အခန်း ၉၁၉
Vol. 88 Ch. 919
အခန်း (၉၁၉) မင်းက အသက်ရှင်နေသေးတာပဲ
"အကြီးအကဲ... ကျွန်တော် အဲဒီလူရဲ့ အချက်အလက်တွေကို စုံစမ်းလို့မရဘူး ဖြစ်နေပါတယ်"
"သူ့နာမည်က ထန်ထျန်း လို့ခေါ်ပြီး ကျင်းရှန် မြို့မှာ ကျူးကျစ်ယန်နဲ့အတူ ပထမဆုံးအကြိမ် လာခဲ့တာပဲ သိရပါတယ်"
"ကျူးကျစ်ယန်ကတော့ သူ့ကို သူမရဲ့ မိသားစုဝင်လို့ ပြောပေမဲ့ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးချက်အရ သူတို့ကြားထဲမှာ ဘာပတ်သက်မှုမှ မရှိပါဘူး"
"ဒီထန်ထျန်း ဆိုတဲ့လူက ရုတ်တရက်ကြီး ဝုန်းခနဲ ပေါ်လာတဲ့အတိုင်းပါပဲ"
မြင့်မြတ်နန်းတော် နန်းတော်သခင်၏ ဘေးနားရှိ အမည်းရောင် ဝတ်စုံဝတ်ထားသူ တစ်ဦးက အသံတိုးတိုးဖြင့် လျှောက်တင်လိုက်သည်။
ကိစ္စအားလုံး၏ အစအဆုံးကို သိရှိပြီးနောက် နန်းတော်သခင်က သက်ဆိုင်ရာ အချက်အလက်များကို စုံစမ်းစစ်ဆေးရန် လူလွှတ်ခဲ့ပြီး ဖြစ်ပေသည်။
ယွမ်ပင်း ဘေးနားရှိ ကျူးကျစ်ယန်မှာ အမည်လွှဲ အစားထိုးခံထားရခြင်း ဖြစ်ကြောင်းကို သူ အခြေခံအားဖြင့် အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ရာ ယခုအခါ အတိုက်ရိုက်ဆုံး သက်သေတစ်ခုသာ လိုအပ်တော့သည်။
သို့သော် ကျူးကျစ်ယန်နှင့် ပတ်သက်သည့် ကိစ္စက အဓိကအချက် မဟုတ်ချေ။
အရေးကြီးဆုံးမှာ သူ့ကိုယ်သူ ကျူးကျစ်ယန်၏ ဆရာဟု ပြောသော ထိုလူစိမ်းအမျိုးသားပင် ဖြစ်သည်။
မြင့်မြတ်နန်းတော်ထဲသို့ ဇွတ်အတင်းဝင်ရောက်လာပြီး မည်သည်ကိုမျှ မကြောက်မရွံ့ဘဲ ကျူးမိသားစု ဘိုးဘေးကို လက်တစ်ဖက်တည်းဖြင့် ဖိနှိပ်ပစ်ခဲ့ခြင်းများက ထန်ထျန်း၏ မရိုးရှင်းသော သရုပ်မှန်နှင့် ခွန်အားကို ဖော်ပြနေပေသည်။
ထို့ပြင် သူက မှတ်တမ်းစာရင်း ပြုပြင်ပြောင်းလဲခံထားရသည့် အမှန်တရားကိုလည်း တစ်ချက်ကြည့်ရုံမျှဖြင့် သိမြင်ခဲ့သေးသည်။
ခုနက မှတ်တမ်းစာရင်းကို စစ်ဆေးခဲ့သည့် တာအိုအရှင်မှာ မြင့်မြတ်နန်းတော်ထဲတွင် အစီအရင် ပညာရပ်၌ အကျွမ်းကျင်ဆုံး ဝူကျိတာအိုအရှင် ဖြစ်ပြီး သူကိုယ်တိုင်ပင် မနည်းကြည့်ခဲ့ရသော်လည်း ဤထန်ထျန်းကမူ တစ်ချက်တည်းဖြင့် အကဲခတ်မိသွားခဲ့ခြင်း ဖြစ်၏။
ဤအကြောင်းအရာ အဖုံဖုံကြောင့် နန်းတော်သခင် အနေဖြင့် ထန်ထျန်းကို အလေးထား ဂရုစိုက်ရန် ဖြစ်လာခဲ့ရတော့သည်။
မှတ်တမ်းစာရင်းနှင့် ကျူးမိသားစု ကိစ္စများအပြင် ထန်ထျန်းကြောင့်လည်း အလင်းကမ္ဘာမှ အကြီးအကဲကို ဆင့်ခေါ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။
ယခုခေတ်ကာလတွင် မြင့်မြတ်နန်းတော်ထက် ပိုမိုစွမ်းအားကြီးမားသောသူ ပေါ်ထွက်လာခြင်းကို ခွင့်မပြုနိုင်ချေ။
"သူ့နောက်ကြောင်းကို ထပ်ပြီး စုံစမ်းကြည့်သေးလား"
"သူက တံခါးပိတ် ကျင့်ကြံနေရာကနေ အခုမှ ထွက်လာတာလည်း ဖြစ်နိုင်တာပဲ"
နန်းတော်သခင်က မေးလိုက်သည်။
အမည်းရောင် ဝတ်စုံဝတ်ထားသူက ပြန်ဖြေ၏။ "စုံစမ်းပြီးပါပြီ၊ ဘယ်သူနဲ့မှ အချက်အလက် တိုက်ဆိုင်မှု မရှိပါဘူး"
"ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ်ရာကျော်လောက်က အကြောင်းအရာတစ်ခုကိုတော့ စုံစမ်းမိတယ်..."
ပြောရင်းနှင့် သူက ရုတ်တရက် ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်။
"တော်ပါပြီ... အဲဒီအရှင် ဖြစ်ဖို့ကတော့ မဖြစ်နိုင်ပါဘူး"
"အဲဒါက တကယ်ကို ကြောက်စရာကောင်းလွန်းလို့..."
နန်းတော်သခင်က မျက်မှောင်ကြုတ်လိုက်သော်လည်း ထပ်မံ၍ အကျယ်တဝင့် မမေးတော့ဘဲ ပြောလိုက်၏။ "ထားလိုက်တော့... ငါ အလင်းကမ္ဘာက အကြီးအကဲ တစ်ဦးကို ဆင့်ခေါ် ထားပြီးပြီ"
"ကျိကျွင်း အရှင်ပဲ"
"သူ ရောက်လာပြီးရင် ပြဿနာအားလုံးကို ဖြေရှင်းနိုင်လိမ့်မယ်"
"မြင့်မြတ်နန်းတော်ရဲ့ ဂုဏ်သိက္ခာ ဆိုတာ ဒီလိုမျိုး စည်းမဲ့ကမ်းမဲ့ လာစော်ကားလို့ရတဲ့ အရာမဟုတ်ဘူး"
....
ခဏအကြာတွင် ခန်းမကြီးတစ်ခုအတွင်း၌...
ထန်ထျန်း၊ ယွမ်ပင်း၊ ကျူးကျစ်ယန်နှင့် ရှောင်ယင်တို့က ခန်းမ၏ အလယ်ဗဟိုနေရာတွင် ထိုင်နေကြသည်။
သူတို့၏ ဘေးနားတွင်မူ ကျင်းရှောက်ယွမ်၊ ကျူးမိသားစု ဘိုးဘေးနှင့် ကျူးကျစ်ယန်၏ အမည်ကို လွှဲယူထားသည့် မိန်းကလေးတို့ ရှိနေကြ၏။
ခန်းမအနီးတစ်ဝိုက်တွင်မူ စွမ်းအားကြီးမားလှသော မြင့်မြတ်နန်းတော်၏ အဆင့်မြင့်အကြီးအကဲ များနှင့် မြင့်မြတ်နန်းတော် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် အယောက် တစ်ဒါဇင်ခန့် က သူတို့ကို သားကောင်ကို ချောင်းမြောင်းနေသည့် ကျားရဲများကဲ့သို့ စိုက်ကြည့်နေကြသည်။
ဤအချိန်တွင် ကျင်းရှောက်ယွမ်တို့၏ ယခင်က မောက်မာလှသော အရှိန်အဝါများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး မျက်နှာထက်တွင် သေလူကဲ့သို့ စိတ်ပျက်အားလျော့မှုများဖြင့် ပြည့်နှက်နေတော့သည်။
ကျူးမိသားစုမှ မိန်းကလေး၏ မျက်နှာမှာမူ အလွန်အမင်း ဖြူဆုတ်နေခဲ့ရ၏၊ သူမအနေဖြင့် ဤကဲ့သို့ ကြီးကျယ်လှသော အခမ်းအနားမျိုးကို ဘယ်တုန်းက မြင်ဖူးပါအံ့နည်း။
အခြားတစ်ဖက်တွင်မူ ထန်ထျန်းတို့အဖွဲ့က အလွန် ပေါ့ပါး လွတ်လပ်နေပေသည်။
ကျူးကျစ်ယန်နှင့် ရှောင်ယင်တို့က ထန်ထျန်း၏ နောက်ကျော ကို ကြည့်ရင်း အလွန်အမင်း စိတ်အေးချမ်းသာမှုကို ခံစားနေရ၏။
ယွမ်ပင်း တစ်ဦးတည်းသာ စိုးရိမ်တကြီး ဖြစ်နေပြီး မြင့်မြတ်နန်းတော်၏ အမြင့်ဆုံးနေရာကို မကြာမကြာ လှမ်းမျှော်ကြည့်နေမိသည်၊ ထိုနေရာမှာ လက်ရှိအချိန်အထိ ဗလာကျင်းနေဆဲ ဖြစ်သည်။
"စိတ်အေးအေးထားစမ်းပါ၊ ဘာမှ ဖြစ်မှာမဟုတ်ဘူး"
ထန်ထျန်းက သူ၏ အမူအရာကြောင့် စိတ်အနည်းငယ် လှုပ်ရှားလာသဖြင့် လှမ်းပြောလိုက်၏။
ယွမ်ပင်းက သက်ပြင်းအသာချလိုက်သည်။
"နန်းတော်သခင်က ဘယ်အကြီးအကဲကို ဆင့်ခေါ် လိုက်မလဲ မသိဘူး"
"တကယ်လို့ စိတ်တိုတတ်တဲ့ အကြီးအကဲမျိုးသာ ဆိုရင်..."
"စီနီယာထန်ထျန်း ... ကျွန်တော်နဲ့ မိန်းကလေး ကျူးကျစ်ယန်ကတော့ ဘာမှမဖြစ်နိုင်ပေမဲ့ စီနီယာကတော့..."
"စီနီယာ တကယ်ပဲ မစိုးရိမ်ဘူးလား"
သူက ထန်ထျန်း၏ ဘေးကင်းမှုကို စိုးရိမ်နေခြင်း ဖြစ်ပေသည်။
ထန်ထျန်းကမူ တည်ငြိမ်စွာ ပြုံးလိုက်ရင်း ပြော၏။ "ဒါဆိုရင် မင်း ပိုလို့တောင် စိုးရိမ်စရာ မလိုတော့ဘူး"
"ငါ့အတွက်တော့ ဘယ်သူလာလာ အတူတူပဲ"
"ကျွင်းချန်ချင်း ကို ခေါ်လာရင်တောင် ကြီးကြီးမားမား ကွာခြားမှု မရှိဘူး"
ယွမ်ပင်း၏ မျက်နှာမှာ ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားခဲ့ရသည်။
ဤတစ်ကြိမ်တွင်မူ သူ အမှန်တကယ်ကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရခြင်း ဖြစ်သည်၊ ထန်ထျန်း ပြောလိုက်သည်က အထွတ်အထိပ် ကျိကျွင်း အရှင် ကို ဖြစ်ပေသည်
သို့သော် သူ တစ်စုံတရာ မတုံ့ပြန်နိုင်သေးမီမှာပင် မြင့်မြတ်နန်းတော်၏ ခန့်ညားထည်ဝါလှသော ခေါင်းလောင်းသံကြီးက မြည်ဟည်းလာခဲ့တော့သည်။
ထို့နောက် စွမ်းအားကြီးမားသော ပုံရိပ်အချို့က တစ်ဦးပြီးတစ်ဦး ဝင်ရောက်လာကြ၏။
ထိုအထဲတွင် မြင့်မြတ်နန်းတော် နန်းတော်သခင်နှင့် မဟာအကြီးအကဲ အချို့လည်း ပါဝင်နေကြသည်။
သူတို့အားလုံး၏ ရှေ့ဆုံးတွင်မူ တည်ငြိမ်အေးစက်သော မျက်နှာထားနှင့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ရှိနေပေသည်။
သူ၏ မျက်နှာထားမှာ အေးစက်လှပြီး သာမန်လူတစ်ဦးကဲ့သို့ ထင်မှတ်ရကာ သူ၏ ခန္ဓာကိုယ်မှ မည်သည့် အော်ရာ ကိုမျှ ခံစားရခြင်း မရှိချေ။
သို့သော် သူ ပေါ်လာသည်နှင့် ခန်းမအတွင်းရှိ မြင့်မြတ်နန်းတော်မှ လူအားလုံးက ထရပ်လိုက်ကြပြီး ရိုသေခန့်ညားသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ကြတော့သည်။
"ကျိကျွင်း အရှင် ကို အရိုအသေပေး ပါတယ်"
လူတိုင်းက ညီညာစွာ နှုတ်ဆက်လိုက်ကြ၏။
ရောက်လာသူမှာ အမှန်တကယ်ပင် ကျိကျွင်း တစ်ဦး ဖြစ်ပေသည်။
ထန်ထျန်းလည်း မျက်မှောင်အသာ တွန့်လိုက်မိ၏။
ဤကျိကျွင်းကို သူ မသိချေ။
သို့သော် တစ်နေရာရာတွင် မြင်ဖူးသလိုလို ခံစားချက်မျိုးတော့ ရှိနေသည်။
ထန်ထျန်း စဉ်းစားနေစဉ်မှာပင် ထိုအသက်လတ်ပိုင်း အမျိုးသားက အမြင့်ဆုံး နေရာတွင် ထိုင်လိုက်ပြီ ဖြစ်သည်။
သူ၏ အေးစက်သော မျက်ဝန်းများက အောက် သို့ ဝေ့ဝဲကြည့်လိုက်ရာ ခန်းမတစ်ခုလုံးက အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့ရတော့သည်။
"အလင်းကမ္ဘာရဲ့ အောက်ခြေ မှာ ဒီလိုမျိုး ယုတ်မာပက်စက်တဲ့ ကိစ္စတွေ ဖြစ်နေတယ်"
"မင်းတို့တွေ ဘာလုပ်နေကြတာလဲ"
သူ၏ အသံမှာ ညင်သာသော်လည်း လူကို ကြက်သီးထ စေသည့် အစွမ်း ရှိပေသည်။
ဘေးနားရှိ မြင့်မြတ်နန်းတော် နန်းတော်သခင်မှာ ချက်ချင်းပင် ဒူးထောက်လိုက်ပြီး ရိုသေစွာ လျှောက်တင်လိုက်၏။ "ငယ်သားရဲ့ ပေါ့ဆမှုကြောင့်ပါ"
"ငယ်သား အပြစ်အားလုံးကို ခံယူဖို့ အသင့်ရှိပါတယ်"
သူက တာဝန်ရှိသမျှကို သူ့အပေါ်သို့သာ လွှဲပြောင်းယူလိုက်ခြင်း ဖြစ်သည်။
အသက်လတ်ပိုင်း အမျိုးသားက သူ့ကို တိတ်ဆိတ်စွာ ခဏမျှ ကြည့်နေပြီးနောက် လက်ကို အသာအယာ မြှောက်လိုက်၏။
"ထတော့"
"နောက်တစ်ကြိမ် ဒီလိုကိစ္စမျိုး ထပ်ဖြစ်ရင်တော့ မင်း အလင်းကမ္ဘာကို ပြန်လာဖို့ မစဉ်းစားနဲ့တော့"
နန်းတော်သခင်က အလျင်အမြန်ပင် ဦးညွှတ်လိုက်ရင်း ပြော၏။ "အကြီးအကဲကို ကျေးဇူးတင်ပါတယ်"
"ငယ်သား နှလုံးသွင်း မှတ်သားထားပါ့မယ်"
သူကတော့ ဤကဲ့သို့သော ကိစ္စမျိုးကို နောက်ထပ် မဖြစ်ပွားစေတော့မှာ သေချာပါသည်၊ အမှန်တကယ်တော့ ဒါက နှစ်ပေါင်း ခုနစ်ရာကျော်အတွင်း ပထမဆုံးအကြိမ် အကြီးအကျယ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပေသည်။ နောက်နောင်တွင် အနည်းငယ် သတိထားလိုက်ရုံမျှဖြင့် အဆင်ပြေပေလိမ့်မည်။
မြင့်မြတ်နန်းတော်မှ လူများကို ပြစ်တင်ဆူပူ ပြီးနောက် အသက်လတ်ပိုင်း အမျိုးသားက အောက်ခြေသို့ မျှော်ကြည့်လိုက်ရာ မျက်လုံးများက ကျင်းရှောက်ယွမ် အပေါ်သို့ ကျရောက်သွားခဲ့သည်။
"တာဝန်ခံ ဖြစ်ပါလျက်နဲ့ ဥပဒေကို သိရက်နဲ့ ချိုးဖောက်တယ်"
"ခွင့်မလွှတ်နိုင်ဘူး"
"သတ် စေ"
ပြောပြီးနောက် သူက လက်ညှိုးဖြင့် အသာအယာ တောက်လိုက်ရာ မမြင်နိုင်သော စွမ်းအားတစ်ခုက ကျင်းရှောက်ယွမ်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့သည်။
ချက်ချင်းပင် ကျင်းရှောက်ယွမ်၏ ကျင့်ကြံခြင်း အဆင့် အားလုံးမှာ ပိတ်ဆို့ခံလိုက်ရပြီး တစ်ကိုယ်လုံး တောင့်တင်းကာ လှုပ်ရှား၍ မရတော့ချေ။
စကားပင် မပြောနိုင်တော့ဘဲ သူ၏ အလွန်အမင်း မျှော်လင့်ချက်မဲ့နေသော မျက်နှာအမူအရာကိုသာ မြင်တွေ့ရတော့သည်။
အသက်လတ်ပိုင်း အမျိုးသား၏ ရိုးရှင်းလှသော စီရင်ချက်တစ်ခုက သူ့ကို တိုက်ရိုက် သေဒဏ်ပေးလိုက်ခြင်း ပင် ဖြစ်၏။
ဒါတွေကို လုပ်ဆောင်ပြီးနောက် သူက ကျူးမိသားစု ဘိုးဘေးကို ထပ်မံ ကြည့်လိုက်ပြန်သည်။
"ကျူးမိသားစု... ယန်ကွမ်းမြို့မှာ ထပ်ပြီး ပေါ်လာဖို့ မလိုတော့ဘူး"
ဤတစ်ကြိမ်၏ စီရင်ချက်က ကျင်းရှောက်ယွမ်ထက်ပင် ပိုမို ရိုးရှင်းပြီး ပြတ်သားလှပေသည်။
ကျူးမိသားစု ဘိုးဘေးမှာ ချက်ချင်းပင် ပျာယာခတ်သွားပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ "အကြီးအကဲ... အရှင် အနေနဲ့..."
နှမြောစရာကောင်းသည်မှာ သူ စကားပင် မဆုံးသေးမီမှာပင် အသက်လတ်ပိုင်း အမျိုးသားက လက်ညှိုးနှစ်ချောင်းဖြင့် အသာအယာ ဝှေ့ယမ်းလိုက်သည်။
လေပြေကဲ့သို့ ဓားသွားတစ်ခုက လျင်မြန်စွာ ဖြတ်သန်းသွားခဲ့ရာ ကျူးမိသားစု ဘိုးဘေးမှာ ချက်ချင်းပင် အသက်ပျောက်သွားခဲ့ရတော့သည်။
ဤကဲ့သို့ ထက်မြက်ပြီး ပြတ်သားလှသော နည်းလမ်းကြောင့် ခန်းမတစ်ခုလုံးမှာ ကြောက်ဒူးတုန်သွားခဲ့ရပြီး အသက်ပင်မရှူ ရဲကြတော့ချေ။
သို့သော် ထန်ထျန်းကမူ အသာအယာ ခေါင်းညိတ်လိုက်မိ၏။
ကိုင်တွယ်ပုံ မဆိုးပေ။
ကြည့်ရသည်မှာ မြင့်မြတ်နန်းတော်က သူ ယခင်က တွေးထားသလောက် ဆိုးဝါးမနေခဲ့ချေ၊ အနည်းဆုံးတော့ ဥပဒေက အလွန် တင်းကျပ်လှပေသည်။
ကျူးမိသားစု ဘိုးဘေးကို ဖြေရှင်းပြီးနောက်တွင်မှ အသက်လတ်ပိုင်း အမျိုးသားက ထန်ထျန်းတို့အဖွဲ့ကို ကြည့်လိုက်တော့သည်။
"ယွမ်ပင်းက အာဏာကို မကြောက်ဘဲ အမှန်တရားကို စုံစမ်းဖော်ထုတ်ခဲ့တဲ့အတွက် ဆုလာဘ် ပေးသင့်တယ်"
"ကျူးကျစ်ယန်ကတော့ ယန်ကွမ်းလမ်းရဲ့ အရည်အချင်းကို ပြန်လည် ရရှိစေရမယ်"
"မင်းတို့တွေ မြင့်မြတ်နန်းတော်ထဲကို ဇွတ်ဝင်လာခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့... မြင့်မြတ်နန်းတော်ရဲ့ ဂုဏ်သိက္ခာ ကို ဘယ်သူကမှ လာ စော်ကားလို့မရဘူး ဆိုတာ မင်းတို့ သိထားဖို့လိုတယ်"
ပြောပြီးနောက် သူ၏ အေးစက်သော မျက်ဝန်းများက ပထမဆုံးအကြိမ်အဖြစ် ထန်ထျန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။
သို့သော်လည်း သူ ထန်ထျန်း၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါတွင်မူ နေရာမှာတင် ကြောင်အ သွားခဲ့ရတော့၏။
ထို့နောက်တွင် ကြောက်ရွံ့ထိတ်လန့်မှုနှင့် လုံးဝ မယုံကြည်နိုင်မှုတို့က ရူးသွပ်စွာ ရောပြွမ်းသွားခဲ့ရသည်။
"မင်းက... မင်းက အသက်ရှင်နေသေးတာပဲလား"
အသက်လတ်ပိုင်း အမျိုးသားက နေရာမှ ဝုန်းခနဲ ထရပ်လိုက်ပြီး လန့်ဖျတ်စွာ အော်ဟစ်လိုက်တော့သည်။
ထန်ထျန်းကမူ တည်ငြိမ်စွာ ပြုံးလိုက်၏။
"မင်းလည်း ပြန်ရှင်လာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး"
သူ သတိ ရသွားခဲ့ပြီ ဖြစ်သည်၊ ဤအလင်းကမ္ဘာမှ အကြီးအကဲ၊ အသက်လတ်ပိုင်း ကျိကျွင်းမှာ...
ထိုစဉ်က နေနတ်ဘုရားက သက်ရှိ ဧကရာဇ်နန်းတော်ကို ဝိုင်းဝန်းတိုက်ခိုက်စဉ်က ဧကရာဇ်နန်းတော်ဘက်မှ အဖွဲ့ဝင်တစ်ဦး ဖြစ်ပေသည်။
သူ မမှားဘူးဆိုလျှင် ထိုသူက ကျွင်းချန်ချင်း၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ သူက ကောင်းမွန်စွာဖြင့် သူ့ ရှေ့မှောက်သို့ ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
လူနှစ်ဦးမှာ ဟင်းလင်းပြင်ကို ဖြတ်သန်း၍ အကြည့်ချင်း ဆုံလိုက်ကြပြီးနောက် တိုတောင်းလှသော တုန်လှုပ်မှုအပြီးတွင် အသက်လတ်ပိုင်း အမျိုးသား၏ ဘေးနား၌ ပြင်းထန်လှသော ဟင်းလင်းပြင် စွမ်းအားများ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
သို့သော်လည်း ထန်ထျန်း၏ စကားသံက ကပ်လျက် ထွက်ပေါ်လာခဲ့၏။
"ငါက မင်းကို သွားခွင့်ပြုလို့လား"