← Chapters

အခန်း (၆၄၁-၆၄၂)

Vol. 62 Ch. 641-642

အခန်း (၆၄၁-၆၄၂)

Vol. 62 Ch. 641-642

အခန်း (၆၄၁)။

“ငါက ဘယ်သူလဲ ဟုတ်လား... ငါက မင်းရဲ့ ဆရာပေါ့။ နောင်တစ်ချိန်မှာ မင်းအနေနဲ့ ‘ကောင်းကင်တာအို’ ကို ကျင့်ကြံပြီး ‘ပြောင်းလဲခြင်းပညာရပ်’ ကို နားလည် သဘော ပေါက်ချင်တယ်ဆိုရင် ငါ့ရဲ့လမ်းညွှန်မှု လိုအပ်လိမ့်မယ်။ အခုတော့ ကောင်းကောင်း အနားယူနေလိုက်ပါဦး၊ မင်းကို မင်းကို ပြန်လည်မွေးဖွားနိုင်အောင် ငါ စီစဉ်ပေးပါ့မယ်။"

လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က တာအိုဘိုးဘေး သုံးဦးအနက် တစ်ဦးဖြစ်ခဲ့ပြီး ယခုအခါ ဆယ့်နှစ်နှစ်သားအရွယ် မှတ်ဉာဏ်သာ ကျန်ရှိတော့သည့် ‘ရှင်းချန်ကျိ’ ကို ကြည့် ရင်း ဟုန်ယွိက ပြုံးလျက် သူ့ဝတ်ရုံလက်မောင်းစကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် စကြဝဠာကြီးတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရပြီး ထိုရှင်းချန်ကျိမှာ သူ၏ ဝတ်ရုံလက်မောင်းအတွင်းသို့ စုပ်ယူခြင်းခံလိုက်ရကာ သဲလွန်စမကျန် ပျောက်ကွယ်သွား လေသည်။ သူသည် ငြိမ်သက်စွာ ကျင့်ကြံနိုင်မည့် နေရာတစ်ခုသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

"သူ့အတွက် ဘယ်လို ခန္ဓာကိုယ်မျိုးမှာ လူပြန်ဝင်စားရင် ကောင်းမလဲဆိုတာ ငါ စဉ်းစားရ ဦးမယ်။ ဒါပေမဲ့ ဒါက လောစရာမလိုပါဘူး၊ တဖြည်းဖြည်းချင်းပဲ လုပ်ဆောင်ရမှာပါ။"

ဟုန်ယွိသည် 'ထိုက်ကျိ မိုးကြိုးရေကန်' အောက်ခြေတွင် တရားထိုင်လျက် အနေအထား ဖြင့် နစ်မြုပ်နေပြီး အသက်စွမ်းအင် ကင်းမဲ့သွားပြီဖြစ်သည့် 'ရှင်းချန်ကျိ' ၏ ရုပ်ခန္ဓာကို ကြည့်လိုက်သည်။

“ရှင်းချန်ကျိရဲ့ ခန္ဓာကိုယ်က တကယ်ကို ‘လူသားအင်မော်တယ်’ အဆင့်အထိ ရောက်နေ တာပဲ။ အစောပိုင်းအဆင့်ပဲ ရှိသေးတယ်ဆိုပေမဲ့ သူ ဘယ်လိုလုပ်ခဲ့တာလဲ။ အခုတော့ စိတ်ဝိညာဉ် ကျင့်ကြံမူ မရှိတော့တဲ့အတွက် ဒီခန္ဓာကိုယ်ဟာ မကြာခင်မှာပဲ ခြောက်သွေ့ သွားတော့မယ်။ ဒါက တကယ့်ကို နှမြောစရာပဲ။ ဒါကို မှော်ရတနာအဖြစ် သန့်စင်မယ်ဆို ရင်လည်း သိပ်ပြီး ထိရောက်မှာ မဟုတ်ဘူး။ သူ့ကို ‘အတွေးမဲ့ငြိမ်သက်ခြင်း နယ်ပယ်’ မှာပဲ ဆက်ပြီး ကျင့်ကြံခိုင်းထားရင် မကောင်းဘူးလား။”

ရှင်းချန်ကျိ၏ ခန္ဓာကိုယ်မှာ တာအိုဂိုဏ်းချုပ်ကြီးများ၏ အဆင့်မြင့် နည်းလမ်းများဖြင့် သန့်စင်ထားသည့် ‘လူသားအင်မော်တယ်’ ခန္ဓာကိုယ် ဖြစ်လေသည်။ သူ မည်သို့ ပြုလုပ်ခဲ့ သည်ကို မည်သူမျှ မသိနိုင်သော်လည်း ‘မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ’ ရှိ တာအိုဘိုးဘေးသုံးဦး၏ အရင်းအမြစ် စုဆောင်းမှုမှာ အလွန်ကြီးမားကြောင်း သိသာလှပါ သည်။

‘မုန့်ရှန်းကျီ’ သည် လူသားအင်မော်တယ် ခန္ဓာကိုယ် ရရှိရန်အတွက် ‘ကောင်းကင် အနှစ်သာရ ရွှေဆေးလုံး’ ကို သန့်စင်ရန် လိုအပ်ခဲ့ပြီး အလွန်ခက်ခဲသော ပြဿနာများဖြင့် ကြုံတွေ့ခဲ့ရသည်။ ဟုန်ယွိကိုယ်တိုင်မူ ရွှေရောင်ပါရမီတံတားကို နားလည်သဘောပေါက် ပြီး ‘နဂါးစွယ်ဆန်’ ကို စားသုံးခြင်းဖြင့်သာ လူသားအင်မော်တယ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ဤတာအိုဘိုးဘေး သုံးဦးမှာမူ မည်သည့်အကူအညီမျှ မပါဘဲ သူတို့၏ ခန္ဓာကိုယ်ကို လူသားအင်မော်တယ် အဆင့်အထိ အတင်းအကျပ် မြှင့်တင်နိုင်ခဲ့ကြသည်မှာ သူတို့၏ ကျွမ်းကျင်မှုကို သက်သေပြနေခြင်း ဖြစ်သည်။

သို့သော်လည်း ဤတာအိုဘိုးဘေးသုံးဦးမှာ ဝါစဉ်အရမူ ‘မုန့်ရှန်းကျီ’ ထက်ပင် ပို၍ ရှေးကျ သည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က သူတို့သည် တာအိုဂိုဏ်းခုနှစ်ခု၏ ‘တာအို သားတော်ခုနှစ်ဖော်’ တွင် ပါဝင်ခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့် သူတို့အနေဖြင့် လျှို့ဝှက်နည်းစနစ်များကို သိရှိနေခြင်းမှာ ထူးဆန်းလှသည် မဟုတ်သဖြင့် ဟုန်ယွိသည် အံ့ဩခြင်း မရှိပေ။

ယခုအခါ သူ၏ကျင့်ကြံမှု မြင့်မားလာသည်နှင့်အမျှ သူ၏ အမြင်များမှာလည်း ပိုမိုကျယ်ပြန့် လာပြီး အကြောင်းအရာများစွာကို သိရှိလာခဲ့ပြီ ဖြစ်သည်။ ‘ခုန်း’၊ ‘ရှောင်ရှိူက်’၊ ‘သခင်လေး ရှူ’၊ ‘ကောင်းကင်ဘုံဖခင်ကြီး’ နှင့် ‘အနန္တထိတ်လန့်ခြင်းနတ်ဘုရားဘုရင်’ တို့ကဲ့သို့ အနှိုင်း မဲ့ အစွမ်းထက်သော တည်ရှိမှုများကိုလည်း သူ မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ အဆုံးမဲ့ စကြဝဠာ ကြီးအတွင်း၌ ပညာရှင်များမှာ မိုးတိမ်များအလား များပြားလှကြောင်း ဟုန်ယွိ သိရှိထား သည်။ အတိတ်ကာလကမူ သူ၏ကျင့်ကြံမှုမှာ နိမ့်ပါးလွန်းလှသဖြင့် သူတို့နှင့် ဆုံတွေ့ခွင့် မရရှိခဲ့ခြင်းသာ ဖြစ်လေသည်။

“အတွေးမဲ့ ငြိမ်သက်ခြင်း၊ အသက်စွမ်းအင် ဖြည့်တင်းခြင်း။”

ရှင်းချန်ကျိကို မိုးကြိုးကန်၏ အောက်ခြေတွင် နှစ်မြှုပ်လိုက်ပြီးနောက် ဟုန်ယွိက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် မိုးကြိုးလျှပ်စီး အလင်းတန်းများစွာမှာ လက်ဝါးခန့်ရှိသော မှော်သင်္ကေတများအဖြစ် အပြန်အလှန် ယှက်နွယ်သွားကြသည်။ ထိုမှော်သင်္ကေတများမှာ လည်ပတ်သွားပြီး နက်နဲသော ‘ကြယ်ငါးပွင့် အစီအရင်’ တစ်ခု အဖြစ် ပေါင်းစပ်သွားလေသည်။

ထိုအစီအရင်အတွင်း၌ ရှင်းချန်ကျိ၏ ရုပ်ခန္ဓာကိုယ်မှာ အသက်စွမ်းအင်များ ပြန်လည် ရရှိလာသည့်အလား ရှိနေသည်။ သူသည် မျက်လုံးများကို ဖွင့်လိုက်ပြီး မတ်တတ်ရပ်ကာ သိုင်းပညာ လှုပ်ရှားမှုများကို တစ်ခုပြီးတစ်ခု ဖြည်းဖြည်းချင်း လေ့ကျင့်နေလေသည်။ သူသည် အမှန်တကယ်ပင် ‘အတွေးမဲ့ ငြိမ်သက်ခြင်းနယ်ပယ်’ အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

“အသက်စွမ်းအင် ဖြည့်တင်းခြင်း အစီအရင်။”

ရှင်းချန်ကျိ အတွေးမဲ့ နယ်ပယ်ထဲသို့ ရောက်သွားသည့်အခါ ဟုန်ယွိ၏ လက်ချောင်းများ လှုပ်ရှားသွားပြီး နောက်ထပ် အစီအရင်တစ်ခုကို ထပ်မံ ချလိုက်ပါသည်။ ၎င်းမှာ အသက် စွမ်းအင် ဖြည့်တင်းခြင်း အစီအရင်ပင် ဖြစ်လေသည်။ ဤအစီအရင်သည် ကောင်းကင်နှင့် မြေကြီး၏ အသက်စွမ်းအင်များကို စုပ်ယူကာ လူသား၏ ချွေးပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်စေပြီး ခန္ဓာကိုယ်ကို အမြဲတမ်း သန့်ရှင်းနေစေပါသည်။ တစ်ချိန် တည်းမှာပင် ၎င်းသည် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရများကို စုပ်ယူပေးနိုင် သဖြင့် အစားမစားဘဲနှင့်ပင် သန်စွမ်းသော အသက်စွမ်းအင်နှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် ‘အတွေးမဲ့ အစီအရင်’ နှင့် ‘အသက်စွမ်းအင် ဖြည့်တင်းခြင်း အစီအရင်’ နှစ်ခုပေါင်းစပ်လိုက်ခြင်းဖြင့် ဤအစီအရင်အတွင်းသို့ ဝင်ရောက်သူ မည်သူ မဆို နေ့ရောညပါ သတိလစ်မေ့မြောနေသည့် အခြေအနေမျိုးဖြင့် ကျင့်ကြံနေမည် ဖြစ်ပြီး သူတို့ကို ဂရုစိုက်ပေးရန်ပင် မလိုအပ်တော့ပေ။

“တကယ်ကို အစွမ်းထက်တဲ့ အကျိုးသက်ရောက်မှုပဲ” ရှင်းချန်ကျိ သိုင်းပညာ လေ့ကျင့်နေ သည်ကို ကြည့်ရင်း ဟုန်ယွိက ချီးကျူးလိုက်မိသည်။ သူသည် အတွေးတစ်ချက်ဖြင့် သူ၏ လက်ထဲရှိ ‘အင်မော်တယ် ကျောက်စာတိုင်’ ကို လှုပ်ခါလိုက်ရာ ၎င်းမှာ ချက်ချင်းပင် ဆန်စေ့ခန့်အဖြစ် သေးငယ်သွားလေသည်။

“မင်းရဲ့ ခန္ဓာကိုယ်အစစ်နဲ့ ထွက်ခဲ့စမ်း။”

ဟုန်ယွိ၏ အစစ်မှန် ခန္ဓာကိုယ်မှာ လူသားအင်မော်တယ် အစောပိုင်းအဆင့်တွင်သာ ရှိသေးသဖြင့် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်တွင် ရှိနေသော ‘နတ်ဘုရား ကျောက်တုံး ဝိညာဉ်သန္ဓေသား’ နှင့် ယှဉ်လျှင် အလှမ်းဝေးနေပါသေးသည်။ ထို့ကြောင့် သူ၏ အစစ်မှန် ခန္ဓာကိုယ်ကိုလည်း ‘အတွေးမဲ့ ငြိမ်သက်ခြင်းနယ်ပယ်’ တွင် ပြုစုပျိုး ထောင်ရန် လိုအပ်ပါသည်။

သေးငယ်သွားသော ‘အင်မော်တယ် ကျောက်စာတိုင်’ မှာ သူ၏ အစစ်မှန် ခန္ဓာကိုယ်၏ နဖူးအတွင်းသို့ ဝင်ရောက်သွားလေသည်။ ထို့နောက် စိတ်ဝိညာဉ်၏ လှုပ်ရှားမှု မရှိဘဲနှင့် ပင် သူ၏ အစစ်မှန် ခန္ဓာကိုယ်မှာလည်း ဖြည်းဖြည်းချင်း စတင် လှုပ်ရှားလာပြီး အသက် စွမ်းအင်လှိုင်းများက ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ပေးနေလေသည်။

“အင်မော်တယ် ကျောက်စာတိုင်မှာ ကျင့်ကြံခြင်းကို အထောက်အကူပြုတဲ့ အကျိုးအာနိ သင် ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ နောင် ငါ အပြင်ထွက်တဲ့အခါ ငါ့ရဲ့ အစစ်မှန် ခန္ဓာကိုယ်က ကျိုးယွိအကယ်ဒမီမှာ ကျန်ခဲ့ပြီး အရာအားလုံးကို စောင့်ကြည့်နေလိမ့်မယ်။ တကယ်လို့ နတ်ဆိုးတွေ လာပြီး ပြဿနာရှာမယ်ဆိုရင် ငါ့ရဲ့ အစစ်မှန် ခန္ဓာကိုယ်နဲ့ အင်မော်တယ် ကျောက်စာတိုင်ရှိနေရင်ကို လုံလောက်ပြီ။” ဟုန်ယွိက ခေါင်းညိတ်လိုက် သည်။ ‘သူတော်စင်ပေါင်းစုံ ခန်းမ’ သည်လည်း ဆန်စေ့ခန့်အထိ သေးငယ်သွားပြီး သူ၏ အထွတ်အထိပ် လူသားအင်မော်တယ်ခန္ဓာကိုယ် ကိုယ်ပွား၏ နဖူးအတွင်းသို့ ဝင်ရောက် သွားလေသည်။ ထို့နောက် သူသည် ကျိုးယွိအကယ်ဒမီရှိ သူ၏ အခန်းထဲမှ ထွက်ခွာလာခဲ့ သည်။

ယခုအခါ ဆောင်းရာသီ၏ အလယ်ဗဟိုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကျောက်စိမ်းမြို့တော် တွင် နှင်းများကျနေသည်မှာ ကြာပြီဖြစ်ပြီး နှစ်ကုန်ပိုင်းသို့ နီးကပ်နေပြီ ဖြစ်သည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဖြူဖွေးနေသော်လည်း ကျိုးယွိအကယ်ဒမီ အတွင်း၌မူ ဆီးနှင်း မြတ်လေးပန်းများမှာ ဖူးပွင့်ဝေဆာနေကြလေသည်။ ထိုပန်းရနံ့များမှာ ကောင်းကင်ဘုံ ကိုးထပ်အထိ ပျံ့လွင့်နေသကဲ့သို့ ခံစားရသည်။ ပန်းတောအောက်တွင် အကယ်ဒမီမှ ပညာသင်ဆုရ ကျောင်းသားများမှာ စာဖတ်ခြင်း၊ သီချင်းဆိုခြင်း၊ ကဗျာရေးခြင်းနှင့် ပန်းချီဆွဲခြင်းများဖြင့် နေရာအနှံ့ ရှိနေကြလေသည်။

အခန်းများစွာထဲမှလည်း စာဖတ်သံများကို ကြားနေရပါသည်။ ဟုန်ယွိ၏ ဂုဏ်သတင်းမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေပြီ ဖြစ်သောကြောင့် သူ၏ စာပေစွမ်းရည်နှင့် အသိပညာများမှာ လောကတစ်ခုလုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ‘ပြောင်းလဲခြင်းကျမ်း’ မှာ ကျော်ကြား လာပြီး လောကကြီးကို လမ်းပြပေးနေလေသည်။ တော်ဝင်ချန် တစ်နိုင်ငံလုံးရှိ လူငယ်များ မှာ ကျိုးယွိအကယ်ဒမီသို့ လာရောက်ကာ တပည့်အဖြစ် ခံယူလိုကြပြီး ‘ပြောင်းလဲခြင်း ကျမ်း’ ကို လေ့လာလိုသူများမှာ အဆက်မပြတ် ရှိနေလေသည်။

လောကအနှံ့မှ ထူးချွန်ထက်မြက်သော အမျိုးသမီးများပင်လျှင် သူ၏ထံ၌ ပညာသင်ကြား ရန် လာရောက်ကြလေသည်။ ဟုန်ယွိ၏ အကယ်ဒမီတွင် အမျိုးသားရော အမျိုးသမီးပါ ပညာသင်ကြားနိုင်ခြင်းမှာ ကွန်ဖူးရှပ်ဝါဒ၏ ရိုးရာယဉ်ကျေးမှုကို ချိုးဖောက်လိုက်ခြင်းပင် ဖြစ်လေသည်။

အကယ်၍သာ သာမန်အကယ်ဒမီတစ်ခုက အမျိုးသားနှင့် အမျိုးသမီးကို အတူတကွ ပညာသင်ကြားစေမည်ဆိုပါက ကွန်ဖူးရှပ်ဝါဒမှ ပညာရှင်ကြီးများ၏ တိုက်ခိုက်ခြင်းကို သေချာပေါက် ခံရမည် ဖြစ်သည်။ သို့သော်လည်း ဟုန်ယွိမှာ ‘ဒုတိယသူတော်စင်’ တစ်ဦး ဖြစ်ရုံသာမက ‘ချီလင်’ လာရောက်ခြင်းဟူသော မင်္ဂလာလက္ခဏာကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ၏ လှုပ်ရှားမှုတိုင်းမှာ သူတော်စင်တစ်ဦး၏ စကားတော်များကို ကိုယ်စားပြု နေပြီး သူသည် ပြောဆိုပိုင်ခွင့် အပြည့်အဝ ရှိနေလေသည်။ ထို့ပြင် သူ၏ ဂုဏ်သတင်းမှာ အလွန်ကြီးမားလှသဖြင့် ‘ဥတုလေးပါး အကယ်ဒမီ’ မှ ကျောင်းအုပ်ကြီး ‘ဟွမ်ထျန်းပေါ်’ ပင်လျှင် ဟုန်ယွိ၏ ဆဲဆိုမှုကြောင့် သေဆုံးခဲ့ရသည်ဖြစ်ရာ မည်သူမျှ သူ့ကို ဆန့်ကျင်ရန် မဝံ့ရဲကြပေ။

တခါတရံတွင် ဟုန်ယွိသည် ‘ပြောင်းလဲခြင်းကျမ်း’ နှင့် ကျမ်းဂန်များအကြောင်းကို ဟောပြောလေ့ရှိသည်။ သူသည် ကျင့်ကြံခြင်းတစ်ခုတည်းကိုသာ ဇောက်ချလုပ်နေသူ မဟုတ်ပေ။

သို့သော်လည်း ကျိုးယွိအကယ်ဒမီ တည်ထောင်ခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း ဟုန်ယွိ သည် ကျောင်းသားများစွာကို သင်ကြားပေးခဲ့ပြီး ဟောပြောပွဲများစွာ ပြုလုပ်ခဲ့သော်လည်း သူ၏ တပည့်အစစ်အဖြစ် သတ်မှတ်နိုင်သည့် ‘သူတော်စင် ၇၂ ပါး’ ထဲမှ တစ်ဦး တစ်ယောက်မျှ ပေါ်ထွက်လာခြင်း မရှိသေးပေ။

အမှန်စင်စစ် ဟုန်ယွိ၏ တပည့်အဖြစ် ခံယူကာ သူတော်စင်၏ တပည့် ဖြစ်လိုသော ပညာရှင်များစွာ ရှိပါသည်။ ‘ပြောင်းလဲခြင်းကျမ်း’ မှာ လောကတွင် ပိုမိုကျော်ကြားလာပြီး ဟုန်ယွိကိုယ်တိုင်လည်း ပညာရှင် သူတော်စင်ဟူသော ဘွဲ့ကို ခံယူထားပြီး ဖြစ်ရာ သူ၏ အရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ မည်သူက သူတော်စင်တစ်ပါး၏ တပည့် မဖြစ်လိုဘဲ နေပါမည်နည်း။

“ယူလူလက်... မုရုန်ယန်... မကြာသေးခင်က ကျိုးယွိအကယ်ဒမီရဲ့ အခြေအနေတွေ ဘယ်လိုရှိလဲ။”

အပြင်သို့ ထွက်လာပြီးနောက် ဟုန်ယွိသည် အကယ်ဒမီ၏ အမြင့်ဆုံးနေရာဖြစ်သော ‘ပြောင်းလဲခြင်းမျှော်စင်’ သို့ တက်လာခဲ့သည်။ ထိုနေရာမှ ကြည့်လျှင် ကျောက်စိမ်း မြို့တော် တစ်မြို့လုံးကို မြင်တွေ့နိုင်ရုံသာမက မြို့တော်၏ နန်းတော်ကြီးကိုပင် ကွင်းကွင်း ကွက်ကွက် မြင်နေရလေသည်။

ကျိုးယွိအကယ်ဒမီကို အတွင်းဝင်းနှင့် အပြင်ဝင်းဟူ၍ နှစ်ပိုင်း ခွဲခြားထားပါသည်။ အပြင်ဝင်းမှာ တပည့်များကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံသည့်နေရာ ဖြစ်ပြီး၊ အတွင်းဝင်း မှာမူ အကယ်ဒမီရှိ ပညာရှင်ကြီးများ နေထိုင်ရာ နေရာဖြစ်သည်။ ထိုနေရာမှာပင် အမျိုးသမီးများ နေထိုင်ရာ၊ အစေခံများဝင်းကို စောင့်ကြပ်ရာနှင့် ကိုယ်ပိုင်စစ်သည်များကို လျှို့ဝှက်လေ့ကျင့်ပေးရာ နေရာလည်း ဖြစ်ပါသည်။ ဟုန်ယွိ၏ ‘ပြောင်းလဲခြင်းမျှော်စင်’ သာလျှင် ဤမျှအထိ မြင့်အောင် တည်ဆောက်နိုင်ခြင်း ဖြစ်သည်။ မဟုတ်ပါက မည်သည့် မင်းသား၏ အိမ်တော်ဖြစ်စေ နန်းတော်ရှိ ‘ဖီးနစ်ငါးပါးမျှော်စင်’ နှင့် ‘ကောင်းကင်ပူဇော် ခြင်း မျှော်စင်’ တို့နှင့် အဆင့်တူအောင် တည်ဆောက်မည်ဆိုပါက နိုင်ငံတော်ပုန်ကန်မှု အဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။

လက်ရှိတွင် ကျိုးယွိအကယ်ဒမီ၏ အတွင်းရေး ကိစ္စများကို စီမံခန့်ခွဲနေသူများမှာ ယူလူလက်၊ မုရုန်ယန်၊ ဟွာနွန်းယွီနှင့် ဟွာနွန်ယင်တို့ ဖြစ်ကြပါသည်။ ဤအမျိုးသမီး လေးဦးစလုံးမှာ စီမံခန့်ခွဲမှုစွမ်းရည် အလွန်မြင့်မားသူများ ဖြစ်ကြပြီး အကယ်ဒမီ တစ်ခုလုံး ကို စနစ်တကျ လည်ပတ်စေနိုင်ကြလေသည်။ ထို့ပြင် သူတို့ကို ‘ရှဲ့ဝန်ယွမ်’ နှင့် တခြားလူများကလည်း ကူညီပေးနေကြပါသည်။

ဟုန်ယွိသည် သူ၏ ကျင့်ကြံမှုတွင် အောင်မြင်မှုအချို့ ရရှိထားသဖြင့် အကယ်ဒမီအတွင်း၌ လိုအပ်ချက်များ ရှိမရှိ သိရှိနိုင်ရန် ‘ပြောင်းလဲခြင်းမျှော်စင်’ သို့ လာရောက်မေးမြန်းခြင်း ဖြစ်သည်။

“သခင်လေး... အကယ်ဒမီတစ်ခုလုံးက အလုပ်တွေ စလုပ်နေပါပြီ။” ဟုန်ယွိ ရုတ်တရက် ပေါ်လာသည်ကို မုရုန်ယန်က အံ့ဩခြင်း မရှိဘဲ ပြောလိုက်သည်။ “ဒီရက်ပိုင်းအတွင်းမှာပဲ ကျောက်စိမ်းမြို့တော်က အငြိမ်းစား ပညာရှင်ကြီးတွေနဲ့ အရင်မင်းဆက်ရဲ့ နန်းတွင်း ပညာရှင်အချို့ကိုလည်း ဖိတ်ကြားထားပါတယ်။ သူတို့ကို ဟောပြောပို့ချသူတွေအဖြစ် လက်ခံပေးဖို့ တန်ဖိုးကြီး လက်ဆောင်တွေနဲ့အတူ ဖိတ်ကြားခဲ့ရာမှာ သူတို့အားလုံးက သဘောတူခဲ့ကြပါတယ်။”

“သူတို့ သဘောမတူရင်တောင် ‘နဂါးစွယ်ဆန်’ ကြောင့် သဘောတူကြရမှာပါ။ နဂါးစွယ် ဆန် မျိုးစေ့တွေကို ကြေညာပြီး တချို့သော အထက်တန်းလွှာ မိသားစုတွေနဲ့ ကောလိပ် တွေကို ဝေငှပေးခဲ့ပေမဲ့ ကျွန်မတို့ရဲ့ ကျိုးယွိအကယ်ဒမီမှာပဲ ဒါကို စိုက်ပျိုးနိုင်တာလေ။” ယူလူလက်က ဝင်ပြောလိုက်သည်။

“ရှဲ့ဝန်ယွမ်ကလည်း ပညာရှင်အုပ်စုတစ်စုကို ဆက်သွယ်ထားပြီး သူတို့လည်း အကယ်ဒမီ မှာပဲ နေထိုင်နေကြပါတယ်။ သူတို့ဟာ နေ့တိုင်း ‘ပြောင်းလဲခြင်းကျမ်း’ ကို လေ့လာနေကြ ပြီး သင်ကြားမှုတွေလည်း လုပ်နေကြတယ်။ အခုဆိုရင် ကျောင်းသားတွေနဲ့ ပညာရှင်တွေ ဟာ ကျောက်စိမ်းမြို့တော်က အကယ်ဒမီဆီကို တဖွဲဖွဲ လာနေကြပြီ။ အစိုးရကျောင်းတွေ မှာ ကျောင်းသား သိပ်မကျန်တော့ဘူး။ မင်းသား၊ မင်းသမီးအချို့တောင်မှ ကျွန်မတို့ အကယ်ဒမီဆီကို တခါတရံ လာတတ်ကြတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးမှာ အကယ်ဒမီခွဲတွေ ဖွင့်ဖို့ကတော့ ပြဿနာအချို့ ရှိနေပါသေးတယ်။ အချိန်တိုအတွင်းမှာ ‘အလယ်ပိုင်း ကောင်းကင်နိုင်ငံ’ တစ်ခုလုံးကို ဖြန့်ကျက်ဖို့ မလွယ်သေးဘူး။”

ဟွာနွန်းယွီနှင့် ဟွာနွန်ယင်တို့က ဆက်ပြောပြပါသည်။ “အခုလောလောဆယ် ‘နန်ကျိုး’၊ ‘ချင်းကျိုး’ နဲ့ အရှေ့ဘက် ပြည်နယ် ခုနစ်ခုမှာပဲ အကယ်ဒမီခွဲတွေ ရှိပါသေးတယ်။ ကျန်တဲ့ ပြည်နယ်တွေမှာတော့ မရှိသေးပါဘူး။”

“နိုင်ငံတစ်ခုကို အုပ်ချုပ်တာက ငါးလေးတစ်ကောင်ကို ချက်ပြုတ်သလိုပဲ၊ အလျင်စလိုလုပ် လို့ မရဘူး။” ဟုန်ယွိက ခဏမျှ တွေးတောလိုက်ပြီး၊ “ထူးချွန်တဲ့လူတွေ ပိုများလာပြီး တာဝန်ယူနိုင်တဲ့လူတွေ ပိုရှိလာတဲ့အခါမှပဲ နေရာအနှံ့မှာ အကယ်ဒမီခွဲတွေ ဖွင့်နိုင်မှာပါ။ ‘ပြောင်းလဲခြင်းကျမ်း’ က အဓိက လမ်းစဉ်ဖြစ်လာပြီဆိုတော့ ကျိုးယွိအကယ်ဒမီက စာပေ လောကကို အုပ်စိုးဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတော့တာပါ။ ဒါနဲ့... မကြာသေးခင်က ဘာ သတင်းထူးတွေ ရှိသေးလဲ။”

“သတင်းတွေကတော့ အများကြီးရှိပါတယ်၊ ဒါပေမဲ့ သတိထားစရာ သတင်းက နှစ်ခုပဲ ရှိတယ်။ ပထမတစ်ခုကတော့ အနောက်ဘက်ဒေသ စစ်ပွဲမှာ ထူးထူးချွန်ချွန် အမှုထမ်းခဲ့တဲ့ လူတွေကို နန်းတော်က ရာထူးတိုးပေးနေပြီး တော်တော်များများကိုလည်း မြို့စား၊ နယ်စား ဘွဲ့တွေ ပေးအပ်နေပါတယ်။ ဧကရာဇ်ကိုယ်တိုင်က အနောက်ဘက်ဒေသကို တစ်ဖန် ပြန်လည်သိမ်းပိုက်ဖို့ ‘ရှောင်ရှိူက်’ကို စစ်တပ်တည်ထောင်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အစပိုင်းမှာတော့ နန်းတွင်းအမတ်တွေက ဒါဟာ လူအင်အားနဲ့ ငွေကြေးကို အလဟဿ ဖြုန်းတီးတာဆိုပြီး ကန့်ကွက်ခဲ့ကြသေးတယ်။ ဒါပေမဲ့ တစ်လအတွင်းမှာပဲ ရှောင်ရှိူက်ရဲ့ စစ်တပ်က အနောက်ဘက်ဒေသက မြို့အချို့ကို သိမ်းပိုက်နိုင်ခဲ့တယ်။ အောင်ပွဲသတင်း တွေ ပျံ့နှံ့လာတော့ အမတ်တွေလည်း ဆင်ခြေပေးလို့ မရတော့ဘူး။ အခုဆိုရင် နန်းတွင်း စစ်သူကြီးတွေကြားမှာ ရှောင်ရှိူက်စစ်တပ်ရဲ့ ဂုဏ်သတင်းက အထွတ်အထိပ် ရောက်နေ ပြီး ဂုဏ်သတင်းကိုတောင် သိမ်သိမ်မွေ့မွေ့နဲ့ ကျော်တက်သွားပါပြီ။” မုရုန်ယန်က သူမ ရရှိထားသော သတင်းများကို အံ့အားသင့်စွာဖြင့် တင်ပြလိုက်ပါသည်။

“ရှောင်ရှိူက်ဆိုတာ ကောင်းကင်အပြင်ပနယ်မြေက ကြယ်ကမ္ဘာတစ်ခုကို အုပ်ချုပ်တဲ့ လူပဲ။ ‘မူလဝိညာဉ်နတ်ဘုရား’ တောင် သူ့ကို ကြောက်ရတာ။ အနောက်ဘက်ဒေသက မြို့အချို့ကို သိမ်းပိုက်တာက သူ့အတွက်တော့ ထမင်းစားရေသောက်သလောက် လွယ်တဲ့ ကိစ္စပဲ။ သူ တစ်လအတွင်းမှာ ‘ဟွာလျှို’ တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ရင်တောင် ငါ အံ့ဩမှာ မဟုတ်ဘူး။”

ဟုန်ယွိက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“ဘာ...” ဤသည်မှာ မုရုန်ယန်၊ ယူလူလက်နှင့် တခြားလူများ ရှောင်ရှိူက်၏ နောက်ခံ အကြောင်းကို ပထမဆုံးအကြိမ် ကြားရခြင်းဖြစ်ရာ အလွန် ထိတ်လန့်သွားကြလေသည်။

“နောက်ထပ် တစ်ခုကရော ဘာလဲ” ဟုန်ယွိက အနည်းငယ် ရှင်းပြပြီးနောက် ထပ်မံ မေးမြန်းလိုက်ပါသည်။

“နောက်ထပ် ကိစ္စတစ်ခုကတော့ ‘မြို့စားဝူဝမ်’ အိမ်တော်က ပစ္စည်းတွေ အများကြီး ဝယ်ယူနေတာပဲ။ မင်္ဂလာပွဲတစ်ခုခုအတွက် ပြင်ဆင်နေသလိုပဲ၊ ဒါပေမဲ့ ဘယ်သူ လက်ထပ် မှာလဲဆိုတာတော့ မသိရဘူး။ မြို့စားဝူဝမ်အိမ်တော်က လျှို့ဝှက်ချက်တွေကို အရမ်း ထိန်းသိမ်းထားပြီးတော့ လွှမ်းမိုးမှုလည်း အားကောင်းတော့ ငါတို့ရဲ့ သတင်းထောက်လှမ်း ရေးတွေက တိကျတဲ့သတင်း ရဖို့ ခက်ခဲနေတယ်။”

“ဒါဆို သေချာသွားပြီပေါ့။ ဟုန်ရွှန်ကျိ တစ်ယောက် ကိုယ်လုပ်တော် ထပ်ယူတော့မယ်ဆို တာ သံသယရှိစရာ မလိုတော့ဘူး။” ဟုန်ယွိသည် ဟုန်ရွှန်ကျိအတွက် သူ တွက်ချက်ခဲ့ သော ‘ကောင်းကင်လေ မြေကြီးအညစ်အကြေး’ ဟောကိန်းကို ပြန်လည် သတိရလိုက် သည်။ အနည်းငယ် ပြန်လည် တွက်ချက်ကြည့်လိုက်ရုံဖြင့် အရာအားလုံးကို သူ နားလည် သွားလေသည်။

“သူယူမယ့် ကိုယ်လုပ်တော်က တကယ့်ကို အစွမ်းထက်တဲ့သူပဲ ဖြစ်ရမယ်။ သူက ဘယ်သူများလဲ။”

“ဘာ...” ယူလူလက်က ထိတ်လန့်တကြား ရေရွတ်လိုက်သည်။

ဒေါက်... ဒေါက်... ဒေါက်...

ဤအချိန်တွင် မင်းသား ‘ရှီဒီ’ သည် အောက်ထပ်မှ တက်လာခဲ့သည်။ သူ၏နောက်တွင် မုရုန်ယန်၏ အစေခံဟောင်း ‘ဦးလေးဂန်’ ပါလာပါသည်။ သူသည် ‘ချီဇီယန်’ ၏ ဆရာ လည်း ဖြစ်ပါသည်။

“သခင်လေး... အကယ်ဒမီရဲ့ နောက်ဖေးတံခါးမှာ မြင်းရထားတစ်စီး ရောက်နေပါတယ်။ ‘ယောင်ယွဲ့ရူ’ ဆိုတဲ့ အမျိုးသမီးက သခင်လေးကို တွေ့ချင်တယ်လို့ ပြောနေပါတယ်” မင်းသား ရှီဒီက ပြောလိုက်သည်။

“ဩော်... ယောင်ယွဲ့ရူလား၊ သူမက ဘာလို့ ငါ့ကို လာတွေ့တာလဲ။”

ယောင်ယွဲ့ရူမှာ သူနှင့် ဖေတူမေကွဲ ညီမတော်စပ်ကြောင်း ဟုန်ယွိ သိရှိပါသည်။ သူသည် မျက်မှောင်ကြုတ်လိုက်ပြီး လေထဲတွင် လက်ဖြင့် စက်ဝိုင်းတစ်ခု ဆွဲလိုက်သည်။ ချက်ချင်း ပင် ကျိုးယွိအကယ်ဒမီ၏ နောက်ဖေးတံခါးဝရှိ ခမ်းနားသော မြင်းရထားတစ်စီးမှာ ပုံရိပ်အဖြစ် ပေါ်လာလေသည်။ ထိုမြင်းရထားအတွင်း၌ အစီအရင်တစ်ခု ရှိနေဟန်တူပြီး အမျိုးသမီးအချို့ စကားပြောနေကြသည်ကို မြင်တွေ့နေရလေသည်။

“ယောင်ယွဲ့ရူ၊ ယောင်ယွဲ့ရှင်းနဲ့ ယောင်ချင်းဟွေး... သူတို့ အားလုံးက ငါ့ကို လာတွေ့တာ လား။” ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဟုန်ယွိသည် လက်ကို ဆန့်ထုတ်ကာ စက်ဝိုင်း၏ အလယ်ဗဟိုကို လှမ်းဖမ်းလိုက်သည်။ သူ၏လက်မှာ စက်ဝိုင်းအတွင်းသို့ ထိုးဝင်သွားပြီး ပုံရိပ်ယောင်အတွင်းရှိ မြင်းရထားကို လက်တွေ့လောကထဲသို့ ဆွဲထုတ် လိုက်လေသည်။

ကျိုးယွိအကယ်ဒမီ နောက်ဖေးတံခါးဝ…

ခမ်းနားလှသော မြင်းရထားမှာ တံခါးဝ၌ ရပ်တန့်နေလေသည်။ မြင်းရထားအတွင်း၌ ယောင်ချင်းဟွေ၊ ယောင်ယွဲ့ရူနှင့် ယောင်ယွဲ့ရှင်းတို့ ထိုင်နေကြပြီး အလွန် ကျယ်ဝန်းလှ ပါသည်။

“မေမေ... သမီးတို့ ဘာလို့ ဟုန်ယွိကို လာရှာတာလဲ။ ဟုန်ယွိက တကယ်ပဲ အဖေ ကိုယ်လုပ်တော် ယူတာကို တားနိုင်မှာလား။ ဒါပေမဲ့ အဖေ ကိုယ်လုပ်တော်ယူယူ၊ မယူယူ သမီးတို့နဲ့ ဘာဆိုင်လို့လဲ။ သမီးတို့က ‘ယောင်ချီ’ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေအဖြစ် ဆက်ရှိ နေနိုင်တာပဲကိုး။” ယောင်ယွဲ့ရူက ပြောလိုက်သည်။

“အများကြီး ဆိုင်တာပေါ့။ ဟုန်ရွှန်ကျိ အခုယူမယ့် မယားငယ်က သာမန်လူ မဟုတ်ဘူး။” ယောင်ချင်းဟွေ၏ မျက်မှောင်များမှာ လှုပ်ခတ်သွားသည်။ “ဟုန်ယွိက အခု အလွန် အစွမ်းထက်နေပြီ။ သူ့ကို ငါတို့ သေချာပေါက် ရှာတွေ့မှ ဖြစ်မယ်။”

“သူ့ကို လာရှာရင်လည်း တာအိုပညာရပ်တွေကိုပဲ သုံးလိုက်ရုံပဲလေ၊ ဘာလို့ တွေ့ခွင့် တောင်းနေရမှာလဲ။” ယောင်ယွဲ့ရှင်းက ပြောလိုက်သည်။ “သမီးလည်း မိုးကြိုးကပ်ဘေးကို တစ်ကြိမ် ဖြတ်ကျော်ပြီးပြီ၊ မေမေလည်း ဖြတ်ကျော်ပြီးသားပဲ။ မေမေလည်း ဒါတွေကို နားလည်မှာပါ။ သမီးတို့ ပူးပေါင်းလိုက်ရင် ဘယ်သူ့ကိုမှ ကြောက်စရာ မလိုပါဘူး။”

သူတို့ စကားပြောနေစဉ်မှာပင် မြင်းရထားတစ်ခုလုံး ရုတ်တရက် တုန်ခါသွားလေသည်။ ထို့နောက် သူတို့ သုံးဦးစလုံးသည် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီး ပြောင်းလဲသွား သကဲ့သို့ ခံစားလိုက်ရပြီး အမြင့်ဆုံး မျှော်စင်ကြီးတစ်ခုပေါ်သို့ ရောက်ရှိသွားကြလေသည်။

“ဟုန်ယွိ... မင်းပဲ” မိခင်နှင့် သမီးများမှာ ထိပ်တန်းပညာရှင်များ ဖြစ်ကြသဖြင့် မြင်းရထား အတွင်းမှ ခုန်ထွက်လိုက်ကြရာ ဟုန်ယွိကို မြင်တွေ့လိုက်ရပါသည်။

“ဟုန်ရွှန်ကျိ ယူမယ့် မယားငယ်က ဘယ်သူလဲ” ဟုန်ယွိသည် ယောင်ချင်းဟွေကို ကြည့်ကာ မည်သည့် စကားအပိုမျှ မပြောဘဲ တိုက်ရိုက် မေးမြန်းလိုက်ပါသည်။

“မင်း တကယ်ပဲ အစွမ်းထက်တာပဲ။ ဒါဟာ ‘ဖန်ဆင်းရှင်’ တစ်ပါးရဲ့ စွမ်းအားလား။ ငါ ထင်ထားတာထက် အများကြီး ပိုကြီးမားနေပါလား။” ယောင်ယွဲ့ရှင်းက ပြောလိုက်သည်။

“အင်း” ယောင်ချင်းဟွေက သူမ၏ သမီးကို စကားဆက်မပြောရန် လက်ကာပြလိုက်ပြီး၊ “သူယူမယ့် ကိုယ်လုပ်တော်က သာမန်လူ မဟုတ်ဘူး။ သူမက ‘အနှစ်သာရ နတ်ဘုရားကျောင်း အထွက်အထိပ် ယဇ်ပုရောဟိတ်’ပဲ။”

“ဩော်... အနှစ်သာရနတ်ဘုရားကျောင်း အထွက်အထိပ် ယဇ်ပုရောဟိတ်လား။ မဖြစ်နိုင်လောက်ပါဘူး။ ‘ကောင်းကင်လေ’ ဟောကိန်းအရ အဲဒီအမျိုးသမီးက အလွန်ကို အစွမ်းထက်လွန်းတယ်။ အနှစ်သာရနတ်ဘုရားကျောင်းရဲ့ ယဇ်ပုရောဟိတ်က အားကောင်းတယ်ဆိုပေမဲ့ ဟုန်ရွှန်ကျိရဲ့ရှေ့မှာတော့ သူမက အစွမ်းမထက်သေးပါဘူး။” ဟုန်ယွိက စဉ်းစားဟန်ဖြင့် ပြောလိုက်ပါတော့သည်။

အခန်း (၆၄၂)။

ဟုန်ရွှန်ကျိ ကိုယ်လုပ်တော်ယူမည်ကို ကြိုတင်တွက်ချက်နိုင်ခဲ့သော်လည်း ထိုအမျိုးသမီး မှာ မည်သူဖြစ်မည်ကိုမူ ဟုန်ယွိ အတိအကျ မသိနိုင်ပေ။ ထိုသို့ဖြစ်ရခြင်းမှာ သူသည် အရာခပ်သိမ်းကို ထိုးဖောက်မြင်နိုင်သည့် ‘ယန်နတ်ဘုရား’ အဆင့် ပညာရှင် သို့မဟုတ် ‘ပြောင်းလဲခြင်း ပညာရပ်’တွင် အထွတ်အထိပ်သို့ ရောက်ရှိနေသူ မဟုတ်သေးသော ကြောင့် ဖြစ်သည်။

ယောင်ချင်းဟွေက ဟုန်ရွှန်ကျိ ယူမည့် ကိုယ်လုပ်တော်မှာ အနှစ်သာရနတ်ဘုရားကျောင်း အထွက်အထိပ် ယဇ်ပုရောဟိတ် ဖြစ်သည်ဟု ပြောလိုက်သောအခါ ဟုန်ယွိ အနည်းငယ် တုန်လှုပ်သွားမိသည်။ အမှန်အတိုင်း ပြောရလျှင် ထိုယဇ်ပုရောဟိတ်မှာ အလွန်အစွမ်း ထက်သူ ဖြစ်သည်။ သူမသည် နှစ်ပေါင်း ၆၀ ကြာ ကျင့်ကြံခဲ့ပြီး ‘ဖန်ဆင်းရှင်’ အဆင့်သို့ တက်လှမ်းကာ ‘မုန့်ရှန်းကျီ’ ကို စိန်ခေါ်ရန် ကြိုးစားခဲ့သူ ဖြစ်သည်။ သူမ မအောင်မြင်ခဲ့ သော်လည်း သူမ၏ အစွမ်းကို မည်သူမျှ လျှော့တွက်၍ မရပေ။

ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားသည့် သူရဲကောင်းများထဲတွင် ကျိုးထိုက်ကျူ၊ ‘ယုဝမ်မူ’၊ ‘ယွမ်ရှန်းရှန်း’၊ ‘နဂါးသမီးတော်’၊ ‘မိစ္ဆာမျောက်ဝံကြီးပါ့’၊ တာအိုဘိုးဘေး သုံးဦးနှင့် ‘ကောင်းကင်ဖြိုဧကရာဇ်’ တို့ ပါဝင်ကြသည်။ ၎င်းတို့ထဲတွင် သံသယဖြစ်ဖွယ်မရှိ ‘ကောင်းကင်ဖြို ဧကရာဇ်’ က အစွမ်းအထက်ဆုံးဖြစ်ပြီး သူ့နောက်တွင် တာအိုဘိုးဘေး သုံးဦး ရှိနေကြသည်။ သို့သော် ထိုသူများပြီးလျှင် အစွမ်းအထက်ဆုံးမှာ ဤယဇ်ပုရောဟိတ်အမျိုးသမီးပင် ဖြစ်ပေလိမ့်မည်။

ယခုအခါ ‘ယွမ်ရှန်းရှန်း’ သည် ‘မူလဝိညာဉ်နတ်ဘုရား’ ၏ 'ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေ' ကြွင်းများကို စုပ်ယူထားသဖြင့် တာအိုဘိုးဘေး သုံးဦးနှင့် ရင်ဘောင်တန်းနိုင်သူ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ယဇ်ပုရောဟိတ်အမျိုးသမီး၏ အစွမ်းမှာ ငြင်းဆို၍ မရနိုင်ပေ။ ထို့ပြင် အနှစ်သာရ နတ်ဘုရားကျောင်းသည် ရှောင်ရှိူက်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ‘မူလဝိညာဉ် နတ်ဘုရား’ လည်း သေဆုံးသွားခဲ့ပြီဖြစ်ရာ ကျောင်းတော်ကို ကာကွယ်ရန်အတွက် သူမ အနေဖြင့် လက်ထပ်ရန် ဆုံးဖြတ်ခြင်းမှာလည်း မဖြစ်နိုင်သည့် အရာမဟုတ်ပေ။

သို့သော်လည်း ဟုန်ယွိက သေသေချာချာ ပြန်လည်တွက်ချက်ကြည့်သောအခါ ဟုန်ရွှန်ကျိ ကိုယ်လုပ်တော်ယူမည့် ကိစ္စ၏ နောက်ကွယ်တွင် နက်နဲသော လျှို့ဝှက်ချက်များ ရှိနေ သည်ဟု ခံစားလိုက်ရသည်။

ဟောကိန်းအရ ‘ကောင်းကင်လေ’ နိမိတ်မှာ ထိုအမျိုးသမီးက အလွန်အစွမ်းထက်လွန်းနေ သောကြောင့် ဖြစ်သည်။ ဤယဇ်ပုရောဟိတ် အမျိုးသမီးမှာ အစွမ်းထက်သည်ဟု ဆိုသော် လည်း၊ ယခုအခါ ဟုန်ရွှန်ကျိသည် ‘ထာဝရအသက်တာအိုသစ်သီး’ ကို စုပ်ယူထားပြီး၊ ‘ရှေးဦးနဂါး’ နှင့် ပေါင်းစပ်ကာ၊ သူ၏ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ် ၉၉၉ ခုကို သန့်စင်ထား သည့် ‘အထွတ်အထိပ် လူသားအင်မော်တယ်’ တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် မှာ ရှေးဟောင်း နတ်ဘုရားဘုရင်တစ်ပါးနှင့်ပင် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်ရာ ‘ဖန်ဆင်းရှင်’ များ ပင်လျှင် သူ့ရှေ့တွင် အသာစီး မရနိုင်ပေ။ ထိုသို့ဖြစ်ပါက အနှစ်သာရ နတ်ဘုရားကျောင်း၏ ယဇ်ပုရောဟိတ် အမျိုးသမီးကို ‘အစွမ်းထက်လွန်းသူ’ ဟု မည်သို့ သတ်မှတ်နိုင်မည်နည်း။

ဟောကိန်းက မှားယွင်းမည် မဟုတ်သလို ‘ပြောင်းလဲခြင်းပညာရပ်’ ကလည်း လွဲချော်မည် မဟုတ်ပေ။

ဆိုလိုသည်မှာ ဟုန်ရွှန်ကျိ ယူမည့် ကိုယ်လုပ်တော်မှာ တခြားတစ်ယောက်၊ တကယ့်ကို အစွမ်းထက်လှသည့် အမျိုးသမီးတစ်ဦး ဖြစ်နေရပေမည်။

သို့သော် ဟုန်ယွိသည် သူသိသမျှ အမျိုးသမီးများကို စဉ်းစားကြည့်သော်လည်း ထိုမျှ အစွမ်းထက်သည့် အမျိုးသမီးတစ်ဦးကိုမျှ မစဉ်းစားမိပေ။

ဟုန်ယွိသည် အသေးစိတ် ထပ်မံ မတွက်ချက်တော့ဘဲ ယောင်ချင်းဟွေ၊ ယောင်ယွဲ့ရူနှင့် ယောင်ယွဲ့ရှင်းတို့ကို ထိုင်စေကာ ‘နဂါးစွယ်ဆန်’ ဆန်ပြုတ်တစ်ခွက်စီဖြင့် ဧည့်ခံလိုက် သည်။

“‘ယောင်ချီ’ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး... ခင်ဗျား ဂိုဏ်းကို အုပ်ချုပ်နေတာက ဟုန်ရွှန်ကျိနဲ့ ဘာမှ မဆိုင်ဘူးလေ။ သူ ကိုယ်လုပ်တော် ယူတာက ခင်ဗျားတို့နဲ့ ဘာဆိုင်လို့လဲ။ ဘာလို့ ကျွန်တော့်ဆီ လာခဲ့တာလဲ။ ကျွန်တော်က ဟုန်ရွှန်ကျိ ကိုယ်လုပ်တော် ယူတာကို တားနိုင်မယ်လို့ ထင်နေတာလား။” ဟုန်ယွိက ထိုင်ချလိုက်ရင်း မေးမြန်းလိုက်သည်။

“မင်းရဲ့ ရန်သူတော်ကြီး ‘မဒမ်ကျောက်’ က အခု အထွဋ်အထိပ် ကောင်းကင်နယ်မြေ တစ်ခုလုံးရဲ့ အာဏာအစစ်အမှန်ကို ဆုပ်ကိုင်ထားပြီး သူမရဲ့ အရှိန်အဝါက လျှံထွက်နေပြီ။ သူမရဲ့ ဘေးမှာလည်း အစွမ်းထက်တဲ့ အစေခံတွေ အများကြီးရှိနေသလို၊ ‘အထွတ်အထိပ် သိုင်းသူတော်စင်တွေတောင် ရှိနေတာ။ အရင်က ‘ဝူ’ အိမ်ထိန်းထက် ဆယ်ဆလောက် ပိုပြီး အစွမ်းထက်သူတွေပဲ။ သူမရဲ့ဘေးမှာ နတ်ဘုရားနှစ်ပါး ရှိနေတာကိုလည်း ကျွန်မ စုံစမ်း သိရှိခဲ့ရတယ်။ ပထမတစ်ပါးက ‘ဖာဖာ’ လို့ ခေါ်ပြီး ဒုတိယတစ်ပါးက ‘သွေး’ လို့ ခေါ်တယ်။ သူတို့ဟာ အနှစ်သာရ နတ်ဘုရားကျောင်းရဲ့ နတ်ဘုရားလေးပါးထဲက ‘မှော်နတ်ဘုရား’ နဲ့ ‘သွေးနတ်ဘုရား’ တွေပဲ။ မဒမ်ကျောက်က သူမရဲ့ အင်အားကို တိုးချဲ့ဖို့အတွက် အနှစ်သာရ နတ်ဘုရားကျောင်းရဲ့ ယဇ်ပုရောဟိတ်မနဲ့ တစ်ခုခု သဘောတူထားတယ်လို့ ငါ သံသယ ဝင်မိတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ရက်ပိုင်းက မဒမ်ကျောက်က အထွတ်အထိပ် သိုင်းသူတော်စင် တစ်ယောက်နဲ့ အဲဒီနတ်ဘုရားနှစ်ပါးကို လွှတ်ပြီး ကျွန်မတို့ ယောင်ချီ ဂိုဏ်းဆီ စာတစ်စောင် ပို့ခဲ့တယ်။ ရွှေဒင်္ဂါး သုံးသိန်း ချေးချင်တယ်တဲ့။ ဒါက သိသိသာသာ ဓားပြတိုက်တာပဲ၊ ဘယ်တော့မှ ပြန်ရမှာလည်း မဟုတ်ဘူး။ ဒါကို ကျွန်မက ဘယ်လိုလုပ် ပြီး သဘောတူနိုင်မှာလဲ။” ယောင်ချင်းဟွေက ပြောပြလေသည်။

“အော်... အဲ့ဒီလိုတွေတောင် ဖြစ်နေတာလား” ဟုန်ယွိက မတ်တတ်ရပ်လိုက်ပြီး ဟိုဟိုဒီဒီ လျှောက်ရင်း စဉ်းစားခန်း ဝင်သွားသည်။

အနှစ်သာရ နတ်ဘုရားကျောင်း၏ နတ်ဘုရားလေးပါးအနက် ‘ခွန်အားနတ်ဘုရား (အနှစ်သာရနတ်ဘုရား)ကို ဟုန်ယွိ ဖမ်းဆီးခဲ့ပြီး သူ၏ မှတ်ဉာဏ်များမှာ ‘သူရဲကောင်း မှတ်တမ်း’ ထဲတွင် ရှိနေဆဲ ဖြစ်သည်။ ‘ငရဲနတ်ဘုရား’ ကိုမူ ‘မင်္ဂလာနတ်သမီး’ (ကျီရှန်း ထျန်း) က အရှင်လတ်လတ် ဝါးမြိုပစ်ခဲ့သည်။ ယခု ကျန်ရှိနေသော ‘မှော်နတ်ဘုရား’ နှင့် ‘သွေးနတ်ဘုရား’ တို့မှာ မဒမ်ကျောက်နှင့် ဟုန်ရွှန်ကျိထံသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ဆိုလိုသည်မှာ ဟုန်ရွှန်ကျိသည် အနှစ်သာရ နတ်ဘုရားကျောင်း၏ အင်အားကို စတင် သိမ်းပိုက်နေပြီ ဖြစ်သည်။ ဟုန်ယွိ၏ အောင်ပွဲအသီးအပွင့်များကို ဟုန်ရွှန်ကျိနှင့် မဒမ်ကျောက်တို့က ဝါးမြိုနေကြခြင်းပင်။ ဤသည်မှာ အန္တရာယ်ရှိသော လက္ခဏာတစ်ခု ဖြစ်သည်။

“နွန်းယွဲ့... နွန်းယင်... နင်တို့ ယောင်ချီဂိုဏ်းကနေ ထွက်ပြီး သခင်လေးဟုန်ရဲ့ နောက်ကို လိုက်သွားတာ အစွမ်းတွေ အများကြီး တိုးတက်လာတာပဲ။”

ဟုန်ယွိ စဉ်းစားနေစဉ်မှာပင် ယောင်ယွဲ့ရှင်းက ဟွာနွန်းယွီနှင့် ဟွာနွန်ယင်တို့ကို ကြည့်ကာ ပြောလိုက်သည်။

ဤမိန်းကလေး နှစ်ဦးမှာ မူလက ယောင်ချီဂိုဏ်းမှ ဖြစ်သော်လည်း ဟုန်ယွိက ခေါ်ဆောင် လာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဤကိစ္စကြောင့် ဟုန်ယွိနှင့် ယောင်ယွဲ့ရှင်းတို့ ခေတ္တမျှ တိုက်ခိုက်ခဲ့ကြသေးသည်။

ဟွာနွန်းယွီနှင့်ဟွာနွန်ယင်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ယောင်ယွဲ့ရှင်း၏ မျက်လုံးများကို ကြည့်ကာ သူတို့ စကားမပြောနိုင်ဘဲ ရှိနေကြသည်။ သူတို့၏ ကျင့်ကြံမှု တိုးတက်လာသည်ဟု ဆိုသော်လည်း တစ္ဆေအင်မော်တယ်’ အဆင့်သို့ မရောက်သေးပေ။ ယောင်ယွဲ့ရှင်းမှာမူ မိုးကြိုးကပ်ဘေး တစ်ကြိမ် ဖြတ်ကျော်ထားသည့် ပညာရှင်ဖြစ်ရုံသာ မက နှစ်ပေါင်းများစွာ စွမ်းအင်များ စုဆောင်းထားသူ ဖြစ်သဖြင့် သူမ၏ အရှိန်အဝါရှေ့တွင် သူတို့၏ စိတ်များ လှုပ်ရှားနေမိကြသည်။

“ဟင်...” စဉ်းစားနေသော ဟုန်ယွိသည် လှည့်ကြည့်လိုက်ရာ ထိုအခြေအနေကို သတိပြုမိ သွားသည်။ သူ၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားပြီး၊ “နွန်းယွဲ့၊ နွန်းယင်... နင်တို့ နှစ်ယောက်ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ငါ့ရဲ့ ကျိုးယွိအကယ်ဒမီအတွက် အများကြီး အကျိုးပြုခဲ့ပါတယ်။ ငါက ဆုလာဘ်တွေ ပေးဖို့ ဝန်လေးတဲ့လူမျိုး မဟုတ်ပါဘူး။ မကြာခင် က ငါ နတ်ဆိုးတစ်ကောင်ကို သတ်ပြီး အစွမ်းထက်တဲ့ သံချပ်ကာ အစုံအလင်တချို့ ရခဲ့ တယ်။ အဲဒါတွေကို နင်တို့အတွက် ကာကွယ်ရေးချပ်ဝတ်အဖြစ် ချီးမြှင့်ပေးမယ်။”

ဟုန်ယွိက ပြောပြောဆိုဆိုနှင့် လက်ကို ဝှေ့ယမ်းလိုက်ရာ ‘အရုဏ်ဦး သံချပ်ကာ’ နှစ်စုံမှာ အစွမ်းထက်သော လှိုင်းများကို ထုတ်လွှတ်လျက် ပျံထွက်လာလေသည်။

ထိုသံချပ်ကာ နှစ်စုံ ထွက်လာသည့်အခါ လူတိုင်းမှာ အသက်ရှူကျပ်မတတ် ပြင်းထန်သော သံလိုက်စွမ်းအားကို ခံစားလိုက်ရသည်။ အထူးသဖြင့် မိုးကြိုးကပ်ဘေး ဖြတ်ကျော်ထား သည့် တစ္ဆေအင်မော်တယ်များ ဖြစ်ကြသော ယောင်ယွဲ့ရှင်းနှင့် ယောင်ချင်းဟွေတို့မှာ ထိုသံချပ်ကာ၏ စွမ်းအားကို ပို၍ နက်နက်နဲနဲ ခံစားလိုက်ရသည်။

“ဒါ... ဒါက ‘နဂါးအကြေးခွံ အင်မော်တယ်ဘုရင် သံချပ်ကာ’ ထက်တောင် ပိုပြီး အစွမ်းထက်နေပါလား။ တကယ့် စစ်မှန်တဲ့ သံလိုက်စွမ်းအားပဲ။” ယောင်ယွဲ့ရူက စိတ်ထဲမှ တွေးလိုက်မိသည်။ ထို့နောက် သူမ၏ မျက်လုံးများမှာ ခက်ထန်သွားပြီး၊ “ဟုန်ရှီက နဂါး အကြေးခွံ သံချပ်ကာကို ဝတ်ထားတာ။ မဒမ်ကျောက်သာ ကြားဖြတ်မတားခဲ့ရင် ငါလည်း တစ်စုံရနိုင်မှာ...”

ရှူး... ရှူး...

ဟုန်ယွိက သူ၏ လက်ညှိုးကို ညွှန်လိုက်ရာ ရေကဲ့သို့ စီးဆင်းနေသော မိုးကြိုးမှော် သင်္ကေတနှစ်ခုမှာ သူ၏လက်ထိပ်မှ ထွက်ပေါ်လာပြီး ဟွာနွန်းယွီနှင့် ဟွာနွန်ယင်တို့၏ နဖူး အတွင်းသို့ တိုက်ရိုက် တိုးဝင်သွားလေသည်။ ထို့နောက် သူတို့၏ မျက်ခုံးကြားရှိ 'မူလအနှစ်သာရ အထက်ပိုင်း သန္ဓေသား’ အပ်စိုက်မှတ်မှာ နှေးကွေးစွာ ပွင့်လာပြီး ထိုအရုဏ်ဦး သံချပ်ကာနှစ်စုံမှာ ဆန်စေ့ခန့် အလင်းစက်ကလေးများအဖြစ် ပြောင်းလဲသွား ကာ ထိုအပ်စိုက်မှတ်အတွင်းသို့ ပျံဝင်သွားကြသည်။

“ငါက ‘ထိုက်ကျိမိုးကြိုး’ စွမ်းအားကို သုံးပြီး နင်တို့ရဲ့ အပ်စိုက်မှတ်ကို အတင်းအကျပ် ဖွင့်ပေးထားတာ။ အရုဏ်ဦးသံချပ်ကာက အဲဒီထဲမှာ သိမ်းထားလို့ရတယ်။ အတွေး တစ်ချက်နဲ့တင် ဒီဝတ်စုံက မင်းတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကောင်းကင်နဲ့ မြေကြီးကြားမှာ လွတ်လပ်စွာ သွားလာနိုင်စေလိမ့်မယ်။ ဒါ့အပြင် ငါက ဒီဝတ်စုံကို ပြန်လည် သွန်းလုပ်ထားပြီး အရင်တွေက ‘နတ်ဘုရားစွမ်းအား အစီအရင်’၊ ‘အတွေးမဲ့ အသွင်မဲ့ အစီအရင်’ နဲ့ ‘အသက်စွမ်းအင် ဖြည့်တင်းခြင်း အစီအရင်’ဆိုတဲ့ မဟာအစီအရင် ကြီး သုံးခုကို ထည့်သွင်းပေးထားတယ်။ ဒီအစီအရင် သုံးခုဟာ ဧကရာဇ်ချန်ရှန်းရဲ့ အထူးခြားဆုံး ပညာရပ်တွေပဲ။ ဒါတွေက နင်တို့ရဲ့ တာအိုပညာရပ်တွေကို ကျင့်ကြံရာမှာ ရော ခန္ဓာကိုယ်ကို အလွန်မြင့်မားတဲ့ အဆင့်အထိ သန့်စင်ရာမှာပါ အများကြီး အထောက် အကူ ဖြစ်လိမ့်မယ်။”

ဟုန်ယွိသည် ဤအရာများကို လုပ်ဆောင်ပြီးနောက် နောက်ထပ် သံချပ်ကာ သုံးစုံကိုလည်း ထုတ်ယူလိုက်ပြီး မင်းသား ရှီဒီ၊ ယူလူလက်နှင့် မုရုန်ယန်တို့၏ နဖူးအတွင်းသို့ ထည့်သွင်း ပေးလိုက်လေသည်။

ယောင်ချင်းဟွေနှင့် ယောင်ယွဲ့ရှင်းတို့မှာ ကောင်းမြတ်သော ရတနာများစွာကို မြင်ဖူးကြ သော်လည်း၊ အရုဏ်ဦးသံချပ်ကာ၊ အစီအရင်သုံးခုနှင့် ရှေးဦးဧကရာဇ်ချန်ရှန်း၏ အမည် နာမကို ကြားလိုက်ရသောအခါ အံ့ဩလွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။ သူတို့၏ မျက်လုံးများထဲတွင် မနာလိုစိတ် အနည်းငယ်ပင် ဖျတ်ခနဲ ပေါ်သွားလေသည်။

“ကျေးဇူးတင်ပါတယ် သခင်လေး”

ဟွာနွန်ယင်၊ ဟွာနွန်းယွီ၊ မုရုန်ယန်၊ ယူလူလက်နှင့် မင်းသားရှီဒီတို့ အားလုံးသည် မတ်တတ်ရပ်ကာ ဟုန်ယွိကို အလေးအနက် ဦးညွှတ်လိုက်ကြသည်။ ဤသည်မှာ အသက်ဘေးမှ ကာကွယ်ပေးမည့် တန်ဖိုးမဖြတ်နိုင်သော လက်ဆောင် ဖြစ်လေသည်။

အရုဏ်ဦး သံချပ်ကာကို ရရှိပြီးနောက် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့မှာ သူတို့၏ ခန္ဓာကိုယ် အတွင်း၌ စွမ်းအားများ ပြည့်လျှံနေသည်ဟု ခံစားလိုက်ရသည်။ သူတို့သည် ယောင်ယွဲ့ရှင်း ၏ ရှေ့တွင် မည်သည့်ဖိအားမျှ မခံစားရတော့ဘဲ သူမနှင့် တန်းတူ ဖြစ်နေပြီဟု ခံစားလိုက် ရသည်။

ကြီးမားသော စွမ်းအားသည် ခိုင်မာသော စိတ်ဓာတ်ကို အာမခံပေးခြင်းပင် ဖြစ်လေသည်။

“ဖန်ဆင်းရှင်၊ ပညာရှင်သူတော်စင်က တကယ်ပဲ ရက်ရောတာပဲ။ အတိတ်တုန်းက ဟုန်ရွှန်ကျိ တစ်ယောက် အကြီးအကျယ် မှားခဲ့တာပဲ။ မင်း ‘မြဥယျာဉ် ကြယ်ကြည့် မျှော်စင်’ မှာ ‘ပြောင်းလဲခြင်းကျမ်း’ ရဲ့ ‘ချန်နဲ့ခွန်း’ ဟေက်စ်ဇာဂရမ် နိမိတ်တွေကို ရေးခဲ့ တုန်းက ငါ သိပ်ပြီး အရေးမစိုက်ခဲ့ဘူး။ ဒါပေမဲ့ အခု ‘ပြောင်းလဲခြင်းကျမ်း’ က စာပေ လောကရဲ့ အဓိကလမ်းစဉ် ဖြစ်လာတဲ့အခါမှာတော့ ဒီကျမ်းဟာ တကယ့်ကို မဟာတာအို ရဲ့ အရင်းအမြစ်၊ ကျမ်းဂန်အားလုံးရဲ့ အဦးအစ ဖြစ်မှန်း ငါ အပြည့်အဝ ယုံကြည်သွားပါပြီ။ ဒါပေမဲ့ မင်းရဲ့ လက်ရှိ အောင်မြင်မှုတွေနဲ့ဆိုရင် မင်းရဲ့ မိခင်အတွက် သေချာပေါက် ကလဲ့စားချေပေးနိုင်နေပြီလေ။ မဒမ်ကျောက်က မင်းရဲ့မိခင်ကို လုပ်ကြံခဲ့တဲ့ တကယ့် တရားခံပဲ။ မင်းက ဘာလို့ သူကို ကလဲ့စားချေဖို့ ဝန်လေးနေရတာလဲ။” ယောင်ချင်းဟွေက အံ့ဩစိတ်ကို ထိန်းချုပ်ကာ မေးမြန်းလိုက်သည်။

“ကျွန်တော့်မိခင်အတွက် ကလဲ့စားချေဖို့ အလောတကြီး လုပ်စရာ မလိုပါဘူး။ ပညာရှင် တစ်ယောက်အတွက် ကလဲ့စားချေဖို့က ဆယ်နှစ်ဆိုလည်း နောက်မကျပါဘူး။” ဟုန်ယွိက ခပ်အေးအေးပင် ပြုံးလိုက်ပြီး၊ “ကျွန်တော့်ရဲ့ လက်ရှိ အရှိန်အဝါနဲ့ဆိုရင် မြို့စားဝူဝမ် အိမ်တော်ဆီ တိုက်ရိုက် သွားသတ်ဖို့ဆိုတာ မသင့်တော်ဘူး၊ ဒါဟာ တစ်ကမ္ဘာလုံး အပြစ် ပြောစရာတွေ ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်က ကမ္ဘာလောကကြီးရဲ့ လမ်းကြောင်း အစစ်အမှန်ကို လမ်းညွှန်နေတာပါ။ နောင်တစ်ချိန်မှာ ‘မင်းသားယု’ နန်းတက်လာတဲ့အခါ မြို့စားဝူဝမ် အိမ်တော်တစ်ခုလုံး သိမ်းပိုက်ခံရမှာဖြစ်သလို၊ ကျောက်မိသားစုဟာလည်း လူသားမျိုးနွယ်ရဲ့ ဥပဒေကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဒါက ကမ္ဘာလောကကြီးရဲ့ မလွှဲမရှောင်သာတဲ့ နိယာမလမ်းကြောင်းပဲ၊ ခင်ဗျားလည်း ဒါကို စိတ်ထဲက သိနေတာပဲ ကိုး၊ ဘာလို့ ကျွန်တော့်ကို လာဆွနေရတာလဲ။”

“ဒါက အမြဲတမ်း မှန်ချင်မှ မှန်မှာပါ၊” ယောင်ယွဲ့ရူက ရုတ်တရက် ဝင်ပြောလိုက်သည်။ “တကယ်လို့, ‘ချင်န်ဧကရာဇ်’ နန်းဆင်းတဲ့အခါ ထီးနန်းကို ဟုန်ရွှန်ကျိဆီ တိုက်ရိုက် လွှဲပေး လိုက်ရင်ရော။ ရှေးဟောင်း နန်းလွှဲစနစ်ကို ကျင့်သုံးပြီး ရှေးဟောင်းထုံးတမ်းတွေကို ပြန်လည် ဖော်ထုတ်လိုက်မယ်ဆိုရင်ရော။”

“ဟင်...” ဟုန်ယွိ မျက်မှောင်ကြုတ်လိုက်ပြီးနောက်၊ အဲဒါက “ချန်ဧကရာဇ် ‘ယန်ဖန်’ ယန်နတ်ဘုရားအဆင့်ကို ရောက်မှပဲ ဖြစ်နိုင်မှာပါ။”

“အခု မဒမ်ကျောက်ရဲ့ အာဏာက အလွန်တရာ ကြီးထွားနေပြီ။ တကယ်လို့ သူမက အနှစ်သာရနတ်ဘုရားကျောင်းရဲ့ ယဇ်ပုရောဟိတ်မိနဲ့ ပူးပေါင်းလိုက်ရင် အကြီးအကျယ် ပြဿနာ ရှာနိုင်လိမ့်မယ်။ မဒမ်ကျောက်ရဲ့ ရက်စက်မှုကို လျှော့မတွက်ပါနဲ့။ သူမက အလွန် ကောက်ကျစ်ပြီး ပရိယာယ်များသူ ဖြစ်သလို၊ အာဏာရလာပြီးနောက်ပိုင်း ပိုပြီးတောင် ကြောက်ဖို့ကောင်းလာတယ်။” ယောင်ချင်းဟွေက ဆိုသည်။

“သူမရဲ့အာဏာက ပိုပြီး ကြီးမားလာလေ ပိုကောင်းလေပဲ။ သူမကိုယ်သူမ အရာရာကို ထိန်းချုပ်နိုင်ပြီလို့ ထင်နေတဲ့အချိန်ကျမှ အဲ့ဒီအထင်အမြင်တွေကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်မယ်။ အဲ့ဒါကမှ တကယ်ကို မေ့လို့မရနိုင်စရာ ဖြစ်မှာ။ သူမကို ဒီတိုင်း သေခွင့်ပေးလိုက်တာက အရမ်းလွယ်လွန်းတယ်။” မုရုန်ယန်က ရုတ်တရက် ဝင်ပြောလိုက် သည်။

“သူတော်စင်... တကယ်လို့ ရှင်သာ ကျွန်မကို သံချပ်ကာတစ်စုံ ပေးမယ်ဆိုရင် ကျွန်မ ရှင့်ဆီမှာ ကိုယ့်ကိုယ်ကိုရောင်းပြီး ရှင့်ဆီမှာ အစေခံပါ့မယ်။ ရှင့်ရဲ့နောက်လိုက်အဖြစ် ဝင်ပြီး ဟုန်ရွှန်ကျိနဲ့ ပတ်သက်တာအားလုံးကို ဖြတ်တောက်မယ်။ ရှင့်ရဲ့လက်စားချေမှုမှာ စိတ်ရောကိုယ်ပါ ကူညီပေးမယ်။ ဘယ်လိုလဲ” ။ ယောင်ယွဲ့ရူက ရုတ်တရက် ပြောလိုက် သည်။ သူမ၏ မျက်လုံးများအတွင်းရှိ မျက်ဆန်နှစ်ခုမှာ လှုပ်ခတ်သွားပြီး ပုံရိပ်များစွာ ထပ်နေသည်ကို မြင်တွေ့နေရလေသည်။

“ကောင်းပြီ၊ မင်းက သိုင်းသူတော်စင်အဆင့်အထိ ကျင့်ကြံထားတာဆိုတော့ မဆိုးပါဘူး။ လောလောဆယ်တော့ အကယ်ဒမီမှာပဲ နေပြီး မုရုန်ယန်ကို အစစအရာရာ ကူညီပေးပါ။ တစ်နှစ်ကြာပြီးတဲ့အခါမှာတော့ ငါ မင်းကို ဝတ်စုံတစ်စုံ ပေးပါ့မယ်။” ဟုန်ယွိက ဆက်၍ ပြောသည် “အကျိုးဆောင်မှု မရှိသေးဘဲ ဆုမပေးနိုင်ဘူးလေ၊ ဒါမှမဟုတ်ရင် ဘယ် စည်းကမ်းရှိတော့မလဲ။”

“အဲ့ဒါက ပြဿနာ မရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် ရှင့်ရဲ့စကားက တစ်ခါမှ ပျက်ကွက်ခဲ့တာမှ မဟုတ်တာ၊” ယောင်ယွဲ့ရူက ဆိုလိုက်သည်။

ဟုန်ယွိ၏ ကတိစကားမှာ ရွှေစင်တစ်ထောင်ထက် တန်ဖိုးရှိသည်။ သူပြောခဲ့လျှင် အတည် ဟူသောအချက်မှာ ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင် နာမည်ကြီးနေပြီးသား ဖြစ်သည်။ ထို့ကြောင့်သာ နဂါးသမီးတော်က သူမကို ကာကွယ်ပေးရန် သူ့ကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အကယ်၍ တစ်နေ့တွင် ဟုန်ယွိ၏ စကားမှာ အတည်မဖြစ်တော့ဟု ဆိုပါက၊ ထိုအရာကမှ အလွန်တရာ ထူးဆန်းသော ကိစ္စ ဖြစ်ပေလိမ့်မည်။

တစ်နှစ်အကြာတွင် ဝတ်စုံပေးမည်ဟူသော ဟုန်ယွိ၏ ကတိကို ရရှိပြီးနောက် ယောင်ယွဲ့ရူ သည် ထိုသံချပ်ကာကို သူမ၏အိတ်ထဲ ထည့်ထားပြီးသကဲ့သို့ ခံစားလိုက်ရပြီး စိတ်အေး သွားလေသည်။

ထိုအချိန်တွင် ဟုန်ယွိက ရုတ်တရက် သတင်းတစ်ခုကို ပြောပြလိုက်သည်။ “ခင်ဗျားတို့ ယောင်ချီဂိုဏ်းရဲ့ ဘိုးဘေးသခင်မကြီး ‘ယွန်ယင်ကျိ’က ‘နဝမချောက်နက် နတ်ဘုရား နယ်မြေ’ ကနေ ပြန်လာခဲ့ပြီ။ သူမ မကြာခင်မှာ သတင်းပို့လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ အဲဒီအခါကျရင် ခင်ဗျားတို့ ယောင်ချီဂိုဏ်းက ဘာလုပ်မလဲ။”

ထိုအချိန်တွင် ဟုန်ယွိက သတင်းတစ်ခုကို ထပ်မံထုတ်ပြန်လိုက်သည်။

“ဒီသတင်းကို ကျွန်မ သိပြီးသားပါ။ ဒါကြောင့်လည်း မင်းကို လာရှာတာပေါ့။ မဒမ်ကျောက် ကလည်း ယွန်ယင်ကျိဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်က ကျွန်မတို့ ယောင်ချီဂိုဏ်းရဲ့ ဘိုးဘေးဖြစ်မှန်း သတင်းပို့လာတယ်။ တကယ်လို့ သူမ ပြန်လာမယ်ဆိုရင် ယောင်ချီ ဂိုဏ်းရဲ့ အရာအားလုံးဟာ သူမလက်အောက်ကို ရောက်သွားလိမ့်မယ်။ မဒမ်ကျောက်က ဒါကို အခွင့်ကောင်းယူပြီး ကျွန်မကို ရာထူးကနေ ဆင်းခိုင်းဖို့ ကြိုးစားနေတာ။ သူမက ယောင်ချီဂိုဏ်းနဲ့ ‘ယင်ပြည်နယ်’ က ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေရဲ့ ဘဏ္ဍာရေးကို ထိန်းချုပ်ချင်နေတာပဲ။”

ယင်ပြည်နယ် ဆိုသည်မှာ ချမ်းသာကြွယ်ဝသော နယ်မြေဖြစ်ပြီး သူတို့၏ အဆင့်အတန်း မှာ အထက်တန်းလွှာ မိသားစုများလောက် မမြင့်မားသော်လည်း သူတို့သည် အလွန် ချမ်းသာကြသူများ ဖြစ်ကြသည်။

“ဒါကြောင့် ရှင်တို့ သုံးယောက်က ဒီတစ်ခါမှာ ကျိုးယွိအကယ်ဒမီဆီ ခိုလှုံဖို့ လာခဲ့ကြတာ ပေါ့။” မုရုန်ယန်က မေးလိုက်သည်။

“ဟုတ်ပါတယ်။ ယင်ပြည်နယ်မှာ ကျွန်မတို့ရဲ့ ရာထူးကို ဆက်ပြီး ထိန်းသိမ်းနိုင်မယ်ဆိုရင် ယင်ပြည်နယ်ရဲ့ အင်အားအားလုံးကို သုံးပြီး ကျိုးယွိအကယ်ဒမီ တည်ဆောက်ရေးမှာ ကူညီပေးဖို့ ကျွန်မ အသင့်ပါပဲ။” ယောင်ချင်းဟွေက ဆိုသည်။

“တာအိုဘိုးဘေး သုံးဦး ပြန်လာတာက လျှို့ဝှက်ချက် တစ်ခုပဲ။ ဒါပေမဲ့ ဟုန်ရွှန်ကျိက ဒါကို သိနေပြီး မဒမ်ကျောက်ကိုတောင် ပြောပြထားတာပဲ။” ဟုန်ယွိက ဆက်ပြောသည် “ဒါပေမဲ့ ဒါက ပြဿနာ မဟုတ်ပါဘူး။ တာအိုဘိုးဘေး သုံးဦးထဲက ‘ရှင်းချန်ကျိ’ ကို ငါ ဖမ်းမိထား ပြီးပြီ။ ယွန်ယင်ကျိကိုလည်း အနှေးနဲ့အမြန် ငါ အရှင်ဖမ်းမိမှာပါ။ မုရုန်ယန်... မင်း သူတို့နဲ့ အသေးစိတ် ဆွေးနွေးလိုက်ပါ။ ဟုန်ရွှန်ကျိ ကိုယ်လုပ်တော်ယူမယ့် ကိစ္စက သံသယ ဖြစ်စရာတွေ အများကြီးပဲ။ ငါ အနှစ်သာ ရနတ်ဘုရားကျောင်းဆီ တစ်ခေါက်သွားပြီး အဲဒီ က ယဇ်ပုရောဟိတ်မကို ဖမ်းပြီး မေးမြန်းကြည့်ရမယ်။”

ပြောပြောဆိုဆိုနှင့် ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး သဲလွန်စမကျန် ပျောက်ကွယ် သွားလေသည်။

သူ ထွက်သွားသည့်အခါ ယောင်ချင်းဟွေနှင့် တခြားလူများက ပရိယာယ်သုံးမည်ကို သူ မကြောက်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ အစစ်မှန် ခန္ဓာကိုယ်နှင့် အင်မော်တယ် ကျောက်စာတိုင်တို့မှာ အကယ်ဒမီတွင် ရှိနေသောကြောင့် ဖြစ်သည်။ သူသည် အချိန်မရွေး သူတို့ကို နှိမ်နင်းနိုင်စွမ်း ရှိလေသည်။

ထို့ပြင် သူသည် ‘ပုံရိပ်ယောင်တံခါး’ မှတစ်ဆင့်လည်း အကယ်ဒမီသို့ အချိန်မရွေး ပြန်လာ နိုင်သည်။

သို့သော် သူ ထွက်မသွားမီ ပြောခဲ့သော စကားများမှာ ယောင်ချင်းဟွေကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။

“အနှစ်သာရနတ်ဘုရားကျောင်းဆီ သွားပြီး ယဇ်ပုရောဟိတ်မကို ဖမ်းပြီး မေးမြန်းကြည့် ရမယ်တဲ့...”

ဟုန်ယွိ ထွက်သွားပြီးနောက် မုရုန်ယန်က၊ “ဂိုဏ်းချုပ်ယောင်... ယင်ပြည်နယ်မှာ ကျိုးယွိ အကယ်ဒမီ တည်ဆောက်မယ့် ကိစ္စကို ဆွေးနွေးကြစို့။” ဟု ဆိုလိုက်သည်။

ဟုန်ယွိသည် ကျိုးယွိအကယ်ဒမီမှ ထွက်ခွာခဲ့ပြီး ခဏအကြာတွင် ကျယ်ပြောလှသော သဲကန္တာရကြီးအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဤအချိန်မှာ သဲကန္တာရအတွင်း၌လည်း အလွန်အေးမြလှသော ဆောင်းတွင်းဖြစ်ပြီး ခြောက်သွေ့နေလေသည်။

ဟုန်ယွိသည် ယခုအခါ 'ဟွာလျှို' နိုင်ငံ၏ မြို့တော်သို့ သွားခြင်း မဟုတ်ဘဲ 'အနှစ်သာရ နတ်ဘုရားကျောင်း' ၏ အဓိကကျောင်းဆောင်ကြီးရှိရာသို့ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။ အနှစ်သာရ နတ်ဘုရားကျောင်း၏ အဓိကကျောင်းဆောင်မှာ အခြားသူများအတွက် လျှို့ဝှက်ဆန်းကြယ်လှသော်လည်း၊ 'မူလဝိညာဉ်နတ်ဘုရား' ၏ မှတ်ဉာဏ်များကို စုပ်ယူ ထားသော ဟုန်ယွိအနေဖြင့် သူ၏ ကိုယ်ပိုင်အိမ်ယာကဲ့သို့ပင် ရင်းနှီးနေပြီ ဖြစ်သည်။

မကြာမီတွင် သူသည် သဲကန္တာရ၏ အလယ်ဗဟိုရှိ ကြီးမားသော အိုအေစစ်တစ်ခု၏ အထက်သို့ ရောက်ရှိလာသည်။

ဤအိုအေစစ်ရှိ ရေကန်ကြီးမှာ မိုင်ပေါင်း ရာနှင့်ချီ၍ ကျယ်ပြောလှသည်။ ၎င်းမှာ ‘ရွှေ့ယန်ရေကန်’ သို့မဟုတ် ‘ကျောက်စိမ်းကန်’ နှင့်ပင် ဆင်တူသည်။ အိုအေစစ် ရေကန်၏ အလယ်ဗဟိုတွင်မူ ပုံရိပ်ယောင်ကဲ့သို့ ကျောင်းတော်ကြီးတစ်ခု ရှိနေလေသည်။

“မုနိအလင်းစက်ဝန်း”

ဟုန်ယွိက လက်ဖြင့် ညွှန်ပြလိုက်ရာ အလယ်ဗဟိုတွင် အလင်းစက်တစ်ခု ပေါ်လာလေ သည်။ ရုတ်တရက် ကျောင်းတော်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခု၏ ပုံရိပ် မှာ ထိုအလင်းစက်အတွင်း ပေါ်လာသည်။

ထိုပုံရိပ်အတွင်း၌ အနှစ်သာရနတ်ဘုရားကျောင်း အထွက်အထိပ် ယဇ်ပုရောဟိတ်မသည် လျှို့ဝှက်ဆန်းကြယ်သော မျက်နှာဖုံးဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ ငွေရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦးနှင့် စကားပြောနေလေသည်။

“ကောင်းကင်သခင်အကြွင်းမဲ့...”

ယဇ်ပုရောဟိတ်မ၏ စကားများအရ ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသားမှာ မည်သူ မည်ဝါဖြစ်ကြောင်း ပေါ်လွင်သွားလေတော့သည်။

All Chapters