← Chapters

စစ်မှန်သည့် အမွေအနှစ်

Vol. 005 Ch. 216

စစ်မှန်သည့် အမွေအနှစ်

Vol. 005 Ch. 216

ထိုစဉ် သတ္တဝါကြီး၏ ခေါင်းထက်တွင် ရပ်နေသည့် လူက ဝမ်လင်းအား ထူးဆန်းစွာ ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။

“မဖြစ်နိုင်ဘူး ... ”

ဝမ်လင်းက အက်ကွဲကြောင်း အတွင်းသို့ ဝင်ရောက် သွားသည်တွင် ထိပ်တန်းစွမ်းအင် ကျောက်တုံးများ ...၊ သက်စောင့်ရတနာ ၁၀ ခုနှင့် သားရဲ ထောင်ချောက်တို့ ပါဝင်သည့် သိုလှောင်အိတ်သည် အလင်းတန်း များဖြင့် စတင်လင်းလက် လာကြတော့သည်။

သို့သော် သူ အက်ကွဲကြောင်း အတွင်းသို့ ရောက်သည့် အခါတွင် ထိုအလင်းတန်းများ လင်းလက်နေသည့် သိုလှောင်အိတ်မှာ ချက်ချင်းပင် မှေးမှိန်သွား လေသည်။ ဝမ်လင်းက ထိုအဘိုးကြီး များသည် သူ့ကို ဤရတနာများ ပေးခဲ့ရာ၌ ထိုအဘိုးကြီးများ ထံတွင် ဤရတနာများအား အဝေးမှ ထိန်းချုပ်နိုင်သည့် နည်းလမ်းများ ရှိလိမ့်မည် ဖြစ်ကြောင်းကို ကြိုတင်တွက်ဆ ထားမိပြီး ဖြစ်သည်။

ထို့ကြောင့်ပင် သူက ဤရတနာများအား လက်ခံရရှိသည့်အ ချိန်မှစ၍ အမြဲမပြတ် သတိထား စောင့်ကြည့် နေခဲ့ခြင်းပင်။

ထို့ကြောင့်ပင် သူက အန္တရာယ် ပေးနိုင်သည့် နတ်ဘုရား စိတ်အာရုံများ မဝင်ရောက် နိုင်သည့် အက်ကွဲကြောင်းအား အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

ဝမ်လင်းက အက်ကွဲကြောင်း အတွင်းသို့ ဝင်ရောက် သွားသည့် အချိန်တွင် အဘိုးကြီးသည် သူ၏ နတ်ဘုရား စိတ်အာရုံက ဤအက်ကွဲကြောင်းများ အတွင်းသို့ မဝင်ရောက် နိုင်ကြောင်း သတိထားမိ သွားတော့သည်။

ထာဆန်းကလည်း အဘိုးကြီးအား လှောင်ပြောင် အထင်သေးသည့် ဟန်ဖြင့် ကြည့်ကာ ပြုံးလိုက်၏။ ထို့နောက် တစ်ချက်မျှ အော်ဟစ်ကြုံးဝါး လိုက်ကာ သူ၏ ညာလက်အား ဝှေ့ယမ်းလိုက်ပြီး အနီရောင် အလင်းတန်း စက်ကွင်းများကို တစ်ခုပြီးတစ်ခု စတင်ထုတ်ဖော် တော့သည်။ အနီရောင် အလင်းတန်း စက်ကွင်းများသည် မူလ သေးငယ်နေရာမှ တဖြည်းဖြည်း ကြီးမားလာကာ အရပ်မျက်နှာ အနှံ့အပြားသို့ ရောက်ရှိသွား ကြတော့သည်။

ထိုစဉ် ထာဆန်းအား ရစ်ပတ်ထားသည့် ထူးဆန်းသည့် အရာက ပြင်းထန်စွာ တုန်ခါလာတော့သည်။ ဤတွင် အဘိုးကြီးသည် အက်ကွဲကြောင်း အတွင်းသို့ ဝင်ရောက်သွားသည့် ဝမ်လင်းအား အာရုံစိုက်နိုင်ခြင်း မရှိတော့ပဲ အဆိုပါ ထူးဆန်းသည့် အရာကြီးကိုသာ ပြန်လည် တည်ငြိမ်အောင် အာရုံစိုက်ရ လေတော့သည်။

သတ္တဝါကြီး၏ ဦးခေါင်းထက်ရှိ ကြေးခွံများနှင့် လူသည် အတန်ငယ် ကြာအောင် စဉ်းစားလိုက်ပြီး သူ၏ လက်အား မျက်ခုံး ၂ ခုအကြားသို့ ညွှန်လိုက်သည်တွင် သူ၏ခန္ဓာကိုယ်သည် လူနှစ်ယောက် အဖြစ်သို့ ကွဲထွက် သွားလေသည်။ ထို့နောက်သူ၏ ခန္ဓာကိုယ် တစ်ခုက ထူးဆန်းသည့် အရာကြီးထံသို့ ပြေးထွက်လိုက်ကာ ထူးဆန်းသည့် အရာကြီးအား လက်ဖြင့် ထိလိုက်ကာ လင်္ကာတစ်ခုအား ရွတ်ဆိုလိုက်သည်။ ယင်းလင်္ကာက ဤထူးဆန်းသည့် အရာကြီးအား ချိပ်တံ ဆိပ်အမှတ်အသား ခတ်နှိပ်နိုင်စွမ်း ရှိလေသည်။

ထိုလူ၏ မျက်လုံးများထဲတွင် အလင်းရောင် တစ်ချက် လက်သွားပြီး သူ၏ ညာလက်အား ဝှေ့ယမ်း လိုက်သည်တွင် ထာဆန်း၏ လက်ထဲရှိ လှံရှည် နှင့်တူညီသည့် ပုံရိပ်ယောင် လှံရှည် တစ်ချောင်း ထွက်ပေါ် လာတော့သည်။ ထာဆန်း လက်ထဲရှိ လှံရှည်နှင့် မတူညီသည်မှာ ယင်းလှံရှည်မှာ ပုံရိပ်ယောင် ဖြစ်နေခြင်းပင်။

သို့သော် ယင်း ပုံရိပ်ယောင် လှံရှည်ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါ အငွေ့အသက်များမှာ ထာဆန်း လက်ထဲရှိ လှံရှည်မှ အငွေ့အသက်များနှင့် ထပ်တူညီ နေခြင်းပင်။ ထို လူသည် ရုတ်တရက် ရှေ့သို့ ပြေးထွက်လာကာ ထာဆန်းအား တိုက်ခိုက် လိုက်သည်။

ထိုအခိုက်တွင် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် အရာကြီး၏ အပြင်ဘက်ရှိ ထိုလူ၏ အခြားခန္ဓာကိုယ် တစ်ခုသည် လေထဲတွင် ရပ်လျက် လင်္ကာတစ်ခုကို ရွတ်ဆိုလိုက်ကာ ထူးဆန်းသည့် လက်ဟန် တစ်ခုကို ပြုလုပ် လိုက်လေသည်။ ထိုသို့ လုပ်လိုက်သည်တွင် သူ့အနီး၌ မရေမတွက် နိုင်အောင် များပြားလှသည့် ခရမ်းရောင် လျှပ်စီး ဘောလုံး များစွာ ဖြစ်ပေါ်လာသည်။

ခရမ်းရောင် လျှပ်စီး ဘောလုံးများသည် တဖြည်းဖြည်းနှင့် ပိုမိုများပြားလာပြီး အသံများပင် တစ်ဖျစ်ဖျစ် မြည်လာလေသည်။ အဖျက်အဆီး ငွေ့အသက် များကလည်း ယင်းခရမ်းရောင် ဘောလုံးများမှ ထွက်ပေါ်လာကြတော့သည်။

ထိုလူသည် များစွာသော နည်းစနစ်များအား အသုံးပြု နေသော်လည်း သူ၏ မျက်လုံးများမှာကား သတ္တဝါကြီး၏ ကိုယ်ပေါ်ရှိ ထူးဆန်းသည့် ကြေးခွံလေးပေါ်မှ မခွာချေ။ သူ၏ စိတ်အာရုံအား ဖြန့်ကျက်ထားကာ ပတ်ဝန်းကျင်အား သေချာ စစ်ဆေးလျက် ရှိနေသည်။

ဤအဖြစ်အပျက် များသည် ဝမ်လင်း တစ်ယောက် အက်ကွဲကြောင်း အတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားသည့် အချိန်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အဘိုးကကြီးက ထူးဆန်းသည့် ပုံသသဏ္ဌာန်ရှိ အရာကြီးအား တည်ငြိမ်အောင် ပြုလုပ်ရန် အာရုံ စူးစိုက် လိုက်သည်တွင် သတ္တဝါကြီး၏ ကိုယ်ပေါ်ရှိ ထူးဆန်းသည့် ကြေးခွံ အနီးတွင် အက်ကွဲကြောင်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

အနက်ရောင်အရိပ် တစ်ခုက ယင်းအက်ကွဲကြောင်း အတွင်းမှ ထွက်ပေါ်လာသည်။

အဘိုးကြီးနှင့် ကြေးခွံနှင့် လူတို့က ယင်းအက်ကွဲကြောင်း ထွက်ပေါ်လာကာ အတွင်းမှ အရိပ်တစ်ခု ထွက်ပေါ်လာသည်ကို ချက်ချင်းပင် သတိထားမိ လိုက်ကြသည်။ ထိုစဉ် အဘိုးကြီး၏ မျက်နှာတွင် လွန်စွာ မုန်းတီးသည့် ဟန်များ ထွက်ပေါ်လာသည်။

သူက တစ်ချိန်တည်းတွင် လက်ဟန်နှစ်ခုကို ပြုလုပ်လိုက်သည်။ ဘယ်ဘက်လက်ဖြင့် ထူးဆန်းသည့် ပုံသဏ္ဌာန်ရှိသည့် အရာကြီးအား ပြန်လည် ထိန်းချုပ်နိုင်မည့် အစီအရင် တစ်ခုအား ထုတ်ဖော်လိုက်ပြီး ညာဘက်လက်နှင့် အက်ကွဲကြောင်း ဖြစ်ပေါ်လာသည့် ဘက်သို့ ညွှန်လိုက်၏။ သို့သော် ချက်ချင်း ဆိုသလိုပင် သူ့လက်အား ပြန်ရုပ်လိုက်ကာ အေးစက်စွာ ပြုံးလိုက်သည်။ အဘယ့်ကြောင့် ဆိုသော် ဤအက်ကွဲကြောင်း ထွက်ပေါ်လာသည့် အချိန်မှစ၍ သူ၏ နတ်ဘုရား စိတ်အာရုံနှင့် သက်စောင့် ရတနာများ အကြားရှိ ဆက်သွယ်မှုများ ပြတ်တောက် သွားခဲ့ခြင်းကြောင့်ပင်။

ကြေးခွံနှင့်လူက ယင်းအက်ကွဲကြောင်း အတွင်းမှ ထွက်လာသည့် အရိပ်အား တစ်ချက်ပင် မကြည့်ချေ။ သို့သော် သူ၏ လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်ပြီး ခရမ်းရောင် လျှပ်စီးဘောလုံး လေးများကို ထုတ်ဖော်လိုက်ကာ ထို အက်ကွဲကြောင်း အတွင်းမှ ထွက်လာသည့် အနက်ရောင်အရိပ် ရှိရာဘက်သို့ ပစ်လွှတ် လိုက်လေသည်။

သို့သော် တစ်ခဏမျှ အကြာတွင် ကြေးခွံနှင့်လူက မျက်မှောင် တစ်ချက် ကြုတ်လိုက်ကာ ခရမ်းရောင်လျှပ်စီး ဘောလုံးများ၏ ဦးတည်ရာအား ပြောင်းလဲလိုက်သည်။ သို့သော် ယင်း အနက်ရောင် အရိပ်သည် ထိုခရမ်းရောင်လျှပ်စီး ဘောလုံးများအား ရှောင်တိမ်းရမည့် အစား လျစ်လျူရှုကာ သူ့ထံသို့ ဝင်လာသည့် ဘောလုံးများဆီသို့ တစ်ရှိန်ထိုး ပြေးဝင်သွားသည်။

အနက်ရောင် အရိပ်သည် ရှေ့သို့ လျင်မြန်စွာ ရွေ့လျားလိုက်ကာ ခရမ်းရောင် လျပ်စီးဘောလုံးများနှင့် ဝင်တိုက်လိုက်သည်။ ထို့နောက် အနက်ရောင် အရိပ်သည် သေးငယ်သည့် သတ္တဝါငယ်လေးများ အဖြစ်သို့ ပြောင်းလဲသွားကာ ခရမ်းရောင် လျှပ်စီးဘောလုံး များအား ဖျက်ဆီး လိုက်သည်။

ထိုအခိုက်တွင် ကျယ်လောင်သည့် မိုးချုန်းသံကြီး တစ်ခု ထွက်ပေါ်လာပြီး ကြီးမားလှသည့် အနက်ရောင် လေဆင်နှာမောင်းကြီး လေးခုက အက်ကွဲကြောင်း အနီးတွင် ဖြစ်ပေါ်လာသည်။

လေဆင်နှာမောင်းကြီးများက အရှိန်အဟုန် ပြင်းစွာ လှည့်ပတ်လျက် ရှိနေပြီး လေဆင်နှာမောင်း လေးခု အနက် တစ်ခုသည် အတွင်းထဲတွင် တစ်စုံတစ်ခုအား ဖုံးကွယ်ထား သကဲ့သို့ ရှိနေလေသည်။ ထိုစဉ် ကြေးခွံနှင့်လူ၏ မျက်နှာတွင် ထူးဆန်းသည့် အမူအရာများ ထွက်ပေါ်လာသည်။ ထို့နောက် လေဆင်နှာမောင်း များအား သေချာ ဂရုတစိုက် ကြည့်အပြီးတွင် အထင်သေးသည့် အပြုံးတစ်ခုက သူ၏ မျက်နှာထက်တွင် ထွက်ပေါ်လာတော့သည်။ ဤ လေဆင်နှာမောင်း များထဲတွင် ရှိနေသည်ကား ဝမ်လင်း မဟုတ်ဘဲ ဝိညာဉ်အပိုင်းအစ အချို့သာ ဖြစ်နေ၏။ ကြည့်ရသည့်မှာ ဤနေရာရှိ လူများအားလုံး လှည့်စား ခံလိုက်ရပုံပင်။

ထို့နောက်တွင် သူက လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်ကာ ခရမ်းရောင် လျှပ်စီးဘောလုံး များအား ထုတ်ဖော်လိုက်ပြီး လေဆင်နှာမောင်းများ ရှိရာသို့ ပစ်လွှတ်လိုက်၏။ သို့သော် ဤတစ်ကြိမ်တွင်တော့ သူ၏ ဦးတည်ရာ ပစ်မှတ်သည်ကား အက်ကွဲကြောင်း ဆီသို့ပင်။

အဘိုးကြီးကလည်း ထိုအရာကို တွေးမိလိုက်ဟန် တူသည်။ သူ၏ ညာဘက်လက်အား မြှောက်လိုက်ကာ အက်ကွဲကြောင်း ဆီသို့ ညွှန်လိုက်၏။

ထိုအခိုက်တွင် လေဆင်နှာမောင်း လေးခုသည် ကြေးခွံနှင့်လူအား ကျော်ဖြတ်ကာ အလွန်ကြီးမားသည့် သတ္တဝါကြီးဆီသို့ ရောက်ရှိသွားသည်။

ခရမ်းရောင်လျှပ်စီး ဘောလုံးများက အက်ကွဲကြောင်းအား ထိမှန်သည်တွင် အက်ကွဲကြောင်းမှာ တဖြည်းဖြည်း သေးငယ်လာကာ နောက်ဆုံးတွင် ပျောက်ကွယ် သွားတော့၏။

ကြေးခွံနှင့်လူကလည်း စကားတစ်ခွန်းမှ မပြောပဲ သူ၏ လက်နှစ်ဖက်လုံးအား ဝှေ့ယမ်းလိုက်ကာ ခရမ်းရောင်လျှပ်စီး ဘောလုံးပေါင်း မြောက်မြားစွာကို ထုတ်ဖော်လိုက်ပြီး လေဆင်နှာမောင်း လေးခုဆီသို့ စေလွှတ် လိုက်တော့သည်။ သူက ထာဆန်းနှင့် လေဆင်နှာမောင်း လေးခုအား တစ်ပြိုင်တည်း တိုက်ခိုက်နိုင်သည်ဟု တွေးထင်ထားသည့် အလားပင်။

ယင်းအခိုက်တွင် ထူးဆန်းသည့် ပုံသဏ္ဌာန်ရှိသည့် အရာကြီး၏ အလယ်တွင် ပိတ်မိနေသည့် ထာဆန်းက အနက်ရောင် လေဆင်နှာမောင်း လေးခုအား ကြည့်ကာ ဘာဖြစ်နေသည့်ကို နားလည်သွားသည်။ ထို့နောက် ကျယ်လောင်စွာ ရယ်မော လိုက်တော့သည်။ တစ်ချိန်တည်းတွင် သူနှင့် တိုက်ခိုက်နေသည့် လူကို လျစ်လျူရှုလိုက်ပြီး အလွန်ရှုပ်ထွေး ဆန်းကျယ်သည့် လင်္ကာအချို့အား ရွတ်ဆိုလိုက်ရာ သူ၏ ခန္ဓာကိုယ်က သွေးနီရောင် မြူခိုးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထို့နောက်တွင် သွေးနီရောင် မြူခိုးများက အရပ်မျက်နှာ အနှံအပြားသို့ ပျံ့နှံ့ပျောက်ကွယ် သွားတော့သည်။ ထိုအခါ သူ့ကို ပိတ်လှောင်ထားသည့် ထူးဆန်းသည့် ပုံသဏ္ဌာန်ရှိသော အရာကြီးက ရုတ်တရက် ပျက်စီးသွားကာ လေထဲတွင် တုန်ခါမှုတစ်ခုပင် ဖြစ်ပေါ်သွားသည်။

ထိုအခါ ထူးဆန်းသည့် ပုံသဏ္ဌာန်ရှိသည့် အရာကြီးအား ထိန်းချုပ်နေသော အဘိုးကြီး ၁၀ ယောက်တို့သည် လွန်စွာ ထိတ်လန့်တုန်လှုပ် သွားကြတော့သည်။ ၎င်းတို့ ထိန်းချုပ်နေသည့် အရာကြီးမှာ ပျက်စီးသွားခဲ့ရပြီး ယင်းပျက်စီးခြင်းမှ ထွက်ပေါ်လာသော တုန်ခါမှုက ဒူမိုအပါအဝင် အဘိုးကြီး (၆) ယောက်အား ထိမှန်သွားခဲ့သည်။ထိုမျှသာမက သွေးနီရောင် မြူခိုးများကလည်း သူတို့၏ ခန္ဓာကိုယ် အတွင်းသို့ ဒေါသတကြီး တိုးဝင်သွားကြကာ ကိုယ်တွင်း အင်္ဂါများအား တိုက်ခိုက်ဖျက်ဆီး တော့လေသည်။ ထို့နောက်တွင်တော့ သွေးနီရောင် မြူခိုးများသည် ၎င်းတို့၏ ဦးခေါင်းမှတစ်ဆင့် ပြန်ထွက်သွား ကြတော့သည်။

ထိုသို့သွေးနီရောင် မြူခိုးများ အပြင်သို့ ထွက်သွားသည်တွင် အဖိုးကြီး ၆ ယောက်၏ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်သည့် အကြည့်များနှင့် ပြည့်နှက်နေပြီး ၎င်းတို့၏ ခန္ဓာကိုယ်များ သည်လည်း ရုတ်တရက် ပြိုလဲကျသွားကာ ဝိညာဉ်သေပင်လယ် အတွင်းသို့ ကျရောက်သွား ကြတော့သည်။

ထိုအခါ ကြေးခွံနှင့်လူက ဝမ်လင်းနောက်သို့ လိုက်နေရာမှာ ရပ်လိုက်ပြီး နောက်သို့ ပြန်လှည့်လိုက်သည်။ ယခုအခါတွင် သူ့ထံတွင် ဝမ်လင်းနောက်သို့ လိုက်ရန် အချိန်မရှိတော့ချေ။ သူ၏ လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းလိုက်ကာ အနက်ရောင် လေဆင်နှာမောင်း များဆီသို့ စေလွှတ်လိုက်သည့် ခရမ်းရောင်လျှပ်စီး ဘောလုံးများအား ပြန်လည် ဆင့်ခေါ်လိုက်ပြီး သွေးနီရောင် မြူခိုးများရှိရာသို့ ပစ်လွှတ် လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် ကြေးခွံနှင့်လူ၏ အခြားခန္ဓာကိုယ် တစ်ခုလည်း သူ့လက်ထဲရှိ ပုံရိပ်ယောင် လှံရှည်အား ပစ်သွင်းလိုက်သည်တွင် ပုံရိပ်ယောင် လှံရှည်သည် အနက်ရောင် နဂါးကြီးအသွင် ပြောင်းလဲသွားကာ သွေးနီရောင် မြူခိုးများဆီသို့ ပြေးဝင်သွား တော့သည်။

အသက်ရှင် ကျန်ရစ်သည့် လူ လေးယောက်တို့မှာလည်း လွန်စွာပင် ထိတ်လန့်တုန်လှုပ် နေကြတော့သည်။ အစက သူတို့က ထာဆန်း ထံတွင် ဤသို့ထူးဆန်းသည့် နည်းစနစ် ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ကြချေ။ ယခုတော့ ဤနည်းစနစ်ကြောင့်သူတို့ အပေါင်းအပါ ၆ ယောက်ပင် သေဆုံးသွားခဲ့ရပြီ မဟုတ်ပါလား။

ထာဆန်း၏ နည်းစနစ်ကို ပုံတူကူးထားသည့် ခရမ်းရောင် လျှပ်စီးဘောလုံးများ နှင့် အနက်ရောင် နဂါးတို့က သွေးနီရောင်မြူခိုး ရှိရာသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။ ယင်းအရာများက အရပ်မျက်နှာ ပေါင်းစုံမှ ဝင်ရောက် လာကြခြင်းပင်။

ထိုအခိုက်တွင် သွေးနီရောင် မြူခိုးထံသို့ လာနေကြသည့် အရာများထဲမှ တစ်ခုက အနက်ရောင် လေဆင်နှာမောင်း များဆီသို့ ရုတ်တရက် ပြေးဝင်သွားလေသည်။

ထိုအခိုက်တွင် ရုတ်တရက် ဆိုသလိုပင် ကြေးခွံနှင့်လူ၏ ကိုယ်ပွား ခန္ဓာကိုယ်သည် အနက်ရောင် လေဆင်နှာမောင်းကို အနီးသို့ ရောက်ရှိသွားပြီး သူ၏လက်ကို ဝှေးယမ်းလိုက်ကာ အနီရောင် အလင်းတန်း တစ်ခုကို ထုတ်ဖော်လိုက်သည်။ ထိုစဉ်လေဆင်နှာမောင်း လေးခုတို့မှာလည်း လေဆင်နှာမောင်း တစ်ခုတည်း အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားလေသည်။

ထိုနောက် လေဆင်နှာမောင်း မှာလည်း ပြိုကွဲသွားကာ မရေမတွက် နိုင်လောက်အောင် များပြားလှသည့် ဝိညာဉ် သတ္တဝါလေးများ အဖြစ်သို့ ပြောင်းလဲသွားပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ရောက်ရှိသွား ကြတော့သည်။

ဝိညာဉ်အချို့သည် သတ္တဝါကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ကြေးခွံများအား ဝင်ရောက် တိုက်ခိုက် ကြလေသည်။

ထိုသို့ရုတ်တရက် ပြောင်းလဲသွားသည့် အဖြစ်အပျက်များကြောင့် ကိုယ်ပွား ခန္ဓာကိုယ်မှ အံ့အားသင့်ကာ ရပ်တန့်သွား လေတော့သည်။ ထို့နောက် ကိုယ်ပွားခန္ဓာကိုယ်မှာ ပြုံးလိုက်ပြီး သူ၏လက်အား နေရာအနှံ့အပြားသို့ ညွှန်လိုက်သည်။

သူ ညွှန်လိုက်သည့် နေရာတိုင်းရှိ သတ္တဝါငယ်လေး များ၏ ဝိညာဉ်များသည် ပျောက်ကွယ်သွား ကြလေသည်။

သို့သော် တစ်ချိန်တည်းမှာပင် သတ္တဝါကြီးအား တိုက်ခိုက်နေသည့် ဝိညာဉ်များမှာ တဖြည်းဖြည်း ပိုမို များပြားလာတော့သည်။

ထိုသို့ များပြားလာသည့် ဝိညာဉ်များထံမှ မိစ္ဆာဆန်သည့် အငွေ့အသက်များ ထုတ်လွှတ်လျက် ရှိနေပြီး မကြာမီမှာပင် ပေါက်ကွဲ သွားတော့သည်။

ယင်းဝိညာဉ်များသည် ဆက်တိုက် ဆိုသလိုပင် ပေါက်ကွဲ လာကြသည်။ ကျန်ရှိနေသော ဝိညာဉ်များအားလုံး ပေါက်ကွဲပြီးသည်တွင် ယင်းဝိညာဉ်များ ပေါက်ကွဲသွားသည့် နေရာ အနီးတစ်ဝိုက်တွင် စိတ်စွမ်းအင်များ ပြည့်နှက် သွားတော့သည်။

ထိုသို့ ဝိညာဉ်များ ပေါက်ကွဲနေသည့် အချိန်တွင် အက်ကွဲကြောင်း တစ်ခုက သတ္တဝါကြီး အနီးတွင် ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုက ယင်းအက်ကွဲကြောင်း အတွင်းမှ လျင်မြန်စွာ ထွက်လာတော့သည်။ ယင်းပုံရိပ်က အလင်းရောင် တစ်ချက်နှင့်အတူ လျှပ်စီး အလင်းတန်းသဖွယ် အမြန်နှုန်းနှင့် သတ္တဝါကြီး၏ ထူးဆန်းသည့် ကြေးခွံအနီးသို့ ရောက်ရှိသွား၏။

အမှန်တကယ် အားဖြင့် ယင်းပုံရိပ်မှာ ဝမ်လင်းသာ ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ အစစ်အမှန်နှင့် မတူပဲ ပုံရိပ်ယောင် တစ်ခုကဲ့သို့ ဖြစ်နေလေသည်။ ထိုအရာမှာ ဝမ်လင်းသည် သူ၏ ခန္ဓာကိုယ်အား ထားခဲ့ပြီး ဝိညာဉ်သက်သက် ဖြင့်သာ ရောက်လာခဲ့ကြောင်း ထင်ရှားနေလေသည်။

ဝမ်လင်းတစ်ယောက် ထွက်ပေါ်လာသည့် အခိုက်တွင် ထာဆန်းအား တိုက်ခိုက်နေသည့် ကြေးခွံနှင့်လူ၏ ကိုယ်ပွား ၏မျက်ဝန်းများထဲတွင် မယုံနိုင်ဖွယ် အံ့အားသင့်သွားသည့် အမူအရာများ ထွက်ပေါ်လာသည်။ သူက ဝမ်လင်း၏ဝိညာဉ်မှ အသိဉာဉ်အမွေအနှစ် အပိုင်းအစအား အာရုံခံမိနေသည်။

အက်ကွဲကြောင်း အတွင်းသို့ မဝင်ရောက်ခင်က ဝမ်လင်းက သူ၏လက်ရှိ စွမ်းအားအဆင့်နှင့် ဒူမို တို့ထံမှ ရရှိခဲ့သည့် သက်စောင့်ရတနာ များ၏ အဖျက်အဆီး စွမ်းအင်များကို မထိန်းချုပ် နိုင်ကြောင်း နားလည်ထားသည်။ ထို့ကြောင့် အဘိုးကြီးက ဤသက်စောင့် ရတနာများအား ထိန်းချုပ်ရန် ကြိုးစားလိုက်သည်နှင့် နတ်ဘုရား စိတ်အာရုံများ မဝင်ရောက် နိုင်သည့် အက်ကွဲကြောင်း အတွင်းသို့ ဝင်ရောက်လိုက်ခြင်း ဖြစ်သည်။ သူ ခန့်မှန်းထား သကဲ့သို့ပင် အက်ကွဲကြောင်း အတွင်းသို့ ရောက်ရှိ သွားသည်နှင့် သက်စောင့် ရတနာများနှင့် ချိတ်ဆက်နေသည့် နတ်ဘုရား စိတ်အာရုံများမှာ ပျောက်ကွယ် သွားခဲ့ပြီး သက်စောင့် ရတနာများမှ အလင်းတန်းများ အရောင်မှေးမှိန် သွားသည့်အခါမှသာ စိတ်အေးခဲ့ရသည်။

ထို့ကြောင့် အပြင်ဘက်ရှိ အကြောင်းအရာ များအား သိရှိနိုင်အောင် ဝိညာဉ်အပိုင်းအစ များအား ထုတ်လွှတ်ကာ စောင့်ကြည့်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမ ထင်ထားခဲ့သည်က အဘိုးကြီး သာမက ကြေးခွံနှင့် လူကလည်း သူ့အပေါ် ပိုမို အာရုံစိုက်လာ သည်ကိုပင်။

ဝမ်လင်းက အက်ကွဲကြောင်း အတွင်းမှ နေ၍ သတ္တဝါကြီးထံမှ ထွက်ပေါ်လာသည့် လူအား အကဲခတ် စောင့်ကြည့်နေရာ ယင်းသတ္တဝါကြီးထဲမှ ထွက်လာသော လူမှာ ကြေးခွံနှင့်လူ ဖြစ်ကြောင်း သိလိုက်ရပြီး ထာဆန်းနှင့်ပင် လက်ရည်တူ တိုက်ခိုက်နိုင်သည် အထိ အင်အား ကြီးမားကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် အက်ကွဲကြောင်း အတွင်းမှ အပြင်သို့ မထွက်ရဲတော့ပဲ သူ၏ နတ်ဘုရား စိတ်အာရုံ အပိုင်းအစ အနည်းငယ် ပါဝင်သည့် အနက်ရောင် လေဆင်နှာမောင်း လေးခုကို အပြင်သို့ စေလွှတ်လိုက်ခြင်း ဖြစ်၏။

အစပိုင်းတွင် သူ၏ လှည့်စားမှုလေးက အခြားသူများအား အရူးလုပ်နိုင် ခဲ့သော်လည်း ထာဆန်း၏ ထူးခြားလွန်းသည့် နတ်ဘုရား စိတ်အာရုံအောက်တွင် အဖြစ်မှန်ပေါ်ပေါက် သွားခဲ့သည်။ ထိုအခိုက်တွင် သူ၏ ရွေးချယ်မှုမှာ မှန်ကန်ခဲ့ကြောင်း ဝမ်လင်း သိရှိသွားသည်။ သူသာ အကယ်၍ အဘိုးကြီးများ လုပ်ခိုင်းသည့် အတိုင်းသာ ထာဆန်း အား ချိပ်ပိတ်ရန် ကြိုးစားခဲ့ပါက အောင်မြင်နိုင်ချေ မှာလည်း လွန်စွာ နည်းပါးပြီး အကယ်၍ အောင်မြင်ခဲ့မည်ဆို လျှင်လည်း အသက်ရှင်ရန် မသေချာပေ။

ထာဆန်း၏ လက်ချက်နှင့် သေဆုံးသွားခဲ့သည့် အဘိုးကြီး (၆) ယောက်ကဲ့သို့ပင် သေဆုံးသွား ပေလိမ့်မည်။

ထာဆန်းက သူ၏ခန္ဓာကိုယ်အား ကိုယ်ပွား (၁၀) ခု အဖြစ်သို့ ခွဲထုတ်လိုက်သည်။ ယင်း ကိုယ်ပွား ၁၀ ခု အနက်မှ တစ်ခုက ဝမ်လင်းရှိရာသို့ ပျံသန်းလာသည်။ ဝမ်လင်းကလည်း သတိထားမိသည်။ ထို့ကြောင့် ထာဆန်း၏ ကိုယ်ပွား သူ့ထံသို့ မရောက်မီ သူ့ကိုယ်သူ အနက်ရောင် လေဆင်နှာမောင်း လေးခုနှင့် ပေါင်းစည်းလိုက်ပြီး မရေမတွက် နိုင်သည့် သားရဲဝိညာဉ် အပိုင်းအစလေးများ အဖြစ်သို့ ပြောင်းလဲလိုက်သည်။ ထိုသို့ပြုလုပ် လိုက်သည့်အတွက် သူ၏ နတ်ဘုရား စိတ်အာရုံသည်လည်း အပိုင်းအစ ငယ်လေးများ အဖြစ်သို့ ပြောင်းလဲသွားကာ ဝိညာဉ် အပိုင်းအစများနှင့် ပေါင်းစပ်သွားသည့် အတွက် သူ့အား အာရုံခံမိရန် လွန်စွာ ခက်ခဲသွားလိမ့်မည် ဖြစ်သောကြောင့်ပင်။

သို့သော်လည်း ဝမ်လင်းက သူ့အား ဘယ်သူမှ ရှာမတွေ့နိုင်ဟု တစ်ထစ်ချ တွေးထင်ထားခြင်း မရှိချေ။ အကယ်၍ တစ်ယောက်ယောက် ကသာ သူ့ကို သတိထားမိကာ ရှာတွေ့သွားလျှင် ထို ရှာတွေ့သွားသော အစိတ်အပိုင်းတွင် ပါရှိသည့် သူ၏နတ်ဘုရား စိတ်အာရုံအား ဖြတ်တောက် ပစ်မည်သာ ဖြစ်သည်။

ဤသို့ နတ်ဘုရား စိတ်အာရုံများကို အပိုင်းအစများ အဖြစ်သို့ ပြောင်းလဲ လိုက်ရသည့် အဓိက ရည်ရွယ်ချက်က သတ္တဝါကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ထူးဆန်းသည့် ကြေးခွံရှိရာသို့ ချဉ်းကပ်လိုခြင်း ကြောင့်ပင်။ ချက်ချင်းပင် သူ၏ နတ်ဘုရားစိတ်အာရုံ ပါဝင်သည့် ဝိညာဉ်သားရဲ အပိုင်းအစများအား သတ္တဝါကြီးဆီသို့ သွားရန်ထိန်းချုပ် လိုက်သည်။

ထိုစဉ် ဝိညာဉ်သားရဲ အပိုင်းအစတစ်ခုက သတ္တဝါကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ထူးဆန်းသည့် ကြေးခွံအား ထိမိသွားသည်တွင် ၎င်းကြေးခွံမှ အားကောင်းလှသည့် စွမ်းအားတစ်ခုက သူ့အား ခေါ်နေသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

ဤအားကောင်း လှသည့် စွမ်းအား၏ ခေါ်ဆောင်နေမှု အောက်တွင် သူ့ခန္ဓာကိုယ်ထဲမှ အသိဉာဏ် အမွေအနှစ် အပိုင်းအစက အပြင်ဘက်သို့ အတင်းရုန်းထွက် နေသည်ကိုလည်း ခံစားမိသည်။ သို့သော် ထိုအခိုက်အတန့်တွင် သူ၏စိတ်ထဲတွင် အမွေအနှစ်ထံမှ မှတ်ဉာဏ် အစိတ်အပိုင်းတစ်ခု တစ်ခုဖြစ်ပေါ် လာသည်ကို ခံစားလိုက်ရသည် ဖြစ်ရာ ဝမ်လင်းသည် လွန်စွာ စိတ်လှုပ်ရှား မိသွားသည်။

တစ်ချိန်တည်းမှာပင် ဝမ်လင်း၏ မျက်နှာထက်တွင် လှောင်ပြောင်မှုများ ပေါ်လာပြီး ကျန်ရှိသည့် ဝိညာဉ်သားရဲ အပိုင်းအစများအား ဖောက်ခွဲရန် ဆုံးဖြတ် လိုက်တော့သည်။ ထို့နောက်တွင်တော့ သူ၏ ခန္ဓာကိုယ်အား အက်ကွဲကြောင်း အတွင်းတွင် ထားခဲ့ကာ သူ၏ ဝိညာဉ်သာ အက်ကွဲကြောင်း အတွင်းမှ ထွက်လာခဲ့ လိုက်သည်။

ဝမ်လင်း မျှော်လင့်ထား သကဲ့သို့ပင်။ ထာဆန်းနှင့် သူ့အကြားက ကျင့်စဉ်အဆင့်သည် လွန်စွာ ကွာခြားလွန်းလှသည်။ ထာဆန်း ၏ ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း ကွာခြားမှုမှာ မိုးနှင့် မြေကြီး ပမာပင်။ ထာဆန်း၏ ကိုယ်ပွားက အနက်ရောင် လေဆင်နှာမောင်း အတွင်းရှိ ဝမ်လင်း၏ နတ်ဘုရားစိတ်အာရုံ အပိုင်းအစအား တိုက်ခိုက်လိုက်သည်။ သို့သော် ထိုသို့တိုက်ခိုက် လိုက်သည့် စွမ်းအားမှာ ဝမ်လင်း၏ ခန္ဓာကိုယ်အား ထိခိုက်ခြင်း မရှိနိုင်ပါချေ။

အမှန်တကယ် အားဖြင့် ထာဆန်းက ဤဝိညာဉ်သေ ပင်လယ် အတွင်းသို့ ဝင်ရောက်လာသည့် အချိန်ကတည်းက တစ်ခုခု မှားယွင်းနေကြောင်း သတိထားခဲ့မိသည်။ သူသည် အမှန်တကယ် အားဖြင့် ထူစီ၏ နတ်ဆိုးစိတ်ဆန္ဒများမှ မွေးဖွားလာ ခဲ့သော်လည်း ဤ အသိဉာဏ် ပင်လယ်ထဲတွင် ရှေးဟောင်းနတ်ဘုရား အမွေအနှစ်နှင့် ပတ်သက်သည့် တစ်စုံတစ်ခုမျှ ခံစားမိခြင်း မရှိခဲ့ချေ။ သူသည် ထူစီ၏ အသိဉာဏ် ပင်လယ်ကို ကောင်းစွာရင်းနှီး၏။

သို့သော် ဤနေရာသည် သူ့အား အနည်းငယ် ထူးဆန်း နေလေသည်။ သို့သော် ဘာထူးဆန်းနေလဲ ဆိုသည်ကိုတော့ သေသေချာချာ မပြောနိုင်ပေ။ တစ်ခုခု ထူးဆန်း နေသည်ကို သူ၏ မသိစိတ်ထဲတွင် အသေအချာ သိနေသည်။

ထို့ကြောင့် အဘိုးကြီး ၁၀ ယောက်နှင့် သတ္တဝါကြီးတို့က သူ့အား သစ္စာဖောက် ခဲ့သည်ကိုပင် အလေးမထား ခဲ့ချေ။ သူ ဂရုစိုက် အလေးထားခဲ့သည်ကား ဤ နေရာကား ထူးဆန်းနေသည် ဟူသည့် အချက်ကိုသာ။ သို့သော် ဝမ်လင်းက အက်ကွဲကြောင်း တစ်ခုကို ဖန်တီးပြီး လျှပ်စီးတန်း တစ်ခုကဲ့သို့ ထွက်ပေါ်လာသည့် အချိန်ကျမှ အကြောင်းအရာ တချို့ကို စတင်နားလည် လာသည်။

ထို့ကြောင့်လည်း သူ၏ သဘာဝ စွမ်းအားများကို သုံးကာ ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံအား ချက်ချင်း မဖျက်ဆီးခဲ့ခြင်းပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူ့အနေဖြင့် ထိုဝိညာဉ်စားသုံးသူ ကောင်လေးက မည်သည့် အရာများကို သိရှိထားသည်ကို အမှန်တကယ် သိလိုပေသေး၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဝမ်လင်း၏ ဝိညာဉ်က သတ္တဝါကြီး၏ ကိုယ်ခန္ဓာပေါ်သို့ ရောက်သွားပြီး ထာဆန်း၏ ကိုယ်ပွားအား ပြုံးပြလိုက်သည်။ ထာဆန်း၏ ကိုယ်ပွားကလည်း ဝမ်လင်း ရပ်နေသည့် နေရာ အနီးတစ်ဝိုက်ရှိ ကြေးခွံများကို ကြည့်လိုက်ကာ တစ်စုံတစ်ခုကို နားလည် သွားဟန်ဖြင့် ပြုံးလိုက်သည်။ သူ့စိတ်ထဲတွင် တစ်ချိန်လုံး ထူးဆန်းနေသည့် အချက်၏ အဖြေမှာ ဤ ကြေးခွံများထဲမှ တစ်ခုထံတွင် ရှိနေပုံရသည်။ ယခုအချိန်တွင် မည်သည့် ကြေးခွံက အစစ်အမှန် ဖြစ်သည်ကို

သေချာမသိ သေးသော်လည်း သူ၏ ကိုယ်ပွားများအား ပြန်လည် ပေါင်းစည်း လိုက်မည်ဆိုလျှင် ထိုကိစ္စကား ပြဿနာ မဟုတ်တော့ချေ။

ထိုသို့ဆိုလျှင် ဤကောင်လေးကား အသုံးမလိုတော့ပေ။ အသုံးမဝင်တော့ဘူး ဆိုမှတော့ သေဖို့ရန်သာ ရှိတော့သည်။ ထာဆန်းက သူ၏ လက်အား စိန်ပွင့်ပုံသဏ္ဌာန် လက်ဟန်တစ်ခု ပြုလုပ်လိုက်ကာ ဝမ်လင်းအား ကြည့်လျက် ပြောလိုက်သည်။

“သေပေတော့…… ... ”

ဝမ်လင်း၏ အပြုံးသည် တဖြည်းဖြည်း ပိုမိုအေးစက်လာသည်။ သတ္တဝါကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ကြေးခွံမှ သူရရှိခဲ့သည့် မှတ်ဉာဏ် အစိတ်အပိုင်း များအရ အသိဉာဏ် အမွေအနှစ်ရှိ ရာနေရာသို့ ရုပ်ခန္ဓာကိုယ်ဖြင့် ဝင်ရောက်၍ မရပေ။ ဝိညာဉ် သက်သက်ဖြင့်သာ ဝင်ရောက်နိုင်ကြောင်း သိခဲ့ရသည်။

ဤအချက်အား သိရှိခဲ့သည့် အချိန်တွင် ဝမ်လင်းအနေနှင့် သူ၏ ခန္ဓာကိုယ်အား ထားခဲ့ကာ ဝိညာဉ်ဖြင့် အပြင်သို့ ထွက်လာရန် လွန်စွာ အလေးအနက်ထားပြီး စဉ်းစားဆုံးဖြတ် ခဲ့ရသည်။ အကယ်၍သာ သူခန့်မှန်းထား သကဲ့သို့ အဖြစ်အပျက်များက ပြောင်းလဲသွားမည် ဆိုလျှင် အသိဉာဏ် အမွေအနှစ်များ ရှိရာနေရာသို့ ပထမဦးဆုံး ဝင်ရောက် နိုင်မည့်လူမှာ သူသာ ဖြစ်လာလိမ့်မည် မဟုတ်ပါလား။

သူခန့်မှန်းထား သလိုသာ ဖြစ်လာခဲ့လျှင် ပြီးပြည့်စုံသည့် အသိဉာဏ် အမွေအနှစ်အား ဆက်ခံရန်မှာ မဖြစ်နိုင်သည့် အရာ မဟုတ်တော့ချေ။ ထိုအကြောင်းကို စဉ်းစားကာ ဝမ်လင်း တစ်ယောက် လွန်စွာ စိတ်လှုပ်ရှား မိသွားသည်။

ထာဆန်း၏ ကိုယ်ပွားက သူ့အား တိုက်ခိုက်သည်ကို စိတ်ထဲတွင်ပင် မရှိချေ။ ဝမ်လင်းက သူ့ဝိညာဉ်ကို တိမ်တိုက်တစ်ခု အဖြစ်သို့ ပြောင်းလဲ လိုက်သည်တွင် တောက်ပသည့် စာလုံး သုံးလုံး ထွက်ပေါ်လာသည်။

“ရှေးဟောင်းနတ်ဘုရား ကျင့်စဉ် …”

ထာဆန်း၏ မျက်နှာက အလွန်အရုပ်ဆိုး သွားသည်။ တခြား နေရာများတွင် တိုက်ခိုက် နေကြသည့် သူ၏ ကိုယ်ပွား (၉) ယောက်ကလည်း ဝမ်လင်းထံမှ ထွက်ပေါ်နေသည့် စာလုံးသုံးလုံးကို သတိထားမိသွားကာ ဝမ်လင်းရှိရာ ဘက်သို့ ပျံသန်းလာကြသည်။ သူတို့၏ အမူအရာ များမှာလည်း များစွာ အရုပ်ဆိုးလျက် ရှိနေကြပြီး ဝမ်လင်းအား အစိမ်းစားမတတ် ကြည့်နေကြသည်။

ကြေးခွံနှင့် လူကလည်း ဝမ်းလင်းကို သတိထားမိသွားပြီး သူ၏ ကိုယ်ပွားအား ပြန်လည် ဆင့်ခေါ်ကာ တစ်ယောက်တည်း အဖြစ်သို့ ပြန်လည်ပေါင်းစည်း လိုက်သည်။ ထို့နောက် ထာဆန်း၏ ကိုယ်ပွားတစ်ခုကို ဖမ်းဆီးလိုက်ကာ ကျယ်လောင်စွာ ရယ်မောရင်း ပြောသည်။

“ထာဆန်း … ထာဆန်း … မင်းကလွဲပြီး တခြား ဘယ်သူမဆို ဆရာ့ရဲ့ အသိဉာဏ် အမွေအနှစ်ကို ဆက်ခံခွင့်ရှိတယ် ... ကောင်လေး … အခုကစပြီး ဒီအမွေအနှစ်တွေ ရနိုင် မရနိုင်ကတော့ မင်းရဲ့ ကံတရားအပေါ် မူတည်သွားပြီ …”

ဝမ်လင်းကလည်း ထိုစကားများကို ကြားသည်တွင် သူ့အတွက် အခွင့်အရေးဖြစ်မှန်း တန်းသိလိုက်သည်။ သူက ချက်ချင်းပင် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တော့သည်။

ရုတ်တရက် ကြေးခွံနှင့်လူက သူ၏လက်အား မျက်ခုံးနှစ်ခု အကြားသို့ ညွှန်လိုက်ပြီး ပြောသည်။

“ငါ့ရဲ့ကိုယ်ပွားကို စတေးပြီးတော့ အသိဉာဏ် အမွေအနှစ်တွေကို မင်းကို လွှဲပြောင်းပေးမယ်…”

ထိုအခိုက်တွင် သူ၏ ကိုယ်ပွားမှာ တုန်ခါသွားပြီး ကိုင်ဆောင် ထားသည့် လှံရှည်ပါမကျန် ရွှေရောင် အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားပြီး ဝမ်လင်းထံသို့ ပျံသန်းရောက်ရှိ သွားကာ ဝမ်လင်း၏ စိတ်ဝိညာဉ်အား သန်မာသည့် စွမ်းအားများနှင့် အတူ စတင် စုပ်ယူတော့သည်။ မျက်စိ တစ်မှိတ်စာ အတွင်းမှာ ထူးဆန်းသည့် ကြေးခွံက ဝမ်လင်း၏ ဝိညာဉ်အား စုပ်ယူသွားကာ ပျောက်ကွယ် သွားတော့သည်။

ထာဆန်း၏ ကိုယ်ပွားများက တစ်ယောက်တည်း အဖြစ်သို့ ပြန်လည် ပေါင်းစည်းသွားပြီး ကြေးခွံနှင့်လူအား အေးစက်စွာကြည့်၍ အော်ဟစ်ကြုံးဝါး လိုက်သည်။ သူ၏ လက်ထဲတွင်လည်း လခြမ်းဓားနှင့် အနက်ရောင် လှံရှည်တို့အား ဆုပ်ကိုင်လျက် ကြေးခွံနှင့် လူအား စိန်းစိန်းဝါးဝါး ကြည့်သည်။

“တကယ်လို့သာ အဲဒီကောင်လေးက အသိဉာဏ် အမွေအနှစ်တွေကို နှစ်ပေါင်း တစ်ထောင်အတွင်း မပေါင်းစပ် နိုင်ခဲ့ဘူးဆိုရင် မင်းအတွက် အခွင့်အရေး နောက်တစ်ခါ ရလာမှာပါ…”

ကြေးခွံနှင့်လူက ကျယ်လောင်စွာ ရယ်မောရင်း ပြောသည်။

သို့သော် ဝမ်လင်းမှာ သူတို့ နှစ်ယောက်ပြောသည့် စကားများကို မသိနိုင်တော့ချေ။ သူ၏ ဝိညာဉ်အား ထူးဆန်းသည့် ကြေးခွံလေးမှ စုပ်ယူအပြီးတွင် သူက တိမ်တိုက်များဖြင့် ပြည့်နှက်နေသည့် ကမ္ဘာထဲသို့ ရောက်ရှိသွား လေသည်။ ဤနေရာတွင် ကောင်းကင်လည်း မရှိ။ မြေကြီးလည်း မရှိချေ။ မျက်စိတစ်ဆုံး တိမ်တိုက် များဖြင့်သာ ပြည့်နှက်နေလေ၏။

***

All Chapters