← Chapters

အခန်း ၉၂၇

Vol. 89 Ch. 927

အခန်း ၉၂၇

Vol. 89 Ch. 927

အခန်း (၉၂၇) ဖြစ်နိုင်ချေ ရှစ်ဆယ်ရာခိုင်နှုန်း

​ထန်ထျန်း ပြောလိုက်သော စကားကြောင့် လူတိုင်းက ချက်ချင်းပင် ဘေးနားရှိ ကျူးကျိယွီ၏ ကိုယ်ပေါ်သို့ အကြည့်များ ရွှေ့လိုက်ကြသည်။

​ထိုအချိန်တွင် ကျူးကျိယွီက ဝိညာဉ်ချိပ်ပိတ် မှုကို ဖြေလျှော့ပြီးသား ဖြစ်သဖြင့် နိုးရုံတင် နိုးလာခဲ့ပြီ ဖြစ်၏။

​အကြီးအကဲများအားလုံး လှည့်ကြည့်လာသည်ကို မြင်သောအခါ သူ၏ မူလကပင် ဖြူလျော့နေသော မျက်နှာက ပို၍ပင် ဖြူစုတ်သွားတော့သည်။ ယခင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များက ဤလူငယ်လေးကို တကယ်ပင် ခြောက်လှန့်ထားခဲ့ပုံရ၏။

​၎င်းကို မြင်သဖြင့် ကျူးကျစ်ယန်က မောင်လေးဖြစ်သူ၏ ရှေ့တွင် မတ်တတ်ရပ်ကာ ကာကွယ်ပေးလိုက်သည်။ သူမ၏ ရင်ထဲတွင်လည်း အလွန်အမင်း ကြောက်ရွံ့နေမိသော်လည်း မောင်လေးဖြစ်သူ၏ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။

​ထန်ထျန်းက ခပ်ဖွဖွ ခေါင်းခါပြလိုက်ရင်း ပြော၏။ "စိတ်အေးအေးထားပါ"

​"သူ့ကို ဘာမှ လုပ်မှာ မဟုတ်ဘူး"

​ထိုအခါမှသာ အခြားလူများလည်း သူတို့၏ အကြည့်များကို ပြန်လည် ရုပ်သိမ်းလိုက်ကြတော့သည်။

​"သူက ဒီလောက်အထိ အရေးပါနေလို့လား"

​လုံကျိုကျိုးက ဝင်ပြောလာ၏။ "ကျူးကျိယွီရဲ့ သရုပ်မှန် က ထူးခြားတာ မှန်ပေမဲ့... သူက အလွန်ဆုံးရှိမှ ငါတို့ရဲ့ ခိုလှုံရာ ကမ္ဘာလွတ်ကြီးကို ပိုပြီး ရေရှည်တည်တံ့အောင်ပဲ လုပ်ပေးနိုင်မှာလေ"

​"ကမ္ဘာ့ဆန္ဒရဲ့ လူသားအသွင် တစ်ယောက်က တစ်ကိုယ်လုံးအတိုင်းအတာနဲ့ အခြေအနေအရပ်ရပ်ကို ကယ်တင်နိုင်ဦးမှာမလို့လား"

​ထန်ထျန်းက ပြုံးလိုက်ရင်း ပြောသည်။ "သူက တကယ်ပဲ အရေးကြီးတဲ့ သော့ချက်ပဲ"

​"ဒါပေမဲ့... သူ့ရဲ့ သရုပ်မှန် ကြောင့် မဟုတ်ဘူး၊ သူ ကိုယ်တိုင်ကြောင့်ပဲ"

​"ဒီကိစ္စက စကားလုံး တစ်ခွန်း၊ နှစ်ခွန်းနဲ့ ရှင်းပြဖို့ မလွယ်ဘူး၊ အခု ပြောပြရင်တောင် မင်းတို့ နားလည်နိုင်မှာ မဟုတ်သေးဘူး"

​"နောက်မှပဲ သိရလိမ့်မယ်"

​လူတိုင်း တိတ်ဆိတ်ရုံသာ နေလိုက်ကြတော့သည်။

​သူတို့က ဤကမ္ဘာကြီး၏ အထွတ်အထိပ်တွင် ရပ်တည်နေကြသော လူသားတစ်စု ဖြစ်ကြသဖြင့် ဤစကားကို အခြားလူတစ်ယောက်သာ ပြောလာခဲ့လျှင် သေချာပေါက် ပျင်းစရာကောင်းသော ဟာသတစ်ခုအဖြစ် သတ်မှတ်မိကြလိမ့်မည်။

​သို့သော် ပြောသူက ထန်ထျန်း ဖြစ်နေသည့်အတွက်...

​သူ့မှာ ထိုသို့ပြောနိုင်သော အရည်အချင်း တကယ်ပဲ ရှိပေသည်။

​"ဒါဆိုရင် ငါတို့ အခု ဘာဆက်လုပ်ကြရမလဲ"

​လုံကျိုကျိုးက မေးလိုက်၏။

​ထန်ထျန်းက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ရင်း ပြောသည်။ "အဲဒါတွေကို အလျင်စလို ပြောမနေပါနဲ့ဦး"

​"ပထမဆုံး တခြား ကိစ္စတစ်ခုကို အရင်ပြောကြရအောင်"

​ထို့နောက် သူက ဘေးနားရှိ ချန်ဝူဟွေ့ကို လှည့်ကြည့်လိုက်၏။

​"မင်းတို့ ကျူးကျိယွီကို လိုချင်နေကြတာက... ဘာလုပ်ဖို့လဲ"

​ချန်ဝူဟွေ့က လုံကျိုကျိုးကို တစ်ချက် ကြည့်လိုက်ပြီးနောက် စ ပြောလာတော့သည်။ "ရည်ရွယ်ချက် နှစ်ခု ရှိပါတယ်"

​"ပထမတစ်ခုကတော့... အစောပိုင်းတုန်းက ကျိုကျိုးကျိကျွင်း ပြောခဲ့သလိုပါပဲ"

​"မင်း ရောက်နေတဲ့ နေရာကို ရှာဖွေဖို့အတွက်ပါ"

​လုံကျိုကျိုးက ခပ်အေးအေး နှာခေါင်းရှုံ့လိုက်သော်လည်း စကားတစ်ခွန်းမျှ ဝင်မပြောခဲ့ချေ။

​ထန်ထျန်းကမူ မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရင်း မေးလိုက်၏။ "ဘယ်လို ရှာဖွေတာလဲ"

​ချန်ဝူဟွေ့က ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချလိုက်ရင်း ပြောသည်။ "မင်း ပြန်ရောက်လာပြီဆိုမှတော့... ပြောပြလို့ မရတာမျိုး မရှိတော့ပါဘူး"

​"ဒီနှစ်ပေါင်း ခုနစ်ရာကျော်အတွင်းမှာ ရှေးဟောင်းမြင့်မြတ်နယ်မြေရဲ့ အဓိက ရည်မှန်းချက်က တကယ်တော့ မင်းရဲ့ ခြေရာလက်ရာတွေကို ရှာဖွေဖို့ပါပဲ"

​"မြင့်မြတ်အရှင် ရှောင်းရွှယ် က မင်း ပျောက်ကွယ်မသွားဘူးဆိုတာကို အမြဲတမ်း အခိုင်အမာ ယုံကြည်နေခဲ့တာ၊ မင်း ပြန်ရောက်လာအောင် နည်းလမ်းမျိုးစုံကို သုံးပြီးတော့ ကြိုးစားခဲ့ဖူးတယ်"

​"ဒါပေမဲ့ အဲဒီ နည်းလမ်းတွေ အားလုံးက ဘာတစ်ခုမှ မအောင်မြင်ဘဲ ကျရှုံးခဲ့ရတာချည်းပဲ"

​"နောက်ဆုံးကျတော့မှ မြင့်မြတ်အရှင် ရှောင်းရွှယ် က... ထာဝရကြေးမုံ ကို သန့်စင်ဖို့ ရွေးချယ်ခဲ့တာ"

​ထန်ထျန်းက ချက်ချင်းပင် မျက်မှောင်ကြုတ်သွား၏။ "ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

​"ထာဝရကြေးမုံ က ကာလအကြာကြီး ကတည်းက နတ္ထိ အဖြစ် ပြောင်းလဲသွားပြီးတော့ ထာဝရ စီးဆင်းနေတဲ့ အချိန်မြစ်ကြီး ဖြစ်သွားခဲ့ပြီ၊ အဲဒါက ဘယ်လိုမှ ထိတွေ့လို့ မရနိုင်တဲ့ တည်ရှိမှုမျိုးပဲ"

​"ဘယ်သူမှ အဲဒါကို သန့်စင်နိုင်မှာ မဟုတ်ဘူး"

​ချန်ဝူဟွေ့က ခေါင်းညိတ်ပြလိုက်ရင်း ပြောသည်။ "ဟုတ်ပါတယ်"

​"ထာဝရကြေးမုံ ရဲ့ ပင်မကိုယ်ထည်ကို ရှာဖွေဖို့က တကယ်ပဲ မဖြစ်နိုင်တော့ပါဘူး"

​"ဒါပေမဲ့... သူ့ရဲ့ ပုံရိပ်ယောင်ကတော့ ရှိနေဆဲပဲ"

​"မြင့်မြတ်အရှင် ရှောင်းရွှယ် ဘယ်လို နည်းလမ်း သုံးခဲ့လဲဆိုတာ မသိပေမဲ့... သူမက ထာဝရကြေးမုံ ရဲ့ စွမ်းအားကို ပေါ်ထွက်လာအောင် လုပ်နိုင်ခဲ့တာတော့ အမှန်ပဲ"

​"ပြီးတော့ ထာဝရကြေးမုံ က အတိတ်နဲ့ ပစ္စုပ္ပန်ကို ဆက်သွယ်ပေးနိုင်တဲ့အပြင် ကမ္ဘာ့ဆန္ဒရဲ့ လူသားအသွင် နဲ့ပါ ပေါင်းစပ်လိုက်ရင်... ဒီကမ္ဘာပေါ်မှာ သဲလွန်စ ချန်ထားရစ်ခဲ့တဲ့ ဘယ်လို တည်ရှိမှုကိုမဆို ပုံရိပ် ထင်ဟပ်စေနိုင်တယ်လေ"

​ထန်ထျန်း ရုတ်တရက် သဘောပေါက်သွားခဲ့ရသည်။ မူလက ဒီလိုကိုး ။

​သို့သော်လည်း သူက မကြာမီမှာပင် ပုံမှန်မဟုတ်သော နေရာအချို့ကို သတိပြုမိသွားပြန်၏။

​ထာဝရကြေးမုံ ၏ စွမ်းအားကို ပေါ်ထွက်လာစေပြီး သူတို့ လိုချင်သော ရလဒ်မျိုး ရရှိအောင် လုပ်ဆောင်ဖို့ဆိုသည်မှာ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ချေ။

​အထွတ်အထိပ်ကျိကျွင်းတွေတောင် မလုပ်နိုင်ကြချေ။

​သူကိုယ်တိုင် ဖြစ်စေ၊ သို့မဟုတ် ထာဝရအဆင့်သို့ မရောက်ရှိသေးသော ကျွင်းချန်ချင်း ဖြစ်စေ ထိုအရာကို လုပ်ဆောင်နိုင်ရန် အလွန်ပင် ခဲယဉ်းလိမ့်မည်။

​ကုရှောင်းရွှယ်အနေဖြင့် ဤသို့သော ကောင်းကင်ဆန့်ကျင်သည့် ကိစ္စကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်ဆိုလျှင် ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိပေသည်။

​သူမက ဂျင်ဂိုကမ္ဘာ၏ စွမ်းအားကို အသုံးပြုခဲ့ခြင်း ဖြစ်ရမည်။

​ထန်ထျန်း မထွက်ခွာမီက ကုရှောင်းရွှယ်၏ အသက်စွမ်းအား ကို ဂျင်ဂိုပင်ကြီးနှင့် ချိတ်ဆက်ပေးခဲ့သဖြင့် သူမအနေဖြင့် ဂျင်ဂိုကမ္ဘာ၏ အစွမ်းထက်သော စွမ်းအားများကို အလွယ်တကူ အသုံးပြုနိုင်မည် ဖြစ်ပေသည်။

​သို့သော် ဤမျှနှင့် မလုံလောက်သေးချေ။

​ဤသို့သော ကောင်းကင်ဆန့်ကျင်သည့် ကိစ္စကို ပြီးမြောက်အောင်မြင်ရန်အတွက် သူမက သူ့ကိုယ်သူ အားလုံး ပေါင်းစပ်ထည့်သွင်းရမည် ဖြစ်သည်။

​ဆိုလိုသည်မှာ...

​"ရှောင်းရွှယ်က သူ့ကိုယ်သူ ထာဝရကြေးမုံ နဲ့ အတူတူ ပေါင်းစပ် သန့်စင်လိုက်တာလား"

​ထန်ထျန်း၏ မျက်နှာက တဖြည်းဖြည်းနှင့် လေးနက်တည်ကြည်သွားတော့သည်။

​ချန်ဝူဟွေ့က ခပ်ဖွဖွ သက်ပြင်းချလိုက်မိ၏။

​"ငါ တို့ သူမကို တားခဲ့ပါသေးတယ်၊ ဒါပေမဲ့..."

​"မင်း သိတဲ့အတိုင်းပဲ... မင်းအပေါ် ထားတဲ့ သူမရဲ့ ခံစားချက် က ဘယ်အရာနဲ့မှ အစားထိုးလို့ မရတဲ့ တည်ရှိမှုမျိုးလေ"

​"အလားအလာ အနည်းငယ်လေး ရှိနေရင်တောင် သူမက အရှုံးပေးမှာ မဟုတ်ဘူး"

​"ကံကောင်းတာက နောက်ဆုံးတော့ သူမ အောင်မြင်သွားခဲ့တယ်၊ ဒါကြောင့်... မင်း သူမနဲ့ ပြန်တွေ့နိုင်ဦးမှာပါ"

​ထန်ထျန်း ရင်ထဲကနေ တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။

​ဒီကောင်မလေးက တကယ်ကို ဇွဲကြီးလွန်းလှသည်။

​သူနှင့် ပတ်သက်သည့် ကိစ္စများတွင် သူမက သူ့ကိုယ်သူအတွက် မည်သည့်အခါမျှ ထည့်တွက် စဉ်းစားလေ့ မရှိချေ။

​"ဒါဆိုရင် နောက်ထပ် ရည်ရွယ်ချက် တစ်ခုကကော ဘာလဲ"

​ထန်ထျန်းက စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ရင်း ထပ်မံ မေးမြန်းလိုက်သည်။

​ချန်ဝူဟွေ့က ပြန်လည် ဖြေကြားခဲ့၏။ "နောက်ထပ် ရည်ရွယ်ချက် တစ်ခုကတော့... ကျိုကျိုးကျိကျွင်းရဲ့ အစီအစဉ်နဲ့ အခြေခံအားဖြင့် ဆင်တူပါတယ်"

​"ဂျင်ဂိုကမ္ဘာအကြောင်းကို... မင်းက အသိဆုံး ဖြစ်မှာပါ"

​"အဲဒီနေရာက အရမ်းကို ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခု ဖြစ်ပေမဲ့ တစ်ခုတည်းသော ပြဿနာကတော့ အနန္တစကြဝဠာ ကမ္ဘာအသီးသီးနဲ့ သဟဇာတ မဖြစ်တာပဲ၊ ဒါကြောင့် ငါတို့တွေက အပြင်ဘက်ကနေ ကမ္ဘာငယ်လေးတွေရဲ့ အစိတ်အပိုင်း အနည်းငယ်ကိုပဲ အကာအကွယ် ပေးနိုင်ပြီး အဲဒီကမ္ဘာကို သုံးပြီးတော့ ပိုပြီး ကြီးမားတဲ့အရာတွေကို လုပ်ဆောင်ဖို့ နည်းလမ်း မရှိခဲ့ဘူး"

​ထန်ထျန်းက ခေါင်းညိတ်လိုက်၏။ ၎င်းက အခြေခံကျသော ပြဿနာတစ်ခု ဖြစ်ပေသည်။

​ဂျင်ဂိုကမ္ဘာနှင့် အနန္တစကြဝဠာ ကမ္ဘာအသီးသီးက အပြန်အလှန် သီးခြားစီ တည်ရှိနေသော ကမ္ဘာများ ဖြစ်ကြပြီး ဂျင်ဂိုပင်ကြီးသည်လည်း မဟာကမ္ဘာကြီး၏ ကမ္ဘာ့သစ်ပင်အဖြစ် အသုံးပြုရန် နည်းလမ်း မရှိချေ။

​မဟုတ်လျှင် လွန်ခဲ့သော နှစ်ပေါင်း ခုနစ်ရာကျော်ကတည်းက သူသည် ကျွင်းချန်ချင်းကို တိုက်ရိုက် သတ်ပစ်ခဲ့ပြီးသား ဖြစ်လိမ့်မည်။

​"ဒါပေမဲ့ နောက်ပိုင်းကျတော့... ငါတို့တွေ ကမ္ဘာနှစ်ခုကို သဟဇာတဖြစ်အောင် ပေါင်းစပ်နိုင်မယ့် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့တယ်"

​ချန်ဝူဟွေ့၏ အကြည့်က ကျူးကျိယွီ၏ ကိုယ်ပေါ်သို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားပြန်သည်။

​"မူလ ကမ္ဘာ့ဆန္ဒက ဂျင်ဂိုကမ္ဘာနဲ့ ပေါင်းစပ်ဖို့ မဖြစ်နိုင်ဘူး"

​"ဒါပေမဲ့ သူက သူ့ကိုယ်သူ ကယ်တင်ခြင်းလမ်းစဉ်ကို ရွေးချယ်ပြီးတော့ လူသားအသွင် ပုံစံနဲ့ ဒီကမ္ဘာထဲမှာ ပေါ်လာခဲ့တယ်"

​"ကျူးကျိယွီကတစ်ဆင့် ငါတို့တွေ ကမ္ဘာနှစ်ခုကို အစိတ်အပိုင်းအလိုက် ပေါင်းစပ်စေနိုင်တယ်"

​"အဲဒါသာ အောင်မြင်သွားရင်... ဂျင်ဂိုကမ္ဘာရဲ့ စွမ်းအားကို သုံးပြီးတော့ ကမ္ဘာကြီးရဲ့ သက်ရှိတွေထဲက ငါးပုံတစ်ပုံလောက်ကို အကာအကွယ် ပေးနိုင်လိမ့်မယ်"

​"ဒါက ငါတို့ရဲ့ ဒုတိယမြောက် ရည်ရွယ်ချက်ပဲ"

​သူမ စကားပြောပြီးနောက်တွင်မူ လူတိုင်းက ခေတ္တမျှ တိတ်ဆိတ်သွားကြရပြန်သည်။

​လုံကျိုကျိုးတို့ လူစုလည်း အနည်းငယ် အံ့အားသင့်သွားကြရပြီး ချန်ဝူဟွေ့တို့တွင် ဤကဲ့သို့သော ရည်ရွယ်ချက် တကယ်ပဲ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပုံရ၏။

​ခေတ္တမျှ ကြာပြီးနောက် ချန်တာအိုကျိကျွင်းက ရုတ်တရက် စားပွဲခုံကို အားပြင်းပြင်းဖြင့် တစ်ချက် ရိုက်လိုက်တော့သည်။

​"မင်းတို့ရဲ့ အဲဒီကမ္ဘာက တကယ်ပဲ ကမ္ဘာနှစ်ခုအကြား သဟဇာတဖြစ်မှုကို ဖြေရှင်းပေးနိုင်မယ်ဆိုရင်..."

​"ပြီးတော့ ငါတို့ ကမ္ဘာကြီးကို ပြန်လည် ပုံဖော်ဖို့အတွက် သုံးမယ့် မဟာအစီအရင် ကြီးနဲ့ပါ ပေါင်းစပ်လိုက်မယ်ဆိုရင်... အလားအလာ အနည်းငယ်လောက် ရှိနေနိုင်မလား..."

​"တစ်ကမ္ဘာလုံးကို... ထပ်ပြီးတော့ အသစ်တစ်ဖန် မွေးဖွားလာစေဖို့လေ"

​ချန်တာအိုကျိကျွင်း၏ စကားကြောင့် လူတိုင်း ချက်ချင်းပင် နိုးကြားသွားကြရသည်။

​ဟုတ်ပေသည်။ ဤကမ္ဘာကြီး ရင်ဆိုင်နေရသော အကြီးမားဆုံး ပြဿနာမှာ သူ့ကိုယ်တိုင်၏ ချို့ယွင်းချက်ကြောင့် အတွင်းပိုင်းမှ ပြိုလဲပျက်စီးကာ သေဆုံးခြင်းဆီ သို့ ဆိုက်ရောက်နေရခြင်း ဖြစ်၏။

​သူ့တွင် အကြီးမားဆုံး ချို့ယွင်းချက်မှာ ကမ္ဘာကြီးကို တည်ငြိမ်စေရန်အတွက် သုံးရမည့် ကမ္ဘာ့သစ်ပင် မရှိခြင်းပင်။

​ဂျင်ဂိုကမ္ဘာတွင်မူ ဂျင်ဂိုပင်ကြီး ရှိနေခဲ့သည်။

​ကမ္ဘာနှစ်ခု ပေါင်းစပ်မည့် ပြဿနာကိုသာ ဖြေရှင်းနိုင်ပြီး ချန်တာအိုကျိကျွင်း၏ မဟာအစီအရင်ကြီးကို သုံးကာ ကမ္ဘာကြီးကို ပြန်လည် ပုံဖော်နိုင်မည်ဆိုလျှင်...

​သီအိုရီအရဆိုလျှင်... ကမ္ဘာကြီးကို သေရာကနေ ပြန်လည် ရှင်သန်လာစေဖို့အတွက် တကယ်ပဲ မျှော်လင့်ချက် အနည်းငယ် ရှိနေပေလိမ့်မည်။

​လူတိုင်းက အလျင်အစလိုပင် စတင် ဆွေးနွေးလိုက်ကြပြီး မကြာမီမှာပင် ဤသီအိုရီ၏ ဖြစ်နိုင်ခြေကို အတည်ပြုနိုင်ခဲ့ကြတော့သည်။

​ထို့နောက်တွင်မူ သူတို့က ထန်ထျန်းကို လှည့်ကြည့်လိုက်ကြ၏။

​"မင်း ဘယ်လို ထင်လဲ"

​လုံကျိုကျိုးက မေးလိုက်သည်။

​ထန်ထျန်းကမူ သူ၏ လက်ချောင်းများဖြင့် စားပွဲခုံကို ခပ်ဖွဖွ တောက်လိုက်၏။

​အစောပိုင်းတုန်းက လူတိုင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည့် အချိန်အတွင်းမှာပင် သူက မည်သည့်အခါမျှ ဝင်ရောက် မဆွေးနွေးခဲ့ဘဲ တည်ငြိမ်စွာဖြင့်သာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပြီး မည်သည့် သဘောထားကိုမျှ ထုတ်ဖော်မပြခဲ့ချေ။

​သို့သော်လည်း လူတိုင်း၏ မျှော်လင့်တကြီး စောင့်ဆိုင်းနေသော အကြည့်များကို ကြည့်ရင်း သူ၏ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့တော့သည်။

"အခု...."

"ဖြစ်နိုင်ချေ ရှစ်ဆယ်ရာခိုင်နှုန်း ရှိတယ်"

All Chapters