← Chapters

အခန်း ၈၄၅

Vol. 57 Ch. 845

အခန်း ၈၄၅

Vol. 57 Ch. 845

အခန်း (၈၄၅) အမတပန်းနှင့် မသေနိုင်သော ဘီလူးကြီး (၁)

“ညနတ်ဘုရား နိုင်ငံတော်မှာရှိတဲ့ မှန်သခင်ရဲ့ ဆုလာဘ်ကို ရဖို့ဆိုရင် ဒီစမ်းသပ်ချက်ကို ဆယ်ရက်ထက်မကျော်တဲ့ အချိန်အတွင်းမှာ အောင်မြင်ရမယ်” ဟု မှန်ထဲမှလူက အေးစက်စွာ ပြောဆိုလိုက်သည်။

ဤမှန်ကမ္ဘာအတွင်း စိန်ခေါ်မှုတစ်ခုစီကို အောင်မြင်ခြင်းက မှန်သခင် ချန်ထားရစ်ခဲ့သော အကျိုးကျေးဇူးများကို ရရှိရန် အခွင့်အရေးတစ်ခု ဖြစ်သည်။ ပထမဆုံးစိန်ခေါ်မှုဖြစ်သော တိမ်တိုက်ကျောက်တံတားမှာမူ သာမန်လူများကို စစ်ထုတ်ရန်အတွက်သာ ဖြစ်သဖြင့် စိန်ခေါ်မှုအစစ်အမှန်ဟု မသတ်မှတ်နိုင်ပေ။ ဒုတိယမြောက် စိန်ခေါ်မှုဖြစ်သော ညနတ်ဘုရား နိုင်ငံတော်အတွက်မူ အောင်မြင်ပါက ဆုလာဘ်များ ပေးအပ်သော်လည်း ကန့်သတ်ချက်တစ်ခု ရှိနေသည်။ ၎င်းမှာ ဆယ်ရက်အတွင်း အောင်မြင်ရန် ဖြစ်သည်။

ညနတ်ဘုရား နိုင်ငံတော်ကို ဆယ်ရက်အတွင်း ဖြတ်ကျော်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။ သာမန် သိုင်းပညာရှင်တစ်ဦးအနေဖြင့် တစ်နေ့လျှင် ပုံဆောင်ခဲအမြုတေ တစ်သောင်းနှုန်း စုဆောင်းမှသာ လုံလောက်မည်ဖြစ်သည်။ စူးချန်ခုန်းနှင့် သူ၏ အဖော်နှစ်ဦးမှာမူ တစ်ရက်တည်းနှင့် လုံလောက်သော အမြုတေများကို စုဆောင်းနိုင်ခဲ့ရုံသာမက ပိုတောင်ပိုနေခဲ့သည်။

ခေတ္တမျှ စဉ်းစားပြီးနောက် ရှယန်ယီက စတင်၍ သူအလိုရှိသော ဆုလာဘ်ကို ပြောလိုက်သည်။ “ကျွန်တော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အားကို မြှင့်တင်ပေးနိုင်မယ့် အရာတစ်ခုကို အလိုရှိပါတယ်။”

ညနတ်ဘုရား နိုင်ငံတော်အတွင်း သတ်ဖြတ်မှုများ ပြုလုပ်နေစဉ် ရှယန်ယီသည် ကိုယ်ကာယစွမ်းအား အားနည်းနေကြောင်း သတိပြုမိခဲ့သဖြင့် ခန္ဓာကိုယ်ကို သန်မာစေမည့် အရာတစ်ခုကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီနွားမိစ္ဆာခန္ဓာကိုယ်ပြုပြင်ဆေးလုံးက မင်းရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်” မှန်ထဲမှလူက ခဏလောက် တိတ်သွားပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးလုံးတစ်လုံး ထွက်ပေါ်လာပြီး ရှယန်ယီထံသို့ ပျံသန်းသွားသည်။

ထိုဆေးလုံးမှာ လက်ထိပ်ခန့်သာ ရှိပြီး မည်းနက်နေကာ ဆေးလုံးအတွင်း၌ ကောင်းကင်သို့ ဟောက်နေသော နွားမိစ္ဆာတစ်ကောင်၏ ပုံရိပ် ရှိနေပြီး ရိုင်းစိုင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ဤနွားမိစ္ဆာ ခန္ဓာကိုယ်ပြုပြင် ဆေးလုံးမှာ ထိပ်တန်းအဆင့် ခန္ဓာကိုယ်ပြုပြင်ဝိညာဉ်ဆေးလုံးများထဲတွင် ပါဝင်ပြီး သန့်စင်ဆေးလုံးအဆင့်၏ အောက်တစ်ဆင့်တွင်သာ ရှိသည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲ”

ရှယန်ယီက ၎င်းကို ဖမ်းယူကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ သူ၏ ရှယန်မျိုးနွယ်စုတွင်ပင် မရှိနိုင်သော ဤကဲ့သို့သော ဝိညာဉ်ဆေးလုံးကို သူ ဂရုတစိုက် စစ်ဆေးနေမိသည်။ ရှယန်မျိုးနွယ်စုတွင် နက်ရှိုင်းသော အမွေအနှစ်များ ရှိသော်လည်း မဟာနတ်ဘုရားစွမ်းရည် သိုင်းဝိဇ္ဇာသူတော်စင်ဖြစ်သော မှန်သခင်နှင့် ယှဉ်လျှင်မူ ကွာဟချက် ရှိနေသည်မှာ အမှန်ပင်။

ဟုန်ကျန်းရှန့်ကလည်း ခဏမျှ စဉ်းစားပြီးနောက် သူ၏ အဖြေကို ပြောကြားလိုက်သည်။ “ကျွန်တော်ကတော့ ဝိညာဉ်နဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်မယ့် အရာတစ်ခုကို လိုချင်ပါတယ်”

ဟုန်ကျန်းရှန့်၏ ခန္ဓာကိုယ်မှာ မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်ဖြစ်သဖြင့် အလွန်အမင်း အားကောင်းသော်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးသွားနိုင်သည့် အန္တရာယ် အမြဲရှိနေသည်။ ထို့ကြောင့် သူ၏ ဝိညာဉ်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကို မြှင့်တင်ခြင်းက ထိုအပြောင်းအလဲများကို တွန်းလှန်ရန် အထောက်အကူ ဖြစ်စေလိမ့်မည်။

“ဒီဝိညာဉ်သန့်စင် ကျောက်စိမ်းက မင်းအတွက် အသုံးဝင်လိမ့်မယ်” ဟု မှန်ထဲမှလူက ဆိုကာ ဟင်းလင်းပြင်ထဲသို့ လက်လှမ်းလိုက်ရာ စိမ်းလဲ့သော ကျောက်စိမ်းဆွဲသီးတစ်ခု ထွက်ပေါ်လာပြီး ၎င်းကို ဟုန်ကျန်းရှန့်ထံသို့ ပစ်ပေးလိုက်သည်။

“ဟင်… အံ့ဩစရာပဲ။”

ဝိညာဉ်သန့်စင် ကျောက်စိမ်းကို ဖမ်းယူလိုက်စဉ်မှာပင် ဟုန်ကျန်းရှန့်၏ မျက်နှာ ဝင်းပသွားလေ၏။ ကျောက်စိမ်းကို ထိတွေ့လိုက်သည်နှင့် အေးမြသော ခံစားချက်တစ်ခု ထွက်ပေါ်လာပြီး သူ၏ ဝိညာဉ်မှာ ရေအေးဖြင့် ဆေးကြောလိုက်ရသကဲ့သို့ စိတ်ခံစားမှုများကို တည်ငြိမ်သွားစေသည်။ အမှန်တကယ်ပင် ဤကျောက်စိမ်းမှာ ဟုန်ကျန်းရှန့်အတွက် ရတနာတစ်ခုပင် ဖြစ်သည်။

ရှယန်ယီက ခန္ဓာကိုယ် သန်မာစေမည့် ဆေးလုံးကို ရရှိပြီး ဟုန်ကျန့်ရှန်းက ဝိညာဉ်သန့်စင် ကျောက်စိမ်းကို ရရှိခဲ့ရာ ယခုအခါ စူးချန်ခုန်း တစ်ဦးတည်းသာ ဆုလာဘ်ရရန် ကျန်တော့သည်။

“ကျွန်တော်ကတော့ သက်တမ်းကို တိုးစေမယ့် အရာတစ်ခု လိုချင်ပါတယ်။”

စူးချန်ခုန်းက များများစားစား စဉ်းစားမနေဘဲ တောင်းဆိုလိုက်သည်။ စူးချန်ခုန်းအတွက်မူ မည်သည့် နတ်ဘုရားလက်နက် သို့မဟုတ် နတ်ဘုရားမျိုးစေ့ထက်မဆို သက်တမ်းတိုးစေမည့် အရာကသာ ပို၍ အသုံးဝင်ပါသည်။

သက်တမ်း နှစ်ပေါင်း ၅၀၀ အထိ ရောက်ရှိပြီးကတည်းက စူးချန်ခုန်းမှာ အကန့်အသတ်တစ်ခုနှင့် ကြုံတွေ့နေရသည်။ သူ၏ လက်ထဲတွင် ကောင်းကင်နဂါးဂိတ်ကို ဖြတ်ကျော်ပြီးနောက် အဆင့်မြှင့်တင်ထားသော မိစ္ဆာသက်တမ်းဆေးလုံး တစ်လုံး ကျန်ရှိနေသေးသော်လည်း ၎င်းကို သုံးစွဲခြင်းက မည်သည့်ထူးခြားမှုမျှ မရှိတော့ပေ။ စူးချန်ခုန်းက သူ၏ သက်တမ်းမှာ အကန့်အသတ်သို့ ရောက်ရှိနေပြီဟု ယူဆထားသည်။

ဤအကန့်အသတ်ကို ဖြတ်ကျော်ရန်မှာ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာခြင်း သို့မဟုတ် ထိပ်တန်း ဝိညာဉ်ဆေးဝါးများကို ရရှိခြင်းမှတစ်ပါး အခြားနည်းလမ်း မရှိသလောက်ပင်။ နဂါးအသွင်ပြောင်းတံခါးသည် လူတစ်ဦး၏ ပါရမီနှင့် အလားအလာကို မြှင့်တင်ပေးနိုင်သော်လည်း စူးချန်ခုန်း ဝင်ရောက်ခဲ့စဉ်က သူ၏ သက်တမ်းမှာ တိုးမလာခဲ့ဘဲ စွမ်းရည်တန်ဖိုး သုံးမှတ်သာ တိုးလာခဲ့သည်။ ထို့ကြောင့် ဤမှန်ကောင်းကင်ဘုံကမ္ဘာအတွင်း သူ၏ သက်တမ်းနှင့် အလားအလာကို တိုးမြှင့်ပေးနိုင်မည့် အရာများ ရှိမရှိ စမ်းသပ်လိုခြင်း ဖြစ်သည်။

စူးချန်ခုန်းက သက်တမ်းတိုးစေမည့် အရာကို တောင်းဆိုလိုက်သည့်အခါ ရှယန်ယီနှင့် ဟုန်ကျန်းရှန့်တို့ အနည်းငယ် အံ့အားသင့်သွားကြသည်။ စူးချန်ခုန်းမှာ တော်တော်လေး ငယ်သေးပြီး သေဆုံးရန် အချိန်တွေ အများကြီး လိုနေသေးသည်ကို သူတို့သိထားကြသဖြင့် ဤတောင်းဆိုမှုမှာ မလိုအပ်ဟု ထင်မိကြသည်။

မှန်ထဲမှလူသည်လည်း ဟာလာဟင်းလင်းပြင်ထဲသို့ လက်လှမ်းလိုက်ရာ ပွင့်ဖတ် သုံးဖတ်ရှိပြီး အဖြူရောင် သန့်သန့်ရှိကာ မျက်နှာပြင်ပေါ်တွင် သက်စောင့်စွမ်းအားများ စီးဆင်းနေသော ပန်းတစ်ပွင့် ထွက်ပေါ်လာသည်။

မှန်ထဲမှလူက တည်ငြိမ်စွာပင် “ဒါက အမတပန်းလို့ ခေါ်တယ်။ သက်တမ်းတိုးစေတဲ့ သန့်စင်ဆေးလုံးဖြစ်တဲ့ အမတသန့်စင်ဆေးလုံး ဖော်စပ်ရာမှာ အဓိက ပါဝင်တဲ့ အရာတစ်ခုပေါ့။ အရမ်းကို အဖိုးတန်တယ်။ အမတ သန့်စင်ဆေးလုံးရဲ့ တန်ဖိုးက နတ်ဘုရားမျိုးစေ့တစ်ခုထက် မနိမ့်ပါဘူး။ ဒီ ဒုတိယမြောက် စိန်ခေါ်မှုရဲ့ ဆုလာဘ်က အဲဒီဆေးလုံးအဆင့်အထိ မပေးနိုင်ပေမယ့် သက်တမ်းတိုးစေတဲ့ အစွမ်းရှိတဲ့ ဒီအမတန်းကတော့ မင်းအတွက် အသုံးဝင်လိမ့်မယ်” ဟု ဆိုသည်။

“သန့်စင်ဆေးလုံးလား”

စူးချန်ခုန်းက သန့်စင်ဆေးလုံးများသည် ဝိညာဉ်ဆေးလုံးများထက် ပိုမိုမြင့်မားပြီး သိုင်းဝိဇ္ဇာသူတော်စင်များပင်လျှင် အလွယ်တကူ မရရှိနိုင်ကြောင်း နားလည်ထားသည်။ သက်တမ်းတိုးစေသော သန့်စင်ဆေးလုံးမှာမူ တန်ဖိုးမှာ အဆမတန် မြင့်မားလှသည်။

ညနတ်ဘုရား နိုင်ငံတော် စိန်ခေါ်မှုကို အောင်မြင်ခြင်းက သန့်စင်ဆေးလုံး ရရှိရန် မလုံလောက်သော်လည်း အကယ်၍ တတိယမြောက် စိန်ခေါ်မှုကိုသာ အောင်မြင်ပါက ဆုလာဘ်အဖြစ် သန့်စင်ဆေးလုံးကို ရွေးချယ်နိုင်မည်ဖြစ်သည်။ သက်တမ်းတိုးစေသော သန့်စင်ဆေးလုံးက စူးချန်ခုန်း၏ သက်တမ်းကို များစွာ တိုးမြှင့်ပေးနိုင်မည်မှာ သေချာပါသည်။

“ဒါဆိုလည်း အမတပန်းပဲပေါ့၊ မရှိတာထက်စာရင် ရှိတာက ပိုကောင်းတာပဲ” စူးချန်ခုန်းက ဖြူဖွေးသန့်စင်သော အမတပန်းကို ဖမ်းယူရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

“ကောင်းပြီ။ နောက်ထပ် စိန်ခေါ်မှုရဲ့ ပန်းတိုင်မှာ ငါတို့ ပြန်တွေ့ကြတာပေါ့။ နောက်ထပ် စိန်ခေါ်မှုကတော့ သေမင်းတောင်တန်းပဲ။ သေမင်းတောင်တန်းကို ခြေကျင်ဖြတ်ကျော်ရမှာက စမ်းသပ်ချက်ပဲ။ အားလုံးပဲ ပန်းတိုင်ကို ရောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” မှန်ထဲမှလူက ထိုသို့ဆိုကာ သူ၏ ဝေဝါးနေသော ပုံရိပ်မှာ အမှောင်ထုအတွင်းသို့ လုံးဝ ပျောက်ကွယ်သွားတော့သည်။

All Chapters