အခန်း ၉၂၈
Vol. 89 Ch. 928
အခန်း (၉၂၈) ပြန်လည်ဆုံစည်းခြင်း
ထန်ထျန်း၏ အဖြေစကားက လူတိုင်းအတွက်တော့ သေချာပေါက် အားဆေးတစ်ခွက် ဖြစ်သွားခဲ့ရသည်။
ဤနည်းလမ်းက တကယ်ပဲ ဖြစ်နိုင်ခြေရှိတဲ့ လမ်းစဉ်တစ်ခုလို့ သူတို့ ယုံကြည်သွားကြ၏။
"ငါ အစောကြီးကတည်းက ပြောသားပဲ၊ ငါတို့တွေ ပူးပေါင်းဆောင်ရွက်ပြီး ရှိတာတွေကို အပြန်အလှန် ဖလှယ်သင့်တယ်လို့"
"ဒီလောက် အရေးကြီးတဲ့ အချက်အလက်ကို အခုမှ သိရတယ်လို့ကွာ"
"တကယ်လို့ ကောင်းကင်အရှင် ထန်ထျန်း ပြန်မလာခဲ့ရင် ကမ္ဘာကြီး ပျက်စီးတဲ့အထိ ငါတို့ နှစ်ဖက်စလုံးက ကိုယ့်လမ်းကိုယ် လျှောက်နေကြဦးမှာ သေချာတယ်"
ချန်တာအိုကျိကျွင်းက ခေါင်းခါရင်း ပြောလိုက်သည်။
လုံကျိုကျိုးက ခေါင်းညိတ်ပြ၏။ "ဟုတ်တယ်"
"ဒီကိစ္စက ငါ့အမှားပါ၊ ငါက အမြဲတမ်း..."
"မြင့်မြတ် အရှင် ရှောင်းရွှယ် အပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့လို့ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို ငြင်းပယ်ခဲ့မိတာ"
ထို့နောက် ချန်ဝူဟွေ့ကလည်း အလျင်အစလို ဝင်ပြောလာသည်။ "ငါတို့မှာလည်း အမှားရှိပါတယ်"
"ဘာလို့လဲဆိုတော့ ငါတို့က မင်းတို့ရဲ့ အစီအစဉ်ကို အမြဲတမ်း မယုံကြည်ခဲ့ဘဲ အဓိပ္ပာယ်မရှိတဲ့ စကားတွေလို့ပဲ သတ်မှတ်ခဲ့ကြလို့ပါ"
"ချန်တာအိုကျိကျွင်းက ကမ္ဘာ့မဟာအစီအရင်ကြီးကို တကယ် ဖော်ဆောင်နိုင်ခဲ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ တကယ်ကို လေးစားမိပါတယ်"
မကြာသေးခင်ကမှ လက်နက်ချင်း အပြန်အလှန် တိုက်ခိုက် ထားခဲ့ကြတဲ့ နှစ်ဖက်စလုံးက ဤအချိန်မှာတော့ ရုတ်တရက်ကြီး အလွန်အမင်း သဟဇာတ ဖြစ်သွားကြတော့သည်။
ကိုယ့်အမှားကိုယ် ဝန်ခံရင်း ပျော်ရွှင်ကြည်နူးစရာ အတိ ဖြစ်နေကြ၏။
သို့သော် ထန်ထျန်းကမူ တစ်လျှောက်လုံး တည်ငြိမ်နေဆဲ ဖြစ်ကာ လက်ဖက်ရည်ကို အေးအေးလူလူ သောက် ရင်း အကြည့်တွေက ဝေးလံပြီး နက်ရှိုင်းနေခဲ့သည်။
သူ ပြောခဲ့တဲ့ ဖြစ်နိုင်ချေ ရှစ်ဆယ်ရာခိုင်နှုန်း ဆိုတာက သူတို့ နားလည်ထားတဲ့အရာနဲ့ လုံးဝ မတူညီခဲ့ချေ...
"ဒါဆိုရင် ငါတို့ အခု ဒီကိစ္စ နှစ်ခုကိုပဲ အင်တိုက်အားတိုက် လုပ်ဆောင်ကြရတော့မှာပေါ့"
ဟုန်းမုန့်ကျိကျွင်းက အနည်းငယ် စိတ်လှုပ်ရှားစွာ ပြောလာသည်။
သို့သော် မကြာမီမှာပင် သူက မျက်မှောင်ကြုတ်လိုက်မိပြီး ပြော၏။ "ဒါပေမဲ့ ကျွင်းချန်ချင်း ဘက်ကတော့ ငါတို့ကို ဒီလောက်အထိ လွယ်လွယ်ကူကူ အကောင်အထည်ဖော်ခွင့် ပေးမှာ မဟုတ်ဘူး"
"ဒါ့အပြင် အခု နေ၊ လ၊ ကြယ်တွေနဲ့ သဘာဝ မိခင်ကလည်း အလင်းကမ္ဘာထဲမှာ ရှိနေတာ"
"တကယ်လို့ အဲဒီ မူလ ဝိညာဉ်တွေသာ မရှိဘူးဆိုရင်..."
"အသစ်မွေးဖွားလာမယ့် ကမ္ဘာကြီးကလည်း ချို့ယွင်းချက်တွေ ရှိနေဦးမှာပဲ မဟုတ်လား"
လူတိုင်း ချက်ချင်း ကြောင်အမ်းသွားကြရသည်။
အစောပိုင်းက စိတ်လှုပ်ရှားနေတဲ့ စိတ်ခံစားချက်တွေကလည်း ချက်ချင်း ပြန်လည် ငြိမ်သက်သွားတော့၏။
ဟုတ်ပေသည်။ နေ၊ လ၊ ကြယ်တွေ မရှိဘဲ သဘာဝတရား မရှိဘဲ သူတို့ ဖန်တီးမည့် ကမ္ဘာသစ်သည်လည်း ချို့ယွင်းချက် ရှိနေဦးမည်သာ။
အနာဂတ် ကံကြမ္မာကလည်း အခုလက်ရှိ အခြေအနေထက် ဘာမှ ထူးထူးခြားခြား ကွာခြားသွားလိမ့်မည် မဟုတ်ချေ။
ရှေ့နောက် စဉ်းစားကြည့်ပြီးနောက် နောက်ဆုံးတွင် လက်ရှိ ရင်ဆိုင်နေရသော အကြီးမားဆုံး အတားအဆီးက ကျွင်းချန်ချင်း ကိုယ်ပေါ်သို့ပင် ပြန်လည် ရောက်ရှိသွားခဲ့ရသည်။
ကျွင်းချန်ချင်းကိုသာ ရှင်းထုတ်နိုင်မည်ဆိုလျှင် ပြဿနာအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။
တစ်ကမ္ဘာလုံးကလည်း အပြီးပြည့်စုံဆုံးသော အသစ်တဖန် မွေးဖွားခြင်းကို ကြိုဆိုခွင့် ရရှိသွားပေလိမ့်မည်။
ဒါပေမဲ့... ဤကိစ္စကို ဘယ်သူ လုပ်နိုင်မှာလဲ။
စဉ်းစားပြီးနောက် လူတိုင်းက တညီတညွတ်တည်းပင် အကြည့်ချင်း ဆုံလိုက်ကြရင်း ထန်ထျန်းကို လှည့်ကြည့်လိုက်ကြတော့သည်။
"ငါ အခု သူ့ကို မနိုင်ဘူး"
ထန်ထျန်းက တိုက်ရိုက်ပင် ပြောချလိုက်၏။
လက်ရှိ သူသည် အလွန်ဆုံးရှိမှ နေ၊ လ၊ ကြယ်တွေကို မဝါးမြိုမီက စွမ်းအားလောက်သာ ပြန်လည် ရရှိထားခြင်း ဖြစ်ပြီး ကျွင်းချန်ချင်းကမူ ကောင်းကင်ဝါးမြိုနတ်ဆိုး ကို ပိုင်ဆိုင်ထားပြီး ဖြစ်ရာ သူက ကျွင်းချန်ချင်း၏ ပြိုင်ဘက် မဟုတ်နိုင်ချေ။
သို့သော် သူက ချက်ချင်းပင် စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဒါပေမဲ့..."
"တကယ်လို့ ငါ အဲဒီအရာကို ရှာတွေ့နိုင်မယ်ဆိုရင်တော့..."
"အရာအားလုံးက ပြဿနာ မဟုတ်တော့ဘူး"
သူ ဆိုလိုသည်မှာ ငါးမွေးသူ က ဤကမ္ဘာထဲတွင် ချန်ထားရစ်ခဲ့သော အရာကိုပင် ဖြစ်၏။
ဒါပေမဲ့ အခြားလူတွေက ထိုအရာကို နားမလည်ကြသဖြင့် အလျင်စလိုပင် မေးမြန်းလာကြသည်။ "ဘယ်အရာလဲ"
"ငါတို့ ဘာကူညီပေးလို့ ရမလဲ"
ထန်ထျန်းက ခပ်ဖြည်းဖြည်း ခေါင်းခါပြလိုက်သည်။
"မရဘူး"
"ဒီကိစ္စက ငါ့ဘာသာငါပဲ လုပ်လို့ ရမယ်"
"ဒါပေမဲ့ ကြည့်ရတာ... မကြာခင်မှာပဲ ရှာတွေ့တော့မယ့် ပုံပဲ"
လူတိုင်း သက်ပြင်း ခပ်ဖွဖွ ချလိုက်မိကြရင်း ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။
ထန်ထျန်း ပြန်လည် ရောက်ရှိလာခြင်းက သူတို့တစ်ယောက်ချင်းစီကို စိတ်ပေါ့ပါးသွားစေခဲ့ပုံရ၏။
အလွန်အမင်း မှောင်မိုက်နေတဲ့ အမှောင်ထုထဲမှာ နောက်ဆုံးတော့ ဒီဦးဆောင်မယ့်သူနဲ့ လမ်းပြမယ့်သူ ထွက်ပေါ်လာခဲ့သလိုမျိုးပင်။
အနာဂတ်ရဲ့ အဆုံးသတ်ရလဒ်က သူတို့ အလိုရှိတဲ့ ပုံစံမျိုး ဖြစ်မလာခဲ့ရင်တောင်မှ အဲဒီ မမြင်ရတဲ့ ဖိအားတွေကတော့ အတော်လေးကို လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။
လူတိုင်းကြားက လေထုကလည်း လိုက်ပါ ပေါ့ပါးသွားခဲ့ရ၏။
ထန်ထျန်း တစ်ယောက်သာလျှင် သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲခြင်း မရှိခဲ့ချေ။
ဘာလို့လဲဆိုတော့ သူ လုပ်ချင်တဲ့ အရာက သူတို့ စိတ်ကူးယဉ်ထားသလိုမျိုး မဟုတ်လို့ပင် ဖြစ်၏...
......
ဂျင်ဂိုကမ္ဘာအတွင်းမှာတော့...
ကြီးမားလှတဲ့ ဂျင်ဂိုပင်ကြီးက နဂါးကိုးကောင် ဝန်းရံထားတဲ့ နယ်မြေထဲမှာ တိတ်ဆိတ်စွာ မတ်တတ်ရပ် တည်ရှိနေဆဲ ဖြစ်သည်။
သူ့ရဲ့ အလွန်အမင်း ကြီးမားလှတဲ့ ခန္ဓာကိုယ်နဲ့ အနန္တကုန်ခမ်းနိုင်ခြင်း မရှိတဲ့ စွမ်းအားတွေက ဤကမ္ဘာကြီးရဲ့ စိတ်အချရဆုံးသော မြစ်ဖျားခံရာပင် ဖြစ်၏။
ဂျင်ဂိုပင်ကြီးရဲ့ အောက်မှာတော့ သစ်သားအိမ်လေးတစ်ခုက တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်သည်။
၎င်းက လွန်ခဲ့တဲ့ အချိန်အတော်ကြာက ကုရှောင်းရွှယ်နှင့် ဂန်ဂန်တို့ အတူတူ ဆောက်လုပ်ခဲ့တဲ့ အိမ်လေး ဖြစ်ပြီး လေတစ်ချက် တိုက်ရုံနဲ့ ပြိုလဲသွားတော့မယ့် ပုံစံမျိုး ပေါက်နေသော်လည်း နှစ်ပေါင်း ခုနစ်ရာကျော် တည်ရှိနေခဲ့ပြီးတဲ့တိုင် အခုထိ မူလအတိုင်း ခိုင်ခံ့နေဆဲ ဖြစ်၏။
သူ့ရဲ့ ပင်မတည်ဆောက်ပုံ တစ်ခုလုံးကို ဂျင်ဂိုပင်ရဲ့ သစ်ကိုင်းတွေနဲ့ပဲ တည်ဆောက်ထားခြင်း ဖြစ်ပေသည်။
ဤအချိန်တွင် အိမ်လေးရဲ့ အမြင့်ဆုံး အမိုးပေါ်၌...
ကြယ်တာရာလို တောက်ပနေတဲ့ အလင်းစက်လေးတွေက အတွင်းပိုင်း နေရာလွတ် တစ်ခုလုံးကို ပြည့်နှက်နေခဲ့သည်။
အချိန်နဲ့ ဟင်းလင်းပြင် စွမ်းအားတွေက အတွင်းထဲမှာ ရှေ့နောက် အပြန်အလှန် ယှက်နွှယ်နေကြပြီး အလွန် ထူးခြားတဲ့ သီးခြား နေရာလွတ် တစ်ခုကို ဖန်တီးထား၏။
အထွတ်အထိပ်ကျိကျွင်းတစ်ယောက် ဤနေရာလွတ်ထဲ ရောက်လာရင်တောင်မှ ဒီအနန္တ အချိန်နဲ့ ဟင်းလင်းပြင် ထဲမှာ ထာဝရ လမ်းပျောက်သွားရလိမ့်မည်။
အချိန်နဲ့ ဟင်းလင်းပြင် ရဲ့ ဗဟိုအကျဆုံး နေရာမှာတော့ အမျိုးသမီးတစ်ယောက်က ငြိမ်သက်စွာ တင်ပျဉ် ခွေ ထိုင်နေခဲ့သည်။
ထို အချိန်နဲ့ ဟင်းလင်းပြင် စွမ်းအားကို ကိုယ်စားပြုတဲ့ မရေမတွက်နိုင်တဲ့ အလင်းစက်တွေက သူမရဲ့ ကိုယ်ပေါ်ကနေ ဖြာထွက်နေခြင်း ဖြစ်၏။
သူမက သူ့ကိုယ်သူ ဤ အချိန်နဲ့ ဟင်းလင်းပြင် ထဲမှာ ထာဝရ ပေါင်းစပ် ထည့်သွင်းထားခဲ့သည်။
အချိန်မည်မျှ ကုန်လွန်သွားသည် မသိရဘဲ အမျိုးသမီးက ရုတ်တရက် သူမရဲ့ မျက်လုံးတွေကို ဖွင့်လိုက်တော့သည်။
သူမရဲ့ မျက်ဝန်းတွေက ကြည်လင်နေပြီး ဘေးပတ်ပတ်လည်က တောက်ပနေတဲ့ အလင်းစက်တွေရဲ့ အရိပ်အယောင်အောက်မှာ လှိုင်းဂယက်တွေ ထသွားခဲ့ရ၏။
နောက်တစ်စက္ကန့်မှာတော့ အချိန်နဲ့ ဟင်းလင်းပြင် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာခဲ့တော့သည်။
၎င်းက သူမရဲ့ စိတ်ခံစားချက်ကို ကိုယ်စားပြုနေပြီး အလွန် ပြင်းထန်တဲ့ လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်၏။
"အရူးမလေး ..."
ထန်ထျန်းရဲ့ အသံက ကုရှောင်းရွှယ်ရဲ့ အနောက်ဘက်ကနေ ထွက်ပေါ်လာခဲ့သည်။
ကုရှောင်းရွှယ်ရဲ့ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားခဲ့ရ၏။
ထို့နောက် ကြည်လင်တဲ့ မျက်ရည် နှစ်စက်က သူမရဲ့ မျက်ဝန်းတွေထဲကနေ အရှိန်အဟုန်နဲ့ စီးကျလာတော့သည်။
သူမက ခပ်ဖြည်းဖြည်း မတ်တတ်ရပ်လိုက်ရင်း အိပ်မက်ထဲမှာ နှစ်ပေါင်း ခုနစ်ရာကျော်လောက် လွမ်းဆွတ်တမ်းတခဲ့ရတဲ့ ထိုပုံရိပ်ကို လှည့်ကြည့်လိုက်၏။
"ကျွန်မ သိနေခဲ့တယ်..."
"ရှင် သေချာပေါက် ပြန်လာမယ်ဆိုတာ ကျွန်မ သိနေခဲ့တယ်..."
ကုရှောင်းရွှယ်က ပြောလိုက်သည်။
သူမရဲ့ အသံက အလွန်ပင် ထာဝရ ဆန်ပြီး အချိန်နဲ့ ဟင်းလင်းပြင် တစ်ခုလုံးထဲမှာ ပဲ့တင်ထပ်သွားခဲ့ရ၏။
ဘယ်လို စိတ်ခံစားချက်မျိုးမှ ပါဝင်မနေသလို ရှိသော်လည်း ဤ အချိန်နဲ့ ဟင်းလင်းပြင် တစ်ခုလုံးကမူ ရှိုက်ကြီးတငင် ငိုကြွေးနေသယောင် ရှိနေခဲ့သည်။
မျက်စိရှေ့က ကုရှောင်းရွှယ်ကို ကြည့်ရင်း ထန်ထျန်းက ခပ်ဖွဖွ သက်ပြင်းချလိုက်မိ၏။
"မင်းကိုလည်း ကြည့်ဦး"
"ကိုယ့်ကိုယ်ကိုယ် ဒီလိုဖြစ်အောင် ဘာလို့ လုပ်ရတာလဲ"
"ငါ ထွက်မသွားခင်တုန်းက ငါ့ကိုပဲ စောင့်နေပါလို့ ပြောခဲ့သားပဲကို"
မျက်စိရှေ့က ကုရှောင်းရွှယ်သည် အတိအကျ ပြောရလျှင် သက်ရှိ နယ်ပယ် ထဲကနေ ကျော်လွန် သွားခဲ့ပြီ ဖြစ်သည်။
သူမက အသက်စွမ်းအားကို ဂျင်ဂိုပင်ကြီးနဲ့ လုံးဝ ပေါင်းစပ်လိုက်ပြီး သူမ၏ မူလစွမ်းအားတွေကို သုံးကာ သူ့ကိုယ်သူ ထာဝရကြေးမုံအဖြစ် သွန်းလုပ်ခဲ့ခြင်း ဖြစ်၏။
သူမရဲ့ အသက်စွမ်းအား တွေက လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
ကျန်ရှိနေတာကတော့ သန့်စင်တဲ့ အသိစိတ်တစ်ခုနဲ့ အနန္တကုန်ခမ်းနိုင်ခြင်းမရှိတဲ့ စွမ်းအားတွေသာ ဖြစ်ပေသည်။
ထန်ထျန်း ပြောတာကို ကြားတော့ ကုရှောင်းရွှယ်က မျက်နှာလွှဲကာ ပြုံးလိုက်မိ၏။
"ရှင် မရှိတော့ ကျွန်မက အမြဲတမ်း အူကြောင်ကြောင်တွေ လျှောက်လုပ်မိတာပဲ"
"ဒါပေမဲ့ ရပါတယ်"
"ရှင့်ကို နောက်တစ်ကြိမ် ပြန်တွေ့နိုင်သရွေ့ အားလုံးက အဆင်ပြေပါတယ်"
"တစ်ခုတည်းသော နှမြောဖို့ကောင်းတာက..."
"ကျွန်မ ရှင့်ကို သိပ်ဖက်ထားချင်တာ၊ ဒါပေမဲ့ မလုပ်နိုင်တော့ဘူး..."
ကုရှောင်းရွှယ်ကို ကြည့်ရင်း ထန်ထျန်းက ခြေလှမ်းကာ သူမရဲ့ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
သူက လက်ကို ခပ်ဖွဖွ မြှောက်လိုက်ရင်း ကုရှောင်းရွှယ်ရဲ့ မူလအတိုင်း လှပချောမောနေဆဲ ဖြစ်တဲ့ မျက်နှာလေးပေါ်သို့ တင်လိုက်၏။
ဒါပေမဲ့ လက်ထဲမှာတော့ ဘယ်လို ထိတွေ့မှုမျိုးမှ မရှိဘဲ နတ္ထိဟင်းလင်းပြင် ကိုသာ ထိတွေ့မိသလို ဖြစ်နေခဲ့သည်။
"စိတ်အေးအေးထားပါ"
"ငါ အရာအားလုံးကို အရင်ကအတိုင်း ပြန်ဖြစ်အောင် လုပ်ပေးမယ်"
သူက အသံကို ခပ်အေးအေး နှိမ့်ကာ ပြောလိုက်၏။
ကုရှောင်းရွှယ်က သူမရဲ့ မျက်လုံးလေးတွေကို ခပ်ဖွဖွ မှိတ်လိုက်ပြီး ထန်ထျန်းရဲ့ ထိတွေ့မှုကို တကယ် ခံစားလိုက်ရသလိုမျိုး ဖြစ်သွားခဲ့ရသည်။
အချိန်အတော်ကြာမှသာ မခွဲနိုင်မခွာရက်စရာ ကောင်းလှစွာဖြင့် ပြန်လည် ဖွင့်ကြည့်လာခဲ့၏။
"အင်း"
"ကျွန်မ အဲဒီနေ့ ရောက်လာမှာကို စောင့်နေမယ်"
သူမက ပြုံးပြီး ပြောလိုက်သည်။
အလွန်အမင်း ပျော်ရွှင်ပြီး ချိုသာအေးမြစွာ ပြုံးလိုက်ခြင်း ဖြစ်ပေတော့သည်။