အခန်း (၆၄၉-၆၅၀)
Vol. 62 Ch. 649-650
အခန်း (၆၄၉)။
တစ်နေ့နှင့် တစ်ညတိုင်အောင် သည်းထန်စွာ ရွာသွန်းခဲ့သော နှင်းမိုးများမှာ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့လေပြီ။ နှင်းမိုးများစဲသွားပြီးနောက် ကောင်းကင်ယံ၌ နေမင်းမှာ နီရဲတောက် ပစွာ ထွက်ပေါ်လာသည်။ မိုင်ပေါင်းထောင်ချီသော တောင်တန်းနှင့် မြစ်တားအပေါင်းမှာ နေရောင်အောက်တွင် နီကျင်ကျင်အရောင် သန်းနေပြီး ဆောင်းလယ်၏ တက်ကြွလှုပ်ရှား မှုကို ဖော်ပြနေသကဲ့သို့ ရှိသည်။
ကြည်လင်အေးမြသော နှင်းရောင်အောက်ရှိ ကျောက်စိမ်းမြို့တော်ကြီးမှာလည်း သက်ဝင် လှုပ်ရှားလာခဲ့သည်။ အအေးဒဏ်ကြောင့် ပိတ်ထားသော ဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ် လာကြပြီး သန်းနှင့်ချီသော မြို့သူမြို့သားများမှာလည်း ဟိုဟိုဒီဒီ သွားလာနေကြသည်။ ယနေ့သည် နန်းတွင်း၌ ဩဇာအာဏာ ကြီးမားသော ဝူဝမ်မြို့စား အိမ်တော်၏ အထူး တလည် အလုပ်ရှုပ်နေသော နေ့တစ်နေ့လည်း ဖြစ်သည်။
ဝူဝမ်မြို့စား အိမ်တော်၏ ရှေ့မှ ငါးကီလိုမီတာခန့် ရှည်လျားသော လမ်းမကြီးပေါ်တွင် လူအများဖြင့် ပြည့်နှက်နေသည်။ စုပုံနေသော နှင်းများကို ဖယ်ရှားလိုက်ပြီး လမ်းမ တစ်လျှောက်တွင် အနွေးဓာတ်ပေးရန်အတွက် မီးအိုးကြီးများကို ထားရှိထားသည်။ ၎င်းနောက်တွင် နီရဲတောက်ပလှသော ကော်ဇောနီကြီးကို ခင်းကျင်းလိုက်လေသည်။
ထိုကော်ဇောမှာ အနောက်ဘက်ဒေသမှ အဖိုးတန် ကုလားအုတ်မွေးများဖြင့် ရက်လုပ်ထား ပြီး ဂေါ်ရီလာသွေးများဖြင့် အရောင်ဆိုးထားခြင်း ဖြစ်သည်။ အရောင်မှာ ဘယ်သောအခါမှ မှေးမှိန်သွားခြင်းမရှိဘဲ တကယ့်ကို ‘ကြက်သွေးရောင်’ စစ်စစ်ပင် ဖြစ်သည်။ ဆယ်မိုင်ခန့် ရှည်လျားသော လမ်းတစ်လျှောက် ကော်ဇောခင်းထားနိုင်ခြင်းမှာ ဝူဝမ်မြို့စား အိမ်တော်၏ ကြွယ်ဝချမ်းသာမှုကို သက်သေပြနေခြင်းပင်။
ယနေ့သည် ဟုန်ရွှန်ကျိက ကိုယ်လုပ်တော် တစ်ဦးကို သိမ်းပိုက် လက်ထပ်မည့် နေ့ထူး နေ့မြတ်လည်း ဖြစ်သည်။
ကိုယ်လုပ်တော် လက်ထပ်ပွဲမျှသာ ဖြစ်သော်လည်း ဝူဝမ်မြို့စား၏ အာဏာ၊ အဆင့်အတန်း နှင့် ဧကရာဇ်နှင့် ရှိရင်းစွဲ ရင်းနှီးမှုတို့ကြောင့် ဤကဲ့သို့ ခမ်းနားထည်ဝါစွာ ကျင်းပခြင်းမှာ လိုအပ်သည်ဟုပင် ဆိုနိုင်သည်။
နံနက်မိုးလင်းကတည်းက အရာရှိများစွာမှာ ဂုဏ်ပြုလက်ဆောင်များကို ပို့ဆောင်နေကြ သည်။ မရေမတွက်နိုင်သော နယ်စားကြီးများ၊ မြို့စားများ၊ နန်းတွင်းအရာရှိကြီးများ၊ မင်းသား၊ မင်းသမီးများနှင့် တော်ဝင်မိသားစုဝင်များမှာလည်း ဂုဏ်ပြုရန် ရောက်ရှိလာကြ သည်။ နယ်အသီးသီးမှ ဘုရင်ခံများကပင် ကိုယ်စားလှယ်များမှတစ်ဆင့် ဂုဏ်ပြု လက်ဆောင်များ ပေးပို့ကြသည်။
တော်ဝင်ချန်မင်းဆက်၏ နယ်ပေါင်း ၉၉ နယ်မှ လူပေါင်းစုံတို့မှာ ရောထွေးပြွတ်သိပ်နေ သည်။ ဆယ်မိုင်ရှည်သော လမ်းမကြီးပေါ်တွင် ဝေါယာဉ်များမှာ စီတန်းနေပြီး ကျောက်စိမ်း မြို့တော်ရှိ နန်းတွင်းစာမေးပွဲ ကျင်းပချိန်ထက်ပင် ပိုမိုစည်ကားနေသကဲ့သို့ ရှိသည်။
လူအမြောက်အမြား ရောက်ရှိလာခြင်းကြောင့် ဝူဝမ်မြို့စား အိမ်တော်မှာ မူလက မဆံ့နိုင် လောက်အောင် ဖြစ်ရမည်ဖြစ်သော်လည်း၊ တော်ဝင်ချန်မင်းဆက် ၆၀ ပြည့်နှစ်မှ စတင်ကာ ကြင်ယာတော်ယွမ်က သူ့ကို အသိအမှတ်ပြုပြီး နောက်တွင် အိမ်တော်ကို အကြိမ်ကြိမ် တိုးချဲ့ခဲ့သည်။ မူလက ဧကအကျယ်အဝန်း ရာနှင့်ချီရှိသော အိမ်တော်မှာ ယခုအခါ အဆပေါင်းများစွာ ကြီးမားလာပြီး ကျောက်စိမ်းမြို့တော်၏ အရှေ့တောင်ဘက်ရှိ လမ်းမ ကြီးတစ်ခုလုံးကို သိမ်းပိုက်ထားသည်။ ၎င်းမှာ မင်းသားများ၏ အိမ်တော်ထက်ပင် ပိုမို ခန့်ညားနေတော့သည်။
ယခုအခါ ဝူဝမ်မြို့စား အိမ်တော်မှာ ကြီးမားလှသော ဟင်းလင်းပြင်ကြီးသဖွယ် ဖြစ်နေပြီး မည်မျှပင် လူအများ ရောက်ရှိလာစေကာမူ အားလုံးကို လက်ခံနိုင်စွမ်း ရှိသည်။ ၎င်းမှာ တော်ဝင်ချန်မင်းဆက်၏ အာဏာစက်ကို ဖော်ပြနေခြင်းလည်း ဖြစ်သည်။
တော်ဝင်ချန်မင်းဆက် ၆၃ ခုနှစ်တွင် နန်းတွင်းရှိ ကြင်ယာတော်ယွမ် ရုတ်တရက် ကွယ်လွန်သွားခဲ့သည် (အမှန်စင်စစ်မှာ ဟုန်ယွိက ခေါ်ဆောင်သွားခြင်းဖြစ်သော်လည်း နန်းတွင်း၌ ထိုသို့ သတင်းလွှင့်ထားခြင်း ဖြစ်သည်။) ထိုအချိန်က ဝူဝမ်မြို့စား အာဏာ ကျသွားပြီဟု ထင်မှတ်ကာ အချို့သော အရာရှိများက ‘အိမ်တော်သည် ကြီးမားလွန်းပြီး စည်းကမ်းနှင့် မညီညွတ်ကြောင်း’ ဧကရာဇ်ထံ တိုင်ကြားခဲ့ကြသည်။
သို့သော် ဧကရာဇ် ယန်ဖန်က “ဧကရာဇ်အကြံပေးက လောကကြီးရဲ့ ယင်ယန်ကို ထိန်းညှိ ပြီး အရာရှိအပေါင်းကို ကွပ်ကဲနေသူ ဖြစ်တယ်။ သူ့အိမ်တော်က နန်းတော်ထက် မကြီး မချင်း၊ ကြီးနိုင်သမျှ ကြီးလေကောင်းလေပဲ။ ဒါမှလည်း တခြားတိုင်းပြည်တွေက ငါတို့ တော်ဝင်ချန်မင်းဆက်ရဲ့ အရာရှိချုပ်ရဲ့ အရှိန်အဝါကို သိသွားမှာပေါ့” ဟုဆိုကာ ဝတ်မှုံ ကလောင်ဖြင့် လက်မှတ်ရေးထိုးပြီး အိမ်တော်ကို ပိုမိုတိုးချဲ့စေခဲ့သည်။
ထိုအချိန်မှစ၍ နန်းတွင်းရှိ စစ်ဘက်၊ အရပ်ဘက်၊ နယ်ဘက် အရာရှိအားလုံးမှာ ဟုန်ရွှန်ကျိ၏ ရာထူးမှာ မည်သို့မျှ လှုပ်ခတ်၍ မရကြောင်း နားလည်သွားကြသည်။ ဧကရာဇ် ယန်ဖန် နန်းပလ္လင်ပေါ်မှာ ရှိနေသရွေ့ ဟုန်ရွှန်ကျိနှင့် ဟုန်မျိုးနွယ်စုမှာ ဘေးအန္တရာယ် ကင်းဝေးနေမည် ဖြစ်သည်။
ဟုန်ယွိမှာ ‘သူတော်စင်ငယ်တစ်ပါး’ အဖြစ် ကျော်ကြားသော်လည်း အနောက်ဘက်ဒေသ စစ်ပွဲပြီးနောက်တွင် အနားယူကာ ဆိတ်ငြိမ်စွာ နေထိုင်နေသဖြင့် နန်းတွင်း၌ အခြေချနိုင် ခြင်း မရှိသေးပေ။ ထို့ကြောင့် နန်းတွင်း၌ ဟုန်ရွှန်ကျိ၏ အာဏာမှာ အကြီးဆုံးဖြစ်ပြီး၊ စာပေလောကနှင့် ပြည်သူများအကြားတွင်မူ ဟုန်ယွိ၏ ‘ကျိုးယိအကယ်ဒမီ’ က အကျော်ကြားဆုံး ဖြစ်နေသည်။
ဟုန်ယွိနှင့် ဟုန်ရွှန်ကျိ သားအဖနှစ်ယောက်မှာ တစ်ဦးက နန်းတွင်း၌၊ တစ်ဦးက ပြည်သူများအကြား၌ အသီးသီး အစွမ်းပြနေကြသည်။ ကံကောင်းထောက်မစွာပင် သားအဖနှစ်ဦးမှာ မီးနှင့်ရေကဲ့သို့ မတည့်ကြပေ။ အကယ်၍သာ သူတို့နှစ်ဦး ပေါင်းစည်း သွားပါက တစ်ကမ္ဘာလုံး၏ အာဏာမှာ ဟုန်မျိုးနွယ်စု လက်ထဲသို့ ရောက်သွားပေလိမ့် မည်။
အမှန်စင်စစ် ဤသားအဖနှစ်ဦး မတည့်ခြင်းကိုပင် အင်အားစုများစွာက ဝမ်းမြောက်ဝမ်း သာ စောင့်ကြည့်နေကြခြင်း ဖြစ်သည်။ ၎င်းမှာ ဟုန်ယွိကို မည်သူမျှ တိုက်ခိုက်ခြင်း မပြု သည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။ ထို့ပြင် ဟုန်ယွိ၏ အရှိန်အဝါမှာ သူတော်စင် တစ်ပါးကဲ့သို့ ဖြစ်နေပြီဖြစ်ရာ သူ၏ ပြောဆိုလုပ်ကိုင်မှုတိုင်းက မှန်ကန်နေပြီး သာမန် လူများမှာ သူ့ကို တိုက်ခိုက်ရန် မစွမ်းသာကြပေ။ စာပေပညာရှင်များပင်လျှင် ‘ပြောင်းလဲခြင်းကျမ်း’၏ နက်နဲမှုကို လက်ခံထားကြပြီး ၎င်းကို နေ့စဉ်လေ့လာနေကြသည်။ သူတို့အားလုံးမှာ ဟုန်ယွိနှင့် တွေ့ဆုံဆွေးနွေးကာ သူတို့၏ ကျင့်စဉ်အဆင့်ကို တိုးမြှင့်လို ကြသည်။
ပြောင်းလဲခြင်းကျမ်း၏ ဆွဲဆောင်မှုမှာ တစ်ကမ္ဘာလုံးကို လွှမ်းမိုးလာခဲ့ပြီ ဖြစ်သည်။ မည်သည့် ပညာရပ်မဆို ပြောင်းလဲခြင်းကျမ်း၏ ရှေ့မှောက်တွင်မူ အရှုံးပေးရသည် သို့မဟုတ် ၎င်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားကြရစမြဲပင်။
“ဒီနေ့ လူတွေ တော်တော်များတာပဲ။ အို... လီနယ်စားကြီး၊ ကျင့်သခင်ကြီး... ခင်ဗျားတို့ လည်း ရောက်နေတာလား။”
ဝူဝမ်မြို့စား အိမ်တော်၏ အပြင်ဘက်တွင် လူရှစ်ယောက်ထမ်းသော ခမ်းနားလှသော ဝေါယာဉ်တစ်စီး ရပ်လိုက်သည်။ ၎င်း၏ဘေးတွင် သံချပ်ကာမြင်းတပ်များ၊ စစ်သည်များနှင့် အစေခံများ ခြံရံထားသည်။ အဖွဲ့တစ်ဖွဲ့လျှင် လူပေါင်း ၅၀၊ ၆၀ ခန့် ရှိသည်။
အခြံအရံများကို ကြည့်ခြင်းအားဖြင့် ၎င်းတို့မှာ နယ်စားကြီး အဆင့်ရှိသူများဖြစ်ကြောင်း သိသာလှသည်။ အမှန်စင်စစ် လက်ထပ်ပွဲ လာစားရုံဖြင့် ဤမျှ အခြံအရံများ မလိုသော် လည်း၊ ၎င်းမှာ သူတို့၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ဖော်ပြနေခြင်း ဖြစ်သည်။ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာမှာ သူတို့၏ စိတ်ဝိညာဉ် စွမ်းအားနှင့် သက်ဆိုင်နေသဖြင့် ကြီးမားသော ကိစ္စလည်း ဖြစ်သည်။
ကော်ဇောနီ၏ အစွန်းတွင် ဝေါယာဉ် ရပ်လိုက်ပြီး နယ်စားကြီးတစ်ဦး ဆင်းလာသည်။ သူကား လင်နယ်စားကြီးပင် ဖြစ်သည်။ သူသည် ဆယ်မိုင်ရှည်သော လမ်းမပေါ်တွင် ဂုဏ်ပြုရန် ရောက်ရှိနေသော လူအမြောက်အမြားကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
ထိုအချိန်မှာပင် နောက်ထပ် အလားတူအဖွဲ့တစ်ဖွဲ့ ရောက်လာပြီး ရပ်လိုက်သည်။ ဝေါယာဉ်အတွင်းမှ နယ်စားကြီးတစ်ဦး ဆင်းလာပြန်ရာ သူကား လီနယ်စားကြီး ‘ကျင့်ချန်းရုံ’ ပင် ဖြစ်သည်။
လင်နယ်စားကြီးက သူ့ကို နှုတ်ဆက်လိုက်သည်။
“ဧကရာဇ်အကြံပေးက ကိုယ်လုပ်တော် သိမ်းပိုက် လက်ထပ်ယူတာဆိုတော့ ငါလည်း ဘယ်လိုလုပ် မလာဘဲ နေနိုင်မှာလဲ။ ဒါပေမဲ့ ဒီနေ့ အခြေအနေကို ကြည့်ရတာ ဝူဝမ်မြို့စား အိမ်တော်တောင် ဧည့်သည်တွေ ဆံ့ပါ့မလား မသိဘူး။ ဘုရင်ခံတွေရဲ့ သခင်လေးတွေ၊ အထက်တန်းလွှာ မျိုးနွယ်စုကြီးတွေ၊ တော်ဝင်မိစုဝင်တွေနဲ့တင် တော်တော် အလုပ်ရှုပ်ဦး မယ်” နယ်စားကြီး နှစ်ဦးက နှုတ်ဆက်ကာ စကားပြောလိုက်ကြသည်။
“မဖြစ်နိုင်ပါဘူး... ဝူဝမ်မြို့စား အိမ်တော်က ပြီးခဲ့တဲ့နှစ်တွေမှာ အများကြီး ကျယ်ဝန်းလာခဲ့ တာပဲ။ ဒီငါးကီလိုမီတာလောက်ရှိတဲ့ လမ်းမကြီးတစ်ခုလုံးက ဧကရာဇ်အကြံပေး ပိုင်တာ ပဲ။ မဒမ်ကျောက်က ဒီနေ့အတွက် အခန်းပေါင်း တစ်ထောင်၊ အဆောင်ပေါင်း သုံးရာကျော် နဲ့ အစေခံ သုံးထောင်လောက်ကို ပြင်ဆင်ထားတယ်လို့ ငါကြားထားတယ်။ မနေ့ကတင် နယ်အသီးသီးက ဘုရင်ခံတွေ ပို့လိုက်တဲ့ လက်ဆောင်တွေက တောင်လိုပုံနေပြီး အခန်း ပေါင်း နှစ်ဆယ်ကျော် ပြည့်နေပြီတဲ့” လီနယ်စားကြီးက ဆိုသည်။ “အဲဒီထဲမှာ ရွှေတွေ၊ ကျောက်မျက်တွေ၊ သန္တာကျောက်တွေ၊ နို့နှစ်ရောင်ကျောက်တွေ၊ မြတွေ၊ ပုလဲတွေ၊ ဂျင်ဆင်းနဲ့ အဖိုးတန် ဆေးမြစ်တွေ စုံနေတာပဲ။ အခုဆိုရင် ထည့်စရာ နေရာတောင် မရှိတော့ဘူးထင်တယ်။”
“တခြားပြည်နယ်က ဘုရင်ခံတွေက ချမ်းသာကြတာကိုး။ သူတို့က ဧကရာဇ်အကြံပေးကို မဖားရင် ဘယ်မှာ အခွင့်အရေး ရတော့မှာလဲ။ ဒါပေမဲ့ မဒမ်ကျောက်က တော်တော်လေးကို ဉာဏ်ကောင်းတဲ့ အမျိုးသမီးဆိုတော့ ဒီလိုကိစ္စကြီးကို ကိုင်တွယ်နိုင်မှာပါ။ ဧည့်သည်တွေ ဒီလောက်များတာဆိုတော့ သေချာ ဂရုစိုက်နိုင်ပါ့မလား မသိဘူး။” လင်နယ်စားကြီးက ဆို ကာ အကဲခတ်ဟန်ဖြင့် မေးလိုက်သည် “ဒါနဲ့ လီနယ်စားကြီး... ခင်ဗျား ဒီတစ်ခါ ဘာလက်ဆောင် ယူလာလဲ၊ ငါ့ကို အရင် ပြလို့ရမလား၊ ခင်ဗျားလက်ဆောင်က တအားကြီး ကြီးကျယ်နေရင် ငါ့လက်ဆောင်က မဟန်မှာစိုးလို့ လူပြန်လွှတ်ပြီး ပြန်ပြင်ခိုင်းရမယ်။ ဒီနေ့ အခြေအနေကို ကြည့်ရတာ နန်းတွင်းတစ်ခုလုံးကို အုပ်စိုးထားတဲ့ ဩဇာအာဏာက ဘာလဲ ဆိုတာ ငါ တကယ် နားလည်သွားပြီ။”
“ဟုတ်ပါ့... ဝူဝမ်မြို့စားက လက်ဆောင်တွေကို သိပ်ဂရုမစိုက်ပေမဲ့ မဒမ်ကျောက်ကတော့ တော်တော် တွက်ချက်တတ်တဲ့ အမျိုးသမီးပဲ။ လက်ဆောင်က နည်းနေလို့ မကောင်းလို့ သူမ သဘောမကျရင် ဒုက္ခရောက်သွားနိုင်တယ်။ ဒါပေမဲ့ ငါ ဒီနေ့ ယူလာတာက စာအုပ် တစ်အုပ်ပါ။” လီနယ်စားကြီးက ပြုံးစိစိဖြင့် ပြောလိုက်သည်။
“စာအုပ်တစ်အုပ် ဟုတ်လား၊ ဒါဆိုရင် တကယ့် ရှေးဟောင်းကျမ်းစာအုပ် ဖြစ်ရမယ်။ ဒါပေမဲ့ ငါတို့လို နယ်စားကြီးတွေက ရွှေဒင်္ဂါးသောင်းချီတန်တဲ့ လက်ဆောင်မျိုး ပေးရတာ လေ။ ဘယ်လိုစာအုပ်မျိုးက ဒီလောက် တန်ဖိုးရှိမှာလဲ။ ပညာရှင် သူတော်စင်ကြီးတွေရဲ့ လက်ရေးမူများလား။” လင်နယ်စားကြီးက စူးစမ်းစွာ မေးလိုက်သည်။
“ပညာရှင် သူတော်စင်တစ်ပါးရဲ့ လက်ရေးမူလို့ ပြောလို့ရတာပေါ့၊ အဲဒါက လက်ရှိ သူတော်စင်ဖြစ်တဲ့ ဟုန်ယွိကိုယ်တိုင် ရေးထားတဲ့ ‘ပြောင်းလဲခြင်းကျမ်း’ပဲ” လီနယ်စားကြီး က ရုတ်တရက် လျှို့ဝှက်စွာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဘာ” လင်နယ်စားကြီး ထိတ်လန့်သွားသည်။ “ဟုန်ယွိ ရေးထားတဲ့ ပြောင်းလဲခြင်းကျမ်း ဟုတ်လား။ ဒါဟာ တကယ်ကို တန်ဖိုးမဖြတ်နိုင်တဲ့ အရာပဲ။ ယွန်မင်နိုင်ငံဘက်က အထက်တန်းလွှာ မျိုးနွယ်စုကြီးတွေဆိုရင် ဒီလက်ရေးမူ တစ်စောင်အတွက် စားကျက်မြေ တွေ၊ အိမ်တော်တွေနဲ့တောင် လဲချင်ကြတာ။ ဟုန်ယွိရဲ့ ကျင့်စဉ်က တကယ့်ကို နက်နဲလှ တယ်။ သူက ဖန်ဆင်းခြင်းရဲ့ နက်နဲမှုကို နားလည်သွားပြီဖြစ်လို့ အလယ်ခေတ်က ပညာရှင် သူတော်စင်ကြီးတွေနဲ့ ဘာမှမကွာခြားတော့ဘူး။ သူရေးတဲ့ စာလုံးတိုင်းက စိတ်ထဲမှာ စွဲထင်နေပြီး လူတစ်ယောက်ရဲ့ စိတ်ထဲက အတွင်းမိစ္ဆာတွေကို ဖယ်ရှားပေးနိုင်သလို၊ အသိဉာဏ်ကိုလည်း ပိုမို ထက်မြက်စေတယ်။ ငါလည်း လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး ပြောင်းလဲခြင်းကျမ်းကို ဖတ်လာတာ၊ ဟုန်ယွိရေးသားထားတဲ့ စာလုံးတစ်လုံးရဲ့ နက်နဲမှုကို တောင် သိချင်နေတာ။ ဒါပေမဲ့ ခုထိတော့ မအောင်မြင်သေးဘူး။ ခင်ဗျား ဒီလက်ရေးမူကို ဘယ်ကရတာလဲ။ ငါ့ကို ခဏလောက် ကြည့်ခွင့်ပေးမလား။ နာရီဝက်လောက် ကြည့်ခွင့်ရဖို့ အတွက်တောင် ရွှေဒင်္ဂါး သုံးထောင်ပေးဖို့ ငါ့ဘက်က အသင့်ပဲ။”
“ပြီးခဲ့တဲ့ အချိန်တုန်းက ဧကရာဇ် မယ်တော်ကြီးက ဟုန်ယွိဆီကနေ ပြောင်းလဲခြင်းကျမ်း လက်ရေးမူတစ်ခုကို နန်းတော်ထဲ ပို့ပေးဖို့ အမိန့်ထုတ်ခဲ့သေးတယ်။ ဒါပေမဲ့ ဟုန်ယွိက ငြင်းခဲ့တာ။ မယ်တော်ကြီးတောင် မရတဲ့အရာကို လီနယ်စားကြီးက ဘယ်လိုရတာလဲ။ ဒါပေမဲ့ ဟုန်ယွိနဲ့ မဒမ်ကျောက်က ရေနဲ့မီးလို ဖြစ်နေတာ၊ ဒီလိုနေ့မျိုးမှာ ပြောင်းလဲခြင်း ကျမ်းကို လက်ဆောင်ပေးတာက မသင့်တော်ဘူးထင်တယ်နော်။”
ထိုအချိန်တွင် နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။
နောက်ထပ် ဝေါယာဉ်တစ်စီး ရပ်လိုက်ပြီး ပန်းထိုးဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်း တစ်ဦး ဆင်းလာသည်။ သူ၏ မျက်နှာမှာ ခန့်ညားတည်ကြည်ပြီး သူ၏ မျက်ဝန်းများတွင် ရံဖန်ရံခါ လျှပ်စီးများ လက်ခနဲ လက်ခနဲ ဖြစ်သွားတတ်သည်။ သူသည် ‘ဟင်းလင်းပြင် လျှပ်စီး’ (Void Lightning) အဆင့်သို့ ရောက်ရှိထားသော ပညာရှင်တစ်ဦး ဖြစ်သည်။
“ဖုန်းနယ်စားကြီးပါလား။ ဘာလို့ ဒီနေ့ ကိုယ်တိုင် ရောက်လာရတာလဲ။”
ဤလူလတ်ပိုင်းအရွယ် အမျိုးသားမှာ တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်ပြီး ဧကရာဇ် ယန်ဖန်၏ အဖေတူ အမေကွဲ ညီတော်တစ်ဦး ဖြစ်သည်။
“မဒမ်ကျောက်က စည်းစိမ်ဥစ္စာကို မက်မောတဲ့သူဆိုတော့ ဒီလက်ရေးမူကို မကြိုက်ရင် တောင် ပြန်ရောင်းရင် အလုယက် ဝယ်ကြမှာပဲ။ ‘နတ်ဘုရားလေနိုင်ငံ’၊ ယွန်မင်နိုင်ငံ၊ အနောက်ဘက်ဒေသနဲ့ ကမ္ဘာပေါ်က အထက်တန်းလွှာ မျိုးနွယ်စုကြီးတွေ အားလုံးက ဒါကို လိုချင်နေကြတာ။ ဒီစာအုပ်ကို မိသားစု အမွေအနှစ်အဖြစ် သိမ်းထားလို့ ရသလို၊ သူတို့ သားသမီးတွေသာ ဒီလက်ရေးမူကို လေ့လာရင် ပါရမီရှင်တွေ ဖြစ်လာဖို့ အခွင့်အလမ်းက အဆပေါင်းများစွာ ပိုများသွားမှာပဲလေ။” လီနယ်စားကြီးက ဂုဏ်ယူစွာ ပြောလိုက်သည်။
“လီနယ်စားကြီးဆီမှာ ဟုန်ယွိရဲ့ လက်ရေးမူ အစစ်အမှန် ရှိနေတယ်ဆိုတာ ကျွန်မ မယုံဘူး။ မယ်တော်ကြီးတောင် မရတာကို နယ်စားကြီးက ဘယ်လိုရမှာလဲ။” ရုတ်တရက် အဝေးမှ ဝေါယာဉ်တစ်စီး ရပ်လိုက်ပြီး ဖီးနစ်ဝတ်ရုံ ဝတ်ဆင်ထားသော မင်းသမီးတစ်ပါးက ဝေါယာဉ်အတွင်းမှ လှမ်းပြောလိုက်သည်။
“ယုံချွန်းမင်းသမီးပါလား” လီနယ်စားကြီးက အမြန် နှုတ်ဆက်လိုက်သည်။ “ကျွန်တော့် သား ‘ကျင်းယုရှင်း’ က ဟုန်ယွိနဲ့ သူငယ်ချင်းတွေလေ။ သူက ကျိုးယွိအကယ်ဒမီကို သွားပြီး ခြောက်လလောက် တောင်းပန်မှ ဟုန်ယွိရဲ့ လက်ရေးမူကို ရခဲ့တာပါ။ ဒီနေ့ ဝူဝမ် မြို့စားက ကိုယ်လုပ်တော် သိမ်းယူပွဲဆိုတော့ ဒီလက်ဆောင်ကို မဖြစ်မနေ ယူလာရတာပါ”
“ဒီလက်ဆောင်က တကယ်ကို မသင့်တော်ဘူး၊ တန်ဖိုးလည်း ကြီးလွန်းတယ်။ အဲဒီအစား ငါကတော့ အဖြူရောင်တံတိုင်း ဆယ်ခု၊ ယွန်တုနှင်းပိုးထည် တစ်ထောင်နဲ့ ရွှေဒင်္ဂါး တစ်သောင်းပေးပြီး လဲမယ်၊ ဘယ်လိုလဲ။” ဖုန်းနယ်စားကြီးက ရုတ်တရက် ဆိုလိုက်သည်။
“ဖုန်းနယ်စားကြီး... အဖြူရောင်တံတိုင်းဆယ်ခု၊ ယွန်တုနှင်းပိုးထည် တစ်ထောင်နဲ့ ရွှေဒင်္ဂါး တစ်သောင်း ဟုတ်လား။ ဒါဟာ ပြောင်းလဲခြင်းကျမ်း လက်ရေးမူအတွက်ဆိုရင် တအားကို နည်းလွန်းတယ်။ ကျွန်မက အဲဒီတန်ဖိုးရဲ့ ဆယ်ဆပေးမယ်၊ ပြီးတော့ ရှင်တန်သိုင်းသခင် အဆင့် သိုင်းကျွန် ၃၀ နဲ့ အစောင့်တွေပါ ပေးဦးမယ်ဗျာ၊ ဘယ်လိုလဲ။”
ထိုအချိန်တွင် မွှေးပျံ့သော လေပြေတစ်ခု တိုက်ခတ်လာပြီး ခရမ်းရောင် ဝေါယာဉ်တစ်စီး ကို လူများက ထမ်းလာကြသည်။ ၎င်း၏ ဘေးတွင် အစေခံမလေး တစ်ရာခန့် ပါလာပြီး မင်းသားတစ်ပါး၏ အခြံအရံထက်ပင် မနိမ့်ကျပေ။
“ယွမ်မျိုးနွယ်က သခင်မလေး ယွမ်ဇီယန်ပါလား။”
ဖုန်းနယ်စားကြီး၊ ယုံချွန်းမင်းသမီး၊ လီနယ်စားကြီးနှင့် လင်နယ်စားကြီးတို့မှာ ရောက်ရှိ လာသူကို ကြည့်ကာ အံ့ဩသွားကြသည်။ ခရမ်းရောင် ဝေါယာဉ်အတွင်းမှ အမျိုးသမီးမှာ ယွမ်မျိုးနွယ်၏ သမီးကြီး ယွမ်ဇီယန်ပင် ဖြစ်သည်။ သူမ၏ အဆင့်အတန်းမှာ အလွန်မြင့် မားပြီး၊ သူမသည် ပညာရှင် သူတော်စင်မျိုးနွယ်ဝင် အမျိုးသမီးများကို စုစည်းကာ ‘ဇီယန် အကယ်ဒမီ’ ကို တည်ထောင်ထားသူ ဖြစ်သည်။ သူမ၏ ကဗျာများမှာ အလွန်ကျော်ကြား ပြီး သူမကိုယ်တိုင်မှာလည်း ဂန္ထဝင် အမျိုးသမီးတစ်ဦး ဖြစ်သည်။
သူမ ပေးသော ဈေးနှုန်းမှာ မူလဈေး၏ ဆယ်ဆဖြစ်သလို၊ ရှင်တန်းသိုင်းသခင် နယ်ပယ် သိုင်းကျွန် ၃၀ ဆိုသည်မှာလည်း အလွန်ကြီးမားသော တန်ဖိုး ဖြစ်သည်။
“ဘာ…၊ ဟုန်ယွိရဲ့ လက်ရေးမူ ဟုတ်လား။ ဒီလို ရတနာမျိုး ရှိနေတာလား။ ငါက ခံတပ်သင်္ဘော ဆယ်စင်းနဲ့ ရွှေဒင်္ဂါးတစ်သိန်း ပေးမယ်ဗျာ။”
“လီနယ်စားကြီး... ငါက အိမ်တော်ဆယ်ခုနဲ့ လဲမယ်။ ငါ့ကို ပေးပါ...”
ထိုသူများ စကားပြောနေကြစဉ်မှာပင် လီနယ်စားကြီးက ဟုန်ယွိ၏ လက်ရေးမူကို လက်ဆောင်အဖြစ် ယူလာသည်ဟူသော သတင်းမှာ ကူးစက်ရောဂါပမာ ပျံ့နှံ့သွားခဲ့သည်။ အထက်တန်းလွှာ မျိုးနွယ်စုများစွာမှာ အခြေအနေကို ကြည့်ရန် စုပြုံရောက်ရှိလာကြ သည်။
ထိုအချိန်တွင် ဝူဝမ်မြို့စား အိမ်တော်၏ အတွင်းခန်းမတစ်ခု၌ မဒမ်ကျောက်သည် ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ သူမ၏ နောက်ကွယ်တွင် လူနှစ်ဦး ရပ်နေပြီး တစ်ဦးမှာ သွေးနီရောင် ဝတ်ရုံကို ဝတ်ထားကာ၊ နောက်တစ်ဦးမှာ အဖြူရောင် ဝတ်ရုံကို ဝတ်ထား သည်။ သူတို့နှစ်ဦးလုံးမှာ မြူခိုးများဖြင့် လွှမ်းခြုံထားပြီး လူလား၊ နတ်လား၊ မိစ္ဆာလား ခွဲခြား၍ မရပေ။ သူတို့ထံမှ အလွန်ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။
အကယ်၍ လူသားအင်မော်တယ် တစ်ဦး သို့မဟုတ် မိုးကြိုးကပ်ဘေး ငါးကြိမ်ခြောက်ကြိမ် ကျော်ဖြတ်ထားသော ပညာရှင်တစ်ဦးသာ ဆိုပါက ထိုသူနှစ်ဦးမှာ အလွန်စွမ်းအားကြီး သော နတ်ဘုရားများ ဖြစ်ကြောင်း သိနိုင်ပေလိမ့်မည်။ တစ်ဦးမှာ ‘အနှစ်သာရ နတ်ဘုရား ကျောင်း’၏ မှော်နတ်ဘုရားဖြစ်ပြီး၊ နောက်တစ်ဦးမှာ ‘သွေးနတ်ဘုရား’ ပင် ဖြစ်သည်။
“အစ်မ... ကျွန်မတို့ အိမ်တော်ကို ရောက်လာတဲ့ လက်ဆောင်တွေက တကယ့်ကို အများကြီးပဲ။ နယ်အသီးသီးက ဘုရင်ခံတွေ ပို့လိုက်တဲ့ လက်ဆောင်တွေကို ကြည့်ပြီး ကျွန်မတောင် အံ့ဩမိတယ်။ ဒီလက်ဆောင်တွေကို ဒီအတိုင်း လက်ခံတာက သင့်တော်ပါ့မ လား။” မဒမ်ရုံက မဒမ်ကျောက်၏ အောက်တွင် ထိုင်ကာ မေးလိုက်သည်။
“ကိစ္စမရှိပါဘူး။ မြို့စားရဲ့ အဆင့်အတန်းက အရင်လို မဟုတ်တော့ဘူး။ ဒီတစ်ခါ တစ်ကမ္ဘာ လုံးက ရတနာတွေကို ငါ သိမ်းယူချင်တယ်။ ဘယ်သူက အဖိုးတန်ဆုံး လက်ဆောင်ပေးလဲ ဆိုတာ လူတိုင်း သိအောင် အော်ပြောဖို့အတွက် အခမ်းအနားမှူးကိုတောင် ငါ သီးသန့် ပြင်ဆင်ထားတယ်။”
မဒမ်ကျောက်က တည်ငြိမ်စွာဖြင့် အေးစက်စွာ ပြောလိုက်သည်။ “အဲဒီ ဘုရင်ခံတွေကို ငါတို့ကိုယ်တိုင် တွေ့ဖို့ မလိုပါဘူး။ မင်းသားတွေ၊ နယ်စားကြီးတွေနဲ့ အထက်တန်းလွှာ မျိုးနွယ်စုလူတွေ လာမှပဲ ခဏတဖြုတ် တွေ့လိုက်မယ်။ အခု အခြေအနေက အရင်နဲ့ မတူတော့ဘူး။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ကျန်းနန်မင်းသမီး လာတုန်းကတောင် ငါတို့က အမွှေးတိုင်တွေနဲ့ ကြိုခဲ့ရပေမဲ့၊ အခုတော့ အဲဒီ အထက်တန်းလွှာ မျိုးနွယ်စုကြီးတွေက ငါတို့ မျက်နှာသာပေးတာကို ပြန်စောင့်နေရတာ။”
ထိုအချိန်တွင် အစေခံမလေး အချို့မှာ တံခါးဝ၌ ဒူးထောက်လိုက်ပြီး လှမ်းပြောလိုက်သည် “သခင်မကြီး... သတင်းဆိုးပါရှင်။ လမ်းမပေါ်မှာ ဖုန်းမင်းသား၊ လီနယ်စားကြီးနဲ့ တခြား အထက်တန်းလွှာ မျိုးနွယ်စုကြီးတွေ လက်ဆောင်ကိစ္စနဲ့ အငြင်းပွားနေကြပါတယ်။”
အခန်း (၆၅၀)။
“ဘာတွေ ဖြစ်နေကြတာလဲ။”
မဒမ်ကျောက်က တည်ငြိမ်စွာ ထိုင်နေဆဲ ဖြစ်သော်လည်း မဒမ်ရုံမှာမူ ဆက်၍ မထိုင်နိုင် တော့ပေ။ ယနေ့မှာ ဟုန်ရွှန်ကျိက ကိုယ်လုပ်တော်တစ်ဦးကို လက်ထပ် သိမ်းပိုက်ယူသည့် နေ့ ဖြစ်သည်။ လက်ဆောင်များစွာ ရောက်ရှိလာခြင်းကပင် လုံလောက်အောင် ထိတ်လန့် စရာ ကောင်းနေပြီ ဖြစ်သည်။ မဒမ်ကျောက်တွင်မူ တစ်စုံတစ်ရာကို ယုံကြည်ချက်ရှိရှိ ကိုင်တွယ်နိုင်စွမ်း ရှိပုံရသော်လည်း မဒမ်ရုံမှာမူ ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော မြင်ကွင်း မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
၎င်းမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။ သမိုင်းကြောင်းအရ ကြည့်လျှင် မယ်တော်ကြီးနှင့် ဧကရာဇ်မင်းမြတ်တို့၏ မွေးနေ့ပွဲများမှလွဲ၍ ဒေသအသီးသီးမှ ဘုရင်ခံများ လာရောက် ဂုဏ်ပြုကြသော မည်သည့် တော်ဝင်အခမ်းအနားမျှ ဤမျှ အတိုင်းအတာအထိ မခမ်းနား မကြီးကျယ်ခဲ့ဖူးချေ။ အိမ်ရှေ့စံမင်းသား၏ အရွယ်ရောက်ခြင်း အခမ်းအနားပင်လျှင် ဤမျှ အဆင့်မရှိခဲ့ပေ။
ယခုတစ်ကြိမ် လက်ဆောင်များမှာ မယ်တော်ကြီးနှင့် ဧကရာဇ်၏ မွေးနေ့များထက်ပင် ပိုမို များပြားနေသည်။ မည်သည့် မြင့်မြတ်သော မိသားစုတွင်မဆို အတွေ့အကြုံ အရှိဆုံးသော အမျိုးသမီးကြီးများပင်လျှင် ဤအခြေအနေကို မြင်ပါက ထိတ်လန့်တုန်လှုပ်ပြီး ဘာလုပ်ရ မှန်း မသိဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် မဒမ်ကျောက်၏ တည်ငြိမ်မှုကို မြင်သောအခါ မဒမ်ရုံ၏ စိတ်ထဲတွင် သူမကို အထင်ကြီးလေးစားမှုများ ပိုမိုတိုးပွားလာခဲ့သည်။
“သူတို့တွေ ဂုဏ်ပြုလက်ဆောင် တစ်ခုကြောင့် အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်နေ ကြတာပါ။ အခုတော့ အခြေအနေက ထိန်းမနိုင် သိမ်းမရ ဖြစ်နေပါပြီ။” အစေခံမလေး သည် မဒမ်ကျောက်၏ မေးခွန်းကို ကြားသောအခါ အမြန် ဒူးထောက်၍ တင်ပြလိုက်ပါ သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီနေ့က ဘယ်လိုနေ့လဲ။ မင်းသားဖုန်း၊ လီနယ်စားကြီးနဲ့ လင်နယ်စားကြီးတို့ဆိုတာ ယဉ်ကျေးမှုနဲ့ ကျင့်ဝတ်စည်းကမ်းတွေကို နားလည်တဲ့လူတွေပဲ မဟုတ်လား။ ဒီလို အခါသမယမျိုးမှာ ဂုဏ်ပြုလက်ဆောင်တစ်ခုအတွက် ဘာလို့ ရန်ဖြစ် နေကြမှာလဲ။ မင်းလို အစေခံ မိန်းကလေးက ငါ့ကို လာလိမ်ရဲတယ်ပေါ့၊ သေချင်နေတာ လား။” မဒမ်ရုံက ငေါက်ငမ်းလိုက်ပါသည်။
“မဟုတ်ပါဘူး... တကယ်ပါရှင်။ သူတို့ အခုထိ ငြင်းနေကြတုန်းပါ” ဟု အစေခံမလေးက အလျင်အမြန် ဦးချရင်း ပြောလိုက်သည်။
“ဒီလောက် ကြီးကျယ်တဲ့ ကိစ္စကို သူ လိမ်ပြောရဲမှာ မဟုတ်ဘူး။ ဘယ်လို လက်ဆောင် မျိုးမို့လို့လဲ။” မဒမ်ကျောက်က အေးစက်စွာ မေးလိုက်ပါသည်။ “ဘယ်လို လက်ဆောင်က မင်းသားတွေနဲ့ အရာရှိကြီးတွေကို အချင်းချင်း လုယက် ငြင်းခုံရလောက်အောင် တန်ဖိုးရှိ နေလို့လဲ။”
“အဲဒါက...” အစေခံမလေးက အေးစက်လှသော မဒမ်ကျောက်ကို တစ်ချက်ကြည့်လိုက် ပါသည်။
“ပြောစမ်း” မဒမ်ကျောက်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“အဲဒါက ကျိုးယွိအကယ်ဒမီက ဟုန်ယွိ ကိုယ်တိုင်ရေးထားတဲ့ ‘ပြောင်းလဲခြင်းကျမ်း’ လက်ရေးမူပါရှင်။ မူလက လီနယ်စားကြီးက ဒါကို ဂုဏ်ပြုလက်ဆောင်အဖြစ် ပေးချင်တာ ပါ၊ ဒါပေမဲ့ အခုတော့ လူအများကြီးက အဲဒီလက်ရေးမူကို တခြားအရာတွေနဲ့ လဲချင်နေကြ လို့ပါ။ သခင်မကြီး ကိုယ်တိုင်ထွက်ပြီး အခြေအနေကို ထိန်းသိမ်းပေးပါဦးရှင်” အစေခံ မလေးက ဦးချရင်း ပြောဆိုလိုက်သည်။
“ဟုန်ယွိ၊ ပြောင်းလဲခြင်းကျမ်း ဟုတ်လား။” ဟုန်ယွိ၏ အမည်ကို ကြားလိုက်သည်နှင့် မဒမ်ကျောက်၏ ခန္ဓာကိုယ်မှ အေးစက်စက် အငွေ့အသက်များ ထွက်ပေါ်လာပြီး သူမ၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု ဖြတ်ပြေးသွားခဲ့ပါသည်။
“တကယ်ပဲ ဟုန်ယွိ ကိုယ်တိုင်ရေးတဲ့ လက်ရေးမူလား” မဒမ်ရုံကမူ အံ့ဩတကြီး ရေရွတ် လိုက်သည်။ “အဲဒါက ဘယ်လောက်တောင် တန်ဖိုးရှိလိုက်မလဲ။ မယ်တော်ကြီးကိုယ်တိုင် ကျိုးယွိအကယ်ဒမီကို အမိန့်တော်လွှတ်ပြီး လက်ရေးမူ တောင်းခဲ့တာတောင် မရခဲ့ဘူးလို့ ငါကြားဖူးတယ်။ အခုတော့ အဲ့ဒါကို ဂုဏ်ပြုလက်ဆောင်အဖြစ် ပေးနေကြပြီလား။ အထက်တန်းလွှာ မျိုးစုကြီးနွယ်တွေ အများကြီးက ဒီစာအုပ်ကို လိုချင်နေကြတာ၊ ဒါပေမဲ့ မရနိုင်ကြဘူး။ တကယ်လို့ ငါတို့သာ အဲဒီလက်ရေးမူကို ရခဲ့ရင် ယွန်မင်နိုင်ငံနဲ့ ဒါမှမဟုတ် ‘နတ်ဘုရားလေနိုင်ငံ’ တွေနဲ့ လဲလှယ်ပြီး၊ ရှင်တန်သိုင်းသခင်တွေ၊ မဟာဆရာသခင်တွေ၊ နောက်ဆုံး ‘သိုင်းသူတော်စင်’ တွေကိုတောင် ငါတို့ဆီမှာ အစေခံလုပ်ဖို့ ခေါ်လို့ရနိုင်တာပဲ။”
“ဟွန်း” မဒမ်ကျောက်က နောက်တစ်ကြိမ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြန်သည် “ဟုန်ယွိ ဒီနေ့ လာပြီး ပြဿနာရှာရင် အရှုံးကြီး ရှုံးသွားအောင်လုပ်ဖို့ ငါ ပြင်ဆင်ထားတာ တွေ အများကြီးပဲ။ ဒါပေမဲ့ သူ့ရဲ့ လက်ရေးမူလေး တစ်ခုက ငါ့ရဲ့ အစီအစဉ်အားလုံးကို ဒီလောက် ဖျက်ဆီးပစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
“သွားကြစို့၊ ငါနဲ့လိုက်ခဲ့ကြ” မဒမ်ကျောက်က မတ်တတ်ရပ်လိုက်သည် “မှော်နတ်ဘုရား... မင်းတို့ရဲ့ ယဇ်ပုရောဟိတ်အရှင်မနဲ့ မြို့စားမင်းက လျှို့ဝှက်ခန်းမထဲမှာ ရှိနေသေးတာ လား။”
“ဟုတ်ပါတယ်၊ သူတို့က အရေးကြီး ကိစ္စတွေကို ဆွေးနွေးနေကြတာပါ။ ခဏနေမှ ဧည့်သည်တွေကို တွေ့ဖို့ ထွက်လာကြပါလိမ့်မယ်” မှော်နတ်ဘုရားက ပြန်လည်ဖြေကြား သည်။
“ဒါဆိုရင် ရှင်တို့လည်း ငါနဲ့လိုက်ခဲ့ပါ။ တကယ်လို့ ရှင်တို့က ငါ့အပေါ် သစ္စာရှိပြီး အလုပ်ကြီး အချို့ကို လုပ်ပေးမယ်ဆိုရင် ငါကလည်း ရှင်တို့လိုချင်တဲ့ အရာတွေအတွက် လက်တွန့်နေ မှာ မဟုတ်ဘူး။ ဥပမာအားဖြင့်... ရှင်တို့ရဲ့ အသွေးအသား ယဇ်ပူဇော်မှုအတွက် လိုအပ်တဲ့ အရာတွေပေါ့...” မဒမ်ကျောက်က သူမ၏ လက်ထဲတွင် ကြီးမားသော အာဏာကို ဆုပ်ကိုင်ထားသကဲ့သို့ လေးနက်သော လေသံဖြင့် ပြောဆိုလိုက်သည်။
“သခင်မကြီး... ဒါဆိုရင်တော့ သဘောတူပါတယ်။”
မှော်နတ်ဘုရားနှင့် သွေးနတ်ဘုရားတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ အသွေးအသား ယဇ်ပူဇော်မှုဆိုသည်မှာ နတ်ဘုရားများအတွက် လူသားခန္ဓာကိုယ်အဖြစ် ပြောင်းလဲနိုင်မည့် ယဇ်ပူဇော်ခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။ သူတို့သည် သူတို့၏ စွမ်းအားများကို မြှင့်တင်ရန်အတွက် လူသားခန္ဓာကိုယ်အဖြစ် ပြောင်းလဲလိုကြသည်မှာ သဘာဝပင်။ နတ်ဘုရားများ၏ ခန္ဓာကိုယ်မှာ မပြည့်စုံသဖြင့် ယဇ်ပူဇော်မှုမှ တစ်ဆင့်သာ လူသားခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နိုင်ခြင်း ဖြစ်သည်။
နှစ်နာရီခန့် ကြာပြီးနောက် ဟုန်ယွိ၏ ပြောင်းလဲခြင်းကျမ်း လက်ရေးမူကြောင့် ဖြစ်ပေါ်နေသော ရုတ်ရုတ်သဲသဲ အခြေအနေမှာ နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။ ပြောင်းလဲခြင်းကျမ်းအတွက် အငြင်းပွားနေကြသော နယ်စားကြီးများမှာလည်း မြို့စား အိမ်တော်၏ အလယ်ဗဟိုရှိ ဥယျာဉ်တော်အတွင်းမှ တည်ခင်းပွဲသို့ ဖိတ်ကြားခြင်း ခံခဲ့ရ သည်။ သို့သော်လည်း လီနယ်စားကြီး၏ ဂုဏ်ပြုလက်ဆောင် သတင်းမှာမူ အိမ်တော် အတွင်းရှိ လူတိုင်း၏ နားထဲသို့ ပျံ့နှံ့သွားခဲ့လေပြီ။
လူအများမှာ ထိုအကြောင်းကို ဆွေးနွေးနေကြသည်။
“ဒီတစ်ခါတော့ နယ်စားကြီးတွေနဲ့ တော်ဝင်မိသားစုဝင်တွေက ဥယျာဉ်ထဲက ဟိုင်ကျိ ရေကန်ဘေးမှာ ဝိုင်သောက်နေကြပြီပေါ့။ ငါတို့က ဘုရင်ခံတွေရဲ့သားတွေ ဖြစ်ပေမဲ့ ဒီအခန်းတွေထဲမှာပဲ ဝိုင်သောက်ခွင့် ရကြတယ်။ ငါတို့ အဆင့်အတန်းက မမီတော့ အဲဒီပွဲကို မတက်နိုင်ဘူးပေါ့။”
ထိုအချိန်တွင် ဝူဝမ်မြို့စားအိမ်တော်၏ အခြားသော အဆောင်များ၌ လူငယ်သခင်လေး အချို့မှာ အုပ်စုဖွဲ့ကာ သောက်စားနေကြသည်။ သူတို့ကို အစေခံများက ပြုစုပေးနေကြ သည်။ ယခုတစ်ကြိမ်တွင် ဧည့်ဆောင်ပေါင်း တစ်ထောင်ကျော် ရှိသဖြင့် ဘုရင်ခံများ၏ သားများ၊ အရာရှိများနှင့် ချမ်းသာကြွယ်ဝသော ကုန်သည်များအားလုံးကို ဧည့်ခံရန် လုံလောက်မှု ရှိသည်။ သို့သော်လည်း တကယ့် ပွဲတော်အစစ်အမှန်မှာ အိမ်တော်အလယ်ရှိ ဟိုင်ကျိရေကန်ဘေးတွင် ကျင်းပခြင်း ဖြစ်သဖြင့် သူတို့မှာ နေရာမရသဖြင့် ညည်းညူ နေကြခြင်း ဖြစ်သည်။
“ပြောင်းလဲခြင်းကျမ်း’ တစ်ခုတည်းက ဘာလို့ ဒီလောက်တောင် ဆွဲဆောင်မှု ရှိနေရတာ လဲ။ ငါ ခဏလောက် ကြည့်လိုက်ပေမဲ့ အထဲက စာလုံးတွေက ဘာဆိုလိုမှန်းတောင် ငါ မသိဘူး။ ဒါပေမဲ့ ငါ့အဖေကတော့ ညတိုင်း အဲ့ဒီစာအုပ်ကို ကိုင်ပြီး ဖတ်နေတာ၊ မိစ္ဆာပူး ဝင်နေသလိုပဲ။” လူငယ်တစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။
“အလို... ညီလေး ချင်၊ မင်းက ‘ပြောင်းလဲခြင်းကျမ်း’ ကိုတောင် မဖတ်ဖူးဘူးလား။ ဒါက တကယ်ကို အသိပညာ ဗဟုသုတ နည်းပါးရာ ကျတယ်၊ လူတွေ သိရင် ရယ်ကြလိမ့်မယ်” နောက်ထပ် သူဌေးသား တစ်ဦးက ထိုလူငယ်ကို အမြန်ပင် ဆွဲကာ သတိပေးလိုက်ပါသည်။ “အခုကြည့်စမ်း... ဝိုင်ဝိုင်းတိုင်း၊ လက်ဖက်ရည်ဝိုင်းတိုင်းမှာ ‘ပြောင်းလဲခြင်းကျမ်း’ အကြောင်းကိုပဲ ဆွေးနွေးနေကြတာ။ မင်းသာ ထိုက်ကျိ အဋ္ဌဂံပုံရိပ်ကားချပ်အကြောင်း မသိရင် ဒီအသိုင်းအဝိုင်းမှာ လူရာမဝင်ဘဲ ဖယ်ထုတ်ခံရလိမ့်မယ်။ တကယ်လို့ ငါ့အဖေသာ ဒီပွဲမှာ သူတော်စင်ကိုယ်ရေးတဲ့ ပြောင်းလဲခြင်းကျမ်း လက်ရေးမူ ရှိနေတာကို သိလို့က တော့၊ သူပိုင်သမျှ စည်းစိမ်တွေ အကုန်ပုံအောပြီး၊ ရာထူးကိုတောင် စွန့်ပြီး အဲ့ဒါကို လာတောင်းမှာ သေချာတယ်။”
အခြားသော ဘေးခန်းများရှိ လက်ဖက်ရည်ဝိုင်းများတွင်လည်း...
အလတ်တန်းစား အရာရှိကြီးများနှင့် ချမ်းသာကြွယ်ဝသော ကုန်သည်ကြီး အချို့မှာလည်း အလေးအနက် ဆွေးနွေးနေကြသည်မှာ “ပြောင်းလဲခြင်းကျမ်းရဲ့ ‘ကွန်’ (Kun) ဟေက်စ်ဇာ ဂရမ်နိမိတ်မှာ ‘ပထမ ခြောက်ဂဏန်း၊ ဆီးနှင်းကို နင်းမိသည်ရှိသော် ခိုင်မာသော ရေခဲပြင် ကြီး ရောက်လာတော့အံ့’ လို့ ဆိုထားတယ်။ ဒါဟာ ဘာကို ဆိုလိုတာပါလဲ။ ပညာရှင် လူကြီးမင်းတို့ရဲ့ အမြင်တွေကို မျှဝေပေးပါဦး။”
“ကွန်ဖြူးရှပ်ဝါဒီ စာပေပညာရှင်ကြီးတွေ ရှင်းပြထားတာ မရှိဘူးလား။ ကုသိုလ်ကောင်းမှု ကို စုဆောင်းထားတဲ့ မိသားစုက ကောင်းကျိုးတွေ ခံစားရမယ်၊ မကောင်းမှုကို စုဆောင်းတဲ့ မိသားစုကတော့ မကောင်းကျိုးတွေ ခံစားရမယ်လို့ ဆိုတာလေ။ အဲဒါက တဖြည်းဖြည်း ချင်း ဖြစ်တည်လာတဲ့ အရာမျိုးပေါ့။ မြေကြီး ဟေက်စ်ဇာဂရမ်နိမိတ် (Earth Hexagram) ဟာ နက်နဲတဲ့ သီလကျင့်ဝတ်ကို ဆိုလိုတာ၊ ဒါပေမဲ့ အဲ့ဒီသီလကို ပျိုးထောင်ဖို့ဆိုတာ တစ်ရက်တည်းနဲ့ မရနိုင်ဘူးလေ။”
အရာရှိကြီးများမှာ အားတက်သရော ဆွေးနွေးနေကြပါသည်။
ယခုအချိန်တွင် ဝူဝမ်မြို့စား၏ ကိုယ်လုပ်တော် လက်ထပ်အတွက် တည်ခင်းဧည့်ခံပွဲ၌ ဟုန်ယွိ၏ ပြောင်းလဲခြင်းကျမ်းကြောင့် စတင်ခဲ့သော ဆွေးနွေးမှုများမှာ ပိုမိုစည်ကားလာခဲ့ သည်။ ၎င်းမှာ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီးတစ်ခုသဖွယ် ဖြစ်နေတော့သည်။ ပညာရပ်ပိုင်းတွင် နက်နက်နဲနဲ မသိရှိကြသည့် အထက်တန်းလွှာ မိသားစုကြီးမှ သူဌေးသားများပင်လျှင် ခေတ်မီစေရန်အတွက် သိသလိုလိုနှင့် ဟန်ဆောင်က ပြောဆိုနေ ကြပါတော့သည်။
ထိုစဉ် အိမ်တော်၏ ဗဟိုရှိ ‘ဟိုင်ကျိ’ ရေကန်ဘေးမှ ခမ်းနားသော တည်ခင်းဧည့်ခံပွဲကြီး၌ ‘ချန်ပီယံမြို့စား’ ထုတ်လုပ်ခဲ့သော ‘ဖန်သား’ များဖြင့် တည်ဆောက်ထားသည့် ခမ်းနား သော ခန်းမဆောင်ကြီးများ ရှိနေပါသည်။
ဟုန်ယွိက ချန်ပီယံမြို့စား၏ အင်အားစုအားလုံးကို သိမ်းပိုက်ပြီးနောက် ဤဖန်သားများ၏ တန်ဖိုးကို သိရှိသဖြင့် အမြောက်အမြား ထုတ်လုပ်စေခဲ့ရာ၊ ယခုအခါ မြင့်မြတ်သော မိသားစုများတွင် ဤဖန်သားပစ္စည်းများမှာ အဆင့်အတန်းမြင့်မားမှု၏ ပြယုဂ်အဖြစ် လက်ခံနေကြပြီ ဖြစ်ပါသည်။
သို့သော်လည်း ဝူဝမ်မြို့စား အိမ်တော်ကဲ့သို့ ဖန်သားများဖြင့် နှင်းကြည့်ဆောင်များနှင့် တည်ခင်းဧည့်ခံဆောင်များကို တသီတတန်းကြီး တည်ဆောက်ခြင်းမှာမူ အတိုင်းအထက် အလွန် ကြွယ်ဝချမ်းသာမှုကို ပြသနေခြင်း ဖြစ်သည်။
ဤဆောင်များမှနေ၍ ရေကန်ကြီးကို လှမ်းကြည့်လိုက်လျှင် ရေကန်အလယ်ရှိ ဆောင်များ တွင် ကချေသည်များ၏ ကပြဖျော်ဖြေမှုများမှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှပါ သည်။ ၎င်းမှာ မရေမတွက်နိုင်သော လူအင်အား၊ ပစ္စည်းအင်အားနှင့် ငွေကြေးအင်အားများ ကို အသုံးပြုထားခြင်းပင်။
ယခုအခါ ရာနှင့်ချီသော အကယ်ဒမီကျောင်းအုပ်များ၊ မင်းသားများ၊ မင်းသမီးများ၊ နယ်စားကြီးများနှင့် မြို့စားများမှာ ဤပြာသာဒ်ဆောင်များတွင် နေရာယူထားကြသည်။ လက်ဆောင်စာရင်းကို ဖတ်ကြားနေသော အသံမှာလည်း ပိုမိုကျယ်လောင်လာပြီး အင်အားစုတစ်ခုချင်းစီ၏ ရက်ရောမူကို ဖော်ပြနေသကဲ့သို့ ရှိသည်။
“အိမ်ရှေ့စံမင်းသား ယန်ယွမ် ကြွရောက်လာပါပြီ။ မင်းသားဟီ ကြွရောက်လာပါပြီ။ မင်းသားချန် ကြွရောက်လာပါပြီ! မင်းသားမီ ကြွရောက်လာပါပြီ။” ထိုအော်ဟစ် ကြေညာသံ လေးခုက ပွဲ၏ အခြေအနေကို အထွတ်အထိပ်သို့ ပို့ဆောင်လိုက်ပါသည်။ လူအများမှာ အိမ်ရှေ့စံမင်းသား ယန်ယွမ်၊ မင်းသားဟီနှင့် လွန်ခဲ့သော နှစ်နှစ်အတွင်း ဧကရာဇ်၏ ချီးမြှင့်မှုကြောင့် ဩဇာအာဏာကြီးထွားလာသော မင်းသားချန်နှင့် မင်းသားမီ တို့ကို မြင်တွေ့လိုက်ရသည်။ သူတို့သည် ပြာသာဒ်ဆောင်များတွင် နေရာယူလိုက်ကြ သည်။
“ဟုန်ရွှန်ကျိ... ဒီနေ့က ရှင် ကိုယ်လုပ်တော် သိမ်းပိုက်တဲ့နေ့ပဲ။ ရှင့်ရဲ့သား ပေါ်လာမှာကို မစိုးရိမ်ဘူးလား။ ဒါပေမဲ့ ရှင့်ရဲ့သားက ခုထိတော့ ပေါ်မလာသေးဘူး။ စာအုပ် တစ်အုပ် တည်းနဲ့တင် ဧည့်ခံတည်ခင်းပွဲတစ်ခုလုံးရဲ့ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်တာပဲ။ “လက်ဖဝါးတစ်ချက် လွှဲပြောင်းရုံနဲ့ မိုးတိမ်တွေကို လှန်နိုင်သလို၊ မိုးရေတွေကိုလည်း သွန် မှောက်နိုင်တယ်... သူ့ဩဇာအရှိန်အဝါကတော့ အတည်ဖြစ်သွားပြီ။ အရာအားလုံးက လည်း ယုတ္တိရှိနေတာပဲလေ။ တကယ်လို့ သူတကယ်သာ လာခဲ့ရင် ခင်ဗျား သူ့ကို ဘယ်လို ကိုင်တွယ်မလဲ?”
မြို့စားအိမ်တော်၏ လျှို့ဝှက်ခန်းမအတွင်း၌ ဟုန်ရွှန်ကျိသည် ပိုးဝတ်ရုံကို ဝတ်ဆင်ကာ ထိုင်ခုံပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အပ်စိုက်မှတ်များမှာ ပွင့်နေပြီး စကြဝဠာအတွင်းရှိ နက်နဲ့သော စွမ်းအားများကို စုပ်ယူနေသည်။ သူ၏ ရှေ့တွင်မူ ယဇ်ပုရောဟိတ်အရှင်မသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ကာ မျက်နှာကို ပုဝါနီဖြင့် အုပ်ထားလျက် ရပ်နေသည်။
“မင်းရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ။ ဒီနေ့တော့ ငါ့ကို အကုန်ပြောပြစမ်းပါ” ဟုန်ရွှန်ကျိက ယဇ်ပုရောဟိတ်အရှင်မ၏ အမေးကို မဖြေဘဲ လျှို့ဝှက်သော လေသံဖြင့် ပြောလိုက်သည်။ “ပြောင်းလဲခြင်းကျမ်းဆိုတာ မူလကတည်းက ကောင်းကင်နဲ့ မြေကြီးရဲ့ လျှို့ဝှက်ချက် တစ်မျိုးပဲ။ ဒါပေမဲ့ အဲ့ဒါကို တခြားလူတစ်ယောက်က မိုးကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ခိုးယူဖို့အတွက် အရင်ဦးအောင် ရေးသားခဲ့တာပါ။”
“ကျွန်မရဲ့နောက်ကွယ်မှာ ဘယ်သူရှိလဲ ဟုတ်လား၊ မူလဝိညာဉ် နတ်ဘုရားတောင် သေသွားပြီလေ။ တခြား ဘယ်သူ ရှိဦးမှာလဲ။ တကယ်လို့ ကျွန်မ နောက်ကွယ်မှာ တစ်စုံ တစ်ယောက်သာ ရှိနေရင် ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားတဲ့ ယဇ်ပုရောဟိတ်အရှင်မဖြစ်တဲ့ ကျွန်မက ရှင့်ကို လက်ထပ်ဖို့ ဒီလောက်ထိ နှိမ့်ချပါ့မလား။” ယဇ်ပုရောဟိတ်အရှင်မက အေးစက်စွာ ပြောလိုက်သည်။
“ဒါဆိုလည်း ထားလိုက်ပါတော့၊ မင်း မပြောရင်လည်း တစ်နေ့ကျရင် ငါ သိရမှာပါပဲ။ ဒါပေမဲ့ ငါ့ရဲ့ကျင့်ကြံမှု အဆင့်ကိုတော့ မင်းကို ပြောပြထားမယ်။ ငါဟာ ‘ထာဝရ အသက် တာအိုသစ်သီး’ ကို နားလည်သွားပြီ၊ ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ ငါ အချိန်မရွေး အဲဒီအဆင့်ကို တက်လှမ်းနိုင်တယ်။ ငါက မင်းရဲ့နောက်ကွယ်က လူထက် ပိုမြင့်ရင်မြင့်မယ်၊ မနိမ့်ပါဘူး” ဟုန်ရွှန်ကျိက အေးစက်စွာ ပြောဆိုလိုက်သည်။ ထို့နောက် သူက မတ်တတ်ရပ်ကာ “ငါနဲ့အတူ အပြင်ထွက်ကြစို့။ အိမ်ရှေ့စံမင်းသားနဲ့ မင်းသားတွေ အကုန်ရောက်လာကြပြီ။”
“ဟဲဟဲ...” ယဇ်ပုရောဟိတ်အရှင်မက လျှို့ဝှက်စွာ ရယ်မောလိုက်ပြီး ဟုန်ရွှန်ကျိ၏ နောက် မှ လိုက်ပါသွားသည်။
“ဟင်? အဲဒါ ဟုန်ရွှန်ကျိရဲ့ ကိုယ်လုပ်တော်လား။ တကယ့်ကို နက်နဲလှပါလား။”
ထိုအချိန်တွင် ဟိုင်ကျိရေကန်ဘေးရှိ ဖန်ပြာသာဒ်ဆောင်များအတွင်းရှိ လူအများမှာ ဟုန်ရွှန်ကျိနှင့် သူ၏ ကိုယ်လုပ်တော် ထွက်လာသည်ကို မြင်သောအခါ ထိတ်လန့်သွားကြ သည်။ ဤမင်းသားများနှင့် အထက်တန်းလွှာ မိသားစုကြီးများထဲတွင် မည်သူကရော အမြင်မစူးရှဘဲ နေမည်နည်း။ ယဇ်ပုရောဟိတ်အရှင်မမှာ သာမန်မဟုတ်ကြောင်း သူတို့ တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်ကြသည်။
“အားလုံးပဲ... ဒီနေ့ ကျွန်တော့်ရဲ့ ကိုယ်လုပ်တော် လက်ထပ်ပွဲကို လာရောက်ပေးကြတဲ့ အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ ဂုဏ်ပြုတဲ့အနေနဲ့ ဝိုင်အချို့ ပြင်ဆင်ထားပါ တယ်” ဟုန်ရွှန်ကျိ ထွက်လာပြီးနောက် ဟိုင်ကျိရေကန် တစ်ဝိုက်လုံးမှာ မှော်ဝင်သွားသကဲ့ သို့ ငြိမ်သက်သွားကြသည်။ ဖော်ပြ၍မရသော အရှိန်အဝါတစ်ခုမှာ လေထုအတွင်း ပျံ့နှံ့ သွားသည်။ ပြောင်းလဲခြင်းကျမ်းအကြောင်း ပြောနေကြသော သူများမှာလည်း ထိုအရှိန် အဝါအောက်တွင် စကားပြောခြင်းကို ရုတ်တရက် ရပ်တန့်သွားကြသည်။
အိမ်ရှေ့စံမင်းသား ယန်ယွမ် ရောက်ရှိနေသော်လည်း ဟုန်ရွှန်ကျိမှာ သူ့ကို အရိုသေပေးရန် မလိုပေ။ အဘယ်ကြောင့်ဆိုသော် ဟုန်ရွှန်ကျိမှာ အိမ်ရှေ့စံမင်းသား၏ ဆရာဖြစ်နေသော ကြောင့် ဖြစ်သည်။ ယင်းအစား အိမ်ရှေ့စံမင်းသားကသာ သူ့ကို အရိုသေးပေးရမည် ဖြစ်သည်။
ဤအချိန်တွင် ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်မှ ဝဲကယက်တစ်ခုကဲ့သို့သော အရှိန်အဝါများ အဆက်မပြတ် ထွက်ပေါ်နေသည်။ မည်သူမျှ စိတ်ကို တည်ငြိမ်အောင် မထားနိုင်ဘဲ မသိစိတ်ထဲတွင် ဟုန်ရွှန်ကျိကိုသာ အာရုံစိုက်နေမိကြသည်။ သူ၏ ခန့်ညားထည်ဝါမှုမှာ လူတိုင်း၏ မသိစိတ်ပေါ်သို့ တောင်ကြီးတစ်လုံး ဖိချထားသကဲ့သို့ ရှိနေလေသည်။
ဤပွဲတက်လာသူများမှာ ဟုန်ရွှန်ကျိသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသူ ဖြစ်ကြောင်း ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်သည်။
“ဟင်…၊ ဧကရာဇ်အကြံပေးဟုန်ရဲ့ ကျင့်စဉ်က ဒဏ္ဍာရီထဲကအတိုင်း ကောင်းကင်မှာ ပျံနိုင်၊ မြေကြီးထဲ ငုပ်လျှိုးနိုင်တဲ့အဆင့်၊ ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ အဆင့်ကို ရောက်နေပြီ လား မသိဘူး” ယွမ်မျိုးနွယ်၏ သမီးကြီးဖြစ်သူ ယွမ်ဇီယန်က ထိတ်လန့်စွာ ရေရွတ်လိုက်ပါ သည်။
တစ်ချိန်တည်းမှာပင် မီမင်းသား ယန်လျှဲ့နှင့် ချန်မင်းသား ယန်ချန်တို့မှာလည်း ထိတ်လန့် သွားကြသည်။
“ဟုန်ရွှန်ကျိရဲ့ ကျင့်စဉ်က တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ကြောက်စရာ ကောင်းလာတာပဲ။ သူက ငါ့ထက်တောင် အများကြီး ငါ့ထက်တောင် ပိုမြန်နေသေးတယ်။ တကယ်လို့ သူသာ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို ရောက်သွားရင် ငါက ‘ဖန်ဆင်းရှင်’ ဖြစ်လာရင် တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး” ယန်လျှဲ့က ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
ထိုအချိန်မှာပင် အပြင်ဘက်မှ နောက်ထပ် အော်ဟစ် ကြေညာသံတစ်ခု ထွက်ပေါ်လာပါ တော့သည်။
“မင်းသားယုနဲ့ ကျိုးယွိအကယ်ဒမီရဲ့ ကျောင်းအုပ် ဟုန်ယွိက လက်ဆောင် ဆက်သဖို့ ရောက်ရှိလာပါပြီ။”
ဝုန်း…
ဤကြေညာသံမှာ ရေပြင်တည်ငြိမ်နေသော ရေကန်ထဲသို့ ကျောက်တုံးကြီး တစ်လုံး ပစ်ချလိုက်သည့်အလား လူအုပ်ကြီးကို လှုပ်ခတ်သွားစေခဲ့ပါသည်။
ပွဲတက်လာသူ အားလုံးမှာ ဟုန်ယွိ ဤပွဲကို တက်ရောက်မည်လားဟု တွေးတောနေကြ ခြင်း ဖြစ်သည်။ အားလုံးက ဟုန်ယွိ၏ အရှိန်အဝါကို မြင်တွေ့လိုကြသည်။ ကျိုးယွိ အကယ်ဒမီကို တည်ထောင်ပြီးကတည်းက ပြောင်းလဲခြင်းကျမ်းမှာ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ဟုန်ယွိ၏ မျက်နှာမှာ တဖြည်းဖြည်းနှင့် လျှို့ဝှက်ဆန်းပြားလာခဲ့သည်။ ငါးနှစ်တာ ကာလအတွင်း သူသည် နန်းတွင်း စာမေးပွဲတွင် ထိပ်ဆုံးမှ အောင်မြင်ခဲ့သည်။ ဒုတိယနှစ်တွင် သူသည် သူတော်စင်ငယ် ဖြစ်လာခဲ့သည်။ တတိယနှစ်တွင် သူသည် အနောက်ဘက်ဒေသကို အောင်နိုင်ကာ စစ်နတ်ဘုရား ဖြစ်လာခဲ့သည်။ စတုတ္ထနှင့် ပဉ္စမနှစ်များတွင် သူသည် ကျိုးယွိအကယ်ဒမီကို တည်ထောင်ကာ အမြင့်မြတ်ဆုံးသော ကျမ်းစာများကို ရေးသားခဲ့သည်။ သူ၏ ကျင့်စဉ်မှာ အလယ်ခေတ်က ပညာရှင် သူတော်စင် ကြီးများ၏ အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ စကြဝဠာ အပြင်ဘက်အထိ ခရီးလှည့်လည် နိုင်သည်ဟူသော ကောလာဟလများပင် ရှိနေသည်။
ရောက်ရှိနေသူ အများအပြားမှာ အဆင့်မြင့် ပညာရှင်များ ဖြစ်ကြပြီး သူတော်စင်တစ်ပါး၏ ကျင့်စဉ်မှာ မည်သို့ရှိသည်ကို မြင်တွေ့လိုကြသည်။
ဤအချိန်တွင် မင်းသားယုနှင့် လူတစ်စု ဝင်ရောက်လာကြသည်။ မင်းသားယု၏ ရှေ့မှ လမ်းလျှောက်လာသူမှာ ဝတ်ရုံပွပွကို ဝတ်ဆင်ထားသော ဟုန်ယွိပင် ဖြစ်သည်။ ဟုန်ယွိ ဝင်လာသောအခါ နူးညံ့ပြီး မြင့်မြတ်သော အရှိန်အဝါတစ်ခုမှာ ပျံ့နှံ့သွားခဲ့သည်။ လူတိုင်း မှာ သူတို့၏ မသိစိတ်ထဲတွင် ပညာရှင် သူတော်စင်တစ်ရာ၏ ကျမ်းစာရွတ်ဆိုသံများကို ကြားယောင်နေရသကဲ့သို့ ရှိနေလေသည်။ ဟုန်ရွှန်ကျိ၏ အရှိန်အဝါအောက်တွင် ဖိနှိပ်ခံ ထားရသော သူတို့၏ စိတ်ဝိညာဉ်များမှာလည်း ရုတ်တရက် လန်းဆန်းတက်ကြွလာပြီး ဉာဏ်အလင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။
“နောက်ဆုံးတော့ ငါ... ဝူဝမ်မြို့စား အိမ်တော်ကို တကျော့ပြန် ပြန်ရောက်လာခဲ့ပြီပေါ့...”
မြို့စားအိမ်တော်အတွင်းသို့ ခြေချလိုက်သည့် အခိုက်အတန့်မှာပင် ဟုန်ယွိက စိတ်ထဲမှ ရေရွတ်လိုက်လေသည်။
စာစဉ် (၆၂) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။