← Chapters

ကိုယ်ခန္ဓာပြန်လည် ဖွဲ့စည်း တည်ဆောက်ခြင်း

Vol. 005 Ch. 217

ကိုယ်ခန္ဓာပြန်လည် ဖွဲ့စည်း တည်ဆောက်ခြင်း

Vol. 005 Ch. 217

ထိုနေရာတွင် အပြာရောင် ရေခဲသလင်းတုံး များက တိမ်များထက်တွင် မျောလွင့် နေကြသည်။ ရေခဲသလင်းတုံး တစ်ခုစီက (၁၀) ပေခန့် ကြီးမားလေသည်။ ဝမ်လင်းက ထိုနေရာ တစ်ခုလုံးအား စစ်ဆေး ကြည့်လိုက်ရာ ရေခဲသလင်းတုံး စုစုပေါင်း(၉၄) တုံး ရှိကြောင်း တွေ့လိုက်ရသည်။

နေရာတစ်ခုလုံးအား စစ်ဆေးအပြီးတွင် ရေခဲသလင်းတုံးများ အနက် တစ်ခုက အခြား သလင်းတုံးများထက် အနည်းငယ် သေးငယ်နေသည်ကို တွေ့လိုက်ရသည်။ ထိုသေးငယ်နေသည့် ရေခဲသလင်းတုံးအား တွေ့လိုက်သည့် အခါတွင် ယင်းရေခဲ သလင်းတုံးမှာ ကောင်းကင်နတ်ဆိုး ပညာရှင် ရယူနိုင်ခဲ့သည့် အသိဉာဏ် အမွေအနှစ် အပိုင်းအစ၏ ကျန်ရှိနေသော အပိုင်းဖြစ်ကြောင်း ချက်ချင်းပင် သိရှိလိုက်သည်။

နောက်ဆုံးတွင် ဝမ်လင်း တစ်ယောက် ရှေးဟောင်း နတ်ဘုရား၏ အသိဉာဏ် အမွေအနှစ်မှာ ရေခဲသလင်းတုံး တစ်ခုတည်း သာရှိသည် မဟုတ်ဘဲ (၉၄) တုံး ရှိကြောင်း နားလည်သွားသည်။ ထိုသို့ဆိုလျှင် သူ ရရှိထားသည့် အပိုင်းအစမှာ (၁) ရာခိုင်နှုန်းပင် မရှိသေးချေ။

ဝမ်လင်းက ဤနေရာသို့ ဝိညာဉ်အနေနှင့် ရောက်ရှိနေခြင်း ဖြစ်သည်။ အနည်းငယ်မျှ စဉ်းစား လိုက်ပြီးနောက် ရေခဲသလင်းတုံး အပေါ်သို့ တက်လိုက်တော့သည်။

သူ၏ဝိညာဉ်က ရေခဲသလင်းတုံးနှင့် ထိသွားသည်နှင့် ရေခဲသလင်းတုံးက ရုတ်တရက် အရည်ပျော်သွားကာ ဝမ်လင်း၏ဝိညာဉ်နှင့် သွားရောက် ပေါင်းစပ် လေတော့သည်။ ထိုအခိုက်တွင် ထူးခြား ဆန်းကျယ်လှသည့် မှတ်ဉာဏ်များက ဝမ်လင်း၏ ဝိညာဉ်အတွင်းသို့ ဝင်ရောက် လာကြသည်။ အချိန်က တဖြည်းဖြည်းနှင့် ကုန်ဆုံးသွားသည်။ ဝမ်လင်း၏ ဝိညာဉ်အတွင်းသို့ မှတ်ဉာဏ်များ ဝင်ရောက်လာမှု မှာလည်း တဖြည်းဖြည်းနှင့် ပိုမို မြန်ဆန်လာကာ ဝမ်လင်း၏ ဝိညာဉ်မှာလည်း တိမ်တိုက်ကြီး တစ်ခုသဖွယ် တဖြည်းဖြည်း ကြီးမားကျယ်ပြန့် လာတော့သည်။

မရေမတွက် နိုင်လောက်အောင် များပြားပြီး ရှုပ်ထွေးလှသည့် လင်္ကာများ၊ ထူးဆန်းသည့် နည်းစနစ်များနှင့် မှတ်ဉာဏ် အပိုင်းအစများက ဝမ်လင်း၏ စိတ်အတွင်းသို့ မုန်တိုင်းတစ်ခု သဖွယ် တရကြမ်း မွှေနှောက်ဝင်ရောက် လာကြသည်။ သူ၏ဝိညာဉ် တစ်ခုလုံးမှာလည်း ကစဉ့်ကလျား ဖြစ်ခဲ့ရသည့် အကြိမ်ရေ များမှာလည်း မနည်းလှ။ ထိုသို့ ကစဉ့်ကလျား ဖြစ်နေသည့် ဝိညာဉ်အား အစီအစဉ်တကျ ဖြစ်စေရန် ပြန်လည် စီစဉ်ရသည့် အကြိမ်ရေမှာလည်း များပြားလှသည်။

အသိဉာဏ် အမွေအနှစ်များက သူ၏ ဝိညာဉ်အတွင်းသို့ တရစပ် မရပ်မနား ဝင်ရောက် နေလေရာ ဝိညာဉ်တစ်ခုလုံး မှာလည်း နာကျင်မှုများနှင့် ပြည့်နှက်နေ လေတော့သည်။

ယေဘုယျအားဖြင့် ဆိုရလျှင် ဝမ်လင်းသည် ဝိညာဉ် ပုံစံ ဖြစ်နေချိန်တွင် မည်သည့် နာကျင်မှု တစ်စုံတစ်ရာကိုမျှ မခံစားရသင့်ချေ။ သို့သော် သူ၏ ဝိညာဉ်တစ်ခုလုံးမှာ ထောင်သောင်း မကသော ပိုးမွှားများ ကိုက်ခဲခံနေရ သကဲ့သို့ နာကျင်နေရသည်။

ယခင်က အမွေအနှစ် အပိုင်းအစအား ပထမဆုံးအကြိမ် စုပ်ယူခဲ့ရစဉ်ကပင် မည်သည့် နာကျင်မှု တစ်စုံတစ်ခုမျှ မခံစားခဲ့ရချေ။ တဖြည်းဖြည်းနှင့် အသိစိတ်များပင် ထိန်းချုပ်မှု ကင်းမဲ့ကာ လွတ်ကင်း သွားခဲ့ရသည်။ ရေခဲသလင်းတုံး များကလည်း တဖြည်းဖြည်း လျော့ပါးလာကာ သေးငယ်သော အလင်းတန်းလေး များက သူ၏ တစ်ကိုယ်လုံးအား ရစ်ပတ်လွှမ်းခြုံ ထားသည်မှာ ပိုးမျှင်အိမ်တစ်ခု အလားပင်။

သူ၏ ဝိညာဉ်မှ ဖြစ်ပေါ်လာသော ပိုမျှင်အိမ်သည် ရေခဲသလင်းတုံးများ ကဲ့သို့ အပြာရောင်များနှင့် လင်းလက် နေလေသည်။

၎င်းကို ကြည့်ရသည်မှာ ကြီးမားသည့် ရေခဲသလင်းတုံးကြီး တစ်ခုသဖွယ်ပင်။

ဤအခိုက်တွင် ဝမ်လင်း၏ ဝိညာဉ်သည် ဈာန်ဝင်စားသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။ သူ့အနေနှင့် ဤကဲ့သို့သော ခံစားချက်မျိုးကို အမွေအနှစ် အပိုင်းအစအား စုပ်ယူခဲ့သည့် အရင်တစ်ခေါက် ကလည်း ခံစားဖူးပြီးသား ဖြစ်၏။ သို့သော် ယခုအကြိမ်နှင့် ယခင်အကြိမ်တို့ မတူညီသည်ကား ယခင်အခေါက်က အမွေအနှစ်များက သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာမှုသည် ညင်သာစွာ စီးဆင်းနေသည့် စမ်းချောင်းလေး တစ်ခုနှင့် အလားသဏ္ဌာန် တူသည် ဆိုလျှင် ယခု တစ်ခေါက်တွင် မူကား ပြင်းထန်စွာ စီးဆင်းနေသည့် မြစ်တစ်စင်းနှင့် အလားသဏ္ဌာန်တူညီသည်ဟု ခံစားနေရ လေသည်။

သူကိုယ်တိုင်ကမူကား ယင်း မြစ်အတွင်းတွင် မျောပါနေသော သစ်ရွက်လေး တစ်ရွက် ပမာမျှသာ။ မြစ်တစ်လျှောက် လှိုင်းလုံးများ ကြားတွင် မြှုပ်လိုက်ပေါ်လိုက် ဖြစ်နေပြီး သူ့အား လာရောက် ထိမှန်သည့် လှိုင်းပုတ်ချက် တစ်ခုစီတိုင်းက နာကျင်မှုကို ခံစားရစေ သကဲ့သို့ပင်။

ရုတ်တရက် သူ့မျက်စိရှေ့တွင် အလင်းရောင် တစ်ခုကို တွေ့လိုက်ရသည်။ ထို့နောက်တွင် သူနှင့် ရင်းနှီးပြီးသား မြင်ကွင်းတစ်ခုက သူ့ရှေ့တွင် ထွက်ပေါ်လာသည်။ သူကား ဘာမျှမရှိသည့် နေရာလွတ် တစ်ခုတွင် ရောက်နေပြီး သူ့ရှေ့တွင် အလင်းတန်းများဖြင့် တောက်ပနေသော မရေမတွက် နိုင်အောင် များပြားလှသည့် အမှုန်လေးများက ပျံသန်းလျက်ရှိ နေကြသည်။

ဤသို့သော မြင်ကွင်းမျိုးအား ဝမ်လင်း ယခင်ကလည်း မြင်ခဲ့ဖူးသည်။ ဝမ်လင်းက ဤမြင်ကွင်းကို ကြည့်နေရင်းမှ တစ်စုံတစ်ခုကို နားလည်သွားသည်။ ထိုသို့ တစ်စုံတစ်ခုကို နားလည်သွားသည့် အခိုက်တွင် သူခံစားနေရသော နာကျင်မှုများ မှာလည်း ထူးဆန်းစွာ ပျောက်ကွယ် သွားသည်ကို ခံစားမိလိုက်သည်။

မကြာမီမှာပင် စူးခနဲ နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး မရေမတွက် နိုင်အောင် များပြားလှသည့် လင်္ကာများ။ နည်းစနစ်များနှင့် မှတ်ဉာဏ်များက သူ၏ ဝိညာဉ်အတွင်းသို့ ရောက်ရှိ လာကြကာ နောက်ဆုံးတွင် ပေါင်းစပ်သွား ကြတော့သည်။

ဝမ်လင်းက ရှေ့သို့ ဖြည်းညင်းစွာ တိုးသွားလိုက်သည်။ သူ့ရှေ့တွင် မြင်နေရသည့် လင်းလက် တောက်ပနေသည့် အမှုန်လေးများသည် တဖြည်းဖြည်းနှင့် ပိုမို ကြီးမား လာကြသည်။ အမှန်တကယ် အားဖြင့် ဆိုရလျှင် ၎င်းတို့မှာ ကြီးမားလှသည့် ဂြိုဟ်ကမ္ဘာကြီးများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ မကြာမီတွင် ဝမ်လင်းသည် အလွန် ကြီးမားလှသည့် ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်အား တွေ့လိုက်ရတော့သည်။

သူ့ရှေ့မှ ခန္ဓာကိုယ် ပိုင်ရှင်သည် ရှေးဟောင်း နတ်ဘုရား ထူစီ ဖြစ်ကြောင်း သိလိုက်သည်။ သူ၏ အရွယ်အစားနှင့် သူ့ရှေ့မှ အရွယ်ရောက်ပြီး နတ်ဘုရား ထူစီ၏ ခန္ဓာကိုယ်အား နှိုင်းယှဉ်ရလျှင် ကလေးငယ် တစ်ယောက်နှင့် ဂြိုဟ်တစ်ခုစာမျှ ဖြစ်နေလေသည်။

ထူစီ၏ မျက်နှာသည်ကား သာမန်မျှပင် ဖြစ်သည်။ သို့သော် ထင်ရှားသည်ကား သူ၏ မျက်ခုံးနှစ်ခု အကြားရှိ ကြယ် ၆ ခုပါရှိသည့် စက်ဝိုင်းငယ်လေး တစ်ခုပင်။ သူ၏ အသားအရေမှာ ကြမ်းတမ်းဟန်ရပြီး များပြားလှသည့် အက်ကွဲကြောင်း ငယ်လေးများ ရှိနေလေသည်။ သို့သော် အဆိုပါ အက်ကွဲကြောင်းလေး များမှာလည်း အလွန်သေးငယ် လှသည်ဖြစ်ရာ သေသေချာချာ စေ့စေ့စပ်စပ် ကြည့်မှသာ မြင်နိုင်ပေလိမ့်မည်။ သို့သော် သေသေချာချာ အာရုံစိုက်၍ ကြည့်မည်ဆိုလျှင် ထူစီ၏ အရေပြားပေါ်တွင် ရှိနေသည့် အက်ကွဲကြောင်း များမှာ လွန်စွာ များပြားနေပြီး အက်ကွဲလျက် ရှိသည့် ဒိုင်းကာ တစ်ခုနှင့်ပင် အလားသဏ္ဌာန် တူညီသည်ကို တွေ့နိုင်လေသည်။

ထူစီ၏ မျက်လုံးများမှာ အလင်းရောင်များ ဖြာထွက်လျက် ရှိနေပြီး အဝေးတစ်နေရာမှ ဂြိုဟ်တစ်ခုအား မျှော်ကြည့်နေသည့် သူ့အကြည့်များ ထဲတွင် အတွေးများစွာ ပါဝင်နေကြောင်း ကြည့်ရုံနှင့်ပင် သိနိုင်လေသည်။ ထိုအခိုက်တွင် ကြီးမားသည့် လက်ကြီးတစ်ဖက်က လေထဲသို့ မြှောက်တက်လာကာ ကုပ်ဆွဲသည့် သဏ္ဌာန်ပြုလုပ် လိုက်သည်တွင် အဝေးရှိ ဂြိုဟ်ကြီးတစ်ခုမှာ ရုတ်တရက် ပြင်းထန်စွာ လှုပ်ယမ်းသွားပြီး အစပင်ရှာ မရလောက်သည် အထိ ကြေမွသွားကာ ရွှေရောင် အလင်းစက်လေးများ ကြားတွင် ပျောက်ခြင်းမလှ ပျောက်ဆုံး သွားတော့သည်။

ယင်းသို့ ကြေမွသွားရာမှ ထွက်ပေါ်လာသည့် ဖုန်မှုန့်များကြားမှ ရွှေရောင် အလင်းတန်း တစ်ခု ထွက်ပေါ် လာလေသည်။

ထူစီက သူ၏ ကြီးမားလှသည့် လက်ကြီးအား တစ်ချက်မျှ ဝှေ့ယမ်းလိုက်လျှင် ရွှေရောင် အလင်းတန်းသည် ထူစီထံသို့ ပျံသန်းရောက်ရှိ လာလေသည်။ ထို့နောက်တွင် ရွှေရောင် အစိုင်အခဲ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ထူစီ၏လက်တွင်းသို့ ရောက်ရှိသွားသည်။

ယင်း ရွှေရောင် အစိုင်အခဲလေးသည် သတ္တု အပိုင်းအစ တစ်ခုဖြစ်သည်မှာ သိသာထင်ရှား လှသည်။ ၎င်းသည် ရွှေ နှင့်တူသော်လည်း ရွှေ မဟုတ်ချေ။ ကျောက်တုံး တစ်တုန်းမျှသာ ဖြစ်၏။ သို့သော် ၎င်းကို ကြည့်ရသည်မှာ ကျောက်တုံး နှင့်လည်းမတူချေ။ ၎င်း အစိုင်အခဲပေါ်တွင် အနက်ရောင် မျဉ်းလိုင်းလေးများ ပါရှိသည်ကို တွေ့ရသည်။ ထိုအခိုက်တွင် ထူစီသည်၎င်း ရွှေရောင် အစိုင်အခဲအား ကိုင်ထားရင်း သူ၏ လက်အား နောက်တစ်ဖန် ထပ်မံ ဝှေ့ယမ်း လိုက်သည်တွင် အခြား ဂြိုဟ်တစ်ခု သည်လည်း ချက်ချင်းပင် ပေါက်ကွဲသွားပြီး အစိတ်စိတ်အမြွှာမြွှာ အဖြစ်သို့ ရောက်ရှိသွားတော့သည်။

ထူစီသည် ထိုသို့ အကြိမ်ပေါင်းများစွာ ပြုလုပ်အပြီးတွင် ဂြိုဟ်ပေါင်း သုံးဆယ်ကျော်မျှသည် ပေါက်ကွဲပျက်စီး သွားကြတော့သည်။ ထို့နောက်တွင် အရောင်အသွေး အမျိုးမျိုး ရှိကြသည့် အစိုင်အခဲ လေးများမှာ ထူစီ၏ လက်ထဲသို့ ရောက်ရှိလာကြသည်။

ထူစီက သူ၏ လက်နှစ်ဖက်လုံးအား ဝှေ့ယမ်း လိုက်သည်တွင် ယင်းအစိုင်အခဲ လေးများမှာ အချင်းချင်း ပေါင်းစပ် သွားကြတော့၏။ ထိုအခိုက်တွင် ထူစီက လင်္ကာအချို့ကို ရွတ်ဆိုလိုက်ကာ ပေါင်းစပ် သွားကြသည့် အစိုင်အခဲလေး အတွင်းသို့လင်္ကာမှ စွမ်းအားတချို့အား ယင်းအစိုင်အခဲ အတွင်းသို့ ပေါင်းစည်း စေလိုက်သည်။

ထို့နောက်တွင် သူ၏ ပိတ်ထားသည့် မျက်လုံးများအား ပြန်ဖွင့် လိုက်လေသည်။ ထိုသို့ မျက်လုံးများအား ပြန်ဖွင့်လိုက်သည့် အချိန်တွင် သူ၏ နဖူးထက်ရှိ ကြယ်ရှစ်လုံးတို့သည် အသက်ရှိနေကြသည့် အလား စက်ဝိုင်းသဖွံယ် စတင်လည်ပတ် လာကြတော့သည်။ ထို လည်ပတ်နေသည့် ကြယ်ရှစ်လုံးမှ ရုတ်တရက် ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ပေါင်းစပ်သွားသည့် အစိုင်အခဲ အတွင်းသို့ ဝင်ရောက် သွားကြလေသည်။

အချိန် အနည်းငယ်ခန့်မျှ အကြာတွင် ထူစီလက်ထဲတွင် လေးထောင်ပုံစံ ပိရမစ် တစ်ခုက သက်တန့်ရောင်များနှင့် ထွက်ပေါ်လာတော့သည်။ ဤ လေးထောင့်ပုံစံရှိ ပိရမစ်မှ ထူးခြား ထည်ဝါသည့် အရှိန်အဝါ အငွေ့အသက် တစ်ခု ထွက်ပေါ်နေသည်ကို ခံစားနေရသည်။ ၎င်းပိရမစ် အနီးတွင်လည်း ကမ္ဘာကြီး တစ်ခုလုံးအား ဖျက်ဆီးနိုင်သည့် စွမ်းအားရှိသည့် ဝဲကတော့များစွာ ထွက်ပေါ် လာကြသည်ကို တွေ့ရလေသည်။ ဝမ်လင်းသည် ၎င်း ဝဲကတော့များအား တွေ့လိုက်သည်တွင် သူ၏ ဝိညာဉ်အတွင်းမှ ထိတ်လန့် တုန်လှုပ်မှုကို ခံစားရလေသည်။

ထူစီက ၎င်းပိရမစ်အား တစ်ချက် ကြည့်လိုက်ပြီး ခေါင်းယမ်း လိုက်သည်။ သူ၏ မျက်နှာထက်တွင် သနားသည့် အရိပ်အယောင်များက အထင်းသား။ ထူစီသည် ၎င်း ပိရမစ်အား တစ်ချက်မျှ စစ်ဆေး ကြည့်လိုက်ပြီး ဂြိုဟ်တစ်ခုထံသို့ ပစ်လွှတ် လိုက်သည်တွင် ယင်းလေးထောင့်ပုံစံရှိ ပိရမစ်မှာ ဂြိုဟ်အတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားလေတော့သည်။

ထူစီသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ခြေလှမ်း အနည်ငယ်မျှ လှမ်းလိုက်ကာ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားလေတော့သည်။

ဝမ်လင်းက သူ့ရှေ့မှ အဖြစ်အပျက်များ အားလုံးကို တွေ့မြင်လိုက်ရသည်။ ထူစီက ဂြိုဟ်ပေါင်း သုံးဆယ်ကျော်ခန့်ကို အသုံးပြုပြီး လေးထောင့်ပုံစံရှိ ပိရမစ် ကဲ့သို့သော ဒဏ္ဍာရီအဆင့် ပစ္စည်းတစ်ခုကို ပြုလုပ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း ဝမ်လင်းတစ်ယောက် နားလည် လိုက်သည်။ သို့သော် သူ မထင်မှတ် ထားခဲ့သည်ကား ထူစီက ၎င်းပိရမစ်အား တစ်ချက်မျှသာ ကြည့်ပြီး အဝေးသို့ လွှင့်ပစ်လိုက်သည် ဆိုသည်ကိုပင် ဖြစ်၏။ ကြည့်ရသည်မှာ ၎င်းပိရမစ်အား ထူစီ အနေနှင့် စိတ်ကျေနပ်မှု မရှိသည်မှာ သိသာထင်ရှား လှသည်။

အကယ်၍သာ ၎င်း ပိရမစ်ကဲ့သို့သော် ရတနာမျိုးက ကျင့်ကြံသူ တစ်ယောက်၏ လက်ထဲသို့သာ ရောက်ရှိသွားမည် ဆိုပါက ကမ္ဘာပေါ်တွင် မည်သူမှ ထိုကျင့်ကြံသူအား တားဆီးနိုင်တော့မည် မဟုတ်ကြောင်းကို ဝမ်လင်း အသေအချာ သိထားလေသည်။ ထို့ကြောင့် ပိရမစ် ရောက်ရှိသွားသည့် ဂြိုဟ်အား တစ်ချက် လှမ်းကြည့်လိုက်ကာ သက်ပြင်းချ လိုက်မိသည်။

ထူစီ၏ ရတနာအား ပြုလုပ်သည့် ဖြစ်စဉ် တစ်ခုလုံးအား ဝမ်လင်းတစ်ယောက် အစအဆုံး တွေ့မြင်ပြီး ဖြစ်သည်။ သူ့အနေနှင့်ထူစီ အသုံးပြုသွားသည့် လင်္ကာများနှင့် နည်းလမ်းများအား မသိသေး သော်လည်း အပြာရောင် ရေခဲသလင်းတုံးများအား ကုန်စင်အောင် စုပ်ယူပြီးသည်နှင့် ထိုနည်းလမ်းအား သိလာမည် ဆိုသည်ကို ယုံကြည်လေသည်။

ရှေးဟောင်းနတ်ဘုရား ထူစီ ထွက်သွား ပြီးနောက်တွင် ဝမ်လင်းက သူ၏ ဝိညာဉ်သည်လည်း ဤနေရာမှ ပျောက်ကွယ် သွားတော့မည့် ခံစားချက် တစ်ခုကို ရလိုက်သည်။ မကြာမီပင် ဝမ်လင်း၏ ဝိညာဉ်သည် ဤနေရာမှ ပျောက်ကွယ်သွား လေတော့သည်။

အသိဉာဏ် အမွေအနှစ်များ ရှိသည့် နေရာတွင် အပြာရောင် ရေခဲသလင်းတုံး ၉၃ ခု ရှိနေသည့် အပြင် အပြာရောင် ပိုးမျှင်အိမ် တစ်ခုလည်း ရှိနေလေသည်။ သို့သော် ခဏအကြာမှာပင် အဆိုပါ ပိုးမျှင်အိမ်ပေါ်တွင် မရေမတွက် နိုင်အောင် များပြားလှသည့် အက်ကွဲကြောင်းများ စတင်ဖြစ်ပေါ် လာကြတော့သည်။

ယင်းအက်ကွဲကြောင်းများ အတွင်းမှ ရောင်စုံ အလင်းတန်းများ ထွက်ပေါ်လာကြပြီး အက်ကွဲကြောင်း များမှာလည်း ပို၍ ပို၍ပင် များပြား လာတော့သည်။

“ခရက်…… ... ”

သေးငယ်သော အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ပိုးမျှင်အိမ်သည်လည်း ပွင့်ထွက်လာ လေတော့သည်။

ထိုအခိုက်တွင် မရှင်းမလင်း ပုံရိပ်တစ်ခုက ယင်းပိုးမျှင်အိမ် အတွင်းမှ ထွက်ပေါ် လာလေသည်။ ထိုပုံရိပ်ပိုင်ရှင် မှာမူကား ဝမ်လင်းပင်။

ဝမ်လင်းအား သူ၏ မျက်လုံးများအား ဖွင့်လိုက်ကာ သူ့ခန္ဓာကိုယ် တစ်ခုလုံးအား စစ်ဆေး ကြည့်လိုက်သည်။ သူ၏ မျက်လုံးများမှ ဖော်ပြရခက်သည့် အငွေ့အသက်များ ထွက်ပေါ် နေလေသည်။ အပြာရောင်ရေခဲ သလင်းတုံး တစ်ခုလုံးအား စုပ်ယူအပြီးတွင် ဝမ်လင်းသည် မှတ်ဉာဏ်ပေါင်း များစွာကို ရရှိခဲ့သည်သာ မက သူ၏ ဝိညာဉ်မှာလည်း ပြီးပြည့်စုံသည့် ပုံရိပ်ယောင် အဆင့်သို့ ရောက်ရှိနေသည်ကို ရှင်းလင်းစွာ ခံစားမိလိုက်သည်။ ၎င်းသည်ကား တစ်ဝက် ခန္ဓာကိုယ် ဖြစ်ပေါ်ခြင်း အဆင့်ဖြစ်၏။

ဝမ်လင်းသည် အတန်ငယ် စဉ်းစားလိုက်ပြီး သူ၏ ဝိညာဉ်အား လှုပ်ရှားရန် ကြိုးစား လိုက်သည်တွင် သူ၏ ယခုလက်ရှိ ဖြစ်ပေါ်နေသည့် ခန္ဓာကိုယ်သည် ပျက်စီးသွားပြီး လေထုထဲသို့ ပျံ့နှံ့သွားသည်ကို တွေ့လိုက်ရသည်။

ဝမ်လင်းသည် သူ၏ ဝိညာဉ်အား နောက်ကြိမ် လှုပ်ရှားရန် ကြိုးစား လိုက်ပြန်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်သည် တစ်ဝက်ခန္ဓာကိုယ် ဖြစ်ပေါ်ခြင်း အဆင့်သို့ ပြန်လည် ရောက်ရှိသွား ပြန်သည်။ ဝမ်လင်းသည် အတန်ငယ်ကြာအောင် စဉ်းစားလိုက်ပြီး သူ၏ ညာဘက်လက်အား ဝှေ့ယမ်းလိုက်ကာ သူ၏ ရှေ့တွင် ရေခဲသလင်း မှန်တစ်ချပ်ကို ဖန်တီးလိုက်သည်။

ထို့နောက်မှန်ကို တစ်ချက် ကြည့်လိုက်သည်တွင် ဝမ်လင်းသည် တုန်လှုပ်ဖွယ် ကောင်းသည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ သကဲ့သို့ စကားတစ်လုံးပင် မပြောနိုင်တော့ပဲ မှန်အား စိုက်ကြည့်ကာ တုန်လှုပ်နေလေ တော့သည်။

ဝမ်လင်းသည် မှန်ထဲတွင် တစ်ဝက်တစ်ပျက် ဖြစ်ပေါ်နေသည့် သူ၏ ခန္ဓာကိုယ်အား တွေ့မြင်နေရသည်။ ၎င်းမှာ တစ်ဝက်ခန္ဓာကိုယ် ဖြစ်ပေါ်ခြင်း အဆင့်မျှသာ ဖြစ်သော်လည်း ဝမ်လင်းအနေနှင့် အသေးစိတ် အချက်များကိုပင် တွေ့မြင်နေရလေသည်။ အထင်ရှားဆုံး အရာမှာကား အလွန် ရင်းနှီးနေသည့် မျက်နှာ တစ်ခုပင်။

ဝမ်လင်းသည် မှန်ကို စိုက်ကြည့်နေရင်း သူ၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသည့် အမူအရာများပင် ထွက်ပေါ်လာသည်။

သူ့အနေဖြင့် တစ်နေ့တွင် သူ၏ နဂိုမူလ ခန္ဓာကိုယ်အား ပြန်လည် ရရှိနိုင်မည်ဟု တွေးထင်ထား ခဲ့သည်။

ယခင်က ထန်းဟွယွမ်က သူ၏ ခန္ဓာကိုယ်အား ဖျက်ဆီးခဲ့သည်မှာ အချိန်မည်မျှ ကြာသွားပြီ ကိုတောင် သူ့အနေနှင့် မမှတ်မိတော့ချေ။ သို့သော် သူ၏ မိဘများက ပေးခဲ့သည့် သူ၏ ခန္ဓာကိုယ်အား သူ့အနေဖြင့် ဘယ်သောအခါမှ မေ့သွားလိမ့်မည် မဟုတ်ပေ။ ထိုအကြောင်းကို စဉ်းစားမိ လိုက်တိုင်း သူ့ရင်ထဲတွင် ထန်းဟွယွမ်အား သတ်ဖြတ်ချင်သည့် အမုန်းတရားများမှာ ပိုမိုပြင်းထန် လာရသည်။

အချိန်များစွာ ကုန်ဆုံးပြီး နောက်တွင် ဝမ်လင်းက သက်ပြင်း ချလိုက်သည်။ သူ၏ စိတ်အခြေအနေ မှာလည်း ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်၏။ သူက သူ၏ ဝိညာဉ်အား ရွေ့လျား လိုက်စေကာ အနီးရှိ အပြာရောင် ရေခဲသလင်းတုံး ဆီသို့ လျင်မြန်စွာ သွားလိုက်သည်။

ထိုအခိုက်တွင် မခံမရပ်နိုင်သည့် နာကျင်မှုက သူ၏ စိတ်အတွင်းသို့ တိုးဝင်လာသည်။ နာကျင်မှုသည်ကား ယခင် တစ်ခေါက်ထက် စာလျှင် ယခုအခေါက်က ပို၍ ပြင်းထန်ကြောင်း ဝမ်လင်း ခံစားမိလိုက်သည်။ ဝမ်လင်းက ထိုအတွက် ကြိုတင်ပြင်ဆင် ထားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏ စိတ်အား တည်ငြိမ်စေရန် လုပ်ဆောင်လိုက်သည်။ ထိုအခိုက်တွင် မရေမတွက် နိုင်အောင် များပြားလှသည့် အချက်အလက်များက သူ၏ စိတ်ဝိညာဉ် အတွင်းသို့ တစ်ဟုန်ထိုး တိုးဝင်လာကြ တော့သည်။

မကြာမီပင် သူ၏ ဝိညာဉ်သည် ယင်းသို့ ဝင်ရောက်လာသည့် မှတ်ဉာဏ် အချက်အလက် များအား ကြာရှည်စွာ တောင့်ခံမထား နိုင်တော့ပဲ ပျက်စီး ပျောက်ကွယ်သွားကာ ဘဲဥပုံ ပိုးမျှင်အိမ်တစ်ခု ထပ်မံထွက်ပေါ် လာပြန်သည်။

မရေမတွက် နိုင်အောင် များပြားလှသည့် အလင်းစက်များနှင့် ပြည့်နှက်နေသည့် ဟင်းလင်းပြင် နေရာတစ်ခုက ထပ်မံထွက်ပေါ် လာပြန်သည်။ သို့သော် ဤအကြိမ်တွင် ရှေးဟောင်း နတ်ဘုရားသည် ဆေးလုံး တစ်ခုအား သန့်စင်နေသည်ကို ဝမ်လင်း မြင်လိုက်ရသည်။ ၎င်း ဆေးလုံးအား ဂြိုဟ်ပေါင်း များစွာ၏ စိတ်စွမ်းအား များဖြင့် ပြုလုပ်နေခြင်း ဖြစ်၏။

ဝမ်လင်း၏ မျက်စိထဲတွင် ဤဆေးလုံးသည် အလွန်ပင် အကြမ်းထည် ဆန်လှကြောင်း တွေ့နေရသည်။ ၎င်း၏ ပုံစံမှာ ရွှံ့လုံးတစ်ခုနှင့် တူညီသော်လည်း ၎င်းဆေးလုံးထံမှ ထွက်ပေါ်နေသည့် စိတ်စွမ်းအား ပမာဏများက ကြာက်မက်ဖွယ်ရာ ကောင်းလောက်အောင် များပြား နေလေသည်။ သို့သော် ဘယ်လိုပဲ ကြည့်ကြည့် ၎င်းဆေးလုံးမှာ ဆေးလုံး တစ်ခုနှင့် လုံးဝပင် မတူချေ။

ထူစီက ၎င်းဆေးလုံးအား သောက်သုံး လိုက်ပြီးသည့် အခါတွင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အက်ကွဲကြောင်း ငယ်လေးများမှာ ပို၍ ပို၍ သေးငယ်လာ ကြလေသည်။ အဆိုပါ သေးငယ်လှသည့် အက်ကွဲကြောင်းများ အကြားတွင် မရေမတွက် နိုင်အောင် များပြားလှသည့် အစီအရင်များ ထွက်ပေါ်လာ ကြတော့သည်။ ယင်း အစီအရင်များ၏ အနီးတစ်ဝိုက် တွင်လည်း လွန်စွာ ထူးခြား ဆန်းကျယ်သည့် လေထုအလွှာများ ဖြစ်ပေါ်လာလေသည်။ ရှေးဟောင်း နတ်ဘုရားက လှုပ်ရှား လိုက်သည်တွင် လှုပ်ရှားမှုနှင့်အတူ ယင်း အစီအရင်များမှာ အသက်ဝင်လာ သကဲ့သို့ ပုံရိပ်ယောင် အလင်းတန်းများ ထွက်ပေါ်လာကြ လေတော့သည်။

ပိုးမျှင်အိမ်က နောက်တစ်ကြိမ် ပေါက်ကွဲသွားသည်တွင် ဝမ်လင်း၏ ခန္ဓာကိုယ် သည်လည်း ပိုမို ထင်ရှား လာတော့သည်။

အချိန်များက တဖြည်းဖြည်းနှင့် ကုန်ဆုံးလာကြသည်။ ဝမ်လင်းက ထူစီ၏ အသိဉာဏ် အမွေအနှစ်များအား ဆက်လက် စုပ်ယူလျက် ရှိလေသည်။ ရေခဲသလင်းတုံး တစ်ခုအား ကုန်စင်အောင် စုပ်ယူပြီးလျှင် နောက်တစ်ခုဆီသို့ ဆက်သွားကာ စုပ်ယူပြန်သည်။

ဤသို့နှင့် ၃၄ ခုမြောက် ရေခဲသလင်းတုံးအား စုပ်ယူပြီးသည့် အခါတွင် ဝမ်လင်း၏ ဝိညာဉ်မှာ ပိုမို ခိုင်မာလာကာ ခန္ဓာကိုယ် တည်ဆောက်ခြင်း မှာလည်း ပိုမို ပြီးမြောက် လာလေသည်။ မည်မျှပင် ကြိုးစားကာ အသေအချာ ကြည့်ရှုစစ်ဆေး လျှင်တောင်မှ ဝမ်လင်း၏ ဝိညာဉ်နှင့် ခန္ဓာကိုယ် အကြားရှိ ကွဲပြားခြားနား ချက်အား မြင်တွေ့နိုင်ရန်မှာ လွန်စွာ ခက်ခဲသည့် အဆင့်သို့ပင် ရောက်ရှိလာသည်။ သို့သော် သူ၏ ဆံပင်များမှာကား ယခင်ကကဲ့သို့ပင် အဖြူရောင်သာ ရှိနေဆဲပင်။

ဝမ်လင်းက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်း လိုက်ကာ သူ၏ ခန္ဓာကိုယ်အား ဂရုတစိုက် စစ်ဆေးလိုက်သည်။ သူ၏ အထိအတွေ့ အာရုံများ၊ အနံ့ခံအာရုံများ၊ အကြားအာရုံများ၊ အရသာခံအာရုံများ အားလုံးတို့မှာ တကယ့် အစစ်အမှန် ခန္ဓာကိုယ်အတိုင်းပင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ထိုအခိုက်တွင် ဝမ်လင်း၏ စိတ်အတွင်းတွင် စိတ်ရှုပ်ထွေးမှုများမှာ ပို၍ပင် များပြား လာတော့သည်။ သူက ရှေးဟောင်း နတ်ဘုရား၏ အသိဉာဏ် အမွေအနှစ်များအား စုပ်ယူခဲ့သည်။ သို့သော် အဘယ်ကြောင့် သူ၏ ဝိညာဉ်က ခန္ဓာကိုယ် တစ်ခု အဖြစ်သို့ပြောင်းလဲ သွားရသနည်း။

ထို့အပြင် ဖြစ်ပေါ်လာသော ခန္ဓာကိုယ်ကလည်း စွမ်းအား လေ့ကျင့်ရန် ဒန်တျန်တစ်ခုပင် မပါရှိသည့် လုံးဝကို သာမန်ဆန်သည့် ရိုးရိုး ခန္ဓာကိုယ် တစ်ခုတဲ့လား။

ဝမ်လင်းက အနည်းငယ်မျှ စဉ်းစားလိုက်ပြီး သူ၏ ဘယ်ဘက်လက်အား ဖြတ်ပစ် လိုက်သည်တွင် ဒဏ်ရာမှ သွေးများက ဒလဟော ထွက်လာ ကြတော့သည်။ ထိုသွေးများအား စိုက်ကြည့်နေရာမှ နောက်ဆုံးတော့ ဝမ်လင်းက သူ၏ ယခင် မူလခန္ဓာကိုယ်အား ပြန်လည် ရရှိသည်မှာ အမှန်တကယ် ဖြစ်ကြောင်းကို နားလည် သွားလေသည်။

ဝမ်လင်းက မျက်စိမှိတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အား စစ်ဆေးလိုက်သည်။ သူ၏ ခန္ဓာကိုယ်နှင့် ပတ်သက်၍ မည်သည့် ပြောင်းလဲမှု တစ်စုံတစ်ရာမှ မတွေ့ရချေ။ သူ၏ ဝိညာဉ်အတွင်းတွင် ဝိညာဉ်စားသုံးသူ အမြုတေက တောက်ပသည့် အလင်းတန်းများ ထုတ်လွှတ်ကာ လည်ပတ်လျက် ရှိနေသည်ကို တွေ့ရသည်။ နောက်ပြီး လည်ပတ်သည့် အကြိမ်အရေ အတွက် တစ်ခုစီတိုင်းက သူ၏ ဝိညာဉ်အား ပိုမို စွမ်းအား တိုးတက် လာစေသည့် စွမ်းအင်လှိုင်း များအား ထုတ်ပေးလျက် ရှိနေလေသည်။

ဝမ်လင်း၏ ဝိညာဉ်အတွင်းတွင် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့နှင့် ဂျိနယ်ပယ် တို့မှာလည်း ယခင် အတိုင်းပင် ရှိနေကြလေသည်။ ဝမ်လင်းက သူ၏ ခန္ဓာကိုယ် တစ်ခုလုံးအား သေချာစွာ စစ်ဆေးအပြီးတွင် မျက်လုံးများကို ဖွင့်လိုက်ပြီး လက်သီးများအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ဝမ်လင်းသည် သူ၏ ဝိညာဉ်မှ ဖြစ်ပေါ်လာသည့် ဤ ခန္ဓာကိုယ်မှာ သူ၏ မူလ ခန္ဓာကိုယ် ဖြစ်နေသည့် အတွက် သူ့အနေနှင့်ဤ ခန္ဓာကိုယ်နှင့် ရင်းနှီးရန်ကား အချိန်များစွာ မလိုအပ်ချေ။ လက်သီးများအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်တွင် ဝမ်လင်း၏ မျက်နှာထက်တွင် ပျော်ရွှင်သည့် အမူအရာများ ထွက်ပေါ် လာတော့သည်။

သူ၏ ခေါင်းအား မော့လိုက်ပြီး သူ၏ မျက်လုံးများမှာ အေးစက်သည့် အငွေ့အသက်များနှင့် ပြည့်နှက် လာတော့သည်။

“ထန်းဟွယွမ် … ခင်ဗျား အရင်တုန်းက ကျုပ်ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့ပေမဲ့ အခုအချိန်မှာ ကျုပ်ရဲ့ ခန္ဓာကိုယ်ကို ပြန်ရအောင် လုပ်ဆောင်နိုင်ခဲ့ပြီ ... ကျုပ်ရဲ့ အခု ခန္ဓာကိုယ်နဲ့ စဦးဝိညာဉ်အဆင့်ကို ရောက်ပြီဆိုတာနဲ့ ... ကျောင်းနိုင်ငံကို လာပြီး ထန်းမိသားစု တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်… ... ကျုပ်ရဲ့ အမုန်းတရားတွေကို ခင်ဗျားတို့ တစ်မိသားစုလုံးရဲ့ လည်ချောင်းသွေးနဲ့ ဆေးပစ်မယ် ... ထန်းမိသားစုရဲ့ ဝိညာဉ်တွေနဲ့ ယစ်ပူဇော်မှ ကျုပ်ရဲ့ အမုန်းတရားတွေ ကျေအေးနိုင်မယ်… ... ”

ဝမ်လင်း၏ မျက်လုံးများထဲတွင် အရောင်တစ်ချက် လက်သွားသည်။ သူ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်လာတုန်းက ရေခဲသလင်းတုံး ၉၄ ခု ရှိနေလိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။ ဤအရာကပင် သူ၏ နဂိုမူလ အကြံအစည်များအား ပျက်စီး သွားစေခဲ့ခြင်း ဖြစ်သည်။

သူ၏ မူလအစီအစဉ်မှာ အသိဉာဏ် အမွေအနှစ်အား စုပ်ယူပြီးလျှင် ထိန်းချုပ်ရေးအလံ ပြုလုပ်ရန် လိုအပ်သည့် မှင်ကျောက်တုံး ကိုရှာမည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ရှိရာသို့ ပြန်ကာ သူ့ကို နှစ်ပေါင်းများစွာ ပိတ်လှောင်ထားသည့် ဤရှေးဟောင်း နတ်ဘုရား ကုန်းမြေမှ ထွက်ခွာမည်။ သူ၏ မူလ အစီအစဉ်မှာ ဤသို့ပင်။

ကိစ္စရပ်များက သူ၏ နဂိုမူလ အစီအစဉ် အတိုင်းသာ ဖြစ်ခဲ့လျှင် ယခုအချိန်တွင် သူ ရရှိမည့် အကျိုးအမြတ်များမှာ လွန်စွာပင်ကြီးမား နေလိမ့်မည် ဖြစ်၏။ သူ့အနေနှင့် ထိန်းချုပ်ရေး နည်းစနစ်များကို ရရှိနိုင်ရုံသာမကပဲ ထိန်းချုပ်ရေးအလံ ပြုလုပ်နိုင်မည့် နည်းလမ်းကိုပါ ရရှိနိုင်မည့် အပြင် ဟွန်းဘန်မန်း၏ ရတနာများနှင့် ရှေးအင်ပါယာ ဘုရင်၏ သိုလှောင်အိတ် များကိုပါ ရရှိပိုင်ဆိုင် နိုင်လိမ့်မည် ဖြစ်၏။ ထို့အပြင် သားရဲ ထောင်ချောက်နှင့် အရည်အသွေးမြင့် စွမ်းအင်ကျောက်တုံး ၂၀လည်း ရှိသေးသည် မဟုတ်လား။ နောက်ပြီး သက်စောင့် ရတနာ ၁၀ ခုကိုပါ ထပ်မံ ထည့်တွက်မည် ဆိုပါက သူ၏ အကျိုးအမြတ်မှာ လွန်စွာပင် ကြီးမားမည်မှာ အမှန်တကယ်ပင်။

ထပ်ပြီး ပြောရမည်ဆိုလျှင် သူ့ထံတွင် တန်ဖိုး မဖြတ်နိုင်သည့် အသိဉာဏ် အမွေအနှစ်လည်း ရရှိထားသေး၏။

သို့သော် အသိဉာဏ် အမွေအနှစ်များ ပါဝင်သည့် ရေခဲသလင်းတုံး များမှာ ၉၄ ခု ရှိသည်ကို သိလိုက်သည်တွင် ဝမ်လင်းကပို၍ပင် သတိထား နေလိုက်သည်။ ဤနေရာ အတွင်းသို့ သူတောင် ဝင်လာနိုင်သည် ဆိုပါက အခြားသူများလည်း ဝင်လာနိုင်သည့် အဓိပ္ပာယ်ပင် ဖြစ်နေသည် မဟုတ်ပါလား။

သို့သော် အချိန်များစွာ ကြာအောင် စောင့်ဆိုင်း အပြီးတွင် ဤနေရာသို့ တစ်ဦး တစ်ယောက်မှ ရောက်မလာခဲ့ချေ။ ကြည့်ရသည်မှာ တစ်စုံတစ်ခု ဖြစ်ပွားသွားခဲ့ခြင်း ဖြစ်ဟန်ရသည်။

ပို၍ အရေးကြီးသည့် အချက်မှာ ဝမ်လင်းက သူ၏ ခန္ဓာကိုယ်နှင့် သိုလှောင်အိတ် များအား တစ်နေရာတည်းတွင် ဖွက်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုနေရာမှာ လေဟာနယ် အက်ကွဲကြောင်းများ အတွင်းတွင် တည်ရှိသည်ဖြစ်ရာ သူ့အနေနှင့်များစွာ စိုးရိမ်ပူပန်ခြင်း မရှိပေ။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်သည် ဝိညာဉ်မရှိပဲ အချိန်အကြာကြီး ရှိနေမည်ဆိုလျှင် ပြဿနာ ရှိလာနိုင်လေသည်။ သူ့အနေဖြင့် ယင်းအချက်ကိုသာ စိတ်အပူဆုံး ဖြစ်သည်။ သို့သော် ယခု အချိန်တွင်တော့ ဝမ်လင်းက ခန္ဓာကိုယ်အသစ် တစ်ခုကို ဖွဲ့စည်းတည်ဆောက် နိုင်ခဲ့ပြီဖြစ်ရာ ယင်းအချက်အား ခေါင်းထဲတွင် ထည့်နေရန်ပင် မလိုအပ်တော့ချေ။

အချိန်များစွာ ကြာလာသည်နှင့်အမျှ ဝမ်လင်း၏ ရေခဲသလင်းတုံး များအား စုပ်ယူ သည့်အမြန်နှုန်းမှာ တဖြည်းဖြည်း နှေးကွေး လာလေသည်။ ရေခဲသလင်းတုံး ၅၇ ခုမြောက် အရောက်တွင် ဝမ်လင်းသည် ပိုးမျှင်အိမ်အတွင်းမှ ထွက်လာလေသည်။ သူ၏မျက်ခုံးနှစ်ဖက် ကြားတွင်လည်း အလင်းရောင် ခပ်ဖျော့ဖျော့ လင်းနေသည့် ကြယ်တစ်လုံး ရှိနေသည်ကို တွေ့ရသည်။

ဝမ်လင်းက ရုတ်တရက် ချက်ချင်းပင် ပိုးမျှင်အိမ်ထဲတွင် ထိုင်ချလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ အချိန်များစွာ ကုန်ဆုံးသွားပြီး နောက်တွင် ဝမ်လင်းက မျက်လုံးများအား ပြန်ဖွင့် လိုက်သည်တွင် သူ၏ မျက်လုံးများမှ ထူးခြား ဆန်းကျယ်သည့် အငွေ့အသက်များ ပါဝင်သည့် အလင်းတန်းတစ်ခု ထွက်ပေါ် နေလေသည်။

ယခုအချိန်တွင် ဝမ်လင်း၏ အသွင်အပြင်သည် လွန်ခဲ့သော နှစ်များက ကျောင်းနိုင်ငံတွင် ရှိတုန်းကနှင့် တူညီနေသော်လည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အရှိန်အဝါ အငွေ့အသက် များမှာမူကား လုံးဝပင် ကွဲပြားခြားနား သွားပြီဖြစ်သည်။ ယခုအချိန်တွင် သူ၏ လေထဲတွင် မျောလွင့်နေသည့် အဖြူရောင် ဆံပင်များသည် အလွန်အန္တရာယ် များသည့် အငွေ့အသက်များအား ထုတ်ဖော်လျက် ရှိကာ လူများ၏ စိတ်နှလုံးအား ရက်စက် ကြမ်းကြုတ်သည့် သားရဲ တစ်ကောင် အလားနှယ် ခြိမ်းခြောက် နေလေတော့သည်။

(၅၇) ခုမြောက် ရေခဲသလင်းတုံးအား စုပ်ယူအပြီးတွင် သူ၏ နဖူးထက်ရှိ ကြယ်မှာလည်း အလင်းရောင်များ ပိုမိုတောက်ပ လာလေသည်။ ထိုအခိုက်တွင် ဝမ်လင်းက ထူစီ၏ နဖူးထက်ရှိ ကြယ်အရေအတွက်မှာ စုစုပေါင်း ၈ ခုရှိသည်ကို မှတ်မိလိုက်သည်။ ထို့အပြင် ထူစီက ဆေးလုံးများ သို့မဟုတ် ရတနာများအား ပြုလုပ်သန့်စင်သည့် နေရာတွင် ယင်းကြယ် ၈ လုံးထံမှ ထူးခြား ဆန်းကျယ်သည့် စွမ်းအား အချို့ကို အသုံးပြုခဲ့ရကြောင်း မှတ်မိလိုက်သည်။

သို့သော် ထူစီ၏ နဖူးထက်ရှိ ကြယ်များမှာ အနီရောင်များ လင်းလက်နေပြီး သူ့နဖူးထက်ရှိ တစ်ခုတည်းသော ကြယ်မှာမူကား အလင်းရောင် ခပ်ဖျော့ဖျော့ လေးသာ ထုတ်လွှတ် နေလေသည်။ ထို့ထက်ပိုသည်ကား အကယ်၍သာ သေသေချာချာ မကြည့်ဘူးဆိုလျှင် ယင်း ခပ်ဖျော့ဖျော့ အလင်းရောင်လေး ထုတ်လွှတ် နေသည်ကိုပင် တွေ့နိုင်လိမ့်မည် မဟုတ်ချေ။

ဝမ်လင်းက ယခုအချိန်တွင် သူ၏ နဖူးထက်တွင် အဘယ်ကြောင့် ကြယ်များ ထွက်ပေါ်လာသည်ကို မသိသေးသော်လည်း သူသာ အသိဉာဏ် အမွေအနှစ် ရေခဲသလင်းတုံး အားလုံးကို စုပ်ယူပြီးသွားလျှင် အရာအားလုံးကို နားလည်သွားမည်ဟု ယုံကြည်ထားသည်။

ဝမ်လင်းက သူ၏ နဖူးထက်ရှိ ကြယ်များနှင့် ပတ်သက်၍ ကောင်းစွာ သိရှိခြင်း မရှိသော်လည်း ရေခဲသလင်းတုံး (၅၀) ကျော်ကို စုပ်ယူပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်အား ပြန်လည် ဖွဲ့စည်း တည်ဆောက် နိုင်ခဲ့သည့် အကြောင်းအရာ များအား နားလည်သွားသည်။

ရှေးဟောင်းနတ်ဘုရား များသည် ခန္ဓာကိုယ် တည်ဆောက် သန့်စင်ခြင်း နည်းလမ်းကိုသာ အလေးထား လေ့ကျင့်ကြကြောင်း သိရသည်။ ရှေးဟောင်းနတ်ဘုရား တိုင်းသည် သူတို့၏ စိတ်စွမ်းအင်များ အားလုံးကို ခန္ဓာကိုယ် သန့်စင်ခြင်း အတွက်သာ အသုံးပြုကြ လေသည်။ အကျိုးသက်ရောက်မှု အားဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်များသည် အကန့်အသတ် တစ်ခုသို့ ရောက်ရှိသွား ပြီးနောက် စွမ်းအားကြီး သန်မာလာမှု သည်လည်း ရပ်တန့်သွား တော့သည်။

ထိုအချိန်တွင် ခန္ဓာကိုယ်အား ကြီးမားအောင်ပြုလုပ်ရန်လိုအပ်လာသည်။ ထိုသို့မဟုတ်လျှင် ၎င်းတို့၏ ကျင့်ကြံခြင်းသည်ရပ်တန့်သွားလိမ့်မည်ဖြစ်၏။ ထို့ကြောင့် ခန္ဓာကိုယ် အရွယ်အစားအား ပိုမိုကြီးမားအောင် ပြုလုပ်ခြင်းကသာ ပိုမိုမြင့်မားသည့် ကျင့်ကြံခြင်း အဆင့်သို့ ရောက်ရှိနိုင်မည့် နည်းလမ်း ဖြစ်လာသည်။ အသေအချာ ပြောနိုင်သည် တစ်ခုက ရှေးဟောင်းနတ်ဘုရား တစ်ပါးသည် ခန္ဓာကိုယ် အရွယ်အစား ပိုမိုကြီးမားလေလေ သူ့ထံတွင်ရှိသည့် စိတ်စွမ်းအင် ပမာဏမှာ ပိုမိုများပြား လေလေပင် ဖြစ်သည်။ ထို့ကြောင့် ရှေးဟောင်းနတ်ဘုရား များသည် ကျင့်ကြံခြင်း အကန့်အသတ်သို့ ရောက်လျှင် ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်အား နောက်တစ်ဖန် ပြန်လည် တည်ဆောက်ရသည်။ တစ်နည်းအားဖြင့် နောက်တစ်ဖန် ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်အား ပြန်လည် တည်ဆောက်ခြင်းသည် ကျင့်ကြံခြင်းတွင် နောက်တစ်ဆင့်သို့ တက်ရောက် သွားပြီဟု ဆိုနိုင်ပေသည်။

ထို့အတွက် ရှေးဟောင်းနတ်ဘုရား တိုင်းသည် ခန္ဓာကိုယ် ကြီးမားလာခြင်းနှင့် ပြန်လည် တည်ဆောက်ခြင်း တို့နှင့် ပတ်သက်ပြီး အတွေ့အကြုံများစွာ ရှိဖူးပြီးသား ဖြစ်ကြလေသည်။ ခန္ဓာကိုယ်ပြန်လည် တည်ဆောက်သည့် အကြိမ်အရေအတွက် များပြားလာလေလေ ပိုမိုစွမ်းအား ကြီးလာလေလေပင် ဖြစ်၏။

ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ခြင်းအား တစ်ကြိမ်ပြုလုပ် ပြီးတိုင်း ရှေးဟောင်း နတ်ဘုရားများ၏ ဝိညာဉ် အရွယ်အစား များမှာလည်း ပိုမိုကြီးမား လာကြသည်။ ရှေးဟောင်း နတ်ဘုရားများ အတွက် ကျင့်ကြံခြင်း အဆင့်ဟူ၍ သတ်မှတ်ထားခြင်း မရှိပေ။

၎င်းတို့၏ ဝိညာဉ် အရွယ်အစားနှင့် ခန္ဓာကိုယ် စွမ်းအားကသာ ၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်ဟု ယေဘုယျအားဖြင့် သတ်မှတ်၍ ရပေသည်။

ဝမ်လင်း စုပ်ယူခဲ့သည့် အသိဉာဏ် အမွေအနှစ် များထဲတွင် ထူစီ၏ ဘဝတစ်လျှောက် လုံးစာ မှတ်ဉာဏ်များ ပါဝင်လေသည်။

ထူစီက အရွယ်ရောက်ပြီး အဆင့်သို့ အရောက်တွင် မှင်ရည်အသွင်ပြောင်း စီးဆင်းခြင်း နတ်ဘုရား နည်းစနစ်အား လေ့ကျင့်ရင်းနှင့် စောစီးစွာ သေဆုံးသွား ခဲ့ရသော်လည်း ထူစီ၏ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ခြင်း အကြိမ် အရေအတွက်မှာ ၈ ကြိမ်အထိ ရောက်ရှိခဲ့လေသည်။

ရှေးဟောင်း နတ်ဘုရားများ အတွက်မူကား ခန္ဓာကိုယ် ပြန်လည် တည်ဆောက်သည့် အကြိမ်တိုင်းသည် မမေ့နိုင်စရာ အတွေ့အကြုံများ ဖြစ်ကြလေသည်။ အားလုံးကို ခြုံကြည့်လိုက်လျှင် ခန္ဓာကိုယ် ပြန်လည် တည်ဆောက်သည့် အကြိမ်တိုင်းသည် ရှေးဟောင်း နတ်ဘုရားတို့ အဆင့်တက်သည့် အချိန်ဟုဆိုလည်း မမှားပေ။ ယခင်က ဝမ်လင်းအနေနှင့် အသိဉာဏ် အမွေအနှစ် အပိုင်းအစလေးအား စုပ်ယူရရှိ ခဲ့သည့် အချိန်တုန်းက ပြောင်းလဲမှုများစွာ မရှိခဲ့ချေ။

သို့သော် ဤနယ်မြေ အတွင်းသို့ ရောက်ရှိလာပြီး ရေခဲသလင်းတုံး ၉၄ ခု အနက်မှ တစ်ခုအား စတင် စုပ်ယူပြီးသွားသည့် အချိန်မှစ၍ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ခြင်း စွမ်းရည်များက အလိုလျောက်ပင် စတင် လုပ်ဆောင် သွားကြတော့သည်။

ထို့ကြောင့်ပင် ဝမ်လင်း၏ ဝိညာဉ်အား အသုံးပြုကာ သူ၏ မှတ်ဉာဏ်အတွင်းမှ သူ၏ မူလ ခန္ဓာကိုယ်ပုံစံအတိုင်း တူညီသည့် ခန္ဓာကိုယ်အား ပြန်လည် တည်ဆောက်ပေးခြင်း ဖြစ်လေသည်။ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ခြင်း ဖြစ်စဉ်သည် ဝမ်လင်းအတွက်သာ အထူးသီးသန့် အနေနှင့် လုပ်ဆောင်ပေးသည့် အရာမဟုတ်ပေ။ အခြားသူများလည်း အမွေအနှစ်များအား ရရှိခဲ့ပါက ဤသို့ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ခြင်းအား တွေ့ကြုံရမည်မှာ မလွဲမသွေပင်။

သို့သော် တစ်ခု ထူးခြားသည်ကား ဝမ်လင်း၏ ခန္ဓာကိုယ်အား ပြန်လည် တည်ဆောက်သည့် အခါတွင် သူ၏ နဂိုမူလ ခန္ဓာကိုယ်အား ပြန်လည် တည်ဆောက် ပေးခဲ့ခြင်းဖြစ်၏။

ဤခန္ဓာကိုယ်သည် သာမန်အဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ကြည့်လျှင် ဘာမျှ မထူးခြားသော်လည်း ထူးခြားသည့် အချက်မှာကား သာမန် ကျင့်ကြံသူများထက် ပိုမို သန်မာနေခြင်းပင်။

အကယ်၍ ဝမ်လင်းသာ ခန္ဓာကိုယ်ပြန်လည် တည်ဆောက်ခြင်းအား ၈ ကြိမ် ပြုလုပ်နိုင်လျှင် သူ၏ ခန္ဓာကိုယ်မှာလည်း ရှေးဟောင်းနတ်ဘုရား တစ်ပါးနှင့် ခြားနားခြင်း ရှိတော့မည် မဟုတ်ပေ။

ဤအချက်များအား နားလည် သဘောပေါက် သွားသည်တွင် ဝမ်လင်းက ဖြစ်နိုင်ချေ အချို့အား စတင် ခန့်မှန်း လိုက်သည်။

ထူစီ၏ နဖူးထက်ရှိ ကြယ်ပွင့် အရေအတွက် ၈ လုံးမှာ ခန္ဓာကိုယ်ပြန်လည် တည်ဆောက်ခြင်းအား အကြိမ်ရေ ၈ ကြိမ်အထိ အောင်မြင် ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည် မဟုတ်ပါလား။

သူ၏ ယူဆ သုံးသပ်ချက် များသာ မှန်ကန်ခဲ့လျှင် ယခု သူ၏ နဖူးထက်တွင် ရှိနေသည့် ကြယ်တစ်ပွင့်၏ အဓိပ္ပာယ်မှာ သူသည် ခန္ဓာကိုယ်ပြန်လည် တည်ဆောက်ခြင်းအား တစ်ကြိမ် ပြီးမြောက်အောင် မြင်ပြီးပြီ ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်ချေလိမ့်မည်။

သို့သော် ဝမ်လင်း၏ မှတ်ဉာဉ်များအရ သူ၏ ခန္ဓာကိုယ်ပြန်လည် တည်ဆောက်ခြင်းမှာ ပြီးပြည့်စုံသည့် အဆင့်သို့ မရောက်ရှိ သေးကြောင်း ခန့်မှန်းမိသည်။ ထိုသို့မဟုတ်လျှင် အဘယ်ကြောင့် သူ၏ နဖူးထက်ရှိ ကြယ်ပွင့်မှာ အရောင်မရှိသေးပဲ အလင်းရောင် ခပ်ဖျော့ဖျော့ လေးသာ ထုတ်လွှတ် နေရမည်နည်း။

ဤအရာမှာ ဝမ်လင်း၏ ယူဆချက် သက်သက်မျှသာ ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် သူ့ထံတွင် ဤ အကြောင်းအရာများနှင့် ပတ်သက်သည့် မှတ်ဉာဏ်များ မရရှိသေး သောကြောင့်ပင်။ သို့သော် မကြာမီပင် အဖြေအား ရှာတွေ့လိမ့်မည်ဟု ဝမ်လင်း ယုံကြည်လေသည်။

ရေခဲသလင်းတုံး ၅၇ ခု အား စုပ်ယူအပြီးတွင် မပြည့်စုံသေးသည့် လင်္ကာ အပိုင်းအစများ၊ နည်းစနစ်များနှင့် မှတ်ဉာဏ်များ ပြီးပြည့်စုံသွား ကြလေတော့သည်။ ဤသို့ ပြည့်စုံသွားသည့် မှတ်ဉာဏ်များကြောင့် ဝမ်လင်း၏ ဝိညာဉ်သည် အစီအစဉ်တကျ မရှိတော့သည့် အခြေအနေသို့ ရောက်လာသည်။ တစ်ခါတစ်ရံတွင် ဝမ်လင်း၏ ဝိညာဉ်သည် ရှုပ်ထွေးလာသည်။ တစ်ခါတစ်ရံတွင် သူသည် သူ့ကိုယ်သူ ထူစီ ဖြစ်သည်ဟုပင် ယုံကြည်လာသည်။ တစ်ခါတစ်ရံ တွင်တော့ သူသည် ဝမ်လင်း ဖြစ်ကြောင်း အမှတ်ရလာ ပြန်သည်။

ဤသို့ ဗရမ်းဗတာ ဖြစ်နေသည့် အခြေအနေများသည် ဝမ်လင်း၏ စိတ်နှလုံးကို သန်မာသည့် အဖျက်အဆီး စိတ်အာရုံများအား ခံစားရစေသည်။ ထူစီသည် သေဆုံးသွားခဲ့ ရသော်လည်း သူပိုင်ဆိုင်သည့် အရာများအား အခြားသူများမှ ယူဆောင်သွားဖို့အား ခွင့်ပြုလိမ့်မည် မဟုတ်ချေ။ ဝမ်လင်းက အမွေအနှစ်များ အားလုံးကို စုပ်ယူ လိုက်လျှင် ဤ အသိဉာဏ် အမွေအနှစ်များထဲမှ တစ်စုံတစ်ခုက သူ့အား ထိန်းချုပ်ရန် ကြိုးစားကာ သူ၏ ဘဝ အစစ်အမှန် ဖြစ်သည့် ဝမ်လင်း ဆိုသည်ကို မေ့ပျောက်သွားစေပြီး သူ့ကိုယ်သူ ထူစီ ဖြစ်သည်ဟု ယုံကြည်လာအောင် ပြုလုပ်လိမ့်မည်ဟု ယုံကြည်လေသည်။

ထို့ကြောင့် ဝမ်လင်းက အမွေအနှစ်များအား စုပ်ယူသည့် အမြန်နှုန်းအား လျော့ချထားခြင်း ဖြစ်လေသည်။ သည်အတွက် ကြောင့်လည်း ရေခဲသလင်းတုံး များအား တစ်ခုပြီးမှ တစ်ခု စုပ်ယူခဲ့ခြင်းပင်။

ဤနည်းဖြင့် ဝမ်လင်းသည် သူ၏ ဝိညာဉ်အတွင်းသို့ ဝင်ရောက်လာသည့် ဗရမ်းဗတာ အခြေအနေအား တတ်နိုင်သမျှ လျှော့ချနိုင်ရန် ကြိုးစားခဲ့လေသည်။ ယင်း ဗရမ်းဗတာ အခြေအနေများက တစ်ခါတစ်ရံ ဝင်ရောက်လာကြ သော်လည်း ဝမ်လင်းက ၎င်းတို့အား ကောင်းမွန်စွာ ထိန်းချုပ် ထားနိုင်ဆဲပင် ဖြစ်၏။

ရေခဲသလင်းတုံး များအား စုပ်ယူသည့် အမြန်နှုန်းအား လျှော့ချလိုက် သော်လည်း စုပ်ယူနေသည့် အရှိန်မှာမူကား တည်ငြိမ် နေလေသည်။ ဝမ်လင်းက သူ၏ ဝိညာဉ်အတွင်းသို့ အနှောင့်အယှက် ဖြစ်စေမည့် အရာများအား ခွင့်မပြုပဲ အမွေအနှစ် များကိုသာ ဖြည်းညင်းစွာ စုပ်ယူလေသည်။

အချိန်များက တရွေ့ရွေ့နှင့် ကုန်ဆုံးသွား ခဲ့ကြသည်။ ဝမ်လင်း ကိုယ်တိုင်ပင် သူ၏ စိတ်အခြေအနေသည် အကြိမ်ရေမည်မျှ အထိ ပျောက်ဆုံးသွား ခဲ့ရသည်ကို မမှတ်မိတော့။ ပိုးမျှင်အိမ်အတွင်းမှ ထွက်လာသည့် အကြိမ်တိုင်း သူ၏ ဝိညာဉ်သည် ဗရမ်းဗတာ အခြေအနေနှင့် တွေ့ကြုံရသည် မှာလည်း ဘယ်နှစ်ကြိမ် ရှိသွားပြီမှန်းပင် မသိတော့ချေ။

***

All Chapters