အခန်း ၉၂၂
Vol. 88 Ch. 922
အခန်း (၉၂၂) ကျူးကျိယွီကို ရှာတွေ့ခြင်း
ဟင်းလင်းပြင်ကြီးကား အတိုင်းအဆမဲ့ ကျယ်ပြောလှပေသည်။
သို့သော် ထန်ထျန်းအတွက်မူ ဤသည်မှာ သာမန်လမ်း တစ်ခုနှင့် သိပ်ပြီး ကွာခြားလှသည်မဟုတ်ချေ။
အင်မော်တယ် ဓားမှတစ်ဆင့် ကျူးကျိယွီ၏ တိကျသော တည်နေရာကို အတည်ပြုပြီးနောက် ထန်ထျန်းက ကျူးကျစ်ယန်နှင့် ရှောင်ယင်တို့ကို ခေါ်ဆောင်ကာ ဟင်းလင်းပြင်ကို တိုက်ရိုက်ဖြတ်သန်း၍ သူရှိရာ နေရာသို့ အလျင်အမြန် ခရီးနှင်ခဲ့တော့သည်။
လမ်းပြအဖြစ် ချန်ယုံရှင်းလည်း အတူပါဝင်လာခဲ့၏။
မြင့်မြတ်နန်းတော်၏ ပင်မတောင်ထိပ်တွင် ထန်ထျန်းတစ်ယောက် သူပြန်လည်ရောက်ရှိလာသည့် သတင်းကို အလုံးစုံ ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ရာ တစ်ကမ္ဘာလုံးက မကြာမီ သိရှိသွားကြလိမ့်မည် ဖြစ်သည်။
ကျွင်းချန်ချင်းလည်း သူ့ကို လာရောက်ရှာဖွေကောင်း ရှာဖွေနိုင်သလို... ရှောင်းရွှယ်လည်း ...
သို့သော် ဤကိစ္စများ မတိုင်မီ ကျူးကျိယွီတွင် အမှန်တကယ် မည်သည့်အခြေအနေမျိုး ဖြစ်ပွားနေသည်ကို ထန်ထျန်း အရင်ဆုံး ရှင်းရှင်းလင်းလင်း သိရှိအောင် လုပ်ဆောင်ရမည် ဖြစ်ပေသည်။
ထန်ထျန်း၏ အရှိန်က အလွန်မြန်ဆန်လှသဖြင့် မကြာမီ အချိန်အတွင်းမှာပင် ကြီးမားကျယ်ပြန့်လှသော ကမ္ဘာတစ်ခုက သူတို့၏ ရှေ့မှောက်သို့ ပေါ်ထွက်လာခဲ့သည်။
ဤကမ္ဘာမှာ သိသိသာသာ ပြုပြင်မွမ်းမံထားခြင်း ဖြစ်ပြီး ၎င်း၏ အကျယ်အဝန်းက သာမန်ကမ္ဘာငယ်များထက် အဆပေါင်းများစွာ သာလွန်ကြီးမားလှပေသည်။
ထို့ပြင် ၎င်း၏ အပြင်ဘက်တွင် အလွှာပေါင်း သောင်းချီရှိသော မဟာကောင်းကင် အစီအရင် ကြီးကို ဖြန့်ကြက်ထားပြီး ပြင်ပမှ ဟင်းလင်းပြင်မုန်တိုင်းများ၏ တိုက်စားမှုကို ဟန့်တားထားသည့်အပြင် ပြင်ပ၏ စုံစမ်းစစ်ဆေးမှုများကိုလည်း ကာကွယ်ထားကာ သူ့ကိုယ်သူ ဟင်းလင်းပြင်ထဲတွင် ဖုံးကွယ်ထားခြင်း ဖြစ်သည်။
အကယ်၍ မည်သူမျှ လာရောက်မနှောင့်ယှက်ပါက ဤကမ္ဘာကြီးသည် အနည်းဆုံး နှစ်ပေါင်း သန်းချီတိုင်အောင် ဆက်လက်တည်ရှိနေနိုင်ပေလိမ့်မည်။
၎င်းကို ပုန်းအောင်းစရာနေရာကောင်း တစ်ခုဟု ဆိုနိုင်ပေသည်။
"ဒါကြောင့်မို့လည်း ကျွန်တော်တို့ ကယ်တင်ခြင်းမဟာမိတ်အဖွဲ့ရဲ့ တည်နေရာကို တစ်လျှောက်လုံး ရှာမတွေ့ခဲ့တာကိုး"
သူတို့ရှေ့ရှိ ထပ်ဆင့်ဖြန့်ကြက်ထားသော အစီအရင်များကို ကြည့်ရှုရင်း ချန်ယုံရှင်းက မချီးမွမ်းဘဲ မနေနိုင်အောင် ရေရွတ်လိုက်မိ၏။
ထန်ထျန်းကမူ ခပ်ဖွဖွ ပြုံးလိုက်ရင်း ပြောသည်။ "ရှာမတွေ့နိုင်စရာ အကြောင်းမရှိပါဘူး၊ မင်းတို့က သူတို့ကို မလှုပ်ရှား သေးတာ သက်သက်ပါ"
"ကဲ... အရင် ဝင်ကြစို့"
ပြောပြီးသည်နှင့် ထန်ထျန်းက သူ၏ လက်ညှိုးကို ဆန့်ထုတ်ကာ ဟင်းလင်းပြင်ထဲသို့ ထိုး လိုက်သည်။
ထို့နောက် တည်ငြိမ်လှသော နေရာလွတ် လိုဏ်ခေါင်းတစ်ခုက သူတို့၏ ရှေ့မှောက်တွင် ပေါ်ပေါက်လာခဲ့၏။
ထန်ထျန်း၏ ဦးဆောင်မှုအောက်တွင် လူအုပ်စုက နေရာလွတ် လိုဏ်ခေါင်းထဲသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့ကြတော့သည်။
......
ကျယ်ပြောလှသော မြေအောက်နေရာလွတ် တစ်ခုအတွင်း
ထိုနေရာ၏ ပုံသဏ္ဌာန်မှာ ဘဲဥပုံစံ ရှိပြီး လှဲလျောင်းထားသော ကြက်ဥတစ်လုံးနှင့် တူလှပေသည်။
ပတ်ပတ်လည်ရှိ နံရံများပေါ်တွင်မူ တောက်ပသော ခရစ်စတယ် အမြောက်အမြားကို စီခြယ်ထားသဖြင့် မြေအောက်ကမ္ဘာတစ်ခုလုံးကို ထိန်ထိန်လင်းစေကာ မည်သည့်အရာမျှ ပုန်းကွယ်နေ၍ မရနိုင်ချေ။
ထိုနေရာ၏ ဗဟိုချက်တွင်မူ မဟာအစီအရင်ကြီးတစ်ခုက ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေပြီး ကြောက်မက်ဖွယ်ကောင်းသော အစီအရင်လှိုင်းတံပိုးများက ၎င်းကို အထပ်ထပ် ဝန်းရံထားသည်။
အစီအရင်ကြီး၏ အပေါ်တွင်မူ အသက် ဆယ်နှစ်ခန့်သာ ရှိသေးမည့် ကောင်လေးတစ်ဦးက မျက်လုံးများကို စုံမှိတ်ကာ တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေ၏။
အစီအရင်၏ အပြင်ဘက် ဟင်းလင်းပြင်ထဲတွင်မူ လူရိပ်နှစ်ခု မတ်တတ်ရပ်လျက် အစီအရင်ပေါ်ရှိ ကောင်လေးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။
အကယ်၍ ထန်ထျန်းသာ ယခုအချိန်တွင် ဤနေရာ၌ ရှိနေပါက ထိုလူနှစ်ဦးစလုံးမှာ သူ၏ မိတ်ဆွေ ဟောင်း များ ဖြစ်နေသည်ကို ချက်ချင်း မှတ်မိလိမ့်မည် ဖြစ်သည်။
၎င်းတို့မှာ လုံကျိုကျိုးနှင့် ချန်တာအို ကျိကျွင်းတို့ပင် ဖြစ်ကြ၏။
နှစ်ဦးသား အတော်ကြာအောင် မတ်တတ်ရပ်နေပြီးမှ လုံကျိုကျိုးက ဖြည်းညှင်းစွာ စကားစလိုက်သည်။
"အခုထိ အဆင်မပြေသေးဘူးလား"
ချန်တာအို ကျိကျွင်းက သက်ပြင်းအသာချရင်း ပြော၏။ "အရမ်းခက်ခဲတယ်..."
"ငါ့ အနေနဲ့ ပြီးပြည့်စုံတဲ့ ကမ္ဘာ့အသွင်ကို ဆင့်ကဲပြောင်းလဲဖို့ လိုအပ်တယ်၊ ဒီလုပ်ငန်းစဉ်က အရမ်းကို ရှုပ်ထွေးလွန်းတယ်"
"နှစ်နှစ်ရှိသွားပြီ ဖြစ်ပေမဲ့ ပထမဆုံးအဆင့်ကိုတောင် အကြွင်းမဲ့ မပြီးမြောက်နိုင်သေးဘူး"
လုံကျိုကျိုး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။ "ခန့်မှန်းခြေ ဘယ်လောက်ကြာဦးမလဲ"
ချန်တာအို ကျိကျွင်းက ခေတ္တမျှ စဉ်းစားပြီးနောက် ပြော၏။ "တကယ်လို့ ငါ တို့ရဲ့ ရည်မှန်းချက်ကို အပြည့်အဝ အောင်မြင်ချင်တယ်ဆိုရင်တော့..."
"ကြောက်စရာကောင်းတာက အနည်းဆုံး နှစ်ပေါင်း ငါးထောင်လောက်တော့ လိုလိမ့်မယ်"
လုံကျိုကျိုး ချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့ရသည်။
"ဒါပေမဲ့ ငါ တို့မှာ နှစ်ပေါင်း နှစ်ရာကျော်ပဲ အချိန်ကျန်တော့တာလေ"
ချန်တာအို ကျိကျွင်းက ညည်းတွားသံဖြင့် သက်ပြင်းချလိုက်ပြန်သည်။ "ငါ သိပါတယ်"
"ဒါပေမဲ့ လက်တွေ့အခြေအနေက ဒီလိုဖြစ်နေတာပဲ"
"ဒီကိစ္စက သာမန်သက်ရှိတွေ လုပ်ဆောင်နိုင်တဲ့ အရာမဟုတ်ဘူး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ်ရာကျော်တုန်းက အဲဒီလူရဲ့ လမ်းညွှန်ပြသမှုကို ခံရလို့သာ တစ်ဆင့်ထိုးထွင်းသိမြင်ခဲ့တာ၊ မဟုတ်ရင် အောင်မြင်ဖို့ ဘယ်လိုမှ ဖြစ်နိုင်ခြေ ရှိမှာမဟုတ်ဘူး"
လုံကျိုကျိုးကလည်း သက်ပြင်းချလိုက်မိသည်။
"ဟုတ်ပါတယ်..."
"ဒီကိစ္စကို မင်းတစ်ယောက်ပဲ လုပ်နိုင်တာ"
"ကမ္ဘာ့နိယာမ တွေအပေါ် နားလည်မှုပိုင်းမှာတော့ လက်ရှိ ကယ်တင်ခြင်းမဟာမိတ်အဖွဲ့ တစ်ခုလုံးမှာ မင်းနဲ့ ယှဉ်နိုင်တဲ့လူ မရှိဘူး"
"မင်းအတွက် ကူညီပေးမယ့်လူ အချို့ကို ရှာပေးချင်ပေမဲ့ ရှာလို့မရဘူး ဖြစ်နေတယ်"
ချန်တာအို ကျိကျွင်းက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်၏။ "အမှန်တော့..."
"ဒီကိစ္စမှာ ငါ တို့ကို ကူညီပေးနိုင်တဲ့လူ ရှိပါတယ်"
လုံကျိုကျိုး၏ မျက်ဝန်းများ လှုပ်ရှားသွားပြီးနောက် လေးနက်သော လေသံဖြင့် ပြော၏။ "မဖြစ်ဘူး..."
"သူမကတော့ မရဘူး"
ချန်တာအို ကျိကျွင်းက နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။ "ကျိုကျိုး... ငါ တို့နဲ့ ရှေးဟောင်းမြင့်မြတ်နယ်မြေ အကြားမှာ အမှန်တကယ်တော့ ရန်ငြိုးရန်စတွေ အဲဒီလောက် မရှိပါဘူး"
"ငါ တို့တွေ အချင်းချင်း ကြားထဲမှာလည်း အမြင်မကြည်တာ တွေ မဖြစ်သင့်ဘူး"
"ငါ တို့က ထန်ထျန်းကို စိုးရိမ်ပြီး သူ့ကို မယုံကြည်ဘူးဆိုရင်တောင် သူက သေဆုံး သွားခဲ့ပြီပဲ"
"ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေတာကမှ လက်ရှိ ပြဿနာကို ဖြေရှင်းဖို့အတွက် ငါ တို့ရဲ့ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ်"
လုံကျိုကျိုးက ခေါင်းခါပြလိုက်၏။
"ချန်တာအို... မင်း အခုထိ နားမလည်သေးဘူး"
"ထန်ထျန်းနဲ့ ပတ်သက်ပြီးတော့ ငါ့မှာ အဲဒီလောက်အထိ ကြီးမားတဲ့ မုန်းတီးမှုမျိုး မရှိပါဘူး၊ သူက နေနတ်ဘုရားကို သတ်ခဲ့ပြီး နေ၊ လ၊ ကြယ် မူလ ကမ္ဘာသုံးခုစလုံးကို ဝါးမြိုခဲ့ရင်တောင်မှပေါ့"
"ဘာလို့လဲဆိုတော့ ငါ သူ့ကို အကဲခတ်လို့ မရတဲ့အတွက် သူ့အပေါ် တိကျတဲ့ ဆုံးဖြတ်ချက် မချနိုင်လို့ပဲ"
"ဒါပေမဲ့ ကုရှောင်းရွှယ်ကိုတော့ ငါ အကဲခတ်လို့ ရတယ်"
"သူမရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ရည်ရွယ်ချက် တစ်ခုတည်းပဲ ရှိတယ်၊ အဲဒါက ထန်ထျန်းကို ရှာဖို့ပဲ"
"တကယ်လို့ သူမကိုသာ ငါတို့ရဲ့ အစီအစဉ်ထဲမှာ ပါဝင်ပတ်သက်ခွင့် ပြုလိုက်မယ်ဆိုရင် အဲဒီအချက်ကြောင့်ပဲ ပြင်းထန်တဲ့ သဘောထားကွဲလွဲမှုတွေ သေချာပေါက် ဖြစ်လာလိမ့်မယ်"
"အဲဒီအချိန်ကျရင် ပူးပေါင်းဆောင်ရွက်ဖို့ နေနေသာသာ ငါတို့နှစ်ဖက် အရင်ဆုံး တိုက်ခိုက်ကြရလိမ့်မယ်"
"ဒါက ငါ အစိုးရိမ်ဆုံး အချက်ပဲ"
လုံကျိုကျိုး၏ စကားကို ကြားရသောအခါ ချန်တာအို ကျိကျွင်း တိတ်ဆိတ်သွားခဲ့ရသည်။
အတော်ကြာမှ ဖြည်းညှင်းစွာ ပြောလိုက်၏။ "ဒါဆို... တကယ်လို့များ သူမ တွေးတာကမှ မှန်နေခဲ့ရင်ကော"
လုံကျိုကျိုး မျက်မှောင်ကြုတ်လိုက်သည်။ "သူမ လား"
"မျှော်လင့်ချက် အားလုံးကို ထန်ထျန်းအပေါ်မှာပဲ ပုံအောပြီး... နှစ်ပေါင်း ခုနစ်ရာကျော်ကြာ ပျောက်ကွယ်နေတဲ့ လူတစ်ယောက်က ကမ္ဘာကြီးကို ကယ်တင်ဖို့ လာလိမ့်မယ်လို့ မျှော်လင့်နေတာလား"
"ချန်တာအို... ဒါက စိတ်ကူးယဉ် အိပ်မက်သက်သက်ပဲ"
"ဒါက ဘယ်လိုမှ ဖြစ်မလာနိုင်တဲ့ လှည့်စားမှုတစ်ခုပဲ"
ချန်တာအို ကျိကျွင်းက တိုးညှင်းသော လေသံဖြင့် မေးလိုက်၏။ "ဒါဆို ဘာလို့ ချီလင်မိန်းကလေး တို့ကော... ရှေးဟောင်းမြင့်မြတ်နယ်မြေ ဘက်ကနေ ရပ်တည်နေကြတာလဲ"
လုံကျိုကျိုး ဆွံ့အသွားခဲ့ရသည်။
ဟုတ်ပေသည်။
သူသည် ယခင်က ချီလင်မိန်းကလေး ၊ ဟင်းလင်းပြင်ဝိညာဉ် အစရှိသည့် အင်အားကြီးမားသော ကမ္ဘာ့ဝိညာဉ်များကို ကယ်တင်ခြင်းမဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ဖူးသော်လည်း ငြင်းပယ်ခြင်းကိုသာ ခံခဲ့ရသည်။
သူတို့က ကယ်တင်ခြင်းမဟာမိတ်အဖွဲ့သည် အဓိပ္ပာယ်မရှိဟု ယူဆကြပြီး ကျွင်းချန်ချင်း တည်ရှိနေသရွေ့ အားလုံးမှာ အချည်းနှီးသာ ဖြစ်လိမ့်မည်ဟု ယူဆခဲ့ကြသည်။
သို့သော် နောက်ဆုံးတွင်မူ သူတို့က ရှေးဟောင်းမြင့်မြတ်နယ်မြေ ထဲသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြသည်။
ဤသည်မှာလည်း လုံကျိုကျိုး နားမလည်နိုင်ဆုံး အချက်တစ်ချက် ဖြစ်ပေသည်။
ဤကမ္ဘာကြီးက အမှန်တကယ်ပင် နှစ်ပေါင်း ခုနစ်ရာကျော် ပျောက်ကွယ်သွားခဲ့သည့်အပြင် တစ်ကမ္ဘာလုံးကို ကိုယ်တိုင် ဝါးမြိုရန်အထိ လုပ်ဆောင်လုနီးပါး ဖြစ်ခဲ့သည့် လူတစ်ယောက်အပေါ်မှာပဲ မျှော်လင့်ချက် ထားရတော့မည်လား။
လုံကျိုးကျိုး တစ်ယောက် ဆွံ့အ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ချန်တာအို ကျိကျွင်းက နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်ပြန်ရင်း ပြော၏။ "ကျိုကျိုး..."
"မင်းနဲ့ ငါ အမှန်တကယ်တော့ သိကြပါတယ်၊ ငါတို့ ကယ်တင်ခြင်းမဟာမိတ်အဖွဲ့ အခုထက်ထိ ဆက်လက် တည်ရှိနေနိုင်တာက ကျွင်းချန်ချင်းက ငါတို့ကို အရေးလုပ်ပြီး မနှိမ်နင်းချင်သေးလို့ပဲ"
"တစ်နေ့နေ့မှာ သူက ဒီနေရာကို မျက်စိကျလာတာနဲ့အမျှ ငါတို့ ပျက်သုဉ်းမယ့် အချိန်ရောက်လာလိမ့်မယ်"
"သူ့ကို ဘယ်သူမှ ယှဉ်လို့မရဘူး"
"သူ့ကို တားဆီးနိုင်ခြေ ရှိတာဆိုလို့ တစ်ယောက်ပဲ ရှိတယ်"
လုံကျိုကျိုး ဘာစကားမျှ ပြန်မပြောတော့ချေ။
သူက ဤအမှန်တရားများကို မည်သို့လျှင် နားမလည်ဘဲ ရှိပါအံ့နည်း။
သူက သူ့ ကံကြမ္မာကို သူတစ်ပါး လက်ထဲသို့ အလုံးစုံ ပုံမအပ်ချင်ရုံသာ ဖြစ်သည်။
သူက ဤကမ္ဘာကြီးအတွက် တစ်ခုခုကို ထပ်မံ လုပ်ပေးချင်ရုံ သက်သက်သာ ဖြစ်ပေသည်။
"ငါ့ကို ထပ်ပြီး စဉ်းစားခွင့်ပေးပါဦး"
အတော်ကြာမှ လုံကျိုကျိုးက ပြော သည်။ "မင်း အရင်ဆုံး ကျူးကျိယွီဘက်ကနေ ဆက်ပြီး အောင်မြင်အောင် လုပ်ဆောင်ထားလိုက်၊ ရသလောက် ထိုးဖောက်ထားပေါ့"
"ပြီးရင်... သူ့ရဲ့ မူလ စွမ်းအားကို ထုတ်ယူဖို့အတွက် အချိန်မရွေး အဆင်သင့် ပြင်ထားပါ"
ချန်တာအို ကျိကျွင်းက တိုးညှင်းစွာ ပြော၏။ "ဒါဆိုရင် သူ သေသွားလိမ့်မယ်"
"ငါတို့လည်း ဖြစ်နိုင်ခြေအားလုံးကို အကြွင်းမဲ့ ဆုံးရှုံးသွားလိမ့်မယ်"
လုံကျိုကျိုးက ခေါင်းညိတ်သည်။ "ငါ သိပါတယ်"
"တကယ်လို့ အဲဒီအခြေအနေအထိ ရောက်သွားခဲ့မယ်ဆိုရင်..."
"ငါ ကိုယ်တိုင် လုပ်မယ်"
"အနည်းဆုံးတော့ ငါတို့ရဲ့ ကမ္ဘာကြီးကို ပိုပြီး ကြီးမားအောင် လုပ်နိုင်ပြီး တည်ရှိနိုင်မယ့် အချိန်ကို ပိုပြီး ဆွဲဆန့်နိုင်လိမ့်မယ်"
ချန်တာအို ကျိကျွင်းက သက်ပြင်းချလိုက်ပြီး ထပ်မံ၍ ငြင်းခုံခြင်း မပြုတော့ချေ။
ထို့နောက် နှစ်ဦးသား အခြားအကြောင်းအရာ အချို့ကို ထပ်မံ စကားပြောဆိုပြီးနောက် လုံကျိုကျိုးက ဤမြေအောက်ကမ္ဘာမှ ထွက်သွားခဲ့တော့သည်။
သို့သော် လုံကျိုကျိုး ထွက်သွားသည့် တစ်ပြိုင်နက်တည်းမှာပင်
လူရိပ်အချို့က အစီအရင်အားလုံးကို ဖြတ်သန်းကာ မဟာအစီအရင်ကြီး၏ အပေါ်သို့ ပုံရိပ်ယောင်အလား ပေါ်ထွက်လာခဲ့ကြသည်။
"ဘယ်သူလဲ"
ချန်တာအို ကျိကျွင်းက ချက်ချင်း လှည့်ကြည့်လိုက်၏။
သို့သော် နောက်တစ်စက္ကန့်တွင်မူ သူက နေရာ၌တင် တောင့်တင်းကာ ကြောင်အ သွားခဲ့ရတော့သည်။