← Chapters

အခန်း ၉၃၀

Vol. 89 Ch. 930

အခန်း ၉၃၀

Vol. 89 Ch. 930

အခန်း (၉၃၀) ကျောက်တုံး တစ်တုံး

​ချင်းယွဲ့ဂိုဏ်း...

​ဤနေရာသည် တစ်ချိန်က အခြေခံအစေခံတပည့်များ နေထိုင်သည့် အစွန်းအဖျား နယ်မြေ ဖြစ်ခဲ့ဖူးသော်လည်း ထန်ထျန်း၏ ကမ္ဘာတုန်ဟည်းလောက်သော ထက်မြက်ထွန်းတောက်မှုကြောင့် ဤနယ်မြေတစ်ခုလုံးမှာ မည်သူမျှ မကျူးကျော်ရဲသော တားမြစ်နယ်မြေတစ်ခုနှင့် ဒဏ္ဍာရီလာ မြင့်မြတ် နယ်မြေတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

​သို့သော် တကယ်တမ်းတွင် ဤနေရာ၌ ထူးထူးခြားခြား ဘာမျှမရှိဘဲ ထောင့်စွန်းတစ်နေရာတွင် ဆောက်လုပ်ထားသော နိမ့်ပါးသည့် ကျောက်တုံးအိမ်လေး တစ်လုံးသာ တည်ရှိနေခြင်း ဖြစ်၏။

​အင်မော်တယ် ဓားက ကျောက်တုံးအိမ်လေးအတွင်းသို့ တိုးဝင်သွားပြီးနောက်တွင် ထန်ထျန်း၏ ပုံရိပ်ယောင် က အင်မော်တယ် ဓားအတွင်းမှ ထင်ဟပ်ပေါ်ထွက်လာခဲ့သည်။

​ပတ်ဝန်းကျင်ရှိ ရိုးရှင်းလှသော အပြင်အဆင်များကို ကြည့်ရင်း ထန်ထျန်းအနေဖြင့် အနည်းငယ် မှတ်မိနေဆဲ ဖြစ်၏။

​သူ ထွက်ခွာသွားခဲ့စဉ်အချိန်ကနှင့် အခြေခံအားဖြင့် တစ်ပုံစံတည်းပင်။

​အိုမင်းဆွေးမြည့်နေသည့် ဝါးကုတင်တစ်လုံး ရှိပြီး ၎င်းပေါ်သို့ တက်လိုက်ပါက "ကျွိကျွိ ကျွက်ကျွက်" ဟု မြည်သံ ထွက်ပေါ်လာလိမ့်မည် ဖြစ်သည်။

​ထန်ထျန်း မထွက်ခွာမီအချိန်က သေသေချာချာ ခေါက်သိမ်းထားခဲ့သည့် အစေခံဝတ်စုံက ကုတင်ခေါင်းရင်းတွင် ရှိနေဆဲပင်။

​အချိန်အတော်ကြာ အသုံးပြုခဲ့သည့် ထိုင်ဖျာလေးတစ်ခုလည်း ရှိနေပြီး မျက်နှာပြင်တစ်ခုလုံးက တွန့်ကြေကာ မည်းမှောင်နေခဲ့ပြီ ဖြစ်၏။

​ထို့ပြင် နှစ်ခြမ်းကျိုးနေသည့် ကုလားထိုင်တစ်လုံးနှင့် ခုံ တစ်လုံးက ပြတင်းပေါက်နားတွင် စနစ်တကျ စီစီရီရီ တည်ရှိနေသည်။

​ဤနေရာက တကယ်တော့ မှီခိုကိုးကွယ်ရာမဲ့နေသည့် အခြေခံအစေခံတပည့်တစ်ယောက်၏ သာမန် နေအိမ်လေးတစ်ခုသာ ဖြစ်၏။

​သို့သော် ဤသာမန် နေအိမ်လေးကပင် ထန်ထျန်း၏ အရာရာတိုင်းအတွက် မူလအစနှင့် အရင်းအမြစ် ဖြစ်ခဲ့ပေသည်။

​ဤနေရာတွင် သူ ပထမဆုံးအကြိမ် မျက်လုံးများကို ဖွင့်ကြည့်ရင်း ဤကမ္ဘာမြေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

​ဤနေရာတွင် သူ ပထမဆုံးအကြိမ် ကျင့်ကြံခဲ့ပြီး စနစ်၏ လဲလှယ်မှု စွမ်းဆောင်ချက်ကို အသုံးပြုကာ သာမန်လူသား နယ်ပယ် မှ ရုန်းထွက်နိုင်ခဲ့သည်။

​ထို့ပြင် ဤနေရာတွင်ပင် သူ ကုရှောင်းရွှယ်နှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ဖူးခြင်း ဖြစ်ပြီး ထိုအချိန်က သူမသည် သူတစ်ပါး၏ လုပ်ကြံခြင်းကို ခံထားရသည့် ရိုးသားဖြူစင်သော မိန်းကလေးငယ်လေးတစ်ဦးသာ ဖြစ်၏။

​ဤနေရာတွင် မတ်တတ်ရပ်လိုက်ပြီးနောက် အတိတ်က ပုံရိပ်အားလုံးက မျက်စိရှေ့တွင် ကွက်ကွက် ကွင်းကွင်း ပြန်လည် ပေါ်လာခဲ့ရာ မကြာသေးမီကမှ ဖြစ်ပျက်ခဲ့သလိုမျိုး ခံစားရစေသည်။

​အချိန်အတော်ကြာပြီးနောက် ထန်ထျန်းက ခြေလှမ်းများကို ရွှေ့လိုက်ရင်း ထိုင်ဖျာလေး၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။

​ဒါက သူ ဤကမ္ဘာသို့ စတင်ကူးပြောင်းလာစဉ်အချိန်က ရှိနေခဲ့သည့် နေရာ ဖြစ်ပေသည်။

​ထိုအချိန်က မူလခန္ဓာကိုယ် ဖြစ်သည့် သနားစရာ လူငယ်လေးက ဤထိုင်ဖျာပေါ်တွင် ကျင့်ကြံနေရင်း ချီသွေဖည် ကာ အသက်ပျောက်သွားခဲ့ရခြင်း ဖြစ်၏။

​ထန်ထျန်း ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ကိုယ်ကိုနှိမ့်ကာ ထိုင်ဖျာပေါ်တွင် တင်ပျဉ် ခွေ ထိုင်လိုက်တော့သည်။

​သူ၏ ခန့်မှန်းချက်သာ မမှားဘူးဆိုလျှင် သူ အမြဲတမ်း အသည်းအသန် ရှာဖွေနေခဲ့သည့် အရာက ဤကျောက်တုံးအိမ်ငယ်လေးထဲတွင် မဖြစ်မနေ ရှိနေရမည် ဖြစ်၏။

​သို့မဟုတ် ပြောရလျှင်...

​၎င်းက ဤကျောက်တုံးအိမ်လေးထဲတွင်သာ ရှိနေရမည်။

​သို့သော် ထန်ထျန်းက သူ၏ အသိစိတ်ကို ဖြန့်ကျက်လိုက်ပြီး ကျောက်တုံးအိမ်တစ်ခုလုံးကို အတွင်း အပြင် သေသေချာချာ လှန်လှော ရှာဖွေကြည့်လိုက်သော်လည်း မည်သည့် ထူးခြားဆန်းပြားသည့် အခြေအနေကိုမျှ ရှာမတွေ့ခဲ့ချေ။

​၎င်းက ရိုးရိုးသာမန် ကျောက်တုံးအိမ်လေးတစ်လုံးမျှသာ ဖြစ်သည်။

​ငါ ခန့်မှန်းချက် မှားသွားတာလား...

​ထန်ထျန်းက ခေါင်းခါရင်း ပြုံးလိုက်မိ၏။

​မဟုတ်ဘူး... မမှားနိုင်ဘူး။

​ထိုအရာက ဤနေရာတွင်ပဲ ရှိနေရမည်။

​ခေတ္တမျှ စဉ်းစားပြီးနောက် ထန်ထျန်းက မျက်လုံးများကို တိုက်ရိုက် မှိတ်လိုက်သည်။

​အချိန်အတန်ကြာ စောင့်ဆိုင်းပြီးနောက်တွင်မှ သူက မျက်လုံးများကို ဖြည်းညှင်းစွာ ပြန်လည် ဖွင့်ကြည့်လိုက်၏။

​သူ၏ အကြည့်က ထိုင်ဖျာ၏ အရှေ့ဘက်ရှိ အပြာရောင် ကျောက်တုံး တစ်တုံးပေါ်သို့ ကျရောက်သွားခဲ့သည်။

​ထန်ထျန်း သတိရသွားခဲ့ပြီ ဖြစ်၏။ သူ ပထမဆုံး နိုးထလာစဉ်အချိန်က မြေပြင်ပေါ်တွင် မှောက်လျက်အနေအထားဖြင့် လဲကျနေခဲ့ခြင်း ဖြစ်သည်။

​ထိုအပြာရောင် ကျောက်တုံးပေါ်တွင် ယခုအချိန်အထိ လုံးဝ သန့်စင်အောင် မဖျက်ဆီးနိုင်သေးသည့် ဖျော့တော့သော သွေးကွက်အချို့ကို ဝေဝေဝါးဝါး မြင်တွေ့နေရဆဲ ဖြစ်၏။

​ထို သာမန်ထက် ပို၍ သာမန်ဆန်လှသည့် ကျောက်တုံးကို ကြည့်ရင်း ထန်ထျန်း၏ နှုတ်ခမ်းထောင့်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

​"ရှာတွေ့ပြီ"

​ထို့နောက် သူက လက်ကို ဆန့်ထုတ်လိုက်ပြီး ထိုအပြာရောင် ကျောက်တုံးကို မြေပြင်ပေါ်မှ ဆွဲယူလိုက်တော့သည်။

​သေသေချာချာ စစ်ဆေးကြည့်ပြီးနောက်တွင် အပြာရောင် ကျောက်တုံး၌ မည်သည့် ထူးခြားသော အချက်မျှ မရှိသည်ကို သူ တွေ့ရှိလိုက်ရ၏။ အပြင်ပန်းမှ အတွင်းပိုင်းအထိ မည်သည့် ဂုဏ်သတ္တိကမဆို ၎င်းက တကယ့်ကို သာမန် ကျောက်တုံးတစ်တုံးမျှသာ ဖြစ်ကြောင်း သက်သေပြနေခဲ့သည်။

​သို့သော် ထန်ထျန်းက လက်ညှိုးနှင့် လက်ခလယ်ကို ပူးလိုက်ပြီး ကျောက်တုံး၏ မျက်နှာပြင်ဆီသို့ ထိုးစိုက်လိုက်သောအခါတွင်မူ အံ့အားသင့်ဖွယ်ရာ ကိစ္စတစ်ခု ဖြစ်ပျက်လာခဲ့ချေပြီ။

​ထန်ထျန်းအနေဖြင့် ကမ္ဘာကြီး၏ တည်ငြိမ်မှုကို မထိခိုက်စေရန်အတွက် သူ့ စွမ်းအားကို ထိန်းချုပ်ထားပြီး တာအိုနိယာမနယ်ပယ်သို့ အကန့်အသတ်မရှိ နီးကပ်သည့် အခြေအနေအထိသာ ကန့်သတ်ထားသော်လည်း...

​ဤလက်ညှိုးတစ်ချက်ကို တိမ်တိုက်ထျန်းဖူနန်းတော်အတွင်းရှိ မည်သည့် တည်ရှိမှုမျိုးမဆို ဘယ်လိုမှ တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

​မျက်တောင်တခတ်အတွင်းမှာပင် ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွားရမည် ဖြစ်၏။

​သို့သော် ဤသာမန် ကျောက်တုံးကမူ တောင့်ခံနိုင်ခဲ့သည်။

​ထို့အပြင် ထိုမျှတင်မကသေးဘဲ လုံးဝ အစအန အမှတ်အသားတစ်ခုမျှပင် ကျန်ရစ်ခဲ့ခြင်း မရှိချေ။

​ဤရလဒ်ကို မြင်လိုက်ရသောအခါ ထန်ထျန်း၏ လက်က လေ ထဲတွင် ရပ်တန့်သွားခဲ့ရသည်။

​သူက လက်ထဲမှ ကျောက်တုံးကို ကြည့်ရင်း မျက်နှာထက်က အရိပ်အယောင်များက အဆက်မပြတ် ပြောင်းလဲနေခဲ့၏။

​ရုတ်တရက် သူက ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

​"ဟားဟားဟားဟား..."

​ဟိန်းထွက်နေသော်လည်း ထူးဆန်းလှသော ရယ်မောသံက ကျောက်တုံးအိမ်လေးတစ်ခုလုံးအတွင်း ပဲ့တင်ထပ်သွားခဲ့ရာ နားထောင်ရသူကို ဖော်ပြရခက်သည့် ခံစားချက်မျိုး ဖြစ်ပေါ်စေသည်။

​"ဟားဟားဟားဟား..."

​ထန်ထျန်းက ဆက်တိုက် ရယ်မောနေခဲ့ပြီး နောက်ဆုံးတွင်မူ ရှေ့တိုးနောက်ငင် ဖြစ်သည်အထိ ရယ်မောမိကာ တစ်ကိုယ်လုံး အဆက်မပြတ် တုန်ခါနေခဲ့ရ၏။

​သူက ရယ်မောသံကို ဖုံးကွယ်ထားခြင်း မရှိသော်လည်း ထူးဆန်းသည်က ကျောက်တုံးအိမ်၏ အပြင်ဘက်တွင် စောင့်ကြပ်နေကြသော အစောင့်များထဲမှ တစ်ယောက်မျှ ထိုအသံကို ကြားရခြင်း မရှိဘဲ ထူးဆန်းသော ရယ်မောသံကို ကျောက်တုံးအိမ်ထဲတွင်သာ အပြန်အလှန် ပဲ့တင်ထပ်နေစေခဲ့သည်။

​ထန်ထျန်းက အချိန်အတော်ကြာသည်အထိ ရယ်မောနေခဲ့ပြီး နောက်ဆုံးတွင်မူ အသက်ပင် မဝချင်တော့ဘဲ ဖြစ်သွားရ၏။

​အပြုံးများက မျက်နှာထက်တွင် တောင့်တင်းသွားခဲ့ရသည်။

​သို့သော် သူက အပြာရောင် ကျောက်တုံးကို ကြည့်နေသည့် အကြည့်ကမူ မည်သည့်အချိန်ထက်မဆို ပိုမို၍ အေးစက်နေခဲ့ပြီ ဖြစ်၏။

​ရိုးတွင်းခြင်ဆီအထိ အေးစက်လှပေသည်။

​"မင်းက တကယ်ကြီး တည်ရှိနေတာပဲ..."

​"မင်း တည်ရှိနေတယ်ဆိုတာကို ပြသနေတဲ့ သက်သေအထောက်အထားတွေ အများကြီး ရှိနေတယ်ဆိုတာ ငါ သိပါတယ်"

​"ဒါပေမဲ့ ငါကတော့ ဒီလောက်အထိ ကျယ်ပြောလှတဲ့ ကမ္ဘာကြီးက မင်းရဲ့ လက်ထဲမှာ ကစားစရာ ဖြစ်နေတဲ့ ငါးမွေးကန်တစ်ခုမျှသာ ဖြစ်တယ်ဆိုတာကို အမြဲတမ်း တကယ် လက်မခံနိုင်ခဲ့ဘူး..."

​"ဒါပေမဲ့... မင်းက တကယ်ကြီး တည်ရှိနေတာပဲ"

​"မင်းက ဘာလို့ တကယ်ကြီး တည်ရှိနေရတာလဲ..."

​ပြောရင်းနှင့် ပူဆွေးသောကရောက်နေသည့် မျက်ရည်နှစ်စက်က သူ၏ မျက်ဝန်းအစုံမှ ဖြည်းညှင်းစွာ စီးကျလာခဲ့ပြီး မြေပြင်ပေါ်သို့ အစက်ချ ကျရောက်သွားခဲ့တော့သည်။

​ဤအချိန်တွင်မှ သူသည် ကမ္ဘာ့အရှင်က ဘာကြောင့် ထိုမျှအထိ မျှော်လင့်ချက်မဲ့ခဲ့ရသလဲဆိုသည်ကို အမှန်တကယ် သဘောပေါက် နားလည်သွားခဲ့ရပြီ ဖြစ်၏။

​ထာဝရဧကရာဇ်နှင့် အခြားသော ရှေးဟောင်းအထွတ်အထိပ် အစွမ်းထက်ပုဂ္ဂိုလ်များ ဘာကြောင့် လုံးဝ ရူးသွပ်သွားခဲ့ကြရသလဲဆိုသည်ကို သူ အပြည့်အဝ နားလည်သွားခဲ့ရပြီ ဖြစ်သည်။

​ထန်ထျန်းကိုယ်တိုင်က တကယ့်ကို သေသေချာချာ ကျင့်ကြံခဲ့ဖူးခြင်း မရှိချေ။

​သူ၏ စွမ်းအားများက အခြေခံအားဖြင့် ကောင်းကင် ဝါးမြိုနတ်ဆိုးထံမှသာ ရရှိခဲ့ခြင်း ဖြစ်သည်။

​အတိအကျ ပြောရလျှင် သူက ကျင့်ကြံသူတစ်ယောက်အဖြစ်ပင် မသတ်မှတ်နိုင်ချေ။

​သို့သော် ဤကျောက်တုံးကို အမှန်တကယ် ရှာတွေ့ပြီးနောက်တွင်မူ သူသည်လည်း ထို အဆုံးမရှိသော မျှော်လင့်ချက်မဲ့ခြင်းများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီ ဖြစ်၏။

​သိပ်ကို အဓိပ္ပာယ်မရှိလွန်းလှသည်။

​တကယ်ကို အဓိပ္ပာယ်မရှိလွန်းလှပေ။

​ဘာကြောင့် ငါးမွေးသူလိုမျိုး နားမလည်နိုင်တဲ့ တည်ရှိမှုမျိုး ရှိနေရတာလဲ။

​ဘာကြောင့်လဲ...

​"ဘာကြောင့်လဲ..."

​ထန်ထျန်းက အက်ရှရှအသံဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ"

​"ယဉ်ကျေးမှုတွေရဲ့ ထွန်းကားလာမှုနဲ့ ဆုတ်ယုတ်ပျက်စီးမှုတွေကို လေ့လာစောင့်ကြည့်တဲ့ စမ်းသပ်မှုတစ်ခုခုကို လုပ်နေတာလား၊ ဒါမှမဟုတ် သာမန် အပျော် သက်သက်အတွက်ပဲလား"

​"မင်းက တကယ်ပဲ ဘယ်လို ပုံသဏ္ဌာန်မျိုးနဲ့ တည်ရှိနေတဲ့ အရာလဲ"

​သူက ခေါင်းမော့မလာခဲ့သော်လည်း သူ မေးမြန်းနေသည့် ပစ်မှတ်ကမူ အလွန်ပင် ထင်ရှားလှပေသည်။

​သို့သော် နှမြောစရာကောင်းသည်က မည်သူမျှ ပြန်လည် တုံ့ပြန်ခြင်း မရှိခဲ့ဘဲ ၎င်းက သူ၏ အိပ်မက်ထဲက ယောင်ယမ်းတမ်းတနေသည့် စကားများကဲ့သို့သာ ဖြစ်နေခဲ့၏။

​ယခုကဲ့သို့ပင် ထန်ထျန်းက ထိုအနေအထားအတိုင်း အချိန်အတော်ကြာအောင် ဆက်ရှိနေခဲ့သည်။

​ပြတင်းပေါက်အပြင်ဘက်က နေနှင့်လ အပြန်အလှန် လဲလှယ်မှုကို အတုယူထားသည့် အလင်းရောင်များပင် အကြိမ်ပေါင်း ရာကျော်မျှ ပြောင်းလဲသွားခဲ့ရ၏။

​နောက်ဆုံးတွင် ထန်ထျန်းက လက်ထဲမှ ကျောက်တုံးကို ချလိုက်ပြီးနောက် ၎င်းကို အမှီသဟဲပြုကာ ထိုင်ဖျာပေါ်မှ ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။

​ခေါင်းကို မော့လိုက်ရင်း ရှေ့သို့ တည့်တည့် စိုက်ကြည့်လိုက်၏။

​သူ၏ အကြည့်က ဝေခွဲမရ ဖြစ်မနေတော့ပုံရပေသည်။

​သူ့တစ်ကိုယ်လုံးကလည်း မူလအတိုင်း ပြန်လည် နိုးထလာခဲ့ပြီ ဖြစ်ပြီး ထိုက်တောင်ကြီး ပြိုလဲသွားလျှင်ပင် မျက်နှာအမူအရာ မပျက်သည့် ယခင်က ထန်ထျန်းအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

​သူ၏ ခန္ဓာကိုယ်ကလည်း မတ်မတ်ရပ်လျက် တည်ရှိနေသည်။

​အပြာရောင် ကျောက်တုံးကို ကောက်ကိုင်လိုက်ရင်း ထန်ထျန်းက နောက်ထပ် နှစ်ချက်မျှ ကြည့်ပြီးနောက် ၎င်းကို သူ့ ခါးပတ်တွင် တိုက်ရိုက်ပင် ချိတ်ဆွဲလိုက်တော့သည်။

​"ဒီလိုဖြစ်လာမှတော့..."

​"ဒါဆိုရင်လည်း ဒီအတိုင်းပဲ ဖြစ်ရတာပေါ့"

​သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ "ဂျင်ဂိုပင်၊ ကမ္ဘာ့သားတော်၊ ကမ္ဘာ့အစီအရင်ကြီး... ပြီးတော့..."

​"ဒီကျောက်တုံး"

​"ကျွင်းချန်ချင်းကို သတ်ပြီး လောကရဲ့ နေ၊ လ၊ ကြယ်တွေနဲ့ သဘာဝတရားတွေကို ပြန်လည် ရယူနိုင်သရွေ့..."

​"ဒီကနဦးကတည်းက လမ်းဆုံးကို ဦးတည်နေတဲ့ ကမ္ဘာကြီးက လုံးဝ အသစ်တဖန် မွေးဖွားခြင်းကို ပြီးမြောက်စေနိုင်လိမ့်မယ်"

​"ကမ္ဘာ့အရှင်ရဲ့ နောက်ဆုံး ဆန္ဒက တကယ်ပဲ ပြည့်ဝသွားနိုင်လိမ့်မယ်"

​ပြောပြီးနောက် သူက အင်မော်တယ် ဓား တည်ရှိရာ ဘက်သို့ လျှောက်လှမ်းသွားခဲ့သည်။

​သို့သော် သူက ဓားကိုယ်ထည်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ပြင်ဆင်လိုက်စဉ်မှာပင် ရုတ်တရက် ခေါင်းကို လှည့်လိုက်ရင်း ဟင်းလင်းပြင်ဆီသို့ စိုက်ကြည့်လိုက်၏။

​ထိုနေ့က ကမ္ဘာ့အရှင်က ခေါင်းမော့ကာ ထို အမည်မသိ တည်ရှိမှုနှင့် စကားပြောခဲ့သလိုမျိုးပင်။

​သို့သော် ထန်ထျန်းက စကားမပြောခဲ့ချေ။

​ခဏမျှ ကြည့်ပြီးနောက်တွင် သူက ပြုံးလိုက်မိသည်။

​ထို့နောက် ကျောက်တုံးအိမ်လေးအတွင်းမှ ပျောက်ကွယ်သွားခဲ့တော့သည်။

All Chapters