← Chapters

အခန်း (၆၄၅-၆၄၆)

Vol. 62 Ch. 645-646

အခန်း (၆၄၅-၆၄၆)

Vol. 62 Ch. 645-646

အခန်း (၆၄၅)။

ကြယ်ခုနစ်လုံးသတ်ဖြတ်သူ၊ စစ်တပ်ဖျက်ဆီးသူ၊ လောဘဝံပုလွေ၊ ကျူမန်နှင့် ဝူချူတို့ သည် ပထမဆုံး ပေါ်ထွက်လာသူများ ဖြစ်ကြသည်။ လူသားအင်မော်တယ် တစ်ဦးက ဦးဆောင်ပြီး အထွတ်အထိပ် သိုင်းသူတော်စင် ငါးဦးတို့က တိုက်ခိုက်လာခြင်း ဖြစ်သည်။ ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ လက်အောက်ခံ အင်အားစုမှာ တကယ့်ကို အစွမ်းထက်လှပေသည်။

လူသားအင်မော်တယ် တစ်ဦးနှင့် အရုဏ်ဦးချပ်ဝတ်ကို ဝတ်ဆင်ထားသော အထွတ်အထိပ် သိုင်းသူတော်စင် လေးဦးတို့သည် ကမ္ဘာလောကအနှံ့ လှည့်လည်တိုက်ခိုက်နိုင်စွမ်း ရှိကြ သည်။ ဖန်ဆင်းရှင်အဆင့်အောက်ရှိ မည်သူမျှ သူတို့ကို တားဆီးနိုင်မည် မဟုတ်ပေ။

သို့သော် ဤအရာများက ဟုန်ယွိကို တုန်လှုပ်အောင် မလုပ်နိုင်ခဲ့ပါ။ သူ တုန်လှုပ်သွားရ ခြင်းမှာ အကြောင်းရင်း နှစ်ချက်ကြောင့် ဖြစ်သည်။ ပထမအချက်မှာ အင်မော်တယ် ကျောက်စာတိုင် ငါးခုထဲမှ တစ်ခုမှာ အမှန်တကယ်ပင် ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ လက်ထဲတွင် ရှိနေခြင်းကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ထိုအမျိုးသမီး ၏ ရုပ်သွင်သည် သူ၏ မိခင်နှင့် အလွန်ပင် ဆင်တူနေခြင်းကြောင့် ဖြစ်သည်။

မှန်ပေသည်။ ဟုန်ယွိအား ကောင်းကင်သခင် အကြွင်းမဲ့ကို သတ်ဖြတ်ခြင်းမှ တားဆီးရန် ရုတ်တရက် ပေါ်လာသော ဤအမျိုးသမီးမှာ တိုင်ရှန်တာအိုဂိုဏ်း၏ ယခင် သူတော်စင် မိန်းမပျိုဖြစ်သူ မန်ပိုင်ယွန်နှင့် အလွန်တရာ ဆင်တူနေသည်။

ဟုန်ယွိသည် သူ့မိခင်၏ရုပ်သွင်ကို စိတ်ထဲတွင် နက်ရှိုင်းစွာ မှတ်သားထားသူဖြစ်ရာ မည်သည့်အခါမျှ မေ့လျော့မည် မဟုတ်ပေ။ ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ အသွင်ပြင်နှင့် စိတ်နေသဘောထားမှာ သူ၏မိခင်နှင့် ကွဲပြားသော်လည်း၊ သူတို့၏ ရုပ်ပိုင်း ဆိုင်ရာမှာမူ အမြွှာညီအစ်မများကဲ့သို့ပင် တူညီနေလေသည်။

သို့သော် ဟုန်ယွိသည် နောက်ဆုံးတွင်တော့ ဖန်ဆင်းရှင် တစ်ဦး ဖြစ်နေပေပြီ။ သူ၏ စိတ်စွမ်းအားမှာ ဖန်ဆင်းရှင်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏စိတ်နှင့် စိတ်ဝိညာဉ် မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် မြင့်မားပြီး၊ နေနှင့်လကဲ့သို့ပင် ထွန်းလင်းနေကာ၊ နိဗ္ဗာနနယ်ပယ်၏ မဟာတာအိုကိုပင် ထိုးဖောက်မြင်နိုင်စွမ်း ရှိသည်။ မန်ပိုင်ယွန် ကွယ်လွန်သွားသည်မှာ ကြာမြင့်လှပြီ ဖြစ်ကြောင်းမှာ ငြင်းမရသော အချက်ဖြစ်သည်။ ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး ပေါ်လာခြင်းမှာ သူ့ကို ခဏမျှသာ အံ့အားသင့် စေခဲ့ပြီး ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားခဲ့သည်။ စကြဝဠာကြီးမှာ အလွန်ကျယ်ပြော လှရာ ရုပ်ချင်းဆင်သူများ ရှိနေခြင်းမှာ ထူးဆန်းသော ကိစ္စမဟုတ်ပေ။

ထို့အပြင် သူ၏မိခင်သာ အမှန်တကယ် ပြန်လည် ရှင်သန်လာပြီး ဟုန်ယွိ၏ ရှေ့တွင် ပေါ်လာလျှင်ပင် ဟုန်ယွိသည် သူ၏တာအိုနှလုံးသားကို ပျက်ပြားစေမည် မဟုတ်သလို၊ သူ၏နှလုံးသားထဲရှိ အမှန်တရားများကိုလည်း စွန့်လွှတ်မည် မဟုတ်ပေ။ ဖန်ဆင်းရှင် နယ်ပယ်ဆိုသည်မှာ အဘယ်မှာလျှင် သာမန် ဖြစ်ပါအံ့နည်း။

ထို့အပြင် ဟုန်ယွိ၏ လေနှင့်မီးမျိုးနွယ်စုဆိုင်ရာနိမိတ် ဟောကိန်းတွက်ချက်မှုအရ ဤလျှို့ဝှက် ဆန်းကြယ်သော အမျိုးသမီးမှာ ကောင်းကင်အပြင်ပနယ်မြေမှ ဗဟိုကမ္ဘာရှိ လျှို့ဝှက်ဆန်းကြယ်သော ခေါင်းဆောင်၏ ဇနီး၊ ညီမ သို့မဟုတ် သမီး ဖြစ်ပေလိမ့်မည်။ သူမသည် သူ၏မိခင်နှင့် မည်သို့မျှ မပတ်သက်နိုင်ပေ။ ပတ်သက်မှု ရှိခဲ့လျှင်ပင် ၎င်းမှာ သေချာပေါက် ပူးပေါင်းကြံစည်မှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။ ၎င်းမှာ မုန့်ရှန်းကျီနှင့် ကောင်းကင်အပြင်ပနယ်မြေတို့ ပါဝင်ပတ်သက်နေသော ကြီးမားလှသည့် ပူးပေါင်းကြံစည် မှုကြီးပင် ဖြစ်ပေလိမ့်မည်။ အကြောင်းရင်းကတော့ ရှုပ်ထွေးလွန်းလှသည်။

“ယုတ္တိနည်းအရ စဉ်းစားကြည့်ရင် မုန့်ရှန်းကျီမှာ ငါ့အမေလို ညီမတစ်ယောက် ဘာလို့ ရှိနေမှာလဲ။ ထိုအင်မော်တယ် နတ်ဘုရားဘုရင်က ချန်ပီယံမြို့စားကို ကောင်းကင်အပြင်ပ နယ်မြေရဲ့ ခေါင်းဆောင်နဲ့ တူအောင် လုပ်နိုင်ခဲ့ရင်၊ မုန့်ရှန်းကျီကလည်း ငါ့အမေနဲ့ သူ့ညီမ ကို ကောင်းကင်အပြင်ပနယ်မြေရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ တူအောင် လုပ်နိုင်မှာပဲ။ လေနှင့်မီးမျိုးနွယ်စု... လေနှင့်မီးမျိုးနွယ်စု... ဒီဟောကိန်းမှာ ငါတောင် လုံးဝ မသိနိုင်သေး တဲ့ ပိုပြီးနက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေ ရှိနေဦးမှာပဲ။”

ဟုန်ယွိသည် ပြန်လည် တည်ငြိမ်သွားပြီးနောက် အတွေးများကို စီးဆင်းစေလိုက်သည်။ ‘လေနှင့်မီးမျိုးနွယ်စု’ ဟူသော ပြောင်းလဲခြင်းကျမ်း ဟောကိန်းတွင် ဖန်ဆင်းရှင်အဆင့်ရှိသူ သူကိုယ်တိုင်ပင် အပြည့်အဝ နားမလည်နိုင်သော ပိုမိုနက်ရှိုင်းသည့် အနက်အဓိပ္ပာယ်များ ရှိနေကြောင်း သူ ချက်ချင်း သဘောပေါက်လိုက်သည်။

ဖန်ဆင်းရှင်တစ်ပါးသည် အမှန်ပင် ဖန်ဆင်းရှင် ဖြစ်ပေသည်။ ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ ရုပ်သွင်ကို မြင်လိုက်ရသည့် ခဏမှာပင် မရေတွက်နိုင်သော အတွေးများနှင့် ခန့်မှန်းချက်များမှာ ဟုန်ယွိ၏ စိတ်ထဲတွင် ထင်ထင်ရှားရှား ပေါ်လာလေသည်။ သူသည် အနည်းငယ်မျှ အံ့ဩခြင်း မရှိတော့သလို၊ စိတ်ပျံ့လွင့်ခြင်းလည်း မရှိပေ။

ထိုအမျိုးသမီးသည် အင်မော်တယ်ကျောက်စာတိုင်ကို ကိုင်ဆောင်ကာ ကောင်းကင်ယံ တွင် ရပ်နေ၏။ သူမပေါ်လာသည်နှင့် ပြင်းထန်သော အတွေးစလှိုင်းတစ်ခုမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး အရာအားလုံးကို ထိုးဖောက် ကြည့်ရှုလိုက်သည်။ ဟုန်ယွိ၏ မျက်နှာပေါ်ရှိ အံ့အားသင့်သွားသော အမူအရာကို သူမ မြင်လိုက်ရ၏။ ဟုန်ယွိ၏ အံ့အား သင့်မှုကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများတွင် ကျေနပ်အားရသည့် အရိပ် အယောင်များ လက်ခနဲ ပေါ်သွားသည်။

“ခင်ဗျားက ဘယ်သူလဲ” ဟုန်ယွိက တိုက်ခိုက်ခြင်း မပြုသေးဘဲ ဟင်းလင်းပြင်တွင် ရပ်နေ ကာ သူ၏မိခင် မန်ပိုင်ယွန်နှင့် တူလှသော အမျိုးသမီးကို ကြည့်လိုက်သည်။

“ကျွန်မ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အခု ကျွန်မ ကောင်းကင်သခင် အကြွင်းမဲ့ကို ခေါ်သွားမယ်၊ ပြီးတော့ သူ့ရဲ့မှတ်ဉာဏ်တွေကို ပြောင်းလဲပစ်မယ်။ ရှင် သူ့ကို သတ်ခဲ့တဲ့ မှတ်ဉာဏ်တွေကို ကျွန်မ လုံးဝ ဖျက်ပစ်ချင်တယ်။ မဟုတ်ရင် သူ ပြန်ရောက်တဲ့အခါ ကျွန်မရဲ့ နောက်ဆုံး အစီအစဉ်တွေကို ဖျက်ဆီးပစ်လိမ့်မယ်။ ပြီးတော့ ရှင် ခုနက သိမ်းလိုက်တဲ့ မိုးမြေသခင်ဝတ်ရုံတော်နဲ့ လိုတရတောင်ဝှေးကိုလည်း ကျွန်မကို ပေးလိုက် ပါ။”

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် ခပ်ဖွဖွ ပြုံးလိုက်သော်လည်း သူမ၏ စကားလုံး များတွင် ငြင်းဆန်၍မရသော အာဏာစက်များ ပါဝင်နေ၏။ ဤကဲ့သို့သော အာဏာစက် မျိုးမှာ လူသန်းပေါင်းများစွာကို အုပ်ချုပ်ခဲ့ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းမှာ လူတစ်ဦး၏ ပင်ကိုယ်စရိုက်ထဲတွင် မသိမသာ စိမ့်ဝင်နေပြီး ခွဲခြား၍ မရနိုင်လောက်အောင် ဖြစ်နေလေပြီ။

“ဟားဟား... ဟားဟားဟား...” ဟုန်ယွိက ရုတ်တရက် အော်ဟစ် ရယ်မောလိုက်သည်။ ထို့နောက် သူ၏ အပြုံးမှာ ရုတ်ခြည်း ပျောက်ကွယ်သွားကာ မျက်လုံးများတွင် အေးစက် သော အလင်းတန်းများ လက်ခနဲ ပေါ်လာသည်။ “တကယ်လို့ ကျုပ်က ခင်ဗျားကို ခေါ်သွား ခွင့် မပေးဘူးဆိုရင်ကော။”

“အို... ရှင်က ခေါ်သွားခွင့် မပေးဘူး ဟုတ်လား။” အမျိုးသမီးက ဟုန်ယွိ ဤသို့ ပြောမည်ကို မျှော်လင့်ထားပုံရသည်။ “ဟုန်ယွိ... ဒါဆို ကျွန်မ ရှင့်ကို မေးခွန်းတစ်ခု မေးမယ်။ ခုနက ကျွန်မ ရုပ်သွင်ကို မြင်လိုက်ရတော့ ရှင် တုန်လှုပ်သွားတယ် မဟုတ်လား။ ကျွန်မက တစ်စုံတစ်ယောက်နဲ့ တူနေလို့လား။”

“ဟုတ်တယ်၊ ခင်ဗျားက တစ်စုံတစ်ယောက်နဲ့ တော်တော်လေး တူနေတယ်” ဟုန်ယွိက မျက်တောင်တစ်ချက် မခတ်ဘဲ ပြောလိုက်သည်။

“အဲ့ဒီလူက ဘယ်သူလဲ” ထိုအမျိုးသမီး၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

“အဲဒီလူက ကွယ်လွန်သွားပြီဖြစ်တဲ့ ကျုပ်အမေပဲ” ဟုန်ယွိက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ “ဒါပေမဲ့ ခင်ဗျားက ကောင်းကင်အပြင်ပနယ်မြေ ဗဟိုကမ္ဘာက လာတာ။ ခင်ဗျားက ကျုပ်ရဲ့မျိုးနွယ်စုက မဟုတ်ဘူး၊ ဒါကြောင့် ခင်ဗျားရဲ့ နှလုံးသားကလည်း ကျုပ်တို့နဲ့ မတူနိုင်ဘူး။ စကြဝဠာကြီးက ကျယ်ပြောလွန်းတော့ ရုပ်ချင်းဆင်တဲ့ လူတွေ ရှိနေတာ မဆန်းပါဘူး။ ဒီအချက်လေး တစ်ခုတည်းနဲ့တင် ကျုပ်က ကောင်းကင်သခင် အကြွင်းမဲ့ကို လွှတ်ပေးရမယ်လို့ ခင်ဗျား ထင်နေတာလား။”

“အမျိုးအနွယ် မတူဘူး ဟုတ်လား။လျှို့ဝှက်ဆန်းကြယ် အမျိုးသမီးက အေးစက်စွာ ရယ်မောလိုက်ပါသည်။ “ရှင့်အမေက ဒီမဟာကမ္ဘာလောကကြီးက မဟုတ်ဘူး။ ကောင်းကင်အပြင်ပ နယ်မြေ ဗဟိုကမ္ဘာက လာတာပဲ။ ဒါဆိုရင် သူမကလည်း ရှင်တို့နဲ့ အမျိုးအနွယ် မတူတော့ဘူး မဟုတ်လား။”

“ခင်ဗျား ဘာပြောလိုက်တယ်။” ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ တင်းမာသွားပြီး သူ၏ မျက်ခုံး နှစ်ခုကြားရှိ သူတော်စင်ပေါင်းစုံ ခန်းမအတွင်းမှ မူလစွမ်းအင်များ စတင် လည်ပတ်လာ သည်။ “ကျုပ်က ခင်ဗျားရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဘာလို့ ယုံရမှာလဲ။”

“အဓိပ္ပာယ်မရှိဘူး ဟုတ်လား။ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ခေါင်းဆောင် မုန့်ရှန်းကျီနဲ့ တွေ့တဲ့ အခါ ရှင် သိလာပါလိမ့်မယ်။ ကျွန်မကတော့ အသေးစိတ်တွေကို ပြောပြမှာ မဟုတ်ဘူး၊ ဒါကြောင့် အများကြီး လာမမေးနဲ့။ အများကြီး သိနေတာက ရှင့်အတွက် မကောင်းဘူး။” လျှို့ဝှက်ဆန်းကြယ် အမျိုးသမီးသည် နက်နဲစွာ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်ဟောင်း တစ်ခုကို ရုတ်တရက် ထုတ်ဖော်လိုက်ပါသည်။

“ခင်ဗျားက တကယ်ကို ဘယ်သူလဲ။” ဟုန်ယွိသည် ဤစကားများကို နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

“ငါ မပြောပြနိုင်ဘူး။ ဒါပေမဲ့ ရှင့်အမေနဲ့ ကျွန်မဟာ အလွန်နက်ရှိုင်းတဲ့ ပတ်သက်မှု ရှိနေ တယ်။ သူမက တကယ့်ကို ကောင်းကင်အပြင်ပနယ်မြေ ဗဟိုကမ္ဘာက လာခဲ့တာပဲ။ သူမ အရမ်းငယ်စဉ်ကတည်းက မုန့်ရှန်းကျီဟာ ဗဟိုကမ္ဘာထဲကို ခိုးဝင်လာပြီး သူမကို ခေါ်ထုတ် သွားခဲ့တာ။” အမျိုးသမီးက တည်ငြိမ်စွာ ပြောလိုက်သည်။ သူမ၏ အတွေးစများမှာ ဟင်းလင်းပြင်အတွင်း တစ်ခုပြီးတစ်ခု ပျံ့နှံ့သွားသည်။

“ခင်ဗျားက ကောင်းကင်အပြင်ပနယ်မြေ ဗဟိုကမ္ဘာမှာ ဘယ်လို အဆင့်အတန်းမျိုး ရှိလဲ။” ဟုန်ယွိသည် ရုတ်တရက် ပေါ်လာသော ဤအမျိုးသမီး ပြောပြသည့် လျှို့ဝှက်ချက်များကို စိတ်မဝင်စားဟန် ပြုလျက် တိုက်ရိုက်ပင် မေးမြန်းလိုက်ပါသည် “ခင်ဗျားက ကျုပ်အရင်က တိုက်ခိုက်ခဲ့ဖူးတဲ့ ခေါင်းဆောင်ကြီးရဲ့ ဇနီးလား၊ ဒါမှမဟုတ် သူ့အစ်မလား။ ညီမလား။ ဒါမှမဟုတ် သမီးလား။ ကျုပ်ခန့်မှန်းချက် မှန်မယ်ဆိုရင် ခင်ဗျားရဲ့ အဆင့်အတန်းဟာ ကောင်းကင်အပြင်ပနယ်မြေ ဗဟိုကမ္ဘာမှာ အလွန် မြင့်မားရမယ်။”

“ဟင်” လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးမှာ အံ့အားသင့်သွားသည်။ ဟုန်ယွိက ဤမျှ တိကျစွာ ခန့်မှန်းနိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သို့သော် တဏချမျှ ကြာပြီးနောက် သူမက ပြုံးလျက် ပြောလိုက်သည် “အသေးစိတ်တွေကို အများကြီး လာမမေးနဲ့။ ရှင် သိထားဖို့က ကျွန်မကလည်း ဟုန်ရွှန်ကျိကို နှိမ်နင်းချင်တယ်ဆိုတာပဲ။ ကဲ... အဓိပ္ပာယ်မဲ့ စကားတွေ တော်လောက်ပြီ။ ကျွန်မ ကောင်းကင်သခင် အကြွင်းမဲ့ကို ခေါ်သွားတော့မယ်။ ဟုန်ရွှန်ကျိ ကိုယ်လုပ်တော် ယူမယ့်ကိစ္စကို ရှင် စိတ်ပူနေစရာ မလိုတော့ဘူး။”

ပြောပြောဆိုဆိုနှင့်ပင် အမျိုးသမီးသည် သူမ၏ လက်ချောင်းကို ခပ်ဖွဖွ တောက်လိုက်ရာ၊ ရှေးဟောင်း မှော်သင်္ကေတများမှာ သက်တန့်အလင်းများအလား ရှည်လျားစွာ ဖြစ်ပေါ်လာ ပြီး မြေပြင်ပေါ်ရှိ ကောင်းကင်သခင် အကြွင်းမဲ့ဆီသို့ ဝှေ့ယမ်း ပြေးဝင်သွားလေသည်။

“ခင်ဗျားရှေ့မှာ ရပ်နေတာက ဖန်ဆင်းရှင် တစ်ပါးဆိုတာ ခင်ဗျား သိရဲ့လား။ သူက ကျုပ်ရဲ့ ရန်သူပဲ။ ကျုပ်က သူ့ကို သတ်ဖို့ ရည်ရွယ်ထားတယ်၊ ဒါပေမဲ့ ခင်ဗျားက တားနေတယ်။ ခင်ဗျား ဘာအားကိုးနဲ့ လာတားနေတာလဲ။ ခင်ဗျားလက်ထဲက အင်မော်တယ် ကျောက်စာ တိုင်ကို အားကိုးနေတာလား။ ဒါဆိုရင်တော့ အင်မော်တယ်ကျောက်စာတိုင် ငါးခုစလုံးစုံတဲ့ အထိ စောင့်လိုက်ပါဦး၊ အဲဒီကျမှ ဒီလိုစကားမျိုးကို ထပ်ပြော။”

ဟုန်ယွိသည် ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက လှုပ်ရှားလျက် မှော်သင်္ကေတ အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်သည်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် သူ၏ လက်ချောင်းများမှာလည်း လှုပ်ရှားသွားကာ 'နဂါးဖမ်းဆီး ကြိုးကြာထိန်းချုပ်' ဟန်မူရာ အတိုင်း ကြိုးကြာငှက်နှင့် နဂါးတို့အလား ဟန်ပန်အမူအရာများ ဖြစ်ပေါ်လာလေသည်။ သူ၏လက်ချောင်းထိပ်များမှ နဂါးပုံစံ စွမ်းအင်စီးကြောင်း ငါးခုမှာ ပေါက်ကွဲထွက်လာပြီး ထိုအမျိုးသမီး၏ မှော်သင်္ကေတကို ပြင်းထန်စွာ ကြားဖြတ်တားဆီးလိုက်တော့သည်။

“ဟုန်ယွိ… ရှင် တကယ်ပဲ ကျွန်မနဲ့ တိုက်ခိုက်ချင်တာလား။”

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ မှော်သင်္ကေတမှာ ချက်ချင်းပင် ဟန့်တားခြင်း ခံလိုက်ရသဖြင့် သူမ၏ခန္ဓာကိုယ်မှာ တုန်ခါသွားရပြီး အဝတ်အစားများမှာလည်း လွင့်ပျံ သွားခဲ့လေသည်။ အေးစက်စက် အတွေးစလှိုင်းများမှာ သူမ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်အတွင်း၌ ဂယက်လှိုင်းများ ဖြစ်ပေါ်စေခဲ့သည်။

“ဒီနေ့ ကျုပ် ကောင်းကင်သခင် အကြွင်းမဲ့ကို ဖမ်းဆီးရမယ်။ ခင်ဗျားက ခင်ဗျားရဲ့ အဆင့်အတန်းကို ဖုံးကွယ်ထားချင်တယ်ဆိုရင်လည်း အဲဒါက ကျုပ်နဲ့ မဆိုင်ဘူး။ ကျုပ်က ဘာလို့ လက်တွန့်နေရမှာလဲ။ ခင်ဗျားကိုယ်တိုင်က အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်ပဲ၊ ကျုပ်တို့လို လူမျိုးတွေ ဘယ်လို အလုပ်လုပ်လဲဆိုတာ ခင်ဗျား သိမှာပါ။ တကယ်လို့, ဒီနေ့ ခင်ဗျား ကောင်းကင်သခင် အကြွင်းမဲ့ကို ကျုပ်လက်ထဲကနေ လုယူနိုင်ရင် အဲဒါက ခင်ဗျားရဲ့ အရည်အချင်းပဲ။ ခင်ဗျား မလုယူနိုင်ရင်တော့ သူများကို အပြစ်မတင်နဲ့။ ခင်ဗျား ဘယ်သူလဲဆိုတာကိုတော့ ကျုပ် အတည်ပြုချင်သေးတယ်။ ဒါပေမဲ့ ခင်ဗျားကို ဖမ်းဆီးပြီး မှ စစ်ဆေးမေးမြန်းရင်လည်း နောက်မကျသေးပါဘူး။”

ဟုန်ယွိ အမုန်းဆုံးအရာမှာ ဤအမျိုးသမီး၏ ဝေ့လည်ကြောင်ပတ် ပြောဆိုနေမှုနှင့် လျှို့ဝှက်ချက်များ ရှိနေသယောင် ဟန်ဆောင်နေခြင်းပင် ဖြစ်သည်။ ထို့ထက် ပိုသည်မှာ သူမထံမှ ပြင်းထန်သော ပူးပေါင်းကြံစည်မှု အငွေ့အသက်မျိုးကို ခံစားနေရခြင်းပင်။

စကားပြောပြီးနောက် သူသည် ဟင်းလင်းပြင်တွင် ဝင့်ကြွားစွာ ရပ်နေရင်း လက်သည်းဖြင့် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဖောင်းကြွလာသည်။

ကောင်းကင်ယံရှိ နေရောင်ခြည်ပင်လျှင် သူ၏ အသူက်ရှူသွင်းမှုကြောင့် အနည်းငယ် တုန်ခါသွားခဲ့ရသည်။

“တာအိုရဲ့ အထွတ်အထိပ်... နေနှင့်လကို ကစားစရာအဖြစ် ဝါးမြိုခြင်း။ ရွှေရောင်ပါရမီ တံတား”

ဟုန်ယွိ အသက်ရှူသွင်းလိုက်သည်နှင့် အလွန်တရာ အစွမ်းထက်သော အတွေးစတစ်ခုမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ ထိုအတွေးစနှင့်အတူ အနှိုင်းမဲ့ ပြင်းထန် သော စိတ်ဝိညာဉ် စွမ်းအားများနှင့် ဒီရေလှိုင်းများကဲ့သို့ ကျယ်ပြောလှသော အစစ်မှန် စွမ်းအားများသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေခဲ့သည်။

ဝှီး…

ရွှေရောင်ပါရမီတံတားမှာ ဟင်းလင်းပြင်မှ ရုတ်တရက် ပေါ်လာပြီး မြေ၊ ရေ၊ လေ၊ မီး စွမ်အင်များမှာ ပြန်လည် ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးမှာ ဝရုန်းသုန်း ကား ဖြစ်သွားကာ၊ အလင်းတန်းများဖြင့် ပြည့်နှက်သွားပြီး ဟင်းလင်းပြင် တစ်ခုလုံးမှာ ဆန်ပြုတ်အိုး ဆူပွက်နေသကဲ့သို့ ပွက်ပွက်ဆူလာသည်။

“အား….” လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးမှာ ဟုန်ယွိက အစွမ်းကုန် တိုက်ခိုက်လိမ့် မည်ဟု မထင်ထားခဲ့ပေ။ သူ၏စွမ်းအားမှာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်ပြီး အစွမ်းထက် သော ရွှေရောင်ပါရမီတံတားမှာ သူမကိုသာမက သူမလက်ထဲရှိ အင်မော်တယ် ကျောက်စာ တိုင်ကိုပါ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

“ရှင်က ကျွန်မရဲ့ အင်မော်တယ်ကျောက်စာတိုင်ကို လုချင်တာလား။”

အမျိုးသမီးသည် ဟုန်ယွိ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားသော်လည်း ဟုန်ယွိ၏ တိုက်ခိုက်မှုမှာ ပြင်းထန်လွန်းလှသည်။ ရွှေရောင်ပါရမီတံတား၏ အဟုန်ကို သူမ လုံးဝ မတားဆီးနိုင်ခဲ့ပေ။

“ကော့လီနတ်ဘုရားဘုရင်... မဟာဖျက်ဆီးခြင်း ပညာရပ်”

ထိုအမျိုးသမီးမှာလည်း အနှိုင်းမဲ့ ပညာရှင်တစ်ဦး ဖြစ်ရာ ဟုန်ယွိ၏ တိုက်ခိုက်မှုကို ရင်ဆိုင် ရန် သူမ၏ကျွမ်းကျင်ဆုံးသော ပညာရပ်များကို နောက်ဆုံးတွင် ထုတ်ဖော်လိုက်သည်။ သူမ၏ လက်ထဲရှိ အင်မော်တယ်ကျောက်စာတိုင်မှာ ရုတ်တရက် ရှေးဟောင်းမှော်သင်္ကေ တများအဖြစ် တစ်လွှာချင်း ပြိုကွဲသွားပြီး သူမ၏ လက်ဖဝါးတွင် စုစည်းသွားကာ မှော် အဆောင် နှစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဤမှော်အဆောင်နှစ်ခုမှာ ရှေးဦးခေတ် ဝိညာဉ်ရေးရာ စာလုံးများဖြစ်ကြောင်း ထင်ရှားပြီး ၎င်းတို့မှာ မည်သည့်အရာကို ကိုယ်စားပြုကြောင်း ဟုန်ယွိ အထင်အရှား မြင်နေရသည်။ တစ်ခုမှာ ‘ပြောင်းလဲခြင်း’ ဖြစ်ပြီး အခြားတစ်ခုမှာ ‘ဖျက်ဆီးခြင်း’ ဖြစ်သည်။

သူမ၏ ဘယ်ဘက်လက်က ပြောင်းလဲခြင်းအတွက် ဖြစ်ပြီး ညာဘက်လက်က ဖျက်ဆီးခြင်း အတွက် ဖြစ်ပါသည်။ အမျိုးသမီးသည် သူမ၏ လက်ဖဝါးနှစ်ဖက်ကို ခွဲထုတ်လိုက်ရာ ရှေးဟောင်းမှော်သင်္ကေတများမှာ ပေါက်ကွဲထွက်လာသည်။ သူမ၏ အစစ်မှန် စွမ်းအင်များ နှင့်အတူ ၎င်းတို့သည် ရွှေရောင်ပါရမီတံတားဆီသို့ လှပသော မျဉ်းကွေးတစ်ခုအဖြစ် ထိုးနှက်ပြီး ထိတွေ့မိသွားကြသည်။ တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပေါ်လာပြီး မြေပြင် နှင့် ကမ္ဘာကြီးကို တုန်ခါသွားစေသည်။

“ချိုးဖောက်စမ်း”

ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး ရွှေရောင်ပါရမီတံတားပေါ်သို့ တက်လိုက်သည်။ သူသည် တံတားပေါ်တွင် ရှိနေပြီး ရှေ့သို့ ပြေးထွက်လိုက်ရာ၊ ရွှေရောင်ပါရမီတံတား၏ အခြားတစ်ဖက်ကို ခြေနင်းထားသော သူ၏ အရှိန်အဝါမှာ မည်သည့် ပညာရှင်၏ နှလုံးသား ကိုမဆို တုန်လှုပ်စေနိုင်စွမ်း ရှိသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဟုန်ယွိသည် ရွှေတံတားပေါ်မှတစ်ဆင့် လျှို့ဝှက်ဆန်းကြယ် အမျိုးသမီး၏ ရှေ့မှောက်သို့ ရောက်ရှိသွားပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်ပါသည်။

ဤလက်သီးချက်တွင် စကြဝဠာကြီးကို ဖောက်ထွက်သွားနိုင်သည့် အရှိန်အဝါမျိုး ပါရှိနေ သည်။ အမျိုးသမီး ဖန်တီးထားသော ‘ပြောင်းလဲခြင်းနှင့် ဖျက်ဆီးခြင်း’ သင်္ကေတများသည် ဤလက်သီးတစ်ချက် အောက်တွင် အပိုင်းပိုင်းအစစ ကြေမွသွားခဲ့ရပြီး သူမ၏ ကာကွယ် ရေး အစီအရင်အားလုံးလည်း ပြိုလဲသွားခဲ့သည်။ အမျိုးသမီး၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ စွမ်းအင် အကာအကွယ်များမှာလည်း ဤလက်သီးချက်အောက်တွင် ဖုန်မှုန့်များအလား ပျက်စီးသွားခဲ့ရပါသည်။

လျှို့ဝှက်ဆန်းကြယ် အမျိုးသမီးသည် စကားတစ်လုံးမျှ ပြောရန်ပင် အချိန်မရဘဲ နောက်သို့ အဟုန်ပြင်းစွာ ဆုတ်ခွာသွားခဲ့ရပါသည်။

မျက်စိတမှိတ်အတွင်းမှာပင် သူမသည် ဟုန်ယွိ၏ လက်သီးချက်ကို ရှောင်တိမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏လက်ထဲရှိ မရေတွက်နိုင်သော ရှေးဟောင်းမှော်သင်္ကေတများ မှာ ထပ်မံ ပြောင်းလဲသွားပြီး နောက်ထပ် အသွင်ကူးပြောင်းမှုတစ်ခု ဖြစ်ပေါ်လာသည်။ မှော်သင်္ကေတများ တစ်ခုပြီးတစ်ခု ပေါ်လာပြီး ၎င်းတို့ တစ်ခုချင်းစီမှာ လူသားပုံသဏ္ဌာန် ရှိနေကြကာ ပြင်းထန်သော သွေးစွမ်းအင်၊ လောင်မြိုက်နေသော အရှိန်အဝါနှင့် စွမ်းအား များကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့ တစ်ခုချင်းစီမှာ လူသားအင်မော်တယ် သို့မဟုတ် အထွတ်အထိပ် သိုင်းသူတော်စင် တစ်ဦးစီ၏ စွမ်းအားများ ရှိနေကြသကဲ့သို့ပင်။

“အင်မော်တယ်တစ်သောင်းနှင့် ဝိညာဉ်တစ်သောင်း ကျိန်စာ။”

အမျိုးသမီး၏ မှော်သင်္ကေတများ ပုံဖော်ပြီးစီးသွားပြီး ထုတ်လွှတ်ရန် အသင့်ဖြစ်နေကာ ထိုမှော်သင်္ကေတအတွင်း၌ မြေကြီးတုန်ဟီးစေမည့် အရှိန်အဝါတစ်ခု ကိန်းအောင်းနေ သည်။

“ရှေးဦးကမ္ဘရီယန်ချောက်နက်... ကောင်းကင်နှင့် မြေကြီးကို ရှာဖွေခြင်း။”

ထိုမှော်သင်္ကေတ ကျိန်စာ စတင်အသက်ဝင်ခါနီးမှာပင် ဟုန်ယွိ၏ လက်သည်းများမှာ ကွဲထွက်သွားပြီး တိုက်ခိုက်လိုက်သည်။ သူသည် မှော်သင်္ကေတ ကျိန်စာအုပ်စု၏ အလယ် ဗဟိုသို့ ထိုးဖောက်ဝင်ရောက်သွားပြီး လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ နှလုံးသား ကို ထိုးဖောက်ရန် ကြိုးစားလိုက်သည်။ သူက အမှန်တကယ်ပင် တစ်လှမ်း ပိုမြန်နေခဲ့ သည်။

“အို... ကောင်းကင်ဘုံရဲ့ မဟာလောက” အမျိုးသမီးမှာ ထပ်မံ လှုပ်ရှားလိုက်ပြန်ရာ မရေတွက်နိုင်သော ရှေးဟောင်းမှော်သင်္ကေတများ သူမ၏ ဘယ်လက်တွင် ပေါ်လာပြီး ရင်ဘတ်ကို ကာကွယ်လိုက်သည်။ ကုဋေပေါင်းများစွာသော မှော်သင်္ကေတများမှာ သူမ၏ နှလုံးသားတွင် အမည်မသိ ကမ္ဘာတစ်ခုအဖြစ် စုစည်းသွားသည်။ ထိုကမ္ဘာအသစ်အတွင်း၌ အရာအားလုံးကို အုပ်ချုပ်သော ရှေးဟောင်း သူတော်စင်ဧကရာဇ် တစ်ပါး၏ အရှိန်အဝါမျိုး ရှိနေသည်။ ကောင်းကင်၊ မြေကြီး၊ လူ၊ နတ်ဘုရားနှင့် တစ္ဆေသရဲများ အားလုံးမှာ သူ့ကို ဒူးထောက် အညံ့စေနိုင်သည့် စွမ်းအားမျိုး ရှိနေပါသည်။ ထိုအမည်မသိ ကောင်းကင်ဘုံ လောကသည် ဟုန်ယွိ၏ လက်သည်းစွမ်းအင်နှင့် လက်သီးစွမ်းအားများကို တခဏချင်း အတွင်း ဝါးမြိုပစ်လိုက်သည်။

ထို့နောက် သူမက လက်နှစ်ဖက်ကို ပူးကပ်လိုက်ရာ ဟုန်ယွိ၏ အနှိုင်းမဲ့ အစစ်မှန် စွမ်းအင်များမှာ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။

တစ်ချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်မှာ မြေပြင်သို့ နိမ့်ဆင်းသွားပြီး ကောင်းကင်သခင် အကြွင်းမဲ့၏ ဘေးတွင် ဆင်းသက်လိုက်သည်။ သူမက လက်ဖြင့် ဖမ်းဆွဲယူလိုက်ရာ ကောင်းကင်သခင် အကြွင်းမဲ့မှာ အမည်မသိ အကာအကွယ် တစ်ခုအတွင်းသို့ ပါသွားလေ သည်။

ရှေးဟောင်း မှော်သင်္ကေတပေါင်း သန်း ၄၈၀ ပါဝင်သော အင်မော်တယ် ကျောက်စာတိုင် ကို ဤအမျိုးသမီးက အလွန်တရာ ကျွမ်းကျင်လှပစွာ အသုံးပြုနေခြင်းမှာ သဘာဝတရား ၏ ဖန်တီးမှုတစ်ခုကဲ့သို့ပင် အံ့မခန်းလှပနေသည်။

“တောင်တန်း ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်” ဟုန်ယွိသည် ထိုအမျိုးသမီးက ကောင်းကင်သခင် အကြွင်းမဲ့ကို ဖမ်းယူလျက် ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်လိုက်ရပါသည်။

အခန်း (၆၄၆)။

ဟုန်ယွိသည် ကောင်းကင်သခင် အကြွင်းမဲ့ကို ဖမ်းဆီးရယူရန် ခိုင်မာစွာ သံအဓိဋ္ဌာန် ပြုထားသည်။ ထို့ထက် ပို၍ အရေးကြီးသည်မှာ ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး ကို ဖမ်းဆီးပြီး အရာအားလုံး၏ အရင်းအမြစ်ကို ဖော်ထုတ်ရန်ပင် ဖြစ်သည်။ အမှန်စင်စစ် ကောင်းကင်အပြင်ပနယ်မြေရှိ ‘ဗဟိုကမ္ဘာ’ ၌ လူမသိသူမသိ လျှို့ဝှက်ချက်များမှာ သမုဒ္ဒရာ ထက်ပင် နက်ရှိုင်းလှသည် မဟုတ်ပါလား။

ထို့ပြင် အစွမ်းထက် ပညာရှင်များမှာ တစ်ဦးပြီးတစ်ဦး ‘မဟာကမ္ဘာလောကကြီး’ အတွင်းသို့ အဆက်မပြတ် ကျူးကျော်ဝင်ရောက်လာကြရာ အခြေအနေအရပ်ရပ်မှာ ရှုပ်ထွေးပွေလီ လာခဲ့ပြီ။

ယခုအခါ သူမသည် အနှစ်သာရနတ်ဘုရားကျောင်းကိုပင် လက်ဝယ်ပိုင်ပိုင် ထိန်းချုပ်ထား ပြီး ဟုန်ရွှန်ကျိ၏ ကိုယ်လုပ်တော် လက်ထပ်ပွဲ ကိစ္စရပ်များ၌လည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်နေသည်။ ၎င်းတို့ထဲမှ အချို့မှာ လျှို့ဝှက်ဆန်းကြယ်ကာ ယုတ်မာ ကောက်ကျစ်ကြသူများ ဖြစ်ရာ သူသည် သတိကြီးစွာ ထားနေရပေမည်။

ပထမဆုံးမှာ ‘သခင်လေးချွန်း’၊ ထို့နောက် ‘သခင်လေး ရှူ’၊ ယခုမူ အင်မော်တယ် ကျောက်စာတိုင်ကို ကိုင်စွဲထားသော လျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီး။ ဖန်ကြယ်၏ ဗဟိုကမ္ဘာမှ ပို၍ ပို၍ များပြားလာသော ပညာရှင်များမှာ မဟာကမ္ဘာလောကကြီး အတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာနေကြသည်။ အကယ်၍ ဤဖြစ်ရပ်ကို အချိန်မီ မဟန့်တားနိုင်ခဲ့လျှင် သူတို့ အရှိန်အဟုန် ရရှိသွားသည်နှင့် တစ်ပြိုင်နက် ထိန်းချုပ်ရ အလွန်ခက်ခဲသွားပေလိမ့်မည်။

ကောင်းကင်အပြင်ပနယ်မြေ၏ ဗဟိုကမ္ဘာဆိုသည်မှာ မည်သည့် မြင့်မြတ် နယ်မြေ၊ ဂိုဏ်း သို့မဟုတ် တိုင်းနိုင်ငံနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်သော အင်အားစုကြီး ဖြစ်သည်။ ၎င်းမှာ နှစ်ပေါင်း တစ်သောင်းနီးပါး တည်တံ့လာခဲ့သည့် လူဦးရေ ဆယ်ဘီလီယမ်ကျော် ရှိသော အနှိုင်းမဲ့ ခိုင်မာသည့် လူ့ယဉ်ကျေးမှု လူ့အဖွဲ့အစည်းကြီး တစ်ခု ဖြစ်သည်။

ထို့ပြင် ၎င်းမှာ ရှေးဦးခေတ်၏ (ကမ္ဘာဦးခေတ်) နံပါတ်တစ် ပညာရှင်နှင့် နံပါတ်တစ် သူတော်စင် ဧကရာဇ်တို့ စတင် ပျိုးထောင်ခဲ့သော ယဉ်ကျေးမှုကြီးလည်း ဖြစ်ပေသည်။

ဤယဉ်ကျေးမှုကြီးသည် တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာပြီး မဟာကမ္ဘာလောကကြီးဆီ သို့ အလုံးအရင်းနှင့် ဆိုက်ရောက်လာပါက မည်ကဲ့သို့သော လှိုင်းလုံးကြီးများ ရိုက်ခတ်လာ မည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။

ဟုန်ယွိတစ်ဦးတည်းနှင့် သူတို့ကို တားဆီးရန်မှာ မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့် သူသည် ဤကျူးကျော်မှုများကို အမြစ်မှလှန်၍ ဖယ်ရှားပစ်ရန် ကြံစည်နေခြင်း ဖြစ်သည်။

ယခုအခါ ဟုန်ယွိသည် စိတ်ကြည်လင် တည်ငြိမ်နေသည်။ သူသည် သူ၏ စွမ်းအားရှိသမျှ ကို အသုံးပြု၍ ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးကို ဖမ်းဆီးကာ၊ သူ၏ မိခင်နှင့် ဖန်ကြယ်ကမ္ဘာတို့အကြားရှိ အစစ်အမှန် ပတ်သက်မှုကို ဖော်ထုတ်ရန် ကြိုးစားနေသည်။ တစ်ချိန်တည်းမှာပင် သူမထံမှ အင်မော်တယ်ကျောက်စာတိုင်ကိုလည်း လက်ဝယ်ပိုင်ပိုင် ပြန်လည် သိမ်းယူရမည် ဖြစ်သည်။

အင်မော်တယ်ကျောက်စာတိုင်ဆိုသည်မှာ နက်နဲသော လျှို့ဝှက်ချက်တစ်ခုပင်။ မူလက ကျောက်စာတိုင် ငါးခုလုံးမှာ ရှေးဦးခေတ်၏ နတ်ဘုရားဘုရင် ငါးပါးကို ချိတ်ပိတ်ထားခြင်း ဖြစ်သည်။ သို့သော် ယခု ဤကျောက်စာတိုင်ပေါ်တွင် မည်သည့် နတ်ဘုရားဘုရင်မျှ မရှိပေ။ ထိုနတ်ဘုရားဘုရင် ဘယ်ရောက်ကုန်သနည်း။ သူမက ဤအရာကို မည်သို့ ရရှိခဲ့ သနည်း။ ဗဟိုကမ္ဘာသည် အမှန်တကယ် မည်မျှအထိ အစွမ်းထက်သနည်း။ သူတို့ ဘာတွေကို ကြံစည်နေသနည်း။

ဝှီး….

ဟုန်ယွိသည် တောင်တန်းရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်ကို အသုံးပြုလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်မှာ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားသည်။ နောက်တစ်စက္ကန့်တွင် သူသည် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ ဘေးတွင် ရုတ်ခြည်း ပေါ်လာသည်။ သူ၏ လက်ချောင်းငါးချောင်းမှ ဓားစွမ်းအင် စီးကြောင်း ငါးခုမှာ ပေါက်ကွဲထွက်လာသည်။ ၎င်းတို့မှာ လေ၊ မီး၊ မိုးကြိုး၊ ရေနှင့် တောင်တန်းတို့၏ စွမ်းအင်များ ဖြစ်ကြသည်။

ထိုဓားငါးစင်းမှာ ကြီးမားသော မည်သည့်အငွေ့အသက်မှ ထွက်ပေါ်ခြင်းမရှိဘဲ ပင့်ကူအိမ် မျှင်လေးများကဲ့သို့ သိမ်မွေ့လှသော်လည်း၊ ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်ရှိ အပ်စိုက်မှတ် များ၊ ‘ရှင်ခြင်းသေခြင်းလျှို့ဝှက်တံခါး’ နှင့် ‘ခြောက်ပါးပေါင်းစည်းတံခါး’ တို့ကို တိကျစွာ ပစ်မှတ်ထားထားခြင်း ဖြစ်သည်။

ကောင်းကင်အပြင်ပနယ်မြေ၏ ခေါင်းဆောင်နှင့် တိုက်ခိုက်ပြီးနောက် ဟုန်ယွိသည် သူတို့၏ သိုင်းပညာနှင့် တာအိုနည်းစနစ်များကို အကြမ်းဖျင်း နားလည်ထားပြီး ဖြစ်သည်။ ဗဟိုကမ္ဘာ၏ သိုင်းပညာမှာ ‘ရှင်ခြင်းသေခြင်း တံခါးများ’ နှင့် ‘ခြောက်ပါးပေါင်းစည်း တံခါး’ တို့အပေါ်တွင် အဓိက အာရုံစိုက်သည်။ ထို့ကြောင့် ထိုအပ်စိုက်မှတ်များမှာ ပုံမှန်ထက် ပို၍ အစွမ်းထက်ပြီး၊ ထိုနေရာများတွင် စုစည်းနေသော စွမ်းအင်များမှာလည်း အလွန်ပင် ပြင်းထန်လှသည်။ ၎င်းမှာ သူတို့ တိုက်ခိုက်မှုများ၏ အခြေခံပင် ဖြစ်သည်။

“မသေမျိုး မပျက်ဆီးနိုင်သော... မှော်မန္တာန်၊ ခန္ဓာကိုယ်ကို ကာကွယ်စမ်း။”

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် ဟုန်ယွိ၏ ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ် ဖြင့် လုပ်ကြံတိုက်ခိုက်မှုကို ချိုးဖောက်ရန် နည်းလမ်း မရှိပေ။ သို့သော် ဓားစွမ်းအင်များ သူမအနီးသို့ ရောက်ရှိလာချိန်တွင် သူမ၏လက်များကို လှုပ်ရှားလိုက်သည်။ အင်မော်တယ် ကျောက်စာတိုင်ပေါ်ရှိ မှော်သင်္ကေတများမှာ ထူးဆန်းသော အစီအရင်တစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။ ၎င်းမှာ ဟေက်စ်ဇာဂရမ်တစ်ခုဖြစ်ပြီး၊ ထိုဟေက်စ်ဇာ ဂရမ် အတွင်း၌ မရေတွက်နိုင်သော နေနှင့် လများ ရှိနေသည်။ ၎င်းတို့မှာ စဉ်ဆက်မပြတ် လည်ပတ်နေပြီး စူးရှသော အလင်းတန်းများကို ထုတ်လွှတ်နေသည်။ အရည်ပျော်နေသော ရွှေနှင့်ငွေရည်များကဲ့သို့ အလင်းတန်းများမှာ ဟင်းလင်းပြင်မှ စီးထွက်လာပြီး ဟုန်ယွိ၏ ဓားစွမ်းအင်ကို ဆီးကြို ပိတ်ဆို့လိုက်လေသည်။

ဤတစ်ကြိမ်တွင် သူမသည် ဟုန်ယွိ၏ ဓားစွမ်းအင်ကို တိုက်ရိုက်ပင် တားဆီးနိုင်ခဲ့သည်။

“ဟွန်း… ‘ရွှေအမြုတေ ကျောက်စိမ်းရည် အစီအရင်’ လား။ ‘ကောင်းကင်ဘုံ သေဆုံးခြင်း၊ မြေပြင် ဆိတ်သုဉ်းခြင်း... အပ်စိုက်မှတ်များ ပေါက်ကွဲစေ။”

ဓားငါးစင်းမှာ တားဆီးခံလိုက်ရပြီးနောက် ဟုန်ယွိသည် ပိုမိုပြင်းထန်သော စိတ်ဆန္ဒတစ်ခု ကို ဓားအလင်းတန်းများအတွင်းသို့ ထည့်သွင်းလိုက်သည်။ ချက်ချင်းပင် ထိုအမျိုးသမီး သည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ‘ရှင်ခြင်းသေခြင်း တံခါးများ’ နှင့် ‘ခြောက်ပါးပေါင်းစည်း တံခါး’ အဓိကအပ်စိုက်မှတ်များ အပါဝင် အပ်စိုက်မှတ် အားလုံးမှာ စတင် လှုပ်ရှားလာပြီး အတွင်းမှ ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရ၏။ သူမသည် မအောင့်နိုင်ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်ရလေသည်။

“အတွင်းပိုင်း ဟင်းလင်းပြင်ကို ဖျက်ဆီးခြင်း လျှို့ဝှက်ပညာရပ်။ အပ်စိုက်မှတ်တွေကို အတွင်းကနေ ဖျက်ဆီးတာလား။ ရှင် ဒီလျှို့ဝှက်ပညာရပ်ကို ဘယ်လိုလုပ် သိနေတာလဲ။ အင်မော်တယ်ကျောက်စာတိုင် မှော်သင်္ကေတ သန်း ၄၈၀... နှိမ်နင်းစမ်း။” အမျိုးသမီးသည် ဟစ်အော်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်အတွင်းသို့ အစွမ်းထက်သော စိတ်ဆန္ဒတစ်ခုကို ထပ်မံ ထည့်သွင်းလိုက်ပါသည်။

တစ်ချိန်တည်းမှာပင် အင်မော်တယ်ကျောက်စာတိုင်ပေါ်ရှိ မှော်သင်္ကေတများမှာ ပျံထွက် လာပြီး သူမ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ၊ မငြိမ်မသက် ဖြစ်နေသော အပ်စိုက် မှတ်များကို ဖိနှိပ်၍ ပေါက်ကွဲမသွားအောင် တားဆီးလိုက်သည်။

“ဒါဆို ဒီကွက်ကို ‘အတွင်းပိုင်း ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ လို့ ခေါ်တာလား။ ကိုယ့်ခန္ဓာ ကိုယ်ထဲက အပ်စိုက်မှတ်တွေကို ချိုးဖျက်ပြီး အပြင်ဘက်က ဟင်းလင်းပြင်ကို တုန်ခါစေ တာက တကယ့်ကို ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ ဆိုတဲ့ အမြင့်ဆုံး သိုင်းပညာနယ်ပယ်ပဲ။” ဟုန်ယွိ၏ ဤလှုပ်ရှားမှုမှာ ကောင်းကင်အပြင်ပနယ်မြေ၏ ခေါင်းဆောင်ထံမှ သူ ဆင်ခြင် သုံးသပ်ထားသော နည်းစနစ်တစ်ခု ဖြစ်သည်။ ယခု သူသည် သူမကို သူမ၏ နည်းလမ်းဖြင့် ပင် ပြန်လည် တိုက်ခိုက်လိုက်ခြင်း ဖြစ်ရာ မမျှော်လင့်ထားသော ရလဒ်ကို ရရှိခဲ့သည်။

“ဒီလောကမှာ ကျုပ်မသိတဲ့ တာအိုပညာရပ်ဆိုတာ မရှိဘူး။ ကျုပ်ရဲ့ ပြောင်းလဲခြင်းကျမ်း ဟာ ကောင်းကင်နဲ့ မြေကြီးကို လွှမ်းခြုံထားတယ်။ ကျုပ် တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဘယ်လို တာအိုပညာရပ်မျိုးကိုမဆို သေချာ စဉ်းစားတွက်ချက်ပြီး ဖော်ထုတ်နိုင်တယ်။ ခင်ဗျား ထွက်ပြေးနိုင်မယ် ထင်နေလား၊ ဒီနေ့ ခင်ဗျားမှာ အင်မော်တယ်ကျောက်စာတိုင် ရှိနေရင်တောင် ကျုပ် ခင်ဗျားကို ချိတ်ပိတ်ဖမ်းဆီးမှာပဲ။ ကောင်းကင်အပြင်ပနယ်မြေရဲ့ ဗဟိုကမ္ဘာကို ကျုပ် သိအောင် လုပ်ပြရမယ်... ဒီမဟာကမ္ဘာလောကကြီးဟာ ခင်ဗျားတို့ ကြံစည်ချင်တိုင်း ကြံစည်လို့ရတဲ့ နေရာမဟုတ်ဘူး။ ခင်ဗျားတို့ ဘယ်လောက်ပဲ ကြံစည် ကြံစည်၊ အဲဒီကြံစည်မူတွေကို နှိမ်နင်းနိုင်တဲ့ စွမ်းအား ကျုပ်မှာ ရှိတယ်။”

ဟုန်ယွိ၏ တိုက်ခိုက်မှု အောင်မြင်ပြီးနောက် သူသည် ဓားကို နောက်ထပ် အကြိမ်အနည်း ငယ် ဝှေ့ယမ်းလိုက်သည်။ ဓားစွမ်းအင်များမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး ထိုအမျိုးသမီး၏ အကာအကွယ် အစီအရင်ကို ဖျက်ဆီးပစ်လိုက်သည်။ တစ်ချိန်တည်းမှာ ပင် သူတော်စင်ပေါင်းစုံခန်းမ၏ အစွမ်းထက်သော စွမ်းအင်များမှာ ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို တင်းကျပ်စွာ ပိတ်ဆို့လိုက်ရာ မည်သည့် အရပ်မျက်နှာတွင်မျှ လွတ်မြောက်နိုင်မည့် လမ်းစ မရှိတော့ပေ။

“ဟွန့်…၊ ‘အတွင်းပိုင်း ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ လျှို့ဝှက်ပညာရပ်ကို ကျွန်မလည်း ကျွမ်းကျင်တာပဲ။ ရှင့်လို တစ်ဝက်တစ်ပျက်တာအိုပညာ၊ သိုင်းပညာလေးနဲ့များ ကျွန်မရှေ့ လာပြီး ဆရာကြီးလုပ်ချင်နေတာလား။”

မငြိမ်မသက်ဖြစ်နေသော အပ်စိုက်မှတ်များကို နှိမ်နင်းပြီးနောက် အမျိုးသမီးသည် တည်ငြိမ်လေးနက်သော အသံဖြင့် ပြောလိုက်သည်။ သူမ၏ အရှိန်အဝါမှာ ထပ်မံ မြင့်တက် လာပြန်သည်။

ဤအခြေအနေမှာ သူမသည် ဟုန်ယွိနှင့် ကစားနေရုံသာ ရှိသေးပြီး သူမ၏ အစစ်အမှန် စွမ်းအားကို အသုံးမပြုရသေးသည့်အလား ဖြစ်နေသည်။

“ပျက်သုဉ်းခြင်းသုံးပါး၊ ငရဲဘုံသုံးခု၊ ရှေးဦးစိတ်ဝိညာဉ် ခြောက်ပါးပေါင်းစည်းခြင်း။”

သူမသည် ဤစကားလုံးများကို ဟစ်အော်လိုက်ပါသည်။ သူမ၏ လက်ချောင်းများကို တောက်ထုတ်လိုက်ရာ ရုတ်တရက် အစွမ်းထက်လှသော ရှေးဦးစိတ်ဝိညာဉ် တစ်ခုမှာ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ဤရှေးဦးစိတ်ဝိညာဉ်တွင် ရှေးဦးခေတ်၊ ဆိတ်သုဉ်းခြင်း၊ ငရဲပြည်နှင့် နတ်ဘုရားတို့၏ ကပ်ဘေးဒုက္ခ အရှိန်အဝါများ ကိန်းအောင်း နေသည်။ ရှေးဦးစိတ်ဝိညာဉ် တစ်ခုလုံးမှာ အရောင်အသွေး တစ်ထောင်ရှိသော အလင်းလုံး ကြီးတစ်ခုအလား ဖြစ်နေပြီး နတ်ဘုရား၊ မိစ္ဆာ၊ အင်မော်တယ်၊ သူတော်စင်၊ ဗုဒ္ဓနှင့် လူသားတို့၏ ပုံသဏ္ဌာန်များအဖြစ် စုစည်းနေသည်။ ၎င်းတွင် လူ၊ နတ်၊ မိစ္ဆာ၊ အင်မော်တယ်၊ ဗုဒ္ဓနှင့် သူတော်စင်တို့၏ အရှိန်အဝါ ခြောက်မျိုးလုံး ပါဝင်နေလေသည်။

“ခြောက်ပါးပေါင်းစည်း ရှေးဦးစိတ်ဝိညာဉ်လား။”

ထို ‘ခြောက်ပါးပေါင်းစည်း ရှေးဦးစိတ်ဝိညာဉ်’ ပေါ်လာသည်နှင့် ဟုန်ယွိ၏ ဓားစွမ်းအင်များ မှာ တိုက်ရိုက်ပင် အမှုန့်ဖြစ်သွားရသည်။ သူ ပတ်ဝန်းကျင်တွင် တည်ဆောက်ထားသော ချိတ်ပိတ်မှုများပင်လျှင် တုန်ခါသွားပြီး ပြိုကွဲလုနီးပါး ဖြစ်သွားသည်။

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။ သူမ က ခေါင်းကို အနည်းငယ် ခါလိုက်ပြီး မည်သည့် ခံစားချက်မျှ မပါသော လေသံဖြင့် ပြောလိုက်သည် “ဟုန်ယွိ... အစောပိုင်းက ကျွန်မ ရှင့်ကို ကစားပေးနေရုံသက်သက်ပဲ။ တကယ်လို့ ကျွန်မရဲ့ စွမ်းအားက ဒီလောက်ပဲ ရှိတယ်လို့ ရှင်ထင်နေရင်တော့ အကြီး အကျယ် မှားသွားလိမ့်မယ်။ ဒါပေမဲ့ ဒီနေ့မှာ ရှင့်ရဲ့ စွမ်းအားကို ကျွန်မ မြင်လိုက်ရပြီ၊ တကယ့်ကို ကောင်းပါတယ်။”

“ခြောက်ပါးပေါင်းစည်း ရှေးဦးစိတ်ဝိညာဉ်က ဒီလောက်တောင် သန်မာတာလား။ အဲဒီ အမှောင်ဧကရာဇ်တာအိုသခင်ကလည်း မိုးကြိုးကပ်ဘေး ရှစ်ကြိမ်ကို ကျော်ဖြတ်ထားတဲ့ ပညာရှင်ပဲ။ သူ့ရဲ့ ‘ထာဝရအမှောင်ည ရှေးဦးစိတ်ဝိညာဉ်’ က ဘာလို့ ဒီလောက် အားနည်း နေရတာလဲ၊ အော်... ဟုတ်သားပဲ၊ အမှောင်ဧကရာဇ်တာအိုသခင်က ဒဏ်ရာ အပြင်းအထန် ရထားပြီး သူ့ရဲ့ဝိညာဉ်က လုံးဝ ပျက်စီးသွားခဲ့ရတာ။ အခု သူက ‘အမှောင်ကြယ်’ ကို အားကိုးပြီး အသက်ရှင်နေရတာဆိုတော့ သူ့ရဲ့ ရှေးဦးစိတ်ဝိညာဉ်က ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့်မှာ မရှိတော့တာပဲ။”

ဟုန်ယွိသည် သူ၏စွမ်းအားကို စိတ်ထဲတွင် လျင်မြန်စွာ တွက်ချက်လိုက်သည်။ တစ်ချိန် တည်းမှာပင် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခုနှင့် အမှောင်တန်းတစ်ခု ထွက်ပေါ်လာသည်။ သူ၏ အစွမ်းထက်လှသော စိတ်ဆန္ဒမှာ ပတ်ဝန်းကျင်ရှိ လူအားလုံးကို တုန်လှုပ်သွားစေသည်။

“အလင်းနှင့် အမှောင်၊ ‘ရွှမ်ထျန်းတာအိုသခင်’၊ ‘ရှေးဟောင်း သူတော်စင် ဧကရာဇ်ယွမ်’၊ ‘အမှောင်ထုလျှို့ဝှက်မှတ်တမ်း’၊ ‘အလင်းပလ္လင်ကျမ်း’။ အလင်းနဲ့အမှောင်တို့ ရောယှက် ခြင်း... ဒါဟာ ထိုက်ကျိပဲ၊ ထာဝရအမှောင်ည ရှေးဦးစိတ်ဝိညာဉ်! ‘ကံတရား ရှေးဦးစိတ်ဝိညာဉ်’၊ စိတ်ဝိညာဉ်နှစ်ပါး ပေါင်းစည်းခြင်း... ခပ်သိမ်းသော အရာအားလုံး… အလင်းနှင့်အမှောင် အကာအကွယ်... ငါ့အတွက် ချိတ်ပိတ်စမ်း။”

ဟုန်ယွိသည် ‘အလင်းနှင့်အမှောင် အကာအကွယ်’ကို ထုတ်လွှတ်လိုက်သည်။ အလင်း သန္ဓေသားသည် မန္တလာပန်းကို ဝှက်ထားပြီး၊ အမှောင်သန္ဓေသားသည်လည်း မန္တလာပန်း ကို ဝှက်ထားသည်။

ဤသည်မှာ သူ ဖန်ဆင်းရှင် ဖြစ်လာပြီးနောက် ဤနတ်ဘုရားစွမ်းရည်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။ ဖန်ဆင်းရှင်တစ်ပါး၏ မဟာအောင်မြင်မှုနှင့်အတူ ဤနတ်ဘုရား တန်ခိုးအစွမ်းမှာ တကယ်ပင် ပေါင်းစည်းလာခဲ့ပြီ ဖြစ်ပါသည်။

သူ၏လက်ထဲမှ အလင်းတန်းမှာ လေထဲတွင် ‘ဗေရောစနဗုဒ္ဓ’ (မဟာနေမင်းဗုဒ္ဓ) ပုံစံအဖြစ် ပြောင်းလဲသွားပါသည်။ ၎င်းမှာ ဝေဝါးနေသော ပုံရိပ်ယောင် မဟုတ်တော့ဘဲ အစစ်အမှန် ဒြပ်ကိုယ်ထည်ရုပ်သွင် ဖြစ်နေပါပြီ။ ထို ‘ဗေရောစနဗုဒ္ဓ’ သည် လက်ထဲတွင် ‘ကံတရား’ ကို ကိုင်ဆောင်ထားရာ၊ ၎င်းကို ‘ကံတရား ရှေးဦးစိတ်ဝိညာဉ်’ ဟုလည်း ခေါ်ဆိုနိုင်ပြီး၊ ဤ ဗုဒ္ဓသည် ကံတရားကို ထိန်းချုပ်ထားကြောင်း ကိုယ်စားပြုသည်။

အခြား အမှောင်တန်းမှာမူ အမှောင်ဧကရာဇ်တာအိုသခင်နှင့် ဆင်တူသော ထာဝရ အမှောင်ည ရှေးဦးစိတ်ဝိညာဉ်အဖြစ် ပြောင်းလဲသွားသည်။

‘ကံတရားရှေးဦးစိတ်ဝိညာဉ်’ နှင့် ထာဝရအမှောင်ည ရှေးဦးစိတ်ဝိညာဉ်တို့ ပေါင်းစည်း သွားကာ ကြီးမားသော အကာအကွယ်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် လျှို့ဝှက် ဆန်းကြယ်သော အမျိုးသမီးနှင့် သူမ၏ ‘ခြောက်ပါးပေါင်းစည်း ရှေးဦးစိတ်ဝိညာဉ်’ ကို အတွင်း၌ ပိတ်လှောင်လိုက်လေသည်။

ဂျိန်း….၊

‘အလင်းနှင့် အမှောင် မဟာအတားအဆီး’ ဆင်းသက်လာပြီး ထိုနေရာကို ချိတ်ပိတ်လိုက် သည်။ ချက်ချင်းပင် ထိုအမျိုးသမီး၏ အာရုံခြောက်ပါးမှာ ဝေဝါးသွားပြီး သူမ၏ ‘ခြောက်ပါး ပေါင်းစည်း ရှေးဦးစိတ်ဝိညာဉ်’ ၏ အရှိန်အဝါမှာ ကွယ်ပျောက်သွားသည်။ သူမသည် ပယင်းကျောက်အတွင်း၌ အေးခဲသွားသော ယင်ကောင်တစ်ကောင်အလား လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

သို့သော် သူမ ချိတ်ပိတ်ခံလိုက်ရသည့် ခဏမှာပင် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အင်မော်တယ် ကျောက်စာတိုင်မှာ ထပ်မံ ပေါက်ကွဲထွက်လာပြန်သည်။ မှော်သင်္ကေတ တစ်ခုပြီးတစ်ခုမှာ လည်ပတ်နေသော ဂလက်ဆီတစ်ခုကဲ့သို့ လှည့်လည်ကာ ပြင်းထန်စွာ တုန်ခါလာခဲ့ပါ သည်။

“တကယ့်ကို အစွမ်းထက်တဲ့ ချိတ်ပိတ်မှုပဲ။ တကယ်လို့ ကျွန်မမှာ ‘အင်မော်တယ် ကျောက်စာတိုင်သာ’ မရှိခဲ့ရင် ချိတ်ပိတ်မခံရရင်တောင် အပြင်းအထန် ဒဏ်ရာ ရသွားနိုင် တယ်။” ချိတ်ပိတ်မှုအတွင်းမှ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ အသံ ထွက်ပေါ်လာ ပြန်သည် “ဟုန်ယွိ... ရှင် ဒီလောက်အထိ သန်မာလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး။ ရှင် က မိုးကြိုးကပ်ဘေး ရှစ်ကြိမ် ကျော်ဖြတ်ထားတဲ့ ပညာရှင်တစ်ဦး မဟုတ်ပါဘဲနဲ့ မိုးကြိုး ကပ်ဘေး အဆင့်ရှစ်ရှိတဲ့ ရှေးဦးစိတ်ဝိညာဉ်နှစ်ခုကိုတောင် တစ်ပြိုင်တည်း အတုယူ ဖန်တီးနိုင်တယ် ဟုတ်လား။ ရှင့်ရဲ့ အစစ်မှန် စွမ်းအင်နဲ့ မှော်ပညာစွမ်းအားတွေက တကယ့် ကို အစွမ်းထက်လှပါတယ်။ သူတော်စင်ပေါင်းစုံခန်းမဆိုတာ နာမည်နဲ့လိုက်အောင် တကယ်ကို အစွမ်းထက်တာပဲ။”

“ထိုက်ကျိရှစ်ကွက်သင်္ကေတ မိုးကြိုးအစီအရင်’ "ကမ္ဘာပျက်ကပ်၏ နဂါးပျံတာအို" သုံးပါး ပေါင်းစည်း နတ်ဘုရားလက်သီး၊ ကံကြမ္မာကပ်ဘေးနတ်ဘုရား လက်သီး၊ စိတ်ဝိညာဉ် မုန်တိုင်း”

သူသည် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးနှင့် ‘ခြောက်ပါးပေါင်းစည်း ရှေးဦး စိတ်ဝိညာဉ်’ ကို တစ်ကြိမ်တည်းနှင့် ချိတ်ပိတ်နိုင်ခဲ့သည်။ သို့သော် ဟုန်ယွိသည် တစ်ဖက် လူ၏ အစစ်အမှန် စွမ်းအားများ ပေါက်ကွဲထွက်လာသည်ကို ခံစားနေရသည်။ မူလစွမ်းအင် စီးကြောင်းများမှာ ရေပူစမ်းတစ်ခုအလား အဆက်မပြတ် ပန်းထွက်နေသည်။

အမျိုးသမီး စကားတစ်ခွန်း ပြောလိုက်တိုင်း သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ မြင့်တက်လာပြီး မှော်သင်္ကေတများမှာလည်း ပို၍ ပို၍ လျင်မြန်စွာ လည်ပတ်လာ၏။ အသက်ရှူအကြိမ် ဆယ်ဂဏန်းခန့်အကြာတွင် သူမ၏စိတ်ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် ‘ခြောက်ပါးပေါင်းစည်း ရှေးဦးစိတ်ဝိညာဉ်’ တို့မှာ တြိဂံပုံသဏ္ဌာန်အဖြစ် စုစည်းသွားသည်။ ၎င်းမှာ ‘ဧကရာဇ်ဖန်’ ၏ အသက်ဓား၊ အချိန်ဓားနှင့် ဟင်းလင်းပြင်ဓားတို့၏ ပတ်သက်မှုနှင့် အလွန်တူသည်။

ဤအရာကို မြင်လိုက်ရသောအခါ ဟုန်ယွိ၏ နှလုံးသားမှာ ထိတ်ခနဲ ဖြစ်သွားသည်။ သူသည် သူ၏ အစွမ်းထက်ဆုံးသော တာအိုပညာရပ်များအားလုံးကို ချက်ချင်းပင် ထုတ်ဖော်လိုက်ပြီး ‘အလင်းနှင့် အမှောင် အကာအကွယ်’ အတွင်းသို့ ပစ်လွှတ်လိုက်သည်။

ပြင်းထန်လှသော စွမ်းအားများသည် အမျိုးသမီး၏ ခန္ဓာကိုယ်သို့ တစ်ခုပြီးတစ်ခု ကျရောက်သွားခဲ့ပါသည်။

ဖူး…

ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် အကာအကွယ်အတွင်းမှ စီးဆင်းလာသော စွမ်းအားများကို ရင်ဆိုင်လိုက်ရချိန်မှာ ဟုန်ယွိက ဤမျှ တိုတောင်းသော တခဏအတွင်း ဤမျှ ပြင်းထန်စွာ တုန့်ပြန်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရှားပါးသော တာအိုပညာရပ် များနှင့် သိုင်းပညာများစွာမှာ သူမအပေါ်သို့ အဆက်မပြတ် ကျဆင်းလာသည်။

စွမ်းအားများစွာမှာ ထိတွေ့မိပြီး ပေါက်ကွဲသွားချိန်တွင် သူမ၏ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် ‘ခြောက်ပါး ပေါင်းစည်း ရှေးဦးစိတ်ဝိညာဉ်’ တို့မှာ လှည့်ပတ်သွားပြီး အပြင်ဘက်သို့ အတင်းအကျပ် တွန်းထုတ်ခံလိုက်ရသည်။ နောက်ဆုံးတွင် သူမသည် ဟုန်ယွိ၏ တိုက်ခိုက် မှုများကို ပိတ်ဆို့နိုင်ခဲ့သည်။

သို့သော် သူမသည်လည်း ဤတိုက်ခိုက်မှုကြောင့် တုန်ခါသွားရသည်။ သူမ၏ ခန္ဓာကိုယ်မှာ သိသိသာသာ တုန်ခါသွားပြီး သွေးတစ်လုတ် အန်လိုက်ရလေသည်။

“အား…” လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ မျက်လုံးများမှာ ရုတ်တရက် ပွင့်လာ သည်။ “ကောင်းကင်မှာ သူ့သက်တမ်း ရှိတယ်၊ မြေကြီးမှာ သူ့သက်တမ်း ရှိတယ်၊ လူသားတွေမှာလည်း သူ့သက်တမ်း ရှိတယ်။ ရှင်ခြင်းနဲ့ သေခြင်းဆိုတာ တစ်ခုတည်းပဲ၊ သဘာဝတရားနဲ့ ကံကြမ္မာတို့ ပေါင်းစည်းတဲ့အခါ မဟာတာအိုဟာလည်း လက်တစ်ကမ်း မှာပဲ ရှိတယ်။ ဒါကို ခံယူစမ်း... ကောင်းကင်နှင့် မြေကြီး အတူရှင်သန်ခြင်း။”

ဝုန်း….

လျှို့ဝှက်ဆန်းကြယ် အမျိုးသမီးသည် နောက်ဆုံးတွင် သူမ၏ အသေသတ်ကွက်ကို ထုတ်ဖော်လိုက်လေပြီ။

‘ကောင်းကင်နှင့် မြေကြီး အတူရှင်သန်ခြင်း’

ဟုန်ယွိ၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး၊ သူ၏စိတ်ဝိညာဉ်ကို တိုက်ခိုက်လာသော ပြင်းထန်သည့် အန္တရာယ် အငွေ့အသက်ကို သူ ခံစားလိုက်ရသည်။ ဤအန္တရာယ်မှာ သူ ခုန်း၊ ‘ရှောင်ရှိူက်’ တို့၏ ဝိုင်းရံခြင်းကို ခံရစဉ်က ခံစားခဲ့ရသော အန္တရာယ်နှင့်ပင် နှိုင်းယှဉ်၍ ရနိုင်ပေသည်။

ဂျွတ်... ဂျွတ်... ဂျွတ်...

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် ‘အလင်းနှင့် အမှောင် အကာအကွယ်’ အတွင်း ၌ မတ်တပ်ရပ်ကာ သူမ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါသည်။

ရုတ်တရက် ကြီးမားလှသော လေလှိုင်းများမှာ ရူးသွပ်စွာ ပေါက်ကွဲပြီး လည်ပတ်လာသည်။ ကြယ်စင်စွမ်းအင်၊ မိစ္ဆာစွမ်းအင်၊ အသက်စွမ်းအင်၊ ဝိညာဉ်စွမ်းအင်၊ သံလိုက်စွမ်းအင်နှင့် စစ်မှန်သော စွမ်းအား၊ အနှစ်သာရစွမ်းအင်၊ နတ်ဘုရားစွမ်းအင်၊ သွေးစွမ်းအင် နှင့် အခြားသော မရေမတွက်နိုင်သော စွမ်းအင်များမှာ မီးတောင်တစ်ခု ပေါက်ကွဲထွက်လာပြီး ၎င်းအပေါ်သို့ ရေအေးများ လောင်းချလိုက်သကဲ့သို့ အအေးစွမ်းအင်နှင့် အပူစွမ်းအင်တို့ တစ်ခုနှင့်တစ်ခု ဆွဲငင်မိသွားပြီး ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားခဲ့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ဟုန်ယွိသည် ကောင်းကင်ကြီး ပြိုကျပြီး မြေကြီးကြီး အက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ အနှိုင်းမဲ့သော ပုံရိပ်ကြီးတစ်ခုမှာ ကောင်းကင်နှင့် မြေကြီးအကြားတွင် ရပ်နေပြီး၊ ကောင်းကင်ကို ပြုပြင်ကာ မြေကြီးကို ဖန်တီးနေသည်။ သူမသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ထာဝရ သက်တမ်းရှိနေပုံရသည်။ လေလှိုင်း များမှာ ရူးသွပ်စွာ ပေါက်ကွဲပြီး လည်ပတ်ထွက်လာချိန်တွင် ‘အလင်းနှင့် အမှောင် အကာအကွယ်’ မှာ ဝုန်းခနဲ မြည်ဟည်းကာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားခဲ့ရပြီး၊ နဂါးနှင့် ဖီးနစ်တို့ လွတ်မြောက်သွားကြသကဲ့သို့ အမျိုးသမီးမှာလည်း လွတ်မြောက်သွားခဲ့ပါသည်။

“ကောင်းကင်နဲ့ မြေကြီး အတူရှင်သန်ခြင်း... တကယ့်ကို အစွမ်းထက်တာပဲ။ ကျုပ် ဒီကွက်ကို မှတ်ထားလိုက်မယ်။” အကာအကွယ်ကြီး ပေါက်ကွဲသွားသည့် ခဏမှာပင် ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ ‘တောင်တန်း ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်’ ကို အသုံးပြုလိုက် သည်။ တစ်ချိန်တည်းမှာပင် သူသည် သူတော်စင်ပေါင်းစုံခန်းမ အတွင်းသို့ ကျုံ့ဝင်သွားကာ အလွန်သေးငယ်သော လေဟာနယ်နယ်ပယ် မြူမှုန်လေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါ သည်။ သို့သော် ထိုမြူမှုန်လေးအတွင်း၌ အချိန်နှင့် ဟင်းလင်းပြင်တို့ အပြည့်အဝ ပါဝင်နေ ပါသည်။

‘ကောင်းကင်နှင့် မြေကြီး အတူရှင်သန်ခြင်း’ ဟူသော အသေသတ်ကွက်မှာ သူ့ကို လုံးဝ မထိခိုက်နိုင်ခဲ့ပေ။

တစ်ချိန်တည်းမှာပင် သူသည် ဤအသေသတ်ကွက်၏ လျှို့ဝှက်ချက်များစွာကို ချက်ချင်း ပင် သိရှိသွားခဲ့သည်။ အသက်စွမ်းအင် လည်ပတ်ပုံ၊ စိတ်ဝိညာဉ် လောင်ကျွမ်းပုံနှင့် ရှေးဦး စိတ်ဝိညာဉ် ပြောင်းလဲပုံ။ ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်များ တုန်ခါပုံနှင့် မှော်သင်္ကေတ အစီအရင်များ ပေါက်ကွဲပုံ။ သူ ပြန်သွားပြီး သေချာ တွက်ချက်လိုက်သည်နှင့် ဤအသေ သတ်ကွက်၏ ပြောင်းလဲမှုများကို အနှေးနှင့်အမြန် ကျွမ်းကျင်သွားပေလိမ့်မည်။

သို့သော် ဤအသေသတ်ကွက်မှာ တကယ့်ကို အစွမ်းထက်လှသည်။ အကယ်၍ သူသာ အတင်းအကျပ် တိုးဝင်ပြီး ထိုအမျိုးသမီးကို သတ်ဖြတ်ရန် ကြိုးစားခဲ့လျှင် သူ သေချာပေါက် ဒဏ်ရာရသွားလိမ့်မည်ဟု ဟုန်ယွိ ခံစားလိုက်ရသည်။ သူ၏ လက်ရှိ သူ၏ လက်ရှိ အခြေအနေအရ ရန်သူများစွာက သူ့ကို စောင့်ကြည့်နေကြသဖြင့်၊ သူသည် မည်သည့် ဒဏ်ရာမျှ အရမခံနိုင်ဘဲ အမြဲတမ်း အကောင်းဆုံး အခြေအနေမှာ ရှိနေရန် လိုအပ်ပါသည်။ ထို့ကြောင့် ဟုန်ယွိသည် သူမနှင့် ထိပ်တိုက်တွေ့ဆုံမှုကို ခေတ္တ ရှောင်တိမ်း လိုက်ခြင်း ဖြစ်ပါသည်။

တိမ်တိုက်များနှင့် မြူခိုးများမှာ ပျောက်ကွယ်သွားပြီး ရူးသွပ်စွာ ပေါက်ကွဲထွက်လာသည့် မူလစွမ်းအင်များမှာလည်း လွင့်စင်သွားခဲ့ပါသည်။

ကောင်းကင်နှင့် မြေကြီးအကြားရှိ အရှိန်အဝါများ ပြန်လည် ငြိမ်သက်သွားသောအခါ လျှို့ဝှက်ဆန်းကြယ် အမျိုးသမီးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပါသည်။ ကောင်းကင်နှင့် မြေကြီးမှာ ဗလာကျင်းနေလျက် ဆောင်းရာသီ၏ ခြောက်သွေ့မှုများသာ ကျန်ရစ်ခဲ့ပါ သည်။ သဲကန္တာရမှာလည်း သဲကန္တာရအတိုင်းပင် ကျန်ရှိနေပါသည်။

“သူမ ထွက်သွားတာ တော်တော်မြန်တာပဲ။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးဟာ ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးသားပဲ။ သူမက ငါ့ထက် တစ်ဆင့် ပိုမြင့် နေတာ။ ငါ သူမကို မောင်းထုတ်ရုံပဲ တတ်နိုင်တယ်၊ ဖမ်းဆီးလို့တော့ မရသေးဘူး။ ဒါ့ပြင် သူမမှာ အင်မော်တယ်ကျောက်စာတိုင် ရှိနေသေးတယ်။ ဒါပေမဲ့ နောက် ၉ ရက်အကြာ ဟုန်ရွှန်ကျိရဲ့ ကိုယ်လုပ်တော် လက်ထပ်ပွဲနေကျရင် ဘာတွေ ဖြစ်လာမလဲဆိုတာ ကြည့်ကြသေးတာပေါ့။”

ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး သူလည်း ဟင်းလင်းပြင်အတွင်းသို့ ပျောက်ကွယ် သွားလေတော့သည်။

All Chapters