← Chapters

အခန်း ၉၃၉

Vol. 89 Ch. 939 - final

အခန်း ၉၃၉

Vol. 89 Ch. 939 - final

အခန်း (၉၃၉) ငါးမွေးသူနှင့် စကားပြောခြင်း (ဇာတ်သိမ်းပိုင်း)

​"ထန်ထျန်း..."

​"ထန်ထျန်း..."

​ဝေဝေဝါးဝါး အခြေအနေတစ်ခုအတွင်း ထန်ထျန်းက သူ့ကို တစ်စုံတစ်ဦးက လှမ်း၍ ခေါ်နေသကဲ့သို့ ရုတ်တရက် ကြားလိုက်ရသည်။

​၎င်းက အလွန်ပင် ရင်းနှီးလှသော အသံတစ်သံ ဖြစ်၏။

​ထို့နောက်တွင်မူ ချောမွေ့နူးညံ့သော လက်တစ်ဖက်က သူ့ ပါးပြင်ကို အသာအယာ ပွတ်သပ်ပေးနေသည်ကို သူ ထပ်မံ ခံစားလိုက်ရပြန်သည်။

​ထိုထိတွေ့မှုက အလွန်ပင် လက်တွေ့ဆန်လှပေသည်။

​"ထန်ထျန်း..."

​"ရှင် ထ တော့လေ ..."

​ထိုအသံ၏ ဆက်တိုက်ဆိုသလို ခေါ်နေမှုနှင့်အတူ ထန်ထျန်းသည် ဤအသံက လက်တွေ့တွင် တကယ်ကြီး တည်ရှိနေခြင်းဖြစ်ကြောင်း တဖြည်းဖြည်း ရိပ်မိလာခဲ့၏။

​"ဘာဖြစ်တာလဲ..."

​"ငါ မသေဘူးလား..."

​"ဒါက ဘယ်သူ ငါ့ကို ခေါ်နေတာလဲ..."

​ထန်ထျန်း၏ အသိစိတ်များက လျင်မြန်စွာ ပြန်လည်နိုးထလာခဲ့တော့သည်။

​နောက်ဆုံးတွင်မူ သူက မျက်လုံးများကို အားယူ၍ ဖွင့်ကြည့်လိုက်၏။

​စူးရှလှသော နေရောင်ခြည်ကြောင့် သူ၏ မျက်ဝန်းများက အချိန်တိုအတွင်း ပတ်ဝန်းကျင်ကို သေသေချာချာ မမြင်နိုင်ခဲ့ချေ။

​သို့သော်လည်း မကြာမီမှာတင် သူက အမြင်အာရုံကို ပြန်လည်ရရှိခဲ့ပြီး သူ့ အမည်ကို ခေါ်နေသည့် ဘေးနားက လူကိုလည်း သဲသဲကွဲကွဲ မြင်တွေ့လိုက်ရတော့သည်။

​၎င်းက ကုရှောင်းရွှယ် ပင် ဖြစ်၏။

​သူမ၏ သပ်ရပ်လှပသော မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

​သို့သော်လည်း ထန်ထျန်း မျက်လုံးပွင့်လာသည်ကို မြင်လိုက်ရသည့် အချိန်တွင်မူ ထိုစိုးရိမ်သောကရောက်နေသည့် အမူအရာက အတိုင်းအဆမဲ့ အံ့အားသင့်ဝမ်းသာမှုနှင့် စိတ်လှုပ်ရှားမှုများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့တော့၏။

​"ရှင် နောက်ဆုံးတော့ နိုးလာခဲ့ပြီပဲ"

​"ရှင် သေချာပေါက် ပြန်လာလိမ့်မယ်ဆိုတာ ကျွန်မ သိနေခဲ့တယ်..."

​ကုရှောင်းရွှယ်က ထန်ထျန်း၏ ခန္ဓာကိုယ်ကို ဖက်ထားလိုက်သည်။

​မကြာမီမှာတင် ထန်ထျန်းက သူ့ ရင်ဘတ်နေရာဆီမှ စိုစိုစွတ်စွတ် ခံစားချက်အချို့ကို ခံစားလိုက်ရ၏။

​သူက လက်ကို မြှောက်လိုက်ရင်း ကုရှောင်းရွှယ်၏ ခေါင်းပေါ်သို့ တင်လိုက်သည်။

​ချောမွေ့လှသော ဆံနွယ်ရှည်များက သူ၏ လက်ချောင်းများကြားတွင် ဝဲပျံနေခဲ့ပြီး ထိတွေ့မှုက အလွန်ပင် လက်တွေ့ကျလှပေသည်။

​"ဒီနေရာက... ငရဲပြည်လား..."

​"တကယ်ပဲ သေပြီးရင် အခြားကမ္ဘာတစ်ခု တည်ရှိနေသေးတာပဲ..."

​ထန်ထျန်းက ရေရွတ်လိုက်၏။

​ကုရှောင်းရွှယ်က ခေါင်းမော့လိုက်ရာ မျက်နှာထက်တွင် ရှင်းလင်းပြတ်သားလှသော မျက်ရည်စအချို့ ကျန်ရှိနေဆဲဖြစ်ပြီး နေရောင်ခြည်အောက်တွင် တလက်လက် တောက်ပနေခဲ့သည်။

​ထန်ထျန်းကို ကြည့်ရင်း သူမက ရုတ်တရက် ပြုံး လိုက်တော့၏။

​"ဘာတွေ လျှောက်ပြောနေတာလဲ"

​"ကျွန်မတို့အားလုံး အသက်ရှင်နေကြတုန်းပဲ"

​"ရှင်... တကယ်ပဲ လုပ်နိုင်ခဲ့ပြီ"

​ထန်ထျန်းက ချက်ချင်းပင် မှင်တက်သွားခဲ့ရသည်။

​သူ လုပ်နိုင်ခဲ့တယ် ဟုတ်လား

​သူတို့အားလုံး အသက်ရှင်နေကြတုန်းပဲ ဟုတ်လား

​ဒါပေမဲ့... အားလုံးက သူ့လက်ထဲမှာတင် သေဆုံးသွားခဲ့ကြတာကို သူ သေသေချာချာ မှတ်မိနေပါသေးသည် သူ့ကိုယ်သူ အပါအဝင် ပေါ့။

​ဒါက ဘယ်လိုဖြစ်ရတာလဲ။

​"ဒီနေရာက ငရဲပြည်လည်း မဟုတ်ဘူး"

​"ကျွန်မတို့ရဲ့ အမှတ်တရတွေ အများဆုံး ရှိခဲ့တဲ့နေရာပဲ"

​ကုရှောင်းရွှယ်က ဆက်ပြောလိုက်သည်။

​ထန်ထျန်းက အသိစိတ် ပြန်ဝင်လာခဲ့ပြီးမှ သူ့ ပတ်ဝန်းကျင်ကို စတင်၍ အကဲခတ်လိုက်တော့၏။

​ထိုရင်းနှီးလှသော အဆောက်အအုံက သူတို့ ရောက်ရှိနေသည့်နေရာကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားစေသည်။

​ခရမ်းရောင်ဝါးခြံဝင်း

​ယခုအချိန်တွင် သူက ခရမ်းရောင်ဝါးခြံဝင်းအတွင်း လဲလျောင်းနေခြင်းဖြစ်ပြီး ခန္ဓာကိုယ်အောက်တွင် ရိုးရှင်းလှသော ဝါးကုတင်တစ်လုံး ရှိနေခဲ့သည်။

​သို့သော်လည်း ယခင်က ခရမ်းရောင်ဝါးခြံဝင်းနှင့် မတူညီသည့်အချက်က ခြံဝင်းတစ်ခုလုံးကို အရိပ်မိုးပေးထားသည့် မိုးမခပင်အိုကြီးက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

​၎င်း၏ အစားထိုးမှုအဖြစ် ခပ်လတ်လတ် အရွယ်အစားရှိသော ဂျင်ဂိုပင်တစ်ပင် ရှိနေခဲ့၏။

​၎င်းကတော့ ဂျင်ဂိုကမ္ဘာ၏ ကမ္ဘာ့သစ်ပင် ပင် ဖြစ်ပေသည်။

​လက်ရှိအချိန်တွင် ၎င်းက ယခုကမ္ဘာကြီးနှင့် လုံးဝဥဿုံ တစ်သားတည်း ပေါင်းစည်းသွားခဲ့ပုံရ၏။

​"ငါ တကယ်ပဲ... အောင်မြင်သွားတာလား..."

​ထန်ထျန်းက အနည်းငယ် မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။

​ကုရှောင်းရွှယ်က ခေါင်းညိတ်ပြလိုက်၏။

​"ဟုတ်တယ်"

​"ရှင် ဘယ်လိုလုပ်လိုက်လဲဆိုတာကို ကျွန်မတို့ မသိပေမယ့် ခဏလေး ဝေဝေဝါးဝါး ဖြစ်သွားခဲ့ပြီးတဲ့နောက်မှာ အရာအားလုံးက ပြောင်းလဲသွားခဲ့တယ်"

​"ကျွင်းချန်ချင်း မရှိတော့ဘူး"

​"ပျက်စီးသွားခဲ့ပြီဖြစ်တဲ့ မဟာကမ္ဘာကြီးက ပြန်လည်ရောက်ရှိလာခဲ့ပြီ"

​"မဟာကမ္ဘာကြီးနဲ့အတူ ပျက်စီးသွားခဲ့ရတဲ့ သက်ရှိတွေအားလုံးလည်း လောကကြီးထဲ ကို ပြန်ပေါ်လာခဲ့ကြပြီ"

​"ဂျင်ဂိုကမ္ဘာနဲ့ မဟာကမ္ဘာကြီးက အောင်မြင်စွာ ပေါင်းစည်းသွားခဲ့ပြီဖြစ်လို့ အခုရှိနေတဲ့ ဂျင်ဂိုပင်က မဟာကမ္ဘာကြီးရဲ့ ကမ္ဘာ့သစ်ပင်ပဲ"

​"ဒါတင်မကသေးဘူး နေနတ်ဘုရား၊ လနတ်သမီး၊ ကြယ်တာရာဘိုးဘေးတို့အပြင် နေ၊ လ၊ ကြယ်တွေအားလုံးလည်း ပြန်ရောက်လာကြပြီ"

​"တစ်ချိန်က ထွက်သွားခဲ့တဲ့သူ ဒါမှမဟုတ် သေဆုံးသွားခဲ့တဲ့သူတွေအားလုံး ပြန်ရောက်လာကြပြီ"

​"ထန်ထျန်း... ရှင် အရာအားလုံးကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီ"

​ထန်ထျန်းက မှင်တက်စွာ စိုက်ကြည့်နေမိတော့သည်။

​သတင်းအချက်အလက်များက များပြားလွန်းလှပေသည်။

​သို့သော်လည်း ကုရှောင်းရွှယ် ပြောသမျှ အရာအားလုံးက သူ အလိုချင်ဆုံးဖြစ်သည့် နောက်ဆုံး ပန်းတိုင် ပင် မဟုတ်ပါလား။

​သူက သူ့ကိုယ်သူ နောက်တစ်ကြိမ် လောင်းကြေး ရှုံးပြန်ပြီဟု မူလက ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

​သို့သော်လည်း ဤတစ်ကြိမ်တွင်မူ သူက တကယ်ကြီး လောင်းကြေး နိုင်ခဲ့ပုံရ၏။

​ယခုကဲ့သို့ ကိစ္စမျိုးကို လုပ်ဆောင်နိုင်သည့် တည်ရှိမှုက တစ်ဦးတည်းသာ ရှိပေသည်။

​ငါးမွေးသူ ပင်။

​အချိန်အတော်ကြာပြီးမှ ထန်ထျန်းက အရှေ့က လက်တွေ့အမှန်တရားကို ဖြည်းဖြည်းချင်း လက်ခံနိုင်ခဲ့တော့သည်။

​ရွှေရောင် နေရောင်ခြည်က ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသဖြင့် နွေးထွေးမှုကို ခံစားနေရကာ ဒါက အချိန်အတော်ကြာအောင် မခံစားဖူးသည့် ခံစားချက်မျိုး ဖြစ်ပေသည်။

​"သူတို့အားလုံးက အခု ခရမ်းရောင်ဝါးခြံဝင်းအပြင်ဘက်မှာ ရှင့်ကို စောင့်နေကြတာ"

​"ရှင် ဘယ်လိုနေလဲ... သူတို့ကို သွားတွေ့ဦးမလား"

​ကုရှောင်းရွှယ်က မေးလိုက်၏။

​ထန်ထျန်းက စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

​ထို့နောက်တွင်မူ ကုရှောင်းရွှယ်၏ တွဲထူမှုဖြင့် ထန်ထျန်းက ခရမ်းရောင်ဝါးခြံဝင်း၏ တံခါးဝဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့ပြီး လက်ကို ဆန့်ကာ တံခါးမကြီးကို တွန်းဖွင့်လိုက်တော့သည်။

​မြောက်မြားစွာသော အကြည့်များက ထန်ထျန်း၏ ခန္ဓာကိုယ်ပေါ်သို့ အကုန်လုံး စုပြုံကျရောက်လာခဲ့ကြ၏။

​ဝမ်ကန်းက ဝမ်လင်းကို ပွေ့ချီထားရင်း တံခါးဝတွင် ရပ်နေခဲ့ပြီး ဘေးနားတွင်မူ သူ့ဇနီး မြောင်ယွမ် ရှိနေသည်။

​လီဟုန်နှင့် လန်ယွီ ညီအစ်မနှစ်ယောက်လည်း ရှိနေသလို ဝမ်ကျိယွီကလည်း သူ့ကို ပြုံးပြုံးလေး စိုက်ကြည့်နေခဲ့၏။

​အနောက်ဘက်တွင်မူ ဆံပင်နီနီနှင့် နေနတ်ဘုရားက လက်မောင်းနှစ်ဖက်ကို ပိုက်ထားရင်း သူ့ကို အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

​သူ့ရဲ့ ဘေးနားတွင် ဝတ်စုံဖြူ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက သူ့ကို နူးညံ့စွာ ပြုံးပြနေခဲ့၏။

​၎င်းက လနတ်သမီး ပင်။

​အခြားတစ်ဖက်တွင်မူ ထန်ထျန်းက အနည်းငယ် မျှော်လင့်မထားမိသည့် လူတစ်ယောက်ကိုပါ မြင်တွေ့လိုက်ရသေးသည်။

​လုချန်းကျီ ပင်။

​လင်းရင်က သူ့လက်မောင်းကို တွဲထားပြီး နှစ်ယောက်သား တစ်ဦးကိုတစ်ဦး မှီတွဲရင်း အလွန်ပင် ပျော်ရွှင်စွာ ပြုံးနေကြ၏။

​၎င်းတို့၏ အနောက်တွင်မူ လုံကျိုကျိုး၊ ရှို့ကျင်းကျိကျွင်း၊ ချီလင်မိန်းကလေး၊ ဟုန်းမုန့်ကျိကျွင်း ၊ ချန်တာအိုကျိကျွင်း၊ ဝူချန်းကျိကျွင်း...

​သူ သိကျွမ်းလှသော လူအားလုံးက ယခုအချိန်တွင် ကောင်းမွန်စုံလင်စွာဖြင့် ခရမ်းရောင်ဝါးခြံဝင်းအပြင်ဘက်တွင် ရပ်နေကြသည်။

​ဤအချိန်တွင် သေးငယ်လှသော ပုံရိပ်လေးတစ်ခုက လနတ်သမီး၏ အနောက်ဘက်မှ ခေါင်းပြူထွက်လာခဲ့၏။

​"ထန်ထျန်း..."

​"မင်း ငါ့ကို ခွင့်လွှတ်ပေး နိုင်မလား"

​၎င်းက ကြောင်လေး ပင် ဖြစ်ပေသည်။

​ဤရင်းနှီးလှသော မျက်နှာများကို ကြည့်ရင်း ထန်ထျန်းလည်း မရယ်ဘဲ မနေနိုင်တော့ချေ။

​"ပြန်ရောက်လာရင်ပဲ ရပါပြီ"

.....

​နှစ်ပေါင်း ရာချီ ကြာမြင့်ပြီးနောက်

​မဟာကမ္ဘာကြီး၏ အရာအားလုံးက တည်ငြိမ်အေးချမ်းသွားခဲ့ပြီ ဖြစ်သည်။

​ဂျင်ဂိုပင်ကြီး၏ တည်ရှိမှုအောက်တွင် ကမ္ဘာကြီးက နောက်ဆုံး ကွက်လပ်ကို ဖြည့်ဆည်းနိုင်ခဲ့ပြီဖြစ်ရာ အတိုင်းအဆမဲ့ ခိုင်မာတောင့်တင်းသွားခဲ့ပြီ ဖြစ်၏။

​ဤနှစ်များအတွင်း ထန်ထျန်းက ကုရှောင်းရွှယ်နှင့်အတူ ခရမ်းရောင်ဝါးခြံဝင်းအတွင်း အတူတူ နေထိုင်ခဲ့သည်။

​သူမ၏ ခန္ဓာကိုယ်ကလည်း ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်ရာ ယခင်ကကဲ့သို့ နှစ်ယောက်သား ဝိညာဉ်အဆင့်ဖြင့်သာ ဆက်သွယ်ရသည့် အခြေအနေမျိုး မဟုတ်တော့ချေ။

​တကယ်ကြီး လက်တွေ့ကျကျ၊ ချိုချိုမြိန်မြိန်ဖြင့် နက်နက်ရှိုင်းရှိုင်း အတူတူ အချိန်ဖြုန်းနိုင်ခဲ့ကြပြီ ဖြစ်သည်။

​ယခုကဲ့သို့ လူနေမှု ဘဝက ထန်ထျန်း အမြဲတမ်း မျှော်လင့်ခဲ့ရသည့် ဘဝမျိုးဖြစ်ပြီး သူ့ကို အလွန်ပင် စိတ်ကျေနပ်မှု ရရှိစေခဲ့၏။

​သို့သော်လည်း ကိစ္စတစ်ခုကတော့ သူ၏ နှလုံးသားထဲတွင် အမြဲတမ်း ဖိစီးနေခဲ့ဆဲ ဖြစ်သည်။

​အစပိုင်းတွင်မူ ဘာမှမဟုတ်ဟု ထင်ရသော်လည်း အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ဤကိစ္စ၏ အလေးချိန်က ပိုမို၍ လေးလံလာခဲ့ရ၏။

​သူက ဂျင်ဂိုပင်အောက်တွင် အမြဲတမ်း ထိုင်ကာ ငေးမောနေတတ်ပြီး လက်ထဲတွင်မူ အနက်ရောင် ပုတီးစေ့တစ်စေ့ကို ကစားနေတတ်သည်။

​လင်မယားအဖြစ် အတူနေသူဖြစ်ရာ ကုရှောင်းရွှယ်က ထန်ထျန်း၏ ပြောင်းလဲမှုကို သဘာဝအလျောက် သတိပြုမိပေသည်။

​ဒီနေ့တွင်မူ သူမက ထန်ထျန်း၏ ဘေးနားသို့ ရောက်ရှိလာခဲ့ပြီး သူ့ပခုံးပေါ်သို့ မှီလိုက်၏။

​"သွားချင်ရင်လည်း သွားလိုက်ပါ"

​ထန်ထျန်းက ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးမှ ပြောလိုက်သည်။ "ဒီတစ်ခေါက် သွားရင်"

​"တကယ်ကြီး ပြန်လာလို့ရမှာ မဟုတ်တော့ဘူး"

​ကုရှောင်းရွှယ်က ထန်ထျန်း၏ လက်ကို မြှောက်လိုက်ရင်း ထန်ထျန်း၏ လက်ညှိုးဖြင့် သူ့ နှလုံးသား တည်ရှိရာနေရာကို အသာအယာ တို့ထိစေလိုက်၏။

​"ကိစ္စမရှိပါဘူး"

​"ရှင်က အမြဲတမ်း ဒီနေရာမှာ ရှိနေမှာပဲဥစ္စာ"

​ထန်ထျန်းက စကားမပြောတော့ဘဲ ကုရှောင်းရွှယ်ကို သူ့ ရင်ခွင်ထဲသို့သာ ညင်သာစွာ ပွေ့ဖက်ထားလိုက်တော့သည်။

......

​အချိန်မြစ်၊ စစ်တုရင် နားနေဆောင်

​ထန်ထျန်းက ခြေလှမ်းများကို ဖြည်းညှင်းစွာ လှမ်းဝင်လာခဲ့ပြီး ဤတစ်ကြိမ်တွင်မူ သူက ကမ္ဘာ့အရှင် ယခင်က ထိုင်ခဲ့သည့် နေရာတွင် ပြန်လည်ထိုင်လိုက်၏။

​ထိုအနက်ရောင် ပုတီးစေ့ကို သူက စစ်တုရင်ခုံပေါ်သို့ တင်လိုက်သည်။

​သူက စစ်တုရင် ခုံကို ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့ပြီး လက်ရှိအချိန်တွင် သူ ဘာတွေ တွေးတောနေလဲဆိုတာကို မည်သူမျှ မသိနိုင်ချေ။

​ရုတ်တရက်ဆိုသလို စာသားအချို့က ထန်ထျန်း၏ မျက်စိအရှေ့တွင် လေဟာနယ်ထဲမှ ပေါ်ထွက်လာခဲ့သည်။

​【 အခုဇာတ်သိမ်းကို မင်း အခုထက်ထိ စိတ်ကျေနပ်မှု မရှိသေးဘူးလား 】

​ဤစာသားကို မြင်လိုက်ရသည့် အချိန်တွင် ထန်ထျန်းက ပြုံးလိုက်၏။

​"မင်း နောက်ဆုံးတော့ ထွက်လာခဲ့ပြီပဲ"

​【 မင်းရဲ့ ဇာတ်လမ်းက ပြီးဆုံးသွားခဲ့ပြီပဲ၊ နောက်ထပ် တခြားကိစ္စတွေကို ထပ်ပြီး မလုပ်ပါနဲ့တော့ 】

​ထန်ထျန်းက ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီးမှ မေးလိုက်သည်။ "မင်း ဘာဖြစ်လို့ ကမ္ဘာ့အရှင်ကို ပြန်ခေါ်မလာခဲ့တာလဲ"

​【 သူကိုယ်တိုင်က ပြန်မလာချင်ခဲ့တာ】

​ထန်ထျန်းက ပြုံးလိုက်၏။ "ဒါဆိုရင် သူ ဘာဖြစ်လို့ ပြန်မလာချင်ခဲ့တာလဲဆိုတာကိုကော မင်း သိလား"

​【 ငါက အရာအားလုံးကို သိတယ် 】

​ထန်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။

​"ဟုတ်သားပဲ၊ ငါတို့အားလုံးက မင်း ဖန်တီးထားခဲ့တာပဲဥစ္စာ၊ ငါတို့ရဲ့ အရာအားလုံးကို မင်းက အကုန်နားလည်တာပေါ့"

​"ဒါပေမဲ့ မင်း သိရဲ့လား... ငါတို့ကလည်း..."

​"မင်းရဲ့ ဖန်တီးမှုထဲမှာ ရှင်သန်နေရတာမျိုး မဟုတ်ဘဲ တကယ်ကြီး စစ်မှန်စွာနဲ့ အသက်ရှင်ချင်ကြတာ"

​ပြောပြီးသည်နှင့် သူက ထို အနက်ရောင် ပုတီးစေ့ကို နောက်ထပ်တစ်ကြိမ် ပြန်ကိုင်လိုက်၏။

​【 မင်း လုပ်နိုင်မှာ မဟုတ်ဘူး】

​ထန်ထျန်းက ငြင်းဆိုခြင်း မပြုခဲ့ချေ။

​"ဟုတ်တယ်၊ ငါတစ်ယောက်တည်းဆိုရင် လုပ်နိုင်မှာ မဟုတ်ဘူး"

​"ဒါကြောင့်မို့လို့ ငါက ဒီကိစ္စကို အတူတူ အကောင်အထည်ဖော်ဖို့အတွက် နောက်ထပ် လူအများကြီး လိုအပ်တယ်"

​"ဒါနဲ့... မင်းရဲ့ အားနည်းချက်က... ငါးကြည့်သူ မဟုတ်လား"

​"ဒီကမ္ဘာကြီးကို တကယ်တော့ သူတို့ ကယ်တင်ခဲ့တာပဲ"

​စာသားများက နောက်ထပ်တစ်ကြိမ် ပေါ်ထွက်မလာတော့ချေ။

​ထန်ထျန်းသည်လည်း သူ့ မျက်ဝန်းများကို မှိတ်လိုက်တော့သည်၊ သူ့ကိုယ်သူ့ ကမ္ဘာ့အရှင်၏ ထိုအနက်ရောင် ပုတီးစေ့အတွင်းသို့ ပေါင်းစည်းပစ်လိုက်သကဲ့သို့ ပင် ဖြစ်၏။

​မည်မျှအထိ အချိန်ကာလများ ကုန်ဆုံးသွားခဲ့သည်ကို မသိရဘဲ အချိန်မြစ်၏ အထက်ပိုင်းဆီမှ ရုတ်တရက် လှုပ်ရှားမှုအချို့ ပေါ်ပေါက်လာခဲ့သည်။

​ဝတ်စုံဖြူ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက အနာဂတ်၏ လမ်းကြောင်းဆီမှ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့၏။

​ထန်ထျန်းက မျက်လုံးများကို ဖွင့်လိုက်သည်။

​"မင်း ချန်ထားခဲ့တဲ့ အရာတွေကို ငါ မြင်ခဲ့ရတယ်"

​ထိုအမျိုးသားက ပြောလိုက်၏။

​ထန်ထျန်းက ခေါင်းညိတ်ပြလိုက်ရင်း ဖိတ်ခေါ်သည့် အမူအရာတစ်ခုကို ပြုလုပ်လိုက်သည်။

​အမျိုးသားက စစ်တုရင် နားနေဆောင် အတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာခဲ့၏။

​"မင်းရဲ့ နာမည်ကို မေးပါရစေ"

​ထန်ထျန်းက မေးလိုက်သည်။

​အမျိုးသား၏ အကြည့်က ဝေးကွာလှသော အရပ်ဆီသို့ ကျရောက်နေခဲ့၏။

​"မျိုးရိုးက... ရဲ့"

​"နာမည်က... ဆွေ့ဖုန်း" (လေနှင်ရာ)

​"ဒါဆိုရင်... ငါတို့ စလိုက်ကြရအောင်"

​( ပြီးပါပြီ)

All Chapters