အခန်း (၆၃၁-၆၃၂)
Vol. 61 Ch. 631-632
အခန်း (၆၃၁)။
“ဝုန်း...”
ဤသည်မှာ သိုင်းသူတော်စင် အဆင့်ရှိသည့် နတ်ဘုရားစစ်သူကြီး ရုပ်သေးတစ်ရုပ်၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲဖျက်ဆီးခြင်းပင် ဖြစ်သည်။ ၎င်း၏ သွေးအဆီအနှစ်များမှာ ‘ကောင်းကင် နတ်ဘုရားဒူးလေး’ မှ ပစ်လွှတ်လိုက်သည့် လျှို့ဝှက်လက်နက်များကဲ့သို့ အရပ်မျက်နှာအနှံ့သို့ တရွှီးရွှီး မြည်ဟည်းကာ လွင့်စင်သွားတော့သည်။ သွေးစက်တိုင်းတွင် ‘တစ္ဆေအင်မော်တယ်’ တို့၏ ပျံသန်းနိုင်သော ဓားများကဲ့သို့ အနှိုင်းမဲ့ ထိုးဖောက်နိုင်စွမ်းရှိ သော စွမ်းအင်များ ကိန်းအောင်းနေ၏။
အထူးသဖြင့် ထိုသို့ မိမိကိုယ်ကို ဖောက်ခွဲလိုက်ရာမှ သတ္တုများ အရည်ပျော်သွားသကဲ့သို့ မှိုပွင့်ပုံစံ မီးခိုးတိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး၊ ပြင်းထန်သည့် သံလိုက်စွမ်းအင်များမှာ အရပ်ရှစ်မျက်နှာသို့ ဖြာထွက်သွားပြီး မျက်စိဖြင့်မမြင်နိုင်သော ရောင်ခြည်တန်းများမှာ လူတိုင်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဖျက်ဆီးရန် ကြိုးပမ်းနေကြသည်။
သို့သော်လည်း ဟုန်ယွိ၏ တုံ့ပြန်မှုမှာ ပို၍ပင် လျင်မြန်လှသည်။ သူတော်စင်ပေါင်းစုံခန်းမ အတွင်းရှိ အချိန်နှင့် ဟင်းလင်းပြင်မှာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသဖြင့်၊ သူ၏ အတွေးတစ်ချက်မျှဖြင့် အရာအားလုံးကို တားဆီးနိုင်ခဲ့သည်။ နတ်ဘုရားရုပ်သေးစစ်သူကြီး ပေါက်ကွဲလိုက်သည့် ခဏမှာပင် ဧရာမ မူလစွမ်းအင်ကြီးတစ်ခုက ၎င်းကို လုံးပတ်ပုံစံဖြင့် ရစ်ပတ်လိုက်ပြီး ပေါက်ကွဲမှု၏ အစွမ်းသတ္တိအားလုံးကို အထဲ၌ပင် ချိပ်ပိတ်ပစ်လိုက်လေ သည်။
“အဆိပ်ငွေ့တွေ၊ ခဲပြဒါးစွမ်းအင်တွေ၊ သံလိုက်ဖျက်ဆီးရေး ရောင်ခြည်တန်းတွေနဲ့ ထိုးဖောက်နိုင်စွမ်းရှိတဲ့ သွေးအဆီအနှစ်တွေ... ဒီပေါက်ကွဲမှုက ‘ပေါက်ကွဲမီးလျှံ နတ်ဘုရား အဆောင်ဓား’ ထက် ဆယ်ဆမက ပိုပြီး အစွမ်းထက်တယ်။ တောင်ငယ်တစ်လုံးဆိုရင် တောင် တခဏအတွင်း ပြာကျသွားနိုင်တာပဲ။ သံလိုက်ရောင်ခြည်တွေက မိုင်ပေါင်းများစွာ အထိ ပြန့်နှံ့သွားနိုင်ပြီး သက်ရှိအားလုံးရဲ့ ဝိညာဉ်တွေကို အမြစ်ပြတ် ချေမှုန်းနိုင်စွမ်းရှိ တယ်။ ဒီလောက်ရက်စက်တဲ့ ရုပ်သေးမျိုးကို သူတို့ ဘယ်လိုများ ဖန်တီးခဲ့ကြတာလဲ။”
ဟုန်ယွိက ထိုရုပ်သေးရုပ် ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်းမှ ထွက်ပေါ်လာသော ဖျက်ဆီးခြင်း စွမ်းအင်ကို ဆန်းစစ်ကြည့်လိုက်သည်။
ရုပ်သေးမှာ ပေါက်ကွဲပြီးနောက် စွမ်းအင်အားလုံး ချိပ်ပိတ်ခံလိုက်ရသဖြင့် မီးလောင်ပြီး သား ပြာမှုန့်ပုံကြီးတစ်ခုကဲ့သို့ ဖြစ်သွားတော့သည်။ ဟုန်ယွိ လေ့လာဆန်းစစ်ရန်အတွက် မည်သည့် သဲလွန်စမျှ ကျန်ရစ်ခဲ့ခြင်း မရှိတော့ပေ။
“သခင်လေးချွန်းကတော့ တကယ့် အမှိုက်ပဲ။ ဒီလောက် အစွမ်းထက်တဲ့ ပထမတန်းစား နတ်ဘုရားစစ်သူကြီး ရုပ်သေးကိုတောင် သူက အသုံးမချတတ်သေးဘူး။ ဒီသခင်လေးရဲ့ ကြိုးစားမှုတွေ အလကား ဖြစ်ကုန်တာပဲ။ ဒါပေမဲ့ ဟုန်ယွိ... မင်းက တကယ်ကို အထင်ကြီး စရာကောင်းတာပဲ။ ခေါင်းဆောင်ကြီးဆီကနေ ကျောက်စာတိုင် တစ်တိုင်ကိုတောင် လုယူနိုင်ခဲ့တယ်။ ဒါပေမဲ့ နတ်ဘုရားစစ်သူကြီးတွေဆီကနေ လျှို့ဝှက်ချက်တစ်ခုခု သိရမယ်လို့တော့ စိတ်မကူးနဲ့။ ငါ မင်းကို တကယ် စိတ်ဝင်စားသွားပြီ။ တစ်နေ့နေ့ ငါ ‘မဟာကမ္ဘာလောကကြီး’ ဆီ ရောက်လာတဲ့အခါ မင်းကို လာရှာခဲ့မယ်။ မှတ်ထားပါ... ငါ့ကို သခင်လေးရှူလို့ ခေါ်နိုင်တယ်။ ကျန်တဲ့ ရုပ်သေး ၈၀... ပေါက်ကွဲစမ်း။”
ချုပ်နှောင်ဖိနှိပ်ထားသော ခန်းမဆောင်အတွင်းရှိ ရှုပ်ထွေးနေသော ဟင်းလင်းပြင်ထဲမှ ညင်သာသော်လည်း ပြင်းထန်သည့် အတွေးလှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုခဏမှာပင် ဟုန်ယွိ သူတော်စင်ခန်းမဆောင်၏ အနက်ရှိုင်းဆုံးနေရာ၌ ဖိနှိပ်ထားသော ကျန်ရှိသည့် ရုပ်သေး ၈၀ လုံးမှာ ပြင်းထန်စွာ တုန်ခါလာတော့သည်။ ဘုန်း... ဘုန်း... ဘုန်း... ဆိုသည့် အသံများနှင့်အတူ ၎င်းတို့အားလုံး တစ်ပြိုင်နက်တည်း ကိုယ့်ကိုယ်ကို ဖောက်ခွဲ ဖျက်ဆီးသွားကြတော့သည်။
ယခုတစ်ကြိမ်တွင်မူ သူတော်စင်ပေါင်းစုံခန်းမ တစ်ခုလုံးမှာပင် အနည်းငယ် တုန်ခါသွားရ သည်။ အရာအားလုံးကို ပြန်လည် တည်ငြိမ်သွားစေရန်အတွက် ဟုန်ယွိ အနေဖြင့် အတော် ပင် အားထုတ်လိုက်ရ၏။
ဟုန်ယွိ၏ မျက်နှာထားမှာ တည်ကြည် လေးနက်သွားသည်။ သူက လက်ကို ဝှေ့ယမ်းကာ ရှုပ်ထွေးနေသော ဟင်းလင်းပြင်ကို ဖွင့်ချလိုက်ရာ နောက်ဆုံးတွင် ‘အရုဏ်ဦးချပ်ဝတ်’ ၈၀ သာ လွင့်ထွက်လာတော့သည်။ ဤချပ်ဝတ် ၈၀ မှာ ပုံမှန်ထက်ထူးကဲစွာ အစွမ်းထက်ပြီး၊ ပေါက်ကွဲမှုဒဏ်ကြောင့် ပျက်စီးသွားခြင်း မရှိပေ။
ဤချပ်ဝတ်များကြောင့် ဟုန်ယွိ၏အင်အားမှာ များစွာ တိုးတက်လာခဲ့သော်လည်း ‘ကောင်းကင်အပြင်ပနယ်မြေ’ မှ နတ်ဘုရားရုပ်သေးများ၏ လျှို့ဝှက်ချက်ကို စူးစမ်းနိုင် မည့် အခွင့်အရေးကိုမူ သူ လက်လွှတ်လိုက်ရလေပြီ။
ဤအပြောင်းအလဲမှာ ဟုန်ယွိ၏ တွက်ချက်မှုပြင်ပသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ ထိုသူတို့၏ စွမ်းအားကို ချိပ်ပိတ်ထားလိုက်လျှင် လုံလောက်ပြီဟု သူ ထင်မှတ်ထားခဲ့သော် လည်း ထိုသူတို့၏ အတွေးစများ၏ အနက်ရှိုင်းဆုံး၌ ဖော်ပြ၍မရသော အားကောင်းသည့် စိတ်ဆန္ဒတစ်ခု ကိန်းအောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထိုပြင်းထန်သော စိတ်ဆန္ဒကို ကြည့်ခြင်းအားဖြင့် ထိုရုပ်သေးများ၏သခင်မှာ ‘ဖန်ဆင်းရှင်’ တစ်ဦး ဖြစ်ပေလိမ့်မည်။ သူသည် သခင်လေးချွန်းထက် ပိုမိုအစွမ်းထက်သော်လည်း ‘ကောင်းကင်ဘုံဖခင်’ ခေါင်းဆောင်ကြီးကိုမူ ယှဉ်နိုင်ရန် အဝေးကြီးလိုသေးသည်။
သို့သော်လည်း ဖန်ကြယ်ကမ္ဘာပေါ်တွင် ဤကဲ့သို့သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ရှိနေ သေးခြင်းမှာ ကြီးမားသော အပြောင်းအလဲတစ်ခုပင် ဖြစ်သည်။ ‘ဖန်ဆင်းရှင်’ တိုင်းမှာ လောကကြီးကို တုန်လှုပ်စေနိုင်သည့် တည်ရှိမှုမျိုး ဖြစ်သဖြင့် ဟုန်ယွိအနေဖြင့် အထင် မသေးရဲပေ။
နတ်ဘုရားရုပ်သေး ၈၀ ပေါက်ကွဲသွားပြီးနောက် ကိုယ့်ကိုယ်ကိုယ် ‘သခင်လေးရှူ’ ဟု ခေါ်ဆိုသည့် ထိုအားကောင်းပြင်းထန်သော စိတ်ဆန္ဒမှာလည်း အစအနမကျန် ပျောက်ကွယ်သွားတော့သည်။ ဆက်သွယ်မှုအားလုံး ပြတ်တောက်သွားသကဲ့သို့ပင်။
ထိုလျှို့ဝှက်ဆန်းပြားသော ‘သခင်လေးရှူ’ မှာ ဤရုပ်သေးများကို အသုံးချ၍ သူ၏အသံကို ထွက်ပေါ်စေခြင်း ဖြစ်ကြောင်း ဟုန်ယွိ သိရှိလိုက်သည်။ ရုပ်သေးများ ပျက်စီးသွားသည်နှင့် ထိုစိတ်ဆန္ဒမှာလည်း ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။ ထိုသူ၏ အတွေးစများကို 'သူတော်စင်ပေါင်းစုံ ခန်းမ' ထဲသို့ ထပ်မံ ပေးပို့နိုင်ရန်မှာ မဖြစ်နိုင်တော့ပေ။
“ဟွန့်... သခင်လေးချွန်းလား၊ သခင်လေးရှူလား၊ ကောင်းကင်အပြင်ပနယ်မြေ ဖန်ကြယ် ကမ္ဘာမှာ သခင်လေးတွေ ဘယ်နှယောက်တောင် ရှိနေတာလဲ။ အခွင့်အရေးရရင် ငါ တကယ်ကို သွားကြည့်ချင်သေးတယ်။ ဒီသခင်လေးတွေဆိုတာ လူသားမျိုးနွယ် ခေါင်းဆောင်ရဲ့ အနာဂတ် အမွေဆက်ခံသူတွေများလား။ ဖန်ကြယ်ကမ္ဘာခေါင်းဆောင်ကို နှစ် ၂၀ မှာ တစ်ခါ ရွေးချယ်ကြတာဆိုတော့လေ။"
ဟုန်ယွိသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ လေထုထဲရှိ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် အညစ်အကြေးများ အားလုံး ပျောက်ကွယ်သွားလေ သည်။
“နှမြောစရာပဲ။ ဒီချပ်ဝတ်တွေက ဘာမှမဟုတ်ပေမဲ့ ဒီရုပ်သေးတွေကတော့ တကယ်ကို အံ့ဩဖို့ကောင်းတာ။ ‘နတ်ဘုရားဘိုးဘေးတောင်’ က တာအိုဘိုးဘေး သုံးဦး သန့်စင်ထား တဲ့ ‘ခေါင်းပေါင်းဝါစစ်သည်’ တွေကို ငါ မြင်ဖူးတယ်။ သူတို့က အလွန်အစွမ်းထက်ပေမဲ့ တောင့်တောင့်ကြီးနဲ့ ပြောင်းလွယ်ပြင်လွယ် ပျော့ပြောင်းမှု မရှိကြဘူး။ ဒီရုပ်သေးတွေက တော့ အဲဒီခေါင်းပေါင်းဝါ စစ်သည်တွေထက် အများကြီး ပိုသန်မာတယ်။ သူတို့က တကယ့် လူသားအစစ်တွေအတိုင်းပဲ။ အပ်စိုက်မှတ်တွေမရှိလို့ ‘လူသားအင်မော်တယ်’ အဆင့်အထိ ကျင့်ကြံလို့မရတာကလွဲရင် ကျန်တဲ့ ကြွက်သားတွေ၊ ကိုယ်တွင်းအင်္ဂါတွေ၊ ဦးနှောက်နဲ့ အရိုးအမှေးပါးတွေကအစ လူသားတစ်ယောက်နဲ့ အတိအကျ တူညီနေတာ။ ဒီလို ဖန်တီးမှု မျိုးက ‘တိုင်ကျိမိုးကြိုးနဂါး’ ထက်တောင် ပိုပြီး အံ့ဩဖို့ကောင်းနေသေးတယ်။”
ဤရုပ်သေးများ ကိုယ့်ကိုယ်ကို ဖောက်ခွဲ ဖျက်ဆီးသွားခြင်းအတွက် ဟုန်ယွိမှာ နှမြောတသ ဖြစ်နေမိသည်။ အကယ်၍ သူသာ အင်မော်တယ် ကျောက်စာတိုင်များကို ဖိနှိပ်ရန် သူ၏ စွမ်းအားများကို ခွဲဝေအသုံးမပြုခဲ့ရပါက ဤရုပ်သေးများမှာ ဤမျှလွယ်လွယ်ကူကူနှင့် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးနိုင်မည် မဟုတ်ပေ။
အင်မော်တယ် ကျောက်စာတိုင်ကို ဖိနှိပ်ထားနိုင်ရန်အတွက် သူတော်စင်ပေါင်းစုံခန်းမ၏ စွမ်းအင် အတော်များများကို သူ အသုံးချခဲ့ရလေသည်။
အကယ်၍ သူသာ ကျောက်စာတိုင် ငါးခုစလုံးကို ရရှိခဲ့မည်ဆိုပါက ၎င်းတို့ကို ဖိနှိပ်ထားနိုင် ရန်ပင် မဖြစ်နိုင်လောက်ကြောင်း ဟုန်ယွိ ကောင်းစွာ သိရှိထားသည်။
“ဒီရုပ်သေးတွေကို ‘ဝိညာဉ်နတ်ဘုရားစစ်သည်’ တွေလို့ ခေါ်တာလား။ သူတို့က ‘ခေါင်းပေါင်းဝါစစ်သည်’ တွေထက် အဆင့်ပေါင်းများစွာသာတဲ့ အဆင့်မြင့် ပစ္စည်းကောင်း တွေပဲ။ ဖန်ကြယ်ကမ္ဘာမှာ လူတိုင်းက ဒီရုပ်သေးမျိုး ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူးဆိုတော့ စိုးရိမ်စနေရာ မလိုပါဘူး။” ချန်ယင်းရှာက ဆန်းစစ်ပြလိုက်သည်။ ခုနက ‘သခင်လေးရှူ’ ပြောသွားသည့် စကားအရ ဤရုပ်သေးများကို ‘ဝိညာဉ်နတ်ဘုရားစစ်သည်တော်’ များဟု ခေါ်ဆိုခြင်း ဖြစ်သည်။
“မင်းတို့တစ်ယောက်ချင်းစီ ချပ်ဝတ်တစ်စုံစီ ယူထားကြ။”
ဟုန်ယွိသည် အနားရှိ လူများကို ကြည့်ကာ လက်ကို ဝှေ့ယမ်းလိုက်ရာ ချပ်ဝတ်အချို့မှာ လူတိုင်း၏လက်ထဲသို့ ကျရောက်သွားတော့သည်။ ကောင်းကင်မြွေဘုရင်မ ရှင်းမူတို့ပင် လျှင် တစ်စုံစီ ရရှိခဲ့ကြသည်။
“ငါတောင် တစ်စုံ ရတာလား။” ကောင်းကင်မြွေဘုရင်မ ရှင်းမူ၏ မျက်လုံးများမှာ အရောင်တောက်သွားသည်။ သူမ ဘာတွေးနေသည်ကို မည်သူမျှ မသိနိုင်ပေ။
“သေချာတာပေါ့။ ဒါပေမဲ့ အလဲအလှယ်တော့ ရှိတယ်။ ခင်ဗျား တစ်ခုခု လုပ်ပေးရမယ်၊ အဲဒီအတွက် ဒီချပ်ဝတ်က ဆုလာဘ်ပဲ။ အရင်က ကျုပ်တို့ကြားမှာ ရန်ငြိုးတွေ ရှိခဲ့ပေမဲ့ အခု တော့ ဒါတွေက ဘာမှမဟုတ်တော့ပါဘူး။ ခင်ဗျား အခု ‘ဆန်းကြယ်ကောင်းကင်ဘုံခန်းမ’ ကို ပြန်သွားလို့ မရတော့ဘူး။ ပြန်သွားရင်တောင် အဲဒါက ‘အမှောင်ဧကရာဇ်တာအိုသခင်’ ရဲ့ ကမ္ဘာဖြစ်နေမှာ။ ခင်ဗျား လုပ်ပေးရမှာက လော်ယွန်ကို ‘မက်မွန်နတ်ဘုရားဂိုဏ်း’ ရဲ့ ဂိုဏ်းချုပ် ဖြစ်လာအောင် ကူညီပေးဖို့ပဲ၊ နတ်ဘုရားလေနိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေးကိုပါ သူမ ထိန်းချုပ်နိုင်အောင် ခင်ဗျား ကူညီရမယ်။ တကယ်လို့ ဒီကိစ္စ မအောင်မြင်ဘဲ လော်ယွန်က ဂိုဏ်းချုပ် မဖြစ်လာဘူးဆိုရင်တော့ ကျုပ် ဒီချပ်ဝတ်ကို ပြန်သိမ်းရမှာပဲ။”
ဟုန်ယွိသည် ကောင်းကင်မြွေဘုရင်မကို မလှုပ်မယှက် စိုက်ကြည့်နေပြီး သူတို့၏ အကြည့်များမှာ လေထဲတွင် ဆုံနေကြသည်။
“ကောင်းပြီလေ... သဘောတူတယ်။ မင်း ပေးတဲ့ အလုပ်ကလည်း သိပ်တော့ မသေးဘူးပဲ။ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်ရဲ့ နတ်ဆိုးမိစ္ဆာမျိုးစေ့သာ လွတ်သွားခဲ့ရင် နတ်ဘုရားလေနိုင်ငံမှာ ပြဿနာတွေ တက်လာမှာ သေချာတယ်။ ပြီးတော့ နတ်ဘုရားလေ နိုင်ငံမှာ ထူးထူးခြားခြား အစွမ်းထက်တဲ့ လူတစ်စုလည်း ရှိနေသေးတယ်လေ။” ကောင်းကင်မြွေဘုရင်မက သူမအကြည့်ကို အနည်းငယ် လွှဲလိုက်ပြီး အေးစက်စက် လေသံ ဖြင့် ပြောလိုက်သည်။ ဤသည်မှာ အလဲအလှယ်လုပ်သည့်အခါတွင် အသုံးပြုလေ့ရှိသော လေသံပင် ဖြစ်သည်။
“ကျီရှန်းထျန်... မင်းက ဉာဏ်ကောင်းပြီး အစီအစဉ်လည်း များတယ်။ ဒီတစ်ကြိမ်မှာတော့ မင်း လော်ယွန်ရဲ့ အနားမှာနေပြီး သူမကို ကူညီပေးလိုက်ပါ။ ဒါကို ငါ့ရဲ့ ချပ်ဝတ်အတွက် ဆုလာဘ်လို့ပဲ သဘောထားလိုက်။ ငါတို့ အပြင်ထွက်တဲ့အခါ ‘နဂါးတာအိုသခင်မ အောင်းလွမ်’ နဲ့ ‘သူတော်စင် မိန်းမပျို ယွမ်ရှန်းရှန်း’ ကို ငါ ဖိတ်ခေါ်ပေးမယ်။ သူတို့လည်း လော်ယွန်ရဲ့ အနားမှာနေပြီး ကူညီပေးကြလိမ့်မယ်။ ပြီးတော့ ချန်ယင်းရှာ... မင်းလည်း နင်ဂျာဘုန်းတော်ကြီး၊ ချီဇီယန်၊ မုကလေး၊ ရွှေပင့်ကူ၊ ရှောင်ရှူးနဲ့ ယွမ်ကုန်းမင်တို့ကို ခေါ်ပြီး နတ်ဘုရားလေနိုင်ငံမှာ ခေတ္တနေထိုင်ကြပါ။ လော်ယွန်ကို ဂိုဏ်းချုပ်ဖြစ်လာအောင် မင်းတို့လည်း မဖြစ်မနေ ကူညီရမယ်။ တစ်ချိန်တည်းမှာပဲ ပင်လယ်ရပ်ခြား တိုင်းနိုင်ငံ တစ်ရာကျော်ကို ရှင်းလင်းပြီး ‘ယွမ်နိုင်ငံ’ ရဲ့ အခြေခံအုတ်မြစ်ကို ချဲ့ထွင်ကြပါ၊ ငါတို့ အတွက် ကိုယ်ပိုင်ကျွန်းနိုင်ငံတစ်ခုကိုပါ တည်ထောင်ကြမယ်။” ဟုန်ယွိက ချန်ယင်းရှာနှင့် လော်ယွန်ကို ပြောလိုက်သည်။
ပင်လယ်ရပ်ခြား ကျွန်းနိုင်ငံပေါင်း တစ်ရာကျော်မှာ မက်မွန်နတ်သမီး ညီလာခံကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ ဟုန်ယွိအနေဖြင့် သူ၏ လက်အောက်ငယ်သားအားလုံး ကို လော်ယွန်နှင့်အတူ ရှိနေစေရန် စီစဉ်ရခြင်းမှာ ပင်လယ်ရပ်ခြား နိုင်ငံအားလုံးကို စုစည်း ညီညွတ်စေရန် ရည်ရွယ်ချက်ရှိသောကြောင့် ဖြစ်သည်။ အကယ်၍ ထိုနိုင်ငံများကို စုစည်း မထားပါက ဖန်ကြယ်ကမ္ဘာမှ လူများ ပင်လယ်ရပ်ခြားမှတစ်ဆင့် ကျူးကျော်လာလျှင် ဒုက္ခရောက်နိုင်ပေသည်။
တစ်ချိန်တည်းမှာပင် သူ၏ ‘ပြောင်းလဲခြင်းကျမ်း’ ကို ပင်လယ်ရပ်ခြားသို့ ပြန့်နှံ့စေလို သည်။ ပင်လယ်ရပ်ခြားတွင် ဌာနခွဲတစ်ခု တည်ထောင်ခြင်းမှာ အလယ်ပိုင်း ကောင်းကင် နိုင်ငံတွင် တည်ထောင်ခြင်းထက် ပိုမို ကောင်းမွန်ပေလိမ့်မည်။
ထိုနေရာရှိ လူအားလုံးမှာ ဉာဏ်ကောင်းသူများ ဖြစ်ကြသဖြင့် ဟုန်ယွိ၏ အစီအစဉ်နှင့် ၎င်း၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သဘာဝအတိုင်း နားလည်သဘောပေါက်ကြသည်။
“ဒါဆိုရင် ငါ အာဏာရဖို့အတွက်ကတော့ ဘာမှ စိုးရိမ်စရာ မရှိတော့ဘူးပေါ့။” လော်ယွန် က ခေါင်းညိတ်လိုက်သော်လည်း ပြုံးရွှင်မနေပေ။ ထိုအစား သူသည် တစ်ခုခုကို တွက်ချက် နေပုံရနေသည်။
ကျီရှန်းထျန်၊ ကောင်းကင်မြွေဘုရင်မ၊ နဂါးတာအိုသခင်မ အောင်းလွမ်နှင့် ယွမ်ရှန်းရှန်း... သူတို့အထဲတွင် သုံးဦးမှာ ‘အဆင့်ခြောက် မိုးကြိုးကပ်ဘေး’ ကို ကျော်ဖြတ်ထားသူများ ဖြစ်ပြီး တစ်ဦးမှာ ‘အဆင့်ငါး မိုးကြိုးကပ်ဘေး’ ကို ကျော်ဖြတ်ထားသူ ဖြစ်သည်။ သူတို့ အားလုံးမှာ လော်ယွန်၏အနားတွင် စုစည်းနေကြပြီ ဖြစ်သည်။ ဤကဲ့သို့သော အင်အားစု မျိုးမှာ ဤ ‘မဟာကမ္ဘာကြီး’ တွင် နေရာတစ်ခု ရရှိရန် လုံလောက်ပေသည်။
ထိုမျှတင်မကသေးဘဲ အထူးသဖြင့် မူလဝိညာဉ်နတ်ဘုရား၏ အတွေးစများကို ဝါးမြိုထား သော ချန်ယင်းရှာမှာလည်း အလွန်ပင် အစွမ်းထက်လှပြီး ‘ဖန်ဆင်းရှင်’ တစ်ဦးနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသည်။
ယွမ်ရှန်းရှန်းမှာလည်း မူလဝိညာဉ်နတ်ဘုရား၏ အတွေးစများနှင့် ပေါင်းစပ်ထားသူ ဖြစ်သည်။
“ဟုန်ယွိနဲ့ ငါ သိကျွမ်းခဲ့ရပြီး ကောင်းမွန်တဲ့ ကံကြမ္မာအဆက်အသွယ်တစ်ခု ရခဲ့တယ်။ ဒီနေ့မှာ ဒီလောက်ကြီးကျယ်တဲ့ ရလဒ်တွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာ လဲ။ အခုဆိုရင် လူဦးရေ သန်းပေါင်းများစွာရှိတဲ့ ပင်လယ်ရပ်ခြား ကျွန်းနိုင်ငံ တစ်ရာကျော် ကို စုစည်းဖို့တောင် မျှော်လင့်ချက် ရှိလာပြီပဲ။” လော်ယွန်က သူမဘာသာ တွေးနေမိသည်။
...
“ဟုန်ယွိ... မင်းကော ဘာလုပ်မှာလဲ။ ငါတို့က ပင်လယ်ရပ်ခြား အင်အားစုတွေကို စုစည်းဖို့ အတွက် သွားကြမယ်ဆိုပေမဲ့ အဆင်မပြေတာတွေ ရှိလာရင် ချန်ဧကရာဇ် ယန်ဖန်တို့ ရှိနေသေးတယ်။ တာအိုဘိုးဘေး သုံးဦးလည်း ရှိနေသေးတယ်လေ...” ချန်ယင်းရှာက မေးလိုက်သည်။
“ငါကတော့ အေးအေးဆေးဆေး ကျင့်ကြံပြီး အင်မော်တယ် ကျောက်စာတိုင်ကို ဖိနှိပ်ထား ဖို့ လိုတယ်။ မဟုတ်ရင် ဒါကို သူတော်စင်ပေါင်းစုံခန်းမထဲမှာ ဒီအတိုင်းထားထားရင် ငါ့ရဲ့ အစွမ်းတွေပဲ လျော့သွားလိမ့်မယ်။ မင်းတို့အားလုံးဆီမှာ သူတော်စင်ပေါင်းစုံခန်းမရဲ့ မူလ စွမ်းအင်တွေကို ငါ ထည့်ပေးထားပြီးသားပါ... သူရဲကောင်းမှတ်တမ်း” ဟုန်ယွိသည် လက်ကို ဝှေ့ယမ်းလိုက်ရာ စာအုပ်အတွင်းမှ တံခါးချပ်များစွာ ထွက်ပေါ်လာပြီး လူတိုင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။
“ဒီသူရဲကောင်းမှတ်တမ်း ထဲမှာ ‘ရှေးဟောင်းရာမွန်ရှိုတံခါး’ ပါဝင်တယ်။ မင်းတို့အားလုံး အဲဒီတံခါးရဲ့ နက်နဲမှုကို သိကြမှာပါ။ ဒါက ‘ပုံရိပ်ယောင်တံခါး’ တွေကို ဖွင့်ပေးနိုင်တယ်။ အခု မင်းတို့အတွက် အဲဒီတံခါးတွေကို ငါ ဖွင့်ပေးထားမယ်။ အန္တရာယ်တစ်ခုခုနဲ့ ကြုံလာရ ရင် အဲဒီတံခါးကတစ်ဆင့် သူတော်စင်ပေါင်းစုံခန်းမဆီကို ချက်ချင်း ပြန်လာနိုင်မှာပါ။”
“ဖန်ဆင်းခြင်းသင်္ဘောတောင်မှ ဒီလို အကျိုးသက်ရောက်မှုမျိုး မပေးနိုင်ဘူး။ မူလဝိညာဉ် နတ်ဘုရားကို သတ်လိုက်ရတာ တကယ် တန်တာပဲ။ ငါက ‘ရှေးဟောင်းရာမွန်ရှိုတံခါး’ ကို လိုချင်နေတာ ကြာပြီ။ နှမြောစရာပဲ ဟုန်ယွိ... နင် မိုးကြိုးကပ်ဘေး ခံယူတုန်းက ငါ အနားမှာ မရှိခဲ့ဘူး။ မဟုတ်ရင် မင်းဆီကနေ အများကြီး အကျိုးအမြတ် ရဦးမှာပဲ...” ကျီရှန်းထျန်သည် တံတွေးများ ယိုစီးကျလာမတတ် ဖြစ်နေရင်း သူမ၏ လက်ချောင်းကို စုပ်နေလေသည်။
‘ရှေးဟောင်းရာမွန်ရှိုတံခါး’ နှင့် ‘ဘုံးသုံးပါးမူလစွမ်းအင်ရေကန်’ တို့ ပေါင်းစပ်ထားသော သူရဲကောင်းမှတ်တမ်း မှာ တကယ်ပင် အံ့ဩစရာအကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်သည်။ သို့သော်လည်း ၎င်းမှာ မှော်စွမ်းအားပိုင်း၌သာ ဖြစ်သည်။ အမှန်တကယ် အံ့ဩစရာ အကောင်းဆုံးစာအုပ်မှာမူ ‘ပြောင်းလဲခြင်းကျမ်း’ ပင် ဖြစ်သည်။ ၎င်းသည် ကွန်ဖြူးရှပ်ဝါဒ နှင့် အတွေးကျောင်းတော်များကို ကျော်လွန်ကာ တစ်ကမ္ဘာလုံး၌ ရေပန်းစားနေလေသည်။
“အစီအစဉ် ဆုံးဖြတ်ပြီးပြီဆိုရင်... သွားကြစို့။”
ကျီရှန်းထျန်၏ မျက်လုံးများမှာ အပြင်ဘက်ရှိ မြေကမ္ဘာနို့အဆီအနှစ်များကို စိုက်ကြည့်နေ မိသည်။ သို့သော် ထိုအချိန်မှာပင် ဟုန်ယွိ၏ သူတော်စင်ပေါင်းစုံခန်းမမှာ တုန်ခါသွားပြီး အဝေးသို့ ပျံသန်းသွားတော့သည်။
ဟုန်ယွိ ထွက်ခွာသွားပြီး သုံးရက်နှင့် သုံးညအကြာတွင် နို့နစ်ရောင် မြေကမ္ဘာ အဆီအနှစ် အလွှာမှာ ရုတ်တရက် ပြင်းထန်စွာ လှုပ်ခတ်လာသည်။
ကြီးမားပြီး၊ မည်းနက်နေသည့် ဖန်ဆင်းခြင်းသင်္ဘောကြီးသည် မြေပြင်ပေါ်သို့ ရုတ်တရက် ဆင်းသက်လာတော့သည်။
“အရှင်မင်းကြီး... ဒီမှာ ဘာမှ မရှိတော့ပါဘူး။”
ချန်ဧကရာဇ် ယန်ဖန်သည် ဖန်ဆင်းခြင်းသင်္ဘောပေါ်တွင် ရပ်နေသော်လည်း ဟုန်ရွှန်ကျိ မှာမူ သူ၏အနားတွင် ရှိမနေပေ။ ထိုအစား သူ၏အနား၌ ကောင်းကင်ဖြိုဧကရာဇ်၊ လက်ရှိ လျှို့ဝှက်ချက်ဘုရင် ‘ယန်လျှဲ့’ နှင့် ထိုက်ရှီတောင်တန်း၏ နဂါးဝိညာဉ် ‘ယန်ချန်’တို့သာ ရှိနေကြသည်။ ထို့ပြင် အရပ်ရှည်ရှည် မျောက်ဝံတစ်ကောင် ပါဝင်သော်လည်း ၎င်း၌ ‘ခုန်း’ ကဲ့သို့သော အရှိန်အဝါမျိုး မရှိပေ။ ထိုမျောက်ဝံမှာ မိစ္ဆာမျောက်ဝံကြီး ‘ပါ့’ ပင် ဖြစ်သည်။ နောက်ထပ် လူတစ်ဦးမှာ အဖြူရောင် ဝတ်ဆင်ထားသည့် အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း ‘ပိုင်ဖေးရှန်း’ ပင် ဖြစ်သည်။
ပိုင်ဖေးရှန်းသည် ဟုန်ရွှန်ကျိ၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် ချန်ဧကရာဇ် ယန်ဖန်ထံ၌ အမှန်တကယ် လက်အောက်ခံသွားခဲ့ခြင်း ဖြစ်သည်။
“ဟင်” ချန်ဧကရာဇ် ယန်ဖန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ဘာကိုမျှ ရှာမတွေ့ပေ။ “ငါက ‘ပြောင်းလဲခြင်းကျမ်း’ ကို သုံးပြီး တွက်ချက်လိုက်တော့ ‘ဖုန်း’ ဟေက်စ်ဇာဂရမ်နမိတ်ကို ရခဲ့တယ်။ ပြီးတော့ ‘အသက်မဲ့အနာဂတ်ကျမ်း’ ရဲ့ မြေမျက်နှာ သွင်ပြင် လိပ်ခွံဗေဒင်နဲ့ တွက်ချက်ကြည့်တဲ့အခါ ‘နတ်ဘုရားလေတိုက်’ ကို ဖိနှိပ်ထားတဲ့ ကျောက်စာတိုင်က ဒီမှာ ရှိနေရမယ်လို့ ပြနေတယ်။ ဒါပေမဲ့ ဘာလို့ ဒီမှာ မရှိတာလဲ။”
ချန်ဧကရာဇ် ယန်ဖန်က မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် အတွေးတစ်ခု ဝင်လာ သည်။ “ငါတို့ နောက်ကျသွားပြီ။”
“သွားကြစို့”
“အရှင်မင်းကြီး... ဒီနို့နစ်ရောင် မြေကမ္ဘာအဆီအနှစ်အလွှာကို ရောက်ဖို့ဆိုတာ မလွယ်ပါ ဘူး။ အချို့ကိုတော့ စုပ်ယူသွားသင့်ပါတယ်၊ မဟုတ်ရင် ကျွန်တော်တို့ အချည်းနှီး အားထုတ်လိုက်ရသလို ဖြစ်နေလိမ့်မယ်။” ယန်လျှဲ့က ပြောလိုက်သည်။
သူပြောနေစဉ်မှာပင် သူ၏လက်ထဲမှ ‘ထာဝရအာဃာတ မိစ္ဆာနန်းတော်’ မှာ ထွက်ပေါ်လာ ပြီး နို့နစ်ရောင် မြေကမ္ဘာအဆီအနှစ်အလွှာထဲသို့ ဝင်ရောက်သွားကာ အဆီအနှစ် အမြောက်အမြားကို ချက်ချင်း စုပ်ယူလိုက်လေသည်။
မိစ္ဆာမျောက်ဝံကြီးပါ့၊ ယန်ချန်နှင့် ပိုင်ဖေးရှန်းတို့ကလည်း ၎င်းကိုမြင်လျှင် ချက်ချင်းပင် စုပ်ယူကြတော့သည်။
“ငါ့အဆင့်မှာတော့ ကျင့်စဉ်တိုးတက်ဖို့အတွက် ဒီလိုအရာမျိုးတွေ မလိုအပ်တော့ဘူး။ ဒါပေမဲ့ မင်းတို့လည်း အလွန်အကျွံ မလုပ်ကြနဲ့။ ‘နတ်ဘုရားလေတိုက်’ မှာ မြေငလျင်တွေနဲ့ မီးတောင်တွေ ပေါက်ကွဲရုံလောက်ပဲ လုပ်ကြပါ။ နတ်ဘုရားလေနိုင်ငံက ငါ့ ထိန်းချုပ်မှု အောက်ကနေ လွတ်ထွက်တော့မလို့ ဖြစ်နေလို့ ငါက မင်းတို့ကို လှုပ်ရှားဖို့ အမိန့်ပေးခဲ့တာ။ ဒါက နတ်ဘုရားလေနိုင်ငံအတွက် ကောင်းကင်ဘုံက ပေးတဲ့ သတိပေး ချက် တစ်ခုပဲ။”
ချန်ဧကရာဇ် ယန်ဖန်က သူတို့ကို မတားမြစ်သော်လည်း သူ၏စကားများက သူသည် ကောင်းကင်ဘုံ၏ အလိုတော်အတိုင်း လုပ်ဆောင်နေသူဖြစ်ကြောင်း ပြသနေသည်။
“ဧကရာဇ်အကြံပေးကတော့ နိုင်ငံတော်ကို စောင့်ရှောက်ဖို့ ကျောက်စိမ်းမြို့တော်မှာ ကျန်ခဲ့တယ်။ အနှစ်သာရနတ်ဘုရားကျောင်းရဲ့ ယဇ်ပုရောဟိတ် သူ့ရဲ့ မယားငယ်အဖြစ် သိမ်းပိုက်မယ့် ကိစ္စကို အရှင်မင်းကြီးက အကြီးအကျယ် ကျင်းပပေးချင်သေးလား။” ယန်လျှဲ့က ရုတ်တရက် မေးလိုက်သည်။ “ပြီးတော့ အရှင်မင်းကြီး... အရှင် ဒီနေရာကို လာခဲ့တာက ကျွန်တော်တို့ကို မြေကမ္ဘာနို့ရည် အဆီအနှစ်တွေ စုပ်ခိုင်းဖို့တင် မဟုတ်ဘူး မလား။ အရေးကြီးတဲ့ အရာတစ်ခုခုကို ရှာဖို့ လာတာ မဟုတ်လား။”
“မိုဘုရင်... မမေးသင့်တာကို မမေးနဲ့။” ချန်ဧကရာဇ် ယန်ဖန်က ပြတ်သားစွာ ပြောလိုက် သည်။
ဤလောကတွင် ကောင်းကင်ဖြိုဧကရာဇ်ကို ဤကဲ့သို့ ပြောရဲသူမှာ သူတစ်ဦးတည်းသာ ရှိပေသည်။
“အရှင်မင်းကြီးမှာ ကိုယ်ပိုင်အစီအစဉ်တွေ ရှိမှာပါ...” ယန်လျှဲ့က မထီမဲ့မြင် အပြုံးမျိုးဖြင့် ပြုံးလိုက်ရင်း လှုပ်ရှားလိုက်သည်။ သူ၏မျက်လုံးထဲတွင် မိစ္ဆာအလင်းတန်းများ ဝင်းလက် သွားသော်လည်း သူ၏နှလုံးသားထဲတွင်မူ ‘ငါသာ ဖန်ဆင်းရှင် တစ်ယောက် ဖြစ်လာခဲ့ရင်... ယန်ဖန်၊ ဒီလောကကြီးက ဘယ်သူ့လက်ထဲ ရောက်မလဲဆိုတာ မသေချာသေးပါဘူး။ ငါ့ရဲ့ တော်ဝင်မိသားစုဝင် အဆင့်အတန်းနဲ့ဆိုရင် ထီးနန်းကို လုယူဖို့က လွယ်လွယ်လေးပဲ မဟုတ်လား’ ဟု တွေးနေမိလေတော့သည်။
အခန်း (၆၃၂)။
ဟုန်ယွိသည် သူ၏ လက်အောက်ငယ်သား အားလုံးကို နတ်ဘုရားလေနိုင်ငံတွင် အခြေချ စေပြီး ပင်လယ်ပြင်ရှိ ကျွန်းနိုင်ငံ တစ်ရာကျော်၏ အခြေအနေကို ထိန်းချုပ်ရန် စီစဉ်ခဲ့ သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်နေသော ပင်လယ်ပြင် အင်အားစုများထံ မှ အကြီးမားဆုံးသော အကျိုးအမြတ်များကို ရရှိရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ဤသည်မှာ ဟုန်ယွိ အကွက်ကျကျ ချထားသည့် စစ်တုရင်ရုပ်များပင် ဖြစ်တော့သည်။
ယခုအခါ မုကလေး၊ ချီဇီယန်၊ ရွှေပင့်ကူ၊ ရှောင်ရှူး၊ ရှောင်ဖေး၊ ရှောင်ဆန်း၊ ရှန်ထိုက်ဇူနှင့် အခြားသူများမှာ အမှန်တကယ် အရွယ်ရောက် ရင့်ကျက်လာကြပြီး သိသာထင်ရှားသော စွမ်းအားများကို ပိုင်ဆိုင်ထားကြပြီ ဖြစ်သည်။ သူတို့သည် အရုဏ်ဦးချပ်ဝတ်များအပြင် ‘မိုးပြာနဂါး’၊ ‘ကျားဖြူ’၊ ‘ဗာမီလီယမ်ငှက်’ နှင့် ‘လိပ်နက်’ စသည့် နတ်ဘုရားချပ်ဝတ်များကို ဝတ်ဆင်ထားကြပြီး ပုံရိပ်ယောင်တံခါးများကိုလည်း ပိုင်ဆိုင်ထားကြသည်။ သူတို့မှာ လက်နက် အစုံအလင် တပ်ဆင်ထားပြီး ဖြစ်သဖြင့် ကြီးလေးသော တာဝန်များကို ထမ်းဆောင်ရန် အသင့်ဖြစ်နေကြပြီ။
သူ၏ လက်အောက်ငယ်သားများ ရင့်ကျက်လာခြင်း၏ အကျိုးကျေးဇူးကို ဟုန်ယွိ ယခုမှ ကောင်းစွာ နားလည်လိုက်ရသည်။ သူသည် အရာရာကို ကိုယ်တိုင် လုပ်ဆောင်နေစရာ မလိုတော့ဘဲ သူတို့အား စိတ်ချစွာ စေခိုင်းနိုင်ပြီ ဖြစ်သည်။
ထို့ကြောင့် သူသည် အခြားသော အတွေးအာရုံများကို ဘေးဖယ်ထားကာ တာအိုကျင့်စဉ် များကိုသာ အာရုံစိုက်ပြီး စွမ်းအင်များကို ထပ်မံ စုဆောင်းနိုင်တော့မည် ဖြစ်သည်။
ပင်လယ်ပြင်မှ ပြန်လာပြီးနောက် ဟုန်ယွိသည် ယွန်မင်နိုင်ငံ ကောင်းကင်နဂါးဂိုဏ်းသို့ တစ်ခေါက် သွားရောက်ခဲ့ပြီး နဂါးသမီးတော် အောင်းလွမ်ကို အရုဏ်ဦးချပ်ဝတ် တစ်စုံ ပေးအပ်ခဲ့သည်။ ဤ ‘နဂါးတာအိုသခင်မ’ သည် ကောင်းကင်နဂါးဂိုဏ်းအတွင်းရှိ ပဋိပက္ခ များကို နှိမ်နင်းပြီးနောက်တွင် အားသွန်ခွန်စိုက် ကျင့်ကြံနေသူ ဖြစ်သည်။ ဟုန်ယွိ၏ ဖိတ်ခေါ်မှုကို ကြားလိုက်ရသည်နှင့် အကျိုးကျေးဇူးများစွာ ရှိမည်ကို သိရှိသဖြင့် သူမ၏ ယုံကြည်ရသော တပည့်များကို ဦးဆောင်ကာ နတ်ဘုရားလေနိုင်ငံသို့ ချက်ချင်း ထွက်ခွာ သွားလေသည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် ယွမ်ရှန်းရှန်းကိုလည်း နောက်ထပ် ချပ်ဝတ်တစ်စုံ ပေးအပ်ခဲ့သည်။
မမျှော်လင့်ဘဲ ယွမ်ရှန်းရှန်းသည် ထိုချပ်ဝတ်၏ လျှို့ဝှက်ချက်များကို စူးစမ်းမနေဘဲ ၎င်းမှာ ဖန်ကြယ်ကမ္ဘာ၏ သံလိုက်စွမ်းအင် တည်ဆောက်ပုံဖြစ်ကြောင်း ချက်ချင်း သိရှိသွားခဲ့ သည်။ ဤအချက်ကြောင့် ယွမ်ရှန်းရှန်း၏ လျှို့ဝှက်ချက်များမှာ ‘ကျီရှန်းထျန်’ ထက် မနည်းကြောင်း ဟုန်ယွိ ချက်ချင်း ရိပ်မိလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ယွမ်ရှန်းရှန်းသည် ယခင်ဘဝက ချန်ပီယံမြို့စား၏ မွေးမိခင် ဖြစ်ခဲ့ ဖူးသူ ဖြစ်သဖြင့် သူမအနေဖြင့် များစွာ သိရှိထားနိုင်သည်မှာ မထူးဆန်းပေ။
သို့သော်လည်း ဟုန်ယွိသည် သူတစ်ပါး၏ လျှို့ဝှက်ချက်များကို နှိုက်နှိုက်ချွတ်ချွတ် မေးမြန်းတတ်သူ မဟုတ်သဖြင့် ယွမ်ရှန်းရှန်းကိုသာ နတ်ဘုရားလေနိုင်ငံသို့ ပို့ဆောင်ပေး လိုက်လေသည်။
ကြီးမားသော အင်အားစုများစွာမှာ တစ်နေရာတည်းတွင် စုစည်းမိသွားပြီး အပြောင်းအလဲ ကြီး တစ်ခုအတွက် အားယူနေကြပြီ ဖြစ်သည်။
ပင်လယ်ရပ်ခြား ကျွန်းနိုင်ငံ တစ်ရာကျော်ကို စစ်မှန်စွာ စုစည်းညီညွတ်စေပြီး သူ၏ ကိုယ်ပိုင်အင်အားစုများ ဖြစ်လာစေရန် ဟုန်ယွိအနေဖြင့် များစွာ အားထုတ်ခဲ့ရသည်။
ဤကိစ္စအားလုံးကို သူ၏ လက်အောက်ငယ်သားများနှင့် မိတ်ဆွေများထံ လွှဲအပ်ခဲ့ပြီး နောက် ဟုန်ယွိကိုယ်တိုင်မူ ကျောက်စာတိုင်ကို ဖိနှိပ်ရင်း တာအိုပညာရပ်များကို လေ့လာ ကာ စွမ်းအင်များ ထပ်မံစုဆောင်းရန် ကျိုးယွိအကယ်ဒမီသို့ ပြန်လာခဲ့သည်။
အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်နှင့် ဖန်ကြယ်ကမ္ဘာ ခေါင်းဆောင်ကြီး၏ ‘ရွှေရောင် အင်မော်တယ် ကမ္ဘာဦးဝိညာဉ်’ တို့နှင့် တိုက်ခိုက်ခဲ့ရသော တိုက်ပွဲမှာ အလွန်ကောင်းမွန် သော လေ့ကျင့်မှုတစ်ခု ဖြစ်ခဲ့သည်။
ဤသည်မှာ သူ ‘ဖန်ဆင်းရှင်’ ဖြစ်လာပြီးနောက် ဒုတိယအကြိမ်မြောက် ကြုံတွေ့ရသည့် အန္တရာယ်အရှိဆုံး တိုက်ပွဲပင် ဖြစ်သည်။
အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်နှင့် ဖန်ကြယ်ကမ္ဘာ ခေါင်းဆောင်တို့၏ တာအို ပညာရပ်များနှင့် သိုင်းပညာများကို လေ့လာနိုင်သရွေ့ သူ၏ တာအိုပညာရပ်များမှာ ပိုမို တိုးတက်လာပြီး ကျင့်စဉ်အခြေခံမှာလည်း ပိုမို ခိုင်မာလာမည်ဟု ဟုန်ယွိ ယုံကြည်ထား သည်။
တစ်ချိန်တည်းမှာပင် သူ၏ အထွတ်အထိပ် ‘လူသားအင်မော်တယ်’ ခန္ဓာကိုယ်မှ ဒဏ်ရာ များကိုလည်း ဂရုတစိုက် ကုသရဦးမည် ဖြစ်သည်။ ‘နတ်ဘုရားကျောက်တုံး ဝိညာဉ် သန္ဓေသား’ မှာ အလွန်ကြံ့ခိုင်သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဆက်တိုက် တိုက်ခိုက်ခဲ့ရမှုကြောင့် သူ၏ သွေးကြောများနှင့် အပ်စိုက်မှတ်များမှာ တုန်ခါပျက်စီးမှု အချို့ ရှိနေခဲ့သည်။
‘ဖန်ဆင်းရှင်’ တစ်ဦး ဖြစ်လာပြီးနောက် သူသည် ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင် ထားပြီး လွတ်လပ်စွာ သွားလာနိုင်ပြီ ဖြစ်သော်လည်း သူ မနားနိုင်သေးပေ။ နောက်ထပ် ရှစ်နှစ် သို့မဟုတ် ကိုးနှစ်ခန့်အကြာတွင် သူ့ကို စောင့်ကြိုနေသော ကြီးမားသည့် တိုက်ပွဲကြီး တစ်ခု ရှိနေသေးသည်။
သူသည် တောင်ပိုင်းပင်လယ်တွင် ဤမဟာကမ္ဘာလောက၏ နံပါတ်တစ် အစွမ်းထက် ပုဂ္ဂိုလ် မုန့်ရှန်းကျီနှင့် အသေအလဲ တိုက်ခိုက်ရဦးမည် ဖြစ်သည်။
ရှစ်နှစ်ဆိုသည်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားနိုင်သည်။ အကယ်၍ ထိုအချိန်တွင် သူသည် ‘ယန်နတ်ဘုရား’ အဆင့်သို့ မရောက်ရှိသေးပါက သူသည် ချက်ချင်းဆိုသလို ကွယ်ပျောက်သွားရပေလိမ့်မည်။
ဟုန်ယွိအတွက်မူ ဤတိုက်ပွဲမှာ သူ့ကို တွန်းအားပေးနေသည့် အရာတစ်ခု ဖြစ်သလို၊ သတိပေးချက်တစ်ခုလည်း ဖြစ်နေသည်။ ၎င်းက သူ၏ စိတ်ကို အနည်းငယ်မျှပင် လျှော့ချ ၍ မရအောင် ပြုလုပ်ထားသည်။
“ဝိညာဉ်အရိပ်ထင်ဟပ်ခြင်း၊ စိတ်ဝိညာဉ်မုန်တိုင်း၊ ရက်ဆာရှာအသွင်ပြောင်းခြင်း ကိုးမျိုး၊ ယမမင်းလက်သီး... ဒါတွေက အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင် အသုံးပြုခဲ့တဲ့ တာအို ပညာရပ်တွေနဲ့ သိုင်းပညာတွေပဲ။ ကမ္ဘာဦးလက်သီး၊ ဆိတ်သုဉ်းခြင်းလက်သီး၊ ပျက်သုဉ်း ခြင်း လက်သီးသုံးချက်၊ ကံကြမ္မာကပ်ဘေးနတ်ဘုရားလက်သီး၊ ရွှေရောင် အင်မော်တယ် ဝိညာဉ်၊ မြစိမ်းသွေး ယဇ်ပူဇော်ခြင်း... ဒါတွေကတော့ ဖန်ကြယ်ကမ္ဘာရဲ့ လျှို့ဝှက် ဆန်းပြား တဲ့ ‘ကောင်းကင်ဘုံဖခင်’ ခေါင်းဆောင်ကြီး အသုံးပြုခဲ့တာတွေပေါ့...”
ဟုန်ယွိသည် သူတော်စင်ပေါင်းစုံခန်းမ၏ အနက်ရှိုင်းဆုံးနေရာရှိ ‘ဟင်းလင်းပြင်ဝင်္ကပါ’ ထဲတွင် တင်ပျဉ်ခွေထိုင်ရင်း သူ၏စိတ်ကို တည်ငြိမ်စေကာ ထိုတိုက်ပွဲများကို ဂရုတစိုက် ပြန်လည် ဆင်ခြင်နေသည်။
သူတော်စင်ပေါင်းစုံခန်းမ၏ အနက်ရှိုင်းဆုံးနေရာတွင် ‘ဟင်းလင်းပြင်ဝင်္ကပါ’ ဟု ခေါ်သည့် လျှို့ဝှက်အကျဆုံး အနှစ်သာရပိုင်း ရှိသည်။ ၎င်းကို ဟုန်ယွိသည် ကမ္ဘရီယန်ချောက်နက်မှ ဟင်းလင်းပြင်ရေစက်များ၊ ‘ထာဝရအသက် ဆန်းကြယ်နယ်မြေ’ မှ ထာဝရအသက် စွမ်းအင်များနှင့် တိုင်ရှန်တာအို၏ စကြဝဠာကျမ်းစာလာ အနှစ်သာရများကို စုစည်းကာ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ‘လျှပ်တပြက်ဝင်္ကပါ’ ကို အတုယူ၍ အလုံခြုံဆုံးသော နေရာတစ်ခုအဖြစ် ဖန်တီးခဲ့သည်။
ခန်းမကြီးမှာ မည်မျှပင် ကြီးမားနေပါစေ၊ ဤဟင်းလင်းပြင်ဝင်္ကပါ၏ အနက်ရှိုင်းဆုံးတွင် ဝှက်ထားသရွေ့ ဘာမျှ ဖြစ်လာမည် မဟုတ်ပေ။
ထို့ပြင် ဤနေရာသည် စာအုပ်များ၊ ရတနာများနှင့် ဆေးဖက်ဝင်အပင်များစွာကို ဝှက်ထား သည့် နေရာလည်း ဖြစ်သည်။
အကယ်၍ ဟုန်ယွိသည် ဤနေရာတွင် ပုန်းအောင်း၍ ကျင့်ကြံနေပါက ပြင်ပတွင် မည်သို့ပင် ဖြစ်နေပါစေ သူ့ကို လုံးဝ ထိခိုက်နိုင်မည် မဟုတ်ပေ။
စိတ်အာရုံသည် အဆုံးစွန်ထိ တည်ငြိမ်နေပြီး အတွေးတို့သည် ဟင်းလင်းပြင်ကဲ့သို့ ပေါ့ပါး လွင့်မျောနေ၏။...
ဆန်းကြယ်သော မှော်မန္တန်များ၊ ရက်စက်လှသော ယဇ်ပူဇော်မှုများ၊ နက်ရှိုင်းသော သိုင်းပညာများ၊ ပေါက်ကွဲနေသော အပ်စိုက်မှတ်များ၊ နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်နှင့် အင်မော်တယ် ကျောက်စာတိုင်ပေါ်မှ မှော်စာလုံးများ... ထိုအရာအားလုံးသည် စနစ်တကျ ပေါင်းစပ်လျက် ဟုန်ယွိ၏ စိတ်ဝိညာဉ်အတွင်း၌ တစ်ခုချင်းစီ စီးဆင်းနေကြကုန်၏။
“ပြောင်းလဲခြင်းကျမ်း တွက်ချက်စမ်း။”
ဝုန်း…
ဟုန်ယွိ၏ ‘ဖန်ဆင်းရှင်’ အတွေးစပေါင်း ၁၂၉,၆၀၀ စလုံးမှာ သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာကြပြီး တစ်ခုချင်းစီ၌ ဉာဏ်ပညာမီးလျှံများ တောက်ပနေကြ၏။
တစ်ချိန်တည်းမှာပင် တာအိုမှော်ပညာများနှင့် သိုင်းပညာရပ်များ အားလုံးကို ထိုဉာဏ် ပညာမီးလျှံများအတွင်းသို့ ထည့်သွင်းကာပြင်းထန်လှသော အပူရှိန်ဖြင့် လောင်မြိုက်ပြီး အတွေးစများ၏ အနှစ်သာရကို ရရှိစေရန် ပေါင်းခံလိုက်သည်။ ထို့နောက် အတွေးစများကို ထုတ်ယူကာ ၎င်းတို့ကို စတင်လည်ပတ်လျက် တွက်ချက်လေတော့သည်။
ဟုန်ယွိသည် သူ၏ ကျယ်ပြန့်လှသော ဉာဏ်ပညာမီးလျှံများကို အသုံးပြု၍ အနန္တ ထိတ်လန့်ခြင်း နတ်ဘုရားဘုရင်နှင့် ‘ကောင်းကင်ဘုံဖခင်’ ခေါင်းဆောင်ကြီးတို့၏ တာအို ပညာရပ်များကို ဆန်းစစ်ကာ ၎င်းတို့ကို ပြန်လည် ဖော်ထုတ်နေခြင်း ဖြစ်သည်။ တစ်ခုချင်း စီကို ပြန်လည် ဖြည့်စွက်ပြီးနောက် နောက်ဆုံးတွင် စစ်မှန်သော တာအိုပညာများအဖြစ် ပြန်လည် ရရှိလာတော့သည်။
ဤသည်မှာ တစ်ဖက်လူနှင့် လက်ရည်စမ်း တိုက်ခိုက်ရင်း တဖက်လူ၏ သိုင်းပညာကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် အိမ်ပြန်၍ ထိုပညာရပ်ကို စဉ်းစား တွက်ချက်ကာ ပြန်လည် သင်ယူခြင်းနှင့် တူပေသည်။
ဤသည်မှာ ကောင်းကင်ဘုံကို ဆန့်ကျင်သော နည်းလမ်းဖြစ်ပြီး ဤ‘မဟာကမ္ဘာ လောကကြီး’ တွင် တစ်ခါမျှ မကြားဖူး၊ မမြင်ဖူးသည့် အရာပင် ဖြစ်သည်။
မူလက ပြောင်းလဲခြင်းကျမ်း မပေါ်ထွန်းမီက ဤကဲ့သို့ နည်းလမ်းမျိုးမှာ မဖြစ်နိုင်သော် လည်း ပြောင်းလဲခြင်းကျမ်း ထွက်ပေါ်လာပြီးနောက်တွင်မူ အနာဂတ်ရှိ အရာအားလုံးမှာ ‘အသက်မဲ့အနာဂတ်ကျမ်း’ ထက်ပင် ပိုမို ရှင်းလင်းစွာ သိမြင်နိုင်ခဲ့ပြီ။
အရာအားလုံးကို ပြောင်းလဲခြင်းကျမ်းဟူသော အသေးစိတ်ပုံကြမ်း၊ ပုံသေနည်းနှင့် စည်းမျဉ်းများအပေါ် အခြေခံ၍ အဖြစ်အပျက်များ၏ ဖြစ်စဉ်များနှင့် သိုင်းပညာရပ်များ၏ သဘောတရားများကိုပါ အစဉ်မပြတ် တွက်ချက်နေခြင်း ဖြစ်သည်။
ဤကဲ့သို့ ကမ္ဘာကို တုန်လှုပ်စေနိုင်သော ကျင့်ကြံခြင်း၊ ဆင်ခြင်ခြင်းနှင့် တွက်ချက်ခြင်း နည်းလမ်းကို ဟုန်ယွိ အသုံးပြုနေသည်ကို မည်သူမျှ မသိနိုင်ပေ။
ချန်ဧကရာဇ် ယန်ဖန် မသိနိုင်သလို၊ ဟုန်ရွှန်ကျိလည်း မတွက်ဆနိုင်ပေ။ ဖန်ကြယ်ကမ္ဘာ၏ ခေါင်းဆောင်ကြီးနှင့် မုန့်ရှန်းကျီပင်လျှင် ဤသည်ကို တွေးမိလိမ့်မည် မဟုတ်ပေ။
“ကံကြမ္မာကပ်ဘေး နတ်ဘုရားလက်သီး။”
ပြင်းထန်လှသော တွက်ချက်မှုများကြားတွင် ဟုန်ယွိ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး သူက ရုတ်တရက် ထရပ်ကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ သူ၏ အပ်စိုက်မှတ် အားလုံးမှာ လှုပ်ရှားလာတော့သည်။ သူသည် ‘ကောင်းကင်ဘုံဖခင်’ ခေါင်းဆောင်ကြီး၏ သိုင်းပညာကို အမှန်တကယ် ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
ထိုလက်သီးချက်အတွင်း၌ ဟုန်ယွိ၏ အပ်စိုက်မှတ်များအနက် သူသိရှိထားသည့် ၂၂၁ ခု အပြင် အခြားသော အပ်စိုက်မှတ်များမှာလည်း နိုးထလာပုံ ရနေသည်။
“ပထမဆုံးတံခါး၊ ငါ သိပြီ... ဒါက ‘ရှင်ခြင်းသေခြင်းတံခါး’ ပဲ။”
ဘုန်း... ဘုန်း... ဘုန်း... ဘုန်း။
ဟုန်ယွိ၏ ခန္ဓာကိုယ်ပေါ်ရှိ အပ်စိုက်မှတ်တစ်ခုမှ သိမ်မွေ့ညင်သာသော အသံတစ်ခု ထွက်ပေါ်လာသည်။ သို့သော် ထိုအသံမှာ အပ်စိုက်မှတ်နေရာ ဖောက်ခွဲဖျက်ဆီးလိုက် သည့် အသံမျိုးမဟုတ်ဘဲ အိပ်ပျော်နေသော ကလေးငယ်တစ်ဦး နိုးလာပြီး လက်ခြေများ ဆန့်တန့်လှုပ်ရှားလိုက်သည့် အသံမျိုး ဖြစ်သည်။
ဝါး… ဝါး.. ဝါး…။
ထိုအပ်စိုက်မှတ်တစ်ခုမှာ အမှန်တကယ် နိုးထလာပုံရပြီး အလွန်အားကောင်းသော အသက်စွမ်းအင်များကို ပြသနေသည်။ ထိုအပ်စိုက်မှတ်အတွင်း၌ အသက်ဓာတ်သစ် တစ်ခု စတင် မွေးဖွားပေးနေရသကဲ့သို့ ဟုန်ယွိ ခံစားလိုက်ရပြီး သူ၏စိတ်မှာ ကြည်နူးမှုများဖြင့် ပြည့်နှက်သွားသည်။
ထိုခဏတွင် ဟုန်ယွိသည် သူ့ကိုယ်ကိုယ်က ကောင်းကင်နှင့် မြေကြီးအလား ခံစားလိုက်ရ ပြီး အသက်ဇီဝအသစ်တစ်ခုကို ပျိုးထောင်ပေးနေသူအဖြစ် ခံစားနေရသည်။
နယ်ပယ်သစ်တစ်ခုမှာ သူ၏ နှလုံးသားအတွင်း လှုပ်ခတ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် သူ၏အထွတ်အထိပ် လူသားအင်မော်တယ် ခန္ဓာကိုယ်သည် ထိုအပ်စိုက်မှတ်၏ လှုံ့ဆော်မှုကြောင့် အစွမ်းထက်သော မူလစွမ်းအင်များကို ထိုအပ်စိုက် မှတ်အသွင်းသို့ အဆက်မပြတ် စီးဝင်စေသည်။
ထို့နောက် ထိုအပ်စိုက်မှတ်မှာ ထိုစွမ်းအင်များကို စုပ်ယူပြောင်းလဲလိုက်ပြီး အားကောင်း သော မူလစွမ်းအင်များ၊ ဟင်းလင်းပြင်စွမ်းအင်များ၊ အချိန်စွမ်းအင်များနှင့် စစ်မှန်သော သံလိုက် စွမ်းအင်များကို သိုလှောင်လိုက်လေသည်။
ဘန်း…. ၊ ဘန်း….
အစွမ်းထက်သော ဟင်းလင်းပြင်၊ အချိန်နှင့် သံလိုက်စွမ်းအင်များ စုပ်ယူခံလိုက်ရပြီးနောက် ဟုန်ယွိသည် သူ၏ခန္ဓာကိုယ်မှာ ပေါ့ပါးလွတ်လပ်သွားကာ ဒဏ်ရာများ အားလုံးမှာလည်း ခဏချင်းအတွင်း ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
အတွေးစများမှာ အစစ်မှန် သံလိုက်စွမ်းအင်များကို မစုပ်ယူနိုင်ပေ။ သို့မဟုတ်ပါက, စိတ်ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေနိုင်သည်။ ‘ဖန်ဆင်းရှင်’ တစ်ဦးပင်လျှင် အစစ်မှန် သံလိုက် စွမ်းအင်များကို အချိန်အကြာကြီး မစုပ်ယူနိုင်ပေ။
သို့သော် အပ်စိုက်မှတ်များကမူ စုပ်ယူနိုင်သည်။
အထူးသဖြင့် 'သေခြင်းရှင်ခြင်း အတားအဆီး ‘တံခါး’ ဟု ခေါ်ဆိုသော ဤအပ်စိုက်မှတ်ပင် ဖြစ်သည်။
ကျယ်ပြောလိုက်တာ...
များပြားလှသော အစစ်မှန် သံလိုက်စွမ်းအင်များကို စုပ်ယူလိုက်ပြီးနောက် ဟုန်ယွိသည် သူ၏ ခန္ဓာကိုယ်မှာ လေထဲတွင် လွင့်မျောနေသည်ကို ခံစားလိုက်ရသည်။ ဤလွင့်မျောမှုမှာ မည်သည့်စွမ်းအားကိုမျှ အသုံးမပြုသလို၊ စိတ်ဝိညာဉ် စွမ်းအားကိုလည်း အသုံးမပြုဘဲ ခန္ဓာကိုယ်၏ စွမ်းအားသက်သက်သာ ဖြစ်သည်။
သူသည် လေထဲတွင် ပြင်းထန်စွာ ကန်ကျောက်လိုက်ပြီးနောက်၊ ထိုနေရာ၌ပင် အားယူကာ နောက်တစ်ဆင့် ထပ်မံ လှမ်းတက်လိုက်လေသည်။ အမှန်တကယ်ပင်... မည်သည့်အရာမျှ မရှိသော လေဟာနယ် ဟင်းလင်းပြင်ထဲ၌ပင် ဟုန်ယွိ၏ ခန္ဓာကိုယ်သည် စွမ်းအင်များကို ရရှိလာခဲ့ခြင်း ဖြစ်ပေသည်။
၎င်းမှာ ဟင်းလင်းပြင်၏ စွမ်းအား၊ ‘လွတ်လပ်ခြင်းအံ့ဖွယ်ပညာရပ်’ ပင် ဖြစ်သည်။
ဟင်းလင်းပြင်ထဲ၌ စွမ်းအားကို ဖန်တီးယူခြင်းဆိုသည်မှာ အဆုံးစွန်သော လွတ်လပ်ခြင်းကို ပေးစွမ်းနိုင်သည့် 'နတ်ဘုရားစွမ်းရည်' တစ်ခုပင် ဖြစ်လေသည်။
“ရှင်ခြင်းသေခြင်း အတားဆီးတံခါး ပွင့်သွားပြီ။ တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ။ ငါ နောက်ဆုံးတော့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ရဲ့ ချုပ်နှောင်မှုတွေကနေ လွတ်မြောက်သွားပြီ။ ငါ့ရဲ့ရုပ်ခန္ဓာကိုယ်က ဝိညာဉ်ဆက်သွယ်ခြင်းနယ်ပယ်ကို ရောက်သွားပြီး ပျံသန်းနိုင်၊ ပြောင်းလဲနိုင်တဲ့ အနှိုင်းမဲ့စွမ်းအားတွေကို ရသွားပြီ။” ဤဖြစ်စဉ်ကို ရင်ဆိုင်ရင်း သူ၏ ခန္ဓာကိုယ် သိုင်းတာအိုမှာ အမှန်တကယ် တိုးတက်သွားကြောင်း ဟုန်ယွိ သိရှိလိုက်သည်။
မည်သည့် လျှို့ဝှက်ကျမ်းစာကိုမျှ ကိုမျှ အသုံးမပြုဘဲ၊ မည်သူတစ်ဦးတစ်ယောက်၏ လမ်းညွှန်မှုကိုမျှ မခံယူဘဲ သူသည် အကြီးမားဆုံးနှင့် အဆန်းကြယ်ဆုံးသော အပ်စိုက်မှတ် ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင်တွက်ချက်ကာ စုစည်း ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤအပ်စိုက်မှတ်တစ်ခုမှာ အခြားသော အပ်စိုက်မှတ် ၁၀၀ နှင့် ဆက်သွယ်ထားလေသည်။
ဤသည်မှာ ‘ရှင်ခြင်းသေခြင်းအတားဆီးတံခါး’ ပင် ဖြစ်သည်။ အရေးပါမှုအပိုင်းတွင် ၎င်းမှာ ဒန်တန်ထဲရှိ မျိုးစေ့အပ်စိုက်မှတ် ၈၁ ခုထက်ပင် ပိုမို အရေးပါလှသည်။
‘ရှင်ခြင်းသေခြင်းတံခါး’ ပွင့်သွားသည်နှင့် တစ်ပြိုင်နက် လူသားတစ်ဦး၏ သက်တမ်းမှာ တိုးမြင့်လာမည်ဖြစ်ပြီး ‘လူသားအင်မော်တယ်’ တို့၏ နှစ် ၂၀၀ သက်တမ်း ကန့်သတ်ချက် ကို ကျော်လွန်သွားမည် ဖြစ်သည်။
“စွမ်းအင်တံခါး၊ သက်စောင့်တံခါး၊ သွေးတံခါး၊ အနှစ်သာရတံခါး၊ စိတ်ဝိညာဉ်တံခါး၊ ဦးခေါင်းတံခါး၊ ခြောက်ပါးညီညွတ်ခြင်းတံခါး၊ အားလုံး ပွင့်စမ်း။”
‘ရှင်ခြင်းသေခြင်းတံခါး’ ကို စုစည်းပြီးနောက် ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ ထပ်မံ တုန်ခါသွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ အခြားဆန်းကြယ်သော အပ်စိုက်မှတ် ခြောက်ခုမှာလည်း ပွင့်လာပြန်သည်။ ဤအပ်စိုက်မှတ် ခြောက်ခုကိုလည်း ဖန်ကြယ်ကမ္ဘာ ခေါင်းဆောင်၏ လက်သီးချက်များမှ တစ်ဆင့် သူ တွက်ချက်ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။
ဤအပ်စိုက်မှတ်ခြောက်ခုမှာ လူသားခန္ဓာကိုယ်၏ ‘ခြောက်ပါးညီညွတ်ခြင်းတံခါး’ ဖြစ်ပြီး စွမ်းအင်အားလုံး၏ အရင်းအမြစ်ဖြစ်ကာ၊ အရေးကြီးဆုံး အပ်စိုက်မှတ်များထဲမှ တစ်ခု ဖြစ်သည်။ ထိုတံခါးများ ပွင့်သွားပြီးနောက် သူ၏စွမ်းအားမှာ ရုတ်တရက် အဆမတန် တိုးတက်လာတော့သည်။
သက်တမ်းကို တိုးမြှင့်ပေးသည့် ‘ရှင်ခြင်းသေခြင်းတံခါး’ လောက် အရေးမပါသော်လည်း တိုက်ခိုက်ရေး စွမ်းအားအတွက်မူ အလွန်ပင် အရေးကြီးလှပေသည်။
“ရှင်ခြင်းသေခြင်းတံခါး ပွင့်ပြီ၊ ခြောက်ပါးညီညွတ်ခြင်းတံခါး ပွင့်ပြီ၊ ငါ့ လူသားအင်မော် တယ် ကိုယ်ပွားရဲ့ သိုင်းတာအိုက အဆင့်သစ်တစ်ခုကို ရောက်ရှိသွားပြီ။ သူတော်စင် ပေါင်းစုံခန်းမရဲ့ စွမ်းအားနဲ့ပေါင်းစပ်လိုက်ရင် ငါ အင်မော်တယ် ကျောက်စာတိုင်ကို စတင် သန့်စင်ဖို့ ကြိုးစားလို့ ရပြီ...”
ဟုန်ယွိသည် အချိန်နှင့် ဟင်းလင်းပြင်ဝင်္ကပါထဲမှ ထွက်လာပြီး တိုင်ကျိမိုးကြိုးရေကန် အနားသို့ ရောက်ရှိလာခဲ့သည်။
အင်မော်တယ် ကျောက်စာတိုင်မှာ မိုးကြိုးရေကန်၏ အနက်ရှိုင်းဆုံးနေရာ၌ တုန်ခါနေဆဲ ဖြစ်ပြီး ကျောက်စာတိုင်အတွင်း၌ ရှေးဦး ‘ယန်နတ်ဘုရား’ တစ်ပါး၏ ဝိညာဉ် ကိန်းအောင်း နေသကဲ့သို့ပင်။
...
ဟုန်ယွိ ရက်အနည်းငယ်ကြာ ကျင့်ကြံနေစဉ်မှာပင် မြောက်ပိုင်း ပင်လယ်ပြင်၏ အစွန်ဆုံး နေရာရှိ လျှို့ဝှက်ဆန်းပြားသော ကျွန်းတစ်ကျွန်းပေါ်တွင် မိုးကြိုးများ လက်လက်ထနေ၏။
မိုင်ပေါင်းများစွာ ကျယ်ဝန်းသော ဤကျွန်းမှာ အလွန်ပင် ချောမွတ်နေပြီး မြေကြီး သို့မဟုတ် သစ်ပင်ကြီးများ မရှိပေ။ ကျွန်းတစ်ခုလုံးမှာ နေရောင်အောက်တွင် သတ္တုရောင် များ တောက်ပနေသည်။ ၎င်းမှာ စစ်မှန်သော သတ္တုအနှစ်သာရများဖြင့် ဖွဲ့စည်းထားသည့် ကျွန်းတစ်ကျွန်း ဖြစ်သည်။
ကျွန်း၏အလယ်ဗဟိုတွင် ဖန်းယွမ်၊ ထန်ဟိုင်လုံနှင့် လီဖေးယွိတို့သည် တင်ပျဉ်ခွေထိုင်ရင်း ကျွန်းပတ်လည်ရှိ မိုးကြိုးများကို ထိန်းချုပ် လည်ပတ်စေကြသည်။
ထိုကျွန်းပေါ်တွင် မှော်ဝင်အစီအရင်များစွာ တည်ရှိနေသည်။
“ပင်လယ်ပြင်ပေါ်မှာ ‘ဘိုးဘေးနတ်ဘုရား မိုးကြိုးရေကန်’ ကို သန့်စင်ရတာ ငါတို့ရဲ့ ကျင့်စဉ်အတွက် အများကြီး အကျိုးရှိတယ်။ ဒီမိုးကြိုးရေကန်ဟာ ကမ္ဘရီယန်ချောက်နက် က တာအိုဂိုဏ်းအားလုံးရဲ့ အနှစ်သာရဖြစ်သလို တာအိုဘိုးဘေး သုံးဦး နှစ်ပေါင်းများစွာ သန့်စင်ခဲ့တဲ့ အသိဉာဏ်တွေလည်း ပါဝင်တယ်။ ဒီထဲက မှော်ဝင်အစီအရင်တွေဟာ ‘နတ်ဘုရားဘိုးဘေးတောင်’ နှစ်ရှည်လများ စုဆောင်းထားတဲ့ ရတနာတွေနဲ့ တာအိုဂိုဏ်း အသီးသီးက ပညာရပ်တွေပဲ။ ဒီမိုးကြိုးရေကန်ကိုသာ အောင်မြင်အောင် သန့်စင်နိုင်ရင် ‘နတ်ဘုရားဘိုးဘေးတောင်’ ဟာ တကယ်ကို အစွမ်းထက်လာလိမ့်မယ်။ ဘယ်သူ့ အကူညီ မှ ကောင်းကင်ယံ ပျံတက်နိုင်သလို မြေကြီးထဲကိုလည်း ငုပ်လျှိုးနိုင်လိမ့်မယ်။” ထန်ဟိုင်လုံ က အော်ပြောလိုက်သည်။
“ဒီလောက် များပြားတဲ့ ရတနာတွေကို ဒီမိုးကြိုးရေကန် သန့်စင်ဖို့အတွက်ပဲ သုံးခဲ့ရတယ်။ ဒါပေမဲ့ ကမ္ဘာဦးမိုးကြိုးရေကန်က တကယ်ပဲ အစွမ်းထက်တယ်။ ဒါကို သန့်စင်လို့ ပြီးသွား ရင် ဘယ်လောက်တောင် အစွမ်းထက်လာမလဲဆိုတာ ငါ တကယ် သိချင်မိတယ်။”
ဖန်းယွမ်က မိုးကြိုးတစ်ခုကို ထိန်းချုပ်ရင်း အံ့ဩတကြီး ပြောလိုက်သည်။ သူ၏လက်ထဲမှ မိုးကြိုးများမှာ နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှားနေပြီး သူ၏မှော်စွမ်းအားမှာ များစွာ တိုးတက်လာကြောင်း သက်သေပြနေသည်။
“ဟုတ်တယ်။ မိုးကြိုးရေကန်ကို သန့်စင်ပြီးရင် ‘နတ်ဘုရားဘိုးဘေးတောင်’ ဟာ အကာ အကွယ် စွမ်းအင်တွေ အများကြီး ရလာမှာပဲ။ အဲဒီအခါကျရင် တာအိုဘိုးဘေး သုံးဦးဟာ ‘ခုနှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး’ ကို ခံယူပြီး ‘ဖန်ဆင်းရှင်’ တွေ အတူတူ ဖြစ်လာကြ လိမ့်မယ်။ နတ်ဘုရားဘိုးလေးတောင်ရဲ့ ကာကွယ်မှုရှိနေရင် သူတို့ အားနည်းနေတဲ့ အချိန်မှာတောင် ဘေးကင်းနိုင်မှာပါ။ အဲဒီအချိန်ကျရင် ငါတို့နောက်မှာ ဖန်ဆင်းရှင် သုံးဦး ရှိနေမှာပဲ၊ ဒီလောက်ကြီးမှာ ဘယ်သူက ငါတို့ကို ယှဉ်နိုင်ဦးမှဦလဲ။ ဟုန်ယွိလား။ သူက ဖန်ဆင်းရှင် တစ်ပါးတည်းပါ။ ဖန်ဆင်းရှင် သုံးပါးကို သူ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။”
လီဖေးယွိက ပြုံးလိုက်သည်။
ထိုစဉ် မိုင်ပေါင်း ရာနှင့်ချီဝေးသော လူသူမနီးသည့် ကျွန်းတစ်ကျွန်းပေါ်သို့ ဆန်းကြယ် သော အရှိန်အဝါတစ်ခု ရုတ်တရက် ကျဆင်းလာသည်။ ထိုသူ၏ အရှိန်အဝါမှာ အလွန် နက်နဲသဖြင့် ထန်ဟိုင်လုံတို့ပင်လျှင် ထိုအရှိန်အဝါကို သတိမထားမိပေ။ ထိုသူ၏ မှော်စွမ်းအားမှာ မည်မျှအထိ နက်နဲနေကြောင်း ထင်ရှားလှသည်။
ထိုသူမှာ အလွန်ငယ်ရွယ်သော လူငယ်လေးတစ်ဦး ဖြစ်ပြီး၊ လက်ထဲတွင် အနက်ရောင် ကျောက်တုံးလေးကို ကစားလျက် ရှိနေ၏။ သူက ထန်ဟိုင်လုံတို့ သုံးဦးကို ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်လိုက်လေသည်။
“ဒီလူ သုံးယောက်က မိုးကြိုးရေကန်ကို သန့်စင်နေကြတာလား။ မိုးကြိုးရေကန် သန့်စင် တာက တကယ့်ကို ပညာသားပါတဲ့ အလုပ်ပဲ၊ ဒီလောက် မလွယ်ကူဘူး။ သူတို့ သုံးယောက် ရဲ့ အင်အားနဲ့တော့ အောင်မြင်မှာ မဟုတ်ဘူး။ သခင်လေးရှူ... မင်း သူတို့ကို ကူညီပေးချင် လား။”