အခန်း ၉၃၈
Vol. 89 Ch. 938
အခန်း (၉၃၈) နောက်တစ်ကြိမ် လောင်းကြေး ရှုံးပြန်ပြီလား
သူပြုလုပ်ခဲ့သည့် ကိစ္စများအပေါ် ထန်ထျန်းကိုယ်တိုင်လည်း သေချာပေါက် ရာနှုန်းပြည့် ယုံကြည်ချက် ရှိမနေခဲ့ချေ။
သူက တကယ်ကြီး လောင်းကြေးထပ်နေခြင်း ဖြစ်သည်။
ငါးမွေးသူ၏ အစီအစဉ်ဖြင့် မဟာကမ္ဘာသို့ ပြန်လည်ခေါ်ဆောင်ခြင်း ခံရပြီးနောက်တွင် ထန်ထျန်းက သူကိုယ်တိုင် ဘာလုပ်ရမည်ကို မသိခဲ့သလို ငါးမွေးသူ၏ စိတ်ဆန္ဒကိုလည်း ခန့်မှန်း၍ မရခဲ့သဖြင့် နောက်ဆုံးတွင် လက်မှိုင်ချကာ ပစ်ထားလိုက်ရန်သာ ရွေးချယ်ခဲ့သည်။
သို့သော်လည်း နောက်ပိုင်း ဖြစ်ပျက်လာသည့် ကိစ္စများက ထန်ထျန်းကို အချို့သော သိမ်မွေ့သည့် အချက်အလက်များကို တဖြည်းဖြည်း ရိပ်မိလာစေခဲ့၏။
သူ ပထမဆုံးအကြိမ် အပြင်သို့ ထွက်ဖြစ်ခဲ့သည်က ကျင်းရှန် မြို့ရှိ ကျန့် မိသားစု၏ ဧည့်ခံပွဲသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ထိုနေရာတွင် သူက "တိုက်တိုက်ဆိုင်ဆိုင်ပဲ" ပိုးပျံကောင်သေတ္တာတစ်လုံးကို ရရှိခဲ့ပြီးနောက် သူ စမ်းသပ်မှုအချို့ကို စတင်ခဲ့တော့သည်။
မြောက်မြားစွာသော စမ်းသပ်မှုများကို ပြုလုပ်ပြီးနောက်တွင်မူ သူက ကောက်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့၏။
၎င်းကတော့ ငါးမွေးသူသည် ကမ္ဘာကြီးများ၏ တည်ရှိမှုနှင့် ပျက်စီးမှုကို စိုးစဉ်းမျှ ဂရုမစိုက်ဟူသည့် အချက် ပင် ဖြစ်သည်။
သို့သော်လည်း ထို့နောက်တွင်မူ သူက အကျပ်အတည်းတစ်ခုနှင့် ထပ်မံရင်ဆိုင်ခဲ့ရပြီး အလှည့်အပြောင်းဖြစ်စေမည့် တိုးတက်မှုကို မပြုလုပ်နိုင်ခဲ့ချေ။
ဒါပေမဲ့ "ကံကောင်းသူ လိုပဲ" သူက နောက်ထပ်တစ်ကြိမ် အပြင်သို့ ထွက်ဖြစ်ခဲ့ပြန်သည်။
ဒုတိယအကြိမ် အပြင်ထွက်သည့် အချိန်တွင် သူက ယွမ်ကျိုးထံမှ သတင်းအချက်အလက်အသစ်အချို့ကို ရရှိခဲ့ပြီး ငါးမွေးသူနှင့် ပတ်သက်၍ ပိုမိုနက်ရှိုင်းသော ခန့်မှန်းချက်အချို့ ရှိလာခဲ့သည်။
ထို့နောက်တွင်မူ ယန်ကွမ်းမြို့ဆီသို့ သွားရောက်ခဲ့ခြင်း ဖြစ်ပေသည်။
ထန်ထျန်းက ယန်ကွမ်းမြို့တော်အတွင်း တစ်နှစ်ခန့် နေထိုင်ခဲ့ပြီး ထိုအိမ်ခြံ ဝင်းထဲမှ ဘယ်သောအခါမျှ မထွက်ခဲ့ချေ။
သို့သော်လည်း တစ်နှစ်အကြာတွင်မူ "ကံကောင်းသူ လိုပဲ" ကျူးကျစ်ယန်၏ လူစားထိုး ပြဿနာကို ဖြေရှင်းရန်အတွက် သူက အပြင်သို့ မဖြစ်မနေ ထွက်ခဲ့ရပြန်သည်။
တကယ်လို့ ထန်ထျန်းသာ ငါးမွေးသူ၏ တည်ရှိမှုကို မသိရှိခဲ့ဘူးဆိုလျှင် ဤအတွေ့အကြုံများက အလွန်ပင် ပုံမှန်ဖြစ်ပျက်နေသည်ဟု ထင်ရပေလိမ့်မည်၊ ဘာကြောင့်လဲဆိုတော့ ထိုကိစ္စများက ကွက်တိအချိန်ကိုက် ဖြစ်ပျက်ခဲ့သောကြောင့် ဖြစ်သည်။
သို့သော်လည်း ထန်ထျန်းက ငါးမွေးသူ၏ တည်ရှိမှုကို သိရှိထားပေသည်။
သူ့၏ ထူးခြားဆန်းကြယ် မှုကိုလည်း သဘောပေါက်ထား၏။
ဒါကြောင့်မို့လို့ ဤကိစ္စများက ပုံမှန်ဖြစ်ပျက်နေသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ထိုသို့ မဟုတ်ချေ။
နားထောင်ရသည်မှာ အနည်းငယ် ရှုပ်ထွေးနေနိုင်သော်လည်း အခြားတစ်မျိုး ပြောင်းပြောရမည်ဆိုလျှင် ယခုကဲ့သို့ "တိုက်ဆိုင်လွန်းလှသည့်" ကိစ္စများစွာက သဘာဝအလျောက် ဖြစ်ပျက်ခဲ့ခြင်း မဟုတ်ဘဲ သူ့ထံသို့ အလိုအလျောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခြင်း ဖြစ်သည်။
၎င်းတို့ကို တစ်စုံတစ်ယောက်သော တည်ရှိမှုက ထန်ထျန်း၏ ခန္ဓာကိုယ်ပေါ်သို့ တမင်တကာ စီစဉ်ဖန်တီးပေးခဲ့ခြင်း ပင် ဖြစ်၏။
ဤတည်ရှိမှုက သံသယဝင်စရာမလိုဘဲ ငါးမွေးသူ ပင် ဖြစ်ပေသည်။
ဘာကြောင့်လဲ။
ငါးမွေးသူက ဘာဖြစ်လို့ ယခုလို လုပ်ရတာလဲ။
ထန်ထျန်းလည်း မသိသလို ခွဲခြမ်းစိတ်ဖြာရန်လည်း နည်းလမ်းမရှိချေ။
သို့သော်လည်း ငါးမွေးသူ၏ ဤလုပ်ရပ်က အလွန်ပင် အရေးကြီးသည့် သတင်းစကားတစ်ခုကိုတော့ ဖော်ပြနေခဲ့သည်။
၎င်းကတော့... ငါးမွေးသူတွင် ရည်ရွယ်ချက် ရှိနေသည်ဟူသည့် အချက် ပင် ဖြစ်၏။
သူမ၏ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ်၊ ရည်ရွယ်ချက်တစ်ခု တည်ရှိနေသရွေ့ သူမတွင် စိုးရိမ်ပူပန်မှုများလည်း တည်ရှိနေနိုင်ချေ အလွန်မြင့်မားပေသည်။
ဆိုလိုသည်မှာ ငါးမွေးသူက သူတို့ ယခင်က ခန့်မှန်းထားသလိုမျိုး လုံးဝဥဿုံ ပြိုင်ဘက်ကင်းပြီး အပြစ်အနာအဆာမရှိ တည်ရှိနေခြင်း မဟုတ်ချေ။
သူမတွင်... စိုးရိမ်ပူပန်မှု ရှိနေသည်။
ထန်ထျန်းအနေဖြင့် ငါးမွေးသူ၏ စိုးရိမ်ပူပန်မှုက ဘာလဲဆိုတာကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာ၍ မရနိုင်သလို ထိုစိုးရိမ်ပူပန်မှု၏ အရေးပါမှုအတိုင်းအဆက သူမနှင့် ထိပ်တိုက်ရင်ဆိုင် စကားပြောရန်အတွက် လုံလောက်မှု ရှိ၊ မရှိကိုလည်း မသိရှိချေ။
သို့သော်လည်း သူက ဤဖြစ်နိုင်ခြေကို မဖြစ်မနေ လောင်းကြေးထပ်ရမည် ဖြစ်သည်။
တကယ်လို့ ငါးမွေးသူ၏ အစီအစဉ်အတိုင်းသာ သွားမည်ဆိုလျှင် ဇာတ်သိမ်းက ထိုအတိုင်း ဖြစ်လာလိမ့်မည်။
ကုရှောင်းရွှယ်နှင့် ချီလင်မိန်းကလေးတို့က မတူညီသော ကမ္ဘာများကို ပေါင်းစည်းမည့် ပြဿနာကို ဖြေရှင်းပေးမည်။
ချန်တာအိုကျိကျွင်းနှင့် လုံကျိုကျိုးတို့က ကမ္ဘာဦးအစ မဟာအစီအရင်ကြီးကို ဖန်တီးပေးမည်။
ထို့ပြင် အလင်းကမ္ဘာကိုပါ ထပ်ပေါင်းထည့်လိုက်မည်ဆိုလျှင် ထန်ထျန်းက ကျွင်းချန်ချင်းကို သတ်နိုင်ခဲ့သည်နှင့် အသစ်စက်စက် ပြည့်စုံကောင်းမွန်သော ကမ္ဘာသစ်တစ်ခုက အဆင်ပြေချောမွေ့စွာ ပေါ်ထွက်လာလိမ့်မည် ဖြစ်သည်။
ဒါကတော့ ကမ္ဘာ့အရှင်နှင့် လနတ်သမီး တို့၏ နောက်ဆုံး ပန်းတိုင် ပင် ဖြစ်သည်။
ငါးမွေးသူက သူတို့၏ တောင်းဆုကို ဖြည့်ဆည်းပေးခဲ့ခြင်း ဖြစ်သည်။
ဤဇာတ်သိမ်းက နားထောင်ရသည်မှာ တကယ်ကိုပဲ ကောင်းမွန်လှပေသည်။
နှမြောစရာကောင်းသည်က...
ဒါက ထန်ထျန်း အလိုချင်ဆုံး ဇာတ်သိမ်း မဟုတ်ချေ။
ကမ္ဘာသစ်အတွက် အသက်ပေါင်းများစွာက မတရားသဖြင့် ဆုံးရှုံးခဲ့ကြရသည်။
ကမ္ဘာ့အရှင်၊ နေနတ်ဘုရား၊ လနတ်သမီး ၊ ကြယ်တာရာဘိုးဘေး ၊ သဘာဝမိခင်နှင့် ကြောင်လေး အစရှိသဖြင့် ပေါ့။
သူတို့အားလုံးက သူတို့၏ အသက်ဝိညာဉ်များ အပါအဝင် ပိုင်ဆိုင်သမျှ အရာအားလုံးကို ပေးဆပ်ခဲ့ကြရသည်။
တကယ်လို့ ကိစ္စများကို ပြန်လည်မပြင်ဆင်နိုင်တော့ဘူးဆိုလျှင် ထန်ထျန်းအနေဖြင့်လည်း ဤဇာတ်သိမ်းကို လက်ခံရန် ရွေးချယ်မိနိုင်ပါသည်။
သို့သော် ပြဿနာက ငါးမွေးသူတွင် အရာအားလုံးကို ပြောင်းလဲပစ်နိုင်သည့် စွမ်းအား ရှိနေခြင်း ဖြစ်သည်။
ပြန်လည်ပြင်ဆင်ခွင့် အခွင့်အရေး ရှိနေပါလျက်နှင့် ထန်ထျန်းအနေဖြင့် ဤဇာတ်သိမ်းကို လုံးဝ စိတ်ကျေနပ်မှု မရှိနိုင်ချေ။
သူက ငါးမွေးသူနှင့် နောက်ထပ်တစ်ကြိမ် လောင်းကစားပွဲကို စတင်တော့မည် ဖြစ်သည်။
သူက ငါးမွေးသူသည် သူ့ ငါးကန်ကြီး လုံးဝ ဥဿုံ ပေါက်ကွဲပျက်စီးသွားမည့်အရေးကို စိုးရိမ်လိမ့်မည်ဟု လောင်းကြေးထပ်ထားခြင်း ဖြစ်၏။
ဒါကြောင့်မို့လို့ ထန်ထျန်းက စောစောက ကျွင်းချန်ချင်းကို ပြောခဲ့သည့် စကားများက တကယ်တော့ သူ့ကို ဂျင်းထည့်ခဲ့ခြင်းသာ ဖြစ်သည်။
ထို့အတူပဲ ငါးမွေးသူကိုလည်း လှည့်စားခဲ့ခြင်း ဖြစ်၏၊ ဒါက ထိရောက်မှု ရှိ၊ မရှိကို သူကိုယ်တိုင် မသိသော်လည်း ပေါ့။
သူ့ရဲ့ နောက်ဆုံး ပန်းတိုင်ကတော့ ကောင်းကင်ဝါးမြိုနတ်ဆိုး၏ စွမ်းအားကို ချေးယူပြီး တစ်ခုလုံးသော ဖရိုဖရဲစကြာဝဠာကြီးအတွင်းက အရာအားလုံးနှင့် သူ့ကိုယ်သူပါ ဖျက်ဆီးပစ်ရန် ဖြစ်သည်။
ကျောက်စိမ်းရော ကျောက်တုံးရော ပျက်စီးမည့် သဘောထားမျိုးဖြင့် ငါးမွေးသူကို ကိုယ်တိုင်ကိုယ်ကျ ပေါ်ထွက်လာအောင် ဖိအားပေးခြင်း ဖြစ်၏။
ထို့ပြင် ထန်ထျန်း သေသေချာချာ သိရှိထားသည်က ဤကိစ္စအပေါ်တွင် သူက စိုးရိမ်ပူပန်မှုမှန်သမျှကို လုံးဝ စွန့်လွှတ်ရမည်ဖြစ်ပြီး အဆုံးစွန်အထိ ပြတ်သားရမည်ဟူသည့် အချက် ပင်။
ဒါကြောင့်မို့လို့ အလင်းကမ္ဘာ၊ ကယ်တင်ခြင်းမဟာမိတ်အဖွဲ့နှင့် ရှေးဟောင်းမြင့်မြတ်နယ်မြေတို့က အသက်တစ်ခါရှိုက်ချိန်အတွင်းမှာတင် ဆက်တိုက်ဆိုသလို ပေါက်ကွဲပျက်စီးသွားခဲ့ရခြင်းဖြစ်ပြီး ဘေးနားက ကျွင်းချန်ချင်းပင်လျှင် တုံ့ပြန်ရန် အချိန်မရလိုက်ချေ။
ကမ္ဘာသုံးခုအတွင်းက သက်ရှိမှန်သမျှသည်လည်း ကမ္ဘာကြီးများ ပျက်စီးသွားသည်နှင့်အမျှ အကုန်လုံး သေဆုံးသွားခဲ့ရပြီး မည်သူမျှ ကံမကောင်းခဲ့ကြချေ။
နောက်ထပ် အခိုက်အတန့်တွင်မူ ထန်ထျန်းက သူ့ မျက်ဝန်းများကို ဂျင်ဂိုကမ္ဘာပေါ်သို့ ကျရောက်စေလိုက်သည်။
၎င်းကတော့ သူကိုယ်တိုင် ပျိုးထောင်ခဲ့သည့် ကမ္ဘာ ဖြစ်၏။
သူနှင့် ကြောင်လေးတို့က အားအင်နှင့် စိတ်ကူးစိတ်သန်းများစွာ ပေးဆပ်ကာ အတူတူ ဖန်တီးခဲ့ကြသည့် ကမ္ဘာ ဖြစ်ပေသည်။
သူ့ ကလေး နှင့် အလားတူလှပေသည်။
ဂျင်ဂိုကမ္ဘာက အလွန်ပင် ပြည့်စုံကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေခဲ့ပြီဖြစ်ရာ အတွင်းပိုင်းတွင် ကျေးငှက်သားရဲများ ပြေးလွှားနေကြပြီး သုံးထောင်သော ကမ္ဘာဦးဝိညာဉ်များကလည်း သဟဇာတဖြစ်စွာ အတူတူ ရှင်သန်နေကြသည်။
ဂျင်ဂိုကမ္ဘာနှင့် ရင်ဆိုင်လိုက်ရသည့် အချိန်တွင် ထန်ထျန်း၏ လက်က နောက်ဆုံးတော့ ခေတ္တမျှ တွန့်ဆုတ်သွားခဲ့ရ၏။
သို့သော်လည်း နောက်ဆုံးတွင်မူ သူက လက်ကို ဝှေ့ယမ်းကာ စိတ်ပိုင်းချလိုက်တော့သည်။
ကြီးမားလှသော ဂျင်ဂိုပင်ကြီးက ဝုန်းခနဲ ပြိုလဲသွားခဲ့ရပြီး ကမ္ဘာကြီးကလည်း လေးစိပ်လေးမွှာ ကွဲအက်သွားခဲ့၏။
အတွင်းပိုင်းက သက်ရှိများမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ မျက်စိတစ်မှိတ်အတွင်းမှာတင် ခန္ဓာကိုယ်နှင့် အရိုးများပါ အမှုန်အမွှားဖြစ်ကာ ပျောက်ကွယ်သွားခဲ့ရချေပြီ။
သို့သော်လည်း ကမ္ဘာလေးခုစလုံး လုံးဝ ပျက်စီးသွားခဲ့ပြီးသည့်တိုင်အောင် ထန်ထျန်း မျှော်လင့်ထားသည့် ကိစ္စက ဖြစ်ပေါ်မလာခဲ့သေးချေ။
ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်ပြီး ငါးမွေးသူက ယခုထက်ထိ ပေါ်ထွက်မလာခဲ့သေးချေ။
အဆင်မပြေ... သေးဘူးလား။
ထန်ထျန်းက ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်၏။
လက်ရှိအချိန်တွင် ကျွင်းချန်ချင်းကတော့ ထန်ထျန်း၏ လုပ်ရပ်ကြောင့် ဆွံ့အမှင်တက်နေခဲ့ရပြီး စကားတစ်လုံးမျှပင် မပြောနိုင်တော့ချေ။
သူ့ရဲ့ တာအိုနှလုံးသား ပြိုလဲပျက်စီးခြင်း ကိစ္စကိုပင် ဘေးဖယ်ထားလိုက်ရကာ ထန်ထျန်းကို မှင်တက်စွာ စိုက်ကြည့်နေခဲ့သည်။
"မင်း တကယ်ပဲ ရူးသွားပြီ..."
သူက ရေရွတ်လိုက်၏။
ထန်ထျန်းက ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် ရယ်မောလိုက်သည်။
"မပြီးသေးဘူး"
"အကုန်လုံး မဆုံးသတ်သေးဘူး"
ပြောရင်းနှင့် သူက ဝေးကွာလှသော ဖရိုဖရဲစွမ်းအားများဆီသို့ လှမ်းကြည့်လိုက်သည်။
လက်ရှိအချိန်တွင် တစ်ခုလုံးသော ဖရိုဖရဲစကြာဝဠာကြီးအတွင်း ထန်ထျန်းနှင့် ကျွင်းချန်ချင်းတို့အပြင် ပြာအတိမဖြစ်သေးဘဲ ကျန်ရှိနေသေးသည့် အခြားသော တည်ရှိမှုတစ်ခု ရှိနေသေးသည်။
၎င်းကတော့ သစ်သားဖြင့် ဆောက်လုပ်ထားသည့် သစ်သားအိမ် လေးတစ်လုံး ပင် ဖြစ်၏။
ကုရှောင်းရွှယ် ရှိနေသည့် ထိုသစ်သားအိမ် လေး ပေါ့။
သူမက အချိန်နှင့် နေရာလွတ် အကြား ပေါင်းစည်းထားခဲ့ပြီးဖြစ်ရာ မည်သည့်တည်ရှိမှုမျိုးထဲတွင်မဆို ပါဝင်မနေခဲ့သဖြင့် ဂျင်ဂိုပင်ကြီး ပျက်စီးသွားခဲ့သည့်တိုင်အောင် သူမအပေါ် သက်ရောက်မှုက ထိုမျှမကြီးမားဘဲ ဖရိုဖရဲစွမ်းအားများကြားတွင် တည်ရှိနေဆဲ ဖြစ်သည်။
ယခုအချိန်တွင် ကုရှောင်းရွှယ်ကလည်း ထန်ထျန်း၏ အကြည့်ကို အာရုံခံမိသွားပုံရပြီး လက်ထဲက အပ်ချည်ကြိုးကို ချလိုက်ကာ ဝေးကွာလှသော အရပ်ဆီသို့ လှမ်းမျှော်ကြည့်လာခဲ့၏။
ထိုရင်းနှီးလှသော မျက်နှာလေးကို ကြည့်ရင်း ပုံရိပ်များစွာက ထန်ထျန်း၏ ဦးနှောက်ထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားခဲ့ကြတော့သည်။
၎င်းတို့အားလုံးက သူနှင့် ကုရှောင်းရွှယ်တို့ စတင်သိကျွမ်းခဲ့ကြစဉ်ကတည်းက အတူတူ ဖြတ်သန်းခဲ့ကြသည့် အမှတ်တရ အချိန်လေးများ ပင် ဖြစ်၏။
သူ့ရဲ့ နှလုံးသားနေရာဆီမှ စူးရှရှ နာကျင်မှု ခံစားချက်အချို့ ပေါ်ပေါက်လာခဲ့ရသည်။
ထို့နောက်တွင်မူ သူက အကျပ်အတည်းတစ်ခုထဲသို့ ထပ်မံ ကျရောက်သွားခဲ့ရပြန်၏။
အမြင့်သို့ မြှောက်ထားသည့် လက်မောင်းက တော်တော်နှင့် ကျမလာခဲ့ချေ။
သို့သော်လည်း ယခုလို အချိန်မျိုးတွင် အချိန်နှင့် နေရာလွတ် ကြားက ကုရှောင်းရွှယ်က ရုတ်တရက် ပြုံးလိုက်သည်။
ထန်ထျန်းလည်း သူမ၏ အဓိပ္ပာယ်ကို နားလည်သွားခဲ့ရ၏။
တကယ်လို့ ကုရှောင်းရွှယ်ကို ထန်ထျန်းအတွက် ရွေးချယ်ခိုင်းမည်ဆိုလျှင် ရွေးချယ်မှုက တစ်ခုတည်းသာ ရှိပေလိမ့်မည်။
နောက်ဆုံးတွင်မူ ထန်ထျန်းက သွားကို တင်းတင်းကြိတ်လိုက်ရင်း သူ့ လက်ကို ချပစ်လိုက်တော့သည်။
ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားများက ထိုရိုးရှင်းလှသော သစ်သားအိမ် လေးဆီသို့ ချက်ချင်းပင် ထိုးစိုက်ဝင်ရောက်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းကို လုံးဝ ပြာအတိဖြစ်သွားစေတော့မည် ဖြစ်သည်။
ကျွင်းချန်ချင်းလည်း လုံးဝ ဥဿုံ တိတ်ဆိတ်သွားခဲ့ရချေပြီ၊ ထန်ထျန်း၏ နှလုံးသားထဲတွင် ကုရှောင်းရွှယ်၏ အခန်းကဏ္ဍက မည်မျှအထိ လေးနက်မှုရှိသည်ကို သူ သေသေချာချာ သိရှိထားသောကြောင့် ဖြစ်သည်။
နောက်ထပ် အခိုက်အတန့်တွင်မူ ထိုသစ်သားအိမ် လေးက ဝုန်းခနဲ ပေါက်ကွဲပျက်စီးသွားခဲ့ရတော့၏။
ထို့နောက်တွင်မူ ဖရိုဖရဲစကြာဝဠာကြီးတစ်ခုလုံးက အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်ခြင်းထဲသို့ ကျရောက်သွားခဲ့ရတော့သည်။
ကျွင်းချန်ချင်းက ခေါင်းမော့လိုက်ရင်း ထန်ထျန်းကို ကြည့်လိုက်၏။
"အဲဒီနောက်ကော"
ထန်ထျန်းက အပြုံးတစ်ခုကို ဖော်ကျူးလိုက်သည်။
ယခုအချိန်တွင် သူက အရာအားလုံးကို စွန့်လွှတ်လိုက်ပြီဖြစ်ရာ အလွန်ပင် ပေါ့ပါးလွတ်လပ်သွားခဲ့ပုံရ၏။
"အဲဒီနောက်တော့... ငါတို့ နှစ်ယောက်ပဲ ကျန်တော့တာပေါ့"
ကျွင်းချန်ချင်းက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိတော့သည်။
"ငါကိုယ်တိုင် သေရမယ်ဆိုတာ သိပေမယ့်..."
"ဒီလိုမျိုး သေရလိမ့်မယ်လို့တော့ တကယ်ကို မျှော်လင့်မထားခဲ့မိဘူး"
ပြောပြီးသည်နှင့် သူကလည်း ပြုံးလိုက်၏။
"ဒါဆိုရင်လည်း... လာလေ"
ထန်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။
သူက လက်ညှိုးကို ဖြည်းညှင်းစွာ တစ်ချက် တောက်လိုက်၏။
နောက်ထပ် အခိုက်အတန့်တွင်မူ ကျွင်းချန်ချင်း၏ ခန္ဓာကိုယ်က လျင်မြန်စွာ အရည်ပျော်သွားခဲ့ရပြီး ဒြပ်မဲ့အခြေအနေသို့ ပြောင်းလဲသွားခဲ့တော့သည်။
အသက်ရှိုက်ချိန်အနည်းငယ်အတွင်းမှာတင် လုံးဝ ကွယ်ပျောက်သွားခဲ့ရချေပြီ။
ထို့နောက်တွင်မူ ထန်ထျန်းက လက်မောင်းနှစ်ဖက်ကို အောက်သို့ ချလိုက်ရင်း ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်တော့သည်။
"ဒါကြောင့်..."
"ငါ နောက်တစ်ကြိမ် လောင်းကြေး ရှုံးပြန်ပြီပေါ့ ဟုတ်လား..."
"ဘာပဲဖြစ်ဖြစ်... အရေးမကြီးတော့ပါဘူး"
"အရေးမကြီးတော့ပါဘူး..."
ပြောပြီးသည်နှင့် သူ့ရဲ့ ခန္ဓာကိုယ်ကလည်း စတင်၍ အရည်ပျော်လာခဲ့ရသည်၊ ဒါက သူကိုယ်တိုင် သူ့ကိုယ်သူ ဖျက်ဆီးနေခြင်း ဖြစ်၏။
ခေတ္တမျှ ကြာပြီးနောက် ဖရိုဖရဲစွမ်းအားများကြားထဲမှ ပျောက်ကွယ်သွားခဲ့တော့သည်။
ဤနေရာတွင် ဖရိုဖရဲစကြာဝဠာကြီး၏ အရာမှန်သမျှ လုံးဝ ဥဿုံ ချုပ်ငြိမ်းပျောက်ကွယ်သွားခဲ့ရချေပြီ။