အခန်း ၉၂၄
Vol. 89 Ch. 924
အခန်း (၉၂၄) လူစုံတက်စုံ ဖြစ်သွားခြင်း
နီရဲသော နေ တစ်စင်းက ကောင်းကင်ယံထက်တွင် မြင့်မားစွာ ချိတ်ဆွဲထားပေသည်။
သို့သော် သေချာစွာ စိုက်ကြည့်လိုက်ပါက ၎င်းသည် စစ်မှန်သော နေ မဟုတ်ဘဲ ကျိကျွင်း အစီအရင်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း တွေ့ရှိရလိမ့်မည်။
၎င်း၏ တောက်ပမှုမှာ နေဝင်ခါနီး အချိန်အခါနှင့် မခြားနားဘဲ ကမ္ဘာတစ်ခုလုံးကို ထိန်ထိန်လင်းစေကာ ထွန်းလင်းနေ၏။
ထိုနေ ၏ တည့်တည့်အောက်ခြေ မြေပြင်ပေါ်တွင်မူ ခန့်ညားထည်ဝါပြီး မြင့်မားလှသော တောင်ထိပ်ကြီးတစ်ခု မတ်တတ်ရပ်လျက် ရှိနေပေသည်။
ဤအချိန်တွင် နီရဲသော ပိုးသားဂါဝန်ကို ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ဦးက တောင်ထိပ်၏ အထက် ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေပြီး မြေပြင်တစ်ခုလုံးကို ငုံ့မိုးကြည့်ရှုနေ၏။
နီရဲသော အလင်းတန်းများက ထိုမိန်းမပျို၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသဖြင့် သူမအား မီးတောက်လျှံနေသကဲ့သို့ ထင်မှတ်ရစေကာမူ တစ်ပြိုင်နက်တည်းမှာပင် အတိုင်းအဆမဲ့သော ညှို့ဓာတ်များကလည်း သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေပေသည်။
"နောက်ဆုံးတော့လည်း ရှင်တို့ကို ရှာတွေ့ခဲ့ပြီပဲ..."
မိန်းမပျိုက လက်ပိုက်လျက် ရေကဲ့သို့ ကြည်လင်သော်လည်း ထက်မြက်လှသော မျက်ဝန်းများဖြင့် ပျင်းရိငြီးငွေ့ဖွယ် အမူအရာဖြင့် ပြောလိုက်၏။
အထက်တန်းလွှာ အမျိုးသမီးကြီးတစ်ဦး အလားပင်။
သူမ၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် တောင်ထိပ်ထက်သို့ ခွန်အားကြီးမားသော လူရိပ်ပေါင်း တစ်ဒါဇင် ခန့်က အလျင်အမြန် ပျံသန်းရောက်ရှိလာကြတော့သည်။
သူတို့ တစ်ဦးချင်းစီတိုင်းက ခွန်အားကြီးမားသော အော်ရာ များကို ထုတ်လွှင့်နေကြပြီး အားအနည်းဆုံးလူပင် ဟွမ်ယွမ်တာအိုအရှင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။
သို့သော်လည်း ရှေ့မှောက်ရှိ မိန်းမပျိုကို မြင်လိုက်ရသည့်အခါတွင်မူ သူတို့၏ မျက်နှာများက လေးနက်တည်ကြည်သွားကြပြီး ရန်သူကြီးနှင့် ရင်ဆိုင်ရသကဲ့သို့ ဖြစ်သွားကြတော့၏။
"အရှင်မ..."
အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော အကြီးအကဲ တစ်ဦးက ရှေ့သို့တက်ကာ စကားစရန် ပြင်လိုက်သော်လည်း သူ စကားစရုံရှိသေး... ရုတ်တရက် ပေါ်ထွက်လာသော ပန်းရောင် အော်ရာ များ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။
ဆက်လက်၍ ပန်းရောင် မြူခိုးများက လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူတိုင်း သတိမထားမိခင်မှာပင် သူတို့အားလုံးကို ဝါးမြိုလွှမ်းမိုးသွားခဲ့တော့၏။
ထိုခွန်အားကြီးမားသူ တစ်ဒါဇင် ခန့်မှာ မျက်တောင်ခတ်ရုံမျှ အချိန်အတွင်းမှာပင် မျက်ဝန်းများ ဝေဝါးသွားကြပြီး လှုပ်ရှားနိုင်စွမ်းနှင့် သတိတရားအားလုံး ဆုံးရှုံးသွားခဲ့ကြရသည်။
"ရှူး~"
"ရှင်တို့အိမ်က မိဘတွေ လာတာကို စောင့်ကြနော်..."
မိန်းမပျိုက သူမ၏ လက်ညှိုးကို နှုတ်ခမ်းထက်တွင် တင်ကာ ပြုံးလျက် ပြောလိုက်၏။
သို့သော်လည်း မကြာမီမှာပင် တောင်ထိပ်၏ အနက်ရှိုင်းဆုံး နေရာမှနေ၍ အဖြူရောင် အလင်းတန်းတစ်ခုက ကန့်လန့်ဖြတ် ခုတ်ပိုင်းကာ ရောက်ရှိလာခဲ့ပြီး ကောင်းကင်ယံထက်ရှိ ပန်းရောင်မြူခိုးများကို ချက်ချင်း မောင်းထုတ်ပစ်လိုက်ကာ နီရဲသော ပိုးဂါဝန်ဝတ် မိန်းမပျိုထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့သည်။
နီရဲသော ပိုးဂါဝန်ဝတ် မိန်းမပျိုကလည်း လန့်ဖျန့်ခြင်း မရှိဘဲ လက်ညှိုးကို ခပ်ဖွဖွ တောက်လိုက်ရာ ထိုအလင်းတန်းကို အလွယ်တကူပင် ချေဖျက် ပစ်လိုက်၏။
သူမ အရှေ့သို့ ထပ်မံကြည့်လိုက်သည့် အခါတွင်မူ အဖြူရောင် ဂါဝန်ဝတ် ဆင်ထားသည့် မိန်းမပျိုတစ်ဦးက သူမ၏ ရှေ့မှောက်တွင် မတ်တတ်ရပ်နေပြီ ဖြစ်သည်။
"အို... ငါက ဘယ်သူလဲလို့"
"ဒါ ငါ့ရဲ့ နဂါးပေါက်လေးရဲ့ အချစ်လေး မဟုတ်လား"
နီရဲသော ပိုးဂါဝန်ဝတ် မိန်းမပျိုက ပေါ့ပျက်ပျက် လေသံဖြင့် ပြုံး၍ ပြောလိုက်၏။
အဖြူရောင် ဂါဝန်ဝတ် မိန်းမပျိုမှာမူ အခြားသူမဟုတ်ဘဲ ရှို့ကျွင်း ကျိကျွင်း ပင် ဖြစ်ပေသည်။
သူမက မျက်မှောင်ကြုတ်လျက် အေးစက်လှသော မျက်ဝန်းများဖြင့် ရှေ့မှောက်ရှိ မိန်းမပျိုကို စိုက်ကြည့်နေပြီး သူမ၏ ပြက်ရယ်ပြု စကားများကိုလည်း ဒေါသ မထွက်ဘဲ အေးစက်သော လေသံဖြင့်သာ ပြောလိုက်၏။ "မြောင်ယန်..."
"နင် ငါတို့ ကယ်တင်ခြင်းမဟာမိတ်အဖွဲ့ထဲကို ကျူးကျော်ဝင်ရောက်လာတာက ငါတို့နဲ့ စစ်ဖြစ်ချင်လို့လား"
နီရဲသော ပိုးဂါဝန်ဝတ် မိန်းမပျိုမှာမူ မတွေ့ရသည်မှာ ကြာပြီဖြစ်သော မြောင်ယန် ပင် ဖြစ်ပေသည်။
ထိုစဉ်က လင်းယွင် တောင်တန်းတွင် ရှိစဉ်အခါက မြောင်ယန်သည် သူမ၏ ကိုယ်ပွား ကို အသုံးချပြီး ထန်ထျန်းနှင့် မင်ယောင် ကျိကျွင်းတို့ ထိပ်တိုက်ရင်ဆိုင်နေချိန်၌ မင်ယောင် ကျိကျွင်းကို နောက်ကွယ်မှ လုပ်ကြံကာ ၎င်း၏ ကမ္ဘာကို လုယက်သွားခဲ့ဖူးသည်။
ထိုအချိန်တုန်းက မြောင်ယန်က ချန်ဝူဟွေ့ ကဲ့သို့ပင် အထွတ်အထိပ် တာအိုအရှင်အဆင့် သာ ရှိသေးသည်။
သို့သော်လည်း ယခုအချိန်တွင်မူ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာ များအရ သူမက ကျိကျွင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ကြောင်း သက်သေပြနေပေသည်။
ထို့ပြင် အစွမ်းထက်လှသော ရှို့ကျွင်း ကျိကျွင်းနှင့် ရင်ဆိုင်ရသည့်တိုင် သူမက အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိချေ။
"စစ်ဖြစ်ချင်လို့ လား"
မြောင်ယန်က ဖြည်းည်းစွာ ခေါင်းခါပြလိုက်ရင်း ပြုံးကာ ပြောသည်။ "ကြည့်စမ်း... နင်က အမြဲတမ်း ငါ့ကို လူဆိုးတစ်ယောက်လိုပဲ တွေးနေတာပဲ"
"ငါက လွန်ခဲ့တဲ့အချိန်တုန်းက လုံကျိုကျိုးနဲ့ ခဏလေး အတူရှိခဲ့ဖူးရုံလေးတင်ကို နင်က ဒီလိုမျိုး လုပ်ဖို့ လိုလို့လား"
ရှို့ကျွင်း ကျိကျွင်း၏ မျက်နှာမှာမူ အေးစက်မြဲ အေးစက်နေဆဲ ဖြစ်သည်။ သူမက မြောင်ယန်၏ စနောက်မှုများကို လျစ်လျူရှုကာ အေးစက်စွာ ပြောလိုက်၏။ "စစ်မဖြစ်ချင်ဘူးဆိုရင် နင် ဘာလာလုပ်တာလဲ"
"ဧည့်သည်လာလုပ်တာလို့တော့ မပြောနဲ့၊ နင်က ကယ်တင်ခြင်းမဟာမိတ်အဖွဲ့အတွက် အလင်းကမ္ဘာ ကလွဲရင် အကြီးမားဆုံး ရန်သူပဲ"
မြောင်ယန်က ပျင်းရိငြီးငွေ့ဖွယ် အမူအရာ လုပ်ပြလိုက်ရင်း ပြောသည်။ "တစ်နေ့လုံး ဆူပုပ်နေတယ့် အမူအရာကြီး နဲ့... လုံကျိုကျိုးတစ်ယောက် နင်ကို ဘယ်လိုမျိုး သည်းခံခဲ့လဲဆိုတာ ငါ တကယ်ပဲ စဉ်းစားလို့ မရဘူး"
"ကဲပါ... ဒါဆိုလည်း ငါ အတည်ပဲ ပြောတော့မယ်"
"ငါ ဒီနေ့ လာတာက နင် တို့ဆီကနေ လူတစ်ယောက်လောက် ခဏ ငှားချင်လို့"
ရှို့ကျွင်း ကျိကျွင်းက မျက်မှောင်အသာကြုတ်လိုက်ရင်း "လူငှားမလို့ ဟုတ်လား"
"ဘယ်သူလဲ"
မြောင်ယန်က ရယ်မောလိုက်ရင်း ပြော၏။ "ကျူးကျိယွီ လေ..."
"လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက နင်တို့ ယန်ကွမ်း မြို့ ကနေ လုယက်ဖမ်းဆီးသွားတဲ့ တစ်ယောက်လေ"
ရှို့ကျွင်း ကျိကျွင်း၏ မျက်မှောင်က ပိုမို တွန့်ကွေးသွားခဲ့ရသည်။
"နင် သူ့ကို ဘာလုပ်မလို့လဲ"
မြောင်ယန်က ပြုံးလျက် "ဒါကတော့ အဲဒီ မောင်လေးကို ငါ သဘောကျလို့ပေါ့"
"သူ့ရဲ့ အရေပြားလေးက ဝင်းမွတ်နေတာပဲ... တောက်တောက်..."
ပြောနေရင်းနှင့်ပင် မြောင်ယန်က သူမ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်ပြလိုက်ရာ ရှို့ကျွင်း ကျိကျွင်းမှာ မျက်မှောင်ကုပ်သွားရတော့သည်။
သို့သော်လည်း ရုတ်တရက်ဆိုသလို သူမ၏ မျက်ဝန်းများက လေးနက်တည်ကြည်သွားပြီး ရှို့ကျွင်း ကျိကျွင်းကို တိတ်ဆိတ်စွာ စိုက်ကြည့်ကာ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။ "ငါတို့တွေ ဟန်ဆောင်မနေကြေး"
"နင်တို့တွေက ဒီလောက် ကောင်းမွန်တဲ့ ရတနာတစ်ခုကို ရရှိထားပြီးတော့ အမြဲတမ်း ဖုံးကွယ်ပြီး အသေဆုပ်ကိုင်ထားတယ်"
"ဒါက တော်တော်လေးကို မဟုတ်သေးဘူးနော်..."
"ငါတို့ ရှေးဟောင်းမြင့်မြတ်နယ်မြေကတော့ ဘယ်လို အရေးကြီးတဲ့ သတင်းအချက်အလက်ပဲရှိရှိ နင်တို့နဲ့ အမြဲတမ်း မျှဝေတာပဲ"
ရှို့ကျွင်း ကျိကျွင်း၏ မျက်နှာ အနည်းငယ် ပျက်သွားခဲ့ရသည်။
ကျူးကျိယွီ၏ အဆင့်အတန်းနှင့် ပတ်သက်ပြီး ကယ်တင်ခြင်းမဟာမိတ်အဖွဲ့ တစ်ခုလုံးတွင်ပင် သိရှိသူ အနည်းငယ်သာ ရှိပေသည်။ အားလုံးက သူ့ကို ပါရမီ ထူးချွန်လွန်းသည့် ပါရမီရှင်တစ်ဦးအဖြစ်သာ သတ်မှတ်ထားကြပြီး မျိုးစေ့အဖြစ် ရွေးချယ်ခံထားရသည်ဟု ထင်မှတ်ထားကြခြင်း ဖြစ်သည်။
မြောင်ယန်က ဤကိစ္စကို ဘယ်ကနေ ဘယ်လို သိရှိသွားရတာလဲ။
"သူက အရမ်း အရေးကြီးတယ်၊ နင်တို့နဲ့ မျှဝေလို့မရဘူး"
ရှို့ကျွင်း ကျိကျွင်းက ပြောလိုက်၏။
မြောင်ယန်က ကျူးကျိယွီ၏ အဆင့်အတန်းကို ရှင်းရှင်းလင်းလင်း သိရှိနေပြီ ဖြစ်ရာ သူမအနေဖြင့် ထပ်မံ ဖုံးကွယ်နေရန် အကြောင်းမရှိတော့ချေ။
သို့သော်လည်း သူမက မြောင်ယန်ကို တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကျူးကျိယွီက အမှန်တကယ်ပင် ထူးခြားလွန်းနေ၍ ဖြစ်သည်။
" အပိုတွေ"
မြောင်ယန်က မျက်စောင်းထိုးလိုက်ရင်း ပြော၏။ "သူက အရမ်း အရေးကြီးတယ်ဆိုတာ ငါလည်း သိတာပေါ့၊ မဟုတ်ရင် ငါက ဘာလို့ ဒီနေရာအထိ အထူးတလည် လာရမှာလဲ"
"နင် တို့တွေ သူ့ကို အသုံးချပြီး ဘာလုပ်ချင်လဲဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ အဲဒါက ဘယ်လိုမှ ပြီးမြောက်နိုင်မှာ မဟုတ်တဲ့ အရာပဲ"
"သူ့ကို ငါတို့ဆီ အပ်လိုက်ပြီး ငါတို့ရဲ့ နည်းလမ်းကို စမ်းသပ်ကြည့်တာကမှ ပိုကောင်းဦးမယ်"
ရှို့ကျွင်း ကျိကျွင်းက နှာခေါင်းရှုံ့လျက် ခပ်ဖွဖွ နှာမှုတ်လိုက်သည်။
"နင်တို့ရဲ့ နည်းလမ်း ဟုတ်လား"
"မျှော်လင့်ချက် အားလုံးကို နှစ်ပေါင်း ခုနစ်ရာကျော် ပျောက်ကွယ်နေတဲ့ လူတစ်ယောက်အပေါ်မှာပဲ ပုံအောထားတာလား"
"ဟုတ်ပါတယ်... ထန်ထျန်းမှာ အခြေအနေကို ပြောင်းလဲနိုင်တဲ့ စွမ်းရည်ရှိတာ မှန်ပေမဲ့ နင်တို့ကော သူ့ကို ရှာတွေ့နိုင်လို့လား"
"နှစ်ပေါင်း ခုနစ်ရာကျော် ကြာသွားခဲ့ပြီ၊ နင် တို့တွေ သူ့ရဲ့ သဲလွန်စ အရိပ်အယောင်လေး တစ်ခုလောက်တောင် ရှာတွေ့ဖူးလို့လား"
ရှို့ကျွင်း ကျိကျွင်း၏ မေးခွန်းကို ရင်ဆိုင်ရသည့်အခါ မြောင်ယန်က ခေါင်းခါပြလိုက်၏။
"အဲဒါက ငါတို့ မြင့်မြတ်အရှင် ရဲ့ ကိစ္စပဲ၊ ငါနဲ့ မဆိုင်ဘူး"
"ငါ့ရဲ့ တာဝန်ကတော့ အဲဒီ မောင်လေးကို ပြန်ခေါ်သွားဖို့ပဲ"
"တကယ်လို့ နင်က ငါ့ကို မပေးဘူးဆိုရင်တော့..."
ရှို့ကျွင်း ကျိကျွင်းက မျက်ခုံးပင့်လိုက်ရင်း "မပေးရင် နင်က ဘာလုပ်မလို့လဲ"
"အတင်း လုယူမလို့လား"
သို့သော်လည်း သူမ၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် နက်မှောင်သော ပိုက်ကွန်ကြီးတစ်ခုက ကောင်းကင်ယံမှနေ၍ ရုတ်တရက် ကျရောက်လာပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမြိုပိတ်လှောင်လိုက်တော့သည်။
ထို့နောက်တွင်မူ အရိပ်ထဲမှနေ၍ နက်မှောင်သော လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။
မြောင်ယန်က ခေါင်းခါပြလိုက်ရင်း ပြောသည်။ "သေချာတာပေါ့... အတင်း လုယူမှာပဲ"
"ဒါကို ပြောနေဖို့ လိုသေးလို့လား"
"ယိရှန်း... တော်တော်လေး တော် တယ်ဟေ့"
အရိပ်ထဲမှ ထွက်ပေါ်လာသည့်လူမှာ အခြားသူမဟုတ်ဘဲ ယိရှန်း ပင် ဖြစ်ပေသည်။
"အဲဒီမှာ စကားအပိုတွေ ပြောမနေနဲ့တော့၊ မြန်မြန် လူသွားရှာ"
"ငါ သူမကို အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး"
ယိရှန်းက ကျယ်လောင်သော လေသံဖြင့် အော်ဟစ်လိုက်၏။
မြောင်ယန်က နှုတ်ခမ်းဆူလိုက်ရင်း စက္ကန့်ပိုင်းအတွင်းမှာပင် ရှေ့မှောက်ရှိ တောင်ထိပ်ဆီသို့ ဦးတည်ပြေးဝင်သွားခဲ့တော့သည်။
သို့သော်လည်း သူမ တောင်ထိပ်နှင့် မနီးကပ်သေးခင်မှာပင် ပြင်းထန်လှသော ပေါက်ကွဲသံကြီးက သူမ၏ နောက်ကွယ်မှနေ၍ ရုတ်တရက် မြည်ဟီးထွက်ပေါ်လာခဲ့သည်။
ယိရှန်း၏ နက်မှောင်သော ပိုက်ကွန်ကြီးမှာ ရှို့ကျွင်း ကျိကျွင်း၏ အတွင်းပိုင်းမှနေ၍ တိုက်ရိုက် ဆုတ်ဖြဲခြင်းကို ခံလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက ယိရှန်းကို လွင့်စင်သွားစေခဲ့သည်။
ဆက်လက်၍ တောက်ပသော အလင်းတန်းတစ်ခုက မြောင်ယန် ရှိရာ အရပ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့တော့၏။
"အမလေး"
"နင် ထိန်းထားနိုင်တဲ့ အချိန်ကလည်း တိုလွန်းလိုက်တာ"
မြောင်ယန်က ထိတ်လန့်တကြား အော်ဟစ်လိုက်မိရင်း ရှို့ကျွင်း ကျိကျွင်း မရောက်လာခင် တောင်ထိပ်အတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် သူမ၏ အရှိန်ကို အမြန်ဆုံး မြှင့်တင်လိုက်သည်။
သို့သော်လည်း သူမ၏ လှုပ်ရှားမှုက နှေးကွေးနေခဲ့ရသည်။
သို့မဟုတ်... ရှို့ကျွင်း ကျိကျွင်းက အလွန်အမင်း မြန်ဆန်လွန်းနေခြင်း ဖြစ်ပေသည်။
နောက်ဆုံးတွင်မူ... ရှို့ကျွင်း ကျိကျွင်းက သူမ၏ လမ်းကို ပိတ်ဆို့ထားနိုင်ခဲ့လေပြီ။
"ထပ်ပြီး စကားပြောကြဦးမလား"
မြောင်ယန်က ပြုံးလိုက်၏။
သို့သော်လည်း သူမကို ကြိုဆိုလိုက်သည်မှာ... ဓားတစ်ချက်သာ ဖြစ်ပေသည်။
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော မဟာတိုက်ပွဲကြီးတစ်ခုက တောင်ထိပ်ထက်တွင် ပြင်းထန်စွာ စတင်ဖြစ်ပွားခဲ့တော့သည်။
တစ်ပြိုင်နက်တည်းမှာပင် ကောင်းကင်ယံထက်တွင် မြင့်မားစွာ ချိတ်ဆွဲထားသော နီရဲသော နေ ကလည်း ရုတ်တရက် ပေါက်ကွဲသွားခဲ့ရ၏။
အတိုင်းအဆမဲ့ ကြောက်မက်ဖွယ်ကောင်းသော လူရိပ်အချို့က နေ ရှိခဲ့ဖူးသော တည်နေရာတွင် ပေါ်ထွက်လာခဲ့ကြသည်။
လုံကျိုကျိုး၊ ဟုန်းမန်ကျိကျွင်း၊ ဝူချန်းကျိကျွင်း တို့က ထိုနေရာတွင် ရှိနေကြပေသည်။
သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်နေရသူများမှာလည်း မိတ်ဆွေ ဟောင်းများ ဖြစ်ကြ၏။
ချီလင်မိန်းကလေး၊ ဟုန်းမုန့် ကျိကျွင်း ၊ ထို့ပြင်... ချန်ဝူဟွေ့
သူတို့၏ လှုပ်ရှားမှုများက ဤကမ္ဘာကြီးကိုပင် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည်။
ဤအချိန်တွင်မူ... ထန်ထျန်းနှင့် ချန်တာအို ကျိကျွင်းတို့၏ ပုံရိပ်များကလည်း ကမ္ဘာကြီးအတွင်းသို့ ပေါ်ထွက်လာခဲ့တော့သည်။
"အိုး..."
"လူစုံတက်စုံ ဖြစ်သွားပြီပဲ"
ထန်ထျန်းက ပြုံးလျက် ပြောလိုက်တော့သည်။