အခန်း ၉၃၆
Vol. 89 Ch. 936
အခန်း (၉၃၆) တာအိုနှလုံးသား ပြိုလဲပျက်စီးခြင်း
ဒါကတော့ ဖရိုဖရဲစကြာဝဠာကြီး စတင်တည်ရှိလာကတည်းက ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်သည့် တိုက်ပွဲတစ်ခု၏ ရိုက်ခတ်မှုပင် ဖြစ်ပေသည်။
စကြာဝဠာအတွင်း တည်ရှိနေကြသော မည်သည့်သက်ရှိမဆို ဤကြောက်မက်ဖွယ်ရာ လှိုင်းလုံးကြီးကို အာရုံခံမိလိုက်ကြ၏။
အလင်းကမ္ဘာ၊ ကယ်တင်ခြင်းမဟာမိတ်အဖွဲ့၊ ရှေးဟောင်းမြင့်မြတ်နယ်မြေနှင့် ဂျင်ဂိုကမ္ဘာတို့သည်လည်း ပြင်းထန်လှသော ရိုက်ခတ်မှုကို ခံလိုက်ကြရသည်။
လူများက ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အမူအရာများဖြင့် အတိုင်းအဆမရှိ ဝေးကွာလှသော အရပ်ဆီသို့ မော့ကြည့်လိုက်ကြတော့၏။
"ဒါက ထန်ထျန်းရဲ့ အော်ရာပဲ..."
"ကျွင်းချန်ချင်း ထာဝရအဆင့်ကို မရောက်ခင်တုန်းက မလှုပ်ရှား ဘဲ... ဘာလို့ အခုမှ တိုက်ခိုက်ဖို့ ရွေးချယ်လိုက်ရတာလဲ"
"ဒါက တကယ်ပဲ ဘာဖြစ်တာလဲ"
လူများက ရေရွတ်နေကြသည်။
"ထန်ထျန်း..."
"သူ သေကြောင်းကြံနေတာလား..."
အဘယ်ကြောင့် ယခုကဲ့သို့ ကိစ္စမျိုး ဖြစ်ပွားရသည်ကို မည်သူမျှ နားမလည်နိုင်ကြချေ။
လက်ရှိအချိန်တွင် ထာဝရအဆင့်သို့ ရောက်ရှိနေသည့် ကျွင်းချန်ချင်းကို ယှဉ်ပြိုင်နိုင်မည့်သူ ရှိလိမ့်မည်ဟုလည်း သူတို့ မယုံကြည်ကြပေ။
သို့သော်လည်း လူများ ထိတ်လန့်တုန်လှုပ်နေကြစဉ်မှာပင် ထိုကြောက်မက်ဖွယ်ကောင်းလှသော တိုက်ပွဲရိုက်ခတ်မှုကြီးက တစ်ကြိမ်သာ ဖြစ်ပွားခဲ့ပြီး နောက်ထပ် မည်သည့်လှိုင်းလုံးမျှ ထပ်မံ ထွက်ပေါ်မလာခဲ့တော့ချေ။
.......
ဖရိုဖရဲစကြာဝဠာကြီးအတွင်း...
ကျွင်းချန်ချင်း၏ တစ်ကိုယ်လုံးက အလင်းတန်းများ ဖြာထွက်နေခဲ့ရာ ထိုအလင်းရောင်က ယခင်က နေမင်း ထက်ပင် အဆပေါင်း ထရီလီယံ မက ပိုမိုအားကောင်းလှသဖြင့် သာမန်သက်ရှိများအနေဖြင့် စိုက်ကြည့်ရန်ပင် မစွမ်းသာချေ။
သူ့ရဲ့ ပတ်ပတ်လည်တွင်မူ အဆုံးစွန်သော ပျက်စီးခြင်း အော်ရာ များ ပြည့်နှက်နေပြီး အရာမှန်သမျှ ဤနယ်မြေ ထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် ပြာအတိဖြစ်သွားကာ အမှုန်အမွှားမျှပင် ကျန်ရှိလိမ့်မည် မဟုတ်ပေ။
ဒါကတော့ ထာဝရအဆင့် ပင် ဖြစ်သည်။
သူက လုံးဝကို အခြား လောက တစ်ခုပေါ်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်ရာ ကျိကျွင်းနှင့် လူသားတစ်ယောက်၏ ကွာခြားချက်နှင့် အလားတူလှပေသည်။
သူနှင့် အဆင့်တူ ထာဝရအဆင့် တည်ရှိမှုမျိုး မဟုတ်လျှင် သူ့ရှေ့တွင် မတ်တတ်ရပ်ရန်ပင် မထိုက်တန်ချေ။
သို့သော်လည်း ယခုအချိန်တွင် ထန်ထျန်းကတော့ ကျွင်းချန်ချင်းနှင့် မလှမ်းမကမ်းသော နေရာတွင် ငြိမ်သက်စွာ မတ်တတ်ရပ်နေခဲ့ပြီး မည်သည့်သက်ရောက်မှုမျှ ရှိမနေခဲ့ချေ။
သူ့ရဲ့ လက်ထဲတွင်မူ သာမန် ကျောက်တုံး တစ်တုံး ကို ကိုင်ထား၏။
ဒါပေမဲ့ ထိုသာမန်ကျောက်တုံးကပင် ကျွင်းချန်ချင်း၏ ပတ်ပတ်လည်က ပျက်စီး ခြင်းအော်ရာများကို ကာဆီးထားနိုင်ခဲ့သလို ကျွင်းချန်ချင်း၏ ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်း လှသော ကြောက်မက်ဖွယ် တိုက်ခိုက်မှုကြီးကိုလည်း တားဆီးပေးခဲ့ခြင်း ဖြစ်သည်။
ထိုသာမန်ပြာလဲ့လဲ့ကျောက်တုံးကို ကြည့်ရင်း ကျွင်းချန်ချင်း၏ မျက်ဝန်းများက မှင်တက်သွားခဲ့ရ၏။
"ဘယ်လိုလုပ်ပြီး..."
"ဘယ်လိုလုပ်ပြီး..."
သူက ဤစကားကို ထပ်ခါတလဲလဲ ရေရွတ်နေခဲ့သည်၊ အပြင်ပန်းတွင် အေးစက်တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူ့ရဲ့ နှလုံးသားအနက်ရှိုင်းဆုံးထဲတွင်မူ လှိုင်းတံပိုးများ ထန်နေခဲ့ချေပြီ။
သူက ထာဝရအဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။
သူက အရာအားလုံးကို မြင်တွေ့ခဲ့ရပြီးပြီဖြစ်ရာ သူ နားမလည်နိုင်သည့်အရာဟူ၍ မရှိတော့ချေ။
ကမ္ဘာ့အရှင်နှင့် ထန်ထျန်းတို့ကို သဲသဲကွဲကွဲ မမြင်ရသော်လည်း သူ ဘာမှမဖြစ်ခဲ့ပေ။
ဘာကြောင့်လဲဆိုတော့ ဤလူနှစ်ယောက်စလုံးက ထာဝရအဆင့်နှင့် အနီးကပ် ထိတွေ့ဖူးခဲ့ကြသောကြောင့် ဖြစ်သည်။
သို့သော်လည်း ဤကျောက်တုံးကတော့ သူ့ကို အဆုံးစွန်သော ထိတ်လန့်ချောက်ချားမှုကြီးထဲသို့ တိုက်ရိုက် နစ်မြုပ်သွားစေခဲ့၏။
ဒါက နားလည်နိုင်ခြင်း၊ မလည်နိုင်ခြင်း ပြဿနာ မဟုတ်တော့ချေ။
၎င်းကတော့ လုံးဝကို မဖြစ်နိုင်သောအရာ ဖြစ်နေခြင်း ဖြစ်သည်။
ထန်ထျန်းက ၎င်းကို အသုံးပြုပြီး သူ့ရဲ့ တိုက်ခိုက်မှုကို ခုခံခဲ့ခြင်းက သူ တစ်သက်လုံး တည်ဆောက်ခဲ့သည့် ကျင့်ကြံခြင်းအဆောက်အအုံ ကြီးကို ပြင်းထန်စွာ ထုရိုက်ဖျက်ဆီးလိုက်ခြင်းနှင့် အလားတူလှပေသည်။
သူ့ကိုယ်သူ သံသယဝင်လာသည့် ကျွင်းချန်ချင်းကို ကြည့်ရင်း ထန်ထျန်းက ဖြည်းညှင်းစွာ စကားဆိုလိုက်၏။
"ဟုတ်တယ်..."
"ဒါက သူမပဲ"
"အခုတော့... မင်း မြင်ပြီမလား"
ကျွင်းချန်ချင်း၏ မျက်ဝန်းများက မှင်တက်နေခဲ့ပြီး ခန္ဓာကိုယ်ကလည်း အနည်းငယ် တုန်ယင်နေခဲ့ချေပြီ။
"မဖြစ်နိုင်ဘူး..."
"ဒါက သေချာပေါက် အခြားအကြောင်းပြချက်တစ်ခုခုကြောင့်ပဲ နေမှာ"
"သေချာပေါက်ပဲ"
သူက အော်ဟစ် လိုက်တော့သည်။
ထို့နောက်တွင်မူ သူ့ရဲ့ မျက်ဝန်းများက သွေးကြောများဖြင့် ပြည့်နှက်သွားခဲ့ပြီး သွေးကဲ့သို့ ရဲရဲနီသွားခဲ့၏။
ဒါကို မြင်သောအခါ ထန်ထျန်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
"မင်း လက်ခံဖို့ ခက်ခဲလိမ့်မယ်ဆိုတာ ငါ သိပြီးသားပါ"
"ဒါပေမဲ့လည်း ဘာမှမတတ်နိုင်ဘူးလေ"
"မင်းက... မကြာခင်မှာပဲ ဒီနေရာမှာ တင် သေဆုံးရတော့မှာ"
ပြောပြီးသည်နှင့် ထန်ထျန်းက ကျောက်တုံးကို မြှောက်လိုက်ရင်း ကျွင်းချန်ချင်းဆီသို့ တိုက်ရိုက် ပျံသန်းသွားခဲ့တော့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ရဲ့ ရှေ့သို့ ရောက်ရှိသွားခဲ့ပြီး ညာဘက်လက်ထဲက ကျောက်တုံးကို အမြင့်သို့ မြှောက်ကာ သူ့ရဲ့ မျက်နှာဆီသို့ ဆတ်ခနဲ ရိုက်ချလိုက်သည်။
ကျွင်းချန်ချင်းက ရှောင်တိမ်းခြင်း မပြုခဲ့ချေ၊ သူ့ရဲ့ မျက်ဝန်းထဲတွင် နီရဲသောအလင်းတန်းများ ဖြာထွက်သွားခဲ့ပြီး သူ့ရဲ့ ခွန်အားအားလုံးကို နောက်တစ်ကြိမ် ထုတ်ဖော်ကာ သူ့ရှေ့က ထန်ထျန်းဆီသို့ ပစ်လွှတ်လိုက်တော့သည်။
ဒါကတော့ အစစ်အမှန် ထာဝရအဆင့် စွမ်းအား ဖြစ်ပေသည်။
ဖန်ဆင်းခြင်း ကောင်းကင်တိုင်ပေါ်က ဖန်ဆင်းခြင်းနတ်ဘုရားစွမ်းအားများပင်လျှင် ယခုကဲ့သို့သော စွမ်းအားမျိုးကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ရလဒ်ကတော့ သူ့ကို နောက်တစ်ကြိမ် စိတ်ပျက်သွားစေခဲ့ပြန်သည်။
ထိုကြောက်မက်ဖွယ်ကောင်းလှသော တိုက်ခိုက်မှုက ထိုကျောက်တုံးနှင့် ထိတွေ့မိပြီးနောက်တွင်မူ ချက်ချင်းပင် လုံးဝ ပြိုကွဲပျက်စီးသွားခဲ့ရပြီး မည်သည့်လှိုင်းလုံးမျှ ထွက်ပေါ်မလာခဲ့ချေ။
နောက်ထပ် အခိုက်အတန့်တွင်မူ ထိုကျောက်တုံးက ကျွင်းချန်ချင်း၏ မျက်နှာထက်သို့ တည့်တည့်ကြီး ကျရောက်သွားခဲ့တော့သည်။
"ဘန်း" ဟူသော အသံနှင့်အတူ သူက တိုက်ရိုက် ရိုက်လွှတ်ခြင်း ခံလိုက်ရပြီး ဟင်းလင်းပြင်ထက်တွင် ပတ်ချာလည်သွားခဲ့ပြီးမှ အနိုင်နိုင် ပြန်လည် ရပ်တန့်နိုင်ခဲ့၏။
ရဲရဲနီသော သွေးများက ကျွင်းချန်ချင်း၏ နဖူးပေါ်မှ စီးကျလာခဲ့သည်။
ဒဏ်ရာတစ်ခုက သူ့ရဲ့ နဖူးပေါ်တွင် ထင်ထင်ရှားရှား ပေါ်ပေါက်လာခဲ့ချေပြီ။
ဒါက သာမန်လူတစ်ယောက်က အခြားသာမန်လူတစ်ယောက်ကို ကျောက်တုံးနှင့် ခေါင်းကို ဆော်ထည့်လိုက်ခြင်းနှင့် တစ်ပုံစံတည်း တူညီလှပေသည်။
ထိုစူးရှရှ နာကျင်မှု ခံစားချက်ကြောင့် ကျွင်းချန်ချင်း တစ်ကိုယ်လုံး ထုံကျင်သွားခဲ့ရ၏။
သူ့ရဲ့ မျက်ဝန်းများကလည်း ပိုမို၍ နီရဲလာခဲ့သည်။
"ငါမယုံဘူး"
ယခုတစ်ကြိမ်တွင်မူ သူက ထန်ထျန်းဆီသို့ ရူးသွပ်စွာ ပြေးဝင်လာခဲ့တော့၏။
"ဘန်း"
ကျောက်တုံးနှင့် ထိမှန်သံ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်သည်၊ သူက နောက်တစ်ကြိမ် နောက်သို့ လွင့်ထွက်သွားခဲ့ရပြန်၏။
နဖူးပေါ်တွင် သွေးများ စီးကျနေသည့် အခြားသော ဒဏ်ရာတစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့ပြန်သည်။
"ဟားဟားဟားဟား..."
သို့သော်လည်း ကျွင်းချန်ချင်းက ရယ်မောလိုက်၏။
သူက ခေါင်းမော့ကာ ထန်ထျန်းကို ကြည့်လိုက်သည်၊ သူ့ရဲ့ မျက်ဝန်းထဲက နီရဲမှုများက မည်းမှောင်သော အရောင်အဖြစ် ပြောင်းလဲလာခဲ့ချေပြီ။
"ငါမယုံဘူး"
"ဘယ်လိုပဲဖြစ်ဖြစ် ငါမယုံဘူး"
"ယခုလို တည်ရှိမှုမျိုး ရှိနေလိမ့်မယ်ဆိုတာ ငါမယုံဘူး"
ပြောပြီးနောက်တွင်မူ သူက ထန်ထျန်းဆီသို့ နောက်တစ်ကြိမ် ပြေးဝင်သွားခဲ့ပြန်သည်။
နှမြောစရာကောင်းလှသည်က သူ မည်မျှပင် ကြိုးစားအားထုတ်ပါစေ ဘာမှ ထူးခြားမလာခဲ့ချေ။
ထိုကျောက်တုံး၏ ရှေ့တွင်မူ အရာအားလုံးက တန်းတူပင် ဖြစ်သည်၊ သူ တစ်သက်လုံး ကြိုးစားအားထုတ်ခဲ့သမျှ အရာအားလုံးက ဤအခိုက်အတန့်တွင် သဲထဲရေသွန် ဖြစ်သွားခဲ့ရချေပြီ။
ကျွင်းချန်ချင်းက တစ်ကြိမ်ပြီးတစ်ကြိမ် ထန်ထျန်းဆီသို့ ပြေးဝင်သွားခဲ့ပြီး တစ်ကြိမ်ပြီးတစ်ကြိမ် ကျောက်တုံးနှင့် ရိုက်လွှတ်ခြင်း ခံခဲ့ရသည်။
သူ အချိန်နှင့် အားအင်များစွာ ပေးဆပ်ကာ တည်ဆောက်ခဲ့သည့် ကျင့်ကြံခြင်း မိုးမျှော်တိုက်ကြီးကလည်း ကျောက်တုံး၏ တောက်လျှောက် ထုရိုက်မှုအောက်တွင် လျင်မြန်စွာ ပြိုလဲပျက်စီးသွားခဲ့ရတော့၏။
မကြာမီအချိန်အတွင်းမှာပင် ကျွင်းချန်ချင်း တစ်ကိုယ်လုံး သူ့ သွေးများဖြင့် ရဲရဲနီသွားခဲ့ချေပြီ။
သူ့ရဲ့ မျက်စိထဲတွင် ကြယ်များ လွင့်ပျံနေခဲ့ပြီး ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေခဲ့၏။
သာမန်လူသားများတွင်သာ ဖြစ်ပေါ်တတ်သည့် အခြေအနေမှန်သမျှက သူ့ခန္ဓာကိုယ်ပေါ်တွင် တစ်ခုမကျန် ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင်မူ နောက်ဆုံးတစ်ကြိမ် ကျောက်တုံးနှင့် အရိုက်ခံရပြီးနောက် ကျွင်းချန်ချင်း လုံးဝ အားအင်ကုန်ခမ်းသွားခဲ့ရတော့၏။
သူ့ရဲ့ ခန္ဓာကိုယ်က ဟင်းလင်းပြင်ထက်မှ စောက်ထိုးပြုတ်ကျသွားခဲ့ပြီး အဆုံးမရှိသော ဖရိုဖရဲစွမ်းအားများထဲသို့ နစ်မြုပ်သွားခဲ့သည်။
ဒါကို မြင်သောအခါ ထန်ထျန်းက ရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားခဲ့ပြီး သူ့ရဲ့ ပြုတ်ကျမှုကို တားဆီးပေးလိုက်၏။
"တကယ်တော့ ငါလည်း ယခုလို ကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့ သိပ်မယုံကြည်ခဲ့ပါဘူး"
"ဒါပေမဲ့ လက်တွေ့က ဒီလို ဖြစ်နေတာပဲလေ"
"ဒီလောက်အထိ အဓိပ္ပာယ်မရှိလောက်အောင်ကိုပဲ"
ထန်ထျန်းက ဖြည်းညှင်းစွာ ပြော လိုက်သည်။
လက်ရှိအချိန်တွင် ကျွင်းချန်ချင်းကတော့ သွေးချင်းချင်းနီနေသည့် လူတစ်ယောက်အဖြစ် ပြောင်းလဲနေခဲ့ချေပြီ။
သူက သွေးများဖြင့် ပြည့်နှက်နေသည့် မျက်ဝန်းများကို ဖွင့်လိုက်ပြီး အလွန်ပင် ဗလာနတ္ထိဆန်စွာ စိုက်ကြည့်နေခဲ့၏။
"ဟားဟား..."
"ကျင့်ကြံခြင်း... ဟာသပဲ..."
"ဟာသပဲ..."
"အားလုံးက ဟာသတွေပဲ..."
သူက သူ့ဘာသာ ရေရွတ်နေခဲ့သည်၊ ကြည့်ရသည်မှာ စိတ် အခြေအနေက လုံးဝ မမှန်တော့ချေ။
သို့သော်လည်း ထန်ထျန်း မထင်မှတ်ထားမိသည်က မကြာမီအချိန်အတွင်းမှာပင် ကျွင်းချန်ချင်းက သတိတစ်ချက် ပြန်လည် ရရှိလာခဲ့ခြင်း ဖြစ်သည်။
"မင်းနဲ့ ကမ္ဘာ့အရှင်..."
"ဒီကိစ္စကို ကြိုတင်ပြီးတော့ ရိပ်မိခဲ့ကြတယ် ဟုတ်တယ်မလား..."
ထန်ထျန်းက ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီးမှ ခေါင်းကို ညိတ်ပြလိုက်၏။
"ဟုတ်တယ်"
"ငါတို့က သူမကို... ငါးမွေးသူ လို့ ခေါ်ကြတယ်"
ကျွင်းချန်ချင်းက မချိတင်ပြုံး ပြုံးလိုက်၏။
"ငါးမွေးသူ..."
"တကယ်တော့... ငါတို့အားလုံးက ငါးကန်ထဲက ငါးတွေသက်သက်ပဲကိုး..."
"ဟားဟားဟားဟား..."
ရယ်မောသံများနှင့်အတူ သွေးများက ကျွင်းချန်ချင်း၏ ပါးစပ်ထဲမှ ဆက်တိုက် စီးကျလာခဲ့တော့သည်။
အချိန်အတော်ကြာပြီးနောက် သူက ထပ်မံ ပြော ပြန်၏။ "မင်း နောက်ပိုင်း ဘာဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ"
ထန်ထျန်းက ပြန် ဖြေခဲ့သည်။ "မင်းကို သတ်မယ်"
"ပြီးရင် ကောင်းကင်ဝါးမြိုနတ်ဆိုး ကို ယူမယ်၊ ကောင်းကင်ဝါးမြိုနတ်ဆိုး ဝါးမြိုထားတဲ့ စွမ်းအားတွေကို အသုံးပြုပြီးတော့ အလင်းကမ္ဘာနဲ့ ငါ့ရဲ့ အဲဒီကမ္ဘာကို အတူတူ ပေါင်းစည်းပစ်မယ်"
"အသစ်စက်စက် ပြီး ပြည့်စုံ တဲ့ ကမ္ဘာတစ်ခုကို တည်ဆောက်မှာပေါ့"
"အင်း... ဒီလောက်ပါပဲ"