← Chapters

အခန်း ၉၂၉

Vol. 89 Ch. 929

အခန်း ၉၂၉

Vol. 89 Ch. 929

အခန်း (၉၂၉) မူလအစနှင့် အရင်းအမြစ်

​ထို ကြယ်တာရာလို တောက်ပနေသည့် အလင်းစက်များ ဖြာထွက်နေသော အချိန်နှင့် ဟင်းလင်းပြင် အတွင်း၌ ထန်ထျန်းနှင့် ကုရှောင်းရွှယ်တို့က အချိန်အတော်ကြာ စကားစမြည် ပြောဖြစ်ခဲ့ကြသည်။

​သူ ပြန်လည် ရောက်ရှိလာပြီးနောက်တွင် ကုရှောင်းရွှယ်က လွန်ခဲ့သော အချိန်က အူကြောင်ကြောင် နိုင်လှသည့် အရူးမလေးအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားပုံရပြီး ထန်ထျန်း ပြောသမျှ စကားများကို သေသေချာချာ နားထောင်ရင်း ခဏခဏပင် အရူးတစ်ယောက်လို ပြုံးနေမိ၏။

​ ကုရှောင်းရွှယ်ထံမှတစ်ဆင့် ထန်ထျန်းသည်လည်း ဤနှစ်ပေါင်း ခုနစ်ရာကျော် ကာလအတွင်း ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာ အားလုံးကို အသေးစိတ် သိရှိသွားခဲ့ရသည်။

​သူတို့ ချမှတ်ထားသည့် အစီအစဉ်နှင့် ပတ်သက်၍လည်း ပိုမို နက်နက်ရှိုင်းရှိုင်း နားလည် သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။

​ဤအစီအစဉ်၏ အမည်မှာ "မူလဇစ်မြစ် အစီအစဉ်" ဟု ခေါ်ပေသည်။

​ထိုအမည်ကို ကြားလိုက်ရသောအခါ ထန်ထျန်းမှာ မနေနိုင်ဘဲ ပြုံးလိုက်မိ၏။

​"နာမည်က အရမ်း နားထောင်ရ ဆိုးလို့လား"

ကုရှောင်းရွှယ်​က မေးလာသည်။ "ဒါက အားလုံး အတူတူ တိုင်ပင်ပြီးမှ ဆုံးဖြတ်လိုက်တဲ့ နာမည်လေ"

​"ဘာလို့လဲဆိုတော့ အဲဒါက ကမ္ဘာကြီးရဲ့ အဓိကအကျဆုံး အရင်းအမြစ် ကနေ စတင်တာမလို့ပါ"

​"မူလအစနဲ့ အရင်းအမြစ် ကသာ အရေးအကြီးဆုံး အရာတွေ ဖြစ်တယ်လေ"

​သူမက ရှင်းပြလိုက်၏။

​သို့သော် ထန်ထျန်းက ခပ်ဖွဖွ ခေါင်းခါပြလိုက်သည်။

​"မဟုတ်ပါဘူး၊ နာမည်က မင်းတို့ရဲ့ အစီအစဉ်နဲ့ အရမ်း လိုက်ဖက်ပါတယ်"

​"ငါက အရင်တုန်းက လူတစ်ယောက်လည်း ဒီလိုမျိုး ဆင်တူတဲ့ စကားတစ်ခွန်း ပြောခဲ့ဖူးတာကို ရုတ်တရက် သတိရသွားလို့ပါ"

​ထိုအဖြစ်အပျက်က ထန်ထျန်းနှင့် နေနတ်ဘုရားတို့ အတူတူ ကမ္ဘာ့ဆန္ဒ တည်ရှိရာ နေရာလွတ်ထဲသို့ ဝင်ရောက်ပြီး ကောင်းကင်ဝါးမြိုနတ်ဆိုး၏ တိကျသော တည်နေရာကို ပထမဆုံးအကြိမ် အတည်ပြုခဲ့စဉ်က ဖြစ်၏။

​ထိုအလင်းတန်းက ထန်ထျန်း၏ ကိုယ်ပေါ်သို့ ကျရောက် သွားပြီးနောက်တွင် နေနတ်ဘုရားမှာ လုံးဝ စိတ်ပျက်အားလျော့သွားခဲ့ရသည်။

​နောက်ဆုံးတွင် သူက လနတ်သမီး လျှောက်လှမ်းခဲ့သည့် လမ်းစဉ်အတိုင်း လျှောက်လှမ်းရန် ရွေးချယ်ခဲ့၏။

​သေဆုံး ခါနီး အချိန်တွင် နေနတ်ဘုရားက ထန်ထျန်း အချိန်အတော်ကြာသည်အထိ အဖြေရှာမရဘဲ ဝေခွဲမရ ဖြစ်နေခဲ့သည့် စကားတစ်ခွန်းကို ပြောကြားခဲ့ဖူးသည်။

​"ငါတို့တွေက မျက်စိရှေ့က အရာတွေကြောင့် အမြဲတမ်း မျက်စိမှုန်နေခဲ့ကြတာ၊ ဒါပေမဲ့ အရေးအကြီးဆုံး အရာတွေကိုကျတော့ အမြဲတမ်း လျစ်လျူရှုမိနေခဲ့ကြတယ်"

​"ငါတို့ ဘယ်လောက်ပဲ ကြုံတွေ့ခဲ့ရပါစေ၊ ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ... ဒါပေမဲ့ အရာရာတိုင်းရဲ့ မူလအစနဲ့ အရင်းအမြစ် ကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး"

​"ဒါကမှ တကယ် အရေးအကြီးဆုံး သော့ချက်ပဲ"

​"ထန်ထျန်း... ဒါကမှ တကယ် အရေးအကြီးဆုံး သော့ချက်ပဲ"

​ဤစကားများက အလွန်ပင် ကျယ်ပြန့်လွန်းလှသဖြင့် ထန်ထျန်းအနေဖြင့် အမြဲတမ်း နားမလည် နိုင်ဘဲ ရှိနေခဲ့ခြင်း ဖြစ်၏။

​သို့သော် ကယ်တင်ခြင်းမဟာမိတ်အဖွဲ့တွင် ကျူးကျိယွီကို တွေ့မြင်ခဲ့ရပြီး ကယ်တင်ခြင်းမဟာမိတ်အဖွဲ့နှင့် ရှေးဟောင်းမြင့်မြတ်နယ်မြေ နှစ်ဖက်စလုံး၏ အစီအစဉ်များကို ကြားသိရပြီးနောက်တွင်မူ ထန်ထျန်း ရုတ်တရက် အနည်းငယ် သဘောပေါက် နားလည်သွားခဲ့ပြီ ဖြစ်သည်။

​အရာခပ်သိမ်း မည်သို့ပင် ပြောင်းလဲသွားပါစေ၊ မူလအစနှင့် အရင်းအမြစ် ကတော့ ဘယ်တော့မှ ပြောင်းလဲသွားမည် မဟုတ်ချေ။

​ကမ္ဘာကြီးလိုမျိုးပင်။

​မည်သည့် ပုံစံသို့ ပြောင်းလဲသွားပါစေ၊ ဖန်ဆင်းခြင်း ကောင်းကင်တိုင်ကြီးကမူ ဖရိုဖရဲ အမှောင်ထုထဲတွင် အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ် တည်ရှိနေဆဲ ဖြစ်သည်။

​ဒါဆိုလျှင်... သူကိုယ်တိုင်၏ မူလအစနှင့် အရင်းအမြစ် ကကော ဘယ်နေရာမှာ ရှိနေသနည်း။

​ငါးမွေးသူ၏ လက်ထဲတွင်ပင် ဖြစ်၏။

​ငါးမွေးသူက သူ့ကို ဤကမ္ဘာမြေပေါ်သို့ ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။

​တကယ်လို့ ငါးမွေးသူက တစ်ကမ္ဘာလုံးကို ပြောင်းလဲပစ်နိုင်လောက်တဲ့ အရာတစ်ခုခုကို တကယ်ပဲ ချန်ထားခဲ့တယ်ဆိုရင်...

​အခြေခံအားဖြင့်တော့ ထိုအရာက အဲဒီနေရာမှာပဲ ရှိနေနိုင်ပေလိမ့်မည်။

​"ကောင်းပါပြီ၊ ကျွန်မက ရှင် ဒီနာမည်ကို နားထောင်ရ ဆိုးတယ်လို့ ထင်နေတာမှတ်လို့"

​"ဒါဆိုရင် ရှင် နောက်ထပ် ဘာဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ"

​ ကုရှောင်းရွှယ်က မေးလိုက်၏။

​ထန်ထျန်း အများကြီး စဉ်းစားမနေဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။ "ကျွင်းချန်ချင်းကို သတ်မယ်"

​"ပြီးရင် ဂျင်ဂိုကမ္ဘာနဲ့ မဟာကမ္ဘာကြီးကို ပေါင်းစပ်ပြီး ကမ္ဘာကြီးကို အသစ်တဖန် မွေးဖွားလာစေမယ်"

​"အဲဒီအချိန်ကျရင် အရာအားလုံးက မူလအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်"

​ ကုရှောင်းရွှယ်၏ မျက်ဝန်းအစုံက ရေပြင်လို ကြည်လင်နေပြီး ထန်ထျန်းကို စိုက်ကြည့်ကာ မေး၏။

​"ဟုတ်လို့လား"

​"ဒါပေမဲ့ ကျွန်မစိတ်ထဲမှာတော့ ရှင်က ဒီကိစ္စကို တကယ်ကြီး လုပ်ချင်နေတဲ့ ပုံစံမျိုး မပေါက်နေသလိုပဲနော်"

​ထန်ထျန်း မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

​ ကုရှောင်းရွှယ် ဖြစ်နေလို့သာပဲ။

​လုံကျိုကျိုးနှင့် ချန်ဝူဟွေ့တို့ပင် ရိပ်မိခြင်း မရှိကြသော်လည်း ကုရှောင်းရွှယ်ကမူ သူ၏ အတွေး ကို တစ်ချက်တည်းနှင့် ထိုးဖောက် မြင်နိုင်ခဲ့ချေပြီ။

​"ဟုတ်တယ်"

​"ငါ့မှာ တခြား အစီအစဉ် ရှိသေးတယ်"

​"တကယ်လို့ အောင်မြင်သွားရင်တော့ အားလုံးက ပြောနေစရာ မလိုတော့ဘူးပေါ့"

​"ဒါပေမဲ့ တကယ်လို့ ရှုံးနိမ့်သွားခဲ့ရင်တော့..."

​"လူတိုင်း... သေရလိမ့်မယ်"

​ ကုရှောင်းရွှယ်က မျက်မှောင် အနည်းငယ် ကြုတ်သွား၏။

​"ရှင် အပါအဝင်လား"

​ထန်ထျန်း ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ပြောသည်။ "မင်းနဲ့ငါ အပါအဝင်ပေါ့"

​ ကုရှောင်းရွှယ်က ခေါင်းလေးငုံ့လိုက်ရင်း ထန်ထျန်း၏ ကိုယ်ပေါ်သို့ မှီကာ အားကိုးတကြီး ကပ်လိုက်တော့သည်။

​"ရှင် သေချာ ဆုံးဖြတ်ပြီးရင် ပြီးတာပါပဲ"

​"ရှင် ဆုံးဖြတ်တဲ့ ဘယ်အရာကိုမဆို ကျွန်မကတော့ အမြဲတမ်း ထောက်ခံပေးမှာပါ"

......

ဖရိုဖရဲ အမှောင်ထုအတွင်း၌...

​ကျောက်ခဲလေး တစ်လုံးကဲ့သို့သော ကမ္ဘာငယ်လေးတစ်ခုက မှောင်မိုက်နေသည့် ဟင်းလင်းပြင်ထဲတွင် မျောလွင့်နေခဲ့သည်။

​သူ့တစ်ကိုယ်လုံးက လုံးဝန်းနေပြီး ဖျော့ဖျော့တောက်ပသော အလင်းရောင်များ ဖြာထွက်နေ၏။

​ယခုကဲ့သို့ အမှောင် ခေတ်ကာလကြီးတွင် ကမ္ဘာငယ်လေးတစ်ခုက ဤမျှအထိ ပြည့်စုံစွာ ကျန်ရစ်နေနိုင်ခြင်းက တကယ်ကို မလွယ်ကူလှချေ။

​သို့သော် ၎င်းက သူ့ကိုယ်ပိုင် စွမ်းအားဖြင့် တောင့်ခံထားနိုင်ခြင်းမျိုး မဟုတ်ပေ။

​ပိုမို ကြီးမားသော မဟာကမ္ဘာကြီးတစ်ခုက အတိုင်းအဆမရှိ ဝေးကွာသော အကွာအဝေးကနေ ၎င်းအတွက် မူလစွမ်းအားများကို အစဉ်မပြတ် ပို့လွှတ်ပေးနေခဲ့ခြင်းကြောင့်သာ ယခုအချိန်အထိ တောင့်ခံနိုင်ခြင်း ဖြစ်ပေသည်။

​မဟုတ်လျှင် ထိုကမ္ဘာငယ်လေးသည်လည်း အခြားကမ္ဘာများနည်းတူ ပြိုလဲလုနီးပါး ဖြစ်နေခြင်း သို့မဟုတ် လုံးဝ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခြင်းမျိုး ဖြစ်နေခဲ့ပြီ ဖြစ်၏။

​ရုတ်တရက် ကမ္ဘာကြီး၏ အပြင်ဘက်တွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

​မျက်စိရှေ့က ကမ္ဘာငယ်လေးကို ကြည့်ရင်း ထန်ထျန်း ရင်ထဲတွင် အတိတ်ကို သတိရကာ ခံစားချက်များ ဖြစ်ပေါ်လာရ၏။

​ဤကမ္ဘာကြီးက သူ၏ အရာရာတိုင်း စတင်ခဲ့ရာ နေရာ ဖြစ်ပေသည်။

​သူ့ကို အစောပိုင်းကာလ ဝေခွဲမရ ဖြစ်နေသည့် အချိန်များမှ ကောင်းကင်ထိပ်ဆုံး သို့ ရောက်ရှိသွားသည့် အချိန်အထိ ဖြတ်သန်းစေခဲ့သည်။

​ဤကမ္ဘာကြီးက... သူ၏ မူလအစပင် ဖြစ်၏။

​ခေတ္တမျှ တိတ်ဆိတ်စွာ ကြည့်ရှုပြီးနောက် ထန်ထျန်းက လက်ကို မြှောက်လိုက်ရာ သူ၏ လက်ဖဝါးထဲတွင် အင်မော်တယ် ဓားတစ်စင်း ပေါ်ထွက်လာခဲ့သည်။

​၎င်းက အလွန် သာမန်ဆန်သော အင်မော်တယ် ဓား တစ်စင်းသာ ဖြစ်ပြီး ထိုအချိန်က တိမ်တိုက်ထျန်းဖူနန်းတော်တွင် ထျန်းရှထုန် ကုန်သွယ်ရေးအသင်းကြီးကို နယ်မြေချဲ့ထွင်စဉ်က မတော်တဆ ဝယ်ယူခဲ့ခြင်း ဖြစ်ကာ မည်သည့် ထူးခြားသော စွမ်းအားမျှ မရှိချေ။

​သို့သော် ယခုအချိန်မှာတော့ အသုံးချလို့ ရနိုင်ပေပြီ။

​လက်ရှိ ထန်ထျန်းအတွက်တော့ တိမ်တိုက်ထျန်းဖူနန်းတော်ကဲ့သို့သော ကမ္ဘာငယ်လေး၏ နိယာမ များက အလွန်အမင်း နုနယ်လွန်းလှသည်။

​သူ၏ သွေးတစ်စက် သို့မဟုတ် အသိ စိတ် တစ်ချက်မျှကိုပင် ထိုကမ္ဘာငယ်က တောင့်ခံနိုင်စွမ်း မရှိဘဲ မျက်တောင်တခတ်အတွင်းမှာပင် လုံးဝ ပြိုလဲပျက်စီးသွားပေလိမ့်မည်။

​ထို့ကြောင့် ထန်ထျန်းအနေဖြင့် အတွင်းသို့ ဝင်ရောက်ချင်ပါက အခြား နည်းလမ်းအချို့ကို မဖြစ်မနေ အသုံးပြုရမည် ဖြစ်၏။

​အခြား လက်နက်ပစ္စည်းတစ်ခုကို အသုံးချခြင်းက အလွယ်ကူဆုံးသော နည်းလမ်းတစ်ခု ဖြစ်ပေသည်။

​လွန်ခဲ့သော အချိန်က ဟုန်းယွင်တာအိုအရှင်က တုပထားသည့် ထာဝရကြေးမုံကို သုံးကာ ကောင်းကင်ထိပ်ဆုံး မှ တိမ်တိုက်ထျန်းဖူကမ္ဘာထဲသို့ ဝင်ရောက်ခဲ့သလိုမျိုးပင်။

​ယခု သူသည်လည်း ဤ အင်မော်တယ် ဓားကို အသုံးပြုကာ သူ့ အသိစိတ်တစ်မျှင်ကို အတွင်းသို့ ပို့လွှတ်ရမည် ဖြစ်၏။

အင်မော်တယ် ​ဓားကို ကိုင်မြှောက်လိုက်ရင်း ထန်ထျန်းက အခြားလက်တစ်ဖက်ဖြင့် ခပ်ဖွဖွ တောက်လိုက်ရာ သူ့ အသိစိတ်တစ်မျှင်ကို ခွဲထုတ်လိုက်သည်။

​ထို့နောက် သူက အနန္တကုန်ခမ်းနိုင်ခြင်းမရှိသော ဟင်းလင်းပြင် စွမ်းအားများနှင့် ကမ္ဘာ့မူလ စွမ်းအားများကို ထုတ်ယူကာ အော်ရာ များကို ဖုံးကွယ်ပေးမည့် အစီအရင်တစ်ခုကို တည်ဆောက်ပြီး ထိုအသိစိတ်တစ်မျှင်ကို အလွှာအထပ်ထပ် ဝန်းရံ လိုက်၏။

​၎င်းက တိမ်တိုက်ထျန်းဖူကမ္ဘာကို ကာကွယ်ပေးရန်အတွက် ဖြစ်ပေသည်။

​အစီအရင်ကို ပြင်ဆင်ပြီးနောက် ထန်ထျန်းက အသိစိတ်ကို အင်မော်တယ် ဓားအတွင်းသို့ ချိပ်ပိတ်ထည့်သွင်းလိုက်တော့သည်။

​အရာအားလုံး ပြီးမြောက်သွားသောအခါ သူက မျက်စိရှေ့က ကမ္ဘာငယ်လေးကို ကြည့်ရင်း သက်ပြင်း ခပ်ဖွဖွ တစ်ချက် ချလိုက်မိ၏။

​"သွားတော့..."

​"ဇာတ်သိမ်းကို ပြန်လည် ပြင်ဆင်ရေးဆွဲနိုင်မလားဆိုတာ ဒီတစ်ကြိမ်အပေါ်မှာပဲ မူတည်တော့တယ်"

​ပြောပြီးသည်နှင့် အင်မော်တယ် ဓားက သူ၏ လက်ထဲမှ ချက်ချင်းပင် လွင့်ပျံထွက်သွားခဲ့ပြီး မျက်တောင်တခတ်အတွင်းမှာပင် ကမ္ဘာ့အတားအဆီးကို ဖောက်ထွက်ကာ ထန်ထျန်း၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့တော့သည်။

.....

​ချင်းယွဲ့ဂိုဏ်း...

​ထန်ထျန်း ကောင်းကင်ထိပ်ဆုံး သို့ တက်လှမ်းသွားပြီးနောက်တွင် တိမ်တိုက်ထျန်းဖူနန်းတော်အတွင်း၌ အလယ်အလတ်အဆင့်သာ ရှိသော ဤလက်အောက်ခံဂိုဏ်းငယ်လေး၏ အဆင့်အတန်းက သိသိသာသာ ပြောင်းလဲသွားခဲ့ရသည်။

​အချိန်ကုန်လွန်လာသည်နှင့်အမျှ ကမ္ဘာကြီး၏ ပြောင်းလဲမှုများကြောင့် ဤအခြေအနေက ပို၍ပင် ထင်ရှားလာခဲ့၏။

​ယခုအချိန်တွင် သူ၏ အင်အားစုစုပေါင်းက အားကောင်းလှသော တိမ်တိုက်ထျန်းဖူနန်းတော်ကို ဘယ်လိုမှ မမှီနိုင်သော်လည်း ဤကမ္ဘာငယ်လေးအတွင်းရှိ သူ၏ အဆင့်အတန်းကိုတော့ မည်သူမျှ လွယ်လွယ်ကူကူ လျစ်လျူမရှုရဲကြချေ။

​ထို့အပြင် တိမ်တိုက်ထျန်းဖူနန်းတော်၏ အထက်တွင်ပင် တဖြည်းဖြည်းနှင့် တည်ရှိနေခဲ့ပြီ ဖြစ်သည်။

​သီးခြားလွတ်လပ်သည့် အင်မော်တယ် ဘုံတစ်ခုလိုမျိုးပင်။

​မည်သူမျှ မဆင်မခြင် ကျူးကျော်ဝင်ရောက်ခြင်း မပြုရဲကြချေ။

​ချင်းယွဲ့ဂိုဏ်းအတွင်းမှာလည်း ထိုကဲ့သို့သော ဆင်တူသည့် နေရာအနည်းငယ် ရှိနေခဲ့သည်။

​၎င်းတို့အနက် တစ်ခုမှာ ခရမ်းရောင်ဝါးခြံဝင်း ဖြစ်၏။

​ဘာလို့လဲဆိုတော့ ၎င်းက ထန်ထျန်း တစ်ချိန်က နေထိုင်ခဲ့ဖူးသည့် နေရာ ဖြစ်သောကြောင့်ပင်။

​သို့သော် အခြားနေရာတစ်ခုလည်း ရှိသေးပြီး ၎င်းကလည်း ထန်ထျန်း တစ်ချိန်က နေထိုင်ခဲ့ဖူးသည့် နေရာ ဖြစ်ပေသည်။

​၎င်းက အခြေခံအစေခံတပည့်များ နေထိုင်သည့် နယ်မြေအတွင်း ဆောက်လုပ်ထားသော အလွန် သာမန်ဆန်လှသည့် ကျောက်တုံးအိမ်လေး တစ်လုံး ဖြစ်၏။

​ထို့အပြင် အခြား အခြေခံအစေခံတပည့်များ၏ ကျောက်တုံးအိမ်များနှင့် နှိုင်းယှဉ်လျှင် ၎င်းက ပို၍ပင် သာမန်ထက် ထူးခြားမှု မရှိသလို ထင်ရပေသည်။

​သို့သော် ၎င်းကိုလည်း ချင်းယွဲ့ဂိုဏ်းက အဓိကထား ကာကွယ် စောင့်ရှောက်ထားသဖြင့် မည်သူမျှ လွယ်လွယ်ကူကူ အနားမကပ်ရဲကြချေ။

​သို့သော်လည်း မည်သူမျှ သတိမပြုမိလိုက်ကြသည့် အခြေအနေမျိုးတွင်...

အင်မော်တယ် ​ဓားတစ်စင်းက မိုးကုတ်စက်ဝိုင်းဆီမှ အရှိန်အဟုန်ဖြင့် ပျံသန်းလာခဲ့ပြီး ထိုကျောက်တုံးအိမ်လေးအတွင်းသို့ တိုးဝင်သွားခဲ့လေတော့သည်။

All Chapters