အခန်း (၆၃၇-၆၃၈)
Vol. 61 Ch. 637-638
အခန်း (၆၃၇)။
ဟုန်ယွိသည် အင်မော်တယ် ကျောက်စာတိုင်ကို ဖိနှိပ်လိုက်ပြီး ‘ဘိုးဘေးနတ်ဘုရား မိုးကြိုး ရေကန်’ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော လှိုင်းဂယက်များကိုလည်း သုတ်သင်ဖယ်ရှား လိုက်ပါသည်။ သူသည် ပေါက်ကွဲမှုအတွင်းမှ ရုန်းထွက်နိုင်ခဲ့ပြီး မိုးပြာနဂါး၊ ကျားဖြူ၊ ဗာမီလီယံငှက်နှင့် လိပ်နက် ဟူသော နတ်ဘုရားသားရဲဝိညာဉ် လေးပါးကို ထုတ်ဖော်နိုင်ခဲ့ သော်လည်း ၎င်းမှာ သူ၏ အစွမ်းထက်ဆုံးသော တာအိုပညာရပ် မဟုတ်သေးပေ။ အဓိက အကြောင်းရင်းမှာ ‘သူတော်စင်ပေါင်းစုံ ခန်းမ’ သည် ကြီးမားသော ထိခိုက်မှုများ ခံစားခဲ့ရ ခြင်းကြောင့် ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် သူသည် တာအိုဘိုးဘေး သုံးဦး၏ ‘နတ်ဘုရားတောင်ဘိုးဘေး’ ကိုလည်း သတိကြီးစွာ ထားနေရသေးသည်။
ထို့ပြင် သခင်လေးရှူဆိုသူမှာလည်း အစကတည်းက သူ၏ကိုယ်ပိုင် တာအိုပညာရပ်များ ကို အသုံးမပြုသေးဘဲ သူ၏ အစွမ်းထက်ဆုံးသော ရုပ်သေးရုပ် ပျက်သုဉ်းခြင်း နတ်ဘုရား ကိုသာ အသုံးပြု၍ တိုက်ခိုက်နေခြင်း ဖြစ်လေသည်။ ထိုသူသည် တစ်စုံတစ်ခုကို ကြံစည် နေသည်မှာ သိသာလှပေသည်။
ထိုပျက်သုဉ်းခြင်းနတ်ဘုရား ရုပ်သေးရုပ်မှာ သခင်လေးရှူ၏ အစွမ်းထက်ဆုံးသော ရတနာ များထဲမှ တစ်ခုဖြစ်ပြီး ကျိုးထိုက်ကျူ၏ ‘အဝီစိပလ္လင်’ ကဲ့သို့ပင် သူ၏ အမှတ်အသားတစ်ခု လည်း ဖြစ်လေသည်။
အမှန်စင်စစ် ဤပျက်သုဉ်းခြင်းနတ်ဘုရားမှာ အဝီစိပလ္လင်ထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်ပြီး နတ်ဘုရားဘိုးဘေးတောင်နှင့်ပင် အဆင့်တူလုနီးပါး ရှိပါသည်။ ၎င်းမှာ ဤမဟာကမ္ဘာလောကရှိ ‘အထွတ်အထိပ် ရတနာသုံးပါး’ ထက် တစ်ဆင့်သာ နိမ့်ကျလေ သည်။
ထိုမျှ အရေးတကြီး အခြေအနေမျိုးတွင် ဟုန်ယွိအနေဖြင့် ဤပျက်သုဉ်းခြင်းနတ်ဘုရားကို ဖျက်ဆီးပစ်ရန် သို့မဟုတ် ဖမ်းဆီးရန် မဖြစ်နိုင်သေးပေ။
သို့သော် ဤကောင်းကင်အပြင်ပနယ်မြေမှ ရောက်လာသူ သခင်လေးရှူမှာ သူ့အပေါ် အကွက်ချ ကြံစည်ခဲ့လေသည်။ ကြံစည်မှုမှာ မအောင်မြင်ခဲ့သော်လည်း အောင်မြင်လုနီးပါး ဖြစ်ခဲ့ရသည်။ အကယ်၍ ထိုသူသည် တန်ဟိုင်လုံတို့ သုံးဦးကို မိုးကြိုးရေကန် ဖန်တီးပေး ကာ၊ တာအိုဘိုးဘေးသုံးဦးကို 'ဖန်ဆင်းရှင်' အဆင့် ရောက်အောင် ကူညီပေးနိုင်ခဲ့လျှင် ဟုန်ယွိအတွက် အလွန်အန္တရာယ်ကြီးမားပေလိမ့်မည်။
ထို့ကြောင့် ဟုန်ယွိသည် ချက်ချင်း ထွက်ခွာသွားရန် အစီအစဉ်မရှိဘဲ သခင်လေးရှူ၌ မည်သည့် လှည့်ကွက်များ ကျန်ရှိနေသေးသည်ကို သိရှိနိုင်ရန် တိုက်ခိုက်လိုခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သခင်လေးရှူကို သင်ခန်းစာပေးကာ ဤမဟာကမ္ဘာလောကကြီး အတွင်းရှိ ပညာရှင်များ မည်မျှ အစွမ်းထက်ကြောင်း သိစေလိုခြင်းလည်း ဖြစ်လေသည်။
အဆုံးသတ်ဖီးနစ်သံစဉ်မှာ ဝမ်မိသားစု၏ အထွတ်အထိပ် ပညာဖြစ်ပြီး၊ ‘အတွေးစများကို လောင်ကျွမ်းကာ တိုက်ခိုက်ရသည့် ပညာရပ် ဖြစ်ပါသည်။ ဟုန်ယွိသည် ဗာမီလီယံငှက်၏ သံလိုက်စွမ်းအင်ကို စုစည်းကာ အတွေးစများကို ပေါက်ကွဲလောင်ကျွမ်းစေသည့် ဟန်ပန် ဖြင့် တိုက်ခိုက်ခြင်းဖြစ်ရာ ၎င်း၏စွမ်းအားမှာ ဝမ်မိသားစု၏ မူလပညာရပ်ထက် မနိမ့်ကျ ပေ။ ၎င်းသည် ပျက်သုဉ်းခြင်းနတ်ဘုရား၏ ဝိညာဉ်ပုံရိပ်လွှာ လေးခုကို တစ်ချက်တည်း ဖြင့် ချေမှုန်းပစ်လိုက်သည်။ ထို့နောက် သံလိုက်မီးလျှံများသည် ပြင်းထန်သော အသံလှိုင်း များနှင့်အတူ ပျက်သုဉ်းခြင်းနတ်ဘုရားဆီသို့ လောင်ကျွမ်းသွားပါသည်။ သံလိုက်စွမ်းအား ပါဝင်သော ထိုမီးလျှံများသည် ဂီတသင်္ကေတများအဖြစ် ပြောင်းလဲကာ အနှိုင်းမဲ့စွမ်းအား ဖြင့် ပျက်သုဉ်းခြင်း နတ်ဘုရားကို ဝန်းရံလိုက်လေသည်။
မြောက်ပိုင်းပင်လယ် တစ်ခုလုံးမှာ မူလက အလွန်အေးစက်သော်လည်း အဆုံးသတ် ဖီးနစ် သံစဉ် ထွက်ပေါ်လာသည့်အခါ ကောင်းကင်ယံမှာ တောက်လောင်နေသော မီးလျှံများဖြင့် ပြည့်နှက်သွားပြီး၊ ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ ရေခဲစိုင်များသည်လည်း ချက်ချင်း ကြေမွ အရည်ပျော်ကာ ရေနွေးအိုးထဲမှ ရေများ ဆူပွက်နေသကဲ့သို့ ရေနွေးငွေ့များ တထောင်း ထောင်း ထလာတော့သည်။
“ယင်ကိုးပါး အအေးဓာတ်နတ်ဘုရား။”
ပျက်သုဉ်းခြင်းနတ်ဘုရား အဆုံးသတ်ဖီးနစ်သံစဉ်၏ မီးလျှံများအတွင်းသို့ ကျရောက်တော့ မည့် အခြေအနေတွင် သူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပါသည်။ သူ၏ ကြွက်သားများနှင့် အပ်စိုက်မှတ်ခြောက်ခုအတွင်း၌ ဖော်ပြ၍မရနိုင်သော စွမ်းအားများ ပြည့်လျှံလာပါသည်။ လှိုင်းဂယက်များ ရိုက်ခတ်လာပြီးနောက် သူသည် ရေခဲရုပ်ထုကြီးအဖြစ်သို့ အသွင်ပြောင်း သွားလေသည်။ အအေးဓာတ်နတ်ဘုရား။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအအေးဓာတ်နတ်ဘုရားသည် လက်ဟန်များစွာကို ဖော်ထုတ်လိုက်ပြီးနောက် ရုတ်တရက် လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ၊ ကောင်းကင် နှင့် မြေကြီးကို အေးခဲစေနိုင်သော အအေးစွမ်းအင်များမှာ အဆုံးသတ်ဖီးနစ်သံစဉ်ကို ချက်ချင်း အေးခဲစေကာ သံလိုက်မီးလျှံများကို ငြှိမ်းသတ်ပစ်လိုက်လေသည်။
“ဝန်ရိုးစွန်းရေခဲလှိုင်း၊ စကြဝဠာကြီး အေးခဲစေ။”
ပျက်သုဉ်းခြင်းနတ်ဘုရားမှာ နောက်ထပ် လက်သီးတစ်ချက်ကို ထပ်မံထိုးနှက်လိုက်ရာ ‘ဝန်ရိုးစွန်းရေခဲလှိုင်း’ များသည် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားပြီး ဟုန်ယွိဆီသို့ ပြင်းထန်စွာ ပြေးဝင်သွားလေသည်။
“မင်းက ငါ့ရဲ့ အဆုံးသတ်ဖီးနစ်သံစဉ်ကို ဖြိုခွဲနိုင်တယ်ဆိုတော့ နောက်ထပ် သုံးကွက်ကို ထပ်ပြီး ခံယူကြည့်ဦးပေါ့။ မိုးပြာနဂါးကကွက်၊ ကျားဖြူသတ်ကွက်၊ လိပ်နက်စစ်တပ် အမိန့်။”
ဟုန်ယွိသည် စိုးစဉ်းမျှ တုန်လှုပ်ခြင်းမရှိဘဲ ဟစ်ကြွေးလိုက်ရာ မိုးပြာနဂါးမှာ လေထဲတွင် အရူးအမူး ပျံသန်းကခုန်လာပြီး၊ ကျားဖြူလည်း ဟိန်းလိုက်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်မှာ မရေတွက်နိုင်သော ရွှေဖြူရောင် ကြယ်စင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားလေ သည်။ လိပ်နက်မှာမူ လိပ်ဟောက်သံနှင့် မြွေတွန်သံများ ထွက်ပေါ်လာပြီးနောက် ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားကာ ရွှေလှံတံများနှင့် သံချပ်ကာများ ဆင်မြန်းထားသော ခမ်းနားလှသည့် စစ်တပ်ကြီးအဖြစ် ပြောင်းလဲသွားပါသည်။ ၎င်းတို့သည် လှိမ့်ဝင်လာသော စစ်ကြောင်းကြီးသဖွယ် ပျက်သုဉ်းခြင်းနတ်ဘုရားကို တိုက်ခိုက်ကြလေတော့သည်။
ဤသုံးကွက်မှာ ဟုန်ယွိက ယခင်မှော်ပညာများကို အခြေခံ၍ ရုတ်တရက် တီထွင်လိုက် ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ‘ကျားဖြူသတ်ကွက်’ မှာ ထိုက်ရှီတောင် နဂါးဝိညာဉ် ယန်ချန်၏ ‘သတ်ဖြတ်ခြင်းဈာန်လက်သီး’ ကို အခြေခံထားခြင်း ဖြစ်သည်။ ‘လိပ်နက် စစ်တပ်’ မှာမူ မိုးကြိုးလျှပ်စီးဆေဘာကျမ်းနှင့် အနောက်ဘက်ဒေသ စစ်ပွဲအတွင်းရှိ လူသန်းပေါင်းများစွာ တိုက်ခိုက်ခဲ့စဉ်က သွေးစွမ်းအင်နယ်ပယ်ကို ပေါင်းစပ်ထားခြင်း ဖြစ်လေသည်။ ‘မိုးပြာနဂါးကကွက်’ မှာမူ မိစ္ဆာဂိုဏ်းများစွာ၏ သိုင်းပညာရပ်တစ်ခုကို အခြေခံထားခြင်း ဖြစ်သည်။
ဤသုံးကွက်ကို ထုတ်ဖော်လိုက်သည်နှင့် ရလဒ်မှာ ချက်ချင်း ထွက်ပေါ်လာပါသည်။
ပထမဦးစွာ ‘မိုးပြာနဂါးကကွက်’ မှာ ‘ဝန်ရိုးစွန်းရေခဲလှိုင်း’ နှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ ကာ ၎င်းကို တစ်ခဏအတွင်း ဖြိုခွဲပစ်လိုက်ပါသည်။ ထို့နောက် ‘ကျားဖြူသတ်ကွက်’ မှာ အရာအားလုံးကို ဖျက်ဆီးနိုင်သော အရှိန်အဝါဖြင့် ရှေ့သို့ ခုန်အုပ်လိုက်ပါသည်။ ‘လိပ်နက် စစ်တပ်’ နှင့် ပေါင်းစပ်လိုက်သည့်အခါ ၎င်းတို့မှာ ကောင်းကင်ဘုံမှ စစ်သည် တော်များ၊ စစ်ဗိုလ်ချုပ်များအလား ဖြစ်နေပါသည်။ ကမ္ဘာဦးကာလကို သိမ်းပိုက်ခဲ့သော ‘ကျားဖြူ’ နတ်ဘုရားသားရဲမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ စစ်ပွဲကို ဦးဆောင်နေလေ သည်။
ဖူး... ဖူး... ဖူး... ဖူး…
ကျားဖြူသတ်ကွက်မှာ ပျက်သုဉ်းခြင်းနတ်ဘုရားကို တစ်ခဏအတွင်း ဖုံးလွှမ်းသွားလေ သည်။
“အား…၊ ဝူး….၊ ပျက်သုဉ်းခြင်းနတ်ဘုရား နိုးထစေ။ ကမ္ဘာဦးအစ အလင်းစွမ်းအင်၊”
လိပ်နက်စစ်တပ်နှင့် ကျားဖြူသတ်ကွက်တို့၏ တိုက်ခိုက်မှုကို ခံလိုက်ရသော ပျက်သုဉ်း ခြင်းနတ်ဘုရားမှာ ပထမဆုံးအကြိမ်အဖြစ် ဒဏ်ရာရသော သားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်ပါသည်။
ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အပ်စိုက်မှတ်များစွာမှ လေစီးကြောင်းများ ထွက်ပေါ်လာပါသည်။ ထိုလေစီးကြောင်းများသည် နေမင်းအသေးစားများသဖွယ် လိမ့်တက်လာကာ တုန်ခါသွားပြီး ကျားဖြူသတ်ကွက်နှင့် လိပ်နက်စစ်တပ်တို့ကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်လေသည်။
သို့သော် သူ၏ ယခင်က အပြစ်ပြောစရာမရှိသော ခန္ဓာကိုယ်မှာ ယခုမူ ဒဏ်ရာဒဏ်ချက် များဖြင့် ပြည့်နှက်နေပြီး အချို့နေရာများမှ ရဲရဲနီသော သွေးများပင် စီးထွက်လာလေသည်။ ထိုသွေးများသည် မြေပြင်ပေါ်သို့ ကျမသွားဘဲ ‘ကမ္ဘာဦးအစ အလင်းစွမ်းအင်’ ၏ စွမ်းအင် နယ်ပယ်အဖြစ် ပြောင်းလဲကာ အပြင်ဘက်သို့ ဆက်လက် ကျယ်ပြန့်လာပါသည်။
“ကမ္ဘာဦးအစ အလင်းစွမ်းအင် ဟုတ်လား”
ဟုန်ယွိ လှုပ်ရှားလိုက်သည့် ခဏမှာပင် ပင်လယ်ရေပြင်ပေါ်မှ အလွန်ကြီးမားပြီး အရှည်ပေ ကိုးထောင်ခန့်ရှိသော စစ်မှန်သော စွမ်းအင်တန်းကြီးတစ်ခုမှာ သူ့ဆီသို့ ရုတ်တရက် ပစ်လွှတ်လာပါသည်။ ၎င်းမှာ အသံတိတ် ရောက်ရှိလာခြင်းဖြစ်ပြီး ရှေ့တည့်တည့်သို့ ရောက်သည့်အခါမှ ဝုန်းကနဲ ပေါက်ကွဲသွားကာ ဟုန်ယွိ၏ အကာကွယ် စွမ်းအင်များကို ပြင်းထန်စွာ ရိုက်ခတ်လေသည်။ သံမဏိချင်း ပွတ်တိုက်သည့်အလား ကျိကျိတက် အသံများကို ချက်ချင်း ကြားလိုက်ရပါသည်။
“ဘိုးဘေးနတ်ဘုရား စစ်မှန်သော စွမ်းအင်လား။”
ဟုန်ယွိ အောက်သို့ ငုံ့ကြည့်လိုက်ပါသည်။ မသိမသာပင် အဝေးရှိ ပင်လယ်ရေပြင်ပေါ်၌ ကျောက်စိမ်းရောင် နတ်ဘုရားတောင်ကြီး တစ်ခု ပေါ်လာလေသည်။ ထိုနတ်ဘုရားတောင် မှာ စိမ်းလဲ့ကာ တောက်ပနေပါသည်။ ၎င်းမှာ ကမ္ဘရီယန်ချောက်နက်မှ ‘ကမ္ဘရီယန် ကျောက်တုံး’ များဖြင့် ဖွဲ့စည်းထားသော တောင်ကြီး ဖြစ်ပါသည်။ ၎င်းမှာ ဤလောကတွင် တစ်ခုတည်းသာရှိသည့် ‘နတ်ဘုရားဘိုးဘေး’ ပင် ဖြစ်လေသည်။
“ဟွန်း... အချိန်ကိုက်ပဲ။ ငါကလည်း သတိထားနေတာ။”
ဘိုးဘေးနတ်ဘုရား စစ်မှန်သော စွမ်းအင်မှာ ဟုန်ယွိ၏ ကာကွယ်ရေး စွမ်းအင်အလွှာကို ရိုက်ခတ်သော်လည်း အတွင်းသို့ ထိုးဖောက်နိုင်ခြင်း မရှိပေ။ ဟုန်ယွိသည် လေထဲတွင် မလှုပ်မယှက် ရပ်နေပါသည်။ သူသည် ရေတံခွန်အောက်တွင် နှစ်ပေါင်းများစွာ တိုက်စားခံ ထားရသော်လည်း ခိုင်ခံ့မြဲမြံနေသော ကျောက်ဆောင်ကြီးတစ်ခုကဲ့သို့ ရှိနေလေသည်။
ကြီးမားလှသော ဘိုးဘေးနတ်ဘုရား စွမ်းအင်များမှာ ပျံ့နှံ့သွားသော်လည်း ဟုန်ယွိကို အနည်းငယ်မျှ ဒဏ်ရာမရစေသလို သူ၏ခန္ဓာကိုယ်ကိုလည်း အနည်းငယ်မျှ မလှုပ်ခါစေနိုင် ပေ။
သူသည် အင်မော်တယ် ကျောက်စာတိုင်ကို လုံးဝ ဖိနှိပ်ထားနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ကျောက်စာတိုင်၏ အနှောင့်အယှက် မရှိတော့သဖြင့် ဟုန်ယွိသည် ယခုအခါ သူ၏ ကြီးမား သော စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်နိုင်ပြီ ဖြစ်လေသည်။
“လျှပ်စီးတစ်သောင်း ပေါက်ကွဲမှု... ထွက်ပေါ်စေ။”
‘ထိုက်ကျိ မိုးကြိုးရေကန်’ အတွင်းမှ လျှပ်စီးများ ထွက်ပေါ်လာပြီး ဟုန်ယွိ၏ လက်အတွင်း စုစည်းသွားပါသည်။ ဟုန်ယွိ လက်ဟန်တစ်ခု ဖော်ထုတ်လိုက်သည့်အခါ ၎င်းမှာ ထူထဲ သော ကြိုးချောင်း ထောင်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားပြီး ဘိုးဘေးနတ်ဘုရား စွမ်းအင်များကို ဖြတ်ကျော်ကာ နတ်ဘုရားဘိုးဘေးတောင်ကို တင်းကျပ်စွာ တုပ်နှောင် လိုက်ပါသည်။ တစ်ချက် ဆောင့်ဆွဲလိုက်ရုံဖြင့် နတ်ဘုရားဘိုးဘေးတောင် တစ်ခုလုံးမှာ ပင်လယ်ရေပြင်ပေါ်မှ မြင့်တက်လာပြီး ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။
ပင်လယ်ရေများစွာမှာလည်း အောက်သို့ ပြန်လည် ကျဆင်းသွားပါသည်။
“ကြယ်တာယာကိုပါး အသွင်ပြောင်းခြင်း၊” “တိမ်တိုက်ရေလှိုင်း အမျက်ဒေါသ၊” “ကောင်းကင်ဘုံအမိန့်တေးသံစဉ်။”
အထွတ်အထိပ် စွမ်းအင်စီးကြောင်း သုံးခုမှာ တစ်ဖန် ထပ်မံထွက်ပေါ်လာပြီး လျှပ်စီးကြိုး များကို ဝန်းရံတိုက်ခိုက်ကြလေသည်။ နောက်ဆုံးတွင် ဝုန်းကနဲ မြည်ဟည်းသံနှင့်အတူ ဟုန်ယွိ၏ ပတ်ပတ်လည်ရှိ လျှပ်စီးများကို ရိုက်ခွဲပစ်လိုက်သဖြင့် တောင်ကြီးမှာ ချုပ်နှောင် မှုမှ လွတ်မြောက်သွားလေသည်။
“တာအိုဘိုးဘေးတို့... ခင်ဗျားတို့က မူလနဝမချောက်နက် နတ်ဘုရားနယ်မြေကနေ ထွက်လာပြီးနောက် ပိုပြီးတော့တောင် သန်မာလာကြတာပဲ။”
နတ်ဘုရားဘိုးဘေးတောင် လွတ်မြောက်သွားသည်ကို မြင်သောအခါ ဟုန်ယွိက တိုက်ခိုက် မှုကို ရပ်တန့်လိုက်ပါသည်။ ထို့နောက် ဤမဟာကမ္ဘာလောကကြီး တစ်ခုလုံးကို တုန်ခါ သွားစေသော အသံဖြင့် ပြောလိုက်ပါသည်။ “တကယ်တော့ လွန်ခဲ့တဲ့ လအနည်းငယ်က ကျုပ် မိုးကြိုးကပ်ဘေး ဖြတ်ကျော်နေတုန်း ခင်ဗျားတို့ ကျုပ်ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ တဲ့ အချိန်နဲ့ယှဉ်ရင် ခင်ဗျားတို့ အများကြီး ပိုသန်မာလာကြပြီ။ ခင်ဗျားတို့ နေ့စဉ် နေ့တိုင်း ကို သိသိသာသာ တိုးတက်လာကြတာပဲ။”
“တာအိုပညာရပ်ပိုင်းမှာတော့... ဟုန်ယွိ မင်းလောက် ဘယ်သူက အရှိန်အဟုန်နဲ့ တိုးတက် နိုင်မှာလဲ” နတ်ဘုရားဘိုးဘေးတောင်အတွင်းမှ အမျိုးသမီးတစ်ဦး၏အသံ ထွက်ပေါ်လာပါ သည်။ ထိုအသံနှင့်အတူ ‘ဂီတသင်္ကေတ တိမ်တိုက်စွမ်းအင်’ များ ထွက်ပေါ်လာပြီး တာအိုဘိုးဘေး ယွန်ယင်ကျိ၏ ရုပ်သွင်သဏ္ဌာန်ပုံရိပ်ကြီး တစ်ခုအဖြစ် စုစည်းသွားလေ သည်။
ထို့နောက် လျန်ယွန်ကျိနှင့် ရှင်းချန်ကျိတို့မှာလည်း ဧရာမ ရုပ်အသွင်များအဖြစ် စုစည်းလာ ကာ နတ်ဘုရားဘိုးဘေးတောင်၏ အပြင်ဘက်တွင် ဟုန်ယွိကို မျက်နှာမူ၍ ပေါ်လာကြ လေသည်။
၎င်းမှာ တာအိုဘိုးဘေး သုံးဦး၏ စိတ်ဝိညာဉ် အတွေးစများသာ ဖြစ်ပြီး သူတို့၏ အစစ်မှန် ခန္ဓာကိုယ်များ မဟုတ်ကြပေ။ သူတို့၏ အစစ်မှန် ခန္ဓာကိုယ်များမှာ နတ်ဘုရားဘိုးဘေး တောင်၏ အနက်ရှိုင်းဆုံးနေရာမှ သဘာဝအတိုင်း ထွက်မလာရန် မဝံ့ရဲကြပေ။
စိတ်ဝိညာဉ် အတွေးစများသာ ဖြစ်သော်လည်း တာအိုဘိုးဘေးသုံးဦး၏ အရှိန်အဝါမှာ အလွန်တရာ ခမ်းနားလှသည်။ သူတို့သည် အရပ်မျက်နှာ သုံးခုကို ဖိနှိပ်ထားပြီး ‘ဖန်ဆင်းရှင်’ တစ်ဦးနှင့် နှိုင်းယှဉ်နိုင်သော စွမ်းအားများကို ထုတ်ဖော် ပြသနေကြပါသည်။
“ကျုပ်က ခင်ဗျားတို့ သုံးယောက်ကို ချီးကျူးနေတာ မဟုတ်ဘူး” တာအိုဘိုးဘေး သုံးဦး၏ ပုံရိပ်များကို ကြည့်ပြီး ဟုန်ယွိက အေးစက်စွာ ရယ်မောလိုက်ပါသည်။ “ခင်ဗျားတို့ရဲ့ တာအို ပညာရပ်တွေက အရှိန်အဟုန်နဲ့ တိုးတက်နေတာ မှန်ပေမဲ့... ခင်ဗျားတို့ တစ်နေ့တည်းနဲ့ အများကြီး တိုးတက်သွားရင်တောင် ဒီဘဝမှာတော့ ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီး ‘ဖန်ဆင်းရှင်’ တွေ ဖြစ်ဖို့ဆိုတာ မေ့လိုက်ကြတော့၊ ခင်ဗျားတို့ မိုးကြိုး ကပ်ဘေးကို ဖြတ်ကျော်တာနဲ့ ကျုပ် ချက်ချင်းရောက်လာပြီး ခင်ဗျားတို့ရဲ့ ဝိညာဉ်တွေနဲ့ မှတ်ဉာဏ်တွေကို ‘သူရဲကောင်းမှတ်တမ်း’ ထဲမှာ ထည့်သွင်းပြီး ဖိနှိပ်ထားလိုက်မယ်။ ခင်ဗျားတို့ ထာဝရ ဘယ်တော့မှ ပြန်ပေါ်မလာနိုင်စေရဘူး။”
“ဟုန်ယွိ၊ မင်း ဘာစကားပြောလိုက်တာလဲ။” ရှင်းချန်ကျိက အော်ပြောလိုက်လေသည်။
“ကျုပ် ဘာသဘောမှ မဟုတ်ပါဘူး။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွား တစ်ချောင်းအတွက် သွားတစ်ချောင်းပဲပေါ့။ လူကြီးလူကောင်းတစ်ယောက်ရဲ့ ကလဲ့စား ချေမှုဆိုတော့ နှစ်တွေ ဘယ်လောက်ကြာကြာ ကျုပ် စိတ်ရှည်နိုင်ပါတယ်။ ဒါ့အပြင် ကျုပ်က တကယ်ကို စိတ်ရှည်တတ်တာပါ။ ခင်ဗျားတို့ ကျုပ် မိုးကြိုးကပ်ဘေး ဖြတ်ကျော် နေတုန်း ချောင်းမြောင်းတိုက်ခိုက်ခဲ့တုန်းက ကျုပ် ခင်ဗျားတို့ကို ‘ဘာသဘောလဲ’ လို့ မမေးခဲ့ဘူးမလား” ဟုန်ယွိ ပြောနေစဉ်အတွင်း သူ၏ အငွေ့အသက်မှာ ပိုမိုထူထဲလာပြီး တိုက်ခိုက်တော့မည့်အလား ဖြစ်လာနေသည်။
“အခု မင်းက ငါတို့ရဲ့ ‘ဘိုးဘေးနတ်ဘုရား မိုးကြိုးရေကန်’ ကို ဖျက်ဆီးပစ်လိုက်ပြီဆိုတော့ ဒီကြွေးတွေ အကုန် ကြေသွားပြီလို့ သတ်မှတ်လိုက်ရအောင်၊” ယွန်ယင်ကျိ၏ပုံရိပ်ကြီးက မျက်မှောင်ကြုတ်လိုက်ပါသည်။ “ငါတို့ ဒီမိုးကြိုးကန်အတွက် ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ။ အခု မင်းက ဒါကို ဖျက်ဆီးပစ်လိုက်ပြီဆိုတော့ ဒီလောက်ဆို ကြွေးကြေဖို့ ကောင်းနေပါပြီ။”
“ဟုတ်တယ် ဟုန်ယွိ” လျန်ယွန်ကျိကလည်း ပြောလိုက်ပါသည်။ “ဒီမိုးကြိုးရေကန်က ကြွေးကြေဖို့ လုံလောက်ပါပြီ။ ဟုန်ယွိ... မင်း ရန်သူတွေ အများကြီး မဖန်တီးချင်စမ်းပါနဲ့။ မဟုတ်ရင် မင်း မိုးကြိုးကပ်ဘေး ဖြတ်ကျော်တုန်းက ဘာလို့ လူအများကြီးက မင်းကို သတ်ဖို့ ရောက်လာကြမှာလဲ။ ငါ အကြံတစ်ခု ပေးချင်တယ်။ အတိတ်က ကြွေးတွေ အကုန် မေ့ပစ်လိုက်ကြရအောင်။ ဒီနေ့ကစပြီး ငါတို့ ကိုယ့်လမ်းကိုယ် လျှောက်ကြတာပေါ့။ မင်းက ကျိုးယွိအကယ်ဒမီရဲ့ ကျောင်းအုပ်ကြီး လုပ်ပြီး ‘ပြောင်းလဲခြင်းကျမ်း’ ကို ပြန့်ပွားအောင် လုပ်၊ ငါတို့ကလည်း ငါတို့ဘာသာ အေးဆေးနေတော့မယ်။ ဒါဆို မကောင်းဘူးလား။”
“အဲဒီလိုလား၊ ကျုပ် ခင်ဗျားတို့ကို အေးဆေးလွှတ်ပေးဖို့က သိပ်လွယ်ပါတယ်” ဟုန်ယွိ၏ အမူအရာမှာ တဖြည်းဖြည်း ပျော့ပြောင်းသွားလေသည်။
“ဘာဖြစ်မလဲ” ယွန်ယင်ကျိက မေးလိုက်ပါသည်။
“ခင်ဗျားတို့ သုံးယောက်စလုံး ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး လူပြန်ဝင်စားကြရမယ်။ ပြီးတော့ ကျုပ်ရဲ့ ‘ကျိုးယွိအကယ်ဒမီ’ ကို ဝင်ပြီး ကျုပ်တပည့် လုပ်ရမယ်။ အဲဒီလိုဆိုရင် ကျုပ်က ခင်ဗျားတို့ကို ‘ပြောင်းလဲခြင်းကျမ်း’ ရဲ့ အနှစ်သာရတွေကို သင်ပေးနိုင်တယ်။” ဟုန်ယွိက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ ခင်ဗျားတို့အတွက် လမ်းနှစ်သွယ်ပဲ ရှိတယ်။ တစ်ခုက သေခြင်းပဲ။ နောက်တစ်ခုကတော့ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး လူပြန်ဝင်စားတာပဲ။ ခင်ဗျားတို့ရဲ့ တာအိုတွေကို စွန့်လွှတ်ပြီး ပြောင်းလဲခြင်းလမ်းစဉ်ကို လိုက်နာပြီး ကျုပ် တပည့်တွေအဖြစ် ခံယူကြ။ ခင်ဗျားတို့ သဘောတူရင် ကျုပ် ခင်ဗျားတို့ကို ကာကွယ်ပေးပြီး ‘ဖန်ဆင်းရှင်’ တွေ ဖြစ်အောင် ကူညီပေးနိုင်တယ်။”
“မင်း” “ဟုန်ယွိ... မင်း သေချင်နေတာပဲ။”
“မင်း မသေမချင်း ငါတို့လည်း မနားဘူး။”
ယွန်ယင်ကျိ၊ ချန်ရှင်းကျိနှင့် လျန်ယွန်ကျိတို့မှာ တစ်ပြိုင်နက်တည်း ဟစ်အော်လိုက်ကြ လေသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ‘တာအိုခုနစ်ဖော်’ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ယနေ့ခေတ်တွင် တာအိုဘိုးဘေးသုံးပါး ဖြစ်လာသူများအနေဖြင့် သူတို့သည် အလွန်တရာပင် ဂုဏ်သိက္ခာ ကြီးမားသူများ ဖြစ်ကြပါသည်။ သူတို့က အဘယ်ကြောင့် ခန္ဓာကိုယ်ကို စွန့်လွှတ်ကာ တပည့်အဖြစ် ခံယူကြမည်နည်း။
တာအိုဘိုးဘေး သုံးဦး၏ အစစ်မှန် ခန္ဓာကိုယ်များမှာ ‘လူသားအင်မော်တယ်’ အဆင့်အထိ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ သူတို့သာ စွန့်လွှတ်လိုက်ပါက နောင်တွင် ခန္ဓာကိုယ် ကို ပြန်လည်သန့်စင်ရန် အလွန်ခက်ခဲပေလိမ့်မည်။ ထို့ထက် ပို၍အရေးကြီးသည်မှာ သူတို့၏ ဂုဏ်သိက္ခာနှင့် တာအိုနှလုံးသားက ထိုသို့ ပြုလုပ်ရန် ခွင့်မပြုခြင်း ဖြစ်လေသည်။ ဟုန်ယွိ၏ စကားမှာ သူတို့အတွက် အလွန်တရာ စော်ကားခြင်းပင် ဖြစ်ပါသည်။
"သူ့စကား နားမယောင်ကြနဲ့ တာအိုဘိုးဘေးတို့။ သူက အချိန်ဆွဲနေတာပဲ။ သူက အင်မော်တယ် ကျောက်စာတိုင်ကို အပြည့်အဝ သန့်စင်နိုင်အောင် အချိန်ဆွဲနေတာ။ ပြီးတော့ မိုးကြိုးရေကန် ပေါက်ကွဲမှုကြောင့် သူ့ရဲ့မှော်ရတနာကလည်း အပြင်းအထန် ထိခိုက်သွားတာ သေချာတယ်။ သူ အခု ပြန်လည် ပြုပြင်နေတာပဲ။ မတော်တဆ တစ်ခုခု မဖြစ်ခင် အတူတူ ပူးပေါင်းတိုက်ခိုက်ပြီး ဒီလူကို သတ်လိုက်ကြစို့။”
ဟုန်ယွိနှင့် တာအိုဘိုးဘေး သုံးဦးတို့ စကားပြောနေစဉ်မှာပင် သခင်လေးရှူမှာ ကီလိုမီတာ ငါးရာအကွာတွင် တိတ်တဆိတ် ရပ်နေခဲ့ပါသည်။ သူ၏ မျက်လုံးများအတွင်းရှိ မှော်စာလုံး များမှာလည်း စတင် လင်းလက်လာပါသည်။ သူ၏ဘေးတွင် အဆင့်တစ် ရုပ်သေးရုပ်ဖြစ် သော ‘ပျက်သုဉ်းခြင်းနတ်ဘုရား’ မှာ မလှုပ်မယှက်ဘဲ ဘေးမှ တိတ်တဆိတ် စောင့်ကြပ် နေလေသည်။
“ဘာ”
သခင်လေးရှူ၏ စကားကြောင့် တာအိုဘိုးဘေး သုံးဦးမှာ ချက်ချင်း သတိဝင်လာကြပါ သည်။ ရတနာအလင်းတန်းများစွာမှာ လင်းလက်သွားကြပြီး ဟုန်ယွိဆီသို့ တိုက်ရိုက် ပြေးဝင်သွားကြလေသည်။
“အဲဒီလိုဆိုမှတော့ ခင်ဗျားတို့အတွက် လမ်းတစ်သွယ်ပဲ ရှိတော့တယ်... အဲဒါ သေလမ်းပဲ။”
ဟုန်ယွိ၏ မျက်လုံးများမှာ ခက်ထန်စွာ ပွင့်လာပြီး အရာအားလုံးကို ထိုးဖောက်ကြည့်လိုက် ပါသည်။
“သခင်လေးရှူ... မင်းက တကယ့်ကို အကွက်ချတတ်တာပဲ။ ငါ ဘာလုပ်မယ်ဆိုတာကို တောင် မင်း သိနေတာပဲ။ မင်းလိုလူမျိုးကို အသက်ရှင်ခွင့် ပေးလို့ မဖြစ်ဘူး။ ငါ မင်းကို လမ်းနှစ်သွယ် ပေးမယ်! သေမလား၊ ဒါမှမဟုတ် ခန္ဓာကိုယ် ဖျက်ဆီးပြီး၊ လူပြန်ဝင်စားကာ ငါ့တပည့် ဖြစ်လာမလား။”
ပြောနေရင်းမှာပင် ဟုန်ယွိသည် ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်ကို ချက်ချင်း အသက် သွင်းလိုက်ပါသည်။ သူ၏ ခန္ဓာကိုယ်မှာ အရိပ်အယောင်မကျန် ပျောက်ကွယ်သွားပြီး အချိန်နှင့် ဟင်းလင်းပြင်အတွင်း၌ သူ၏သဲလွန်စ လုံးဝ မရှိတော့ပေ။
ဟုန်ယွိသည် တာအိုဘိုးဘေး သုံးဦးနှင့် စကားပြောနေစဉ်မှာပင် အင်မော်တယ် ကျောက်စာတိုင်ကို အပြည့်အဝ သန့်စင်ပြီးစီးသွားခဲ့ခြင်း ဖြစ်လေသည်။ အကယ်၍ သူသာ နောက်ထပ် စကားအနည်းငယ် ထပ်ပြောနိုင်ခဲ့ပါက အင်မော်တယ် ကျောက်စာတိုင်မှာ ပို၍ ပင် ခိုင်မာသွားနိုင်သော်လည်း သခင်လေးရှူစကားကြောင့် အနှောင့်အယှက် ဖြစ်ခဲ့ရသည်။
အင်မော်တယ် ကျောက်စာတိုင်မှာ အံ့ဖွယ်အရာတစ်ခု ဖြစ်လေသည်။ အကယ်၍ သူသာ ၎င်းကို တခဏအတွင်း အပြည့်အဝ မသန့်စင်နိုင်ပါက အချိန်ကြာလာသည်နှင့်အမျှ ၎င်းမှာ မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားနိုင်ပါသည်။
သို့သော် ယခုအခါ တာအိုဘိုးဘေး သုံးဦးမှာ အစွမ်းကုန် တိုက်ခိုက်လာကြပြီ ဖြစ်ရာ သူသည် အာရုံမလွှဲနိုင်တော့ပေ။ ဝုန်းကနဲ မြည်သံနှင့်အတူ သူသည် ထွက်ပြေး လွတ်မြောက်သွားပါသည်။ တာအိုဘိုးဘေး သုံးဦးသာ စိုးရိမ်နေခြင်း မဟုတ်ဘဲ သခင်လေး ရှူပင်လျှင် စိုးရိမ်လာပါသည်။ ဤသည်မှာ ဟုန်ယွိ၏ အထူးတိုက်ကွက် ဖြစ်ကြောင်း သူတို့ သိထားကြလေသည်။ ‘ကောင်းကင်ဘုံဖခင်’ ခေါင်းဆောင်ကြီးပင်လျှင် ဤတိုက်ကွက် ကြောင့် ဒုက္ခရောက်ခဲ့ဖူးသည်။ ဟုန်ယွိ၏ မှော်စွမ်းအားမှာ နက်နဲလွန်းပြီး တိုက်ကွက်များ စွာ ရှိနေသဖြင့် သူတို့ လုံးဝ ပေါ့ဆ၍ မရနိုင်ပေ။
“ကောင်းကင်နဲ့ မြေကြီး ပြိုလဲစေ။ အချိန်တွေ တွန့်လိမ်စေ၊ ဗဟိုကမ္ဘာ…. အချိန် ဓားတော်... ထွက်ပေါ်စေ။”
သခင်လေးရှူ ရွတ်ဆိုလိုက်သည်နှင့် သူ၏လက်ထဲရှိ ကျောက်စိမ်းနက်အဆောင်မှာ ရုတ်တရက် ပွင့်ထွက်သွားပြီး ဓားမြှောင်တစ်လက် ထွက်ပေါ်လာပါသည်။ ၎င်း၏ မျက်နှာ ပြင်မှာ မည်းနက်နေပြီး တောက်ပမှု သို့မဟုတ် ထက်ရှမှု တစ်စုံတစ်ရာမှ မရှိပေ။ ထိုဓားကို မည်သည့်အရာဖြင့် ပြုလုပ်ထားသည်ကို မသိနိုင်ပေ။ ရွှေလည်းမဟုတ်၊ သစ်သားလည်း မဟုတ်၊ မြေကြီး သို့မဟုတ် ကျောက်တုံးလည်း မဟုတ်ဘဲ အချိန်ကာလတစ်ခုကို အသုံးပြု၍ ဖန်တီးထားသည့်အလား ဖြစ်နေလေသည်။
“အချိန်ဓား။”
ဓားကို လက်ထဲတွင် ဆုပ်ကိုင်ထားစဉ် ဤနတ်ဘုရား ဓားတွင် ဖန်ဟွမ်အသက်ဝိညာဉ် ဓားနှင့် တူညီသော အရှိန်အဝါမျိုး ရှိနေသည်ကို သူ ခပ်ရေးရေး ခံစားလိုက်ရပါသည်။
“ဧကရာဇ်ဖန်က ဓားတွေကို သွန်းလုပ်ခဲ့တယ်။ တစ်ခုက အသက်၊ နှစ်ခုမြောက် အချိန်၊ သုံးခုမြောက်က ဟင်းလင်းပြင်။ ဖန်သုံးပါး၊ ပါရမီသုံးပါး။” အချိန်ဓားကို ကိုင်ဆွဲပြီး သခင်လေးရူက လွှဲယမ်းလိုက်ပါသည်။ ချွင်ခနဲအသံနှင့်အတူ ရှောင်တိမ်းခြင်း ဟေက်စ်ဇာ ဂရမ်မှ ထိုးနှက်လာသော ဟုန်ယွိ၏ဓားနှင့် ထိပ်တိုက် တိုးသွားလေတော့သည်။
အခန်း (၆၃၈)။
ဒေါင်... ..
သခင်လေးရှူသည် အချိန်ဓားကို ထုတ်ဖော်လိုက်ရာ သူ၏အရှိန်ဟုန်မှာ အဆမတန် မြင့်တက်လာလေသည်။ သူသည် အချိန်အနည်းငယ်မျှပင် ပေးရန်မလိုဘဲ၊ စက္ကန့်ပိုင်း အတွင်းမှာပင် ဟုန်ယွိ၏ ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်အတွင်းမှ ထိုးနှက်လာသော ဓားချက်ကို တိုက်ရိုက် တားဆီးနိုင်ခဲ့ပါသည်။
“ကောင်းကင်နဲ့ မြေကြီး၊ လေနဲ့ မိုးကြိုး၊ ရေနဲ့မီး၊ တောင်တန်းနဲ့ ရွှံ့နွံအိုင်။”
သူ၏ဓားချက်မှာ တားဆီးခြင်း ခံလိုက်ရသော်လည်း ဟုန်ယွိမှာ ရပ်တန့်မသွားဘဲ နောက်ထပ် ဓားချက်အချို့ကို ဆက်တိုက် ထုတ်ဖော်လိုက်ပါသည်။ သူ၏လက်ထဲတွင် စုစည်းထားသော ဓားစွမ်းအင်များမှာ အတက်အကျ လှုပ်ရှားလျက် ပေအနည်းငယ်အထိ ရှည်လျားလာလေသည်။ ဓားချက်တိုင်းမှာ သခင်လေးရှူ၏ အရေးကြီးသော သေကွင်းသေ ကွက်များကိုသာ ပစ်မှတ်ထားကာ အရာအားလုံးကို ထိုးဖောက်ရန် ကြိုးစားနေခြင်း ဖြစ်ပါ သည်။
မထင်မှတ်ဘဲ သခင်လေးရှူသည် သူ၏ မျက်လုံးများကို မှိတ်ထားလိုက်ပါသည်။ ဤသို့ ပြင်းထန်လှသော တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် သူ၏လက်ထဲရှိ အချိန်ဓားမှာ အနှိုင်းမဲ့ စွမ်းအင်များကို ထုတ်ဖော်လာပါသည်။ ဓားကို လွှဲယမ်းလိုက်သည့်အခါ ဓား၏ ပုံရိပ်များမှာ နေရာအနှံ့ ပျံ့နှံ့သွားပြီး အချိန်၏ ကန့်သတ်ချက်များကို ကျော်ဖြတ်ကာ ဟုန်ယွိ၏ ဓားစွမ်းအင်များနှင့် ‘ပြောင်းလဲခြင်းတာအို’ ၏ ဓားချက် ရှစ်ချက်စလုံးကို ခုခံ တားဆီးလိုက်လေသည်။
အချိန်ဓားမှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှပါသည်။
“ဒီလောက်ပဲလား”
ဟုန်ယွိ၏ တိုက်ခိုက်မှုကို တားဆီးပြီးနောက် သခင်လေးရှူ၏ ခန္ဓာကိုယ်မှာ နောက်သို့ ဆုတ်သွားပြီး ဟင်းလင်းပြင်ထဲသို့ ခြေလှမ်းလှမ်းလိုက်ရာ ဂယက်လှိုင်းများ ပျံ့နှံ့သွားလေ သည်။ ထို့နောက် သူသည် ရုတ်တရက် ရှေ့သို့ ပြန်လည် ပြေးဝင်လာပါသည်။
“အချိန်လွန်းယာဉ်ပျံ၊ ကောင်းကင်အပြင်ပနယ်မြေမှ ပျံသန်းလာသော အင်မော်တယ်။”
ဝူး...
ဓားချက်မှာ ဟုန်ယွိ၏ လည်ပင်းဆီသို့ တည့်တည့်မတ်မတ် ဦးတည်လာပြီး ချုပ်နှောင် ထားလိုက်သည်။ သူ၏ပတ်ဝန်းကျင် ကီလိုမီတာ ဒါဇင်ပေါင်းများစွာအတွင်း အချိန်မှာ အေးခဲသွားပြီး ဟုန်ယွိမှာ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
“ဟွန်း”
ဟုန်ယွိ၏ နဖူးရေမှာ တွန့်သွားပြီး အဖြူရောင် အလင်းတန်းတစ်ခု ပွင့်ထွက်လာပါသည်။ ဝုန်း... ၊ သူသည် အချိန်ဓား၏ ချုပ်နှောင်မှုကို ဖြိုခွဲလိုက်ပြီးနောက် ‘ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်’ ကို အသုံးပြုကာ ကိုယ်ရောင်ဖျောက်လိုက်လေသည်။
“ဧကရာဇ်ဖန်က ဓားသုံးလက် သွန်းလုပ်ခဲ့တယ်... အသက်၊ အချိန်နဲ့ ဟင်းလင်းပြင် ဟုတ်လား။ သက်ရှိသတ္တဝါတွေက လူသားတာအိုကို ကိုယ်စားပြုတယ်၊ နှစ်ကာလတွေက အချိန်ကို ကိုယ်စားပြုတယ်၊ ဟင်းလင်းပြင်ကတော့ နေရာလပ်ကို ကိုယ်စားပြုတာပေါ့။ ဖန်ဟွမ်ဓား သုံးလက်စလုံးဟာ လူသားနဲ့ အချိန်၊ ဟင်းလင်းပြင်တို့ကြားက ပြည့်စုံတဲ့ ဆက်နွှယ်မှုကို ကိုယ်စားပြုတာပဲ။ ငါ ဒီလိုလျှို့ဝှက်ချက်မျိုးကို တစ်ခါမှ မကြားဖူးပေမဲ့ ခန့်မှန်းရတာတော့ မခက်ပါဘူး။”
ကိုယ်ရောင်ဖျောက်လိုက်သည်နှင့် ဟုန်ယွိသည် သခင်လေးရှူ၏ လက်ထဲရှိ ဓားမှာ မည်သည့်အရာဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်ပါသည်။
ထိုစဉ်က ဧကရာဇ်ဖန်သည် ‘နတ်ဘုရားဓား’ သုံးလက်ကို သွန်းလုပ်ခဲ့ပါသည်။ တစ်လက် မှာ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ ဖြစ်ပြီး ကျန်နှစ်လက်မှာ ‘အချိန်ဓား’ နှင့် ‘ဟင်းလင်းပြင် ဓား’ တို့ ဖြစ်ကြသည်။ ဓားတစ်လက်ချင်းစီမှာ အရာတစ်ခုစီကို ကိုယ်စားပြုလေသည်။
‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ မှာ လူသားတာအို၏ ဉာဏ်ပညာ၊ သတ္တိ၊ မေတ္တာနှင့် တရားမျှ တမှုတို့ကို သင်္ကေတပြုသည့် အထွတ်အထိပ် ဓားဖြစ်ပါသည်။ အချိန်ဓားနှင့် ဟင်းလင်းပြင် ဓားတို့မှာမူ ‘တိုင်ရှန်တာအိုဂိုဏ်း’ ၏ စကြဝဠာကျမ်းစာနှစ်စောင်ကဲ့သို့ပင် အချိန်နှင့် လေဟာနယ်ကို ကိုယ်စားပြုလေသည်။
ဓားသုံးလက်စလုံးတွင် အထွတ်အထိပ် စွမ်းအားများ ကိန်းအောင်းနေပါသည်။
သို့သော် ‘စီးဆင်းနေသော အချိန်ဓား’ မှာ အစွမ်းထက်သော်လည်း ထိပ်တန်းအဆင့် မှော်ရတနာတစ်ခုတော့ မဟုတ်ပေ။ အမှန်စင်စစ် ဓားသုံးလက်ထဲတွင် ‘ဖန်ဟွမ်အသက် ဝိညာဉ်ဓား’ မှာ အစွမ်းအထက်ဆုံး ဖြစ်သည်။ သို့သော် ဟုန်ယွိသည် ၎င်းကို ‘ထိုက်ကျိ မိုးကြိုးရေကန်’ အဖြစ် ပြောင်းလဲလိုက်ပြီ ဖြစ်ရာ နောင်တွင် သက်ရှိသတ္တဝါများကိုပင် မွေးဖွားပေးနိုင်မည် ဖြစ်လေသည်။
အချိန်ဓားစွမ်းအားမှာ ‘ဆာဟာရတနာသစ်ပင်’ ထက် အနည်းငယ် အားနည်းသော်လည်း “ကောင်းကင်ဘုံ တက်လှမ်းခြင်း ရွှေစေတီတော်၊ ကောင်းကင်ယှဉ်တွဲ လှေကားတို့ထက်မူ အဆပေါင်းများစွာ ပိုမို အစွမ်းထက်လေသည်။
ထိုကဲ့သို့သော အဖိုးတန်ဓားမှာ ‘ကောင်းကင်အပြင်ပနယ်မြေ’ ဖန်ကြယ်ကမ္ဘာမှ အဆင့်မြင့် ခေါင်းဆောင်တစ်ဦးဖြစ်သော လျှို့ဝှက်ဆန်းပြားသည့် ပညာရှင် သခင်လေးရှူ၏ လက်ထဲ တွင် ရှိနေသည့်အခါ အလွန်တရာ အစွမ်းထက်လှပေသည်။ ထို့ပြင် အချိန်ဓားမှာ အလွန် အာရုံခံနိုင်စွမ်း မြင့်မားလေသည်။ ၎င်းသည် အချိန်စီးဆင်းမှုကို လျစ်လျူရှုနိုင်ပြီး ရန်သူကို အလျင်မြန်ဆုံး သတ်ဖြတ်နိုင်လေသည်။
အချိန်ဓားရှေ့တွင် အမြန်နှုန်းမှာ အစွန်းကုန်အထိ မြင့်တက်သွားပါသည်။
သခင်လေးရှူမှာ ‘ဖန်ဆင်းရှင်’ အဆင့်ရှိ ပညာရှင်တစ်ဦးဖြစ်ပြီး၊ ‘နတ်ဘုရားဘိုးဘေး တောင်’ နှင့် နှိုင်းယှဉ်နိုင်သော ပျက်သုဉ်းခြင်း နတ်ဘုရား ရုပ်သေးရုပ်နှင့် အချိန်ဓားတို့ပါ ပေါင်းစပ်လိုက်သည့်အခါ ဟုန်ယွိကို တားဆီးရန် လုံလောက်နေပါသည်။
အမှန်စင်စစ် သူ၏အစွမ်းမှာ ဟုန်ယွိနှင့် ဝေးကွာနေသေးသော်လည်း ဟုန်ယွိသည် သူ့ကို တစ်ချက်တည်းဖြင့် အပြတ်မသတ်နိုင်ပေ။ ထို့ပြင် သူ၌ အခြားသော လှည့်ကွက်များလည်း ရှိနေပါသေးသည်။
ရှစ်ကြိမ်ဆက်တိုက် ဓားဖြင့် ခုတ်ပိုင်းလိုက်သော်လည်း ဓားချက်အားလုံးမှာ ပြင်းထန်စွာ တားဆီးခံလိုက်ရသဖြင့် မည်သည့် ဟာကွက်မျှ မရှိခဲ့ပေ။ ထိုအခါမှသာ ဟုန်ယွိသည် ဤသခင်လေးရှူမှာ ရင်ဆိုင်ရ မည်မျှခက်ခဲသော ပြိုင်ဘက်ဖြစ်ကြောင်း သဘောပေါက် လိုက်ပါသည်။ ထိုသူမှာ ‘အမှောင်ဧကရာဇ် တာအိုသခင်’ နှင့် ‘ရှောက်ရွှိုက်’ တို့ကဲ့သို့ လူမျိုး များနှင့်ပင် တစ်တန်းတည်း ထားရမည့်သူ ဖြစ်လေသည်။
ချီ...
ဟုန်ယွိ၏ ဓားချက် ရှစ်ချက်မှာ မအောင်မြင်ဘဲ ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ် ဖြင့် ဟင်းလင်းပြင်ထဲတွင် ပုန်းကွယ်နေစဉ် သခင်လေးရှူမှာ နောက်မဆုတ်ဘဲ လိုက်ပါ တိုက်ခိုက်လာသည်။ သူ၏လက်ထဲရှိ အချိန်ဓားမှာ ထပ်မံ ပေါက်ကွဲထွက်လာပါသည်။ ဓားအလင်းတန်းလေးများမှာ ပျံ့လွင့်လာပြီး ၎င်းတို့မှာ အတွေးစများသဖွယ် ဖြစ်နေပါ သည်။ ၎င်းတို့သည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်လိုက်ရာ အမည်မသိသော ဟင်းလင်းပြင် အချို့တွင် တုန်ခါမှုများနှင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်ကုန်လေသည်။
“ဟင်းလင်းပြင် ကျမ်းစာ၊ အရပ်ခြောက်မျက်နှာ ဖုံးကွယ်ခြင်း။”
ဤဓားစွမ်းအင်များမှာ ဟုန်ယွိ၏ ကိုယ်ရောင်ဖျောက်ထားသော သဲလွန်စများကို အမှန် တကယ်ပင် ရှာဖွေတွေ့ရှိသွားပါသည်။
“ပျက်သုဉ်းခြင်းနတ်ဘုရား”
အမိန့်ပေးလိုက်သည်နှင့် ပျက်သုဉ်းခြင်း နတ်ဘုရား၏ ပြည့်စုံသော ခန္ဓာကိုယ်သည် ဟင်းလင်းပြင်၏ အစိတ်အပိုင်း အနည်းငယ်ကို အတင်းအကျပ် ဆုပ်ကိုင်လိုက်ပါသည်။ သူသည် ဟုန်ယွိ၏ စစ်မှန်သော ခန္ဓာကိုယ်ကို အမှန်တကယ်ပင် ထိတွေ့နိုင်ခဲ့လေသည်။
“လခွမ်း... အလကားပဲ”
ပျက်သုဉ်းခြင်းနတ်ဘုရား၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း ဟုန်ယွိသည် သူ၏ ခန္ဓာကိုယ်ကို တွန့်လိမ်ကာ ဟင်းလင်းပြင်အတွင်းမှ ပေါ်လာပါသည်။ သူသည် သူ၏ စစ်မှန်သော စွမ်းအင်များကို နှိုးဆော်လိုက်ပြီး ပျက်သုဉ်းခြင်းနတ်ဘုရား၏ လက်သီးချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်ရလေသည်။
သူသည် အင်မော်တယ် ကျောက်စာတိုင်ကို ထပ်မံ သန့်စင်နိုင်ရန်အတွက် ကိုယ်ရောင် ဖျောက်ထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် သူ၏ ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်မှာ မပြည့်စုံဘဲ ဖြစ်နေခဲ့ပါသည်။ ထိုမပြည့်စုံမှုကြောင့် သခင်လေးရှူက ဟာကွက်ကို ရှာတွေ့ သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့မဟုတ်ပါက သူ၏ ပြည့်စုံသော ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်ဖြင့်ဆိုလျှင် သခင်လေးရှူဆို ဝေးစွ၊ ‘ကောင်းကင်ဘုံဖခင်’ ခေါင်းဆောင် ကြီးပင်လျှင် ရှာတွေ့နိုင်မည် မဟုတ်ပေ။
“ဒီသခင်လေးရှူက ဘယ်သူလဲ။ သူက ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ။ ငါ ဒီလိုမျိုး မှော်ရတနာကို တစ်ခါမှ မမြင်ဖူးသလို မကြားလည်း မကြားဖူးဘူး။”
ဟုန်ယွိနှင့် သခင်လေးရှူတို့ တိုက်ခိုက်နေကြစဉ် တာအိုဘိုးဘေး သုံးဦးမှာ စိတ်ချင်း ဆက်သွယ်ကာ စတင် တိုင်ပင်ကြလေသည်။
“ဒီလူက ‘ကောင်းကင်ဖြို ဧကရာဇ်’ ထက်တောင် ပိုစွမ်းသေးတယ်။ ဒါပေမဲ့ သူ ဘယ်က လာလဲဆိုတာ သိဖို့ မလိုပါဘူး။ ငါတို့က တစ်ဖက်တည်း ဖြစ်နေတာ သိသာပါတယ်။ အရင်ဆုံး ဟုန်ယွိကို တိုက်ခိုက်ပြီး သူ့ကို မောင်းထုတ်ကြရအောင်။” ချန်ရှင်းကျိက ပြောလိုက်သည်။
“ဟုတ်တယ်။ ဟုန်ယွိကို အရင် မောင်းထုတ်ရမယ်။ အဲဒီကလေးက တကယ့်ကို ရက်စက် တာ။ ဒီနေ့ သူ ငါတို့ကို သတ်ချင်နေတာ သိသာတယ်။ ငါတို့ ထွက်ပြေးပြီး ပုန်းနေမှာကို သူက ကြောက်နေတာ။” ယွန်ယင်ကျိ၏ အမူအရာမှာ ခက်ထန်နေလေသည်။
“ဟွန်း... ငါတို့ရဲ့ ပုန်းကွယ်ခြင်းအစီအရင်ကို ဟုန်ယွိ ရှာတွေ့ဖို့ မလွယ်ပါဘူး။ ငါတို့ အရင်း အမြစ်တွေ အလုံအလောက် စုဆောင်းပြီး ‘ဖန်ဆင်းရှင်’ တွေ ဖြစ်လာသရွေ့ သူ ငါတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး။ ‘ဘိုးဘေးနတ်ဘုရား မိုးကြိုးရေကန်’ ကတော့ တကယ့် ကို နှမြောစရာပဲ။ ဒါကို ဖန်တီးဖို့အတွက် ဂိုဏ်းဒါဇင်ပေါင်းများစွာက ကာကွယ်ရေး ရတနာတွေကို ငါတို့ ရယူခဲ့ရတာ၊ အခုတော့ အလွယ်တကူ ပျက်စီးသွားပြီ။” ယွန်ယင်ကျိ က ဒေါသတကြီး ကြိတ်မိတ်၍ ပြောလိုက်ပါသည်။
“ကံကောင်းတာက ငါတို့မှာ အသင့်ပြင်ထားတာ ရှိတယ်။ ငါတို့ရဲ့ ကိုယ်ပိုင်ရတနာတွေကိုပဲ သုံးရတော့မှာပေါ့။ ဒါပေမဲ့ ဒီမိုးကြိုးရေကန် ပျက်စီးသွားတာဟာ ဒီလျှို့ဝှက်ဆန်းပြားတဲ့ သခင်လေးရှူနဲ့ မိတ်ဆွေဖြစ်ဖို့အတွက် အများကြီး အကျိုးရှိသွားတာပဲ။” တန်ဟိုင်လုံက နတ်ဘုရားဘိုးဘေးတောင်၏ အလယ်ဗဟိုချက်မှ ပြောလိုက်ပါသည်။
“ဟုတ်တယ်၊ မိုးကြိုးရေကန် ပျက်စီးသွားတာက ကံကောင်းခြင်း တစ်ခုပဲ။” တာအိုဘိုးဘေး သုံးဦးမှာ တစ်ပြိုင်နက် ဟစ်ကြွေးလိုက်ကြပြီး သူတို့၏ မှော်ရတနာများဖြင့် ဟုန်ယွိကို တိုက်ခိုက်ကြလေတော့သည်။
“အချိန်ကိုက်ပဲ”
သူသည် ပျက်သုဉ်းခြင်းနတ်ဘုရားကို ရိုက်ထုတ်လိုက်ပြီး သခင်လေးရှူကိုလည်း နောက်သို့ ဆုတ်သွားစေခဲ့ပါသည်။ တာအိုဘိုးဘေး သုံးဦး၏ မှော်ရတနာများ ရောက်လာသည့်အခါ ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားလျက် တောက်ပသွားပါသည်။ ရုတ်တရက် သူသည် လက်သည်းဖြင့် ဆွဲကုပ်လိုက်ရာ မှော်ရတနာများကြားရှိ ဟာကွက်များကို ဖြတ်ကျော် သွားလေသည်။ သူသည် ရတနာများ၏ အလင်းတန်းများကို ပြင်းထန်စွာ ဆုတ်ဖြဲလိုက်ပြီး တာအိုဘိုးဘေး သုံးဦး၏ ခန္ဓာကိုယ်များကို ထိတွေ့လိုက်ပါသည်။
တာအိုဘိုးဘေး သုံးဦး၏ မှော်ရတနာများအနက် ချန်ရှင်းကျိ၏ မှော်ရတနာမှာ ‘ကြယ်မြေပုံ’ ဖြစ်သည်။ လျန်ယွန်ကျိမှာမူ ‘တိမ်တိုက်ရေလှိုင်း အမျက်ဒေါသဓား’ ဖြစ်ပြီး သူ၏ ‘တိမ်တိုက်ရေလှိုင်း အမျက်ဒေါသ စွမ်းအင်’ နှင့် ပေါင်းစပ်လိုက်သည့်အခါ သူ အလိုရှိ သူတိုင်းကို သတ်ဖြတ်နိုင်လေသည်။ ယွန်ယင်ကျိ၌မူ လေထဲတွင် လွင့်မျောနေသော စောင်းတစ်လက် ရှိပါသည်။ စောင်းကြိုးများကို သူမ၏ စွမ်းအင်များဖြင့် အဆက်မပြတ် တီးခတ်နေသဖြင့် ဂယက်လှိုင်းများနှင့် ဂီတသင်္ကေတများစွာ ထွက်ပေါ်နေလေသည်။
ဤသည်မှာ ယွန်ယင်ကျိ၏ ထူးခြားသော မှော်ရတနာ ‘သံစဉ်တစ်သောင်းစောင်း’ ပင် ဖြစ်လေသည်။
နတ်ဘုရားဘိုးဘေးတောင်၏ ကြီးမားသော ထောက်ပံ့မှုနှင့် တာအိုဘိုးဘေး သုံးဦး၏ နတ်ဘုရားစွမ်းရည်များကြောင့် ဤမှော်ရတနာ သုံးခုမှာ နယ်ပယ်တစ်ခုလုံးကို လွှမ်းမိုးထားနိုင်ရန် လုံလောက်ပါသည်။
သို့သော်လည်း ဟုန်ယွိ၏ လက်သည်းဖြင့် ရိုးရှင်းစွာ ဆွဲကုပ်လိုက်မှုက ကာကွယ်ရေး အားလုံးကို ဖြိုခွဲလိုက်ပြီး မှော်ရတနာများ၏ ကိုယ်ထည်ကို ထိမှန်သွားလေသည်။ ဖျက်ဆီး ခြင်း စွမ်းအားများ ပွင့်ထွက်လာပြီး မှော်ရတနာ သုံးခုစလုံးကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲ ပစ်ရန် ကြိုးစားနေလေသည်။
တာအိုဘိုးဘေး သုံးဦးမှာ သူတို့၏ စစ်မှန်သော စွမ်းအင်များ ပျက်စီးသွားပြီး မှော်ရတနာ များ တုန်ခါသွားသည်ကို မြင်သောအခါ အလွန်အမင်း တုန်လှုပ်သွားကြပါသည်။ ဟုန်ယွိမှာ ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။ သူတို့သည် အော်ဟစ် လိုက်ကြပြီး သူတို့၏ စိတ်ဝိညာဉ် အတွေးစများကို အသုံးပြုကာ ပြန်လည် တိုက်ခိုက်ကြ လေသည်။
“သူနဲ့ အချိန်ဖြုန်းမနေပါနဲ့၊ တာအိုဘိုးဘေးတို့... နတ်ဘုရားဘိုးဘေးတောင်ကို ဖွင့်ပေးပါ၊ ကျွန်တော် ဝင်ပါရစေ။ ကျွန်တော် ခင်ဗျားတို့ကို ကူညီပြီး တောင်တစ်ခုလုံးကို သူ့ဆီကနေ ဝေးရာကို ရွှေ့ပေးနိုင်ပါတယ်။”
သခင်လေးရှူက အကျယ်ကြီး အော်ပြောလိုက်ပြီး သူ၏လက်ထဲရှိ အချိန်ဓားမှာ စွမ်းအား များ ပေါက်ကွဲထွက်လာပါသည်။ မရေတွက်နိုင်သော အလင်းတန်းများမှာ ကောင်းကင်ယံ ၌ ပြည့်နှက်သွားပြီး ၎င်းမှာ ဥက္ကာခဲမိုး ရွာသွန်းနေသည်ထက် ဆယ်ဆမျှ ပိုမို အစွမ်းထက် နေလေသည်။ တစ်ချိန်တည်းမှာပင် ပျက်သုဉ်းခြင်းနတ်ဘုရားသည် သူ၏ ‘ကမ္ဘာဦးအစ အလင်းစွမ်းအင်’ ကို အသုံးပြုလိုက်ရာ စွမ်းအင်များမှာ ချာချာလည် လှည့်ပတ်နေသော ဂျင်တစ်ခုသဖွယ် ဖြစ်ပေါ်လာပြီး ပြင်းထန်သော လက်သီးချက်ကို ပစ်လွှတ်လိုက်လေ သည်။
“ဒီသခင်လေးရှူက တကယ်ကို ကိုင်တွယ်ရခက်တဲ့လူပဲ၊ တကယ်လို့ ငါ ဒီနေ့ တာအို ဘိုးဘေးသုံးပါးနဲ့ နတ်ဘုရားဘိုးဘေးတောင်ကို မချေမှုန်းနိုင်ဘူးဆိုရင် သူတို့ သတိထားနေ ချိန်မှာဆို အခြေအနေတွေက ပိုခက်ခဲကုန်လိမ့်မယ်။” ဟုန်ယွိက မျက်မှောင်ကြုတ်လိုက်ပါ သည်။
သူ ယခုအချိန်အထိ ထွက်မသွားရသေးခြင်းမှာ သခင်လေးရှူနှင့် တာအိုဘိုးဘေး သုံးဦးတို့ ပူးပေါင်းသွားပြီး အလွန်အမင်း သန်မာလာမည်ကို စိုးရိမ်သောကြောင့် ဖြစ်လေသည်။
တာအိုဘိုးဘေး သုံးဦးမှာ အချိန်မရွေး ‘ဖန်ဆင်းရှင်’ များ ဖြစ်လာနိုင်ပါသည်။
“ထွက်ပြေးရအောင်”
သခင်လေးရှူနှင့် ပျက်သုဉ်းခြင်းနတ်ဘုရားတို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် ဟုန်ယွိသည် ထိပ်တိုက် မရင်ဆိုင်တော့ဘဲ နောက်တစ်ကြိမ် ထွက်ပြေးလိုက်ပါသည်။
ထိုခဏမှာပင် သခင်လေးရှူ၏ စကားများမှာ အမှန်တကယ်ပင် ထိရောက်သွားလေသည်။ နတ်ဘုရားဘိုးဘေးတောင်ပေါ်ရှိ စစ်မှန်သော စွမ်းအင်များမှာ ပြင်းထန်စွာ လှည့်ပတ်လာ ပြီး သခင်လေးရှူအထဲသို့ ဝင်နိုင်ရန်အတွက် အလင်းတန်းတစ်ခု ပစ်လွှတ်ပေးလိုက်လေ သည်။
သခင်လေးရှူက ခေါင်းညိတ်ပြလိုက်ပြီး နောက်တစ်ကြိမ် လှုပ်ရှားလိုက်ပါသည်။ “ပျက်သုဉ်းခြင်းနတ်ဘုရား အစောင့်အရှောက်”
ပျက်သုဉ်းခြင်းနတ်ဘုရားမှာ ချက်ချင်းပင် အရပ်မျက်နှာ အနှံ့သို့ ပျံသန်းသွားပါသည်။ သူ၏ အစောင့်အရှောက်အောက်တွင် သခင်လေးရှူသည် အလင်းတန်းအတွင်းသို့ ပျံဝင်သွားပြီး နတ်ဘုရားဘိုးဘေးတောင်အတွင်းသို့ ဝင်ရောက်ရန် အဆင်သင့် ဖြစ်နေလေသည်။
သို့သော် ထိုအရေးကြီးသော အချိန်တွင်... ဝူး...
ဟုန်ယွိသည် ထိုအလင်းတန်းအတွင်း၌ ရုတ်တရက် ပေါ်လာပါသည်။ သူ၏ အတိုင်းအဆ မဲ့ အစစ်မှန် စွမ်းအင်များသည် နတ်ဘုရားဘိုးဘေးတောင်၏ ဗဟိုချက်ဆီသို့ ပစ်လွှတ် လိုက်ပြီး တာအိုဘိုးဘေးသုံးဦး၏ စိတ်ဝိညာဉ် အတွေးစများကို တိုက်ခိုက်လိုက်လေသည်။
“ဝိညာဉ်အရိပ်ထင်ဟပ်ခြင်း၊ စိတ်ဝိညာဉ် မုန်တိုင်း၊ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၊ နတ်ဘုရားဘိုးဘေးတောင်ဆီ ဆင်းသက်စေ။”
ဟုန်ယွိသည် အခွင့်အရေးကို အသုံးချကာ ‘အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်’ ၏ အစွမ်းထက်ဆုံးသော မိစ္ဆာပညာများဖြစ်သည့် ‘ဝိညာဉ် အရိပ်ထင်ဟပ်ခြင်း’ နှင့် ‘စိတ်ဝိညာဉ် မုန်တိုင်း’ တို့ကို အသုံးပြုလိုက်ပါသည်။
“မကောင်းတော့ဘူး၊ ဟုန်ယွိက ဒီဟာကွက်ကို အသုံးချသွားလိမ့်မယ်လို့ မထင်ထားဘူး၊”
နတ်ဘုရားဘိုးဘေးတောင်၏ အနက်ရှိုင်းဆုံးနေရာတွင် တာအိုဘိုးဘေး သုံးဦးမှာ သူတို့၏ မှော်စွမ်းအားများကို လှည့်ပတ်နေကြစဉ် ရုတ်တရက် သူတို့ရှေ့တွင် ပြင်းထန်သော အရှိန်အဝါတစ်ခု ပေါ်လာလေသည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ ကိုယ်ထည်သည်လည်း သူတို့ရှေ့၌ မတ်တတ်ရပ်လျက် ပေါ်လာလေသည်။
“ခင်ဗျားတို့ အလှည့်စား ခံလိုက်ရပြီ။ ဒီသခင်လေးရှူက လူကောင်း မဟုတ်ဘူး။ ခင်ဗျား တို့သာ လမ်းကြောင်းပြီး ဒီဟာကွက် ထုတ်မပြခဲ့ရင် ကျုပ် ဘယ်လိုလုပ် အထဲဝင်လာနိုင်မှာ လဲ” ဟုန်ယွိသည် ပေါ်လာသည်နှင့် တဟားဟား ရယ်မောလိုက်ပါသည်။ သူသည် ရပ်တန့် မနေဘဲ လက်သီးသုံးချက်ကို တိုက်ရိုက် ပစ်လွှတ်လိုက်လေသည်။
“ကမ္ဘာဦးလက်၊ ဆိတ်သုဉ်းခြင်းလက်သီး၊ ပျက်သုဉ်းခြင်းလက်သီး၊ ပျက်သုံးခြင်းသုံးမျိုးနှင့် အရပ်မျက်နှာ ခြောက်ခု။”
ပြင်းထန်လှသော လက်သီးချက် သုံးချက်မှာ လေပြင်းမုန်တိုင်းသဖွယ် ဖြစ်ပေါ်လာပြီး တာအိုဘိုးဘေးသုံးဦးစလုံး၏ စိတ်အာရုံများကို ဖုံးလွှမ်းသွားသည်။
ဤအခိုက်အတန့်တွင် ဟုန်ယွိ၏ ပုံစံမှာ သူတော်စင်ပေါင်းစုံ ခန်းမအတွင်းသို့ ဆင်းသက် လာသော ‘အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်’ နှင့်ပင် တူနေလေသည်။ သူသည် ‘ဝိညာဉ်အရိပ်ထင်ဟပ်ခြင်း’ ‘စိတ်ဝိညာဉ် မုန်တိုင်း’ မိစ္ဆာပညာရပ်ကို ၉၀ ရာခိုင်နှုန်းခန့် အထိ အတုယူ ဖန်တီးနိုင်ခဲ့ပြီ ဖြစ်လေသည်။
တာအိုဘိုးဘေး သုံးဦးမှာ ချက်ချင်းပင် မတ်တတ်ရပ်လိုက်ကြပြီး သူတို့၏ အစွမ်းထက်ဆုံး သော ပညာရပ်များဖြင့် ပြန်လည် ခုခံကြလေသည်။
“တိမ်တိုက်ရေလှိုင်း အမျက်ဒေါသ။”
လျန်ယွန်ကျိက ဟုန်ယွိကို စတင် တိုက်ခိုက်လိုက်ပါသည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ လုံးဝိုင်းသွားအောင် ကျုံ့လိုက်ပြီး "ထိုက်ယင် ပုံရိပ်ဖျောက်ခြင်း" နှင့် "အရပ်ရှစ်မျက်နှာ လွတ်မြောက်ခြင်း" ပညာရပ်များကို သုံးကာ ချက်ချင်းပင် ကိုယ်ယောင် ဖျောက်လိုက်လေသည်။
“နောက်ကျသွားပြီ”
ဟုန်ယွိ ယခုလေးတင် ထုတ်ဖော်လိုက်သော ‘စိတ်ဝိညာဉ် မုန်တိုင်း’ မှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူသည် ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်ကို ထပ်မံ အသုံးပြုလိုက် ပါသည်။ ချက်ချင်းပင် ခန်းမဆောင်ကြီး၏ ဗဟိုချက်မတစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်သွားပြီး ဘာမျှ မတွေ့ရတော့ပေ။
“သခင်လေးရှူ... သတိထား။”
ဤအချိန်တွင် ‘ချန်ရှင်းကျိ’၊ ‘လျန်ယွန်ကျိ’ နှင့် ‘ယွန်ယင်ကျိ’ တို့ အားလုံးမှာ ယခုလေးတင် ပျံဝင်လာသော သခင်လေးရှူဆီသို့ ဦးတည်သွားနေသည့် ဟုန်ယွိ၏ ကြီးမားသော စွမ်းအား များကို ခံစားလိုက်ရပါသည်။
"ခင်ဗျားတို့ကိုယ်တိုင်ပဲ သတိထားကြပါ။ ဒါက အရှေ့ကို လှည့်စားပြီး အနောက်ကို တိုက်တာပဲ။ ငါတို့ သူ့ကို ဒီအိုးထဲမှာပဲ ပိတ်ဖမ်းမယ်။”
သခင်လေးရှူမှာ အရာအားလုံးကို သူ၏မျက်လုံးဖြင့် မြင်နေရသည့်အလား ရှိနေပါသည်။ သူသည် သတိမထားရုံသာမက အကျယ်ကြီး အော်ပြောလိုက်ပြီး သူ၏ ပြင်းထန်သော စိတ်ဆန္ဒများကို နတ်ဘုရားဘိုးဘေးတောင်အတွင်းသို့ တိုက်ရိုက် ပို့လွှတ်ကာ တာအို ဘိုးဘေးသုံးဦးကို အသိပေးလိုက်လေသည်။
ဝူး... ဝူး... ဝူး
တာအိုဘိုးဘေး သုံးဦးမှာ ဟာလာဟင်းလင်း ဖြစ်နေသော ဓားစွမ်းအင်များမှာ ရုတ်တရက် ပိုမိုပြင်းထန်စွာ ပြန်လည် ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရပါသည်။ ဟုန်ယွိမှာ သခင်လေးရှူကို သတ်ရန် သွားခြင်းမဟုတ်ဘဲ အာရုံလွှဲခြင်းသာ ဖြစ်ကြောင်း ထင်ရှားသွား လေသည်။ သူသည် ကိုယ်ရောင်ဖျောက်လိုက်ပြီး ‘ဝိညာဉ်အရိပ်ထင်ဟပ်ခြင်း’ ကို အသုံးပြု ကာ တာအိုဘိုးဘေးသုံးဦး၏ စိတ်အာရုံများကို ထွေပြားအောင် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်လေသည်။
တာအိုဘိုးဘေး သုံးဦးမှာ ‘ဖန်ဆင်းရှင်’ အဆင့်နှင့် အဆင့်တူ စွမ်းအားများ ရှိကြသော်လည်း ဖန်ဆင်းရှင်တစ်ဦး၏ စိတ်ဓာတ်ကြံ့ခိုင်မူမျိုးတော့ မရှိကြသေးပေ။ သူတို့ အာရုံပျံ့လွင့်သွား သည့် ခဏမှာပင် ဟုန်ယွိသည် သူ၏ အပြင်းထန်ဆုံးသော တိုက်ကွက်ကို ထုတ်ဖော်လိုက် ပါပြီ။
“ယွန်ယင်ကျိ... သတိထား!”
ရှင်းချန်ကျိသည် သူ၏စိတ်ကို အလျင်အမြန် စုစည်းကာ ဟုန်ယွိ၏ ဓားစွမ်းအင်ကို တားဆီး လိုက်သော်လည်း ဟုန်ယွိ၏ ဓားစွမ်းအင်မှာ သန်မာမှု မရှိဘဲ ချက်ချင်းပင် ကျိုးပျက်သွား သည်ကို တွေ့လိုက်ရပါသည်။ တစ်ချိန်တည်းမှာပင် သူသည် ယွန်ယင်ကျိဆီသို့ ပျံသန်း သွားသည့် ပြင်းထန်သော ရွှေရောင် ‘ပါရမီတံတား’ကို မြင်လိုက်ရလေသည်။
တာအိုဘိုးဘေး သုံးဦးထဲတွင် ရှင်းချန်ကျိမှာ အသန်မာဆုံးဖြစ်ပြီး ယွန်ယင်ကျိမှာ အားအနည်းဆုံး ဖြစ်သည်။ ဟုန်ယွိသည် စွန့်စားကာ အထဲဝင်လာခဲ့ခြင်းဖြစ်ရာ သူ၏ ပထမဆုံး ပစ်မှတ်မှာ ယွန်ယင်ကျိ ဖြစ်မည်မှာ သဘာဝပင်။
“တာအိုဘိုးဘေး ရှင်းချန်ကျိ... ခင်ဗျားကိုယ်ခင်ဗျားပဲ သတိထားသင့်တာပါ။”
ဤအချိန်တွင် သခင်လေးရှူ၏ စိတ်ဆန္ဒမှာ ထပ်မံ ရောက်ရှိလာသော်လည်း နောက်ကျ သွားခဲ့ပါပြီ။ ရှင်းချန်ကျိသည် ယွန်ယင်ကျိ၏ ခန္ဓာကိုယ်ဆီသို့ အာရုံစိုက်လိုက်သည့် ခဏမှာပင် သူ၏ရှေ့တွင် ပျောက်ကွယ်သွားသော ဓားစွမ်းအင်မှာ မကြုံစဖူး ထက်ရှလာ သည်ကို ရုတ်တရက် ခံစားလိုက်ရပါသည်။
ရွှေရောင် ပါရမီတံတားကြီးမှာ သူ့ကို လုံးဝ ဖုံးလွှမ်းသွားလေတော့သည်။
“မဟာကြယ် အစီအရင်။” ဤကဲ့သို့ အလွန်အမင်း အန္တရာယ်ကြီးမားသော အချိန်တွင် ရှင်းချန်ကျိသည် သူ၏တာအိုပညာရပ်ကို ထပ်မံ အသုံးပြုလိုက်ပါသည်။ သို့သော် ထိုခဏ မှာပင် ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ သူ၏ဘေးတွင် ပေါ်လာပြီး ရွှေရောင်တံတားကြီးက သူ့ကို ဝန်းရံသွားလေသည်။
“မြေ၊ ရေ၊ မီး၊ လေ... ချိပ်ပိတ်စေ။”
ဖြောက်... ရွှေရောင် ပါရမီတံတားမှာ သူ့ကို လုံးဝ ဖုံးလွှမ်းသွားပြီးနောက် ရုတ်တရက် တုန်ခါသွားကာ အပြင်သို့ ပြေးထွက်သွားလေသည်။ နောက်တစ်စက္ကန့်တွင် ဟုန်ယွိသည် နတ်ဘုရားဘိုးဘေးတောင်၏ အပြင်ဘက်သို့ ရောက်ရှိသွားပါပြီ။
ဟုန်ယွိသည် နတ်ဘုရားဘိုးဘေးတောင်အတွင်းသို့ ပြေးဝင်ကာ သူ၏ ‘ဝိညာဉ်အရိပ် ထင်ဟပ်ခြင်း’ ဖြင့် လူအာရုံလွှဲခဲ့ခြင်း ဖြစ်လေသည်။ သူသည် တစ်ချက်တည်းဖြင့် အောင်မြင်သွားခဲ့ပြီး ရှင်းချန်ကျိကို အရှင်လတ်လတ် ဖမ်းဆီးကာ ချိပ်ပိတ်နိုင်ခဲ့ပါပြီ။ ထိုသူမှာ တန်ဟိုင်လုံ၏ ဆရာလည်း ဖြစ်လေသည်။
ရှင်းချန်ကျိသည် ရွှေရောင် ပါရမီတံတားအတွင်းမှ အပြင်းအထန် ရုန်းကန်နေသော်လည်း ချိပ်ပိတ်မှုကို မဖြိုခွဲနိုင်ခဲ့ပေ။
ကျန်ရှိနေသော တာအိုဘိုးဘေး နှစ်ဦး သတိဝင်လာသည့် အချိန်တွင် ဟုန်ယွိမှာ အဝေးသို့ ပျံထွက်သွားလေပြီ။