အခန်း ၉၁၃
Vol. 87 Ch. 913
အခန်း (၉၁၃) လက်မောင်းအားနဲ့ သူ့မျက်နှာဆီ ပစ်လိုက်
ဒါက ထန်ထျန်း ယန်ကွမ်းမြို့သို့ ရောက်ရှိလာပြီးနောက်ပိုင်း ပထဦးဆုံးအကြိမ်အဖြစ် သူနေထိုင်ရာ ခြံဝင်းလေးမှ ထွက်လာခြင်း ဖြစ်သည်။
ယခုလက်ရှိ သူ့အတွက်မူ အပြင်လောကရှိ အရာအားလုံးက တံလျှပ် ပုံရိပ်ယောင်များကဲ့သို့ပင် ဖြစ်ရာ အချိန်မရွေး ပျောက်ကွယ်သွားနိုင်ခြေ ရှိနေသည်။
စိတ်ဝင်စားစရာ သိပ်မရှိလှပေ။
ယွမ်ပင်း၏ အရှိန်က အလွန်မြန်လှသဖြင့် မကြာမီမှာပင် ထန်ထျန်းတို့အုပ်စုနောက်သို့ မှီလာခဲ့သည်။
သူက စေတနာအပြည့်ဖြင့် ထန်ထျန်းကို ကျူးမိသားစု၏ အင်အားကြီးမားပုံနှင့် ယန်ကွမ်းမြို့၏ ထူးခြားဆန်းပြားသော အခြေအနေများအကြောင်း သေသေချာချာ အသေးစိတ် ရှင်းပြနေခဲ့၏။
ဤကဲ့သို့သော နေရာမျိုးတွင် တကယ်ပဲ စည်းမဲ့ကမ်းမဲ့ ပြဿနာရှာလို့ မရပေ။
ယွမ်ပင်း ပြောသည်များကို ကြားရသည့်အခါ ကျူးကျစ်ယန်၏ စိတ်ထဲတွင်လည်း နောက်ဆုတ်ချင်စိတ် အနည်းငယ် ပေါ်ပေါက်လာခဲ့ရသည်။ သူမအနေဖြင့် သူမ၏ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဘေးနားရှိ ဆွေမျိုးသားချင်း အားလုံး၏ ဘေးကင်းလုံခြုံမှုကို လောင်းကြေးမထပ်ချင်ပေ။
သို့သော်လည်း ရှောင်ယင်ကမူ တစ်လျှောက်လုံး မတရားမှုကို မခံမရပ်နိုင်ဖြစ်ကာ ဒေါသထွက်နေသည့် ပုံစံမျိုး ရှိနေခဲ့၏။
"ကျွန်မကတော့ အစ်ကိုထန်ကို ယုံတယ်"
"သူက ကျွန်မတို့အတွက် သေချာပေါက် တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်လိမ့်မယ်"
"သူတစ်ပါးရဲ့ အောင်မြင်မှု အသီးအပွင့်တွေကို ဗြောင်ကျကျ ခိုးယူတယ်ဆိုတာ တကယ့်ကို အရှက်မရှိလွန်းတာပဲ"
သူမက မကျေမနပ်ဖြင့် ပွတ်လောရိုက်လျက် ပြောလိုက်သည်။
ထန်ထျန်းက သဘောကျစွာ ပြုံးလိုက်ပြီး ပြော၏။ "ကြည့်စမ်း... ရှောင်ယင် ပြောတာက ပိုပြီး ဟုတ်သေးတယ်"
"ဒီလောက်အထိ အနိုင်ကျင့်ခံနေရတာကိုတောင် ဒေါသကို မြိုသိပ်ပြီး အောင့်အည်းသည်းခံနေဦးမှာလား"
"ငါ့မှာတော့ အဲ့ဒီလို အကျင့် မျိုး မရှိဘူး"
သူက အရှိန်ကို မလျှော့ဘဲ မြင့်မြတ် နန်းတော်၏ အဓိကခန်းမ ကြီး ရှိရာဘက်သို့ ဆက်လက်၍ သွားခဲ့သည်။
ယန်ကွမ်းလမ်း၏ စစ်ဆေးမှုကို တာဝန်ယူခဲ့သော အဲ့ဒီ အရှင် ကျင်း ဆိုသူမှာ အဓိကခန်းမ ကြီးအတွင်း၌ ရှိနေခြင်း ဖြစ်သည်။
ဤသည်ကို မြင်သောအခါ ယွမ်ပင်းက သက်ပြင်းကို ပြင်းပြင်းချလိုက်မိတော့၏။
သူ ပြောသင့်ပြောထိုက်သည်များကို ပြောပြပြီးပြီ ဖြစ်သော်လည်း ထန်ထျန်းက ဇွတ်အတင်း လုပ်ဆောင်နေဆဲ ဖြစ်ရာ သူ့တွင်လည်း အခြား နည်းလမ်းကောင်း မရှိတော့ချေ။
ဖြစ်နိုင်သည်မှာ ကိစ္စကို ကြီးကျယ်သွားအောင် လုပ်ပြီးနောက် ကျူးကျစ်ယန်အနေဖြင့် သူမ ရသင့်ရထိုက်သော စစ်ဆေးမှု အရည်အချင်းကို ပြန်လည် ရရှိသွားနိုင်သော်လည်း ရှေ့ဆုံးမှနေ၍ ပြဿနာရှာခဲ့သည့် ထန်ထျန်းကတော့ သေချာပေါက် သေရပေလိမ့်မည်။
သူ့ကိုယ်သူအတွက်မူ...
ဘေးကင်းလုံခြုံရေးအပိုင်းတွင် ပြဿနာ သိပ်ရှိနိုင်မည် မဟုတ်ချေ။
ဤသို့ဆိုလျှင်လည်း သူရဲကောင်းတို့နှင့်အတူ သေဖော်သေဖက်အဖြစ် လိုက်ပါသွားရုံသာ ရှိတော့သည်။
လူလေးယောက်က ရှေ့သို့ ဆက်လက် လျှောက်လှမ်းလာခဲ့ကြရာ မကြာမီမှာပင် အဓိကခန်းမ ကြီး၏ အပြင်သို့ ရောက်ရှိလာခဲ့ကြ၏။
သို့သော်လည်း ထိုအချိန်မှာပင် အစွမ်းထက် သော ပုံရိပ်တစ်ခုက သူတို့၏ သွားရာလမ်းကို ပိတ်ဆို့ တားဆီးလိုက်တော့သည်။
ထိုသူမှာ ခန့်ညားထည်ဝါသော ရုပ်ရည်ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ထိုက်ယိတာအိုအဆင့် ကျင့်ကြံခြင်း စွမ်းအားကို ပိုင်ဆိုင်ထားကာ ခန့်ညား တည်ကြည်နေခဲ့၏။
"တော်ပြီ... ဆက်သွားနေစရာ မလိုတော့ဘူး"
သူက အေးစက်စက် လေသံဖြင့် ဟန့်တားလိုက်သည်။
ထန်ထျန်းက သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်လျက် မေးလိုက်သည်။ "မင်းက ဘယ်သူလဲ"
လူလတ်ပိုင်း အမျိုးသားက ထန်ထျန်းကို မထီမဲ့မြင် တစ်ချက် ကြည့်လိုက်ပြီးနောက် သူ့ကို လုံးဝ လျစ်လျူရှုကာ အကြည့်ကို ယွမ်ပင်း၏ အပေါ်သို့ တိုက်ရိုက် ပို့လိုက်သည်။
"ယွမ်ပင်း... မင်းက ဒီလို ရေနောက်ထဲကို လာပြီး ခြေရှုပ်တယ်ဆိုတာ တကယ့်ကို ပညာမရှိတဲ့ လုပ်ရပ်ပဲ"
"မင်း အလင်းကမ္ဘာကို သွားခွင့်ရမယ့် အရည်အချင်း ရထားပြီးပြီဆိုတာ ငါ သိပါတယ်၊ မည်သူကမျှ မင်းကို ဘာမှ လုပ်လို့မရဘူးပေါ့"
"ဒါပေမဲ့ မင်းအနေနဲ့ နောက်ထပ် နှစ်ပေါင်း နှစ်ရာအတွင်းမှာ နေ့ရက်တွေကို ဘယ်လို ဖြတ်သန်းရမလဲဆိုတာ မစိုးရိမ်ဘူးလား"
သူက အေးစက်စွာ ပြောလိုက်၏။
ယွမ်ပင်းက တစ်ဖက်လူကို တည့်တည့် စိုက်ကြည့်လိုက်သည်။
ထန်ထျန်း၏ ရှေ့မှောက်တွင်မူ သူက အမြဲတမ်း နှိမ့်ချသော ပုံစံမျိုး ပြသနေခဲ့သော်လည်း သး့ထက် ကျင့်ကြံခြင်းစွမ်းအား ပိုမိုမြင့်မားသော ဤလူလတ်ပိုင်း အမျိုးသား၏ ရှေ့တွင်မူ အနည်းငယ်မျှပင် ကြောက်ရွံ့ထိတ်လန့်ဟန် မပြသခဲ့ချေ။
"ငါ့ရဲ့ အနာဂတ်အတွက် ကျူးမိသားစုကလူတွေ ပူပန်ပေးနေဖို့ မလိုပါဘူး"
"ဒါပေမဲ့ ငါ ထင်မှတ်မထားခဲ့တာက ဒီကိစ္စက တကယ်ပဲ မင်းတို့တွေ နောက်ကွယ်ကနေ မီးခိုးကြွက်လျှောက် လုပ်ထားတာ ဖြစ်နေတယ်ဆိုတာပဲ"
"အလင်းကမ္ဘာရဲ့ ခြေတော်ရင်းမှာတောင် စည်းမျဉ်းစည်းကမ်းတွေကို ဗြောင်ကျကျ လျစ်လျူရှုရဲကြတယ်၊ မင်းတို့ သတ္တိကတော့ တကယ်ကို မသေးဘူးပဲ"
သူက အေးစက်သော လေသံဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
အမှန်တကယ်တော့ သူတို့၏ သွားရာလမ်းကို ပိတ်ဆို့ထားသည့် ဤလူလတ်ပိုင်း အမျိုးသားမှာ ကျူးမိသားစုမှလူ ဖြစ်ပေသည်။
သူ ဤနေရာတွင် ပေါ်ထွက်လာနိုင်ခြင်းကပင် ကျူးကျစ်ယန်ကို လူစားထိုးလိုက်သည့် ကိစ္စမှာ သူတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သက်သေပြနေခဲ့ပြီ ဖြစ်၏။
သို့သော်လည်း ယွမ်ပင်း၏ သတိပေးချက်ကို ရင်ဆိုင်ရာတွင်မူ လူလတ်ပိုင်း အမျိုးသားက အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိခဲ့ချေ။
"စည်းမျဉ်းဆိုတာက သေနေတာ၊ လူကမှ ရှင်နေတာ"
"လူဆိုတာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် အရမ်းကြီး ခေါင်းမာလို့ မရဘူး"
"မင်းသာ ဒီကိစ္စကို ဆက်ပြီး စုံစမ်းစစ်ဆေးတာကို စွန့်လွှတ်မယ်ဆိုရင် မင်းရဲ့ နောက်ထပ် နှစ်ပေါင်း ရာချီတဲ့ နေ့ရက်တွေကို သက်တောင့်သက်သာနဲ့ အဆင်ပြေပြေ ဖြတ်သန်းပြီး အလင်းကမ္ဘာထဲကို ဝင်ရောက်နိုင်ဖို့ ငါ အာမခံပေးမယ်"
သူက ကမ်းလှမ်းချက်တစ်ခုကို ထုတ် ပြောလိုက်သည်။
သို့သော်လည်း ယွမ်ပင်းက လှောင်ပြုံး နှစ်ချက် ပြုံးလိုက်၏။
"မင်းက ငါနဲ့ လာပြီး အကျိုးအမြတ် လာညှိနေတာလား"
"ဒါဆိုရင်တော့ မင်း လူမှားသွားပြီ ထင်တယ်"
"မင်းတို့ ကျူးမိသားစု လုယူသွားတာက ငါ့ရဲ့ နေရာ မဟုတ်ဘူး"
ပြောနေသည့် အတောအတွင်း သူက မသိစိတ်အရ ထန်ထျန်းနှင့် ကျူးကျစ်ယန်တို့ဘက်သို့ တစ်ချက် ကြည့်လိုက်မိသည်။
လူလတ်ပိုင်း အမျိုးသားက မျက်ခုံးကို စုကြုတ်လိုက်ပြီး ထိုအခါကျမှသာ အကြည့်ကို ကျူးကျစ်ယန်၏ အပေါ်သို့ ပို့လိုက်တော့၏။
"ရပြီ... ငါ သဘောပေါက်ပြီ"
ပြောရင်းနှင့် သူက လက်ဖဝါးကို ဖြန့်လိုက်ကာ သိုလှောင်ကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်သည်။
"ငါ မင်းကို သိပါတယ် ကျူးကျစ်ယန်... မင်းက နောက်ကျမှ အောင်မြင်မှု ရခဲ့တာ ဆိုပေမဲ့ ပြသခဲ့တဲ့ ပါရမီကတော့ ပြိုင်ဘက်ကင်း ပါရမီရှင် အားလုံးကို ဖိနှိပ်ထားနိုင်ခဲ့တယ်"
"ဒါပေမဲ့ အလင်းကမ္ဘာဆိုတာ မင်းတို့လို လူတန်းစားတွေ လက်လှမ်းမီနိုင်တဲ့ တည်ရှိမှုမျိုး မဟုတ်ဘူး"
"ဒီ သိုလှောင်ကျောက်တုံးထဲက အရင်းအမြစ်တွေက မင်းရဲ့ မိသားစုကို အဆင့်သုံးဆင့်လောက်အထိ မြင့်တက်သွားစေဖို့ လုံလောက်ပါတယ်"
"ဒါကို ယူပြီး ပြန်သွားလိုက်တော့၊ အလင်းကမ္ဘာရဲ့ ကိစ္စကို နောက်ထပ် စိတ်ကူးမယဉ်ပါနဲ့တော့"
"မဟုတ်ရင်တော့..."
"ဒီကမ္ဘာပေါ်မှာ ကျူးမိသားစု တစ်ခု ထပ်ပြီး လျော့နည်းသွားရလိမ့်မယ် ထင်တယ်"
လူလတ်ပိုင်း အမျိုးသားက ဗြောင်ကျကျ ခြိမ်းခြောက်လိုက်တော့၏။
ကျူးကျစ်ယန်၏ ရင်ထဲတွင် အလွန်အမင်း ဒေါသထွက်သွားခဲ့ရပြီး လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထားမိသည်။
သို့သော်လည်း ယခုလက်ရှိ သူမနှင့် သူမ၏ မိသားစုမှာ ယန်ကွမ်းမြို့ ကျူးမိသားစုနှင့် နှိုင်းယှဉ်လျှင် ဆားပုလင်းနှင့် နေလှန်းသကဲ့သို့ပင် အားနည်းလွန်းလှပေသည်။
ဤမျှလောက်အထိ ကြီးမားလှသော အင်အားစုကို ရင်ဆိုင်ရာတွင် သူမ၌ မည်သည့် ရွေးချယ်ခွင့်မျှ မရှိချေ။
ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် ထန်ထျန်းက ရှေ့သို့ ထွက်၍ စကားဆိုလာခဲ့သည်။
"ရှောင်ယင်... အဲ့ဒါကို ယူလိုက်"
ထန်ထျန်းက ပြောလိုက်၏။
ရှောင်ယင်က ခေတ္တမျှ ကြောင်အမ်းသွားခဲ့ရပြီး ထန်ထျန်း၏ ဤလုပ်ရပ်အပေါ် ဘာကို ဆိုလိုမှန်း သိပ်နားမလည်သော်လည်း စကားကို နားထောင်သည့်အနေဖြင့် "ဟုတ်ကဲ့" ဟု ဆိုကာ လူလတ်ပိုင်း အမျိုးသား၏ လက်ထဲမှ သိုလှောင်ကျောက်တုံးကို လှမ်းယူလိုက်သည်။
လူလတ်ပိုင်း အမျိုးသား၏ နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင် ပြုံးယောင်သန်းမှုတစ်ခု ပေါ်ထွက်လာခဲ့၏။
"ဒါကမှ ပညာရှိတဲ့ လုပ်ရပ်ပဲ"
"မင်းတို့ရဲ့..."
သို့သော်လည်း သူ စကားကို ဆုံးအောင် မပြောရသေးခင်မှာပင် ထန်ထျန်း၏ နောက်ထပ် ထွက်ပေါ်လာသော စကားတစ်ခွန်းကြောင့် သူက နေရာတွင်ပင် ဆွံ့အလျက် မှင်တက်သွားခဲ့ရတော့သည်။
"လက်မောင်း အားနဲ့ သိုလှောင်ကျောက်တုံးကိုသုံးပြီး သူ့မျက်နှာ ဆီ ပစ်လိုက်"
ရှောင်ယင်၏ မျက်လုံးများက အရောင်တောက်သွားခဲ့၏။
"ဟုတ်ကဲ့ "
ထန်ထျန်း ဘာပြောပြော သူမကတော့ အကုန်လုပ်မည် ဖြစ်သည်။
ရှောင်ယင်က သိုလှောင်ကျောက်တုံးကို တင်းတင်းဆုပ်ကိုင်လျက် လက်မောင်းအားနဲ့ ရှေ့မှောက်ရှိ လူလတ်ပိုင်း အမျိုးသား၏ မျက်နှာတည့်တည့်ဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပစ်ပေါက် လိုက်တော့၏။
ဖြစ်နိုင်သည်မှာ တစ်ဖက်လူက အလွန်အမင်း အံ့အားသင့်သွားခဲ့ရသဖြင့် ရှောင်တိမ်းရန်ပင် မေ့လျော့နေခဲ့ပြီး ဤကဲ့သို့ဖြင့် သိုလှောင်ကျောက်တုံးက သူ၏ မျက်နှာတည့်တည့်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်သွားခဲ့ရသည်။
ရှောင်ယင်၏ စွမ်းအားက ထိုက်ယိတာအို အဆင့် ကျွမ်းကျင်သူတစ်ဦးကို ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ ရစေရန် မဖြစ်နိုင်သည်မှာ သေချာပါသည်။
သို့သော်လည်း လူလတ်ပိုင်း အမျိုးသားမှာမူ သူ့ မျက်နှာပေါ်တွင် ပူစပ်ပူလောင်ဖြင့် နာကျင်မှုကို ခံစားလိုက်ရ၏။
ဒါက အရှက်ခွဲခြင်း ဖြစ်ပေသည်။
ထို့နောက်တွင်မူ အတိုင်းအဆမရှိသော ဒေါသတရားများက ပေါက်ကွဲထွက်လာခဲ့တော့၏။
"သေချင်နေတာပဲ"
လူလတ်ပိုင်း အမျိုးသားက ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး ကြောက်မက်ဖွယ်ရာ အော်ရာ များက ထန်ထျန်းတို့ အုပ်စုကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့သည်။
ယွမ်ပင်းက ချက်ချင်း ထိတ်လန့်သွားခဲ့ရပြီး ဤတိုက်ခိုက်မှုကို ပြန်လည် ခုခံရန် ပြင်လိုက်၏။
သို့သော်လည်း လူတစ်ယောက်ကမူ သူ့ထက်ပင် ပို၍ မြန်ဆန်စွာ လှုပ်ရှားသွားခဲ့သည်။
ထန်ထျန်းက ရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး လူလတ်ပိုင်း အမျိုးသားဆီသို့ သူ၏ လက်ကို ဆန့်ထုတ်လိုက်တော့၏။
"ကိုယ့်အဆင့်ကိုယ် မသိတဲ့ကောင်"
လူလတ်ပိုင်း အမျိုးသားက ထန်ထျန်းကို အရေးထဲပင် ထည့်မတွက်ထားချေ၊ တာအိုစွမ်းအား များ ပေါက်ကွဲထွက်လာစေလျက် ထန်ထျန်း၏ လက်မောင်းကို လုံးဝ မှုန့်မှုန့်ညက်ညက် ကြေမွသွားအောင် လုပ်ဆောင်ရန် ပြင်လိုက်သည်။
သို့သော်လည်း သူ မမျှော်လင့်ထားသည့်အရာမှာ တာအိုစွမ်းအားများက ထန်ထျန်း၏ လက်မောင်းနှင့် ထိတွေ့မိသွားသည့်အခါမှာမူ ခဏချင်းမှာပင် ပြိုကွဲပျက်စီးသွားခဲ့ရခြင်း ဖြစ်၏။
ဒါက ရေတစ်ခွက်ကို အဆုံးမရှိသော ချော်ရည်ပင်လယ်ကြီးထဲသို့ လောင်းထည့်လိုက်သကဲ့သို့ပင်။
ထိုအချိန်ကျမှသာ သူက လူသားတစ်ယောက်ကဲ့သို့ မြင်တွေ့နေရသည့် ဤအမျိုးသားမှာ လုံးဝ မရိုးရှင်းကြောင်း သဘောပေါက်သွားခဲ့တော့သည်။
ထိုလက်ဖဝါးကြီးက သူနှင့် ပိုမို နီးကပ်လာသည်ကို မြင်သောအခါ လူလတ်ပိုင်း အမျိုးသားက အလျင်အစလိုဖြင့် စွမ်းအားများကို ထပ်မံ၍ ပေါက်ကွဲစေလျက် တားဆီးရန် ကြိုးစားပြန်သည်။
သို့သော်လည်း နှမြောစရာကောင်းသည်မှာ သူ မည်မျှပင် ကြိုးစားအားထုတ်ပါစေ ဘာမျှ အရာမထင်ခဲ့ချေ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထန်ထျန်းနှင့် အကွာအဝေးတစ်ခုကို ခွာရန် ပြင်လိုက်သော်လည်း မည်သည့်အချိန်ကတည်းကမှန်း မသိဘဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက လုံးဝ ပိတ်ဆို့ ခြင်း ခံထားရပြီး လှုပ်ရှား၍ပင် မရတော့ကြောင်း သိလိုက်ရသည်။
သူ့အနေဖြင့် ထန်ထျန်း၏ လက်ဖဝါးကြီးက လျင်မြန်စွာ ချဉ်းကပ်လာပြီး သူ့ လည်ပင်းကို ညှစ်ကိုင်လိုက်သည်ကို မျက်လုံးပြူးလျက်သာ ကြည့်နေနိုင်ခဲ့တော့၏။
ထို့နောက်တွင်မူ သူက ကြက်ကလေးတစ်ကောင်ကဲ့သို့ ထန်ထျန်း၏ လက်တစ်ဖက်တည်းဖြင့် မချီခြင်းကို ခံလိုက်ရသည်။
နောက်တစ်စက္ကန့်တွင်မူ သူ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်မိသွားခဲ့တော့၏။
"ဘန်း"
ပြင်းထန်လှသော အသံကြီးနှင့်အတူ မြေပြင်တစ်ခုလုံးပင် တုန်ခါသွားခဲ့ရသည်။
အောက်ခြေတွင် တွင်းကြီးတစ်တွင်းပင် ချိုင့်ဝင်သွားခဲ့ရပြီး အစီအရင်များဖြင့် အထူးပြုလုပ်ထားသော မြေပြင်ကပင် ဤကြောက်မက်ဖွယ်ရာ စွမ်းအားကို တောင့်မခံနိုင်ခဲ့ချေ။
တွင်းထဲတွင် လဲလျောင်းနေသော လူလတ်ပိုင်း အမျိုးသားမှာမူ ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာခဲ့ရပြီး မျက်လုံးများကို ပြူးကျယ်လျက် အသက်ရှူသံများကပင် မမှန်တော့ချေ။
လွန်ခဲ့သော ခေတ္တမျှက မြင့်မြတ်ပြီး အထက်တန်းကျလှသော ပုံစံမျိုးမှာ ယခုအခါတွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ထန်ထျန်းကတော့ အစအဆုံး တည်ငြိမ်နေဆဲ ဖြစ်ပြီး ဒါက အသေးအဖွဲ ကိစ္စတစ်ခုမျှသာ ဖြစ်သကဲ့သို့ပင်။
"ရှောင်ယင်... သူ့ကို ကြိုးနဲ့တုတ်ပြီး ခေါ်ခဲ့"
"ဒါကလည်း သက်သေ အထောက်အထားတစ်ခုပဲ"
ပြောပြီးသည်နှင့် သူက ရှေ့သို့ ဆက်လက် လျှောက် လှမ်းသွားခဲ့သည်။
"ဟုတ်ကဲ့"
ရှောင်ယင်က အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရပြီး ကြိုးတစ်ချောင်းကို ထုတ်ယူကာ လူလတ်ပိုင်း အမျိုးသား၏ လည်ပင်းတွင် ရစ်ပတ်ချည်နှောင်လျက် ထိုအတိုင်းပဲ ဆွဲခေါ်သွားခဲ့တော့သည်။
"သခင်မလေး... မြန်မြန်သွားရအောင်"
"ကျွန်မ ပြောသားပဲ အစ်ကိုထန်က သေချာပေါက် အဆင်ပြေပါတယ်ဆို"
ပြောပြီးသည်နှင့် သူမက ထန်ထျန်း၏ နောက်သို့ ဦးစွာ လိုက်ပါသွားခဲ့တော့၏။