အခန်း ၉၃၂
Vol. 89 Ch. 932
အခန်း (၉၃၂) ကျွင်းချန်ချင်း တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခြင်း
တောက်ပလှသော နေမင်းက ကောင်းကင်ထက်တွင် ထွန်းလင်းတောက်ပနေ၏။
ယခုအချိန်တွင် တစ်လောကလုံး၌ နေ တည်ရှိနေသေးသည့် နေရာဟူ၍ တစ်နေရာသာ ရှိတော့သည်။
၎င်းကတော့ အလင်းကမ္ဘာ ပင် ဖြစ်၏။
ဧရာမ ယဇ်ပလ္လင်ကြီးတစ်ခု၏ အပေါ်တွင် အစွမ်းထက်ပုဂ္ဂိုလ် ရာကျော် အတူတူ မတ်တတ်ရပ်နေကြပြီး သူတို့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အော်ရာ များက လူကို တုန်လှုပ်ခြောက်ခြားသွားစေနိုင်ပေသည်။
ဤလူများက အနည်းဆုံးတော့ ကျိကျွင်း အဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။
ဦးဆောင်နေသူကမူ ထန်ထျန်း၏ မိတ်ဆွေ ဟောင်းတစ်ယောက် ဖြစ်သည့် ထိုက်ချန် ကျိကျွင်း ပင် ဖြစ်သည်။
ထိုက်ချန် ကျိကျွင်း ၏ နောက်တွင်မူ လူသားဧကရာဇ် နန်းတော်၏ အခြား ကျိကျွင်း အနည်းငယ် ရှိနေပြီး ကျန်ရှိနေသူများကလည်း ထိုအချိန်က ဧကရာဇ် နန်းတော်၏ ကျိကျွင်း များပင် ဖြစ်ကြ၏။
ထိုအချိန်တုန်းက သူတို့သည် ကျွင်းချန်ချင်းကိုယ်တိုင် သတ်ဖြတ်ခြင်းကို ခံခဲ့ရသော်လည်း ယခုအချိန်တွင်မူ အားလုံး ပြန်လည် အသက်ရှင်လာခဲ့ကြပြီ ဖြစ်သည့်အပြင် ထိုအချိန်ကထက်ပင် ပိုမို အစွမ်းထက်လာခဲ့သည့် ပုံစံမျိုး ရှိနေကြသည်။
သို့သော် ယခုအချိန်တွင် မည်သူမျှ စကားတစ်ခွန်းမှ မပြောကြဘဲ အမြင့်ဆုံး ကောင်းကင်ထက်တွင် မျောလွင့်နေသည့် နန်းတော် ကြီးကို ကြည့်ရင်း မျက်နှာထက်တွင် ကြည်ညိုလေးစားမှု များဖြင့် ပြည့်နှက်နေခဲ့ကြ၏။
အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည့် အော်ရာ များက နန်းတော် အတွင်းမှ ဖြည်းညှင်းစွာ လွင့်ပျံထွက်ပေါ်လာနေခဲ့ရာ သူတို့က ကျိကျွင်း များ ဖြစ်ကြသော်လည်း ပြင်းထန်လှသော ဖိအားကို ခံစားနေရသဖြင့် မတ်မတ်ရပ်နိုင်ရန်အတွက်ပင် အားယူနေကြရသည်။
တကယ်လို့သာ ယဇ်ပလ္လင်ပေါ်တွင် မရေအတွက်နိုင်သော အစီအရင်ကြီးများ အထပ်ထပ် ခင်းကျင်းမထားခဲ့ပါက အလင်းကမ္ဘာသည်ပင် ဤအော်ရာ ဖိအားအောက်တွင် ပြိုလဲပျက်စီးသွားနိုင်ပေသည်။
ယခုကဲ့သို့ အချိန်အတန်ကြာ စောင့်ဆိုင်းပြီးနောက်တွင်မူ နန်းတော် ပေါ်က ကြောက်မက်ဖွယ် အော်ရာ များက ရုတ်တရက် လုံးဝ ပြန်လည် လျော့ပါးသွားခဲ့တော့၏။
ထို့နောက် အပြာရောင် ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်က လူတိုင်း၏ ရှေ့မှောက်သို့ ပေါ်ထွက်လာခဲ့သည်။
"မဟာ ကောင်းကင်အရှင် ကို အရိုအသေပေး ပါတယ်"
"ကျွန်တော်တို့ မဟာကောင်းကင်အရှင် တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတာကို ကြိုဆိုပါတယ်"
ထိုက်ချန်ကျိကျွင်း က ချက်ချင်းပင် ဒူးထောက်လိုက်ရာ အခြား ကျိကျွင်း များကလည်း လိုက်လံ ဒူးထောက်ကြပြီး လူအုပ်ကြီးတစ်ခုလုံး ဦးခေါင်းညွတ်ထားကြတော့သည်။
နန်းတော် ပေါ်တွင် ရပ်နေသည့် ထိုသူကတော့ နှစ်ပေါင်း ရာချီအောင် တံခါးပိတ် ကျင့်ကြံနေခဲ့သည့် ကျွင်းချန်ချင်း ပင် ဖြစ်၏။
ကျွင်းချန်ချင်းက နေ ၏ ရှေ့တွင် ရပ်နေပြီး သူ့ပုံရိပ်က အလင်းရောင် အားလုံးကို ပိတ်ဆို့ထားရာ ယဇ်ပလ္လင်ပေါ်သို့ ဧရာမ အရိပ်မည်းကြီးတစ်ခု ကျရောက်စေခဲ့သဖြင့် ယခုအချိန်တွင် သူ့မျက်နှာကို မည်သူမျှ သဲသဲကွဲကွဲ မမြင်တွေ့နိုင်ကြချေ။
သို့သော် သဲသဲကွဲကွဲ မြင်တွေ့နိုင်ခဲ့လျှင်ပင် ဤအချိန်တွင် မည်သူမျှ ခေါင်းမော့ရဲကြမည် မဟုတ်ပေ။
ဘာကြောင့်လဲဆိုတော့ ထိုသူက ကျွင်းချန်ချင်း ဖြစ်နေသောကြောင့်ပင်။
သူက ယခုအချိန်တွင် တစ်လောကလုံး၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်ပေသည်။
အမြင့်မြတ်ဆုံး၊ ပြိုင်ဘက်အကင်း ဆုံးပင် ဖြစ်၏။
ကျွင်းချန်ချင်းက တိတ်ဆိတ်စွာ ရပ်နေပြီး စကားတစ်ခွန်းမှ မဆိုသဖြင့် သူ ယခုအချိန်တွင် ဘာတွေ တွေးတောနေလဲဆိုသည်ကို မည်သူမျှ မသိနိုင်ကြချေ။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင်မှ သူက စကားတစ်ခွန်းကို တည်ငြိမ်စွာ ပြော လိုက်သည်။
"နောင်ပိုင်းကျရင်..."
"အလင်းကမ္ဘာက မင်းတို့ပိုင်တာပဲ"
လူတိုင်း ချက်ချင်းပင် ကြောင်အသွားကြရ၏။
ကျွင်းချန်ချင်း တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီးနောက် ပထမဆုံး ပြောလိုက်သည့် စကားက ယခုလို ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြချေ။
အလင်းကမ္ဘာကို သူတို့ထံ ပေးအပ်ခဲ့ခြင်းလော။
ထိုက်ချန်း ကျိကျွင်း လည်း နားမလည်နိုင်ဖြစ်သွားကာ နောက်ဆုံးတွင်မူ သူက သတ္တိမွေးပြီး ခေါင်းမော့လိုက်၏။
"မဟာကောင်းကင်အရှင်..."
"ဒါဆိုရင် အရှင်ကကော"
ကျွင်းချန်ချင်းက အချိန်အတော်ကြာအောင် ထပ်မံ တိတ်ဆိတ်သွားပြီးနောက်မှ အသံကို နှိမ့်ကာ ပြောသည်။ "ထာဝရရဲ့ အောက်မှာ... အရာအားလုံးက နတ္ထိ ပဲ"
"နောက်ဆုံး အချိန်ကာလ အနည်းငယ်ပဲ ကျန်တော့တယ်၊ မင်းတို့ဘာသာ မင်းတို့ပဲ ကြည့်ရှင်းကြတော့"
ဤစကားများ၏ အဓိပ္ပာယ်က အလွန်ပင် ထင်ရှားလှပေသည်။
ကျွင်းချန်ချင်း၏ အမြင်တွင် ထာဝရအောက်က အရာဝတ္ထုမှန်သမျှက အဓိပ္ပာယ် မရှိတော့ချေ။
သူက လောကီ ကိစ္စများကို ထပ်မံ ပတ်သက်ခြင်း မပြုတော့ဘဲ ယခင်က သူ့ကို သစ္စာရှိရှိ နောက်လိုက်ခဲ့ကြသည့် လက်အောက်ငယ်သားများကို အရာအားလုံး လွှဲအပ်ပေးခဲ့ခြင်း ဖြစ်၏။
ဒါကလည်း ပြန်လည် ပေးဆပ်ခြင်း တစ်ခုဟု ဆိုနိုင်ပေသည်။
သို့သော် ထိုက်ချန် ကျိကျွင်း ကမူ အနည်းငယ် စိုးရိမ်ပူပန်သွားခဲ့ရ၏။
"ဒါပေမဲ့ အရှင်သာ မရှိရင် ကျွန်တော်တို့ ဘယ်ကို ဦးတည်ရမှာလဲ"
"လူသားဧကရာဇ် နန်းတော်က အဓိက ခေါင်းဆောင်ကို ဆုံးရှုံးလို့ မဖြစ်ပါဘူး"
ကျွင်းချန်ချင်း၏ လေသံကမူ ယခင်အတိုင်း အေးစက်တည်ငြိမ်နေဆဲပင်။
"ငါ မရှိတဲ့ ဒီနှစ်ပေါင်း ရာချီအတွင်းမှာ မင်းတို့ အများကြီး ကောင်းအောင် လုပ်နိုင်ခဲ့ကြတာပဲ"
"ဒီအတိုင်း ဆက်လုပ်သွားရင် ရပြီ"
"လူသားဧကရာဇ် နန်းတော်နဲ့ ပတ်သက်ရင်တော့... အဲဒါက အတိတ်က အရာတစ်ခုပဲ"
"ကမ္ဘာသစ်မှာ... အမှတ်အသားသစ်တွေ ပေါ်ထွက်လာရမယ်"
ထိုက်ချန် ကျိကျွင်း က သွားကို တင်းတင်းကြိတ်လိုက်ရင်း "ဒါဆိုရင် ထန်ထျန်းကကော"
"ကျွန်တော်တို့ ဒီလူတွေက အဲဒီကောင်ကို တားဆီးနိုင်မှာ မဟုတ်ဘူးလေ"
ကျွင်းချန်ချင်း၏ ပုံရိပ်က ခေတ္တမျှ ရပ်တန့်သွားခဲ့၏။
ထို့နောက်တွင်မူ အလင်းရောင်များက မြေပြင်ပေါ်သို့ ပြန်လည် ကျရောက်လာခဲ့ပြီး ကျွင်းချန်ချင်း၏ ပုံရိပ်က ထိုက်ချန် ကျိကျွင်း ၏ ရှေ့မှောက်သို့ ပေါ်ထွက်လာခဲ့တော့သည်။
"သူ ပြန်လာဖို့ မဖြစ်နိုင်ဘူး"
ထိုက်ချန် ကျိကျွင်းက က ရိုသေစွာ ပြော ၏။ "ဒါပေမဲ့ သူ တကယ်ပဲ ပြန်ရောက်လာခဲ့ပါပြီ"
"လွန်ခဲ့တဲ့ နှစ်နှစ်ခွဲတုန်းကပေါ့"
"လွန်ခဲ့တဲ့ တစ်နှစ်တုန်းကလည်း သူက ကယ်တင်ခြင်း မဟာမိတ်အဖွဲ့ နဲ့ ရှေးဟောင်းမြင်မြတ်နယ်မြေ ကို ထပ်မံ ပေါင်းစည်းလိုက်ပြီး ရည်မှန်းချက်က ကျွန်တော်တို့ရဲ့ အလင်းကမ္ဘာကို တိုက်ရိုက် ချိန်ရွယ်ထားတာပါ"
"မဟာကောင်းကင်အရှင်... သူ ဒီတစ်ကြိမ် ပြန်လာတာက ပြင်ဆင်မှုတွေ အပြည့်နဲ့ လာတာ ဖြစ်ရပါမယ်"
ကျွင်းချန်ချင်းက ထိုက်ချန် ကျိကျွင်း ကို စိုက်ကြည့်လိုက်ရာ သူ့မျက်ဝန်းများက အဆုံးမရှိသော ချောက်နက်ကြီးတစ်ခုကဲ့သို့ နက်ရှိုင်းလှပေသည်။
သို့သော် သူက ထန်ထျန်း ပြန်လည် ရောက်ရှိလာခြင်းကြောင့် စိုးရိမ်ပူပန်သွားခြင်း မရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် ဖျော့တော့သော အပြုံးတစ်ခုကိုပင် ဖော်ပြလိုက်၏။
"စိတ်ဝင်စားဖို့ကောင်းသားပဲ"
"သူက တကယ်ကြီး ပြန်လာခဲ့တာကိုး"
"သူ အခု ဘယ်မှာလဲ"
ထိုက်ချန် ကျိကျွင်း က ပြန်လည် ဖြေကြားသည်။ "ထန်ထျန်းရဲ့ ခွန်အားက အတိုင်းအဆမရှိ နက်နဲလွန်းလို့ ကျွန်တော်တို့ သူ့ကို စောင့်ကြည့်လို့ မရပါဘူး"
"ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်အရတော့ ရှေးဟောင်းမြင့်မြတ်နယ်မြေ မှာ ရှိနေပါလိမ့်မယ်"
"တကယ်လို့ အရှင်က သူ့ကို တွေ့ချင်တယ်ဆိုရင် ကျွန်တော်တို့မှာ သူ့ကို အတင်းအကျပ် ထွက်လာအောင် လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်"
သို့သော် ကျွင်းချန်ချင်းကမူ ခေါင်းခါလိုက်၏။
"မလိုဘူး"
"သူ ရောက်နေပြီ"
ပြောပြီးနောက် သူက ကောင်းကင်ယံ၏ အခြားသော အရပ်မျက်နှာတစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။
နောက်ထပ် အခိုက်အတန့်တွင်မူ ပုံရိပ်တစ်ခုက ဟင်းလင်းပြင်အတွင်းမှ ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့ချေပြီ။
၎င်းကတော့ ထန်ထျန်း ပင် ဖြစ်၏။
ဤအချိန်တွင် ထန်ထျန်းက လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ယှက်တင်ထားရင်း လက်ထဲတွင် ကျောက်တုံးတစ်တုံးကို ကိုင်ထားကာ ယဇ်ပလ္လင်ပေါ်က လူအုပ်ကြီးကို ကြည့်ပြီး အေးအေးလူလူ ပြော လိုက်သည်။ "ထိုက်ချန်..."
"မင်းကတော့လေ... စိတ်ဓာတ်က အခုထိ ဒီလောက်အထိ ယုတ်ညံ့နေတုန်းပဲလား"
အတင်းအကျပ် ထွက်လာအောင် လုပ်မည်ဆိုသည့် အရာက ဘယ်လိုမှ ကောင်းမွန်သည့် ကိစ္စ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
ထန်ထျန်း ပေါ်လာပြီးနောက် ယဇ်ပလ္လင်ပေါ်က ကျိကျွင်း များမှာ ချက်ချင်းပင် ရန်သူကြီးနှင့် ရင်ဆိုင်လိုက်ရသလို တင်းမာသွားခဲ့ကြ၏။
မည်သူမျှ ရိပ်မိခြင်းမရှိဘဲ ယခုလို နေရာမျိုးသို့ ရောက်ရှိလာနိုင်ခြင်းကပင် ထန်ထျန်း၏ ကြောက်မက်ဖွယ်ကောင်းလှသော ခွန်အားကို သက်သေပြနေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ထန်ထျန်း၏ ယနေ့ ရည်မှန်းချက်က သူတို့ မဟုတ်သည်မှာ အလွန်ပင် ထင်ရှားလှပေသည်။
"မင်းလည်း နောက်ဆုံးတော့ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့ပြီပဲ"
ထန်ထျန်းက ကျွင်းချန်ချင်းကို ကြည့်ရင်း မေးလိုက်၏။ "ဘယ်လိုလဲ"
ကျွင်းချန်ချင်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ "မမြင်ခဲ့ရဘူး"
ထန်ထျန်းက ပုခုံးတွန့်လိုက်ရင်း "နှမြောစရာပဲ"
"သူမက မင်းကို သူမ တည်ရှိနေတာကို မသိစေချင်ပုံရတယ်"
ကျွင်းချန်ချင်းက တည်ငြိမ်စွာ ပြန် ဖြေ၏။ "ဒါမှမဟုတ်ရင်လည်း... မင်းတို့ မှားနေတာကော မဖြစ်နိုင်ဘူးလား"
"ဒါပေမဲ့ မင်း ပြန်လာတာကတော့ တကယ်ပဲ စိတ်ဝင်စားဖို့ကောင်းပါတယ်"
ဤစကားဝိုင်းကို ဘေးကလူများ လုံးဝ နားမလည်နိုင်ကြချေ။
သို့သော် ထန်ထျန်းနှင့် ကျွင်းချန်ချင်း လူနှစ်ယောက်ကမူ သူတို့ ဘာကို ဆိုလိုနေသည်ကို အပြန်အလှန် သိရှိနေကြသည်။
"တိတ်ဆိတ်တဲ့ နေရာတစ်ခုခု သွားပြီး စကားပြောရအောင်"
ထန်ထျန်းက ပြောလိုက်သည်။
ကျွင်းချန်ချင်းက ငြင်းဆန်ခြင်း မပြုခဲ့ချေ။
"အဲဒီနေရာကို သွားပြီး ပြောကြတာပေါ့"
"အဲဒီနေရာက ပိုပြီး သင့်တော်ပါတယ်"
ပြောပြီးသည်နှင့် သူက ထပ်မံ နေထိုင်ခြင်း မပြုတော့ဘဲ ဟင်းလင်းပြင်အတွင်းသို့ တိုက်ရိုက် ပျောက်ကွယ်သွားခဲ့တော့၏။
ထန်ထျန်းက ခေါင်းခါလိုက်မိသည်၊ ဤကောင်က အခုဆိုရင် တကယ်ကို ပိုပြီး ဟန်ဆောင်မှု ကြီးလာခဲ့ချေပြီ။
သို့သော် ကျွင်းချန်ချင်း ပြောသည့် နေရာက ဘယ်နေရာလဲဆိုသည်ကို သူ သိရှိပေသည်။
တကယ်လည်း ထိုနေရာတစ်ခုတည်းသာ ဤကိစ္စများကို ပြောဆိုရန်အတွက် အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။
ကျွင်းချန်ချင်း၏ ပုံရိပ် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ ထိုက်ချန် ကျိကျွင်း နှင့် အခြားသူများမှာ ပိုမို၍ စိုးရိမ်ထိတ်လန့်သွားကြရ၏။
ကျွင်းချန်ချင်းသာ မရှိလျှင် သူတို့က ထန်ထျန်း၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
နှစ်ဦးနှစ်ဖက် ခေတ္တမျှ တင်းမာစွာ ကြည့်နေကြပြီးနောက် ထန်ထျန်းက ရုတ်တရက် ပြောလိုက်သည်။ "ငါ ချန်တာအို ဆီက ကြားတယ်၊ ဒီနှစ်ပေါင်း ရာချီအတွင်းမှာ မင်း လုပ်ဆောင်ခဲ့တာ တော်တော်လေး ကောင်းမွန်တယ်ဆို"
"စည်းကမ်းချက်တွေအတိုင်း တိတိကျကျ လုပ်ဆောင်ခဲ့ပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ လာရောက် တားဆီးတာမျိုး မလုပ်ခဲ့ဘူး"
"စောနတုန်းကလည်း ငါ မင်းတို့ရဲ့ နန်းတော် ကို တွေ့ခဲ့သလို မင်းတို့ထဲက တစ်ယောက်ဖြစ်တဲ့ ချန်ယုံရှင်း ဆိုတဲ့လူနဲ့လည်း ဆုံခဲ့သေးတယ်"
"တကယ်ပဲ အားလုံး ကောင်းမွန်ကြပါတယ်"
ထိုက်ချန် ကျိကျွင်း က မျက်မှောင်ကြုတ်လိုက်ရင်း ပြော ၏။ "ဘယ်လိုပဲဖြစ်ဖြစ် ငါ တို့လည်း ဒီကမ္ဘာ ထဲကနေ မွေးဖွားလာခဲ့ကြတဲ့သူတွေပဲလေ"
"ငါ တို့ရဲ့ မူလ ရည်ရွယ်ချက်ကလည်း ဒီကမ္ဘာကြီးအတွက် ဖြစ်နိုင်ခြေတွေ ပိုပြီး ချန်ထားရစ်ပေးဖို့ပါပဲ"
"အလင်းကမ္ဘာနဲ့ ကယ်တင်ခြင်း မဟာမိတ်အဖွဲ့၊ ပြီးတော့ မင်းရဲ့ ရှေးဟောင်းမြင့်မြတ်နယ်မြေ တွေက သုံးတဲ့ နည်းလမ်းတွေ မတူညီကြပေမယ့် မူလ ရည်ရွယ်ချက်ကတော့ အခြေခံအားဖြင့် တူတူပါပဲ"
"ဒါကြောင့် တားဆီးနေဖို့ မလိုပါဘူး"
ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ"
"အားလုံး ကောင်းကြပါတယ်"
"မင်းတို့က ငါ့ကို ဒီကမ္ဘာကြီးအပေါ် ခံစားချက်တွေ ပိုပြီး တိုးပွားလာအောင် လုပ်ပေးခဲ့ကြတယ်"
"နောက်တစ်ကြိမ်မှ ပြန်ဆုံကြတာပေါ့၊ မျှော်လင့်ပါတယ်... အခွင့်အရေး ရှိရင်ပေါ့"
ပြောပြီးနောက် ထန်ထျန်း၏ ပုံရိပ်ကလည်း ဟင်းလင်းပြင်အတွင်းသို့ ပျောက်ကွယ်သွားခဲ့တော့၏။
ယဇ်ပလ္လင်ပေါ်တွင် ထိုက်ချန် ကျိကျွင်း နှင့် လူအုပ်ကြီးသာ ကျန်ရစ်ခဲ့ပြီး မျက်မှောင်ကြုတ်ကာ ထန်ထျန်း ပြောသွားသည့် စကားများနှင့် ကျွင်းချန်ချင်း တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီးနောက် ပြသခဲ့သည့် အမူအရာများကို အသည်းအသန် စဉ်းစားတွေးတောနေခဲ့ကြရသည်။
သို့သော် နှမြောစရာကောင်းသည်က သူတို့ မည်မျှပင် စဉ်းစားတွေးတောပါစေ တိကျသော အဖြေတစ်ခုကိုမူ ရရှိနိုင်လိမ့်မည် မဟုတ်ချေ။
ဘာကြောင့်လဲဆိုတော့ ဤပုဂ္ဂိုလ်ကြီး နှစ်ယောက်စလုံးက ကမ္ဘာကြီး၏ ဘောင်အတွင်းတွင် မရှိတော့သောကြောင့် ဖြစ်ပေသည်။