← Chapters

အခန်း ၉၂၈

Vol. 89 Ch. 928

အခန်း ၉၂၈

Vol. 89 Ch. 928

အခန်း (၉၂၈) ပြန်လည်ဆုံစည်းခြင်း

​ထန်ထျန်း၏ အဖြေစကားက လူတိုင်းအတွက်တော့ သေချာပေါက် အားဆေးတစ်ခွက် ဖြစ်သွားခဲ့ရသည်။

​ဤနည်းလမ်းက တကယ်ပဲ ဖြစ်နိုင်ခြေရှိတဲ့ လမ်းစဉ်တစ်ခုလို့ သူတို့ ယုံကြည်သွားကြ၏။

​"ငါ အစောကြီးကတည်းက ပြောသားပဲ၊ ငါတို့တွေ ပူးပေါင်းဆောင်ရွက်ပြီး ရှိတာတွေကို အပြန်အလှန် ဖလှယ်သင့်တယ်လို့"

​"ဒီလောက် အရေးကြီးတဲ့ အချက်အလက်ကို အခုမှ သိရတယ်လို့ကွာ"

​"တကယ်လို့ ကောင်းကင်အရှင် ထန်ထျန်း ပြန်မလာခဲ့ရင် ကမ္ဘာကြီး ပျက်စီးတဲ့အထိ ငါတို့ နှစ်ဖက်စလုံးက ကိုယ့်လမ်းကိုယ် လျှောက်နေကြဦးမှာ သေချာတယ်"

​ချန်တာအိုကျိကျွင်းက ခေါင်းခါရင်း ပြောလိုက်သည်။

​လုံကျိုကျိုးက ခေါင်းညိတ်ပြ၏။ "ဟုတ်တယ်"

​"ဒီကိစ္စက ငါ့အမှားပါ၊ ငါက အမြဲတမ်း..."

​"မြင့်မြတ် အရှင် ရှောင်းရွှယ် အပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့လို့ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို ငြင်းပယ်ခဲ့မိတာ"

​ထို့နောက် ချန်ဝူဟွေ့ကလည်း အလျင်အစလို ဝင်ပြောလာသည်။ "ငါတို့မှာလည်း အမှားရှိပါတယ်"

​"ဘာလို့လဲဆိုတော့ ငါတို့က မင်းတို့ရဲ့ အစီအစဉ်ကို အမြဲတမ်း မယုံကြည်ခဲ့ဘဲ အဓိပ္ပာယ်မရှိတဲ့ စကားတွေလို့ပဲ သတ်မှတ်ခဲ့ကြလို့ပါ"

​"ချန်တာအိုကျိကျွင်းက ကမ္ဘာ့မဟာအစီအရင်ကြီးကို တကယ် ဖော်ဆောင်နိုင်ခဲ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ တကယ်ကို လေးစားမိပါတယ်"

​မကြာသေးခင်ကမှ လက်နက်ချင်း အပြန်အလှန် တိုက်ခိုက် ထားခဲ့ကြတဲ့ နှစ်ဖက်စလုံးက ဤအချိန်မှာတော့ ရုတ်တရက်ကြီး အလွန်အမင်း သဟဇာတ ဖြစ်သွားကြတော့သည်။

​ကိုယ့်အမှားကိုယ် ဝန်ခံရင်း ပျော်ရွှင်ကြည်နူးစရာ အတိ ဖြစ်နေကြ၏။

​သို့သော် ထန်ထျန်းကမူ တစ်လျှောက်လုံး တည်ငြိမ်နေဆဲ ဖြစ်ကာ လက်ဖက်ရည်ကို အေးအေးလူလူ သောက် ရင်း အကြည့်တွေက ဝေးလံပြီး နက်ရှိုင်းနေခဲ့သည်။

​သူ ပြောခဲ့တဲ့ ဖြစ်နိုင်ချေ ရှစ်ဆယ်ရာခိုင်နှုန်း ဆိုတာက သူတို့ နားလည်ထားတဲ့အရာနဲ့ လုံးဝ မတူညီခဲ့ချေ...

​"ဒါဆိုရင် ငါတို့ အခု ဒီကိစ္စ နှစ်ခုကိုပဲ အင်တိုက်အားတိုက် လုပ်ဆောင်ကြရတော့မှာပေါ့"

​ဟုန်းမုန့်ကျိကျွင်းက အနည်းငယ် စိတ်လှုပ်ရှားစွာ ပြောလာသည်။

​သို့သော် မကြာမီမှာပင် သူက မျက်မှောင်ကြုတ်လိုက်မိပြီး ပြော၏။ "ဒါပေမဲ့ ကျွင်းချန်ချင်း ဘက်ကတော့ ငါတို့ကို ဒီလောက်အထိ လွယ်လွယ်ကူကူ အကောင်အထည်ဖော်ခွင့် ပေးမှာ မဟုတ်ဘူး"

​"ဒါ့အပြင် အခု နေ၊ လ၊ ကြယ်တွေနဲ့ သဘာဝ မိခင်ကလည်း အလင်းကမ္ဘာထဲမှာ ရှိနေတာ"

​"တကယ်လို့ အဲဒီ မူလ ဝိညာဉ်တွေသာ မရှိဘူးဆိုရင်..."

​"အသစ်မွေးဖွားလာမယ့် ကမ္ဘာကြီးကလည်း ချို့ယွင်းချက်တွေ ရှိနေဦးမှာပဲ မဟုတ်လား"

​လူတိုင်း ချက်ချင်း ကြောင်အမ်းသွားကြရသည်။

​အစောပိုင်းက စိတ်လှုပ်ရှားနေတဲ့ စိတ်ခံစားချက်တွေကလည်း ချက်ချင်း ပြန်လည် ငြိမ်သက်သွားတော့၏။

​ဟုတ်ပေသည်။ နေ၊ လ၊ ကြယ်တွေ မရှိဘဲ သဘာဝတရား မရှိဘဲ သူတို့ ဖန်တီးမည့် ကမ္ဘာသစ်သည်လည်း ချို့ယွင်းချက် ရှိနေဦးမည်သာ။

​အနာဂတ် ကံကြမ္မာကလည်း အခုလက်ရှိ အခြေအနေထက် ဘာမှ ထူးထူးခြားခြား ကွာခြားသွားလိမ့်မည် မဟုတ်ချေ။

​ရှေ့နောက် စဉ်းစားကြည့်ပြီးနောက် နောက်ဆုံးတွင် လက်ရှိ ရင်ဆိုင်နေရသော အကြီးမားဆုံး အတားအဆီးက ကျွင်းချန်ချင်း ကိုယ်ပေါ်သို့ပင် ပြန်လည် ရောက်ရှိသွားခဲ့ရသည်။

​ကျွင်းချန်ချင်းကိုသာ ရှင်းထုတ်နိုင်မည်ဆိုလျှင် ပြဿနာအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။

​တစ်ကမ္ဘာလုံးကလည်း အပြီးပြည့်စုံဆုံးသော အသစ်တဖန် မွေးဖွားခြင်းကို ကြိုဆိုခွင့် ရရှိသွားပေလိမ့်မည်။

​ဒါပေမဲ့... ဤကိစ္စကို ဘယ်သူ လုပ်နိုင်မှာလဲ။

​စဉ်းစားပြီးနောက် လူတိုင်းက တညီတညွတ်တည်းပင် အကြည့်ချင်း ဆုံလိုက်ကြရင်း ထန်ထျန်းကို လှည့်ကြည့်လိုက်ကြတော့သည်။

​"ငါ အခု သူ့ကို မနိုင်ဘူး"

​ထန်ထျန်းက တိုက်ရိုက်ပင် ပြောချလိုက်၏။

​လက်ရှိ သူသည် အလွန်ဆုံးရှိမှ နေ၊ လ၊ ကြယ်တွေကို မဝါးမြိုမီက စွမ်းအားလောက်သာ ပြန်လည် ရရှိထားခြင်း ဖြစ်ပြီး ကျွင်းချန်ချင်းကမူ ကောင်းကင်ဝါးမြိုနတ်ဆိုး ကို ပိုင်ဆိုင်ထားပြီး ဖြစ်ရာ သူက ကျွင်းချန်ချင်း၏ ပြိုင်ဘက် မဟုတ်နိုင်ချေ။

​သို့သော် သူက ချက်ချင်းပင် စကားလမ်းကြောင်း လွှဲလိုက်သည်။

​"ဒါပေမဲ့..."

​"တကယ်လို့ ငါ အဲဒီအရာကို ရှာတွေ့နိုင်မယ်ဆိုရင်တော့..."

​"အရာအားလုံးက ပြဿနာ မဟုတ်တော့ဘူး"

​သူ ဆိုလိုသည်မှာ ငါးမွေးသူ က ဤကမ္ဘာထဲတွင် ချန်ထားရစ်ခဲ့သော အရာကိုပင် ဖြစ်၏။

​ဒါပေမဲ့ အခြားလူတွေက ထိုအရာကို နားမလည်ကြသဖြင့် အလျင်စလိုပင် မေးမြန်းလာကြသည်။ "ဘယ်အရာလဲ"

​"ငါတို့ ဘာကူညီပေးလို့ ရမလဲ"

​ထန်ထျန်းက ခပ်ဖြည်းဖြည်း ခေါင်းခါပြလိုက်သည်။

​"မရဘူး"

​"ဒီကိစ္စက ငါ့ဘာသာငါပဲ လုပ်လို့ ရမယ်"

​"ဒါပေမဲ့ ကြည့်ရတာ... မကြာခင်မှာပဲ ရှာတွေ့တော့မယ့် ပုံပဲ"

​လူတိုင်း သက်ပြင်း ခပ်ဖွဖွ ချလိုက်မိကြရင်း ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။

​ထန်ထျန်း ပြန်လည် ရောက်ရှိလာခြင်းက သူတို့တစ်ယောက်ချင်းစီကို စိတ်ပေါ့ပါးသွားစေခဲ့ပုံရ၏။

​အလွန်အမင်း မှောင်မိုက်နေတဲ့ အမှောင်ထုထဲမှာ နောက်ဆုံးတော့ ဒီဦးဆောင်မယ့်သူနဲ့ လမ်းပြမယ့်သူ ထွက်ပေါ်လာခဲ့သလိုမျိုးပင်။

​အနာဂတ်ရဲ့ အဆုံးသတ်ရလဒ်က သူတို့ အလိုရှိတဲ့ ပုံစံမျိုး ဖြစ်မလာခဲ့ရင်တောင်မှ အဲဒီ မမြင်ရတဲ့ ဖိအားတွေကတော့ အတော်လေးကို လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။

​လူတိုင်းကြားက လေထုကလည်း လိုက်ပါ ပေါ့ပါးသွားခဲ့ရ၏။

​ထန်ထျန်း တစ်ယောက်သာလျှင် သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲခြင်း မရှိခဲ့ချေ။

​ဘာလို့လဲဆိုတော့ သူ လုပ်ချင်တဲ့ အရာက သူတို့ စိတ်ကူးယဉ်ထားသလိုမျိုး မဟုတ်လို့ပင် ဖြစ်၏...

......

​ဂျင်ဂိုကမ္ဘာအတွင်းမှာတော့...

​ကြီးမားလှတဲ့ ဂျင်ဂိုပင်ကြီးက နဂါးကိုးကောင် ဝန်းရံထားတဲ့ နယ်မြေထဲမှာ တိတ်ဆိတ်စွာ မတ်တတ်ရပ် တည်ရှိနေဆဲ ဖြစ်သည်။

​သူ့ရဲ့ အလွန်အမင်း ကြီးမားလှတဲ့ ခန္ဓာကိုယ်နဲ့ အနန္တကုန်ခမ်းနိုင်ခြင်း မရှိတဲ့ စွမ်းအားတွေက ဤကမ္ဘာကြီးရဲ့ စိတ်အချရဆုံးသော မြစ်ဖျားခံရာပင် ဖြစ်၏။

​ဂျင်ဂိုပင်ကြီးရဲ့ အောက်မှာတော့ သစ်သားအိမ်လေးတစ်ခုက တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်သည်။

​၎င်းက လွန်ခဲ့တဲ့ အချိန်အတော်ကြာက ကုရှောင်းရွှယ်နှင့် ဂန်ဂန်တို့ အတူတူ ဆောက်လုပ်ခဲ့တဲ့ အိမ်လေး ဖြစ်ပြီး လေတစ်ချက် တိုက်ရုံနဲ့ ပြိုလဲသွားတော့မယ့် ပုံစံမျိုး ပေါက်နေသော်လည်း နှစ်ပေါင်း ခုနစ်ရာကျော် တည်ရှိနေခဲ့ပြီးတဲ့တိုင် အခုထိ မူလအတိုင်း ခိုင်ခံ့နေဆဲ ဖြစ်၏။

​သူ့ရဲ့ ပင်မတည်ဆောက်ပုံ တစ်ခုလုံးကို ဂျင်ဂိုပင်ရဲ့ သစ်ကိုင်းတွေနဲ့ပဲ တည်ဆောက်ထားခြင်း ဖြစ်ပေသည်။

​ဤအချိန်တွင် အိမ်လေးရဲ့ အမြင့်ဆုံး အမိုးပေါ်၌...

​ကြယ်တာရာလို တောက်ပနေတဲ့ အလင်းစက်လေးတွေက အတွင်းပိုင်း နေရာလွတ် တစ်ခုလုံးကို ပြည့်နှက်နေခဲ့သည်။

​အချိန်နဲ့ ဟင်းလင်းပြင် စွမ်းအားတွေက အတွင်းထဲမှာ ရှေ့နောက် အပြန်အလှန် ယှက်နွှယ်နေကြပြီး အလွန် ထူးခြားတဲ့ သီးခြား နေရာလွတ် တစ်ခုကို ဖန်တီးထား၏။

​အထွတ်အထိပ်ကျိကျွင်းတစ်ယောက် ဤနေရာလွတ်ထဲ ရောက်လာရင်တောင်မှ ဒီအနန္တ အချိန်နဲ့ ဟင်းလင်းပြင် ထဲမှာ ထာဝရ လမ်းပျောက်သွားရလိမ့်မည်။

​အချိန်နဲ့ ဟင်းလင်းပြင် ရဲ့ ဗဟိုအကျဆုံး နေရာမှာတော့ အမျိုးသမီးတစ်ယောက်က ငြိမ်သက်စွာ တင်ပျဉ် ခွေ ထိုင်နေခဲ့သည်။

​ထို အချိန်နဲ့ ဟင်းလင်းပြင် စွမ်းအားကို ကိုယ်စားပြုတဲ့ မရေမတွက်နိုင်တဲ့ အလင်းစက်တွေက သူမရဲ့ ကိုယ်ပေါ်ကနေ ဖြာထွက်နေခြင်း ဖြစ်၏။

​သူမက သူ့ကိုယ်သူ ဤ အချိန်နဲ့ ဟင်းလင်းပြင် ထဲမှာ ထာဝရ ပေါင်းစပ် ထည့်သွင်းထားခဲ့သည်။

​အချိန်မည်မျှ ကုန်လွန်သွားသည် မသိရဘဲ အမျိုးသမီးက ရုတ်တရက် သူမရဲ့ မျက်လုံးတွေကို ဖွင့်လိုက်တော့သည်။

​သူမရဲ့ မျက်ဝန်းတွေက ကြည်လင်နေပြီး ဘေးပတ်ပတ်လည်က တောက်ပနေတဲ့ အလင်းစက်တွေရဲ့ အရိပ်အယောင်အောက်မှာ လှိုင်းဂယက်တွေ ထသွားခဲ့ရ၏။

​နောက်တစ်စက္ကန့်မှာတော့ အချိန်နဲ့ ဟင်းလင်းပြင် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာခဲ့တော့သည်။

​၎င်းက သူမရဲ့ စိတ်ခံစားချက်ကို ကိုယ်စားပြုနေပြီး အလွန် ပြင်းထန်တဲ့ လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်၏။

​"အရူးမလေး ..."

​ထန်ထျန်းရဲ့ အသံက ကုရှောင်းရွှယ်ရဲ့ အနောက်ဘက်ကနေ ထွက်ပေါ်လာခဲ့သည်။

​ ကုရှောင်းရွှယ်ရဲ့ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားခဲ့ရ၏။

​ထို့နောက် ကြည်လင်တဲ့ မျက်ရည် နှစ်စက်က သူမရဲ့ မျက်ဝန်းတွေထဲကနေ အရှိန်အဟုန်နဲ့ စီးကျလာတော့သည်။

​သူမက ခပ်ဖြည်းဖြည်း မတ်တတ်ရပ်လိုက်ရင်း အိပ်မက်ထဲမှာ နှစ်ပေါင်း ခုနစ်ရာကျော်လောက် လွမ်းဆွတ်တမ်းတခဲ့ရတဲ့ ထိုပုံရိပ်ကို လှည့်ကြည့်လိုက်၏။

​"ကျွန်မ သိနေခဲ့တယ်..."

​"ရှင် သေချာပေါက် ပြန်လာမယ်ဆိုတာ ကျွန်မ သိနေခဲ့တယ်..."

​ ကုရှောင်းရွှယ်က ပြောလိုက်သည်။

​သူမရဲ့ အသံက အလွန်ပင် ထာဝရ ဆန်ပြီး အချိန်နဲ့ ဟင်းလင်းပြင် တစ်ခုလုံးထဲမှာ ပဲ့တင်ထပ်သွားခဲ့ရ၏။

​ဘယ်လို စိတ်ခံစားချက်မျိုးမှ ပါဝင်မနေသလို ရှိသော်လည်း ဤ အချိန်နဲ့ ဟင်းလင်းပြင် တစ်ခုလုံးကမူ ရှိုက်ကြီးတငင် ငိုကြွေးနေသယောင် ရှိနေခဲ့သည်။

​မျက်စိရှေ့က ကုရှောင်းရွှယ်ကို ကြည့်ရင်း ထန်ထျန်းက ခပ်ဖွဖွ သက်ပြင်းချလိုက်မိ၏။

​"မင်းကိုလည်း ကြည့်ဦး"

​"ကိုယ့်ကိုယ်ကိုယ် ဒီလိုဖြစ်အောင် ဘာလို့ လုပ်ရတာလဲ"

​"ငါ ထွက်မသွားခင်တုန်းက ငါ့ကိုပဲ စောင့်နေပါလို့ ပြောခဲ့သားပဲကို"

​မျက်စိရှေ့က ကုရှောင်းရွှယ်သည် အတိအကျ ပြောရလျှင် သက်ရှိ နယ်ပယ် ထဲကနေ ကျော်လွန် သွားခဲ့ပြီ ဖြစ်သည်။

​သူမက အသက်စွမ်းအားကို ဂျင်ဂိုပင်ကြီးနဲ့ လုံးဝ ပေါင်းစပ်လိုက်ပြီး သူမ၏ မူလစွမ်းအားတွေကို သုံးကာ သူ့ကိုယ်သူ ထာဝရကြေးမုံအဖြစ် သွန်းလုပ်ခဲ့ခြင်း ဖြစ်၏။

​သူမရဲ့ အသက်စွမ်းအား တွေက လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

​ကျန်ရှိနေတာကတော့ သန့်စင်တဲ့ အသိစိတ်တစ်ခုနဲ့ အနန္တကုန်ခမ်းနိုင်ခြင်းမရှိတဲ့ စွမ်းအားတွေသာ ဖြစ်ပေသည်။

​ထန်ထျန်း ပြောတာကို ကြားတော့ ကုရှောင်းရွှယ်က မျက်နှာလွှဲကာ ပြုံးလိုက်မိ၏။

​"ရှင် မရှိတော့ ကျွန်မက အမြဲတမ်း အူကြောင်ကြောင်တွေ လျှောက်လုပ်မိတာပဲ"

​"ဒါပေမဲ့ ရပါတယ်"

​"ရှင့်ကို နောက်တစ်ကြိမ် ပြန်တွေ့နိုင်သရွေ့ အားလုံးက အဆင်ပြေပါတယ်"

​"တစ်ခုတည်းသော နှမြောဖို့ကောင်းတာက..."

​"ကျွန်မ ရှင့်ကို သိပ်ဖက်ထားချင်တာ၊ ဒါပေမဲ့ မလုပ်နိုင်တော့ဘူး..."

​ ကုရှောင်းရွှယ်ကို ကြည့်ရင်း ထန်ထျန်းက ခြေလှမ်းကာ သူမရဲ့ ရှေ့သို့ ရောက်ရှိလာခဲ့သည်။

​သူက လက်ကို ခပ်ဖွဖွ မြှောက်လိုက်ရင်း ကုရှောင်းရွှယ်ရဲ့ မူလအတိုင်း လှပချောမောနေဆဲ ဖြစ်တဲ့ မျက်နှာလေးပေါ်သို့ တင်လိုက်၏။

​ဒါပေမဲ့ လက်ထဲမှာတော့ ဘယ်လို ထိတွေ့မှုမျိုးမှ မရှိဘဲ နတ္ထိဟင်းလင်းပြင် ကိုသာ ထိတွေ့မိသလို ဖြစ်နေခဲ့သည်။

​"စိတ်အေးအေးထားပါ"

​"ငါ အရာအားလုံးကို အရင်ကအတိုင်း ပြန်ဖြစ်အောင် လုပ်ပေးမယ်"

​သူက အသံကို ခပ်အေးအေး နှိမ့်ကာ ပြောလိုက်၏။

​ ကုရှောင်းရွှယ်က သူမရဲ့ မျက်လုံးလေးတွေကို ခပ်ဖွဖွ မှိတ်လိုက်ပြီး ထန်ထျန်းရဲ့ ထိတွေ့မှုကို တကယ် ခံစားလိုက်ရသလိုမျိုး ဖြစ်သွားခဲ့ရသည်။

​အချိန်အတော်ကြာမှသာ မခွဲနိုင်မခွာရက်စရာ ကောင်းလှစွာဖြင့် ပြန်လည် ဖွင့်ကြည့်လာခဲ့၏။

​"အင်း"

​"ကျွန်မ အဲဒီနေ့ ရောက်လာမှာကို စောင့်နေမယ်"

​သူမက ပြုံးပြီး ပြောလိုက်သည်။

​အလွန်အမင်း ပျော်ရွှင်ပြီး ချိုသာအေးမြစွာ ပြုံးလိုက်ခြင်း ဖြစ်ပေတော့သည်။

All Chapters