အခန်း ၃၀၁
Vol. 31 Ch. 301
အခန်း (၃၀၁)
ခင်ဗျားတို့ ဘာတွေများ လိုအပ်နေသေးလို့လဲ။
စီးပွားရေးအမှုဆောင်များသည် အဓိက အစုရှယ်ယာရှင်ကြီးများနှင့် ပြဿနာတက်သူများ၏ နောက်ဆုံးကံကြမ္မာ မည်သို့ဖြစ်သွားတတ်သည်ကို မသိသူများ မဟုတ်ကြပေ။
ထိုသို့ သိထားကြသောကြောင့်ပင် ယခုအချိန်၌ သူတို့မှာ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေကြပြီး သူတို့ ခိုးယူထားသော ငွေများကို ကုမ္ပဏီသို့ ပြန်လည်ပေးအပ်ကာ အပြစ်ကြေအေးခွင့် တောင်းချင်နေကြခြင်းပင် ဖြစ်ချေသည်။
သို့သော်လည်း လေးကြိုးမှ လွတ်သွားသော မြားတစ်စင်းသည် နောက်ကြောင်းပြန်လှည့်၍ မရနိုင်သကဲ့သို့ ဖိတ်ကျသွားသော ရေကိုလည်း ပြန်ဆယ်၍ မရနိုင်တော့ပေ။ ဤလောကတွင် နောင်တရခြင်းအတွက် ကုစား နိုင်မည့် ဆေးဟူ၍ မရှိပါချေ။
လျန်ထျန်းသည် ခါးညွတ်ကာ အမှားဝန်ခံနေသော စီးပွားရေးအမှုဆောင်ကို စိုက်ကြည့်ရင်း အေးစက်သော လေသံဖြင့် ပြောလိုက်လေသည်။
"ခင်ဗျားတို့ ဝါးမြိုထားတဲ့ ငွေတွေကို ပြန်အန်ထုတ်ရမှာကတော့ သေချာပေါက်ပဲ ဒါပေမဲ့ အဲ့ဒါက ခင်ဗျားတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက်တော့ အစားထိုးလို့ ရမှာမဟုတ်ဘူး...။”
"ဒီလို လုပ်ရပ်မျိုးက စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုကို ကျူးလွန်တာပဲ…။ ကျွန်တော် ရဲဌာနကို အကြောင်းစုံ ရှင်းပြပြီး ခင်ဗျားတို့ ထောင်ဒဏ် ဘယ်နှနှစ်လောက် ကျမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့...။”
"ဒါ့အပြင် စီးပွားရေးလောကမှာလည်း ခင်ဗျားတို့ကို စံပြအဆိုးမြင် ဥပမာအနေနဲ့ သတ်မှတ်ထားမှာမို့ ထောင်က လွတ်လာရင်တောင် ဘယ်ကုမ္ပဏီ ဘယ်လုပ်ငန်းကမှ ခင်ဗျားတို့ကို အလုပ်ခန့်ရဲမှာ မဟုတ်တော့ဘူး...။”
"နောက်ဆုံးအနေနဲ့ ကုမ္ပဏီကို နစ်နာစေခဲ့တဲ့ ဆုံးရှုံးမှုတွေအတွက်ပါ သူတို့က ဆက်လက်ပြီးတော့ တရားစွဲဆိုကြ လိမ့်မယ်…၊ ခင်ဗျားတို့ပိုင်ဆိုင်တဲ့ အိမ်တွေ ကားတွေနဲ့ ပိုင်ဆိုင်မှုအားလုံးကို ရောင်းချခိုင်းရင်တောင် ပေးဆပ်ဖို့ လုံလောက်မှာ မဟုတ်ဘူး…။ ကျန်နေတဲ့ အကြွေးတွေအတွက်တော့ ထောင်ဒဏ် ထပ်တိုးခံရမှာပဲ...။”
ထိုစကားကို ကြားသောအခါ စီးပွားရေးအမှုဆောင်မှာ အလွန်အမင်း ထိတ်လန့်သွားပြီး ခြေထောက်များပင် ခွေယိုင်သွားကာ ချက်ချင်း ဒူးထောက်ကျသွားလေသည်။
သို့သော် သူသည် အချိန်ကြာမြင့်စွာ ဒူးထောက်မနေရဲပေ။ နောက်တစ်စက္ကန့်တွင် လျန်ထျန်း၏ ခြေရင်းသို့ အမြန် ပြေးသွားကာ ခြေထောက်ကို ဖက်၍ တောင်းပန်လေတော့သည်။
"အဓိက အစုရှယ်ယာရှင်ကြီးခင်ဗျာ…၊ လူကြီးမင်းက အဆင့်အတန်းမြင့်မားပြီး အရေးပါတဲ့သူ တစ်ယောက် ပါ...။”
"အကျင့်ပျက်ခြစားမှု နှိမ်နင်းရေးဌာနနဲ့ ရဲဌာနတို့မှာ အဆက်အသွယ်တွေရှိပြီး စီးပွားရေးလုပ်ငန်းရှင်များအသင်း ရဲ့ အဓိက အသိုင်းအဝိုင်းမှာလည်း ဩဇာတိက္ကမကြီးမားသူ ဖြစ်တဲ့အတွက် လူကြီးမင်းမှာ ဒီလိုမျိုး ဩဇာလွှမ်းမိုး နိုင်စွမ်းနဲ့ လုပ်ပိုင်ခွင့်တွေ ရှိတယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်...။”
"ကျွန်တော့်ရဲ့ ရိုင်းစိုင်းမှုကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်ခင်ဗျာ…။ ကျွန်တော့် မိသားစုကို တော့ ဒုက္ခမရောက်ပါရစေနဲ့ လူကြီးမင်းသာ တကယ်ကြီး အဲ့ဒီလို လုပ်လိုက်မယ်ဆိုရင် ကျွန်တော့် မိသားစုတစ်စု လုံး သေချာပေါက် ပျက်စီးသွားပါလိမ့်မယ်...။”
သို့သော်လည်း အမှုဆောင်၏ သနားစဖွယ် တောင်းပန်စကားများကို လျန်ထျန်းက ရက်စက်စွာ တွန်းဖယ်ပစ် လိုက်ပြီး အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
"ခင်ဗျားမှာ မိသားစုရှိသလို ဒီအစားအသောက်ပို့ဆောင်သူတွေမှာရော မိသားစု မရှိကြဘူးလား...။”
"သူတို့ထဲက ဘယ်သူကများ မိသားစုကို မထောက်ပံ့ချင်ဘဲ အပြင်ထွက် အလုပ်လုပ်နေကြလို့လဲ...။”
"ခင်ဗျားက သူတို့ထက် အများကြီး ပိုပြီး ပြည့်စုံနေတာကို ဘာဖြစ်လို့ သူတို့ရဲ့ သွေးကို စုပ်ယူချင်နေရသေး တာလဲ...။”
"ကျွန်တော် အရင်က ပြောခဲ့သလိုပဲ ခင်ဗျားတို့ အမှုဆောင်တွေကို ဘယ်တုန်းကများ မတရား ဆက်ဆံခဲ့ဖူးလို့ လဲ…။ ကျွန်တော်က ခင်ဗျားတို့ကို အိမ်တွေ ကားတွေ တစ်နှစ်ကို ယွမ်တစ်သန်း လစာတွေနဲ့ နှစ်ကုန်ဆုကြေး တွေပါ ပေးထားတာပဲလေ...။”
"ပြောစမ်းပါဦး ခင်ဗျားတို့ ဘာတွေများ လိုအပ်နေသေးလို့လဲ ခင်ဗျားတို့က အခြေခံလူတန်းစားတွေရဲ့ သွေးသား ကို စားသုံးဖို့ အရူးအမူး ဖြစ်နေရလောက်အောင် လိုအပ်ချက်တွေ များနေတယ်ဆိုရင်တော့ ခင်ဗျားတို့မှာ ကိုယ်ကျင့်တရားဆိုတာ လုံးဝ မရှိတော့ဘူးလို့ပဲ ကျွန်တော် ထင်တယ်...။”
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လျန်ထျန်းသည် စိတ်ကို တည်ငြိမ်အောင်ထားကာ ဆက်ပြောလေသည်။
"ကျွန်တော် ထပ်ပြီး ရှင်းပြချင်တာ တစ်ခုရှိသေးတယ် အဲ့ဒါကတော့ ခင်ဗျားတို့ကို လက်စားချေဖို့အတွက် အဆက်အသွယ်တွေ ဒါမှမဟုတ် တခြားနည်းလမ်းတွေကို သုံးဖို့ ကြိုးစားနေတာ မဟုတ်ဘူးဆိုတာပဲ...။”
"အဲ့ဒီအစား ကျွန်တော် လုပ်သမျှ အရာအားလုံးက မျှတမှု တရားမျှတမှုနဲ့ ဥပဒေနဲ့အညီ လုပ်ဆောင်နေတာပဲ ဖြစ်တယ်...။”
"ဥပဒေဆိုတာ ကိုယ်ကျင့်တရားရဲ့ နောက်ဆုံး စည်းမျဉ်းတစ်ခုပဲ…၊ ခင်ဗျားတို့က အဲ့ဒီစည်းကို ကျော်လွန်သွားခဲ့ ပြီးပြီကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်နေသေးတာလား...။”
"ခင်ဗျားတို့ကို ခွင့်လွှတ်ဖို့အတွက် ကျွန်တော်က ဘယ်သူ့ကိုယ်စား ပြောပေးရမလဲ…၊ ကျွန်တော်သာ တကယ် ခွင့်လွှတ်ပေးလိုက်ရင် တခြားသူတွေအတွက် တရားမျှတပါ့မလား…၊ ပြီးတော့ ခင်ဗျားရဲ့ မိသားစုကို အပြစ် မပေးသင့်ဘူးဆိုတဲ့ စကားက ပိုပြီးတော့တောင် ယုတ္တိမတန်သေးတယ်...။”
"ဒီကိစ္စက ခင်ဗျား ဖမ်းဆီးခံရပြီး ပိုင်ဆိုင်မှုတွေ အားလုံးကို သိမ်းဆည်းခံရရုံပဲ ရှိလိမ့်မယ်…။ ခင်ဗျားရဲ့ မိသားစု ကတော့ ခင်ဗျား ယူဆောင်လာပေးတဲ့ စည်းစိမ်တွေကို ဆက်ပြီး ခံစားနိုင်တော့မှာ မဟုတ်ဘူး...။”
"ယခုအချိန်ကစပြီး သူတို့လည်း သာမန်လူတွေလို ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး ရပ်တည်သွားရုံပဲ အသက်မွေး ဝမ်းကျောင်းပြုဖို့ နည်းလမ်းမရှိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဘာမှ လုပ်စရာမရှိရင်တောင် အစားအ သောက် ပို့ဆောင်ရေး အလုပ်ကို လုပ်လို့ရတာပဲ...။”
"ဒါမှမဟုတ် ခင်ဗျားက သူတို့ကို အရမ်း အလိုလိုက်ထားလို့ ကိုယ်တိုင် ရပ်တည်နိုင်စွမ်းတွေ ပျောက်ဆုံးသွားပြီး ခင်ဗျားမရှိရင် အသက်မရှင်နိုင်တော့ဘူးလို့ ပြောချင်နေတာလား…၊ စိတ်မပူပါနဲ့ လူတွေရဲ့ အသက်ရှင်သန်ချင်တဲ့ စိတ်ဆန္ဒက အရမ်းကို ပြင်းထန်ပါတယ်...။”
"ခင်ဗျား မရှိတော့ရင် သူတို့အနေနဲ့ နာကျင်မှု ခက်ခဲမှုနဲ့ အသားကျဖို့ အချိန်တစ်ခုတော့ ယူရလိမ့်မယ်…၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ မရေမတွက်နိုင်တဲ့ သာမန်လူတွေလိုပဲ ကောင်းကောင်းမွန်မွန် နေထိုင်သွားနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်...။”
ဤသို့ဖြင့် အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီ၏ အဆင့်မြင့် စီမံခန့်ခွဲမှု အဖွဲ့အတွင်းမှ အကျင့်ပျက် ဝန်ထမ်း နှစ်ဦးကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့လေသည်။
ထို့နောက် ချက်ချင်းပင် လျန်ထျန်းသည် အယ်လာမာ အက်ပ်မှ ပို့ဆောင်သူများအတွက် မတော်တဆမှု အာမခံ ကို အပြီးတိုင် ဖယ်ရှားရန် အမိန့်ပေးလိုက်လေသည်။
နောက်တစ်နေ့တွင် အာမခံကုမ္ပဏီမှာ အလွန်အမင်း စိုးရိမ်ပူပန်သွားကြလေတော့သည်။
မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်ဝန်းတွင် သန်းနှင့်ချီသော ပို့ဆောင်သူများ ရှိနေသဖြင့် ဤ မတော်တဆမှု အာမခံ တစ်ခုတည်းကပင် ၎င်းတို့၏ အာမခံကုမ္ပဏီများအတွက် နေ့စဉ် ဝင်ငွေ ယွမ်ဆယ်သန်းကျော် ရရှိစေနိုင်ပေ သည်။
ထို့ကြောင့် အာမခံကုမ္ပဏီ၏ အစုရှယ်ယာရှင်များ အမြင်တွင် အယ်လာမာမှ ၎င်းတို့၏ ပို့ဆောင်သူ မတော်တဆ မှု အာမခံကို ဖယ်ရှားလိုက်ခြင်းမှာ ၎င်းတို့အား နေ့စဉ် ယွမ်ဆယ်သန်းကျော်၊ တစ်လလျှင် ယွမ်တစ်ဘီလီယံနီးပါး နှင့် တစ်နှစ်လျှင် ယွမ်ဘီလီယံရာပေါင်းများစွာ ဆုံးရှုံးစေခြင်းနှင့် အတူတူပင် ဖြစ်နေလေသည်။
သူတို့သည် အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီနှင့် ဆွေးနွေးရန် လူတစ်ဦးကို ချက်ချင်း စေလွှတ်လိုက်လေ သည်။ လျန်ထျန်းသည် သူဌေးဝမ်ကို ရှေ့ထွက်စေခဲ့ပြီး သူကိုယ်တိုင်ကမူ အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုမှ ဖယ်ရှားရသည့် အကြောင်းရင်းနှင့် နောက်ကွယ်ရှိ ဇာတ်ကြောင်းတစ်ခုလုံးကို ဘလူးတုသ် နားကြပ်မှတစ်ဆင့် ရှင်းပြနေခဲ့လေသည်။
ရလဒ်အနေဖြင့် အာမခံကုမ္ပဏီ ကိုယ်စားလှယ်သည် ထိုအကြောင်းများကို ကြားသိရသောအခါ သူတို့ မှားယွင်း သည်ဟု မထင်သည့်အပြင် ဤသို့ ငြင်းခုံလာလေတော့သည်။
"ကျွန်တော်တို့က ဒီ စည်းကမ်းချက်တွေနဲ့ သတ်မှတ်ချက်တွေကနေ ပိုက်ဆံရှာနေကြတာလေ…။ အဲ့ဒီလိုမှ မဟုတ်ဘဲ အာမခံထားသူတိုင်း မတော်တဆမှု ဖြစ်တိုင်း လျော်ပေးနေရရင် ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး ပိုက်ဆံရနိုင်တော့မှာလဲ...။”
"ဒါ့အပြင် ပြဿနာဖြစ်ဖူးတဲ့သူက လူနည်းစုလေးပါပဲ…၊ သူတို့အများစုက ကျောထောက်နောက်ခံ မရှိတဲ့ သာမန် လူတွေချည်းပါပဲ…။ ဖိနှိပ်ထားလိုက်ရုံနဲ့ ကြီးမားတဲ့ ပြဿနာတွေ ရှိလာမှာ မဟုတ်ပါဘူး...။”
"ခင်ဗျားက တကယ်ပဲ အဲ့ဒီလောက်တောင် မြင့်မြတ်နေတာလား…၊ ပိုက်ဆံရှာဖို့ ရည်ရွယ်ချက် မရှိဘဲနဲ့များ အလုပ်တစ်ခုကို လုပ်မှာတဲ့လား...။”
"နောက်ဆုံးမှာတော့ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ပြီဆိုရင် ကျွန်တော်တို့လည်း ပိုက်ဆံရမယ်၊ ခင်ဗျားတို့လည်း ပိုက်ဆံရမယ်ဆိုရင် လုံလောက်နေပြီပဲလေ တခြားသူတွေအတွက် ဘာဖြစ်လို့ ခေါင်းရှုပ်ခံနေရမှာလဲ...။”
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ ပို၍ ဒေါသထွက်သွားကာ ဘလူးတုသ် နားကြပ်ကို အသုံးပြု၍ သူဌေးဝမ်အား သူ၏ ကိုယ်စား ပြောဆိုခိုင်းလိုက်လေသည်။
"ဒါဆိုရင် ခင်ဗျားတို့ စီးပွားရေးလုပ်တဲ့ ပုံစံက ဒီလိုမျိုးပေါ့…၊ ဟုတ်လား…။ ကောင်းပြီလေ...။”
"ဒါဆိုရင် ကျွန်တော်က ခင်ဗျားတို့ရဲ့ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ရုံတင် မကဘူး…၊ ခင်ဗျားတို့ ယူထား သမျှ အရာအားလုံးကို ပြန်အန်ထုတ်လာအောင် လုပ်ပြမယ်...။”
အစည်းအဝေးမှာ မပျော်ရွှင်ဖွယ်ကောင်းစွာ ပြီးဆုံးသွားခဲ့ပြီး အာမခံကုမ္ပဏီ ကိုယ်စားလှယ်သည် မထွက်ခွာမီ ကြမ်းတမ်းသော စကားအချို့ကို ပြောဆိုသွားခဲ့လေသည်။
"ခင်ဗျားတို့က ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ချိုးဖောက်ခဲ့တဲ့အတွက် ကျွန်တော်တို့ ခင်ဗျားတို့ကို တရားစွဲမယ်...။”
ထိုအချိန်မှာပင် လျန်ထျန်း ယခင်က တိုင်ကြားထားခဲ့သော တရားစွဲဆိုမှုနှင့် ပတ်သက်သည့် သတင်းများ ပြန် လည် ရောက်ရှိလာခဲ့လေသည်။
ဒေသခံ လူမိုက်ဂိုဏ်းဖြစ်သော ထိုက်မိသားစုနှင့် ဖြေရှင်းနေရစဉ်က လျန်ထျန်းသည် ယွမ်တစ်ထောင် အသုံးပြု ကာ ဥပဒေအကျိုးဆောင်ကုမ္ပဏီ တစ်ခုကို ဝယ်ယူခဲ့လေသည်။
သူကိုင်တွယ်သော အမှုများတွင် အောင်မြင်မှုရာခိုင်နှုန်း ကိုးဆယ်ကျော်ရှိသည့် ရှေ့နေဝုမ် အမည်ရသော အလွန် ထက်မြက်သည့် ရှေ့နေတစ်ဦး ရှိလေသည်။
ဤအောင်မြင်မှုမှာ အမျိုးသား ဥပဒေလောကအတွင်း၌ပင် အမှန်တကယ် မှတ်သားလောက်ဖွယ် ကောင်းလှပေ သည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင်လည်း အခြားသော ကျွမ်းကျင်ပညာရှင်များစွာ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ရှေ့နေဝုမ် ကပင် ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။
တစ်ရက်တည်းအတွင်း နိုင်ငံတစ်ဝန်းရှိ မတော်တဆမှု အာမခံ ဝယ်ယူထားသော်လည်း မတော်တဆမှု ဖြစ်ပွား ပြီးနောက် လျော်ကြေးငွေ ငြင်းပယ်ခံရသည့် ပို့ဆောင်သူများ၏ အမှုအခင်းစာရင်း အားလုံးကို ပြုစုခဲ့ပြီး ၎င်းတို့ အားလုံးအတွက် တရားစွဲဆိုလိုက်လေသည်။
လျန်ထျန်းသည် ဤ မတော်တဆမှု အာမခံကြောင့် လိမ်လည်ခံရမလို ဖြစ်ခဲ့ရသည့် အစားအသောက် ပို့ဆောင် သူများ အားလုံးကို ကျေးဇူးတင်စကား ပြောကြားခဲ့လေသည်။
"ဘယ်လောက်ပဲ ကုန်ကျပါစေ ဒီအမှုကို အဆုံးတိုင်အောင် ကျွန်တော် တိုက်ပွဲဝင်သွားမယ်...။”
သန်းနှင့်ချီသော ပို့ဆောင်သူ ယာဉ်မောင်းများက တစ်ရက်လျှင် သုံးပြားမျှ ပေးရခြင်းကဲ့သို့သော အသေးအဖွဲ ကိစ္စလေးအတွက် ဤသို့ လုပ်ဆောင်ခြင်းမှာ မတန်ဟု ခံစားရလျှင်ပင် သူက ဂရုမစိုက်ပေ။
"တစ်ရက်ကို သုံးပြားပဲ ဖြစ်နေပါစေ အဲ့ဒါက ခင်ဗျားတို့ရဲ့ အခွင့်အရေးပဲ…။ ခင်ဗျားတို့ရဲ့ အခွင့်အရေး ချိုး ဖောက်ခံရတယ်ဆိုရင် တရားမျှတမှုကို ရှာဖွေရမှာပဲ...။”
"ခင်ဗျားတို့ဆီကနေ နေ့စဉ် ငွေအနည်းငယ်စီ ယူတာက အသေးအဖွဲလေးလို့ သူတို့ကို ဘယ်တော့မှ ထင်ခွင့်မပေး ရဘူး…၊ သူတို့က အဲ့ဒီလိုနည်းနဲ့ ချမ်းသာသွားနိုင်ပြီး နောက်ပိုင်းကျရင် ပိုပြီးတော့တောင် တောင်းဆိုမှုတွေ များ လာလိမ့်မယ်...။”
"စဉ်းစားကြည့်ပါ…။ သူတို့ အစီအစဉ်ဆွဲထားတာက ခင်ဗျားတို့ တစ်ယောက်ချင်းစီဆီကနေ တစ်ရက်ကို တစ်ပြားစီ ယူမယ်ဆိုရင် သူတို့အတွက် သန်းဆယ်နဲ့ချီပြီး ရနိုင်တယ်…။ ဒီခေတ်မှာ တစ်ပြားက ဘာမှ သိပ် မလုပ်နိုင်သလို ခင်ဗျားတို့ရဲ့ ဘဝကိုလည်း ထိခိုက်စေမှာ မဟုတ်ဘူးလေ...။”
"ဒါပေမဲ့ ဒီလိုမျိုး အရင်းအနှီးတွေနဲ့ ဒီလို အတွေးအခေါ်မျိုး ရှိနေတဲ့သူ အယောက်တစ်ရာ၊ တစ်ထောင် ဒါမှမ ဟုတ် တစ်သောင်းလောက် ရှိလာခဲ့ရင်ရော ဘယ်လိုလုပ်မလဲ…။ သူတို့အားလုံးက ဒေါသကို မြိုသိပ်ပြီး အမြတ် ထုတ်ခံနေကြမှာလား ဘယ်လို အကြောင်းပြချက်နဲ့များ အဲ့ဒီလို အမြတ်ထုတ်ခံနေရမှာလဲ...။”
"အမြတ်ထုတ် မခံချင်တော့တဲ့ သူတွေအားလုံး လာပြီး သက်သေလုပ်ပေးကြပါ…။ ဆန့်ကျင်တွန်းလှန်မှသာ ကျွန်တော်တို့ရဲ့ တရားဝင် အခွင့်အရေးတွေကို ကာကွယ်နိုင်မှာပါ...။”