← Chapters

အခန်း (၆၃၉-၆၄၀)

Vol. 61 Ch. 639-640

အခန်း (၆၃၉-၆၄၀)

Vol. 61 Ch. 639-640

အခန်း (၆၃၉)။

“ရှင်းချန်ကျိ... ခင်ဗျားက ကျုပ်ရဲ့ ချိပ်ပိတ်မှုကနေ ရုန်းထွက်နိုင်မယ်လို့ ထင်နေတာလား။ အိပ်မက်ယောင်မနေစမ်းနဲ့။ ခင်ဗျားက ‘ဖန်ဆင်းရှင်’ အဆင့်အထိ ကျင့်ကြံနိုင်သေးတာ မဟုတ်ဘူး။ တကယ်လို့ ခင်ဗျားက ဖန်ဆင်းရှင်တစ်ပါး ဆိုရင်တော့ ကျုပ်လည်း ခင်ဗျားကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ အမှားအယွင်း အနည်းငယ်ဆိုတာ ဘာကို ဆိုလိုလဲ ခင်ဗျား ခုထိ နားမလည်သေးဘူး ထင်တယ်။ ဒီနေ့တော့ ကျုပ် ခင်ဗျားကို နိုးကြားသွားအောင် လုပ်ပေးရတာပေါ့။”

ဟင်းလင်းပြင်၏ လေထုလှိုင်းများကြားတွင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားလေသည်။

၎င်းမှာ ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်ကို အသုံးပြု၍ မြောက်ပိုင်းပင်လယ်မှ ထွက်ခွာ လာသော ဟုန်ယွိပင် ဖြစ်ပါသည်။

ဤတစ်ကြိမ် မြောက်ဘက်ပင်လယ် ခရီးစဉ်တွင် ဟောကိန်းထုတ်ရာ၌ "မြေနှင့်ရေ ပေါင်းစည်းခြင်း" (ရှီဟေက်စ်ဇာဂရမ်နိမိတ်) ထွက်ပေါ်ခဲ့ပြီး အမှန်တကယ်ပင် ဤခရီးစဉ် မှာ အောင်မြင်ခဲ့သည်။ သူသည် သခင်လေးရှူ၏ အကွက်ချမှု အကြံစည်မူကို ဖျက်ဆီး နိုင်ခဲ့ရုံသာမက ‘နတ်ဘုရားဘိုးဘေး မိုးကြိုးရေကန်’ ပေါက်ကွဲမှုကို အသုံးချကာ အင်မော်တယ် ကျောက်စာတိုင်ကိုလည်း သန့်စင်နိုင်ခဲ့ပါသည်။ ထို့ထက် ပို၍အရေးကြီး သည်မှာ သခင်လေးရှူကို အခွင့်ကောင်းယူကာ နတ်ဘုရားဘိုးဘေးတောင်အတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ရှင်းချန်ကျိကို ချိပ်ပိတ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ သူသည် တာအို ဘိုးဘေးတစ်ဦးကို အရှင်လတ်လတ် ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်သည်။

အကယ်၍ သခင်လေးရှူက နတ်ဘုရားဘိုးဘေးတောင်ကို ဖွင့်ရန် အော်ဟစ်တောင်းဆို ခြင်း မပြုခဲ့ပါက ဟုန်ယွိအနေဖြင့် အထဲသို့ဝင်ကာ လူအာရုံလွှဲပြီး အခွင့်အရေးကို ရယူနိုင်မည် မဟုတ်ပေ။

နတ်ဘုရားဘိုးဘေးတောင်၏ ကာကွယ်ရေးစနစ်မှာ ယခုအခါ အပြည့်အဝ အလုပ်လုပ်နေ ပြီး အစီအရင်ပေါင်း ရာနှင့်ချီ၍ တစ်ခုပေါ်တစ်ခု ထပ်နေလေသည်။ သူသာ အတင်းအကျပ် ထိုးဖောက်ဝင်ရောက်ခြင်း မပြုပါက အောင်မြင်ရန် လမ်းစမရှိပေ။

အမှန်စင်စစ် ဟုန်ယွိအနေဖြင့် နတ်ဘုရားဘိုးဘေးတောင်အတွင်းသို့ ဝင်ရောက်ခြင်းမှာ အလွန်အန္တရာယ်ကြီးသော လောင်းကြေးတစ်ခု ဖြစ်ခဲ့ပါသည်။ သို့သော် ‘မစွန့်စားလျှင် မရနိုင်’ ဟူသော စကားအတိုင်း သူသည် ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်၊ ‘စိတ်ဝိညာဉ် မုန်တိုင်း’ နှင့် ဝိညာဉ်အရိပ်ထင်ဟပ်ခြင်းတို့ကို ပါးနပ်စွာ အသုံးပြုကာ နောက်ဆုံးတွင် အောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ်လေသည်။

ရှင်းချန်ကျိ ဖမ်းဆီးခံလိုက်ရခြင်းမှာ ယွန်ယင်ကျိနှင့် လျန်ယွန်ကျိတို့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်သွားပါသည်။

တာအိုဘိုးဘေး သုံးဦး ပူးပေါင်းခြင်း မရှိသရွေ့ ယွန်ယင်ကျိနှင့် လျန်ယွန်ကျိတို့သည် နောင်တွင် ‘ဖန်ဆင်းရှင်’ များ ဖြစ်လာကြဦးတော့ သူတို့ကို ကိုင်တွယ်ရန် မခက်ခဲတော့ပေ။ ထို့ပြင် ယခုတစ်ကြိမ် ရရှိလိုက်သော ပြင်းထန်သော ဒဏ်ချက်မှာ သူတို့၏ စိတ်နှလုံးထဲ တွင် ကြောက်မက်ဖွယ်ကောင်းသော အရိပ်တစ်ခုအဖြစ် ကျန်ရှိနေတော့မည် ဖြစ်သည်။ မိုးကြိုးဒဏ် ဖြတ်ကျော်သည့် အချိန်တွင်လည်း သူတို့သည် ဟုန်ယွိ၏ ချောင်းမြောင်း တိုက်ခိုက်မှုကို အမြဲတစေ သတိထားနေရမည် ဖြစ်ရာ ၎င်းမှာ မိုးကြိုးကပ်ဘေးကို ကျော်လွှားနိုင်ရန်အတွက် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ အဟန့်အတားတစ်ခု ဖြစ်လာပါ လိမ့်မည်။

အကယ်၍ သူတို့သည် ထိုသို့သော စိတ်ဒဏ်ရာဖြင့် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်မည်ဆို ပါက မိုးကြိုးထိမှန်၍ သေဆုံးသွားနိုင်ခြေမှာ အလွန်မြင့်မားလှပါသည်။

“ဟုန်ယွိ၊ မင်း ငါ့ကို သန့်စင်ချင်တာလား။ အိပ်မက်တောင် မမက်နဲ့။”

ပါရမီတံတား၏ ဝန်းရံခြင်းကို ခံထားရသော ရှင်းချန်ကျိက စူးရှစွာ အော်ဟစ်လိုက်ပါသည်။ သူသည် သူ၏ မှော်စွမ်းအားများကို အဆက်မပြတ် ထုတ်ဖော်နေသော်လည်း ရွှေရောင် ပါရမီတံတား၏ ပြင်းထန်သော စိတ်ဆန္ဒကို မဖြိုခွဲနိုင်သေးပေ။

ပါရမီတံတားကို ‘ကောင်းကင်ဘုံဖခင်’ ခေါင်းဆောင်ကြီး၏ ရွှေရောင်အင်မော်တယ် ဝိညာဉ်ပင်လျှင် ၎င်းကို မခုခံနိုင်ခဲ့ပါက ရှင်းချန်ကျိအနေဖြင့် ပို၍ပင် မဖြစ်နိုင်တော့ပေ။

“အခု ခင်ဗျားက ကျုပ်ရဲ့ ‘သူတော်စင်ပေါင်းစုံ ခန်းမဆောင်’ ထဲ ရောက်နေပြီ၊ နတ်ဘုရား ဘိုးဘေးတောင်နဲ့လည်း ဝေးသွားပြီဆိုတော့... ခင်ဗျားမှာ တခြား ဘယ်လို စွမ်းအားအရင်း အမြစ်မျိုး ကျန်သေးလို့လဲ” ဟုန်ယွိက လုံးဝ လျစ်လျူရှုကာ ပြောလိုက်ပါသည်။

“မင်း... မင်း ငါ့ကို ဘာလုပ်ဖို့ ကြံနေတာလဲ”

ရုတ်တရက် ရှင်းချန်ကျိမှာ တည်ငြိမ်သွားပါသည်။ သူ၏ စွမ်းအားများမှာလည်း လှုပ်ခတ် ခြင်း မရှိတော့ဘဲ တစ်စုံတစ်ခုကို ပြင်ဆင်နေသည့်အလား ရှိနေလေသည်။

“ဘာမှ မဟုတ်ပါဘူး။ ခင်ဗျား ဒီလောက်နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရတာ မလွယ်ဘူးဆို တာ ကျုပ် သိပါတယ်။ ကျုပ် မင်းရဲ့ စိတ်ဝိညာဉ်ကိုလည်း မသန့်စင်ဘူး၊ ခင်ဗျားကိုလည်း မသတ်ဘူး။ အဲဒီအစား ခင်ဗျားရဲ့မှတ်ဉာဏ်တွေနဲ့ နတ်ဘုရားစွမ်းအားတွေကို ချိပ်ပိတ်ပြီး လူပြန်ဝင်စားခွင့် ပေးမယ်။ ပြီးရင် ကျုပ်ရဲ့ ကျိုးယွိအကယ်ဒမီထဲမှာ လူသစ်စိတ်သစ်နဲ့ ပြန်လည် မွေးဖွားစေပြီး မှန်ကန်တဲ့ ရလဒ်မျိုးကို ရရှိစေရမယ်။” ဟုန်ယွိက သူ၏ မူလ ရည်ရွယ်ချက်ကို မပြောင်းလဲဘဲ ပြောလိုက်သည်။ “ဒါက ခင်ဗျားရဲ့ တစ်ခုတည်းသော ရွေးချယ်ခွင့်ပဲ၊ ဒါမှမဟုတ် ခင်ဗျားမှာ ရွေးချယ်ခွင့် လုံးဝ မရှိဘူးလို့ ပြောရမှာပေါ့။ ခင်ဗျားကို ကျုပ် ချိပ်ပိတ်လိုက်ပြီဆိုတော့ ခင်ဗျား သေချင်ရင်တောင် သေဖို့ ခက်လိမ့်မယ်။ ခင်ဗျားရဲ့ စွမ်းအင်တွေကို အလဟဿ မဖြုန်းတီးပါနဲ့တော့။ ခင်ဗျားရဲ့ စိတ်ဝိညာဉ်ကို ဖောက်ခွဲပြီး သေကြောင်းကြံချင်တာလား။ ‘နတ်ဘုရားဘိုးဘေး မိုးကြိုးရေကန်’ တောင် ပေါက်ကွဲသွားရတာပဲ၊ ခင်ဗျား ဘယ်လို သဘောရလဲ။”

ချိပ်ပိတ်မှုအတွင်း၌ ရှင်းချန်ကျိသည် အတူတကွ ပျက်သုဉ်းလိုသည့် အရှိန်အဝါမျိုး ထုတ်ဖော်နေသော်လည်း ဟုန်ယွိ၏ စကားများကြောင့် သူ၏ အတွေးများမှာ ပျောက်ကွယ် သွားပြီး သူ၏ စိတ်ဝိညာဉ် လှည့်ပတ်မှုမှာလည်း နှေးကွေးသွားလေသည်။

အမှန်စင်စစ် ‘နတ်ဘုရားဘိုးဘေး မိုးကြိုးရေကန်’ ပေါက်ကွဲမှုပင်လျှင် ဟုန်ယွိကို မည်သို့မျှ မလုပ်နိုင်ခဲ့ပါက ဖန်ဆင်းရှင်အဆင့် မဟုတ်သော သူ၏ စိတ်ဝိညာဉ်ဖောက်ခွဲမှုမှာ ပို၍ပင် မဖြစ်နိုင်ပေ။

သို့သော်လည်း ရှင်းချန်ကျိက အတင်းအကျပ် ဖောက်ခွဲလိုလျှင်ပင် ဟုန်ယွိက သူ့ကို တားဆီးရန် အပြည့်အဝ စွမ်းဆောင်နိုင်ပါသည်။ သူသည် အချိန်နှင့် ဟင်းလင်းပြင်၏ စွမ်းအားကို အသုံးပြုကာ ရှင်းချန်ကျိ၏ အတွေးများကို အေးခဲစေနိုင်သလို၊ ‘စိတ်ဝိညာဉ် မုန်တိုင်း’ ကို အသုံးပြု၍လည်း သူ၏ အတွေးများကို ရှုပ်ထွေးသွားစေနိုင်ပါသည်။

အတိုချုပ်ပြောရလျှင် ဟုန်ယွိ၏ ‘သူတော်စင်ပေါင်းစုံ ခန်းမဆောင်’ အတွင်း၌ ပိတ်လှောင် ခံလိုက်ရသူမှာ ဖန်ဆင်းရှင်အဆင့် မဟုတ်ပါက သေချင်လျှင်တောင် သေရန် ခက်ခဲပါလိမ့် မည်။ အကယ်၍ ‘သူတော်စင်ပေါင်းစုံ ခန်းမဆောင်’ ၌ ထိုကဲ့သို့သော အစွမ်းမျိုး မရှိပါက ၎င်းကို ‘အထွတ်အထိပ် လက်နက်သုံးပါး၏ ဘုရင်’ ဟု မည်သို့ ခေါ်ဆိုနိုင်ပါမည်နည်း။

“ဟွန်း၊ မင်းရဲ့ အကွက်က အောင်မြင်မယ်လို့ ထင်နေတာလား။ မဖြစ်နိုင်တာ။”

ရှင်းချန်ကျိသည် စိတ်ဝိညာဉ် ဖောက်ခွဲရန် ရည်ရွယ်ချက်ကို စွန့်လွှတ်လိုက်သော်လည်း သူ၏ ပတ်ဝန်းကျင်ရှိ မူလစွမ်းအင်များမှာ ခမ်းနားစွာ တုန်ခါနေဆဲ ဖြစ်ပါသည်။ လှိုင်းလုံး များအလား တစ်ခုပြီးတစ်ခု ချိပ်ပိတ်မှုကို ရေလွှမ်းမိုးမှုကဲ့သို့ တိုက်ခိုက်နေလေသည်။

ရှင်းချန်ကျိက ချိပ်ပိတ်မှုကို တိုက်ခိုက်နေစဉ်မှာပင် ဟုန်ယွိသည် ကျောက်စိမ်းမြို့တော်ရှိ ကျိုးယွိအကယ်ဒမီသို့ ပြန်လည် ရောက်ရှိသွားပါပြီ။

ကျန်ရှိနေသော တာအိုဘိုးဘေး နှစ်ဦး၊ သခင်လေးရှူနှင့် ပျက်သုဉ်းခြင်းနတ်ဘုရားတို့မှာ သူ့နောက်သို့ လိုက်မလာကြပေ။ အမှန်စင်စစ် ဟုန်ယွိ၏ ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ် ရှေ့တွင် ယန်နတ်ဘုရားများမှလွဲ၍ ဤလောကတွင် မည်သူမျှ လိုက်မီနိုင်ခြင်း မရှိပေ။

ထို့ပြင် ဟုန်ယွိမှာ အလွန် ရက်စက်လှသဖြင့် သခင်လေးရှူပင်လျှင် သူ့နောက်သို့ လိုက်ရန် မဝံ့ရဲခဲ့ပေ။

မြောက်ပိုင်းပင်လယ်၏ ကောင်းကင်ယံတွင် သခင်လေးရှူ၊ ယွန်ယင်ကျိနှင့် လျန်ယွန်ကျိ တို့သည် တကယ်ပင် လိုက်မလာခဲ့ကြပေ။ နတ်ဘုရားဘိုးဘေးတောင်မှာ အစွမ်းထက် သော်လည်း မိုးကြိုးရေကန် မရှိတော့ပေ။ ၎င်း၏ ကာကွယ်ရေးမှာ ကြံ့ခိုင်သော်လည်း လိပ်ခွံကဲ့သို့ပင် ဖြစ်လေသည်။ ၎င်းမှာ အလွန် လေးလံလှပြီး ရွှေ့လျားရန် ခက်ခဲလှသဖြင့် ဟုန်ယွိကို လိုက်မီရန် မဖြစ်နိုင်ပေ။

နတ်ဘုရားဘိုးဘေးတောင် မပါဘဲ ဟုန်ယွိနောက်သို့ လိုက်သွားမည်ဆိုပါက ပြက်ရယ် ပြုစရာသာ ဖြစ်ပါလိမ့်မည်။

ယွန်ယင်ကျိနှင့် လျန်ယွန်ကျိတို့မှာလည်း ဤအချက်ကို ကောင်းစွာ သိရှိထားကြပါသည်။ သို့သော်လည်း တာအိုဘိုးဘေး နှစ်ဦး၏ စိတ်နှလုံးထဲတွင်မူ လောကကြီးတစ်ခုလုံး ပြောင်းပြန် လှန်ခံလိုက်ရသလို ခံစားနေရပါသည်။ အကြောင်းမှာ ‘ယုန်သေလျှင် မြေခွေး က ငိုကျွေးသည်’ ဟူသော စကားအတိုင်း သူတို့၏ အဖော်တစ်ဦး ဆုံးရှုံးသွားသောကြောင့် ဖြစ်လေသည်။

“ငါသာ လမ်းကြောင်းကို မဖွင့်ပေးခဲ့ရင် ရှင်းချန်ကျိ ဒီလို ရက်စက်တဲ့ အကွက်ထဲမှာ ကျရှုံးသွားမှာ မဟုတ်ဘူး။” ယွန်ယင်ကျိမှာ နောင်တများဖြင့် ပြည့်နှက်နေလေသည်။ ပြောနေရင်းမှာပင် သူမသည် သခင်လေးရှူကို လက်ညှိုးထိုးပြလိုက်ပါသည်။

ဤအချိန်တွင် သခင်လေးရှူသည်လည်း ပျက်သုဉ်းခြင်းနတ်ဘုရားကို ခေါ်ဆောင်ကာ နတ်ဘုရားဘိုးဘေးတောင်၏ ဗဟိုချက်သို့ ရောက်ရှိလာပြီး လျန်ယွန်ကျိ၊ ယွန်ယင်ကျိ တို့နှင့် တွေ့ဆုံလိုက်ပါသည်။

“ဟုန်ယွိရဲ့ တာအိုပညာရပ်တွေက အလွန်တရာ အစွမ်းထက်ပြီး သူပိုင်ဆိုင်တဲ့ မှော်ရတနာ တွေကလည်း အံ့ဩစရာပဲ။ ဒီလောက်ကြီးမားတဲ့ အရှုပ်အထွေးမျိုး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့မိဘူး။” သခင်လေးရှူ၏ အမူအရာမှာ အလွန် ညှိုးငယ်နေပါသည်။ ယွန်ယင်ကျိ၏ စကားကို ကြားရသည့်အခါ ပို၍ပင် ညှိုးငယ်သွားလေသည်။

“ဒါပေမဲ့ ကျွန်တော် တွက်ချက်ကြည့်ရသလောက်တော့ ဟုန်ယွိက တာအိုဘိုးဘေး ရှင်းချန်ကျိရဲ့ မှတ်ဉာဏ်တွေနဲ့ မှော်စွမ်းအားတွေကို ချိပ်ပိတ်ပြီး လူပြန်ဝင်စားစေကာ သူ့ရဲ့ တပည့်အဖြစ် ခံယူခိုင်းလိမ့်မယ်။ ဟုန်ယွိရဲ့ အခုရှိနေတဲ့ တာအိုပညာရပ်တွေအရ ရှင်းချန်ကျိကို သန့်စင်ပစ်တာက သူ့အတွက် အများကြီး အကျိုး မရှိနိုင်ဘူး။” သခင်လေးရှူ သည် ဟုန်ယွိနှင့် တာအိုဘိုးဘေး သုံးဦးတို့၏ စကားပြောခန်းကို ကြားခဲ့ရသူ ဖြစ်ရာ ဤအချက်ကို မည်သို့ တွက်ချက်၍ မရနိုင်ဘဲ ရှိပါမည်နည်း။ “ဒါကြောင့် ကျွန်တော်တို့မှာ အခွင့်အရေး ရှိပါသေးတယ်။ ဟုန်ယွိက မီးနဲ့ ကစားနေတာပဲ။”

“ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ကျွန်တော်လည်း အမှားအယွင်း အချို့ လုပ်ခဲ့မိပါတယ်။ ကျွန်တော် သာ မရှိခဲ့ရင် ဘိုးဘေး ရှင်းချန်ကျိဟာ ဒီလို ရက်စက်တဲ့ ထောင်ချောက်ထဲကို ကျဆင်းသွား မှာ မဟုတ်ဘူး။ ဒါကို အစားထိုးတဲ့အနေနဲ့ ကျွန်တော်က တာအိုဘိုးဘေး နှစ်ဦးအတွက် မိုးကြိုးရေကန် ပြန်လည် သန့်စင်ရာမှာ ကူညီဖို့ မှော်ရတနာ အချို့ကို ပေးအပ်ဖို့ ဆန္ဒရှိပါ တယ်။ ဒါ့အပြင် တာအိုဘိုးဘေး နှစ်ဦးစလုံး မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီး ‘ဖန်ဆင်းရှင်’ တွေ ဖြစ်လာအောင်လည်း ကျွန်တော် ကူညီပေးပါ့မယ်။” သခင်လေးရှူသည် ခဏမျှ စဉ်းစားပြီး သက်ပြင်းချလိုက်ပါသည်။ “ကျွန်တော့် ဘဝတစ်လျှောက်မှာ တစ်ခါမှ ရှုံးနိမ့်ခြင်း မရှိခဲ့ဘူး၊ ဒါပေမဲ့ ဤမဟာကမ္ဘာလောကကြီးထဲကို ရောက်လာတဲ့အခါ ဒီလောက်အထိ ဆုံးရှုံးမှုတွေ ကြုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

“အော်... ဒါဆို သခင်လေးရှူက ဤမဟာကမ္ဘာလောကကြီးက မဟုတ်ဘူးပေါ့” ယွန်ယင်ကျိသည် သခင်လေးရှူ၏ စကားကို ကြားသောအခါ မျက်လုံးများ လင်းလက်သွား ပါသည်။ ဤမဟာကမ္ဘာကြီးထဲတွင် သခင်လေးရှူကဲ့သို့သော ပညာရှင်မျိုး မရှိခဲ့သည်မှာ သေချာသလို၊ ပျက်သုဉ်းခြင်းနတ်ဘုရား ရုပ်ဆေးရုပ်၏ စွမ်းအားမျိုးမှာလည်း တစ်ခါမှ မကြားဖူးသောကြောင့် ဖြစ်လေသည်။

တာအိုဘိုးဘေး သုံးဦးမှာ လူအများ မဟုတ်ကြပေ။ သခင်လေးရှူအနေဖြင့် သူ မည်သူ မည်ဝါဖြစ်ကြောင်းကို သူတို့ဆီကရော၊ ထန်ဟိုင်လုံတို့ဆီကပါ ဖုံးကွယ်ထား၍ မရနိုင်တော့ ပေ။ သခင်လေးရှူကလည်း ဤအချက်ကို ကောင်းစွာ သိရှိထားသဖြင့် ဆက်လက်၍ မဖုံးကွယ်တော့ပေ။

“ကျွန်တော်က ကောင်းကင်အပြင်ပနယ်မြေရဲ့ ‘ဗဟိုကမ္ဘာ’ က လာတာပါ။ ဒါပေမဲ့ ကျွန်တော် ဘာကြောင့် ဒီကို ရောက်နေသလဲဆိုတာတော့... တာအိုဘိုးဘေးတို့၊ ညီအစ်ကို ထန်ဟိုင်လုံ၊ ဖန်းယွမ်နဲ့ လီဖေးယွိတို့အနေနဲ့ မမေးကြပါနဲ့တော့။ လူတိုင်းမှာ ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ ရှိကြတာပဲ။ ဒါပေမဲ့ တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောနိုင်ပါတယ်။ ဟုန်ယွိရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်လာရင်တော့ ကျွန်တော်တို့ အားလုံးက တစ်လှေတည်း စီး တစ်ခရီးတည်း သွားနေကြတာပါ။ ဒါ့အပြင် ကျွန်တော် ခင်ဗျားတို့ကို ဘယ်တော့မှ လှည့်ကွက်ဆင်မှာ မဟုတ်ဘူး။ ကျွန်တော် သခင်လေးရှူဆိုတာ တစ်သက်လုံး အဟန့်အတားမရှိ လျှောက်လှမ်းလာခဲ့သူပါ။ ကျွန်တော့်ရဲ့ စကားတစ်ခွန်းဟာ ရွှေသန်း ပေါင်းများစွာ တန်ပါတယ်။” သခင်လေးရှူသည် သူ၏လက်ထဲရှိ အနက်ရောင် ကျောက်စိမ်းရောင်အဆောင်ကို ပွတ်သပ်ရင်း ခိုင်မာပြတ်သားသော အသံဖြင့် ပြောလိုက်ပါ သည်။

“သခင်လေးရှူ ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ကို မိုးကြိုးရေကန် သန့်စင်ပေးမယ်၊ မိုးကြိုးကပ်ဘေး ဖြတ်ကျော်ဖို့ ကူညီပေးမယ်ဆိုတော့... အဲဒီအစား သခင်လေးရူက ဘာကို လိုချင်တာလဲ” ယွန်ယင်ကျိက မေးလိုက်ပါသည်။

“ဒါပေါ့၊ ကျွန်တော် ခင်ဗျားတို့နဲ့ ပူးပေါင်းပြီး ဟုန်ယွိဆီကနေ မှော်ရတနာတစ်ခုကို ပြန်လု ယူချင်ပါတယ်။ အဲဒီရတနာရဲ့ နာမည်က အင်မော်တယ် ကျောက်စာတိုင် လို့ ခေါ်ပါတယ်။ ဒါဟာ ကောင်းကင်အပြင်ပနယ်မြေကနေ ‘ဤမဟာကမ္ဘာလောကကြီး’ ဆီကို အလုံး အရင်းနဲ့ ဝင်ရောက်လာဖို့အတွက် အဓိကသော့ချက် မှော်ရတနာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒါဟာ ကမ္ဘာဦးကာလရဲ့ ပထမဆုံးသော ပုဂ္ဂိုလ်ကြီးဖြစ်တဲ့ ‘ဧကရာဇ်ချန်ရှန်း’ က ‘နတ်ဘုရားဘုရင် ငါးပါး’ ကို ချိပ်ပိတ်ဖို့အတွက် သန့်စင်ခဲ့တဲ့ အနှိုင်းမဲ့ ရတနာလည်း ဖြစ်ပါတယ်...”

သခင်လေးရှူသည် အင်မော်တယ် ကျောက်စာတိုင်နှင့် ပတ်သက်သော အကြောင်းအရာ များကို တစ်လုံးချင်း ရှင်းပြလိုက်ပါသည်။

“ဒီလိုကိုး၊ ဒီလိုလျှို့ဝှက်ချက်တွေ ရှိနေတာလား” ထန်ဟိုင်လုံ၊ ဖန်းယွမ်၊ လီဖေးယွိ၊ ယွန်ယင်ကျိနှင့် လျန်ယွန်ကျိတို့ပင်လျှင် အလွန်အမင်း ထိတ်လန့်သွားကြပါသည်။ တစ်ချိန် တည်းမှာပင် သခင်လေးရှူအပေါ် သူတို့၏ ယုံကြည်မှုမှာလည်း မြင့်တက်လာလေသည်။

“ဒါကြောင့် ကောင်းကင်အပြင်ပနယ်မြေကနေ ‘ဤမဟာကမ္ဘာလောကကြီး’ ထဲကို ဝင်ရောက်လာဖို့ဆိုတာက အခြေခံ အစီအစဉ်တစ်ခုပဲ။ ဒါကို ကမ္ဘာဦးခေတ်က ဧကရာဇ် ချန်ရှန်းနဲ့ ရှေးဟောင်းဧကရာဇ်ဖန်တို့က တွက်ချက်ထားခဲ့တာ။ ဒါကို တားဆီးဖို့ နည်းလမ်း မရှိပါဘူး။ ခင်ဗျားတို့ ဘယ်လမ်းကို လျှောက်မလဲဆိုတာ ရွေးချယ်နိုင်ပါတယ်။” သခင်လေး ရှူက ဆက်လက် ရှင်းပြပါသည်။ “ကျွန်တော် သခင်လေးရှူဟာ ရိုးသားတဲ့လူပါ။ ခင်ဗျားတို့ ကျွန်တော်တို့နဲ့အတူ မလျှောက်လှမ်းချင်ဘူး ဆိုရင်တောင်မှ မိုးကြိုးရေကန် သန့်စင်ဖို့နဲ့ မိုးကြိုးကပ်ဘေး ဖြတ်ကျော်ဖို့အတွက် ကျွန်တော် ကူညီပေးပါဦးမယ်။ ညီအစ်ကို လီဖေးယွိ၊ ထန်ဟိုင်လုံနဲ့ ဖန်းယွမ်တို့... ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း အတွေ့အကြုံ အချို့ကို လည်း မျှဝေပေးပါ့မယ်။ ခင်ဗျားတို့ကို အဆင့်ခြောက် မိုးကြိုးကပ်ဘေးအဆင့်အထိ တစ်ချက်တည်းနဲ့ ရောက်အောင် ကူညီပေးမယ်။ ခန္ဓာကိုယ်ရဲ့ အပ်စိုက်မှတ်တွေ စုစည်းပုံ လျှို့ဝှက်ချက်အချို့ကိုလည်း သင်ပေးပါ့မယ်။”

“ကျွန်တော် ခင်ဗျားတို့ကို ရိုးသားစွာ ဆက်ဆံတဲ့အခါ ခင်ဗျားတို့လည်း ကျွန်တော့်ကို မသံသယဖြစ်ကြဖို့ မျှော်လင့်ပါတယ်။”

“သခင်လေးရှူအနေနဲ့ မိုးကြိုးရေကန်ကို သန့်စင်နိုင်ပြီး ကျွန်တော်တို့ကို ‘ဖန်ဆင်းရှင်’ တွေ ဖြစ်လာအောင် ကူညီနိုင်သရွေ့တော့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး။ ကျွန်တော်တို့က သေတူရှင်မကွာ မိတ်ဆွေတွေ ဖြစ်လာကြလိမ့်မယ်။ ဒါ့အပြင် ကျွန်တော်တို့မှာ မူလနဝမ ချောက်နက် နတ်ဘုရားနယ်မြေထဲမှာ ကျန်ရစ်နေတဲ့ လူတွေ အများကြီး ရှိပါသေးတယ်။ မိုးကြိုးရေကန် သန့်စင်ပြီးတာနဲ့ နတ်ဘုရားဘိုးဘေးတောင်ကို အသုံးပြုပြီး လူသန်းပေါင်း ဆယ်ချီကို ခေါ်ဆောင်လာကာ ကြီးမားတဲ့ နိုင်ငံတစ်ခုကို တည်ထောင်နိုင်မှာပါ။”

ယွန်ယင်ကျိနှင့် လျန်ယွန်ကျိတို့မှာ သခင်လေးရှူ၏ ရိုးသားမှုကြောင့် ယုံကြည်သွားကြလေ သည်။

“ဟုန်ယွိက အင်မော်တယ် ကျောက်စာတိုင်ကို အမှန်တကယ် ရရှိသွားတာပဲ။ အခြေအနေ တွေ ပြောင်းလဲတော့မယ်ထင်တယ်” ထန်ဟိုင်လုံကတော့ သူ့စိတ်ထဲတွင် တွေးနေလေ သည်။ “ဟုန်ယွိ... မင်း ငါ့ဆရာကို အတင်းအကျပ် ဖမ်းဆီးသွားခဲ့ပြီ။ ဒီနေ့ကစပြီး မင်းနဲ့ငါဟာ တစ်မြေတည်း အတူနေလို့မရတဲ့ ရန်သူတွေပဲ။”

“ဟိုင်လုံ... အခု မင်းရဲ့ဆရာဟာ အန္တရာယ်ထဲ ကျနေရာနေပြီဆိုတော့ ‘ကြယ်တာယာတာအိုဂိုဏ်း’ မှာ ခေါင်းဆောင် မရှိတော့ဘူး။ မင်း ဒီတာဝန်ကို ယူရမယ်၊ နောင်မှာ လူသန်းပေါင်းဆယ်ချီကို စီမံခန့်ခွဲရမယ်။ ဒါပေါ့၊ ဖန်းယွမ်နဲ့ လီဖေးယွိတို့ကလည်း မင်းကို ကူညီနိုင်ပါတယ်။ မင်းတို့ သုံးယောက်သာ အုပ်ချုပ်မယ်ဆိုရင် ငါတို့ရဲ့ အင်အားဟာ အဆပေါင်းများစွာ တိုးတက်လာမှာပါ။”

“တာအိုဘိုးဘေး နှစ်ဦးစလုံးဟာ လုံလောက်တဲ့ အရင်းအမြစ်တွေ စုဆောင်းထားပြီးသားပဲ။ မိုးကြိုးကပ်ဘေး ဖြတ်ကျော်ပြီးစ အချိန်မှာပဲ အားနည်းနေတတ်တာပါ။ ကျွန်တော် အရင် ဆုံး ‘ရွှေဆေးတောင့်’ အချို့ကို သန့်စင်ပြီး အဲဒီအားနည်းတဲ့ ကာလကို ကျော်လွှားနိုင် အောင် ကူညီပေးပါ့မယ်” သခင်လေးရှူက ပြောလိုက်သည်။

“ကျွန်တော်တို့ဆီမှာ ဧကရာဇ်ချန်ရှန်း ချန်ထားခဲ့တဲ့ ‘မိုးကြိုးကပ်ကျော် ရွှေဆေးတောင့်’ ဆေးညွှန်းလာ ရှိပါတယ်။ အရင်က သုံးလုံး ရှိခဲ့ပေမဲ့ မိုးကြိုးကပ်ဘေး ဖြတ်ကျော်တုန်းက သုံးပစ်လိုက်ပြီ။ အခုတော့ ဒါကို ပြန်သန့်စင်ဖို့ ခက်နေတယ်” လီဖေးယွိက ရုတ်တရက် ပြောလိုက်သည်။

“ဟမ်၊ ဒါ တကယ့်ကို ကောင်းတာပဲ။ ဒါပေမဲ့ ဒီဆေးတောင့်က ‘ဖန်ဆင်းရှင်’ အဆင့် မိုးကြိုးကပ်ဘေးအတွက်တော့ သိပ်မထိရောက်ဘူး။ မင်းတို့အတွက်ပဲ အသုံးဝင်မှာပါ။” သခင်လေးရှူက ပြောလိုက်သည်။ “အချိန်တစ်ခု သတ်မှတ်ပြီး ခဏလောက် ကျင့်ကြံကြရ အောင်။ နောက်နှစ် ငါးလပိုင်း ငါးရက်နေ့မှာ ကျွန်တော်တို့ တောင်ရိုင်းကန္တာရနယ်မြေကို သွားပြီး မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ကြမယ်။ အချိန် ခြောက်လလောက် ကျန်သေး တယ်။ အဲဒီအချိန်ဆို မိုးကြိုးရေကန် သန့်စင်ဖို့ လုံလောက်ပါတယ်။”

“ကောင်းပြီ၊ နောက်နှစ် ငါးလပိုင်း ငါးရက်နေ့ပေါ့။”

ဆွေးနွေးပြီးနောက် ကြီးမားလှသော နတ်ဘုရားဘိုးဘေးတောင်မှာ ပင်လယ်ကြမ်းပြင်သို့ နစ်မြုပ်သွားပါတော့သည်။ သူတို့သည် ရှင်းချန်ကျိကို ဆုံးရှုံးခဲ့ရသော်လည်း သခင်လေးရှူ ၏ အကူအညီဖြင့် သူတို့၏ အင်အားမှာ ထပ်မံ တိုးတက်လာမည်ဟု ခံစားနေကြရပါသည်။ အထူးသဖြင့် ထန်ဟိုင်လုံ၊ လီဖေးယွိနှင့် ဖန်းယွမ်တို့ ဖြစ်လေသည်။ ဟုန်ယွိကို တိုက်ခိုက် ရန်အတွက် သခင်လေးရှူက ဤမျှအထိ အနစ်နာခံလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။ သူသည် သူတို့အား အပ်စိုက်မှတ်များ စုစည်းပုံနှင့် သူ၏ ကျင့်ကြံခြင်း အတွေ့အကြုံများ ကိုပင် သင်ကြားပေးခဲ့လေသည်။

“ဒါဟာ ကံကောင်းခြင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဟုန်ယွိ... ငါတို့ အဆင့်ခြောက် မိုးကြိုးကပ်ဘေး အဆင့်အထိ ကျင့်ကြံပြီးတာနဲ့ ‘ဖန်ဆင်းရှင်’ ဖြစ်ဖို့ အစွမ်းကုန် ကြိုးစားမယ်။ ငါတို့ သုံးယောက်စလုံး ဖန်ဆင်းရှင်တွေ ဖြစ်လာတဲ့အခါ မင်းရဲ့ ဘဝကို ‘ပျော်ရွှင်စရာအဖြစ်’ ကနေ အဖြစ်ဆိုးကြုံတွေ့ရအောင် ပြောင်းလဲပစ်မယ်။”

ဖန်းယွမ်၊ ထန်ဟိုင်လုံနှင့် လီဖေးယွိတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပါသည်။ သူတို့မှာ တစ်ဦးနှင့်တစ်ဦး မည်သို့ တွေးနေသည်ကို သိနေကြလေသည်။

“သခင်လေးရှူနဲ့ တခြားလူတွေ ငါ့နောက်ကို လိုက်မလာကြဘူး။ သူတို့ မလိုက်ရဲကြတာပါ။ ဒါပေမဲ့ ဒီသခင်လေးရှူကတော့ လှည့်ကွက်တွေနဲ့ ပြည့်နေတာပဲ။ သူတို့ ဘာတွေ ကြံစည်နေသလဲဆိုတာ သိရအောင် ငါ နောက်ထပ် ဟောကိန်းတစ်ခု ထပ်မံ တွက်ကြည့်ရ မယ်။”

ကျိုးယွိအကယ်ဒမီသို့ ပြန်ရောက်ပြီးနောက် ဟုန်ယွိသည် တာအိုဘိုးဘေး ရှင်းချန်ကျိကို ချိပ်ပိတ်ရန် အလျင်မလိုသေးဘဲ ‘ပြောင်းလဲခြင်းကျမ်း’ ဖြင့် ဟောကိန်းသစ်တစ်ခုကို စတင် တွက်ချက်လိုက်ပါသည်။

အတွေးတစ်ချက်ဖြင့် အတွေးစနှစ်ခု ထပ်သွားလေသည်။ တစ်ခုမှာ ကောင်းကင်ဖြစ်ပြီး၊ နောက်တစ်ခုမှာ တောင်ဖြစ်လေသည်။ ၎င်းမှာ ‘တောင်ထဲမှ ကောင်းကင်’ ဖြစ်သော ‘သတ္တဝါကြီး’ ဟောကိန်းပင် ဖြစ်လေသည်။

“တောင်ထဲမှ ကောင်းကင်၊ ‘သတ္တဝါကြီး’။ လူကြီးလူကောင်းတစ်ဦးက မိမိရဲ့ အသိ ပညာအတိုင်း လုပ်ဆောင်ပြီး၊ သားရဲတွေကလည်း အကျင့်သီလနဲ့ ပြည့်စုံကြတယ်။ ဒါဟာ သူတို့ရဲ့ ကျင့်ကြံခြင်းပဲ၊ အဲဒါက ကြီးမားတဲ့ ကျင့်ကြံခြင်းတစ်ခုပဲ။ သူတို့ လောလောဆယ် ဘာမှ လှုပ်ရှားဦးမှာ မဟုတ်ဘူး။ သခင်လေးရှူဟာ လာမယ့် လအနည်းငယ်အတွင်း ဘာမှ လှုပ်ရှားဦးမှာ မဟုတ်ဘူး။”

ဟုန်ယွိသည် အခြေအနေကို သိရှိသွားပါသည်။ ထို့နောက် သူသည် နောက်ထပ် ဟောကိန်း တစ်ခု ထပ်မံ တွက်ချက်လိုက်ပါသည်။ ဤတစ်ကြိမ်တွင် မြေကြီးမှာ အထက်တွင်ရှိနေပြီး လေမှာ အောက်တွင် ရှိနေလေသည်။ “မြေကြီးထဲမှ သစ်ပင်များ ပေါက်ထွက်လာခြင်း၊ မြင့်တက်ခြင်း ဟောကိန်း။”

“ဟမ်။ သူတို့က မြင့်တက်လာဦးမှာလား။ အဲဒါက သူတို့ ‘ဖန်ဆင်းရှင်’ အဆင့်အထိ ကျင့်ကြံ တော့မယ်လို့ ဆိုလိုတာပဲ။ သူတို့ ဖန်ဆင်းရှင်အဆင့်ကို ရောက်ဖို့ ဘယ်လောက်ကြာမလဲ ဆိုတာ ကြည့်ရအောင်။ ဘယ်နေရာမှာ ဖြစ်မလဲ။ သူတို့ အားကုန်သွားတဲ့ အချိန်အထိ ငါ စောင့်နေနိုင်တာပေါ့။”

ဟုန်ယွိသည် ‘မြင့်တက်ခြင်း’ ဟောကိန်းအပေါ် အခြေခံ၍ အနာဂတ်ကို ထပ်မံ တွက်ချက် လိုက်ပါသည်။ ရုတ်တရက် အစီအရင်၏ လိုင်းခြောက်ခုအနက် ပဉ္စမမြောက်လိုင်းတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာပါသည်။

“ပဉ္စမမြောက်လိုင်း၊ မြင့်တက်ခြင်း၊ မင်္ဂလာရှိသော ဟောကိန်း။ နှစ်သစ်ကူးဖို့ တစ်လ လောက် လိုသေးတယ်။ ဒီလူတွေဟာ နောက်နှစ် ငါးလပိုင်း ငါးရက်နေ့မှာ မိုးကြိုးကပ်ဘေး ကို ဖြတ်ကျော်ကြလိမ့်မယ်။ နေရာကတော့ တောင်ရိုင်းကန္တာရနယ်မြေပေါ့။ လုံးဝ အမှားအယွင်း မရှိဘူး။”

ဟုန်ယွိက တွက်ချက်လိုက်ပါတော့သည်။

အခန်း (၆၄၀)။

"ဒါက လာမည့်နှစ်၊ ငါးလပိုင်း၊ ငါးရက်နေ့... တော်ဝင်ချန်အင်ပါယာရဲ့ ၆၅ နှစ်မြောက်၊ ငါးလပိုင်း ငါးရက်နေ့ပဲ ဖြစ်ရမယ်။ အဲ့ဒီနေ့က ငါ့ရဲ့ 'ကျိုးယွိအကယ်ဒမီ' တည်ထောင်ခြင်း နှစ်ပတ်လည်နေ့နဲ့လည်း တိုက်ဆိုင်နေတယ်။ သူတို့က ငါ့မှာ တခြားအာရုံစိုက်စရာ မရှိဘူး အထင်နဲ့ အဲ့ဒီနေ့မှာ တိုက်ခိုက်ဖို့ အသေအချာ တွက်ချက်ထားကြတာပဲ။ ဒါပေမဲ့ အရာ အားလုံးက ငါ့လက်ခုပ်ထဲမှာ ရှိနေတယ်ဆိုတာ သူတို့ မသိကြဘူး။"

'ပြောင်းလဲခြင်းကျမ်း' ၏ ဟောကိန်းသုံးခုကို ထုတ်ဖော်ပြီးနောက် ဟုန်ယွိသည် သူ၏ စိတ်ဝိညာဉ်နှင့် ဉာဏ်ပညာကို အနားပေးလိုက်သည်။ ဟောကိန်းထုတ်ခြင်းသည် စိတ်ဝိညာဉ်နှင့် ဉာဏ်စွမ်းအားကို အလွန်အမင်း ကုန်ခမ်းစေသဖြင့် 'ဖန်ဆင်းရှင်' အဆင့် ရှိသူပင်လျှင် အချိန်ကြာမြင့်စွာ အနာဂတ်ကို ဆက်တိုက် မတွက်ချက်နိုင်ပေ။ 'ဖန်ဆင်းရှင်' မဆိုထားနှင့်၊ ယန်နတ်ဘုရားတစ်ပါးပင်လျှင် အရာအားလုံးကို ထာဝရ တွက်ချက်နေနိုင် စွမ်း မရှိပေ။

ငါးလပိုင်း ငါးရက်နေ့အထိ ခြောက်လခန့် အချိန်ရသေးသဖြင့် ဟုန်ယွိသည် သခင်လေးရှူ နှင့် တာအိုဘိုးဘေးတို့၏ ကိစ္စကို ခဏဘေးဖယ်ထားကာ မိမိကိစ္စကိုသာ အာရုံစိုက်လိုက် သည်။ ပထမဆုံး လုပ်ရမည့်အလုပ်မှာ အဖမ်းခံထားရသော "ရှင်းချန်ကျိ" ကို ကိုင်တွယ်ရန် ဖြစ်သည်။

ရှင်းချန်ကျိနှင့် ပတ်သက်လျှင် ပထမဆုံးအတွေးမှာ သူ့ကို သတ်ပစ်ရန် ဖြစ်သော်လည်း 'ဖန်ဆင်းရှင်' အဆင့်သို့ တက်လှမ်းရန် အခြေခံကောင်းများ ရှိနေသော တာအိုဘိုးဘေး တစ်ပါးကို သတ်ပစ်ရန်မှာ အလွန်နှမြောစရာ ကောင်းလှသည်။ ဟုန်ယွိသည် သူ၏ အကယ်ဒမီအတွက် သူတော်စင်တပည့် ၇၂ ဦးကို စုဆောင်းလိုသဖြင့် ရှင်းချန်ကျိ၏ မှတ်ဉာဏ်များကို ပိတ်ဆို့ကာ ပြုပြင်ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။ ရန်ငြိုးရန်စများ နှင့် အမုန်းတရားများကို ဖယ်ရှားပြီး မွေးရာပါ မှော်ပညာဗီဇနှင့် ကျင့်စဉ်အသိများကိုသာ ချန်ထားကာ ပြန်လည်ဝင်စားစေမည် ဖြစ်သည်။

ဤသို့ဖြင့် နောင်တွင် ကျိုးယွိအကယ်ဒမီ၌ ဒုတိယမြောက် 'ဖန်ဆင်းရှင်' တစ်ဦး ပေါ်ထွက် လာနိုင်ပေလိမ့်မည်။

သို့သော် ဤအလုပ်မှာ အလွန်ရှုပ်ထွေးပြီး စွန့်စားရမှုလည်း ရှိသည်။ အကယ်၍ မှတ်ဉာဏ် များ အကြွင်းအကျန်ပါသွားပါက အကယ်ဒမီအတွင်း၌ အန္တရာယ်ရှိသော မျိုးစေ့ကို စိုက်ပျိုး မိသကဲ့သို့ ဖြစ်သွားနိုင်ပေသည်။

ထို့ကြောင့် ဟုန်ယွိသည် 'အင်မော်တယ် ကျောက်စာတိုင်' ကို အရင်ဆုံး အပြည့်အဝ သန့်စင်ပြီး ထိုမှရသော အစွမ်းထက် မှော်သင်္ကေတများဖြင့် ရှင်းချန်ကျိ၏ မှတ်ဉာဏ်ကို ပိတ်ဆို့ရန် ဆုံးဖြတ်လိုက်သည်။

အင်မော်တယ် ကျောက်စာတိုင်သည် အလွန်တရာမှ နက်နဲလှပေသည်။ အကယ်၍သာ ၎င်းကို အပြည့်အဝ သန့်စင်နိုင်ခဲ့လျှင်၊ ၎င်းတွင်ပါရှိသော မှော်သင်္ကေတပေါင်း သန်း ၄၈၀ ကို တစ်ခုချင်းစီအလိုက် သန့်စင်ပြီးပါက ထိုအားလုံးကို ဟုန်ယွိအနေဖြင့် စိတ်ကြိုက် အသုံးချနိုင်မည် ဖြစ်သည်။ ၎င်းသည် မရေမတွက်နိုင်သော အစီအရင်များကို ဖန်တီးနိုင်ရုံ သာမက မည်သည့် တည်ရှိမှုမျိုးကိုမဆို မျက်စိတစ်မှိတ်အတွင်း၌ပင် အပြီးတိုင် ပိတ်ဆို့ ချုပ်နှောင်ထားနိုင်စွမ်း ရှိပေသည်။

အင်မော်တယ် ကျောက်စာတိုင်သည် ထာဝရတည်တံ့၏၊ မှော်သင်္ကေတပေါင်း ၄၈၀ ဖြင့် ရှေးဦးခေတ် ဧကရာဇ်ချန်ရှန်းက ဖန်တီးခဲ့ခြင်းဖြစ်ပြီး၊ ထာဝရတည်တံနေလိမ့်မည်။

ဘိုးဘေးနတ်ဘုရား မိုးကြိုးရေကန်အတွင်း၌ 'အင်မော်တယ် ကျောက်စာတိုင်' ပေါက်ကွဲ သွားပြီးနောက်တွင် ၎င်းမှာ ပြိုကွဲပျက်စီးလုနီးပါး အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ၎င်းမှာ မိမိကိုယ်ကိုယ် အစဉ်တစိုက် ပြန်လည်ပြုပြင်ကာ ကုစားနေသော်လည်း ဤမျှ လောက် ပြင်းထန်သော ဒဏ်ရာမျိုးမှာ အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန် အနည်း ဆုံး နှစ်ပေါင်းတစ်သောင်းခန့် အချိန်ယူရပေလိမ့်မည်။ သို့သော် ယခုအခါတွင်မူ ဟုန်ယွိ သည် ၎င်းကို သန့်စင်အတွက် များစွာ အားစိုက်ထုတ်ရန် မလိုအပ်တော့ပေ။

တခဏတာမျှ စိတ်အာရုံ စုစည်းပြီးနောက်တွင် ဟုန်ယွိ၏ ကျယ်ပြောလှသော နတ်ဘုရား စွမ်းအားများသည် 'အင်မော်တယ် ကျောက်စာတိုင်' ၏ တစ်လက်မချင်းစီ နေရာတိုင်းကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့သည်။ သူ၏ စိတ်ဝိညာဉ် အတွေးစပေါင်း ၁၂၉၆၀၀ စလုံးက အခြေအနေအရပ်ရပ်ကို တစ်ခုချင်းစီအလိုက် စတင်ထိန်းချုပ်လိုက်ကြသည်။ တစ်ချိန် တည်းမှာပင် ကျောက်စာတိုင်အတွင်းရှိ အစီအရင်တစ်ခုပြီးတစ်ခုမှာ သူနှင့် ရင်းနှီးကျွမ်းဝင် လာပြီး ၎င်းတို့၏ နက်နဲဆန်းကြယ်မှုကိုလည်း သူ အပြည့်အဝ နားလည် သဘောပေါက် လာခဲ့လေသည်။

"ဟုန်ယွိက အံ့ဩတကြီး ရေရွတ်လိုက်မိသည်။ 'တကယ့်ကို ကောင်းတဲ့ ပညာရပ်တွေပဲ။”

ဟုန်ယွိသည် 'အင်မော်တယ် ကျောက်စာတိုင်' ကို အပြည့်အဝ သန့်စင်နိုင်ခဲ့သည်နှင့်အမျှ ထိုအစီအရင်များ၏ နက်နဲလှသော လျှို့ဝှက်ချက်များသည် သူ၏အတွေးစများထဲသို့ ဒီရေလှိုင်းသဖွယ် တိုးဝင်လာခဲ့လေသည်။ ယင်းက ရှေးဦးခေတ်၏ တာအိုမှော်ပညာရပ်များ နှင့် သူ့ကို အမှန်တကယ်ပင် ရင်းနှီးကျွမ်းဝင်သွားစေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် ရှေးဦးခေတ်၏ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သော 'ဧကရာဇ်ချန်ရှန်း' ၏ အံ့မခန်း ပညာရပ်များကို လည်း ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရခဲ့လေသည်။

'နတ်ဘုရားခွန်အား အစီအရင်'၊ ဤအစီအရင်ကို ခင်းကျင်းလိုက်သည်နှင့် ၎င်းအစီအရင် အတွင်းရှိ သူသည် အကန့်အသတ်မရှိသော ခွန်အားကို ရရှိစေမည် ဖြစ်သည်။

“ကမ္ဘာဦးသံလိုက်အစီအရင်” ဤအစီအရင်သည် စစ်မှန်သော သံလိုက်စွမ်းအင်များကို စုစည်းပေးနိုင်သည်။"

“နဂါးကျားဆေးပေါင်းအိုး အစီအရင်” ဤအစီအရင်သည် ဆေးဝါးများနှင့် ရတနာများ သန့်စင်သွန်းလုပ်ရာတွင် အသုံးပြုရန် ဖြစ်သည်။

“လီမီးတောက် အစစ်မှန် ယန်စွမ်းအင် အစီအရင်” ဤအစီအရင်သည် ကောင်းကင်နှင့် မြေကြီးကြားရှိ စစ်မှန်သော မီးတောက်အမျိုးမျိုးကို စုစည်းပေးနိုင်ပြီး အရာအားလုံးကို အရည်ကျို၍ သန့်စင်ပေးနိုင်သည်။

“ဝိညာဉ်စုစည်းခြင်းနှင့် ဝိညာဉ်ခွဲထုတ်ခြင်း အစီအရင်” ဤအစီအရင်သည် ပျက်စီးနေ သော စိတ်ဝိညာဉ်များကို ပြန်လည်ပြုပြင် ကုသပေးနိုင်သည်။

“သတ္တုငါးပါး အနှစ်သာရ အစီအရင်” ဤအစီအရင်သည် သံမဏိများကို သန့်စင်ပေးပြီး သက်ရှိကဲ့သို့သော ဝိညာဉ်စွမ်းအားများကိုပါ ထည့်သွင်းပေးနိုင်သည်။ အလွန်ရှားပါးလှ သော 'သွေးပုံစံသံမဏိ' များကိုပင် ဤအစီအရင်ဖြင့် အလွယ်တကူ သန့်စင်ပြုပြင်နိုင်လေ သည်။

“ကောင်းကင်နတ်မင်း မြေနတ်ဆိုး အစီအရင်” ဤအစီအရင်သည် ကောင်းကင်ယံရှိ နတ်ဘုရားစွမ်းအင်နှင့် မြေကမ္ဘာရှိ နတ်ဆိုးစွမ်းအင်များကို စုစည်းပေးနိုင်သည်။

“ထာဝရအသက်ကြယ်ခုနစ်ပွင့် အစီအရင်” ဤအစီအရင်သည် ကျင့်ကြံသူ၏ ရုပ်ခန္ဓာ ကိုယ်ရှိ အသက်စွမ်းအင်ကို တိုးမြင့်ပေးနိုင်သည်။

“သေခြင်းရှင်ခြင်း နိဗ္ဗာနအစီအရင်” ဤအစီအရင်သည် မိမိကိုယ်ကိုယ် ကာကွယ်ရန်နှင့် ပြန်လည်ရှင်သန်ခြင်းတို့အတွက် ဖြစ်သည်။

“ရှေးဦးနဂါးရိုင်းအစီအရင်” ဤအစီအရင်သည် ခန္ဓာကိုယ်ကို သန့်စင်ပေးပြီး ကြံ့ခိုင်မှုကို မြှင့်တင်ပေးသည်။

“တောင်ဝင်ရိုးစွန်းနက္ခတ် အမြီးတန်းအစီအရင်” ဤအစီအရင်သည် အတွေးစများ စုစည်း မှုကို အားကောင်းစေပြီး စိတ်အာရုံရှုပ်ထွေးမှုများကို သန့်စင်ပေးသည်။

ပို၍ အစွမ်းထက်သော အစီအရင်များမှာ - “ဥပဒေသမဲ့ အတွေးမဲ့ အစီအရင်” ဤအစီအရင် အတွင်း၌ ကျင့်ကြံခြင်းဖြင့် ဥပဒေသကင်းမဲ့ပြီး အာရုံစူးစိုက်မှု အမြင့်ဆုံးအဆင့် ဖြစ်သည့် အတွေးမဲ့နယ်ပယ်သို့ ရောက်ရှိစေနိုင်သည်။ “အနန္တသဲပွင့် ကာကွယ်ရေး အစီအရင်” ဤအစီအရင်ကို ခင်းကျင်းလိုက်သည်နှင့် မိစ္ဆာအပေါင်းကို မောင်းထုတ်ပေးသည်။ “ထာဝရ အသက် အစီအရင်” ဤအစီအရင်ကို ခင်းကျင်းထားပါက 'ထာဝရအသက် ဆန်းကြယ် နယ်မြေ' ထဲတွင် ရှိနေသကဲ့သို့ပင် ရုပ်ခန္ဓာကို ဆွေးမြည့်ခြင်း သို့မဟုတ် အိုမင်းခြင်းတို့မှ ကာကွယ်ပေးသည်။ ထို့အပြင် “ဆာဟာ အစီအရင်”၊ “ချန်ကွန်းအစီအရင်” (စကြာဝဠာ အစီအရင်)၊ “အသွင်နှစ်မျိုး အစီအရင်”၊ “မြူမှုန်သန့်စင် အစီအရင်”၊ “ရှန်းယွမ် ကောင်းကင် မူလအရည်ကျို အစီအရင်”၊ “နတ်လက်ဆောင် တိမ်ယံအစီအရင်” (Fubao Shangyun Formation) နှင့် “ကံကြမ္မာပြောင်းပြန် အစီအရင်” စသည်တို့လည်း ပါဝင်သည်။

ဤသို့ဖြင့် ထိုအစီအရင်များမှာ ထူးဆန်းအံ့သြဖွယ်ကောင်းလှပြီး အရာရာကို လွှမ်းခြုံထား ကာ အစီအရင်တစ်ခုချင်းစီ၌လည်း သီးခြားအစွမ်းများကို ပိုင်ဆိုင်ထားကြလေသည်။

ဟုန်ယွိအနေဖြင့် ကောင်းကင်နှင့် မြေကြီးကြားရှိ အစီအရင်များအပေါ် ဤမျှလောက် နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ခဲ့ဖူးခြင်း မရှိသလို၊ ဤမျှလောက် များပြားလှ သော အစီအရင်များကိုလည်း တစ်ခါမျှ မမြင်ဖူးမကြာခဲ့ဖူးပေ။ အစီအရင်များဆိုသည်မှာ ကောင်းကင်နှင့် မြေကြီးကြားရှိ အနက်နဲဆုံးသော စီစဉ်ခင်းကျင်းမှုများပင် ဖြစ်သည်။

'ဧကရာဇ်ချန်ရှန်း' မှာ ထိုအစီအရင်ပညာများ၏ 'ဘိုးဘေးသခင်' ပင် ဖြစ်ပေသည်။

'ဗုဒ္ဓသင်္ကန်းတော်'နှင့် နှိုင်းယှဉ်လျှင် ထိုသင်္ကန်းအတွင်းရှိ အစီအရင်များမှာ အလွန်ပင် နည်းပါးလှသည်။ ဟုန်ယွိအတွက်မူ 'သူတော်စင်ပေါင်းပုံခန်းမဆောင်' အတွင်းရှိ အစီအရင် များပင်လျှင် အလွန်သာမန်ဆန်လွန်းသည်ဟု ခံစားရသည်။ ၎င်းတို့၏ တစ်ခုနှင့်တစ်ခု ဆက်နွှယ်မှု၊ အပြန်အလှန် အားဖြည့်ပေးမှုနှင့် လည်ပတ်ပုံစနစ်တို့မှာ 'ဧကရာဇ်ချန်ရှန်း' ၏ လက်ရာနှင့် ယှဉ်လျှင် အဆပေါင်းများစွာ နိမ့်ကျလွန်းလှပေသည်။

ဟုန်ယွိသည် 'အင်မော်တယ် ကျောက်စာတိုင်' ကို စေ့စေ့စပ်စပ် လေ့လာဆန်းစစ်နေသည် မှာ 'ထျန်းကုန်း မိုမျိုးနွယ်' မှ ဘိုးဘေးသခင်ကြီးကိုယ်တိုင် ထူးချွန်ပြောင်မြောက်စွာ သွန်းလုပ်ထားသော လက်နက်ကိရိယာတစ်ခုကို ငေးမောကြည့်ရှုနေသည့် လက်သမား ငယ်တစ်ဦးနှင့်ပင် တူလှပေသည်။

တိုက်ခိုက်ရေး စွမ်းအားကို ခဏဘေးဖယ်ထားလျှင်ပင် အစီအရင်များ၏ နက်နဲမှုနှင့် လည်ပတ်ပုံစနစ်တို့တွင် ဟုန်ယွိသည် 'ဧကရာဇ်ချန်ရှန်း' နှင့် ယှဉ်ပါက ဆံချည်တစ်မျှင်စာ မျှပင် မမီနိုင်ကြောင်း မိမိကိုယ်ကိုယ် သိရှိသွားခဲ့သည်။ 'အင်မော်တယ် ကျောက်စာတိုင်' ၏ နက်နဲမှုကို အမှန်တကယ် နားလည်သဘောပေါက်သွားပြီးနောက်တွင် ဟုန်ယွိသည် ရှေးဦးခေတ် (ကမ္ဘာဦးခေတ်) ၏ နံပါတ်တစ်ပုဂ္ဂိုလ် 'ဧကရာဇ်ချန်ရှန်း' အပေါ်၌ ကြောက်ရွံ့ တုန်လှုပ်မှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရလေသည်။

“ဒီလောက် ကြောက်စရာကောင်းတဲ့လူတစ်ဦးက ကောင်းကင်အပြင်ပနယ်မြေ ဗဟိုကမ္ဘာ ဖန်ကြယ်မှ လူတွေ ဒီမဟာကမ္ဘာလောကကြီးဆီ ပြန်လာဖို့ အရာအားလုံး စီစဉ်ထားတယ် ဆိုရင် သူ့မှာ နောက်ထပ် နည်းလမ်းတွေ အများကြီး ရှိနေဦးမှာပဲ။ ငါ့ရဲ့ အစွမ်းတစ်ခုတည်း နဲ့ သူတို့ကို တားဆီးဖို့ မလွယ်မှာ ငါ စိုးရိမ်မိတယ်” ဟုန်ယွိ တွေးလိုက်မိသည်။

လူဦးရေ သန်းပေါင်းများစွာရှိသော ဖန်ကြယ်ကမ္ဘာပေါ်တွင် 'သခင်လေးရှူ' ကို ကြည့်ရုံဖြင့် ထိုနေရာသည် စွမ်းအားရှင်များ ပုန်းအောင်းနေသည့် နေရာဖြစ်ကြောင်း သိနိုင်ပေသည်။

“ဖန်ကြယ်ကမ္ဘာပေါ်မှာ သခင်လေးရှူလိုလူမျိုး ဘယ်နှစ်ယောက်လောက် ရှိနေမလဲ။ အများကြီးတော့ မရှိနိုင်ပါဘူး။ တကယ်လို့ ခုနစ်ယောက် ရှစ်ယောက်လောက် ရှိနေမယ် ဆိုရင်တောင် ဒါက အံ့ဩစရာ ဖြစ်နေပြီ။ သုံးယောက်မှ ငါးယောက်လောက် ရှိရင်တောင် တကယ့်ကို ကြောက်စရာကောင်းနေပြီ” ဟုန်ယွိသည် အစီအရင်များစွာကို သူ၏ စိတ်ဝိညာဉ်ထဲတွင် မှတ်သားရင်း တွေးတောနေလေသည်။

နောက်ဆုံးတွင် တုန်ခါသံကြီး တစ်ခု ထွက်ပေါ်လာတော့သည်။

ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် တုန်ခါသွားခဲ့ပြီး သူ၏ စိတ်ဝိညာဉ် အတွေးစပေါင်း ၁၂၉၆၀၀ စလုံးသည် 'အင်မော်တယ် ကျောက်စာတိုင်' အတွင်းရှိ အစီအရင်အားလုံးကို အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့လေပြီ။ တစ်ချိန်တည်းမှာပင် ကျောက်စာတိုင်အတွင်းရှိ မပြည့်စုံသေးသော ကျမ်းစာများသည် သူ၏ စိတ်အာရုံထဲသို့ စီးဝင်လာခဲ့သည်။

"စကားလုံးဖြင့် ထုတ်ဖော်ပြောဆိုနိုင်သော တာအိုသည် ထာဝရတည်တံ့သော တာအို မဟုတ်ပေ။ ၎င်းသည် အရာခပ်သိမ်းတို့၏ မိခင်ဖြစ်ပြီး ဆန်းကြယ်မှုအပေါင်းတို့၏ တံခါးဝ လည်း ဖြစ်ပေသည်။"

ထိုကျမ်းစာများမှာ မပြည့်စုံသေးသော်လည်း စကားလုံးများစွာက ဟုန်ယွိကို ခံစားချက် အသစ်များ ပေးစွမ်းနိုင်ခဲ့သည်။ ဤမပြည့်စုံသော ကျမ်းစာများကို 'ဗုဒ္ဓသင်္ကန်းတော်' ပေါ်ရှိ 'မဟာဝဇိရပညာပါရမီ' ကျမ်းနှင့် နှိုင်းယှဉ်ကြည့်ရာတွင် ဟုန်ယွိသည် အသိပညာဗဟုသုတ နောက်ထပ်တစ်ဆင့် တိုးလာခဲ့ပြီး သူ၏ ကိုယ်ပိုင် 'ပြောင်းလဲခြင်းကျမ်း' အပေါ် နားလည်မှု ကိုလည်း ပိုမိုနက်ရှိုင်းစေခဲ့သည်။

ဤမပြည့်စုံသော စာသားများသည် 'ဧကရာဇ်ချန်ရှန်း' ၏ 'တဖက်ကမ်း နိဗ္ဗာနနယ်ပယ်' အပေါ် နားလည်မှုများ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ဝီ…. ဝီ…. ဝီ…. ဝီ….. ဝီ…… ဝီ….. ဝီ…. ဝီ......

ထိုကျမ်းစာများ ဟုန်ယွိ၏စိတ်ထဲသို့ စီးဝင်လာသည့် ခဏ၌ပင် 'အင်မော်တယ် ကျောက်စာတိုင်' ကို ဟုန်ယွိက အမှန်တကယ်ပင် သန့်စင်နိုင်ခဲ့ပြီ ဖြစ်သည်။ တုန်ခါ မြည်ဟည်းသံများနှင့်အတူ ကျောက်စာတိုင်သည် အထက်သို့ ပျံတက်သွားပြီး ဟုန်ယွိ အလိုသလို လွတ်လပ်စွာ လှုပ်ရှားနိုင်သည့် မရေမတွက်နိုင်သော မှော်သင်္ကေတများအဖြစ် ပြောင်းလဲသွားကာ အလွန်နက်နဲလှသော အစီအရင်များကို တစ်ခုပြီးတစ်ခု ဖန်တီးလိုက် လေသည်။ ၎င်းသည် အမှန်တကယ်ပင် ဆန်းကြယ်မှုအပေါင်းတို့၏ တံခါးဝနှင့် 'ထာဝရ ရှင်သန်ခြင်း၏ မူလအစ' ပင် ဖြစ်တော့သည်။

"ကောင်းပြီ... ဒီမှော်သင်္ကေတတွေ ရှိနေရင် ငါ့ရဲ့စွမ်းအားတွေကို အပိုကုန်စရာမလိုဘဲ 'ရှင်းချန်ကျိ' ရဲ့ စိတ်ဝိညာဉ်ကို ငါ အေးအေးဆေးဆေး ကိုင်တွယ်နိုင်ပြီ။"

တခဏတာမျှ စမ်းသပ်ကြည့်ပြီးနောက် ဟုန်ယွိသည် အခြေအနေအားလုံးကို စိတ်ချလက် ချ ရှိသွားပြီးမှသာ 'ရှင်းချန်ကျိ' ကို ကိုင်တွယ်ရန် သူ၏ အာရုံကို လွှဲလိုက်လေသည်။

ထိုအချိန်တွင် 'ရှင်းချန်ကျိ' မှာ 'ထိုက်ကျိ မိုးကြိုးရေကန်' ၏ အောက်ခြေတွင် သူ၏ ရုပ်ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ပါ အကျဉ်းကျနေရသည်။ သူသည် မျက်လုံးမှိတ်၍ အနားယူ နေသော်လည်း သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ကြယ်နက္ခတ်အစုအဝေးများ၊ ကြယ်တာယာအစီအရင်များနှင့် ကြယ်မြေပုံများမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး မိုးကြိုး စွမ်းအားများကို အပြည့်အဝ ခုခံနေသည်။ သို့သော် မိုးကြိုးများသည် သူ့ကို အရပ်မျက်နှာ အနှံ့အပြားမှ ဝန်းရံထားသဖြင့် သူ လှုပ်ရှားရန် ခက်ခဲနေသည်။

“ငါသာ အပြည့်အဝ အာရုံစိုက်ထားနိုင်ရင် ဟုန်ယွိအနေနဲ့ ငါ့ရဲ့ ကြယ်မြေပုံကို ထိုးဖောက် ပြီး ငါ့ကို အမှန်တကယ် သန့်စင်ဖို့ ခက်ခဲလိမ့်မယ်။ အဲ့ဒီအစား ဒါက ငါ့ကို နက်နဲတဲ့ လျှို့ဝှက်ချက်တွေ အများကြီး သိလာအောင် ကူညီပေးနေသလိုပဲ။ အခုတစ်ခေါက်မှာ ငါ အနှိမ်ခံရပြီး ရှုံးနိမ့်ခဲ့ပေမဲ့ မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေ အများကြီး ရခဲ့တယ်။ ဒီအကျိုးကျေးဇူးတွေက အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်ကြားက တိုက်ပွဲကရတဲ့ အကျိုးကျေးဇူးထက် မနည်းဘူး။ ဒါက အမှန်တကယ်ပင် အဟောင်းကို ဖျက်ဆီးပြီး အသစ် ကို တည်ဆောက်ခြင်း၊ ရှုံးနိမ့်မှုကနေ အောင်မြင်မှုဆီ ဦးတည်ခြင်းပဲ။ ဟုန်ယွိ... ငါသာ အခုတစ်ခေါက် လွတ်မြောက်သွားရင် ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီး 'ဖန်ဆင်းရှင်' အဆင့်ကို ရောက်နိုင်မှာ အသေအချာပဲ။ အဲ့ဒီအချိန်ကျရင် ငါ့ရဲ့ အားနည်းတဲ့ ကာလကလည်း သိပ်ကြာမှာ မဟုတ်တော့ဘူး။” ရှင်းချန်ကျိက တွေးနေလေသည်။

ရှင်းချန်ကျိသည် တရားမှတ် စဉ်ခြင်နေသော်လည်း သူ၏ စိတ်အာရုံမှာမူ နိုးကြားတက်ကြွ နေပြီး အတွေ့အကြုံသစ်များကို ခံစားနေရသည်။ ဤလူသည် တာအိုဘိုးဘေးတစ်ပါး အဖြစ် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။ သူသည် ရှုံးနိမ့်မှုမှတစ်ဆင့် တစ်ခါမျှ မရရှိဖူးသော သင်ခန်းစာများကို သင်ယူနေပြီး သူ၏ တာအိုမှော်ပညာရပ်များမှာလည်း တစ်ဖန် ပြန်လည်တိုးတက်လာခဲ့သည်။

သူ၏မှော်ပညာရပ်များ တိုးတက်လာသည်နှင့်အမျှ 'ထိုက်ကျိ မိုးကြိုးရေကန်' အတွင်းရှိ မိုးကြိုးရေစင်များ၏ တစ်စိတ်တစ်ပိုင်းမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်လာခဲ့သည်။ ထိုစွမ်းအားများကို သူက ခိုးယူကာ သူ၏ စိတ်ဝိညာဉ်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းလိုက် သည်။

ဤဖြစ်စဉ်အတွင်း သူ၏စိတ်ဝိညာဉ်သည် အရည်အသွေးပိုင်းမှ အဆင့်တစ်ခုအထိ အသွင်ကူးပြောင်းမှု တစ်ရပ်ကို ကြုံတွေ့ခဲ့ရလေသည်။

"ကောင်းလိုက်တာ... ဒီမိုးကြိုးရေကန်ထဲက ရေစင်တွေက တကယ်တော့ အဆင့်ခုနှစ် 'မိုးကြိုးကပ်ဘေး' ရဲ့ မိုးကြိုးရေစင်တွေပဲ။ ဒီထဲမှာပါတဲ့ 'ဖန်ဆင်းရှင်' ရဲ့ စိတ်ဆန္ဒက မပြည့်စုံသေးပေမဲ့ ငါ့ရဲ့စိတ်ဝိညာဉ်ကိုတော့ ပြောင်းလဲပေးနိုင်တယ်။ ဒါက ငါ့ကို ဖန်ဆင်း ရှင်တစ်ပိုင်း' ဖြစ်လာအောင် လုပ်ပေးနိုင်တာပဲ။ နောင်တစ်ချိန်မှာ ခုနှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ဖို့ဆိုတာ ဘာမှစိုးရိမ်စရာ မရှိတော့ဘူး။ ငါ မျက်စိတစ်မှိတ် အတွင်းမှာတင် အောင်မြင်သွားလိမ့်မယ်။"

ဤအသိကြောင့် ရှင်းချန်ကျိသည် သာ၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။

"ဟုန်ယွိဆိုတဲ့လူက တကယ်ကို မိုက်မဲတာပဲ။ ငါ့ကို မိုးကြိုးရေကန်ထဲမှာ ချုပ်နှောင်ထား တာက ငါ့အတွက် အကြီးမားဆုံး အကူအညီ ဖြစ်နေတယ်ဆိုတာ သူ လုံးဝ သတိမထားမိ ဘူး။" ရှင်းချန်ကျိက မိုးကြိုးရေစင်များကို စုပ်ယူရင်း တွေးနေလေသည်။

"ရှင်းချန်ကျိ... ခင်ဗျားက တာအိုဘိုးဘေးတစ်ပါး ဖြစ်နေပြီးတော့ ဒီလောက်အထိ ရိုင်းစိုင်း တဲ့ အတွေးမျိုးတွေ ရှိနေတာလား။ နည်းနည်းလောက် စဉ်းစားကြည့်စမ်း... 'ပြောင်းလဲခြင်း ကျမ်း' ကို ရေးနိုင်တဲ့သူတစ်ယောက်က ဘာအဓိပ္ပာယ်မှ မရှိဘဲ တစ်ခုခုကို လုပ်ပါ့မလား။"

ရှင်းချန်ကျိ တစ်ယောက် မိုးကြိုးရေစင်များကို စုပ်ယူကာ သူ၏ စိတ်ဝိညာဉ်ကို သန့်စင်နေ ပြီး၊ သူ့စွမ်းအားများ မြှင့်တင်နေစဉ်မှာပင် ဟုန်ယွိ၏ အတွေးစများက သူ၏ စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

"ဟုန်ယွိ၊ မင်း ဘယ်လိုတောင် သတ္တုရှိနေတာလဲ။"

ရှင်းချန်ကျိ၏ နှလုံးသားမှာ ချောက်နက်ထဲ ကျသွားသလို ခံစားလိုက်ရသည်။ "ဟုန်ယွိ..၊ မင်းသာ ငါ့ကို မသတ်ဘူး၊ ငါ့ရဲ့ မှတ်ဉာဏ်တွေကို မဖျက်ဘူး၊ ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ကို ချိတ်ပိတ်မထားဘူးဆိုရင် ငါ့ရဲ့ရတနာတိုက်ထဲက အတွေးစပေါင်းစုံနဲ့ မှော်ရတနာ အားလုံးကို မင်းကို ပေးပါ့မယ်။ မင်းကို 'တာအိုဘိုးဘေးသခင်' အဖြစ်တောင် ငါ တင်မြှောက်ပေးမယ်၊ တစ်လောကလုံးက 'ကြယ်တာယာတာအိုဂိုဏ်း' ဂိုဏ်းဝင်တွေကို မင်းကို အုပ်ချုပ်ခွင့် ပေးမယ်၊ ထန်ဟိုင်လုံကိုတောင် မင်းခြေရင်းမှာ ဒူးထောက် ခေါင်းတိုက် ပြီး ရှိခိုးခိုင်းပါ့မယ်။ ငါ နောင်ကို မင်းကို ဘယ်တော့မှ မဆန့်ကျင်တော့ပါဘူး။"

"ခင်ဗျား အခုမှ ဒါကို စဉ်းစားမိတာ နောက်ကျသွားပြီ။ ဒီလောကမှာ 'နောင်တဆေး' ဆိုတာ မရှိဘူး။ ခင်ဗျား ကျုပ်ကို ချောင်းမြောင်းတိုက်ခိုက်တုန်းကသာ ဒါကို စဉ်းစားမိခဲ့ရင် တော့ ကောင်းမွန်တဲ့ရလဒ်တွေ ဖြစ်မှာပေါ့။ ကံမကောင်းတာက 'ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရပြီး၊ မကောင်းတာလုပ်ရင် မကောင်းကျိုး ခံစားရတာ' ပဲ။ ဒီနေ့တော့ ခင်ဗျားဟာ ချိတ်ပိတ်ခြင်းဘေးကနေ လုံးဝ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး။"

ဟုန်ယွိသည် မိုးကြိုးရေကန်အနားတွင် ရပ်နေပြီး သူ၏ အသံမှာ ကန်အောက်ခြေသို့ ပဲ့တင်ထပ်သွားသည်။

"ဘာ..." ဟုန်ယွိ၏ အသံကို ကြားလိုက်ရချိန်တွင် ရှင်းချန်ကျိသည် မျှော်လင့်ချက်အားလုံး ကုန်ဆုံးသွားပြီဖြစ်ကြောင်းနှင့် မည်သို့မျှ ရှောင်လွှဲ၍ မရတော့ကြောင်း သိလိုက်ရသည်။ "ဟုန်ယွိ... ဒီနေ့တော့ မင်းနဲ့ငါ သူသေကိုယ်သေပဲ။ ငါ ကောင်းကင်နဲ့ မြေကြီးကြားမှာ ပျက်စီးပြီး ပျောက်ကွယ်သွားပါစေ၊ ငါ့ကံကြမ္မာကို မင်းလက်ထဲ အပ်ပြီး အုပ်ချုပ်ခိုင်းမှာ မဟုတ်ဘူး။ ငါ့ကံကြမ္မာက ငါ့လက်ထဲမှာပဲ ရှိတယ်။"

ပြောပြောဆိုဆိုဖြင့် ရှင်းချန်ကျိထံမှ ပြင်းထန်သော စိတ်ဆန္ဒတစ်ခု ပေါက်ကွဲထွက်လာ သည်။ ၎င်းမှာ ရှင်သန်လိုသော စိတ်ဆန္ဒဖြစ်သော်လည်း အသေအလဲ တိုက်ခိုက်မည့် ပြတ်သားမှုများလည်း ပါဝင်နေသည်။

"ကြယ်မြေပုံ၊ ငါ့အတွက် ပေါက်ကွဲစမ်း။"

သူ၏ခန္ဓာကိုယ်သည် အထက်သို့ ထိုးတက်သွားပြီး သူ့ကို ရစ်ပတ်လွှမ်းခြုံထားသော 'ကြယ်မြေပုံ' မှာ ဂျင်တစ်ခုကဲ့သို့ အရှိန်အဟုန်ဖြင့် လည်ပတ်နေသည်။ ရှင်းချန်ကျိသည် မိုးကြိုးရေကန်ထဲမှ အတင်းခုန်ထွက်လိုက်ပြီး ဟုန်ယွိကို မြင်သည်နှင့် တစ်ပြိုင်နက် နှစ်ဦး စလုံး အတူတူ သေကျေပျက်စီးသွားစေရန် ရည်ရွယ်ချက်ဖြင့် ခုန်အုပ်လိုက်တော့သည်။

"အိပ်မက်ယောင်နေတာပဲ၊ အင်မော်တယ် ကျောက်စာတိုင်"

ရှင်းချန်ကျိ၏ တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ဟုန်ယွိသည် တစ်ချက်မျှ မလှုပ်ရှား ပေ။ သူ၏ လက်ထဲရှိ အင်မော်တယ် ကျောက်စာတိုင်မှာ အရှိန်အဟုန်ဖြင့် လည်ပတ်သွား ပြီးနောက် ရုတ်တရက် အပြင်သို့ ပစ်ထွက်သွားကာ ရှင်းချန်ကျိ၏ ဦးခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ရိုက်ချလိုက်လေသည်။

ဘုန်း…..

ရှင်းချန်ကျိသည် အင်မော်တယ် ကျောက်စာတိုင်၏ တိုက်ရိုက် ရိုက်ချက်ကို အရှိန်အဟုန် ဖြင့် ခံလိုက်ရသည်။ ထိုဒဏ်ချက်ကြောင့် သူ၏ အကာအကွယ် မှော်ရတနာမှာ ပြင်းထန်စွာ တုန်ခါသွားရုံမက၊ သူ၏ဝိညာဉ်သုံးပါးမှာလည်း ကိုယ်ပြင်ပသို့ လွင့်စင်ထွက်လုနီးပါး ဖြစ်သွားရသည်။ မျက်လုံးထဲတွင် ရွှေစင်ကြယ်များ ဝေသွားကာ ခန္ဓာကိုယ်တွင်းရှိ အသက် သွေးကြောများနှင့် စွမ်းအင်များမှာလည်း ဖရိုဖရဲ ဖြစ်ကုန်သည်။ သူ၏ စိတ်အာရုံမှာ တစ်ချက်တွင် သာယာကြည်နူးသလို၊ တစ်ချက်တွင် သေလုမတတ် ခံစားရသလိုဖြင့် ဝေဝါးသွားကာ နောက်ဆုံးတွင် သွေးစိမ်းရှင်ရှင် တစ်ချက် အန်ထုတ်လိုက်ရလေသည်။ (ဝိညာဉ်သုံးပါးဟူသည် အထက်ဝိညာဉ် ဦးနှောက်ထဲမှာ ရှိပြီး အာရုံငါးပါးနဲ့ လောဘကို ထိန်းချုပ်တယ်။ အလယ်ဝိညာဉ်: ရင်ဘတ်ထဲမှာ ရှိပြီး စိတ်ခံစားမှုနဲ့ ဒေါသကို ထိန်းချုပ် တယ်။ အောက်ဝိညာဉ်: ဝမ်းဗိုက်ထဲမှာ ရှိပြီး ကာမဂုဏ်နဲ့ သေခြင်းတရားကို ထိန်းချုပ် တယ်။)

"ခွာထုတ်စမ်း"

ဟုန်ယွိက အင်မော်တယ် ကျောက်စာတိုင်ကို ညွှန်လိုက်ရာ ထိုမှနေ၍ မရေမတွက်နိုင် သော မှော်သင်္ကေတများ ထွက်ပေါ်လာသည်။ ထိုမှော်သင်္ကေတများသည် စီးဆင်းနေသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး 'ကြယ်မြေပုံ' အတွင်းသို့ ထိုးဖောက်ဝင်ရောက် ကာ အထက်သို့ လှန်ပစ်လိုက်သည်။ တစ်ခဏအတွင်းမှာပင် ရှင်းချန်ကျိ၏ အသက်နှောင် ဖွဲ့ ရတနာဖြစ်သည့် 'ကြယ်မြေပုံ' မှာ အတင်းအဓမ္မ ခွာထုတ်ခြင်းခံလိုက်ရပြီး ဟုန်ယွိ၏ လက်ထဲသို့ ကျရောက်သွားတော့သည်။

"ခင်ဗျားရဲ့ ဒီမှော်ရတနာကိုလည်း ကျုပ် မယူပါဘူး။ ဒါတွေအားလုံးကို မင်းရဲ့ ဝိညာဉ်ထဲမှာ ပဲ ချိတ်ပိတ် ပေးထားမယ်။ ခင်ဗျား ပြန်လည်ဝင်စားပြီးတဲ့အခါ ဒီရတနာကို ခင်ဗျား ပြန်သုံး လို့ရသေးတာပေါ့။ အတွေးစတွေကို နှုတ်ယူစမ်း။ အတွေးစတွေကို ချိတ်ပိတ်စမ်း။ မူလ အခြေအနေကို ပြန်သွားစမ်း... ခင်ဗျားရဲ့ ကလေးဘဝ မှတ်ဉာဏ်တွေဆီကို ပြန်သွား။"

ပြောပြောဆိုဆိုဖြင့် အင်မော်တယ် ကျောက်စာတိုင်သည် ရုတ်တရက် ထပ်မံဖိနှိပ်လိုက်ရာ ရှင်းချန်ကျိ၏ စိတ်ဝိညာဉ် အတွေးစအားလုံးကို ကျောက်စာတိုင်အတွင်းသို့ စုပ်ယူလိုက် သည်။

ချက်ချင်းပင် ရှင်းချန်ကျိ၏ မှတ်ဉာဏ်အပိုင်းအစများကို ရွေးချယ်ပြီး ချိတ်ပိတ်လိုက်သည်။ အချို့သော မှတ်ဉာဏ်များကိုမူ တိုက်ရိုက်ထုတ်ယူကာ 'သူရဲကောင်းမှတ်တမ်း' အတွင်းသို့ ပေါင်းစပ်ထည့်သွင်းလိုက်သည်။

နောက်ဆုံးတွင် အသံနက်ကြီးနှင့်အတူ ရှင်းချန်ကျိ၏ ခန္ဓာကိုယ်မှာ 'ထိုက်ကျိ မိုးကြိုး ရေကန်' အတွင်းသို့ တောင့်တောင့်ကြီး ပြန်လည်ကျဆင်းသွားပြီး သူ၏ စိတ်ဝိညာဉ်မှာမူ ဆယ်နှစ်သား ကလေးငယ်တစ်ဦး၏ ပုံစံသို့ ပြောင်းလဲသွားလေတော့သည်။

"ခင်ဗျားက ဘယ်သူလဲ။ ကျွန်တော် ဘာလို့ ဒီကို ရောက်နေတာလဲ။" ဆယ်နှစ်သား ကလေးငယ်၏ ကိုယ်ထည်ဖြင့် စိတ်ဝိညာဉ်က ဟုန်ယွိကို ထိတ်လန့်တကြား ကြည့်ကာ မေးလိုက်သည်။

"အလွန်ကောင်းတယ်။ ဒါက သူ အသက်ဆယ်နှစ်အရွယ်တုန်းက ရှင်းချန်ကျိပဲ။ အခုတော့ သူ ပြန်လည်ဝင်စားဖို့ အသင့်ဖြစ်ပြီ။" ဤကလေးငယ်သည် အသက်ဆယ်နှစ်အရွယ် ရှင်းချန်ကျိ ဖြစ်ကြောင်း ဟုန်ယွိက တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ အကြောင်းမှာ သူသည် ရှင်းချန်ကျိ၏ အသက် ၁၂ နှစ်အထိ မှတ်ဉာဏ်များကိုသာ ချန်ထားပေးခဲ့ပြီး သူ တာအိုမှော်ပညာရပ်များ စတင်ကျင့်ကြံပြီးနောက်ပိုင်း မှတ်ဉာဏ်အားလုံးကို သူ နှုတ်ယူပစ် လိုက်သောကြောင့် ဖြစ်သည်။

စာစဉ် (၆၁) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters