် အတော်ကြာအောင် စကားစမြည် ပြောဆိုခဲ့ကြသည်။
ဝမ်ကန်း၏ ရှင်းပြချက်များမှတစ်ဆင့် ထန်ထျန်းက သူ၏ မိတ်ဆွေဟောင်း များမှာ ယခုအခါတွင် အတော်လေး အဆင်ပြေပြေ နေထိုင်နေကြကြောင်း သိရှိခဲ့ရ၏။
ဝမ်ကျိယွီ ဆိုလျှင် အစွမ်းထက်သော ဝူကျိတာအို အရှင် တစ်ဦးပင် ဖြစ်နေပြီဖြစ်ရာ ယခုအချိန်တွင် ကျိကျွင်း နယ်ပယ်သို့ တက်လှမ်းရန်အတွက်ပင် ကြိုးစား နေလောက်ပြီ ဖြစ်သည်။
အခြားလူများလည်း အားလုံး အဆင်ပြေနေကြပေသည်။
သို့သော် အပြောင်းလဲဆုံးအရာကို ပြပါဆိုလျှင်မူ ကုရှောင်းရွှယ် သာ ဖြစ်လိမ့်မည်။
ယခင်က လူအများက ကုရှောင်းရွှယ် ကို ထန်ထျန်း၏ နောက်ကွယ်မှ နောက်လိုက်လေးတစ်ဦးမျှသာ၊ သဘာဝအတိုင်း ဖြူစင်ရိုးသားပြီး အမြဲတမ်း အကာအကွယ်ပေးထားရန် လိုအပ်သည့် မိန်းကလေးတစ်ယောက်အဖြစ်သာ ထင်မှတ်ခဲ့ကြသည်။
သို့သော်လည်း ထန်ထျန်း ပျောက်ဆုံးသွားပြီးနောက် သူမက ကန့်လန့်ကာနောက်ကွယ်မှနေ၍ ရှေ့မှောက်သို့ ထွက်ပေါ်လာခဲ့သည့်အခါကျမှသာ ဤအမျိုးသမီးက လွန်ခဲ့သော နှစ်များစွာက ဘာမျှမသိနားမလည်သည့် အစေခံမလေး မဟုတ်တော့ကြောင်း လူတို့ သဘောပေါက်သွားခဲ့ကြ၏။
သူမတွင် ကျိကျွင်း တစ်ပိုင်း အဆင့် ကျင့်ကြံခြင်းသာ ရှိသော်လည်း အချိန်တိုအတွင်းမှာပင် ကျိကျွင်း အရှင် အသီးသီးတို့၏ ယုံကြည်မှုကို ရရှိခဲ့သည်။
သူမ၏ လုပ်ဆောင်ချက်များက ပို၍ပင် ပြတ်သားထက်မြက်လှရာ အလင်းကမ္ဘာနှင့် ရင်ဆိုင်ရာတွင် အနည်းငယ်မျှပင် အောက်ကျနောက်ကျ မရှိခဲ့ဘဲ အကြိမ်ပေါင်းများစွာပင် အောင်ပွဲများ ရရှိခဲ့သေး၏။
ဤသို့ မဟုတ်ခဲ့လျှင်လည်း လူတိုင်းက သူမကို ရှေးဟောင်းမြင့်မြတ်နယ်မြေ၏ တစ်ဦးတည်းသော မြင့်မြတ်အရှင်သခင် အဖြစ် ကြည်ကြည်ဖြူဖြူဖြင့် တင်မြှောက်ကြမည် မဟုတ်ချေ။
"သူမက စောစောစီးစီးကတည်းက ကြီးပြင်းလာခဲ့တာပါ၊ မင်းတို့က သူမကို သိပ်ပြီး နားမလည်ခဲ့ကြလို့ပဲ"
ထန်ထျန်းက ပြောလိုက်သည်။
ဝမ်ကန်းက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလျက် ပြောသည်။ "အဓိကကတော့ သခင်လေးရဲ့ အလင်းရောင်က အရင်တုန်းက သိပ်ပြီး တောက်ပလွန်းနေခဲ့လို့ လူတွေက သူမကို မမြင်ခဲ့ကြတာပါ"
"သခင်လေး ထွက်သွားပြီးတဲ့နောက်ကျမှပဲ သူမရဲ့ အလင်းရောင်က လူတွေရဲ့ ရှေ့မှောက်မှာ ထင်ရှားလာခဲ့တာ..."
"အဟွတ် အဟွတ်... ဒါပေမဲ့ ကျွန်တော်က သခင်လေး ထွက်သွားတာကို ကောင်းတဲ့အရာလို့ ပြောချင်တာ မဟုတ်ပါဘူးနော်..."
ထန်ထျန်းက မျက်စောင်းထိုးလိုက်မိသည်။
"တော်ပြီ... ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်ကြရအောင်"
"ဒီတစ်ခေါက် ပုံရိပ်ယောင်ကမ္ဘာ ထဲကို ဝင်လာတာကလည်း မင်းတို့ အခုလောလောဆယ် ဘယ်လိုနေ နေကြလဲဆိုတာ သိချင်လို့ပဲ"
"မင်း ပြောတာကို ကြားရတော့လည်း စိတ်အေးသွားရပါပြီ၊ နောက်ပိုင်း လုပ်ရမယ့် ကိစ္စ တွေကို ပိုပြီး အာရုံစိုက်လို့ ရသွားတာပေါ့"
ဝမ်ကန်းက ခေါင်းညိတ်လျက် ပြောသည်။ "စိတ်ချပါ သခင်လေး... ကျွန်တော်တို့အားလုံး ဘာပြဿနာမှ မရှိပါဘူး"
"သခင်လေးရဲ့ အဲ့ဒီ ကိစ္စ အတွက် တကယ်လို့ ကျွန်တော်တို့ ကူညီပေးနိုင်မယ့် နေရာမျိုး ရှိရင်လည်း အချိန်မရွေး အမိန့်ပေးပါ"
ထန်ထျန်းက အသာအယာ ခေါင်းညိတ်ပြလိုက်၏။
"အင်း"
.....
ဖန်ဆင်းရှင် မျှော်စင်မှ ထွက်လာပြီးနောက် ထန်ထျန်းက ရှောင်ယင်ကို ပြန်လည်ရှာဖွေခဲ့သည်။
သူမက မြို့ထဲတွင် ပျော်ရွှင်စွာ ဆော့ကစားနေသည်ကို မြင်လိုက်ရသဖြင့် ထန်ထျန်းက သူမကို မနှောင့်ယှက်တော့ဘဲ မြင့်မြတ် နန်းတော် ရှိ ခြံဝင်း လေးဆီသို့ တစ်ဦးတည်း ပြန်လာခဲ့တော့သည်။
ကျူးကျစ်ယန်မှာ လုပ်ထုံးလုပ်နည်းများ သွားရောက်လုပ်ဆောင်နေသဖြင့် ပြန်မလာသေးပေ၊ သူက အနောက်ခြံဝင်း ထဲသို့ လျှောက်လှမ်းလာပြီး လှပသော ရေကန်ငယ်လေး၏ ဘေးတွင် ထိုင်လိုက်သည်။
ရေကန်ထဲရှိ ကြာပန်းများက အလွန်တရာ ဝေဆာစွာ ပွင့်လန်းနေကြပြီး ကြာဖက်များအောက်တွင် ငါးလေးများက အုပ်စုလိုက် သွားလာနေကြကာ တစ်ခါတစ်ရံမှသာ အချို့သော အဆိုးလေးများက ရေမျက်နှာပြင်ပေါ် ခေါင်းပြူထွက်လာရင်း လှိုင်းတွန့်လေးများကို ဖြစ်ပေါ်စေတတ်၏။
ကမ္ဘာကြီး လုံးဝ ပျက်စီးသွားရန်အတွက် နှစ်ပေါင်း နှစ်ရာကျော် အချိန် ကျန်ပါသေးသည်၊ ချက်ချင်းပင်ကျွင်းချန်ချင်းကလည်း ဤအရာကို အခြေခံ၍ ထာဝရလမ်းစဉ်ပေါ်သို့ အမှန်တကယ် တက်လှမ်းပေလိမ့်မည်။
အချိန်က သိပ်ပြီး များများစားစား မရှိတော့ချေ။
ပို၍ပင် အလွန်အမင်း တင်းကျပ် နေခဲ့သည်။
သို့သော်လည်း ထန်ထျန်း၏ စိတ်ခံစားချက်ကမူ တဖြည်းဖြည်းနှင့် ပိုမို တည်ငြိမ်အေးချမ်းလာခဲ့ပြီ ဖြစ်၏။
သူက အချို့သော အရာရာ ကို ဖြည်းဖြည်းချင်း သဘောပေါက် နားလည်လာခဲ့သည်။
သူ ယုံကြည်သည်မှာ သိပ်မကြာခင် အချိန်အတောအတွင်းမှာပင် ဇာတ်သိမ်းပိုင်း၏ အလှည့်အပြောင်း အခွင့်အလမ်းက ရေပြင်ပေါ်သို့ ပေါ်ထွက်လာလိမ့်မည် ဟူ၍ ဖြစ်သည်။
......
နောက်ပိုင်း အချိန်ကာလများတွင် ထန်ထျန်းက ကျင်းရှန် မြို့ရှိ တည်းခိုခန်းတွင် နေထိုင်ခဲ့စဉ်က အချိန်များအတိုင်း ပြန်လည် ရောက်ရှိသွားသကဲ့သို့ပင်။
တစ်ခုတည်းသော ကွာခြားချက်မှာ မူလက မိုးမခ ပင်အိုကြီး နေရာတွင် ယခုအခါ၌ ရေကန်ဘေးသို့ ပြောင်းလဲသွားခြင်း ဖြစ်၏။
ကျူးကျစ်ယန်မှာ ယန်ကွမ်းမြို့ သို့ ရောက်ရှိလာပြီးနောက်ပိုင်း တွေ့ဆုံသည့် အကြိမ်အရေအတွက် ပိုမိုများပြားလာသော်လည်း သူမက ကျင်းရှန် မြို့တွင် ရှိစဉ်ကထက်ပင် ပို၍ အလုပ်ရှုပ်နေပုံရသည်။
ယန်ကွမ်းမြို့ ၏ မြင့်မြတ် နန်းတော်က ကျင်းရှန် မြို့ဘက်ထက် အဆပေါင်း ထောင်ချီ၍ ကြီးမားကျယ်ပြန့်လှပေသည်။
ရှုပ်ထွေးမှု အတိုင်းအဆကမူ ပို၍ပင် မြင့်မားလှ၏။
ယွမ်ပင်း၏ ကူညီစောင့်ရှောက်မှု ရှိနေသည့်တိုင်အောင် သူမက ဤနေရာ၏ အခြေခံ စည်းမျဉ်းစည်းကမ်းများကို သဘောပေါက် နားလည်ရန်အတွက် နေ့ရက်များစွာ အချိန်ကုန်လွန်ခဲ့ရသည်။
ထို့နောက်ကျမှသာ ကျူးကျိယွီ၏ သတင်းကို စတင် စုံစမ်းထောက်လှမ်းနိုင်ခဲ့တော့၏။
စုံစမ်းရရှိသည့် ရလဒ်ကမူ ယွမ်ကျိုး ထိုစဉ်က ပြောခဲ့သည့်အရာနှင့် အခြေခံအားဖြင့် ကြီးကြီးမားမား ကွဲလွဲမှု မရှိပေ။
ကျူးကျိယွီကဲ့သို့သော အဆင့်အတန်းရှိသည့် မွေးရာပါ မျိုးစေ့များမှာ တကယ်လို့ တစ်စုံတစ်ရာ မတော်တဆမှု မရှိခဲ့လျှင် လွန်ခဲ့သော တစ်နှစ်ကတည်းက အလင်းကမ္ဘာအတွင်းသို့ သွားရောက်ခဲ့ပြီး ဖြစ်ရပေမည်။
အကယ်၍ အလင်းကမ္ဘာသို့ အမှန်တကယ် ရောက်ရှိသွားခဲ့လျှင်မူ မည်သည့် ပြဿနာမျှ သေချာပေါက် ရှိနိုင်မည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် မွေးရာပါ မျိုးစေ့များက အလင်းကမ္ဘာအတွင်း၌ ရှိနေလျှင်ပင် အဓိက အကျဆုံးသော တည်ရှိမှုများတွင် ပါဝင်သောကြောင့် ဖြစ်သည်။
ထို့အပြင် အလင်းကမ္ဘာက မြင့်မြတ် နန်းတော်၏ အခြေစိုက်စခန်းကြီး ဖြစ်ရာ မည်သည့် တည်ရှိမှုကမျှ မွေးရာပါ မျိုးစေ့များ၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နိုင်ခြင်း မရှိချေ။
ထို့ကြောင့်...
တကယ်လို့ ကျူးကျိယွီ တစ်ခုခု ဖြစ်ခဲ့လျှင် ထိုအရာက သေချာပေါက် ယန်ကွမ်းမြို့ အတွင်းမှာပဲ ဖြစ်ရပေမည်။
သို့သော် ဤသို့ဆိုလျှင်လည်း တူညီသော ပြဿနာက ပြန်လည် ပေါ်ပေါက်လာပြန်သည်။
ကျူးကျစ်ယန်၏ ယခုလက်ရှိ အဆင့်အတန်းက ကျူးကျိယွီနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို ထိတွေ့နိုင်စွမ်း မရှိသေးချေ။
ယွမ်ပင်း၏ အဆင့်အတန်းကလည်း ကျင်းရှန် မြို့ မြင့်မြတ် နန်းတော်ရှိ ယွမ်ကျိုး၏ ရာထူး ကဲ့သို့ မဟုတ်သည့်အတွက် ဤကိစ္စတွင် အလားတူပင် ဘာမျှ မတတ်နိုင်ခဲ့ချေ။
နောက်ဆုံးတွင် ကျူးကျစ်ယန်၌ တစ် လမ်း သာ ကျန်ရှိတော့သည်။
ထိုအရာကမူ သူ့ကိုယ်သူ ဆက်လက် မြှင့်တင်ရန် ဖြစ်ပြီး အလင်းကမ္ဘာသို့ သွားရောက်နိုင်မည့် အရည်အချင်းကို သူကိုယ်တိုင် ရရှိအောင် လုပ်ဆောင်ရန် ဖြစ်၏၊ ထိုသို့ဖြစ်မှသာ ကျူးကျိယွီ၏ တိကျသော သတင်းအချက်အလက်များကို ရရှိရန် အခွင့်အရေး ရှိပေလိမ့်မည်။
ထို့ကြောင့် နောက်ပိုင်းတွင် သူမက ယခင်ကထက် ပို၍ပင် အလုပ်ရှုပ်လာခဲ့တော့သည်။
တစ်ခါတစ်ရံမှသာ တစ်ခေါက် ပြန်လာတတ်ပြီး အလောတကြီး လာကာ အလောတကြီးပင် ပြန်လည် ထွက်သွားတတ်၏။
အချိန်အတော်များများကို ကျင့်ကြံခြင်းအပေါ်၌သာ မြှုပ်နှံထားခဲ့သည်။
အခြားတစ်ဖက်တွင်မူ ရှောင်ယင်က သူမနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့၏။
ကျင်းရှန် မြို့တွင် ရှိစဉ်က သူမက စိတ်ရှည်လက်ရှည်ဖြင့် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နိုင်ခဲ့သေးသည်။
သို့သော်လည်း စည်ကားလှပသော ယန်ကွမ်းမြို့ သို့ ရောက်ရှိလာပြီးနောက်တွင်မူ ထိုမိန်းကလေး မှာ သူ့ကိုယ်သူ လုံးဝ လွှတ်ပေးလိုက်တော့သည်။
ဘာမှ မတတ်နိုင်ပေ၊ ဆန်းသစ်ပြီး ပျော်စရာကောင်းသော အရာများက အလွန်တရာ များပြားလွန်းလှသည်။
မြင့်မြတ် နန်းတော်၏ အတွင်း တစ်ခုတည်းတင်ပင် တစ်နှစ်ပတ်လုံး အချိန်ပေးလျှင်ပင် လည်ပတ်၍ ကုန်နိုင်မည် မဟုတ်ချေ။
မြင့်မြတ် နန်းတော်၏ အပြင်ဘက်တွင်မူ ပို၍ပင် စိတ်လှုပ်ရှားဖွယ်ရာ အရာများစွာ ရှိနေပြီး အရာတိုင်းက ရှောင်ယင်၏ မျက်လုံးများကို အရောင်တောက်သွားစေခဲ့၏။
ပုံရိပ်ယောင်ကမ္ဘာ ဆိုလျှင်မူ ပို၍ပင် ပြောစရာ မလိုတော့ချေ။
ထန်ထျန်းက ရှောင် ကျိကို ပုံရိပ်ယောင်ကမ္ဘာ အတွင်း၌ ရှောင်ယင်အတွက် အခွင့်အာဏာ အမြောက်အမြားကို ဖွင့်လှစ်ပေးရန် ခိုင်းစေခဲ့ရာ သူမအနေဖြင့် သရုပ်မှန် ၊ အင်အား၊ အဆင့်အတန်း၊ ဝိညာဉ်ကျောက်စိမ်း စသည့် ပြင်ပအရာများကို ဂရုစိုက်စရာမလိုဘဲ ကစားချင်ရာကို စိတ်ကြိုက် ကစားနိုင်ခဲ့သည်။
ဒါက အစွန်အဖျားမြို့ ငယ်လေးမှ လာသော မိန်းကလေးတစ်ယောက်အတွက် ကမ္ဘာသစ်ကြီး၏ တံခါးဝကို ဖွင့်လှစ်ပေးလိုက်သကဲ့သို့ပင် ဖြစ်၏။
ထို့အပြင် မရေမတွက်နိုင်သော ကမ္ဘာသစ်ကြီးများလည်း ဖြစ်ပေသည်။
ထို့ကြောင့် ရှောင်ယင်က အချိန်အတော်များများကို ပုံရိပ်ယောင်ကမ္ဘာ ထဲမှာပဲ ကုန်ဆုံးစေခဲ့ပြီး ပျော်ရွှင်လွန်းသဖြင့် အိမ်ပြန်ရန်ပင် မေ့လျော့နေခဲ့တော့သည်။
သို့သော်လည်း ပြဿနာကတော့ သိပ်မကြီးလှပေ၊ သူမ၏ ယခုလက်ရှိ ကျင့်ကြံခြင်းက အခြေခံအားဖြင့် လုံလောက်နေပြီ ဖြစ်သည်။
နေ့ရက်များက ဤကဲ့သို့သော အလောတကြီးလည်း မဟုတ်၊ အေးအေးလူလူလည်း မဟုတ်သည့် အရှိန်အဟုန်မျိုးဖြင့် လျင်မြန်စွာ ကုန်လွန်သွားခဲ့ကြ၏။
မကြာမီမှာပင် ထန်ထျန်းက ယန်ကွမ်းမြို့ တွင် တစ်နှစ်တိတိ နေထိုင်ခဲ့ပြီး ဖြစ်သည်။
တစ်နှစ်ပတ်လုံး စိတ်ရောကိုယ်ပါ တင်းခံထားခဲ့သည့် ကျူးကျစ်ယန်က ယနေ့တွင်မူ နောက်ဆုံး၌ သတင်းကောင်းတစ်ခုကို သယ်ဆောင်လာခဲ့တော့သည်။
"သခင်လေး... ကျွန်မ လူရွေးချယ်ပွဲကို အောင်မြင်သွားပြီ"
သူမ၏ မျက်နှာထက်တွင် ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သို့သော်လည်း သူမ၏ ရင်ထဲမှ စိတ်လှုပ်ရှားမှုများကိုမူ မည်သို့မျှ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။
ကျင်းရှန် မြို့မှ ယခုအချိန်အထိ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်လာခဲ့ရာ နောက်ဆုံးတွင် စိတ်လှုပ်ရှားဖွယ်ရာ ရလဒ်တစ်ခုကို ရရှိခဲ့ပြီ ဖြစ်သည်။
"နောက်ထပ် သုံးရက်ကြာရင် ကျွန်မ ယန်ကွမ်းလမ်းကို သွားလို့ရပြီ"
"အဲ့ဒီနေရာက မြင့်မြတ် နန်းတော်ရဲ့ အဓိက အကျဆုံး နေရာပဲ၊ အထဲကို ရောက်သွားပြီဆိုရင် ကျွန်မ သေချာပေါက် ကျိယွီရဲ့ သတင်းကို ရှာတွေ့နိုင်မှာပါ"
"ကျွန်မ နောက်ဆုံးတော့... သူ့ကို တွေ့ရတော့မယ်"
အင်မော်တယ်အရှင် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ကျူးကျစ်ယန်က ယခုအချိန်တွင်မူ မျက်ရည်များကို မထိန်းနိုင်ဘဲ စီးကျလာခဲ့ရတော့၏။
ဤတိုတောင်းလှသော နှစ်အနည်းငယ်အတွင်းမှာ ဤအဆင့်သို့ ရောက်ရှိရန်အတွက် မည်မျှအထိ ပေးဆပ်ခဲ့ရသည်ကို သူမကိုယ်တိုင်သာလျှင် အသိဆုံး ဖြစ်ပေလိမ့်မည်။
"ဂုဏ်ယူပါတယ်"
ထန်ထျန်းကမူ ပြုံးလျက် သူမကို ဝမ်းမြောက်စကား ဆိုလိုက်သည်။
ယန်ကွမ်းလမ်း၏ ရွေးချယ်ပွဲကို သူလည်း ယခင်က လေ့လာထားဖူးရာ အမှန်တကယ်ပင် အလွန် ခက်ခဲလှပြီး သူ ယခင်က မြင်တွေ့ခဲ့ဖူးသမျှသော ရွေးချယ်ပွဲများထက် ပို၍ စည်းကမ်းတင်းကျပ်လှပေသည်။
အားလုံးက ပါရမီရှင်များထဲမှ ပြိုင်ဘက်ကင်း ပါရမီရှင်များသာ ဖြစ်ကြ၏။
ကျူးကျစ်ယန် အောင်မြင်နိုင်ခဲ့ခြင်းမှာ ထန်ထျန်းက သူမ၏ သန့်စင် ယန်သွေးမျိုးဆက်ကို နှိုးဆွပေးခဲ့ခြင်းအပြင် သူမကိုယ်တိုင် အသက်နှင့်လဲ၍ ကြိုးစားအားထုတ်ခဲ့ခြင်းက ပို၍ အရေးကြီးသော အကြောင်းရင်း ဖြစ်ပေသည်။
သုံးရက်ကြာပြီးနောက် ယန်ကွမ်းလမ်း၏ ဖိတ်စာကို မြင့်မြတ် နန်းတော်မှတစ်ဆင့် ကျူးကျစ်ယန်၏ လက်ထဲသို့ ပေးအပ်လိမ့်မည် ဖြစ်သည်။
ထိုအချိန်ကျလျှင် ကျူးကျိယွီ ယခုအခါ မည်သို့ရှိနေသနည်း ဆိုသည်မှာ အရာအားလုံး အမှန်တရား ပေါ်ပေါက်လာပေလိမ့်မည်။
သို့သော်လည်း လက်တွေ့ကမူ အမြဲတမ်း လူ့အလိုသို့ လိုက်မလာတတ်ပေ။
ရင်တထိတ်ထိတ်ဖြင့် သုံးရက်တိုင်တိုင် စောင့်ဆိုင်းခဲ့သော်လည်း ယန်ကွမ်းလမ်း၏ ဖိတ်စာကမူ မည်သည့်အခါမျှ ရောက်ရှိမလာခဲ့ချေ။
ညဦးပိုင်းအချိန် ရောက်ရှိလာသည့်အခါကျမှသာ လူတစ်ယောက်က ခြံဝင်းအတွင်းသို့ ရောက်ရှိလာခဲ့တော့သည်။
ယွမ်ပင်း၏ မျက်နှာမှာ အလွန်အမင်း အုံ့မှိုင်းနေခဲ့၏။
"မင်းရဲ့ ဖိတ်စာက..."
"အလဲ ခံလိုက်ရပြီ"