← Chapters

အခန်း ၉၁၄

Vol. 88 Ch. 914

အခန်း ၉၁၄

Vol. 88 Ch. 914

အခန်း (၉၁၄) အင်အားသုံး၍ လိုက်လံရှာဖွေခြင်း

​ထန်ထျန်းက အရှေ့ဆုံးမှ ဦးဆောင်လျှောက်လှမ်းနေပြီး ရှောင်ယင်က ကြိုးတစ်ချောင်းဖြင့် ထိုလူလတ်ပိုင်းအမျိုးသားကို ဆွဲကာ နောက်မှ လိုက်ပါလာ၏။ ထို့နောက် အဓိကခန်းမ ကြီးထဲသို့ ဝင်ရောက်သွားကြတော့သည်။

​ထိုအခါမှသာ ကျူးကျစ်ယန်နှင့် ယွမ်ပင်းတို့နှစ်ဦးလည်း နောက်မှ လိုက်ဝင်လာရဲကြ၏။

​သူတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူအများ၏ အကြည့်များကို ချက်ချင်း ဆွဲဆောင်လိုက်တော့သည်။

​လူတိုင်းမှာ အံ့အားသင့် သွားကြရပြီး ထိုလူလတ်ပိုင်းအမျိုးသားကို မှတ်မိသူများမှာမူ မျက်နှာပျက်သွားကြရလေတော့သည်။

​"ဒုက္ခပါပဲ... ပြဿနာ ကြီးတော့မယ်..."

​သူက စိတ်ထဲမှ ရေရွတ်လိုက်ပြီး ချက်ချင်းပင် အဝေးသို့ လစ်ပြေးသွားတော့၏။

ဒီလိုအခြေအနေမျိုးတွင် ဘေးလွတ်ရာသို့ ရှောင်တိမ်းပြီး သတင်းသွားပို့ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။

​ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်များကြောင့် ယွမ်ပင်းတစ်ကိုယ်လုံး အနည်းငယ် တုန်ရင်နေပြီး ခုနက ရုတ်တရက် ဖြစ်ပျက်သွားသည့် အပြောင်းအလဲများကြားမှ စိတ်မစုစည်း နိုင်သေးပေ။

​ထိုက်ယိတာအိုအဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်က ဒီလိုမျိုးကြီး ထန်ထျန်းရဲ့ လက်ထဲမှာ အလွယ်တကူ အဖမ်းခံလိုက်ရတာလား။

​ယွမ်ကျိုးက သူ့ကို ဒီစီနီယာက သိပ်ကို ကြောက်ဖို့ကောင်းတယ်လို့ ပြောခဲ့ဖူးသည်။

​သို့သော်လည်း သူက ယခုလောက်အထိ ကြောက်စရာကောင်းလိမ့်မည်ဟု မထင်ထားခဲ့မိပေ။

​ထို့အပြင် ယန်ကွမ်းမြို့သို့ ရောက်ရှိလာကတည်းက ထန်ထျန်းက အမြဲတမ်း ခြံဝင်းထဲ၌သာ နေထိုင်ခဲ့ပြီး ဘယ်မှ မသွားခဲ့ဖူးချေ။

​ပုံမှန် ဆက်ဆံရေးများအရလည်း ထန်ထျန်းက စိတ်သဘောထားကောင်းမွန်ပြီး အလွန် ယဉ်ကျေးသိမ်မွေ့ကာ အေးဆေးတည်ငြိမ်သည့် စီနီယာတစ်ဦးဟု ယွမ်ပင်းက ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

​ဤရုတ်တရက်ကြီး ပြောင်းလဲသွားသည့် အပြုအမူကြောင့် သူ ချက်ချင်း လက်ခံနိုင်ရန် ခဲယဉ်းနေခဲ့ရသည်။

​နောက်ထပ် ကိစ္စတစ်ခုမှာ ထန်ထျန်း ယခုကဲ့သို့ ပြုမူလိုက်ခြင်းသည် ကျူးမိသားစုတစ်ခုလုံးကို လုံးဝ ရန်သူအဖြစ် ပြုလုပ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

​ထိုမိသားစုက ကျိကျွင်း ၏ အကာအကွယ်ကို ရရှိထားသည့် မိသားစု ဖြစ်သည်မဟုတ်ပါလား။

​သူ အခြေအနေကို ပြန်လည် ထိန်းသိမ်းနိုင်မည့် နည်းလမ်းတစ်ခုခုကို မဖြစ်ဖြစ်အောင် စဉ်းစားရမည်။

​သို့သော် နှမြောစရာကောင်းသည်မှာ လက်တွေ့ က သူ့ကို အချိန်အများကြီး မပေးခဲ့ချေ။

​ထန်ထျန်းတို့အဖွဲ့က ဒေါသတကြီး ဝင်ရောက်လာသောကြောင့် မြင့်မြတ်နန်းတော် အတွင်းရှိ စီမံသူ အချို့ ဝိုင်းအုံလာကြပြီ ဖြစ်သည်။

​"မင်းတို့ ဘာဖြစ်နေကြတာလဲ"

​ဦးဆောင်လာသူမှာ လူငယ်တစ်ဦးဖြစ်ပြီး ကျင့်ကြံခြင်း အဆင့်က ကျိတာအိုအဆင့် မျှသာ ရှိသော်လည်း မြင့်မြတ်နန်း​ော် အတွင်းရှိ သူ၏ အဆင့်အတန်းကြောင့် ကျူးမိသားစုပင်လျှင် သူ့ကို လေးလေးစားစား ဆက်ဆံရ၏။

​သို့သော် ထန်ထျန်းကမူ ထိုသို့သော စိတ်မျိုး လုံးဝ မရှိပေ။

​"ငါ ဘယ်သူ့ကို ရှာမလို့လဲ ဟုတ်လား"

​"ယန်ကွမ်းလမ်း စစ်ဆေးခြင်းကို တာဝန်ယူထားတဲ့ အရှင် ကျင်း ကို ရှာမလို့"

​"တခြားလူတွေနဲ့ မဆိုင်ဘူး"

​သူက အေးစက်စွာ ပြောလိုက်၏။

​လူငယ်က မျက်မှောင်ကြုတ်လိုက်ပြီး "အရှင် ကျင်းက အခုတလော အလုပ်များနေတယ်"

​"မင်းတို့ ဒီမှာ အရင်စောင့်နေ၊ ငါ အရှင် ကျင်းကို သတင်းပို့ပြီးမှ ပြောမယ်"

​ထန်ထျန်းက တိုက်ရိုက်ပင် ခေါင်းခါလိုက်၏။

​"မစောင့်ချင်ဘူး"

​"ဖယ်စမ်း"

​ပြောပြီးသည်နှင့် သူက အရှေ့သို့ ခြေလှမ်း လှမ်းလိုက်သည်။

​လူငယ်မှာ ချက်ချင်းပင် မျက်ခုံးများ တွန့် သွားပြီး ထန်ထျန်း၏ အရှေ့တွင် သူ့ခန္ဓာကိုယ်ဖြင့် ပိတ်ရပ်လိုက်၏။

​နောက်မှ လိုက်လာသည့် ယွမ်ပင်းက စိတ်ထဲမှ မကောင်းတော့ဘူး ဟု ရေရွတ်ကာ အခြေအနေကို ကြားဝင်စေ့စပ်ရန် အပြေးအလွှား ရှေ့သို့ တက်လာခဲ့သည်။

​သို့သော် နှမြောစရာကောင်းသည်မှာ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

​ထန်ထျန်းက အခြားသူကို စကားပြောခွင့် လုံးဝမပေးဘဲ လက်ကို ဆန့်ထုတ်ကာ ထိုလူငယ်၏ ကော်လံကို လှမ်းဆွဲလိုက်၏။

​လူငယ်မှာ ဘာမှပင် မတုံ့ပြန်နိုင်သေးခင်မှာတင် ထန်ထျန်းက လက်မောင်းကို ဝှေ့ယမ်းကာ လွှဲပစ်လိုက်တော့သည်။

​ထိုလူငယ်၏ ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားပြီး နံရံများစွာကို ဆက်တိုက် တိုက်ကာ မည်မျှဝေးသော နေရာသို့ လွင့်စင်သွားသည် မသိရတော့ချေ။

​"မိုက်ရိုင်းလှချည်လား"

​အခြား မြင့်မြတ်နန်းတော် စီမံသူ များက ထို အရာကို မြင်သောအခါ ဒေါသတကြီး အော်ဟစ်ကာ ပြေးဝင်လာကြတော့သည်။

​အပြေးလာသည့် လမ်းတစ်လျှောက်တွင်လည်း အမျိုးမျိုးသော အစွမ်းထက် တာအိုစွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။

​သို့သော် ထန်ထျန်းက သူတို့ကို ကြည့်ပင်မကြည့်ဘဲ လက်ကို အသာအယာ မြှောက်ကာ ဟင်းလင်းပြင်ဆီသို့ လက်သီးတစ်ချက် ဝှေ့ယမ်း ထိုးနှက်လိုက်သည်။

​နောက်တစ်စက္ကန့်တွင် နေရာလွတ် တစ်ခုလုံး၌ ကြောက်မက်ဖွယ်ကောင်းသော ဟာရီကိန်းလှိုင်းတံပိုးကြီးများ ထကျလာပြီး တားဆီး၍မရသည့် ဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ ပတ်ဝန်းကျင်ရှိ လူအားလုံးကို ချက်ချင်း လွင့်စင်သွားစေတော့သည်။

​ခဏချင်းအတွင်းမှာပင် ဤနေရာ၌ ထန်ထျန်းတို့ လေးဦးသာ ကျန်ရစ်တော့၏။

​ပြီးတော့ ကြိုးတုပ်ခံထားရသည့် ကျူးမိသားစု အစွမ်းထက်ပညာရှင်တစ်ယောက်လည်း ပါသည်။

​ဒီလို အခြေအနေမျိုးကို မြင်လိုက်ရသောအခါ ယွမ်ပင်းတစ်ယောက် လုံးဝ ဆွံ့အသွားရတော့သည်။

​ဘယ်လိုမျိုး ခန္ဓာကိုယ် စွမ်းအားကမှ ဒီလောက် ကြောက်စရာကောင်းတဲ့ ဟင်းလင်းပြင် တုန်ခါမှုကို ဖြစ်ပေါ်စေနိုင်တာလဲ။

​ထန်ထျန်း၏ ခွန်အား က သူ စိတ်ကူးထားသည်ထက် များစွာ ကျော်လွန်နေခဲ့ပြန်ပြီ ဖြစ်သည်။

​မဆန်းတော့ပါချေ... သူက ဒီလောက်အထိ ယုံကြည်မှု ရှိနေပြီး တရားမျှတမှု တောင်းဆိုဖို့ တစ်ယောက်တည်း လာရဲတာကိုး။

​သို့သော်လည်း... ဒီနေရာက ယန်ကွမ်းမြို့၊ အလင်းကမ္ဘာ ရဲ့ အဝင်ဝပဲ မဟုတ်ပါလား။

အ​လင်းကမ္ဘာရဲ့ အစွမ်းထက်ပညာရှင်တွေဆိုတာ အဆုံးအစမရှိ အနန္တပဲလေ...

​ပြီးတော့ မြင့်မြတ်နန်းတော် ရဲ့ စီမံသူ တွေကို ဒဏ်ရာရအောင် လုပ်ပြီးပြီဆိုရင်တော့ တကယ်ပဲ ကောင်းကောင်းမွန်မွန် ပြီးဆုံးသွားဖို့ နည်းလမ်းမရှိတော့ပေ...

​သူ ငိုင်တိုင်တိုင် ဖြစ်နေစဉ်မှာပင် ထန်ထျန်း၏ အသံက သူ့အနားတွင် ထွက်ပေါ်လာခဲ့သည်။

​"ဟို အရှင် ကျင်း ဆိုတာ ဘယ်မှာလဲ"

​"မင်း လမ်းပြစမ်း"

​ယွမ်ပင်း သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိသည်။

​ကိစ္စတွေက ဒီအဆင့်အထိ ရောက်လာမှတော့ ထားလိုက်ပါတော့လေ။

​တစ်ဖက်က ကြည့်မည်ဆိုလျှင် ပြဿနာ က ပိုကြီးလေလေ၊ သူက ပိုပြီး ဘေးကင်းလေလေ ဖြစ်သည်။

​ထန်ထျန်းကသာ ရလဒ်အားလုံးကို ခံယူရပေလိမ့်မည်။

​သို့သော် ကာယကံရှင် ကိုယ်တိုင်ကပင် ဂရုမစိုက်သဖြင့် သူ ဘာပြောနိုင်ပါဦးမည်နည်း။

​"ကောင်းပါပြီ"

​"ဒါဆို ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"

​ထို့နောက် သူက အရှေ့ဆုံးမှ လျောက်လှမ်းကာ ထန်ထျန်းတို့အဖွဲ့ကို အရှေ့သို့ ဦးဆောင်ခေါ်သွားတော့သည်။

......

​ဇိမ်ခံအိမ်ရာ ခြံဝင်းတစ်ခုအတွင်း

​ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး တည်ငြိမ်လှသော အငွေ့အသက်ရှိသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးက ပြတင်းပေါက်နားတွင် ထိုင်နေပြီး သူ၏ အရှေ့ရှိ စာပွဲပေါ်တွင် အနက်ရောင် သိုလှောင်ကျောက်တုံး သုံးတုံး တင်ထား၏။

​သူ့အနားတွင်မူ အဖိုးအို တစ်ဦးက ငြိမ် သက်စွာ မတ်တတ်ရပ်နေသည်။

​နောက်ထပ် အမျိုးသမီးတစ်ဦးလည်း ရှိနေပြီး သူမ၏ ရုပ်ရည်က အလွန်လှပကာ အသက်အရွယ်က ကျူးကျစ်ယန်နှင့် မတိမ်းမယိမ်း မျှသာ ရှိပုံရ၏။

​"ဒီကိစ္စက... ငါ တော်တော်လေး စွန့်စားထားရတာ"

​လူလတ်ပိုင်းအမျိုးသားက အသံကို နှိမ့်ကာ ပြောလိုက်၏။

​အဖိုးအို က ခပ်ဖွဖွ ပြုံးလိုက်ရာ သူ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများ စုပြုံသွားပြီး မျက်လုံးများပင် မမြင်ရတော့လောက်အောင် ဖြစ်သွားသည်။

​"ကျွန်တော် နားလည်ပါတယ်"

​"ကျူးမိသားစုက... အရှင် ကျင်းရဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး"

​ခရမ်းရောင်ဝတ်စုံနှင့် လူလတ်ပိုင်းအမျိုးသားမှာ အခြားသူမဟုတ်၊ အရှင် ကျင်း ပေတည်း။

​အဖိုးအို ပြောသည်ကို ကြားသောအခါ သူက ခေါင်းခါလိုက်၏။

​"မဟုတ်ဘူး၊ မင်း နားမလည်ဘူး"

​သူက အဖိုးအို ကို လှည့်ကြည့်ကာ "မင်းတို့ အရင်က ငါ့ကို ပြောတော့ အဲဒီအမျိုးသမီးက မြို့အသေးလေးက လာတဲ့ ပါရမီရှင်တစ်ယောက်ပဲ၊ ဘာနောက်ခံမှ မရှိဘူးဆို"

​"ဒါပေမဲ့ ဒီနေ့ပဲ လူတစ်ယောက် ငါ့ကို လာရှာတယ်"

​"ငါတို့ မြင့်မြတ်နန်းတော် က လူပဲ"

​"ပြီးတော့ အလင်းကမ္ဘာကို ဝင်ရောက်ခွင့် အရည်အချင်း ရထားပြီးသား လူတစ်ယောက်"

​အရှင် ကျင်း၏ လေသံက အလွန် မကျေမနပ် ဖြစ်နေပုံရ၏။

​အဖိုးအို က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်လက် ပြုံးရွှင်စွာ ပြောလိုက်သည်။ "အရှင် ပြောတာ ယွမ်ပင်းကိုလား"

​"သူက လမ်းပြရုံ သက်သက်ပါပဲ"

​"ပြီးတော့ သူ့ရဲ့ အဆင့်အတန်းနဲ့ ဆိုရင်တော့... ဘာပြဿနာမှ ရှာနိုင်မှာ မဟုတ်ပါဘူး"

​အရှင် ကျင်းက လက်ဖက်ရည်ကို အေးအေးလူလူ တစ်ငုံ သောက်လိုက်သည်။

​"တကယ်လို့ သူက ပုံမှန် လမ်းကြောင်းအတိုင်း အထက်ကို ဒီကိစ္စကို အစီရင်ခံလိုက်ရင်"

​"ငါ့မှာ တားဆီးဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘူး"

​ထိုစကားကို ကြားသောအခါ အဖိုးအို က မျက်လုံးများကို မှေးလိုက်၏။

​သို့သော် အရှင် ကျင်းကမူ တည်ငြိမ်နေဆဲပင်။ ခဏအကြာတွင် အဖိုးအို က ထပ်မံ ပြုံးပြလိုက်ပြန်သည်။

​"ကျွန်တော်တို့ ပေါ့ဆသွားမိတာပါ"

​"ဒါပေမဲ့ ဒါက အရှင် ကျင်းအတွက်တော့ ခက်ခဲတဲ့ ကိစ္စတစ်ခု မဟုတ်ဘူးဆိုတာ ကျွန်တော် ယုံကြည်ပါတယ်"

​ပြောပြီးသည်နှင့် သူက နောက်ထပ် အနက်ရောင် သိုလှောင်ကျောက်တုံး နှစ်တုံးကို ထုတ်ကာ စားပွဲပေါ်သို့ ထပ်တင်လိုက်၏။

​အရှင် ကျင်းက လက်ကို ဆန့်ထုတ်ကာ ထိတွေ့ကြည့်ပြီးနောက် စိတ်ကျေနပ်သည့် အပြုံးကို ပြသလိုက်တော့သည်။

​ထို့နောက် သူက ဘေးတွင် မတ်တတ်ရပ်နေသည့် အမျိုးသမီးကို လှည့်ကြည့်လိုက်၏။

​"အင်း... မဆိုးပါဘူး"

​"မင်းရဲ့ ပါရမီနဲ့ ဆိုရင်တော့... ယန်ကွမ်းလမ်းမထဲကို ဝင်ရောက်ဖို့ တကယ်ပဲ အရည်အချင်း ရှိပါတယ်"

​"ဒါပေမဲ့ အလင်းကမ္ဘာထဲကို အောင်အောင်မြင်မြင် ဝင်နိုင်မလားဆိုတာကတော့ မင်းကိုယ်တိုင်ရဲ့ ကြိုးစားမှုအပေါ်မှာပဲ မူတည်လိမ့်မယ်"

​"မိသားစုက မင်းအပေါ် ထားတဲ့ မျှော်လင့်ချက်တွေကို အလဟဿ မဖြစ်စေနဲ့"

​အမျိုးသမီးက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

​"ဒါပေါ့... ဘယ်ဖြစ်မလဲ"

​"ဒါက မူလကတည်းက ကျွန်မ ရဲ့ နေရာပဲ ဥစ္စာ... ကျွန်မက စွမ်းဆောင်ရည် နည်းနည်းလေး လျော့သွားရုံလေးနဲ့... အဲဒီ တောက လာတဲ့ ကောင်မစုတ်က အရင် လုသွားတာ..."

​သို့သော် သူမ စကားမဆုံးခင်မှာတင် အဖိုးအို က ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

​"ပါးစပ်ပိတ်စမ်း"

​"မင်းက ကျူးကျစ်ယန်ပဲ၊ အဲဒါ မင်းရဲ့ ကိုယ်ပိုင်နေရာပဲ"

​"တခြား ကိစ္စတွေကိုတော့... စိတ်ထဲမှာပဲ သိမ်း ထားလိုက်စမ်း"

​အဆူခံလိုက်ရသဖြင့် ထိုအမျိုးသမီးက မကျေမနပ်သလို ဖြစ်သွားသော်လည်း ပြန်ဖြေလိုက်ရတော့ သည်။ "သိပါပြီ... ဘိုးဘေး"

​ဒါ ကို မြင်သောအခါ အရှင် ကျင်းက ခပ်ဖွဖွ ပြုံးလိုက်ရင်း "သခင်ကြီး ကျူး..."

​"မင်းရဲ့ အဖိုးတန် မြေးမလေးကို သေချာ ထိန်းကျောင်းရမယ်နော်"

​"တကယ်လို့ မင်းတို့ဘက်က ပြဿနာတက်ရင်... ငါလည်း ကူညီနိုင်မှာ မဟုတ်တော့ဘူး"

​အဖိုးအို က စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး "အရှင် ကျင်း စိတ်ချပါ၊ ဘယ်တော့မှ ပြဿနာ မတက်စေရပါဘူး"

​"အဲဒီ မြို့အသေးလေးက အမျိုးသမီးကလည်း... အရှင် ရဲ့ ရှေ့ကို ဘယ်တော့မှ ထပ်ပေါ်လာတော့မှာ မဟုတ်ပါဘူး"

​အရှင် ကျင်းက ခေါင်းညိတ်လိုက်ပြီး "ဒါဆိုရင်တော့ ကောင်းတာပေါ့"

​သို့သော် သူတို့၏ စကားသံ ဆုံးရုံတင် ရှိသေး ဝေးကွာသော နေရာမှ ရုတ်တရက် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။

​သူတို့ မတုံ့ပြန် နိုင်သေးခင်မှာတင် အခန်းတံခါးမကြီးက အပြင်ဘက်မှ ထိုးနှက်မှုကြောင့် တစစီ ကြေမွသွားတော့၏။

​ထို့နောက် ပုံရိပ်အချို့က သူတို့၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

​ကျူးကျစ်ယန်သည်လည်း ထိုအထဲတွင် ပါဝင်နေပေသည်။

​"ဘယ်သူက ကျင်းရှောက်ယွမ် လဲ"

လူ​စိမ်း အမျိုးသားတစ်ဦးက တည်ငြိမ်စွာ မေးလိုက်လေတော့သည်။

All Chapters