အခန်း ၉၂၅
Vol. 89 Ch. 925
အခန်း (၉၂၅) မိတ်ဆွေဟောင်းများ ပြန်လည်ဆုံတွေ့ခြင်း
မြေအောက်နေရာလွတ် ထဲတွင် ရှိနေစဉ်ကပင် အပြင်ဘက်မှ ပြင်းထန်လှသော တာအို စွမ်းအားလှိုင်းရိုက်ခတ်မှုများက လူတိုင်း၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့ပြီ ဖြစ်သည်။
ထို့ပြင် ထိုရင်းနှီးလှသော ရယ်မောသံကို ကြားလိုက်ရသည့်အခါ ထန်ထျန်းက နှစ်ပေါင်း ခုနစ်ရာကျော်တိုင်အောင် တစ်ကြိမ်မျှမတွေ့ရတော့သည့် မြောင်ယန် ဖြစ်ကြောင်း တိုက်ရိုက်ပင် သိ နိုင်ခဲ့၏။
သူမက ကျိကျွင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး နောက်ဆုံးတွင် သူမ၏ အကြီးမားဆုံးသော အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ကြောင်းလည်း သူ ခံစားမိလိုက်ပေသည်။
ထန်ထျန်းက... ဤနှစ်များအတွင်း ထိုငြိမ်ငြိမ်မနေတတ်သည့် အမျိုးသမီးနှင့် ကယ်တင်ခြင်းမဟာမိတ်အဖွဲ့တို့အကြား ရန်ငြိုးရန်စများ ဖြစ်ပွားခဲ့ခြင်း ဖြစ်လိမ့်မည်ဟု ထင်မှတ်နေချိန်တွင်မူ... ချန်တာအို ကျိကျွင်းက သူ့ကို မယုံနိုင်စရာကောင်းသော အမှန်တရားတစ်ခုအား ပြောပြလာခဲ့သည်။
"မြောင်ယန်က ရှေးဟောင်းမြင့်မြတ်နယ်မြေထဲ ဝင်သွားတာ ဟုတ်လား"
ထန်ထျန်း ဆွံ့အသွားရ၏။
ရှေးဟောင်းမြင့်မြတ်နယ်မြေအကြောင်းကို သူ အပြည့်အဝ နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။ ကုရှောင်းရွှယ်က မြင့်မြတ်အရှင် ဖြစ်သော်လည်း ရှေးဟောင်းမြင့်မြတ်နယ်မြေ၏ အဓိက မှာ ထိုက်ယိ မြင့်မြတ်နယ်မြေ ဖြစ်နေဆဲပင်။
မြောင်ယန်နှင့် ထိုက်ယိမြင့်မြတ်နယ်မြေတို့အကြား ရှိခဲ့ဖူးသော ရန်ငြိုးရန်စများအရ သူမက ထိုအဖွဲ့ထဲသို့ ဝင်ရောက်သွားလိမ့်မည် ဟု မည်သူ ထင်မှတ်ထားပါမည်နည်း။
ထို့ပြင် ချန်ဝူဟွေ့ကော... သူမ ဝင်ရောက်လာခြင်းကို တကယ်ပဲ သဘောတူခဲ့သလော။
သို့သော်လည်း ချန်တာအို ကျိကျွင်းက သူ့ကို သေချာရေရာသော အဖြေတစ်ခု ပေးလာခဲ့သည်။
"ဟုတ်တယ်..."
"ပြီးတော့ သူမက ရှေးဟောင်းမြင့်မြတ်နယ်မြေထဲကို ပထမဆုံး အသုတ်အနေနဲ့ ဝင်ရောက်လာတဲ့ ပြင်ပကမ္ဘာက ကျိကျွင်းတစ်ယောက်လည်း ဖြစ်တယ်"
ချန်တာအို ကျိကျွင်းက ဖြည်းညှင်းစွာ ဆက်ပြောပြသည်။ "အဲဒီတုန်းက... မင်း ဝါးမြို..."
"နေ၊ လ၊ ကြယ်တွေ ပျောက်ကွယ်သွားပြီးတဲ့နောက်မှာ ကမ္ဘာကြီးက လုံးဝဥဿုံ ပရမ်းပတာ ဖြစ်သွားခဲ့ရတယ်"
"ငါတို့နဲ့ ရှေးဟောင်းမြင့်မြတ်နယ်မြေက အတူတူ လက်တွဲပြီးတော့ ကမ္ဘာကြီး တည်ငြိမ်ဖို့အတွက် ကြိုးစား ထိန်းသိမ်းခဲ့ကြတယ်"
"ပုန်းအောင်းနေတဲ့ သန်မာသူ အများအပြားကလည်း လောကထဲ ပြန်ထွက်လာကြပြီး ငါတို့နှစ်ဖွဲ့ထဲက တစ်ဖွဲ့ဖွဲ့ဆီကို ဝင်ရောက်ကာ သူတို့ရဲ့ အင်အားတွေကို ဖြည့်ဆည်းပေးခဲ့ကြတယ်"
"မြောင်ယန်ကလည်း အဲဒီအချိန်တုန်းက ထွက်လာတာပဲ... သူမက ငါတို့ ကယ်တင်ခြင်းမဟာမိတ်အဖွဲ့ဆီကို အရင်ဆုံး ရောက်လာခဲ့ပေမဲ့ လုံကျိုကျိုးကို စနောက်ကျီစယ်ပြီးတဲ့နောက်မှာတော့ လှည့်ထွက်သွားပြီး ရှေးဟောင်းမြင့်မြတ်နယ်မြေဘက်ကို ကူးပြောင်းသွားခဲ့တယ်"
"ချန်ဝူဟွေ့တို့ကလည်း မူလက သူမကို လက်မခံချင်ကြဘူး၊ ဒါပေမဲ့ သူမက မင်းရဲ့ နာမည်ကို အသုံးချပြီး ဗန်းပြခဲ့တယ်လေ"
"သူမက... မင်းက သူမအပေါ်မှာ တစ်ဖန်ပြန်လည် မွေးဖွားပေးခဲ့တဲ့ ကျေးဇူးတရား ရှိခဲ့လို့ အခုက ကျေးဇူးဆပ်ဖို့ လာတာပါလို့ ပြောခဲ့တယ်"
"ဒါကြောင့် နောက်ဆုံးမှာတော့ ရှေးဟောင်းမြင့်မြတ်နယ်မြေက သူမကို လက်ခံလိုက်တာ အခုအချိန်အထိပဲ"
ထန်ထျန်း : ...
တစ်ဖန်ပြန်လည် မွေးဖွားပေးခဲ့တဲ့ ကျေးဇူး ဟုတ်လား
မြောင်ယန်ကတော့ တကယ်ကို စကားတတ်လွန်းလှသည်။
သို့သော်လည်း တစ်ဖက်မှ ပြန်တွေးကြည့်ပါက အချို့သော အဓိပ္ပာယ်အရ အမှန်တကယ်ပင် ယုတ္တိတန်နေပေသည်။
အကယ်၍ ထန်ထျန်းသာ မင်ယောင် ကျိကျွင်းကို ကိုင်တွယ်ဖြေရှင်းပေးပြီးနောက် မြောင်ယန်ကို ထွက်ခွာခွင့် မပြုခဲ့ပါက သူမအနေဖြင့် ကျိကျွင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ရန် မဖြစ်နိုင်ချေ။
"အဲဒီကောင်မလေး ပြဿနာတွေ ဘာတွေ မရှာဘူးမလား"
ထန်ထျန်းက မေးလိုက်၏။
မြောင်ယန်က ငြိမ်ငြိမ်ကုပ်ကုပ် နေတတ်မည့်လူစားမျိုး မဟုတ်ပေ။
သို့သော်လည်း ချန်တာအို ကျိကျွင်းက ခေါင်းခါပြလိုက်ရင်း ပြောသည်။ "အနည်းဆုံးတော့ အခုအချိန်အထိ ကြည့်ရသလောက် သူမက တကယ်ပဲ ကျေးဇူးဆပ်ဖို့ လာတာပါ"
"ရှေးဟောင်းမြင့်မြတ်နယ်မြေရဲ့ ကိစ္စတိုင်းမှာ သူမက အမြဲတမ်း အရှေ့ဆုံးကနေ ပြေးဝင်လေ့ရှိပြီး ဒီနှစ်တွေအတွင်းမှာ အကျိုးပြုမှုတွေ အများကြီး လုပ်ဆောင်ခဲ့တယ်"
"ဒါပေမဲ့..."
"သူမရဲ့ အပြုအမူတွေက တစ်ခါတလေကျရင် လူတွေ လက်ခံရခက်တဲ့ အနေအထားမျိုး ရှိတတ်တယ်"
"မင်းလည်း သူမအကြောင်း သိမှာပါ"
ထန်ထျန်းက အလိုက်သင့်ပင် ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်တော့၏။
မြောင်ယန်နှင့် ရှို့ကျွင်း ကျိကျွင်းတို့အကြား ပြောဆိုခဲ့သော စကားဝိုင်းအရပင် အခြေအနေကို ရိပ်မိနိုင်ပေသည်။
ဤကိစ္စများကို နားလည်သဘောပေါက်သွားပြီးနောက် ထန်ထျန်းက ချန်တာအို ကျိကျွင်းနှင့်အတူ မြေအောက်နေရာလွတ် မှ ထွက်လာခဲ့တော့သည်။
သေချာတာပေါ့... ကျူးကျိယွီကိုလည်း တစ်ပါတည်း ခေါ်ဆောင်သွားခဲ့၏။
သူတို့ အပြင်သို့ စတင်ရောက်ရှိလာချိန်၌ ကောင်းကင်ယံထက်တွင် မြင့်မားစွာ ချိတ်ဆွဲထားသော နီရဲသော နေ ကလည်း တိုက်ရိုက်ပင် ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။
ထို့နောက်တွင်မူ... တစ်ချိန်က မိတ်ဆွေဟောင်းများ၏ ပုံရိပ်အားလုံးက ထန်ထျန်း၏ မျက်စိရှေ့မှောက်သို့ ပေါ်ထွက်လာခဲ့ကြတော့၏။
လုံကျိုကျိုး၊ ဟုန်းမန်ကျိကျွင်း၊ ဝူချန်း ကျိကျွင်း၊ ချီလင်မိန်းကလေး၊ မူလ ဝိညာဉ်၊ ထို့ပြင်... ချန်ဝူဟွေ့။
နှစ်ပေါင်း ခုနစ်ရာကျော် အချိန်ကာလအတွင်းမှာပင် ချန်ဝူဟွေ့သည်လည်း ကျိကျွင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး စစ်မှန်သော သက်ရှိတို့၏ အထွတ်အထိပ် နေရာတွင် မတ်တတ်ရပ်နိုင်ခဲ့ပြီ ဖြစ်သည်။
ထန်ထျန်း ထွက်ခွာသွားစဉ်က သူ့အတွက် ကျိကျွင်းအဆင့်သို့ တက်လှမ်းနိုင်ရန် လုံလောက်သော အရင်းအမြစ်များကို ချန်ထားရစ်ခဲ့သည် ဆိုသော်ငြားလည်း ရာစုနှစ်အနည်းငယ်မျှသော အချိန်တိုအတွင်းမှာပင် အဆင့်တက် သွားခဲ့ခြင်း ဖြစ်ရာ ချန်ဝူဟွေ့၏ ကျင့်ကြံခြင်း ပါရမီမှာ တကယ်ကို နောက်ပြောင်နေခြင်း မဟုတ်ပေ။
ဤအချိန်တွင် သူတို့က ကနဦး ထိပ်တိုက်တွေ့ဆုံမှုအပြီး၌ ယာယီအားဖြင့် နှစ်ဖက်ခွဲကာ ရပ်တန့်နေကြ၏။
"မင်း တို့တွေ လွန်နေ ပြီ"
လုံကျိုကျိုးက မျက်နှာပျက်လျက် အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
သူနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်နေရသူမှာမူ... သူ၏ လက်အောက်ငယ်သားဟောင်း ဖြစ်ခဲ့ဖူးသူ ချန်ဝူဟွေ့ ပင် ဖြစ်ပေသည်။
"အရှင်..."
သူက လက်သီးဆုပ် နှုတ်ဆက်မြဲ နှုတ်ဆက်ရင်း ပြောလိုက်၏။ "ကျွန်တော်တို့ရဲ့ အစီအစဉ်အတွက်တော့ ကျူးကျိယွီက အရမ်းကို အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်"
"ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ သူ့ကို ခေါ်သွားရပါလိမ့်မယ်"
"အရှင် အနေနဲ့ နားလည်ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
လုံကျိုကျိုး၏ မျက်ဝန်းများက အေးစက်နေဆဲ ဖြစ်သည်။
"မင်းနဲ့ငါက လမ်းခွဲပြီးသား ဖြစ်နေပြီ၊ ဒီလိုမျိုး ထပ်ပြီး ခေါ်နေစရာ မလိုတော့ဘူး"
"ကျူးကျိယွီရဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့..."
"ငါ သိချင်တာက...မင်း တို့တွေ ဘယ်ကနေ ဘယ်လို သူ့ရဲ့ သတင်းအချက်အလက်ကို ရသွားတာလဲ ဆိုတာပဲ"
ချန်ဝူဟွေ့ မဖြေကြားရသေးခင်မှာပင် ချီလင်မိန်းကလေးက ကြားဖြတ်ကာ ပြောလိုက်၏။ "ငါ ကမ္ဘာ့ဆန္ဒ ရဲ့ နေရာလွတ်ဆီကို သွားခဲ့ဖူးတယ်"
"လွန်ခဲ့တဲ့ နှစ်ပေါင်း ဆယ်ဂဏန်းလောက်ကတည်းက ကမ္ဘာ့ဆန္ဒ က အဲဒီနေရာကနေ ထွက်ခွာသွားပြီး တစ်ဖန်ပြန်လည်မွေးဖွားခြင်းကို ရွေးချယ်ခဲ့တယ်ဆိုတာ ငါတို့ သိပြီးသားပဲ"
"သူမက သူမကိုယ်သူမ ကယ်တင်နေတာ"
"အဲဒီအချိန်ကစပြီး ငါတို့တွေ သူမကို လိုက်ရှာနေခဲ့တာ၊ ဒါပေမဲ့ နင်တို့တွေ လက်ဦးမှုယူသွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"
လုံကျိုကျိုးက ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြောသည်။ "အရင်ရောက်တဲ့သူက အရင်ရတာပဲ"
"ကျူးကျိယွီက ငါတို့ရဲ့ အစီအစဉ်အတွက်လည်း အလားတူ အရေးကြီးတယ်၊ ဒါကြောင့် မင်းတို့ဆီ အပ်နှံဖို့ မဖြစ်နိုင်ဘူး"
"ပြီးတော့ မင်းတို့ လူတောင်းတဲ့ နည်းလမ်းကလည်း..."
"နည်းနည်းတော့ လွန်မနေဘူးလား"
စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဟုန်းမုန့် ကျိကျွင်း က ရယ်မောလိုက်တော့သည်။
"မင်းတို့ရဲ့ အစီအစဉ် ဟုတ်လား။ ကမ္ဘာကြီးကို ပြန်လည် တည်ဆောက်မလို့လား"
"ငါ မင်းတို့ကို အထင်သေးတာတော့ မဟုတ်ဘူးနော်၊ အဲဒါက ဘယ်လိုမှ အကောင်အထည်ဖော်လို့ မရနိုင်တဲ့ အရာကြီးပဲ"
"မင်း တို့တွေ ကျွင်းချန်ချင်းကို ခေါ်လာပြီး ကူညီခိုင်းနိုင်မှသာ အဲဒီ မျှော်လင့်ချက်လေး နည်းနည်း ရှိလိမ့်မယ်"
ဟုန်းမန်ကျိကျွင်းက အေးစက်စွာ နှာမှုတ်လိုက်၏။
"ဒါဆို မင်းတို့ရဲ့ အစီအစဉ်ကကော ဖြစ်နိုင်လို့လား"
"ဟမ့်... မျှော်လင့်ချက် အားလုံးကို ထန်ထျန်းအပေါ်မှာပဲ ပုံအောထားတုန်းပဲလား"
"အဲ့တုန်းက အလှည့်စား ခံခဲ့ရတာ မဝသေးဘူးလား"
နှစ်ဖက်စလုံးက ဤပြဿနာနှင့် ပတ်သက်ပြီး အမြဲတမ်း ပြင်းထန်သော သဘောထားကွဲလွဲမှုများ ရှိနေခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း ချန်ဝူဟွေ့က ခေါင်းခါပြလိုက်ရင်း ပြော၏။ "ဒါတင်မကသေးဘူး..."
"ကျွန်တော်တို့မှာ အခြား အစီအစဉ်တွေလည်း ရှိပါသေးတယ်၊ ဒါပေမဲ့..."
"အဲဒါက ကျွန်တော်တို့ရဲ့ အဓိက အချက် နဲ့ သက်ဆိုင်နေလို့ အမှန်အတိုင်း မပြောနိုင်တာကို ခွင့်လွှတ်ပေးပါ"
"ဒါပေမဲ့ အောင်မြင်ခဲ့မယ်ဆိုရင်တော့... လာမယ့် နှစ်ပေါင်း နှစ်ရာကျော် အချိန်အတွင်းမှာ ဒီကမ္ဘာပေါ်က သက်ရှိတွေရဲ့ ငါးရာခိုင်နှုန်းလောက်ကို ကယ်တင်နိုင်ပါလိမ့်မယ်"
ငါးရာခိုင်နှုန်း ဆိုသည်မှာ အမှန်တကယ်ပင် အလွန်အမင်း များပြားလှသော ကိန်းဂဏန်းတစ်ခု ဖြစ်ပေသည်။
နှစ်ဖက်စလုံးက ဤမျှလောက်သော နှစ်ပေါင်းများစွာအတွင်း အကာအကွယ်ပေးထားနိုင်ခဲ့သည့် သက်ရှိများမှာ သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ ရှိပြီး ပြောပလောက်ခြင်း မရှိသည်ကို သိထားကြ၍ ဖြစ်သည်။
သို့သော်လည်း လုံကျိုကျိုးက ချန်ဝူဟွေ့၏ စကားကို သိသိသာသာပင် မယုံကြည်နိုင်ချေ။
"မင်းတို့တွေက ပွင့်ပွင့်လင်းလင်း မရှိနိုင်မှတော့ ငါတို့ကိုလည်း အပြစ်မတင်နဲ့တော့"
"ကျူးကျိယွီကို မင်းတို့ ခေါ်သွားလို့ မရစေရဘူး"
ချန်ဝူဟွေ့က သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"အရှင်... ကျိုကျိုး ကျိကျွင်း"
"ကျွန်တော်တို့တွေ အချင်းချင်း ရန်သူတွေ မဖြစ်သင့်ဘူး"
"ဒီကမ္ဘာကြီးမှာ နောက်ဆုံး နှစ်ပေါင်း နှစ်ရာကျော်ပဲ အချိန်ကျန်တော့တာ၊ ကျွန်တော်တို့တွေ အတူတူ ပူးပေါင်းဆောင်ရွက်မှသာ မျှော်လင့်ချက် အနည်းငယ်ကို ဆုပ်ကိုင်နိုင်လိမ့်မယ်"
"မဟုတ်ရင်တော့..."
"ကျွင်းချန်ချင်းက ထာဝရအဆင့်ကို အောင်မြင်သွားခဲ့ရင် အရာအားလုံးက နောက်ကျသွားလိမ့်မယ်"
သို့သော်ငြားလည်း လုံကျိုကျိုးက တင်းခံနေဆဲ ဖြစ်သည်။
"ငါက မင်း... ဝူဟွေ့ ကျိကျွင်းကို မယုံတာ မဟုတ်ဘူး"
"ငါက မင်းတို့ရဲ့ မြင့်မြတ်အရှင်ကို မယုံကြည်တာ"
"မင်းတို့မှာ အခြား အစီအစဉ်တွေ ရှိတယ်ဆိုရင်တောင်မှ ကျူးကျိယွီကို ရရှိပြီးတဲ့နောက်မှာ မင်းတို့ မြင့်မြတ်အရှင် ပထမဆုံး လုပ်မယ့်အရာက သူ့ကို အသုံးချပြီး ထန်ထျန်းကို ဆက်ရှာဖို့ပဲ ဖြစ်လိမ့်မယ်"
"တကယ်လို့ ထပ်ပြီး ကျရှုံးခဲ့မယ်ဆိုရင်ကော..."
သူမတွင်လည်း သူမကိုယ်ပိုင် စိုးရိမ်ပူပန်မှုများနှင့် အတွေးအမြင်များ ရှိနေပေသည်။
ဤကိစ္စတွင် နှစ်ဖက်စလုံးက ညှိနှိုင်း၍ မရနိုင်တော့ချေ။
ချန်ဝူဟွေ့က ခါးသီးစွာ ပြုံးလိုက်မိ၏။
"ဒါဆိုရင်... တိုက်ဖို့ပဲ ရှိတော့တာပေါ့"
လုံကျိုကျိုးက ယန် လေးကို လက်တွင် ကိုင်ဆွဲလိုက်သည်။
"မင်းတို့ တိုက်ချင်တယ်ဆိုရင်တော့..."
"ငါ အဆုံးအထိ အဖော်ပြုပေးမယ်"
နှစ်ဖက်စလုံးက ထပ်မံ ထိပ်တိုက်ရင်ဆိုင်လိုက်ကြရာ အစွမ်းထက်လှသော ကျိကျွင်း ခြောက်ဦး၏ ထွက်ပေါ်လာသော အော်ရာ များက ကောင်းကင်ပြင်ကြီးကိုပင် တိုက်ရိုက် လောင်ကျွမ်းပျက်စီးစေခဲ့သည်။
အကယ်၍ သူတို့သာ တကယ်တမ်း လက်နက်ချင်းစုံပြီး တိုက်ခိုက်ကြမည်ဆိုပါက ကယ်တင်ခြင်းမဟာမိတ်အဖွဲ့ တည်ရှိရာ ဤကမ္ဘာကြီးတစ်ခုလုံး တိုက်ရိုက် ပြိုလဲပျက်စီးသွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
သို့သော်လည်း အခြေအနေများ လုံးဝဥဿုံ ဆိုးရွားမသွားခင်မှာပင် စကားသံတစ်ခုက အဝေးမှနေ၍ ပျံ့လွင့်ရောက်ရှိလာခဲ့တော့သည်။
"ငါသာ ကျွင်းချန်ချင်း ဖြစ်နေပြီး မင်းတို့ရဲ့ အခုလို အခြေအနေကို မြင်ရင်..."
"သေချာပေါက် အော်ဟစ်ပြီး ရယ်မောမိမှာပဲ"
ထိုစကားသံနှင့်အတူ အဝေးမှနေ၍ အနီးသို့ ရောက်ရှိလာသည်နှင့်အမျှ... ထန်ထျန်း၏ ပုံရိပ်က ဟင်းလင်းပြင်ထက်တွင် ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့လေတော့သည်။