အခန်း ၉၂၆
Vol. 89 Ch. 926
အခန်း (၉၂၆) ခြောက်ဆယ်ရာခိုင်နှုန်း
ထန်ထျန်း ရုတ်တရက် ပေါ်လာခြင်းက မူလက လက်နက်ချင်းစုံလုနီးပါး ဖြစ်ကာ အင်အားချင်း အပြိုင်အဆိုင် အားခဲထားကြသည့် နှစ်ဖက်စလုံးမှ လူများကို ချက်ချင်းပင် ရပ်တန့်သွားစေခဲ့သည်။
လူတိုင်း၏ အကြည့်များက ထန်ထျန်း၏ ကိုယ်ပေါ်သို့ ကျရောက်သွားကြ၏။
လူတိုင်း၏ မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေကြပေသည်။
သူတို့က ရုတ်တရက် ပေါ်လာသော ထန်ထျန်းကို ကြောင်တောင်တောင် စိုက်ကြည့်နေကြပြီး အံ့အားသင့်လွန်းသဖြင့် စကားတစ်ခွန်းမျှပင် မပြောနိုင်ကြချေ။
"ဘာလဲ... ငါ့ကို မမှတ်မိကြတော့ဘူးလား"
သူတို့ စကားမပြောကြသည်ကို မြင်သောအခါ ထန်ထျန်းက ပြုံးပြီး ပြောလိုက်သည်။ "အောက်ဆင်းပြီး လက်ဖက်ရည် သောက်ကြရအောင်လေ၊ ဒီလိုမျိုး တိုက်ခိုက်နေကြတာက ပျင်းစရာကောင်းလွန်းပါတယ်"
"ဒါမှမဟုတ် မင်းတို့ တိုက်လို့ပြီးတဲ့အထိ ငါက စောင့်ပေးရမလား"
"ဟမ်..."
လူအနည်းငယ်က ပါးစပ်အဟောင်းသားဖြင့် ထန်ထျန်းကို မှင်တက်ကာ စိုက်ကြည့်နေကြဆဲ ဖြစ်သည်။
အတော်ကြာမှ ဟုန်းမုန့်ကျိကျွင်းက တိုးတိုးလေး ရေရွတ်လိုက်၏။ "ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ထန်ထျန်းက ပြုံးလိုက်ရင်း ပြောသည်။ "ဒီကမ္ဘာမှာ ဖြစ်မလာနိုင်တဲ့အရာ ဆိုတာ မရှိဘူး"
"အားလုံး အဲဒီမှာ မတ်တတ်ကြီး ရပိ မနေကြပါနဲ့၊ မမောကြဘူးလား"
"အောက်ဆင်းလာခဲ့ကြ"
.....
ခေတ္တမျှ ကြာပြီးနောက်... ကယ်တင်ခြင်းမဟာမိတ်အဖွဲ့၏ အဓိကတောင်ထိပ် ရှိ ပန်းခြံတစ်ခုအတွင်း၌
ထန်ထျန်း၊ လုံကျိုကျိုး၊ ချန်ဝူဟွေ့၊ ချီလင်မိန်းကလေးနှင့် ချန်တာအိုကျိကျွင်းတို့က ဝိုင်းဖွဲ့ထိုင်နေကြပြီး ကျန်ရှိသောလူများကမူ သူတို့၏ ဘေးတွင် မတ်တတ်ရပ်နေကြသည်။
မြောင်ယန်၊ ရှို့ကျွင်းကျိကျွင်းနှင့် ယိရှန်း သုံးယောက်စလုံးလည်း ပြန်ရောက်လာကြပြီ ဖြစ်သည်။
သူတို့သည် မူလက ပြင်းထန်စွာ တိုက်ခိုက်နေကြခြင်း ဖြစ်သော်လည်း ထန်ထျန်း ပေါ်လာသည်ကို မြင်ပြီးနောက်တွင်မူ ရပ် လိုက်ကြခြင်း ဖြစ်၏။
အထူးသဖြင့် လူတိုင်းနီးပါး၏ မျက်နှာပေါ်တွင် ပြင်းထန်သော မယုံကြည်နိုင်မှုများက အတိုင်းသား ရှိနေဆဲပင်။
"စကား ပြောကြဦးလေ... အားလုံးက ဘာလို့ စကားမပြောဘဲ နေနေကြတာလဲ"
ထန်ထျန်းက လက်ဖက်ရည်ကို တစ်ငုံသောက် လိုက်ရင်း အေးအေးလူလူ ပြောလိုက်သည်။
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် ချန်ဝူဟွေ့က စပြောလာ၏။ "လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ်ရာကျော်တုန်းက..."
"မင်းက မင်းရဲ့ ကျင့်ကြံခြင်း စွမ်းအားအားလုံးကို ဖယ်ရှားပစ်ပြီး ဖန်ဆင်းခြင်း ကောင်းကင်တိုင် ကြီးထဲကို တစ်ကိုယ်တည်း ခုန်ချသွားခဲ့တာ"
"ကျွင်းချန်ချင်းရဲ့ အဆိုအရဆိုရင် မင်းအနေနဲ့ ကမ္ဘာကြီးဆီ ပြန်လာနိုင်မယ့် အခွင့်အရေး လုံးဝမရှိတော့ဘူးလို့ ဆိုတယ်"
ထန်ထျန်းက နှာခေါင်းရှုံ့လိုက်ရင်း ပြော၏။ "သူက ဘာသိလို့လဲ"
"ကောလာဟလတွေ လျှောက်လွှင့်နေတာ"
"ငါ ထွက်သွားတဲ့အချိန်တုန်းက ငါ သေချာပေါက် ပြန်လာခဲ့မယ်လို့ သူ့ကို ပြောခဲ့ပြီးသားပဲ"
စကားဆုံးသည်နှင့် သူက ပိုမိုသက်တောင့်သက်သာရှိသော အနေအထားသို့ ပြောင်းထိုင်လိုက်ပြီး ပြောသည်။ "မင်းတို့ ကယ်တင်ခြင်းမဟာမိတ်အဖွဲ့နဲ့ ရှေးဟောင်းမြင့်မြတ်နယ်မြေရဲ့ ကိစ္စတွေကို ငါ အကြမ်းဖျင်း နားလည်သွားပါပြီ"
"ဒီလိုမျိုး အမှောင် ကာလအတွင်းမှာ ကမ္ဘာကြီးဘက်ကနေ မယိမ်းမယိုင် ရပ်တည်ပေးပြီး ကမ္ဘာကြီးရဲ့ အနာဂတ် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကြိုးစားအားထုတ်ပေးခဲ့ကြတာ"
"ငါ မင်းတို့ကို တကယ်ပဲ လေးစားမိပါတယ်"
ထိုသို့ပြောရင်း ထန်ထျန်းက ဘေးနားရှိ လုံကျိုကျိုးကို လှည့်ကြည့်လိုက်၏။
သို့သော်လည်း လုံကျိုကျိုးက ခေါင်းခါပြလိုက်ရင်း သက်ပြင်းချလိုက်သည်။
"အလဟဿ ရုန်းကန်မှုတွေသက်သက်ပါပဲ"
"ကျွင်းချန်ချင်းအကြောင်းကို ပိုပြီး နားလည်လေလေ... အချက်တစ်ခုကို ပိုပြီး သဘောပေါက်လေလေပဲ"
"သူ့ရဲ့ ရှေ့မှောက်မှာတော့ အားထုတ်မှုတွေနဲ့ ရုန်းကန်မှုတွေ အားလုံးက ဘာအဓိပ္ပာယ်မှ မရှိဘူး"
ထန်ထျန်းက ထိုစကားကို ငြင်းဆိုခြင်း မပြုခဲ့ပေ။
အချို့လူများက ကြိုးစားအားထုတ်မှုက ကိုယ်တိုင် အဓိပ္ပာယ် ပြည့်ဝနေတာမျိုး ဖြစ်နိုင်သည်ဟု ပြောချင်ကြလိမ့်မည်။
သို့သော် ထိုအရာက ကိုယ့်ကိုကိုယ် လှည့်စားခြင်းသက်သက်သာ ဖြစ်၏။
ရလဒ်က ဤကြိုးစားအားထုတ်မှုနှင့် ထိုက်တန်မှသာလျှင် ထိုအရာက အဓိပ္ပာယ်ရှိသော ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။
"အလင်းကမ္ဘာကော ဘယ်လိုလဲ"
ထန်ထျန်းက ရုတ်တရက် အကြောင်းအရာကို ပြောင်းလိုက်သည်။
လုံကျိုကျိုးက ခေတ္တမျှ ကြောင်အသွားပြီးနောက် စဉ်းစားကာ ပြောလိုက်၏။ "တကယ်တော့... တော်တော်လေး ကောင်းမွန်ပါတယ်"
"ငါတို့ထဲက လူတချို့ အလင်းကမ္ဘာဆီကို သွားခဲ့ဖူးတယ်၊ အဲဒီနေရာက အခြေခံအားဖြင့် ပြီးပြည့်စုံတဲ့ ကမ္ဘာသစ်တစ်ခု ဖြစ်နေပြီ"
"နေ၊ လ၊ ကြယ်တွေ၊ ကောင်းကင်တာအိုနဲ့ သဘာဝတရားတွေ ရှိနေတဲ့ မွေးဖွားခါစ ကမ္ဘာသစ်တစ်ခုပေါ့"
"ထိုက်ချန်ကျိကျွင်းရဲ့ စီမံမှုအောက်မှာ အလင်းကမ္ဘာရဲ့ စနစ်ကလည်း အရမ်းကို ပြီးပြည့်စုံတယ်၊ ငါတို့ ကယ်တင်ခြင်းမဟာမိတ်အဖွဲ့နဲ့ ယှဉ်ရင်... ကောင်းကင်နဲ့ မြေကြီးလို ကွာခြားလွန်းတယ်"
"ဒါကြောင့် မကြာသေးခင်နှစ်တွေအတွင်းမှာ ငါတို့လူတွေ အများကြီး စိတ်ဓာတ် ကျ သွားကြပြီး ငါတို့ လုပ်နေတဲ့အရာတွေက မှားယွင်းနေတယ်လို့ ထင်မြင်လာကြတယ်"
"ကမ္ဘာကြီးရဲ့ မျိုးစေ့တွေကို ငါတို့ရဲ့ ဒီလိုမျိုး အတုအယောင် ကမ္ဘာလွတ်ကြီးထဲမှာ ချန်ထားရစ်မယ့်အစား အလင်းကမ္ဘာဆီ ခေါ်ဆောင်သွားတာက ပိုကောင်းလိမ့်မယ်၊ အဲဒီနေရာကမှ ပိုပြီး တောက်ပတဲ့ အနာဂတ် ရှိမှာပါ"
ထန်ထျန်း၏ ရှေ့မှောက်တွင် လုံကျိုကျိုးက အခြေအနေအားလုံးကို ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်တော့သည်။
ထို့နောက်တွင်မူ ချန်တာအိုကျိကျွင်းကလည်း သက်ပြင်းခပ်ဖွဖွ တစ်ချက် ချလိုက်မိ၏။
"တကယ်တော့... လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာ၊ သုံးရာလောက်ကတည်းက ငါတို့တွေ ဝေခွဲမရ ဖြစ်နေခဲ့ကြတာ"
"စိတ်ဓာတ်တွေ ကျ နေခဲ့ပြီ"
"ငါတို့က ကမ္ဘာကြီးကို ကယ်တင်သူတွေအဖြစ် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ပြီး ကမ္ဘာကြီးရဲ့ ကိစ္စတွေမှာ ဝင်ပါခဲ့ကြတယ်"
"ဒါပေမဲ့ အဆုံးစွန်ထိ ပြောရရင်တော့... ငါတို့မှာ ကမ္ဘာကြီးကို ကယ်တင်နိုင်တဲ့ အဲဒီလိုမျိုး စွမ်းရည် မရှိခဲ့ကြဘူး..."
ချန်တာအိုကျိကျွင်းက ထိုသို့ပြောလိုက်ရာ ဝူချန်းကျိကျွင်းနှင့် ဟုန်းမုန့်ကျိကျွင်းတို့ကဲ့သို့ လူများ၏ မျက်နှာပေါ်တွင်လည်း အလွန်အမင်း စိတ်ပျက်အားလျော့သော အမူအရာများ ပေါ်ထွက်လာကြသည်။
သူတို့က ဤကမ္ဘာကြီးအတွက် တစ်ခုခု လုပ်ဆောင်ပေးချင်ကြသော်လည်း သူတို့ကိုယ်တိုင် မတတ်နိုင်ကြောင်းကိုသာ သိမြင်ခဲ့ကြရခြင်း ဖြစ်၏။
ဤစကားကို ကြားရသောအခါ ထန်ထျန်းက လက်ဝှေ့ယမ်းပြလိုက်ရင်း ပြောသည်။ "အချို့ ကိစ္စတွေက မူလကတည်းက လူသားတွေရဲ့ စွမ်းအားနဲ့ မတတ်နိုင်တဲ့ အရာတွေပဲ"
"မင်းတို့လည်း ဒီအတိုင်းပဲ... ကျွင်းချန်ချင်းကော... ဒီအတိုင်းပဲ"
"ငါလည်းပဲ တကယ်တော့ အတူတူပါပဲ"
"အများကြီး တွေးမနေကြပါနဲ့၊ လုပ်ချင်တာကိုပဲ လုပ်ကြပါ"
"ငါတို့ လူတိုင်းရဲ့ လမ်းဆုံးက သေခြင်းတရားပဲ မဟုတ်လား၊ အဲဒါကြောင့် ငါတို့က မရှင်သန်တော့ဘဲ မွေးဖွားလာတာနဲ့ လမ်းဆုံးကို ရောက်အောင် တိုက်ရိုက် တိုက်မိပြီး သေပစ်လိုက်ကြမှာလား"
လူတိုင်းက ခပ်ဖွဖွ ရယ်မောလိုက်ကြ၏။
ဤသို့သော နှိုင်းယှဉ်ချက်က တကယ်ကို ဆန်းသစ်လှပေသည်။
ရယ်မောသံများနှင့်အတူ လူတိုင်းအကြား ရှိနေခဲ့သော မူလက အလွန်အမင်း လေးလံထိုင်းမှိုင်းနေသည့် လေထုကလည်း တဖြည်းဖြည်းနှင့် ပေါ့ပါးလာခဲ့တော့သည်။
လုံကျိုကျိုးက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ထန်ထျန်းကို ပြောလိုက်၏။ "ထန်ထျန်း... တောင်းပန်ပါတယ်"
"အဲဒီအချိန်တုန်းက... ငါ မင်းကို မသံသယမဝင်ခဲ့သင့်ဘူး"
"ငါတို့က ကျွင်းချန်ချင်းနဲ့ ကမ္ဘာ့အရှင်ရဲ့ စီစဉ်မှုအောက်မှာ ခံလိုက်ရတာ၊ မင်းကြောင့် မဟုတ်ပါဘူး"
"မင်းကလည်း သားကောင်တွေထဲက တစ်ယောက်ပဲ"
ထန်ထျန်းက လက်ဝှေ့ယမ်းပြလိုက်သည်။ "အဲဒီလို ကိစ္စမျိုးတွေကို ထပ်ပြီး ပြောမနေပါနဲ့တော့"
"ပြီးတော့ ကမ္ဘာ့အရှင်နဲ့ ပတ်သက်တဲ့ ကိစ္စတွေက... အရမ်းကို ရှုပ်ထွေးလွန်းလို့ စကားလုံး အနည်းငယ်နဲ့ ရှင်းပြဖို့ မလွယ်ဘူး"
"မင်းတို့ သိထားရမှာက... သူက ငါတို့ရဲ့ ကမ္ဘာကြီးကို သစ္စာဖောက်ခဲ့တာ မဟုတ်ဘူး ဆိုတာပဲ"
"လနတ်သမီး၊ သဘာဝမိခင်... သူတို့ကလည်း ငါတို့ရဲ့ ကမ္ဘာကြီးကို သစ္စာဖောက်ခဲ့ကြတာ မဟုတ်ဘူး"
"တကယ်တော့ အပြန်အလှန်အားဖြင့်... သူတို့က ဒီကမ္ဘာကြီးအတွက် သူတို့ရဲ့ အသက် အပါအဝင် အရာအားလုံးကို ပေးဆပ်သွားခဲ့ကြတာ"
သူအနေဖြင့် ကမ္ဘာ့အရှင်နှင့် လနတ်သမီးတို့အတွက် နာမည်ကို သန့်ရှင်းအောင် ပြန်လည် ဖော်ထုတ်ပေးရမည် ဖြစ်သည်။
သို့သော်လည်း သူ စကားပြောပြီးနောက်တွင်မူ လူတိုင်းက အလွန်အမင်း အံ့အားသင့်သွားခြင်း မရှိဘဲ အလွန်ပင် တည်ငြိမ်နေကြ၏။
"ငါတို့ တကယ်တော့ သိပြီးသားပါ"
ချီလင်မိန်းကလေးက ပြောသည်။ "ရှင် ပျောက်ကွယ်သွားပြီးတဲ့နောက်မှာ ငါ နဲ့ ဟုန်းမုန့်ကျိကျွင်း တို့က ကမ္ဘာ့ဆန္ဒ ရှိနေတဲ့ နေရာဆီကို သွားခဲ့ကြတယ်"
"သူ့ဆီကနေ ငါတို့တွေ တစ်ခါမှ မသိခဲ့ဖူးတဲ့ အတိတ်က အကြောင်းအရာ အများကြီးကို သိခွင့်ရခဲ့တယ်"
"အဲဒါတွေကို ဆက်တိုက် စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာမှ... ဒီကိစ္စရဲ့ ရှုပ်ထွေးမှု အဆင့်က ငါတို့ စိတ်ကူးထားတာထက် အဝေးကြီးကို ကျော်လွန်နေမှန်း သိလိုက်ရတာ"
"ငါတို့ နားမလည်နိုင်တဲ့ အပိုင်းတွေ အများကြီး ရှိနေခဲ့တယ်"
"ဥပမာ... နေနတ်ဘုရားနဲ့ လနတ်သမီးတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် စတေးသွားခဲ့တာမျိုး၊ ကမ္ဘာ့အရှင်နဲ့ ကျွင်းချန်ချင်းတို့အကြားက သဘောတူညီချက်မျိုး စတာတွေပေါ့"
"ဒါပေမဲ့ ငါတို့တွေ သေချာ စုံစမ်းမိတာကတော့... ကမ္ဘာ့အရှင်တို့က ကမ္ဘာကြီးကို တကယ် သစ္စာဖောက်ခဲ့တာ မဟုတ်ဘူး ဆိုတာပဲ"
ထန်ထျန်းက ခေါင်းညိတ်လိုက်၏။
ကြည့်ရသရွေ့ ဤနှစ်ပေါင်း ခုနစ်ရာကျော် အချိန်ကာလအတွင်းမှာပင် ကိစ္စ အများအပြားက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကမ္ဘာပေါ်က သက်ရှိအားလုံး အတူတူပင်။
အလင်းကမ္ဘာက လူသားတို့ အမျှော်လင့်ဆုံးသော တစ်ခုတည်းသော မြင့်မြတ်နယ်မြေ ဖြစ်လာခဲ့သည်။
ရှေးဟောင်းမြင့်မြတ်နယ်မြေနှင့် ကယ်တင်ခြင်းမဟာမိတ်အဖွဲ့တို့ကမူ ဘေးဖယ်ခြင်း ခံထားရသလို ဖြစ်နေခဲ့ပြီ။
ထို့ပြင် ကယ်တင်ခြင်းမဟာမိတ်အဖွဲ့၏ မကြာခဏ လူလိုက်လုသည့် လုပ်ရပ်များကြောင့် အချို့သော နေရာများတွင် သူတို့ကို "မိစ္ဆာလမ်းစဉ်" ဟု တံဆိပ်ကပ်ထားကြလေပြီ။
ဤအရာအားလုံးက အချိန်ကုန်လွန်လာသည်နှင့်အမျှ အဆက်မပြတ် ပြောင်းလဲလာခဲ့သည့် ကိစ္စများ ဖြစ်ပေသည်။
"ကဲပါ... အဲဒါတွေကို ထပ်မပြောကြနဲ့တော့"
ထန်ထျန်းက သက်ပြင်းခပ်ဖွဖွ တစ်ချက် ချ လိုက်ရင်း ပြောသည်။ "ဒီနှစ်တွေအတွင်းမှာ မင်းတို့အားလုံး တကယ်ကို ပင်ပန်းခဲ့ကြပါပြီ"
"ကောင်းကောင်းလေး အနားယူကြဖို့ အချိန်တန်ပါပြီ"
"နောက်ဆက်တွဲ ကိစ္စတွေကိုတော့ ငါ့ဆီပဲ လွှဲလိုက်ပါတော့"
လုံကျိုကျိုးနှင့် အခြားလူများ၏ မျက်ဝန်းများက ချက်ချင်းပင် တောက်ပသွားကြပြီး မေးလိုက်၏။ "မင်း..."
"ဒီကမ္ဘာကြီးကို ကယ်တင်နိုင်မယ့် နည်းလမ်း တကယ်ပဲ ရှိလို့လား"
"ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ်ရာတုန်းကတောင်မှ မရခဲ့..."
သူတို့က အနည်းငယ် ဝမ်းသာအားရ ဖြစ်နေကြသလို တစ်ဖက်မှလည်း ကြောက်ရွံ့နေကြသည်။
ဤအရာက နောက်ထပ်တစ်ကြိမ် အချည်းနှီးဖြစ်မည့် အိပ်မက်တစ်ခု ဖြစ်သွားမှာကို ကြောက်ရွံ့နေကြခြင်း ဖြစ်၏။
ထန်ထျန်းကမူ ပြုံးလိုက်ရင်း ပြောသည်။ "ကျူးကျိယွီကို မမြင်ခင်တုန်းကတော့ ငါ့မှာ လေးဆယ်ရာခိုင်နှုန်းလောက်ပဲ သေချာမှု ရှိခဲ့တာ"
"ဒါပေမဲ့ သူ့ကို မြင်ပြီးတဲ့နောက်မှာတော့... ခြောက်ဆယ်ရာခိုင်နှုန်းလောက်အထိ ရှိသွားပြီ"
လူတိုင်း ချက်ချင်းပင် မှင်တက်သွားရတော့သည်။
"ကျူးကျိယွီ လား"