အခန်း ၉၃၃
Vol. 89 Ch. 933
အခန်း (၉၃၃) ရိုးရှင်းသော ပျော်ရွှင်မှု
အချိန်မြစ်...
ကျွင်းချန်ချင်းက တည်နေရာကို ပြောမသွားဘဲ တိုက်ရိုက် ထွက်သွားခဲ့သည်။
သို့သော်လည်း ထန်ထျန်းက ဤနေရာကို ရှာဖွေကာ ရောက်ရှိလာခဲ့၏။
သူတို့နှစ်ဦး ဆွေးနွေးရမည့်အကြောင်းအရာက ငါးမွေးသူ နှင့် ပတ်သက်သည့် အကြောင်းအရာ ဖြစ်ပေသည်။
ဤအကြောင်းအရာကို ဆွေးနွေးရန် ဘယ်နေရာက အသင့်တော်ဆုံး ဖြစ်မလဲ။
တကယ်လို့ နေရာတစ်ခုကို မဖြစ်မနေ ရွေးချယ်ရမည်ဆိုပါက အချိန်မြစ်၏ မူလအစ၊ ကမ္ဘာ့အရှင် ကိုယ်တိုင် ဖန်တီးထားခဲ့သည့် စစ်တုရင် နားနေဆောင် သာ ရှိပေလိမ့်မည်။
မှန်ပေသည်၊ ထန်ထျန်း စစ်တုရင် နားနေဆောင် သို့ ရောက်ရှိလာသည့် အခါတွင် ကျွင်းချန်ချင်းက ထိုအထဲတွင် ထိုင်နေခဲ့ချေပြီ။
"မင်း လာတာ တော်တော် နှေးတာပဲ"
ကျွင်းချန်ချင်းက သူ့မျက်နှာချင်းဆိုင်က ထိုင်ခုံကို ညွှန်ပြလိုက်၏။
ထန်ထျန်းက စစ်တုရင် နားနေဆောင် ထဲသို့ ဝင်ရောက်လာပြီး သူ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
ယခုအချိန်တွင် ကျွင်းချန်ချင်းက ကမ္ဘာ့အရှင် အဖြူရောင်စစ်တုရင် ကျားစေ့ ကို ကိုင်ခဲ့သည့် နေရာတွင် ထိုင်နေပြီး ထန်ထျန်းကမူ အမည်းရောင်စစ်တုရင် ကျားစေ့ ၏ နေရာတွင် ထိုင်နေခဲ့၏။
"မင်းရဲ့ လက်အောက်ငယ်သားတွေနဲ့ စကားနည်းနည်း ပြောနေလို့ပါ"
"စောနက အချိန်မြစ်ကို ဖြတ်သန်းလာတဲ့ အချိန်မှာလည်း အရင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အချို့ ကိစ္စတွေကို ပြန်ကြည့်နေမိသေးတယ်"
"အဲဒါကြောင့် အချိန်နည်းနည်း ကြာသွားတာ"
ထန်ထျန်းက ပြောလိုက်သည်။
ကျွင်းချန်ချင်း၏ အမူအရာက အေးစက်တည်ငြိမ်လွန်းလှ၏။
"သူတို့နဲ့ စကားပြောစရာ ဘာရှိလို့လဲ"
"ငါတို့က တစ်ကမ္ဘာတည်းက လူတွေမှ မဟုတ်တာ"
ထန်ထျန်းက မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း ပြုံး ကာ ပြောသည်။ "မင်းကတော့လေ ပိုပြီးတော့ကို မာနကြီးလာတာပဲလို့ ငါ သတိထားမိတယ်"
"နှစ်ပေါင်း ရာချီ တံခါးပိတ်ကျင့်ကြံပြီးတော့ ယုံကြည်မှုတွေ ပိုပြီး ရှိလာတာပဲ"
ကျွင်းချန်ချင်းက ထန်ထျန်းကို စိုက်ကြည့်ရင်း ပြော၏။ "အတိအကျ ပြောရရင် ငါနဲ့ မင်းလည်း တစ်ကမ္ဘာတည်းက လူတွေ မဟုတ်တော့ဘူး"
"ငါ မင်းကို ဒီနေရာမှာ ထိုင်ခွင့်ပေးတာက မင်း ဖန်ဆင်းခြင်း ကောင်းကင်တိုင် ကနေ ဘယ်လိုပုံစံနဲ့ ပြန်ရောက်လာလဲဆိုတာကိုပဲ စိတ်ဝင်စားလို့"
ထန်ထျန်း တစ်ချက် ဆွံ့အသွားရသည်၊ ဤကောင်ကတော့ တကယ်ပဲ နည်းနည်းလေးမှ အားနာတတ်ခြင်း မရှိချေ။
"ပြောစမ်းပါဦး... မင်း ဘယ်လို ပြန်လာခဲ့တာလဲ"
"အဲဒီတုန်းက မင်းက ကျင့်ကြံခြင်း ခွန်အားအားလုံး ဆုံးရှုံးသွားခဲ့တာ၊ ကျိုးကြောင်းဆီလျော်မှုအရ ဆိုရင် မဟာကမ္ဘာကြီးဆီကို ပြန်လာဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ကျွင်းချန်ချင်းက မေး၏။
ထန်ထျန်းက ပြုံးလိုက်ရင်း ထိုစကားကိုပင် ထပ်မံ ပြောလိုက်ပြန်သည်။
"ဒီကမ္ဘာကြီးမှာ မဖြစ်နိုင်ဘူးဆိုတဲ့ အရာမျိုး ဘာမှ မရှိဘူး"
"ငါ ပြန်လာရတဲ့ အကြောင်းရင်းကိုလည်း မင်း သိပြီးသားပဲ"
"အဲ့ တည်ရှိမှုကြီးက ငါ့ကို ပြန်ခေါ်လာခဲ့တာလေ"
ကျွင်းချန်ချင်းက တိုက်ရိုက်ပင် ခေါင်းခါလိုက်၏။
"ငါ မယုံဘူး"
"ဘာလို့ဆို ငါ သူမကို မမြင်ခဲ့ရလို့ပဲ"
ထန်ထျန်းက ပြန်ပြောသည်။ "အဲဒါက သူမက မင်းကို အမြင်မခံချင်လို့ နေမှာပေါ့"
ကျွင်းချန်ချင်းက အသံကို နှိမ့်ကာ အေးအေးလူလူ ပြော၏။ "အခု ငါက အဲ့အချိန်တုန်းက ထာဝရဧကရာဇ် ထက်တောင် ထာဝရ နဲ့ ပိုပြီး နီးစပ်နေပြီ"
"နောက်ဆုံး ခြေတစ်လှမ်းပဲ လိုတော့တယ်၊ ကမ္ဘာ့အရှင်ရဲ့ အမြင့်ဆုံး အဆင့်ကို ရောက်တော့မှာ"
"ထာဝရဧကရာဇ်တောင် သူမကို မြင်နိုင်ခဲ့တယ်၊ ထာဝရဧကရာဇ်ကို မမှီတဲ့ တခြားလူတွေတောင် သူမကို မြင်နိုင်ခဲ့ကြသေးတယ်၊ ဒါပေမဲ့ ငါကတော့ မမြင်ရဘူး"
"ငါ့မျက်လုံးထဲမှာတော့ ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတယ်"
"အဲဒါက သူတို့အားလုံး မှားနေကြတာပဲ"
"မင်းတို့ ပြောနေတဲ့ အဲ့ တည်ရှိမှုကြီးဆိုတာ တကယ်တမ်း မရှိပါဘူး"
ထန်ထျန်းက ခေါင်းခါရင်း ရယ်မောလိုက်သည်။ "ဒါဆိုရင် ကမ္ဘာ့အရှင်ကကော မှားနေတာလား"
"သူ ဒီနေရာမှာ နှစ်ပေါင်း တစ်သောင်းလုံးလုံး စစ်တုရင် ကစားခဲ့တာက သူ့ဘာသာသူ စိတ်ကူးယဉ်နေခဲ့တာပေါ့ ဟုတ်လား"
ကျွင်းချန်ချင်းက ခေတ္တမျှ ရပ်တန့်သွားပြီးမှ ပြော၏။ "ငါက ငါ့မျက်စိနဲ့ မြင်ရတဲ့ အမှန်တရားကိုပဲ ယုံကြည်တယ်"
"တကယ်လို့ ငါ ထာဝရအဆင့်ကို ရောက်ရှိသွားပြီးတဲ့ နောက်မှာတောင် ထိုသူကို မမြင်ရသေးဘူးဆိုရင်..."
"အဲဒါက ကမ္ဘာ့အရှင်လည်း မှားခဲ့တယ်ဆိုတာကို သက်သေပြတာပဲ"
ထန်ထျန်းက သက်ပြင်းချရင်း မချိပြုံး ပြုံးလိုက်မိသည်။
သူ့ကိုယ်သူ အလွန်အမင်း ယုံကြည်မှုလွန်ကဲနေသည့် ဤကဲ့သို့သော လူမျိုးနှင့် စကားပြောရသည့် ရလဒ်က ဤသို့ပင် ဖြစ်ပေလိမ့်မည်။
သူက သူ့ကိုယ်သူသာ ယုံကြည်သည်။
သူ မမြင်ရသရွေ့ မရှိဘူးဟုသာ သတ်မှတ်၏။
"တကယ်တော့... ငါ ဒီနေ့ လာတာက မင်းကို သတ်ဖို့ပဲ"
ထန်ထျန်းက တိုက်ရိုက်ပင် ပြောလိုက်သည်။
သို့သော်လည်း သူက စကားလမ်းကြောင်းကို ချက်ချင်း လွှဲလိုက်ရင်း ပြော၏။ "ဒါပေမဲ့ ငါ စိတ်ပြောင်းသွားပြီ"
"မင်း ထာဝရအဆင့်ကို ရောက်သွားပြီးတဲ့နောက်မှာ သူမက မင်းရဲ့ ရှေ့မှောက်မှာ ပေါ်လာမလားဆိုတာကို ငါလည်း ကြည့်ချင်သေးတယ်"
"ပြီးတော့ အဲဒီအချိန်ကျရင် မင်း ဘယ်လို တုံ့ပြန်မလဲဆိုတာကိုလည်း မြင်ချင်သေးတယ်"
ကျွင်းချန်ချင်းက မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။
"ဒါပေမဲ့ မင်း ငါ့ကို မသတ်နိုင်ပါဘူး"
ထန်ထျန်းက ပြုံးလိုက်သည်။
"တကယ် သတ်နိုင်တယ်"
"မင်း ထာဝရအဆင့်ကို တက်လှမ်းသွားရင်တောင် ငါ သတ်နိုင်တယ်"
"ပြီးတော့ အရမ်းလည်း လွယ်ကူတယ်"
ကျွင်းချန်ချင်း၏ မျက်မှောင်က ပိုမို တွန့်ချိုးသွားခဲ့ရ၏။
ဘာကြောင့်လဲဆိုတော့ ထန်ထျန်းက ဤကဲ့သို့သော ကိစ္စမျိုးကို နောက်ပြောင်ပြီး ပြောမည့်လူ မဟုတ်ကြောင်း သူ သိနေ၍ ဖြစ်ပေသည်။
"တကယ်လို့ မင်းက ငါ့ကို တကယ် သတ်နိုင်တယ်ဆိုရင်တော့ မင်းတို့ ပြောနေတဲ့ အဲ့ တည်ရှိမှုကြီး ရှိတယ်ဆိုတာကို ငါ ယုံကြည်လိုက်မယ်"
"ဘာလို့ဆို ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စ တစ်ခုမလို့ပဲ"
"မင်း အခုပဲ စမ်းကြည့်လို့ရတယ်"
ကျွင်းချန်ချင်းက ပြောလိုက်၏။
ထန်ထျန်းက ပြန်လည် ဖြေကြားခြင်း မပြုဘဲ တိုက်ရိုက် မတ်တတ်ရပ်လိုက်သည်။
စစ်တုရင် နားနေဆောင် ၏ အမည်းရောင်ဘက်ခြမ်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။
မမျှော်လင့်ဘဲ သူ့ပုံရိပ်ကို သဲသဲကွဲကွဲပင် မမြင်တွေ့နိုင်တော့ချေ။
"မလောပါနဲ့၊ မင်း ထာဝရအဆင့်ကို ရောက်ပြီးမှ ပြောကြတာပေါ့"
"အဲဒီအချိန်ကျရင် ငါ လာခဲ့မယ်"
ထန်ထျန်းက ပြောလိုက်၏။
ကျွင်းချန်ချင်းက အမှောင်ရိပ်ထဲတွင် မတ်တတ်ရပ်နေသည့် ထန်ထျန်းကို ကြည့်ရင်း သူ့နှလုံးသားထဲတွင် သူ တစ်ခါမှ မခံစားဖူးသည့် ခံစားချက်တစ်ခု အံ့ဩဖွယ်ရာ ပေါ်ပေါက်လာခဲ့သည်။
ထိုခံစားချက်ကတော့ တုန်လှုပ်ချောက်ချားခြင်း ပင် ဖြစ်၏။
ဤတုန်လှုပ်ချောက်ချားခြင်းက မည်သည့် အကြောင်းရင်းမျှ မရှိဘဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်၊ ဘာကြောင့်လဲဆိုတော့ ထန်ထျန်း သူ့ကို သတ်နိုင်လိမ့်မည်ဟု သူ လုံးဝ မယုံကြည်သောကြောင့်ပင်။
ယခုအချိန်တွင် သူ့ကို ၎င်း၏ အထွတ်အထိပ် ကာလက ကမ္ဘာ့အရှင်ကိုယ်တိုင် ရောက်လာလျှင်ပင် သတ်နိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း သူက တကယ်ပဲ တုန်လှုပ်ချောက်ချားသွားခဲ့ရသည်။
သူ့ရှေ့တွင် မတ်တတ်ရပ်နေသူက ထန်ထျန်း မဟုတ်ဘဲ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည့် အမည်မသိ တည်ရှိမှုကြီး တစ်ခုကဲ့သို့ပင်။
"ရပြီ... မင်း မင်းဘာသာမင်း အေးဆေး လုပ်ပါ"
"နှစ်ပေါင်း နှစ်ရာကျော်ဆိုတာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားမှာပါ"
ပြောပြီးနောက် ထန်ထျန်းက လှည့်ထွက်ကာ စစ်တုရင် နားနေဆောင် အပြင်ဘက်သို့ လျှောက်လှမ်းသွားတော့သည်။
"ငါ နောက်ပိုင်းကျရင် ထာဝရအဆင့်ဆီကို နောက်ဆုံး ခြေလှမ်းကို တရားဝင် လှမ်းတော့မှာ"
"ကမ္ဘာကြီးက မကြာခင်မှာ လုံးဝ ပြိုလဲပျက်စီးသွားလိမ့်မယ်"
"သက်ရှိ အားလုံးကလည်း လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်"
ကျွင်းချန်ချင်း၏ အသံက ထန်ထျန်း၏ အနောက်ဘက်မှ ထွက်ပေါ်လာခဲ့၏။
သို့သော်လည်း ထန်ထျန်းက လှည့်မကြည့်ခဲ့ချေ။
"ကိစ္စမရှိဘူး"
"မင်း လုပ်စရာရှိတာ ဆက်လုပ်ပါ"
ကျွင်းချန်ချင်းက မျက်မှောင်ကြုတ်လိုက်ရင်း ထပ်မံ ပြောပြန်သည်။ "ငါ ကယ်တင်ခြင်း မဟာမိတ်အဖွဲ့ကို နှောင့်ယှက်မှာ မဟုတ်ဘူး"
"မင်းရဲ့ ကမ္ဘာကိုလည်း သွားပြီး ရန်ရှာမှာ မဟုတ်ဘူး"
"မင်းတို့ မင်းတို့ဘာသာ လုပ်စရာရှိတာ ဆက်လုပ်လို့ရတယ်"
ထန်ထျန်းက လက်ကို ခပ်ဖွဖွ ဝှေ့ယမ်းပြလိုက်၏။
"ရတယ်"
"မင်း အားလုံး အဆင်ပြေချောမွေ့ပါစေလို့ မျှော်လင့်ပါတယ်"
ထို့နောက်တွင်မူ သူတို့နှစ်ဦးကြား မည်သည့် စကားမျှ ထပ်မံ မပြောဖြစ်ကြတော့ချေ။
ထန်ထျန်းကလည်း ဘယ်တော့မှ နောက်သို့ လှည့်မကြည့်ခဲ့တော့ပေ။
ကျွင်းချန်ချင်းက ထန်ထျန်း၏ နောက်ကျောပုံရိပ်ကို အချိန်မြစ်အတွင်း လုံးဝ ပျောက်ကွယ်သွားသည့်တိုင်အောင် စိုက်ကြည့်နေခဲ့တော့သည်။
....
ဂျင်ဂိုကမ္ဘာ...
"ကျွန်မက ရှင် ဒီတစ်ခေါက်လည်း ကျွန်မကို အကြာကြီး စောင့်ခိုင်းဦးမလို့ ထင်နေတာ"
ထန်ထျန်း ပြန်ရောက်လာသည်ကို မြင်သောအခါ ကုရှောင်းရွှယ်က အနည်းငယ် အံ့အားသင့်စွာ ပြောလိုက်၏။
ထန်ထျန်းက ပြုံးလိုက်ရင်း သူမ၏ ဘေးတွင် ပြန်လည် ဝင်ထိုင်လိုက်သည်။
"ငါ ပြောပြီးသားပဲလေ၊ နောက်ဆုံး ဒီအချိန်ကာလကို ငါ မင်းနဲ့အတူ ဖြတ်သန်းမယ်လို့"
"အမြဲတမ်း အတူတူ ရှိနေမှာပါ"
ပြောပြီးသည်နှင့် သူက ကျွမ်းကျင်စွာပင် အပ်ချည်ကြိုး ထိုးရန် ပြင်ဆင်လိုက်တော့၏။
သို့သော် ကုရှောင်းရွှယ်၏ လက်က ရပ်တန့်သွားပြီး ထန်ထျန်းကို ကြည့်ကာ ပြောသည်။ "နှစ်ပေါင်း နှစ်ရာကျော်ကြီးများတောင်လား"
"ကျွန်မက အပြင်ကို ထွက်လို့ မရဘူးလေ၊ ဒီထဲမှာပဲ ပန်းထိုးနေရမှာ"
"ရှင် ပျင်းမသွားဘူးလား"
ထန်ထျန်းက ခေါင်းကို လှည့်ကာ ကုရှောင်းရွှယ်၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်၏။
"မင်းလည်း ထပ်ပြီး မပြောတော့နဲ့ "
သူက ကုရှောင်းရွှယ် အရင်တုန်းက သူ့ကို ပြောခဲ့သည့် စကားကိုပင် သူမထံ ပြန်လည် ပေးဆပ်လိုက်ခြင်း ဖြစ်သည်။
လူနှစ်ယောက် ခေတ္တမျှ စိုက်ကြည့်နေကြပြီးနောက် ကုရှောင်းရွှယ်က ရုတ်တရက် "ဖူးခနဲ" ရယ်မောလိုက်တော့၏။
"ကျွန်မ ရုတ်တရက်ကြီး ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး ပျော်ရွှင်နေသလို ခံစားရတယ်"
ထန်ထျန်းက မဲ့ပြလိုက်ရင်း "အဲဒါက မင်းရဲ့ ပျော်ရွှင်မှုအပေါ် သတ်မှတ်ချက်က ရိုးရှင်းလွန်းလို့ပါ"
"ကမ္ဘာကြီးရဲ့ ထိပ်ဆုံးမှာ မတ်တတ်ရပ်နေပြီ ဆိုရင်တောင်မှ အနှစ်သာရပိုင်းမှာတော့ အူကြောင်ကြောင် တောရွာက မိန်းကလေး ဖြစ်နေတုန်းပဲ"
"တကယ့် တောသူမလေး"
ကုရှောင်းရွှယ်၏ မျက်နှာထက်က အပြုံးများကမူ လုံးဝ ပျောက်ကွယ်မသွားခဲ့ချေ။
"ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာ မူလကတည်းက သိပ်ကို ရိုးရှင်းတာပဲလေ"
"ဒါမှမဟုတ် ပြောရရင်..."
"ရိုးရှင်းလေလေ၊ ပျော်ရွှင်ဖို့ ပိုပြီး လွယ်ကူလေလေပေါ့"
ထန်ထျန်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ရင်း ထိုးပြီးသား အပ်ချည်ကြိုးကို ယူလိုက်၏။
"ဘယ်နေရာအထိ ရောက်သွားပြီလဲ"
"ငါ မင်းနဲ့အတူ တူတူထိုးမယ်လေ"
ကုရှောင်းရွှယ်က "ရှင် တတ်လို့လား"
"ကျွန်မအတွက် ရှုပ်ပွအောင် လာမလုပ်နဲ့နော်၊ ဒါက ကျွန်မရဲ့ အဖိုးတန်ဆုံး အရာလေးမလို့"
"ဟင်... ငါ ထန်ထျန်းက ဘယ်သူမလို့လဲ၊ ဒီကမ္ဘာပေါ်မှာ ငါ မလုပ်တတ်တဲ့ အရာဆိုတာ ရှိလို့လား"
"ကောင်းပါပြီ၊ ဒါဆိုရင် ရှင် အရင်ဆုံး ဟိုဘက်က မြက်ပင် တွေကို အရင်ထိုးလိုက်"
"ရတယ်၊ အစစ်အမှန် စွမ်းရည် ကို ပြရမယ့် အချိန် ရောက်ပြီ"
ခေတ္တမျှ ကြာပြီးနောက်...
"အစ်ကို... ကျွန်မ ရှင့်ကို မြက်ပင်တွေ ထိုးခိုင်းတာလေ၊ ရှင်က ဘာလို့ ဂျုံခင်းကြီး ထိုးပစ်လိုက်ရတာလဲ"
"အဲ... အတူတူပါပဲ၊ ဒီအတိုင်းပဲ ထားလိုက်ပါတော့"
"မရဘူး၊ ပြန်ဖြုတ်ပြီး အသစ် ပြန်ထိုး"
"ဒီလောက်အထိ အတည်ပေါက် လုပ်ဖို့ လိုလို့လား"
"လိုတာပေါ့၊ သေချာပေါက် လိုတယ်"
"ဟဲဟဲ... တကယ်လို့ ငါက မဖြုတ်ဘူးဆိုရင်ကော"
"မြန်မြန် ဖြုတ်၊ မဟုတ်ရင်... ကျွန်မ အပ်နဲ့ ဆွဲထိုးပစ်မှာ"
"ကောင်းပါပြီဗျာ..."