← Chapters

အခန်း ၉၂၂

Vol. 88 Ch. 922

အခန်း ၉၂၂

Vol. 88 Ch. 922

အခန်း (၉၂၂) ကျူးကျိယွီကို ရှာတွေ့ခြင်း

​ဟင်းလင်းပြင်ကြီးကား အတိုင်းအဆမဲ့ ကျယ်ပြောလှပေသည်။

​သို့သော် ထန်ထျန်းအတွက်မူ ဤသည်မှာ သာမန်လမ်း တစ်ခုနှင့် သိပ်ပြီး ကွာခြားလှသည်မဟုတ်ချေ။

​အင်မော်တယ် ဓားမှတစ်ဆင့် ကျူးကျိယွီ၏ တိကျသော တည်နေရာကို အတည်ပြုပြီးနောက် ထန်ထျန်းက ကျူးကျစ်ယန်နှင့် ရှောင်ယင်တို့ကို ခေါ်ဆောင်ကာ ဟင်းလင်းပြင်ကို တိုက်ရိုက်ဖြတ်သန်း၍ သူရှိရာ နေရာသို့ အလျင်အမြန် ခရီးနှင်ခဲ့တော့သည်။

​လမ်းပြအဖြစ် ချန်ယုံရှင်းလည်း အတူပါဝင်လာခဲ့၏။

​မြင့်မြတ်နန်းတော်၏ ပင်မတောင်ထိပ်တွင် ထန်ထျန်းတစ်ယောက် သူပြန်လည်ရောက်ရှိလာသည့် သတင်းကို အလုံးစုံ ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ရာ တစ်ကမ္ဘာလုံးက မကြာမီ သိရှိသွားကြလိမ့်မည် ဖြစ်သည်။

​ကျွင်းချန်ချင်းလည်း သူ့ကို လာရောက်ရှာဖွေကောင်း ရှာဖွေနိုင်သလို... ရှောင်းရွှယ်လည်း ...

​သို့သော် ဤကိစ္စများ မတိုင်မီ ကျူးကျိယွီတွင် အမှန်တကယ် မည်သည့်အခြေအနေမျိုး ဖြစ်ပွားနေသည်ကို ထန်ထျန်း အရင်ဆုံး ရှင်းရှင်းလင်းလင်း သိရှိအောင် လုပ်ဆောင်ရမည် ဖြစ်ပေသည်။

​ထန်ထျန်း၏ အရှိန်က အလွန်မြန်ဆန်လှသဖြင့် မကြာမီ အချိန်အတွင်းမှာပင် ကြီးမားကျယ်ပြန့်လှသော ကမ္ဘာတစ်ခုက သူတို့၏ ရှေ့မှောက်သို့ ပေါ်ထွက်လာခဲ့သည်။

​ဤကမ္ဘာမှာ သိသိသာသာ ပြုပြင်မွမ်းမံထားခြင်း ဖြစ်ပြီး ၎င်း၏ အကျယ်အဝန်းက သာမန်ကမ္ဘာငယ်များထက် အဆပေါင်းများစွာ သာလွန်ကြီးမားလှပေသည်။

​ထို့ပြင် ၎င်း၏ အပြင်ဘက်တွင် အလွှာပေါင်း သောင်းချီရှိသော မဟာကောင်းကင် အစီအရင် ကြီးကို ဖြန့်ကြက်ထားပြီး ပြင်ပမှ ဟင်းလင်းပြင်မုန်တိုင်းများ၏ တိုက်စားမှုကို ဟန့်တားထားသည့်အပြင် ပြင်ပ၏ စုံစမ်းစစ်ဆေးမှုများကိုလည်း ကာကွယ်ထားကာ သူ့ကိုယ်သူ ဟင်းလင်းပြင်ထဲတွင် ဖုံးကွယ်ထားခြင်း ဖြစ်သည်။

​အကယ်၍ မည်သူမျှ လာရောက်မနှောင့်ယှက်ပါက ဤကမ္ဘာကြီးသည် အနည်းဆုံး နှစ်ပေါင်း သန်းချီတိုင်အောင် ဆက်လက်တည်ရှိနေနိုင်ပေလိမ့်မည်။

​၎င်းကို ပုန်းအောင်းစရာနေရာကောင်း တစ်ခုဟု ဆိုနိုင်ပေသည်။

​"ဒါကြောင့်မို့လည်း ကျွန်တော်တို့ ကယ်တင်ခြင်းမဟာမိတ်အဖွဲ့ရဲ့ တည်နေရာကို တစ်လျှောက်လုံး ရှာမတွေ့ခဲ့တာကိုး"

​သူတို့ရှေ့ရှိ ထပ်ဆင့်ဖြန့်ကြက်ထားသော အစီအရင်များကို ကြည့်ရှုရင်း ချန်ယုံရှင်းက မချီးမွမ်းဘဲ မနေနိုင်အောင် ရေရွတ်လိုက်မိ၏။

​ထန်ထျန်းကမူ ခပ်ဖွဖွ ပြုံးလိုက်ရင်း ပြောသည်။ "ရှာမတွေ့နိုင်စရာ အကြောင်းမရှိပါဘူး၊ မင်းတို့က သူတို့ကို မလှုပ်ရှား သေးတာ သက်သက်ပါ"

​"ကဲ... အရင် ဝင်ကြစို့"

​ပြောပြီးသည်နှင့် ထန်ထျန်းက သူ၏ လက်ညှိုးကို ဆန့်ထုတ်ကာ ဟင်းလင်းပြင်ထဲသို့ ထိုး လိုက်သည်။

​ထို့နောက် တည်ငြိမ်လှသော နေရာလွတ် လိုဏ်ခေါင်းတစ်ခုက သူတို့၏ ရှေ့မှောက်တွင် ပေါ်ပေါက်လာခဲ့၏။

​ထန်ထျန်း၏ ဦးဆောင်မှုအောက်တွင် လူအုပ်စုက နေရာလွတ် လိုဏ်ခေါင်းထဲသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့ကြတော့သည်။

......

​ကျယ်ပြောလှသော မြေအောက်နေရာလွတ် တစ်ခုအတွင်း

​ထိုနေရာ၏ ပုံသဏ္ဌာန်မှာ ဘဲဥပုံစံ ရှိပြီး လှဲလျောင်းထားသော ကြက်ဥတစ်လုံးနှင့် တူလှပေသည်။

​ပတ်ပတ်လည်ရှိ နံရံများပေါ်တွင်မူ တောက်ပသော ခရစ်စတယ် အမြောက်အမြားကို စီခြယ်ထားသဖြင့် မြေအောက်ကမ္ဘာတစ်ခုလုံးကို ထိန်ထိန်လင်းစေကာ မည်သည့်အရာမျှ ပုန်းကွယ်နေ၍ မရနိုင်ချေ။

​ထိုနေရာ၏ ဗဟိုချက်တွင်မူ မဟာအစီအရင်ကြီးတစ်ခုက ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေပြီး ကြောက်မက်ဖွယ်ကောင်းသော အစီအရင်လှိုင်းတံပိုးများက ၎င်းကို အထပ်ထပ် ဝန်းရံထားသည်။

​အစီအရင်ကြီး၏ အပေါ်တွင်မူ အသက် ဆယ်နှစ်ခန့်သာ ရှိသေးမည့် ကောင်လေးတစ်ဦးက မျက်လုံးများကို စုံမှိတ်ကာ တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေ၏။

​အစီအရင်၏ အပြင်ဘက် ဟင်းလင်းပြင်ထဲတွင်မူ လူရိပ်နှစ်ခု မတ်တတ်ရပ်လျက် အစီအရင်ပေါ်ရှိ ကောင်လေးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။

​အကယ်၍ ထန်ထျန်းသာ ယခုအချိန်တွင် ဤနေရာ၌ ရှိနေပါက ထိုလူနှစ်ဦးစလုံးမှာ သူ၏ မိတ်ဆွေ ဟောင်း များ ဖြစ်နေသည်ကို ချက်ချင်း မှတ်မိလိမ့်မည် ဖြစ်သည်။

​၎င်းတို့မှာ လုံကျိုကျိုးနှင့် ချန်တာအို ကျိကျွင်းတို့ပင် ဖြစ်ကြ၏။

​နှစ်ဦးသား အတော်ကြာအောင် မတ်တတ်ရပ်နေပြီးမှ လုံကျိုကျိုးက ဖြည်းညှင်းစွာ စကားစလိုက်သည်။

​"အခုထိ အဆင်မပြေသေးဘူးလား"

​ချန်တာအို ကျိကျွင်းက သက်ပြင်းအသာချရင်း ပြော၏။ "အရမ်းခက်ခဲတယ်..."

​"ငါ့ အနေနဲ့ ပြီးပြည့်စုံတဲ့ ကမ္ဘာ့အသွင်ကို ဆင့်ကဲပြောင်းလဲဖို့ လိုအပ်တယ်၊ ဒီလုပ်ငန်းစဉ်က အရမ်းကို ရှုပ်ထွေးလွန်းတယ်"

​"နှစ်နှစ်ရှိသွားပြီ ဖြစ်ပေမဲ့ ပထမဆုံးအဆင့်ကိုတောင် အကြွင်းမဲ့ မပြီးမြောက်နိုင်သေးဘူး"

​လုံကျိုကျိုး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။ "ခန့်မှန်းခြေ ဘယ်လောက်ကြာဦးမလဲ"

​ချန်တာအို ကျိကျွင်းက ခေတ္တမျှ စဉ်းစားပြီးနောက် ပြော၏။ "တကယ်လို့ ငါ တို့ရဲ့ ရည်မှန်းချက်ကို အပြည့်အဝ အောင်မြင်ချင်တယ်ဆိုရင်တော့..."

​"ကြောက်စရာကောင်းတာက အနည်းဆုံး နှစ်ပေါင်း ငါးထောင်လောက်တော့ လိုလိမ့်မယ်"

​လုံကျိုကျိုး ချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့ရသည်။

​"ဒါပေမဲ့ ငါ တို့မှာ နှစ်ပေါင်း နှစ်ရာကျော်ပဲ အချိန်ကျန်တော့တာလေ"

​ချန်တာအို ကျိကျွင်းက ညည်းတွားသံဖြင့် သက်ပြင်းချလိုက်ပြန်သည်။ "ငါ သိပါတယ်"

​"ဒါပေမဲ့ လက်တွေ့အခြေအနေက ဒီလိုဖြစ်နေတာပဲ"

​"ဒီကိစ္စက သာမန်သက်ရှိတွေ လုပ်ဆောင်နိုင်တဲ့ အရာမဟုတ်ဘူး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ်ရာကျော်တုန်းက အဲဒီလူရဲ့ လမ်းညွှန်ပြသမှုကို ခံရလို့သာ တစ်ဆင့်ထိုးထွင်းသိမြင်ခဲ့တာ၊ မဟုတ်ရင် အောင်မြင်ဖို့ ဘယ်လိုမှ ဖြစ်နိုင်ခြေ ရှိမှာမဟုတ်ဘူး"

​လုံကျိုကျိုးကလည်း သက်ပြင်းချလိုက်မိသည်။

​"ဟုတ်ပါတယ်..."

​"ဒီကိစ္စကို မင်းတစ်ယောက်ပဲ လုပ်နိုင်တာ"

​"ကမ္ဘာ့နိယာမ တွေအပေါ် နားလည်မှုပိုင်းမှာတော့ လက်ရှိ ကယ်တင်ခြင်းမဟာမိတ်အဖွဲ့ တစ်ခုလုံးမှာ မင်းနဲ့ ယှဉ်နိုင်တဲ့လူ မရှိဘူး"

​"မင်းအတွက် ကူညီပေးမယ့်လူ အချို့ကို ရှာပေးချင်ပေမဲ့ ရှာလို့မရဘူး ဖြစ်နေတယ်"

​ချန်တာအို ကျိကျွင်းက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်၏။ "အမှန်တော့..."

​"ဒီကိစ္စမှာ ငါ တို့ကို ကူညီပေးနိုင်တဲ့လူ ရှိပါတယ်"

​လုံကျိုကျိုး၏ မျက်ဝန်းများ လှုပ်ရှားသွားပြီးနောက် လေးနက်သော လေသံဖြင့် ပြော၏။ "မဖြစ်ဘူး..."

​"သူမကတော့ မရဘူး"

​ချန်တာအို ကျိကျွင်းက နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။ "ကျိုကျိုး... ငါ တို့နဲ့ ရှေးဟောင်းမြင့်မြတ်နယ်မြေ အကြားမှာ အမှန်တကယ်တော့ ရန်ငြိုးရန်စတွေ အဲဒီလောက် မရှိပါဘူး"

​"ငါ တို့တွေ အချင်းချင်း ကြားထဲမှာလည်း အမြင်မကြည်တာ တွေ မဖြစ်သင့်ဘူး"

​"ငါ တို့က ထန်ထျန်းကို စိုးရိမ်ပြီး သူ့ကို မယုံကြည်ဘူးဆိုရင်တောင် သူက သေဆုံး သွားခဲ့ပြီပဲ"

​"ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေတာကမှ လက်ရှိ ပြဿနာကို ဖြေရှင်းဖို့အတွက် ငါ တို့ရဲ့ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ်"

​လုံကျိုကျိုးက ခေါင်းခါပြလိုက်၏။

​"ချန်တာအို... မင်း အခုထိ နားမလည်သေးဘူး"

​"ထန်ထျန်းနဲ့ ပတ်သက်ပြီးတော့ ငါ့မှာ အဲဒီလောက်အထိ ကြီးမားတဲ့ မုန်းတီးမှုမျိုး မရှိပါဘူး၊ သူက နေနတ်ဘုရားကို သတ်ခဲ့ပြီး နေ၊ လ၊ ကြယ် မူလ ကမ္ဘာသုံးခုစလုံးကို ဝါးမြိုခဲ့ရင်တောင်မှပေါ့"

​"ဘာလို့လဲဆိုတော့ ငါ သူ့ကို အကဲခတ်လို့ မရတဲ့အတွက် သူ့အပေါ် တိကျတဲ့ ဆုံးဖြတ်ချက် မချနိုင်လို့ပဲ"

​"ဒါပေမဲ့ ကုရှောင်းရွှယ်ကိုတော့ ငါ အကဲခတ်လို့ ရတယ်"

​"သူမရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ရည်ရွယ်ချက် တစ်ခုတည်းပဲ ရှိတယ်၊ အဲဒါက ထန်ထျန်းကို ရှာဖို့ပဲ"

​"တကယ်လို့ သူမကိုသာ ငါတို့ရဲ့ အစီအစဉ်ထဲမှာ ပါဝင်ပတ်သက်ခွင့် ပြုလိုက်မယ်ဆိုရင် အဲဒီအချက်ကြောင့်ပဲ ပြင်းထန်တဲ့ သဘောထားကွဲလွဲမှုတွေ သေချာပေါက် ဖြစ်လာလိမ့်မယ်"

​"အဲဒီအချိန်ကျရင် ပူးပေါင်းဆောင်ရွက်ဖို့ နေနေသာသာ ငါတို့နှစ်ဖက် အရင်ဆုံး တိုက်ခိုက်ကြရလိမ့်မယ်"

​"ဒါက ငါ အစိုးရိမ်ဆုံး အချက်ပဲ"

​လုံကျိုကျိုး၏ စကားကို ကြားရသောအခါ ချန်တာအို ကျိကျွင်း တိတ်ဆိတ်သွားခဲ့ရသည်။

​အတော်ကြာမှ ဖြည်းညှင်းစွာ ပြောလိုက်၏။ "ဒါဆို... တကယ်လို့များ သူမ တွေးတာကမှ မှန်နေခဲ့ရင်ကော"

​လုံကျိုကျိုး မျက်မှောင်ကြုတ်လိုက်သည်။ "သူမ လား"

​"မျှော်လင့်ချက် အားလုံးကို ထန်ထျန်းအပေါ်မှာပဲ ပုံအောပြီး... နှစ်ပေါင်း ခုနစ်ရာကျော်ကြာ ပျောက်ကွယ်နေတဲ့ လူတစ်ယောက်က ကမ္ဘာကြီးကို ကယ်တင်ဖို့ လာလိမ့်မယ်လို့ မျှော်လင့်နေတာလား"

​"ချန်တာအို... ဒါက စိတ်ကူးယဉ် အိပ်မက်သက်သက်ပဲ"

​"ဒါက ဘယ်လိုမှ ဖြစ်မလာနိုင်တဲ့ လှည့်စားမှုတစ်ခုပဲ"

​ချန်တာအို ကျိကျွင်းက တိုးညှင်းသော လေသံဖြင့် မေးလိုက်၏။ "ဒါဆို ဘာလို့ ချီလင်မိန်းကလေး တို့ကော... ရှေးဟောင်းမြင့်မြတ်နယ်မြေ ဘက်ကနေ ရပ်တည်နေကြတာလဲ"

​လုံကျိုကျိုး ဆွံ့အသွားခဲ့ရသည်။

​ဟုတ်ပေသည်။

​သူသည် ယခင်က ချီလင်မိန်းကလေး ၊ ဟင်းလင်းပြင်ဝိညာဉ် အစရှိသည့် အင်အားကြီးမားသော ကမ္ဘာ့ဝိညာဉ်များကို ကယ်တင်ခြင်းမဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ဖူးသော်လည်း ငြင်းပယ်ခြင်းကိုသာ ခံခဲ့ရသည်။

​သူတို့က ကယ်တင်ခြင်းမဟာမိတ်အဖွဲ့သည် အဓိပ္ပာယ်မရှိဟု ယူဆကြပြီး ကျွင်းချန်ချင်း တည်ရှိနေသရွေ့ အားလုံးမှာ အချည်းနှီးသာ ဖြစ်လိမ့်မည်ဟု ယူဆခဲ့ကြသည်။

​သို့သော် နောက်ဆုံးတွင်မူ သူတို့က ရှေးဟောင်းမြင့်မြတ်နယ်မြေ ထဲသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြသည်။

​ဤသည်မှာလည်း လုံကျိုကျိုး နားမလည်နိုင်ဆုံး အချက်တစ်ချက် ဖြစ်ပေသည်။

​ဤကမ္ဘာကြီးက အမှန်တကယ်ပင် နှစ်ပေါင်း ခုနစ်ရာကျော် ပျောက်ကွယ်သွားခဲ့သည့်အပြင် တစ်ကမ္ဘာလုံးကို ကိုယ်တိုင် ဝါးမြိုရန်အထိ လုပ်ဆောင်လုနီးပါး ဖြစ်ခဲ့သည့် လူတစ်ယောက်အပေါ်မှာပဲ မျှော်လင့်ချက် ထားရတော့မည်လား။

​လုံကျိုးကျိုး တစ်ယောက် ဆွံ့အ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ချန်တာအို ကျိကျွင်းက နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်ပြန်ရင်း ပြော၏။ "ကျိုကျိုး..."

​"မင်းနဲ့ ငါ အမှန်တကယ်တော့ သိကြပါတယ်၊ ငါတို့ ကယ်တင်ခြင်းမဟာမိတ်အဖွဲ့ အခုထက်ထိ ဆက်လက် တည်ရှိနေနိုင်တာက ကျွင်းချန်ချင်းက ငါတို့ကို အရေးလုပ်ပြီး မနှိမ်နင်းချင်သေးလို့ပဲ"

​"တစ်နေ့နေ့မှာ သူက ဒီနေရာကို မျက်စိကျလာတာနဲ့အမျှ ငါတို့ ပျက်သုဉ်းမယ့် အချိန်ရောက်လာလိမ့်မယ်"

​"သူ့ကို ဘယ်သူမှ ယှဉ်လို့မရဘူး"

​"သူ့ကို တားဆီးနိုင်ခြေ ရှိတာဆိုလို့ တစ်ယောက်ပဲ ရှိတယ်"

​လုံကျိုကျိုး ဘာစကားမျှ ပြန်မပြောတော့ချေ။

​သူက ဤအမှန်တရားများကို မည်သို့လျှင် နားမလည်ဘဲ ရှိပါအံ့နည်း။

​သူက သူ့ ကံကြမ္မာကို သူတစ်ပါး လက်ထဲသို့ အလုံးစုံ ပုံမအပ်ချင်ရုံသာ ဖြစ်သည်။

​သူက ဤကမ္ဘာကြီးအတွက် တစ်ခုခုကို ထပ်မံ လုပ်ပေးချင်ရုံ သက်သက်သာ ဖြစ်ပေသည်။

​"ငါ့ကို ထပ်ပြီး စဉ်းစားခွင့်ပေးပါဦး"

​အတော်ကြာမှ လုံကျိုကျိုးက ပြော သည်။ "မင်း အရင်ဆုံး ကျူးကျိယွီဘက်ကနေ ဆက်ပြီး အောင်မြင်အောင် လုပ်ဆောင်ထားလိုက်၊ ရသလောက် ထိုးဖောက်ထားပေါ့"

​"ပြီးရင်... သူ့ရဲ့ မူလ စွမ်းအားကို ထုတ်ယူဖို့အတွက် အချိန်မရွေး အဆင်သင့် ပြင်ထားပါ"

​ချန်တာအို ကျိကျွင်းက တိုးညှင်းစွာ ပြော၏။ "ဒါဆိုရင် သူ သေသွားလိမ့်မယ်"

​"ငါတို့လည်း ဖြစ်နိုင်ခြေအားလုံးကို အကြွင်းမဲ့ ဆုံးရှုံးသွားလိမ့်မယ်"

​လုံကျိုကျိုးက ခေါင်းညိတ်သည်။ "ငါ သိပါတယ်"

​"တကယ်လို့ အဲဒီအခြေအနေအထိ ရောက်သွားခဲ့မယ်ဆိုရင်..."

​"ငါ ကိုယ်တိုင် လုပ်မယ်"

​"အနည်းဆုံးတော့ ငါတို့ရဲ့ ကမ္ဘာကြီးကို ပိုပြီး ကြီးမားအောင် လုပ်နိုင်ပြီး တည်ရှိနိုင်မယ့် အချိန်ကို ပိုပြီး ဆွဲဆန့်နိုင်လိမ့်မယ်"

​ချန်တာအို ကျိကျွင်းက သက်ပြင်းချလိုက်ပြီး ထပ်မံ၍ ငြင်းခုံခြင်း မပြုတော့ချေ။

​ထို့နောက် နှစ်ဦးသား အခြားအကြောင်းအရာ အချို့ကို ထပ်မံ စကားပြောဆိုပြီးနောက် လုံကျိုကျိုးက ဤမြေအောက်ကမ္ဘာမှ ထွက်သွားခဲ့တော့သည်။

​သို့သော် လုံကျိုကျိုး ထွက်သွားသည့် တစ်ပြိုင်နက်တည်းမှာပင်

​လူရိပ်အချို့က အစီအရင်အားလုံးကို ဖြတ်သန်းကာ မဟာအစီအရင်ကြီး၏ အပေါ်သို့ ပုံရိပ်ယောင်အလား ပေါ်ထွက်လာခဲ့ကြသည်။

​"ဘယ်သူလဲ"

​ချန်တာအို ကျိကျွင်းက ချက်ချင်း လှည့်ကြည့်လိုက်၏။

​သို့သော် နောက်တစ်စက္ကန့်တွင်မူ သူက နေရာ၌တင် တောင့်တင်းကာ ကြောင်အ သွားခဲ့ရတော့သည်။

All Chapters