အခန်း ၃၀၅
Vol. 31 Ch. 305
အခန်း (၃၀၅)
အမှားကို ဝန်ခံပြီး ပြင်ဆင်ခြင်းက ချီးကျူးထိုက်ပေသည်
ကြွက်ကို ဘဲဟု ခေါ်ဆိုသော ဖြစ်ရပ်က အများပြည်သူ၏ ယုံကြည်မှု ပြိုလဲသွားခြင်းကို ဖော်ပြနေပေသည် ။
တစ်ချိန်က လူများသည် ကျွမ်းကျင်ပညာရှင်များကို ယုံကြည်ရန် ရပ်တန့်သွားကြပြီး သူတို့ကို ဟာသလုပ် နောက်ပြောင်ခဲ့ကြလေသည် ။
တစ်ချိန်က လူများသည် အာဏာပိုင်များကို မယုံကြည်တော့ဘဲ အာဏာဆိုသည်မှာ မျက်လှည့်ပြခြင်း တစ်ခုသာ ဖြစ်သည်ဟုပင် ခံစားခဲ့ကြရလေသည် ။
မည်သည့်အရာမျှ အကြောင်းပြချက် မရှိဘဲ ဖြစ်မလာနိုင်ပေ ။ အကယ်၍ မယုံကြည်ပါက အင်တာနက်အသုံးပြု သူ များက ၎င်း၏ တရားဝင် ဝဘ်ဆိုဒ်တွင် ဒေါသတကြီး မှတ်ချက်များ ရေးသားခဲ့ကြချိန်၌ ကျောင်းက မည်သို့ တုံ့ပြန်ခဲ့သည်ကိုသာ ကြည့်လိုက်ပါ ။
ကျောင်း၏ မီဒီယာဌာနသစ်သည် အများပြည်သူ၏ ထင်မြင်ယူဆချက်များကို ထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေ ဖြင့် ကျောင်းသားများကို ပေါ်တင်ပင် စည်းရုံးလှုံ့ဆော်ခဲ့ကြလေသည် ။
ကျောင်း၏ မီဒီယာဗဟိုဌာနသစ် ညွှန်ကြားရေးမှူးက အုပ်စုဖွဲ့ စကားပြောရာတွင် မျက်နှာပြောင်တိုက်စွာဖြင့် ပို့စ်တင်ခဲ့လေသည် ။
ကျောင်း၏ တရားဝင် ဝေ့ပေါ် အကောင့်က ယခုအခါ ထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်လိုက်ပြီ ဖြစ်ရာ ကျောင်းအတွက် အကျိုးရှိစေမည့် မည်သည့်အရာကိုမဆို တက်ကြွစွာ နှစ်သက်ကြောင်း ပြသပေးရန်နှင့် မှတ်ချက်ပေးကြရန် လူတိုင်းကို တောင်းဆိုထားပေသည် ။
မှတ်ချက်များတွင် ကိုယ်ပိုင် အီမိုဂျီများ ထည့်သွင်းခြင်းက ၎င်းတို့ကို ပို၍ အသက်ဝင်စေခဲ့ပေသည်။ အဖွဲ့ဝင် အားလုံး အောက်ပါ မှတ်ချက်များကို နမူနာအဖြစ် ကြည့်ရှုပါ...၊
[ပုံတစ်ပုံတည်းကို အခြေခံပြီး အကဲဖြတ်ခြင်းက ယုံကြည်စိတ်ချရပုံ မပေါ်ဘူး...။]
[ဒါက တကယ်ကို ဒေါသထွက်စရာပဲ သူတို့က ပုံတစ်ပုံတည်းနဲ့ စတင်ပြီး ကျန်တာတွေ အားလုံးကို လုပ်ကြံ ဖန်တီးနေကြတာ...။]
[ငါ သိသားပဲ ဘယ်လောက်ပဲ ညစ်ပတ်နေပါစေ အစားအသောက်ထဲမှာ ကြွက်ခေါင်းကိုတော့ တွေ့ရမှာ မဟုတ် ဘူး...။]
[ရိုးရိုးသားသား ပြောရရင် မြင်မြင်ချင်းတော့ ကြွက်ခေါင်းနဲ့ တူတယ် ဒါပေမဲ့ ထုတ်ပြန်ချက်ကို ဖတ်ပြီးနောက်မှာ ကြည့်လေလေ ဘဲလည်ပင်းနဲ့ ပိုတူလေလေပဲ...။]
အစပိုင်းတွင် အချို့သော ကျောင်းသားများသည် အွန်လိုင်း လူမိုက်များ အဖြစ် သရုပ်ဆောင်ကာ ကျောင်း၏ ညွှန်ကြားချက်များကို လိုက်နာ၍ မှတ်ချက်ပေးခဲ့ကြလေသည် ။
ကျောင်းအတွက် လုံးဝ အံ့အားသင့်စရာ ကောင်းသည်မှာ ဇာတ်ကြောင်းကို ထိန်းချုပ်ရန် အသုံးပြုသော စာသား များသည် လျင်မြန်စွာပင် ဖော်ထုတ်ခံလိုက်ရပြီး အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားခဲ့လေသည် ။
ထို့ကြောင့် ယခု သွားရောက် ကြည့်ရှုသောအခါ မည်သည့် မှတ်ချက်ကိုမျှ မတွေ့ရတော့ပေ ။
ယခုအချိန်မှ အခြေအနေကို ငြိမ်သက်သွားစေရန် ကြိုးစားနေခြင်းက အသုံးဝင်ပါသေးသလား ။
အချို့မှာ အတော်လေး ရက်စက်တတ်သော အင်တာနက်အသုံးပြုသူ များ၏ သည်းခံနိုင်စွမ်းကို ထပ်ခါတလဲလဲ စိန်ခေါ်မိပြီးနောက် ကျောင်း၏ သတင်းအချက်အလက်များကို ပိုမို နက်ရှိုင်းစွာ တူးဆွလာကြတော့သည် ။
ရလဒ်အနေဖြင့် သူတို့သည် သတင်းအချက်အလက် အတော်များများကို အမှန်တကယ်ပင် ရှာဖွေဖော်ထုတ်နိုင်ခဲ့ ကြလေသည် ။ ဥပမာအားဖြင့် ဆိုရသော် လွန်ခဲ့သော နှစ်အနည်းငယ်က ကျောင်း၏ ဒုတိယကျောင်းအုပ်သည် မိန်းကလေးများ၏ စကတ်အောက်ကို ခိုးရိုက်နေကြောင်း တစ်စုံတစ်ယောက်က ဖော်ထုတ်ခဲ့ဖူးလေသည် ။
လွန်ခဲ့သော နှစ်အနည်းငယ်ကလည်း ကန်တင်းထဲသို့ ကြွက်များ ဝင်ရောက်သည့် ဖြစ်ရပ်တစ်ခု ရှိခဲ့ဖူးပေသည် ။
သို့သော် ဤဖြစ်ရပ်များထဲမှ မည်သည့်အရာကမျှ ကြီးကျယ်သွားပုံ မရပေ ။ ၎င်းတို့ အားလုံးသည် အင်တာနက် ပေါ်မှ အရိပ်အယောင်မကျန် ပျောက်ကွယ်သွားခဲ့ပြီး ထပ်မံ ကြားသိရခြင်း မရှိတော့ပေ ။
ဤအရာက ဤကျောင်း၏ နောက်ကွယ်ရှိ အင်အား ကို မလွဲမသွေ သတိရသွားစေခဲ့လေသည် ။
တကယ်တော့ ၎င်းသည် ဘဲလည်ပင်းပဲ ဖြစ်စေ ကြွက်ခေါင်းပဲ ဖြစ်စေ ၎င်းကို အကဲဖြတ်ပြီး လက်မှတ်တစ်ခု ရယူလိုက်ရုံဖြင့် အရာအားလုံး ရှင်းလင်းသွားမည်သာ ဖြစ်သည် ။
သို့သော်လည်း ကျောင်း၏ မသင်္ကာဖွယ် လုပ်ရပ်အချို့က အခြေအနေကို ပိုမို ပြင်းထန်လာစေခဲ့ပြီး မဖြစ်ပေါ် သင့်သော အဆင့်အထိပင် ရောက်ရှိသွားစေခဲ့လေသည် ။
နောက်ဆုံးတွင် မယုံနိုင်လောက်အောင် ဒေါသထွက်ဖွယ် ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့လေသည် ။
ထိုကောင်လေးသည် ရုတ်တရက် ရှေ့ထွက်လာကာ သူတွေ့ရှိခဲ့သော ဘဲလည်ပင်း မှာ ကျောင်း ကန်တင်းမှ မဟုတ်ကြောင်း ရှင်းလင်း ပြောကြားခဲ့လေသည် ။
ထိုနေ့က သူသည် ဘဲကင် အစားအသောက် ကို မှာယူခဲ့ပြီး ကန်တင်းရှိ သူ၏ ထမင်းနှင့်အတူ စားသောက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုလေသည် ။ ထို့နောက် သတိမထားမိဘဲ ဘဲလည်ပင်း အတုံးသေးသေးလေး တစ်တုံး သူ၏ အစားအစာထဲသို့ မတော်တဆ ပြုတ်ကျသွားခဲ့ခြင်းကြောင့် ဤကဲ့သို့ နားလည်မှုလွဲမှားခြင်း ဖြစ်ပေါ်ခဲ့ရသည်ဟု ပြောခဲ့လေသည် ။
ထို့ကြောင့် ၎င်းသည် ဘဲလည်ပင်းပဲ ဖြစ်ဖြစ် ကြွက်ခေါင်းပဲ ဖြစ်ဖြစ် ကျောင်းနှင့် ဘာမှ မသက်ဆိုင်ကြောင်း ပြောခဲ့လေသည် ။
တကယ်ကို အံ့သြစရာပင် ဖြစ်ပေသည် ။
ဤသည်မှာ ပြင်ပမှ မှာယူသော အစားအသောက်များအပေါ် ရှင်းပြ၍မရအောင် အပြစ်ဖို့လိုက်ခြင်းပင် ဖြစ်သည် ။
ထို့နောက် ကျောင်းသည် ထုတ်ပြန်ချက် အမျိုးမျိုးကို ထုတ်ပြန်ခဲ့ပြီး အွန်လိုင်းပေါ်မှ အချက်အလက် အချို့ကို ရှာဖွေကာ ပြင်ပ အစားအသောက်များ မည်မျှ ညစ်ပတ်ပြီး သန့်ရှင်းမှု မရှိကြောင်း ဥပမာများကို ကိုးကားပြသခဲ့ လေသည် ။
အပြစ်ဖို့သည့် ဤနည်းဗျူဟာသည် ယခင်ကထက် အနည်းငယ် ပို၍ ဆန်းပြားသည်ဟု ဆိုရပေမည် ။
မည်သို့ပင်ဆိုစေကာမူ လူများသည် သူတို့၏ ပြင်ပမှ မှာယူသော အစားအစာများတွင် ပြင်ပ အရာဝတ္ထုများကို တွေ့ရှိရခြင်းမှာ အဆန်းတကြယ် မဟုတ်ဘဲ ၎င်းကို ကြုံတွေ့ဖူးသူများအဖို့ ကိုယ်ချင်းစာနိုင်စေလေသည် ။
ထို့အပြင် ဟန်းဂရီးအုပ်စု သည် မကြာသေးမီက အာရုံစိုက်မှု များစွာ ရရှိနေခဲ့ပြီး ရင်းနှီးမြှုပ်နှံသူ များစွာသည် မည်သို့ ဖြစ်လာမည်ကို စောင့်ကြည့်ရန် စိတ်အားထက်သန်နေကြလေသည် ။
ရလဒ်အနေဖြင့် အခြားသော ငွေကြေးအရင်းအနှီးများ၏ အကူအညီဖြင့် လျန်ထျန်း ၏ အယ်လာမာ အစား အသောက် ပို့ဆောင်ရေး ကုမ္ပဏီသည် ရုတ်တရက် အများပြည်သူ၏ အာရုံစိုက်မှုကို ခံလိုက်ရလေသည် ။
အရာတစ်ခုကို ဖုံးကွယ်လိုပါက ပို၍ ကြီးမားသော အရာတစ်ခုကို ဖန်တီးရမည်ဆိုသော စကားတစ်ခွန်း ရှိပြီး ၎င်းမှာ လုံးဝကို မှန်ကန်လှပေသည် ။
အယ်လာမာ သည် လူမှုကွန်ရက် မီဒီယာများတွင် မကြာခဏ ရေပန်းစားလာပြီးနောက် ကျောင်း၏ နာမည်ကြီးမှု မှာ တဖြည်းဖြည်း လျော့ကျသွားခဲ့လေသည် ။
ဇာတ်လမ်းတစ်ခုလုံးကို သိရှိပြီးနောက် လျန်ထျန်း မှာ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ရီနေခဲ့လေသည် ။
"အပြစ်တွေကို အရှေ့ဘက်ကို လွှဲချပြီး တစ်စုံတစ်ယောက်ကို လုပ်ကြံနေတာပဲ...။”
"အဲ့ဒါက ကျောင်းတစ်ကျောင်းလေ သူတို့ ဘယ်လိုလုပ်ပြီး ဒီလို ကိစ္စမျိုးကို လုပ်ရက်တာလဲ...။”
မစ္စတာဝမ် က သူ့အား ဆွေးနွေးတိုင်ပင်လာခဲ့လေသည် ။
"ဒီကိစ္စရဲ့ နောက်ကွယ်မှာ သေချာပေါက် တစ်စုံတစ်ယောက် ရှိနေတယ်…။ ပြီးတော့ ငါတို့ကို ပစ်မှတ်ထားချင် နေတဲ့ အရင်းရှင် ကုမ္ပဏီတစ်ခု ဖြစ်ဖို့ များတယ်...။”
"ငါတို့တွေ အများပြည်သူ ဆက်ဆံရေးဌာနကို သူတို့ကို သတိပေးဖို့ ထုတ်ပြန်ချက် အနည်းငယ် ထုတ်ပြန်ခိုင်းရ မလား…၊ ပြီးတော့ သူတို့ကို တရားဥပဒေအရ အရေးယူမယ်လို့လည်း ပြောလိုက်ရမလား...။”
မစ္စတာဝမ် စကားပြော၍ မဆုံးမီ လျန်ထျန်း က ခေါင်းခါယမ်းလိုက်လေသည် ။
"အဲ့ဒါက ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး…။ ဆန့်ကျင်ဘက် အနေနဲ့ ကောက်ကျစ်တဲ့ ရည်ရွယ်ချက် ရှိသူတွေက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ အဓိပ္ပာယ် ကောက်လွဲပြီး ပုံကြီးချဲ့တာကို ခံရနိုင်တယ်...။”
"ဟုတ်ပြီ...၊ ပထမဆုံး အနေနဲ့ ပြင်ပက မှာတဲ့ အစားအစာတွေမှာ ပြင်ပ အရာဝတ္ထုတွေ တွေ့ရှိရတယ်ဆိုတဲ့ အစီရင်ခံစာတွေ အားလုံးကို စုဆောင်းလိုက်ပါ…၊ ပြီးတော့ တစ်ခုချင်းစီကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာကို စစ်ဆေးကြည့်ပါ...။”
"ဖြေရှင်းပြီးသား ကိစ္စတွေအတွက် သူတို့ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ရလဒ်တွေကို အသေးစိတ် လူသိရှင်ကြား ထုတ် ပြန်ရမယ် မဖြေရှင်းရသေးတဲ့ ကိစ္စတွေကိုတော့ အများပြည်သူ စောင့်ကြည့်မှုအောက်မှာ လျင်မြန်စွာ ကိုင်တွယ် ဖြေရှင်းရမယ်…။ ထိရောက်မှု ရှိဖို့ဆိုရင် ငါတို့ ကိုယ်ပိုင် အလုပ်ကို အရင်ဆုံး သေချာ လုပ်ရမယ်...။”
ခေတ္တမျှ ရပ်နားပြီးနောက် လျန်ထျန်း က ဆက်ပြောလေသည် ။
"နောက်ထပ် အနေနဲ့ ကျွန်တော် အဲ့ဒီ ကောင်လေးဆီ သွားပြီး စကားပြောကြည့်မယ်...။”
"သူက ဘဲကင် အစားအသောက်ကို မှာယူခဲ့တယ်လို့ ပြောပြီး စခရင်ရှော့ ပုံလေးတောင် ပို့ခဲ့တယ် မဟုတ် လား...။”
"ကျွန်တော် ထင်တာ မမှားဘူးဆိုရင် အဲ့ဒီ ပုံက ပြုပြင်ထားတာ ဖြစ်ပြီးတော့ သတင်းအချက်အလက် အမျိုးမျိုး ကို ဝါးနေအောင် လုပ်ထားလို့ ပုံက မှုန်ဝါးနေတာပဲ...။”
"ဒါပေမဲ့ မင်းက အတုလုပ်ချင်တယ် ဆိုရင်တောင် အရင်ဆုံး မူရင်းပုံ ရှိဖို့ လိုတယ်...။”
"အဲ့ဒီ ကျောင်း နေရာကို မကြာသေးခင်က ပို့ဆောင်ခဲ့တဲ့ အမှာစာတွေထဲမှာ ဘဲကင် အမှာစာတွေ ရှိမရှိ နောက်တန်းက နည်းပညာအဖွဲ့ကို ချက်ချင်း စစ်ဆေးခိုင်းလိုက်ပါ...။”
"အကောင့်ကို ရှာတွေ့တာနဲ့ အဲ့ဒီ ကောင်လေးကို ဆက်သွယ်လို့ ရနိုင်ပြီ...။”
ထင်ထားသည့်အတိုင်းပင် လျန်ထျန်း ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ခဲ့ပေသည် ။
စုံစမ်းစစ်ဆေးမှုများအရ ပြင်ပ အစားအစာများတွင် ပြင်ပ အရာဝတ္ထုများ တွေ့ရှိရသည့် အစီရင်ခံစာ အများစု မှာ ဖြေရှင်းပြီး ဖြစ်နေလေသည် ။
ယေဘုယျအားဖြင့် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာသောအခါ စီးပွားရေးလုပ်ငန်းရှင်များသည် ရိုးသားစွာ တောင်းပန်ပြီး သင့်လျော်သော လျော်ကြေးကို ပေးအပ်ကြမည် ဖြစ်ကာ သန့်ရှင်းရေး အခြေအနေ များကို ပြုပြင်ရန်လည်း ချက်ချင်း အရေးယူ ဆောင်ရွက်ကြမည် ဖြစ်သည် ။
မဖြေရှင်းနိုင်ခဲ့သော ပြဿနာများအတွက် အယ်လာမာ သည် ချက်ချင်း ဝင်ရောက် စွက်ဖက်မည် ဖြစ်သည် ။ သန့်ရှင်းရေး စံနှုန်းများနှင့် မကိုက်ညီဘဲ ပြဿနာများကို ပြုပြင်ရန် ငြင်းဆန်သော ဆိုင်များကို ပလက်ဖောင်းပေါ် မှ ချက်ချင်း ဖယ်ရှားပစ်မည် ဖြစ်သည် ။
တာဝန်ယူမှု ရှိပြီး ပြဿနာများကို အလေးအနက်ထား ဖြေရှင်းလိုသော ဟန်းဂရီးအုပ်စု ၏ သဘောထားကို
မြင်တွေ့ရသောအခါ ၎င်းတို့အပေါ် အများပြည်သူ၏ သဘောကျ နှစ်ခြိုက်မှုမှာ မြင့်တက်လာခဲ့လေသည် ။
စကားပုံတစ်ခု ရှိသကဲ့သို့ အမှားလုပ်မိခြင်းက မကြောက်စရာ မကောင်းပေ အမှားကို အသိအမှတ်ပြုခြင်း၊ ဝန်ခံ ခြင်း နှင့် ပြင်ဆင်ခြင်းတို့ကသာ ချီးကျူးထိုက်ပေသည် ။
အခြားတစ်ဖက်တွင်လည်း ဇွဲရှိမှုက အကျိုးကျေးဇူးကို ဖြစ်ထွန်းစေပြီး လျန်ထျန်း သည် သက်ဆိုင်ရာ ကောင်လေးကို အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့လေသည် ။
အစပိုင်းတွင် လျန်ထျန်း သည် သူ၏ မည်သူမည်ဝါ ဖြစ်ကြောင်း သို့မဟုတ် ရည်ရွယ်ချက်ကို ထုတ်ဖော် မပြောခဲ့ ပေ ။
အဘယ်ကြောင့်ဆိုသော် ၎င်းက ကောင်လေးအား ငြင်းဆန်ရန် အကြောင်းဖန်စေနိုင်ပြီး ကြီးလေးသော ကိစ္စရပ် များအကြောင်း ပြောဆိုရန် ခက်ခဲသွားမည် ဖြစ်သောကြောင့်ပင် ။
ထို့ကြောင့် ဤနေရာတွင် သူသည် လှည့်ကွက်ငယ်လေး တစ်ခုကို အသုံးပြုခဲ့လေသည် ။
"မင်္ဂလာပါ ကျွန်တော်က အစားအသောက် ပို့ဆောင်သူ ပါ မိန်းကလေး တစ်ယောက်က ခင်ဗျားအတွက် အစား အသောက် မှာပေးထားပါတယ်…၊ ကျွန်တော် အခု ကျောင်းရဲ့ တောင်ဘက် ဂိတ်ပေါက်မှာ ရောက်နေပါတယ် ၊ ထွက်လာပြီး ယူပေးလို့ ရမလားခင်ဗျာ...။”
ထိုစကားကို ကြားသောအခါ ကောင်လေးမှာ ငါးစာမိသွားပြီး သိချင်စိတ်ဖြင့် မေးလိုက်လေသည် ။
"ဘယ်မိန်းကလေးက ငါ့အတွက် အစားအသောက် မှာပေးတာလဲ…၊ သူ ဘာတွေ မှာလိုက်တာလဲ၊ သူက ဘာလို့ ငါ့အတွက် အစားအသောက် မှာပေးရတာလဲ...။”
လျန်ထျန်း က သူ ကြိုတင် ပြင်ဆင်ထားသော အဖြေကို ပေးလိုက်လေသည် ။
"အမှာစာမှာ နာမည် အပြည့်အစုံ မပြထားပါဘူး…။ လီ ဆိုတဲ့ မျိုးရိုးနာမည်၊ မစ္စလီ လို့ပဲ ပြထားပါတယ်…၊ ပြီးတော့ သူက ကော်ဖီ တစ်ခွက်ရယ် ခေါက်ထားတဲ့ ကတ်ပြားလေး တစ်ခုရယ် မှာထားပါတယ်...။”
"လူချောလေး…၊ ထင်ရသလောက်တော့ လှပတဲ့ မိန်းကလေး တစ်ယောက်ယောက်က ခင်ဗျားကို သဘောကျ နေတာ ဖြစ်ရမယ်…။ ကတ်ပြားထဲမှာ ခင်ဗျားအတွက် ရည်းစားစာ ပါလာနိုင်တယ်...။”
ထိုစကားကို ကြားသောအခါ ကောင်လေးမှာ ဆက်လက် တုံ့ဆိုင်းမနေတော့ပေ ။
"ဒါဆိုရင် ငါ့ကို အဲ့ဒီမှာ ခဏလောက် စောင့်နေပေးပါ…။ ဘယ်မှ မသွားနဲ့နော်…၊ ငါ အခုချက်ချင်း လာခဲ့မယ်…၊ ချက်ချင်းပဲ...။”
မိနစ်အနည်းငယ် အတွင်းမှာပင် ကောင်လေး တစ်ယောက်သည် မောကြီးပန်းကြီးဖြင့် ပြေးလာခဲ့လေသည် ။
လျန်ထျန်း လိမ်မပြောခဲ့သည့် အရာတစ်ခု ရှိလေသည် ။ ၎င်းမှာ သူ၏ လက်ထဲတွင် ကော်ဖီ တစ်ခွက် အမှန် တကယ်ပင် ကိုင်ထားခြင်း ဖြစ်သည် ။
သို့သော်လည်း ၎င်းကို လီ မျိုးရိုးနာမည်ရှိသော လှပသည့် အမျိုးသမီး တစ်ဦးက မှာယူခဲ့ခြင်း မဟုတ်ဘဲ လျန်ထျန်း ကိုယ်တိုင် မှာယူခဲ့ခြင်း ဖြစ်သည် ။ လီ မျိုးရိုးနာမည်ရှိသော လှပသည့် အမျိုးသမီး တစ်ဦးကို ထည့်သွင်း ပြောဆိုရခြင်းမှာ ရိုးရှင်းလှပေသည် ။
လီ မျိုးရိုးနာမည် ရှိသူများ အလွန်များပြားလှပြီး ၎င်းသည် တရုတ်နိုင်ငံတွင် အတွေ့ရအများဆုံး မျိုးရိုးနာမည် ဖြစ်ပေသည် ။ လူတိုင်းသည် လီ မျိုးရိုးနာမည်ရှိသော လှပသည့် အမျိုးသမီး တစ်ဦးကို သိကြပေသည် ။ ၎င်းမှာ ဖြစ်နိုင်ခြေ ကိစ္စရပ်တစ်ခုသာ ဖြစ်သည် ။
အခြေအနေကို သတိမထားမိသော ကောင်လေးသည် အစားအသောက်ကို ယူလိုက်ပြီး ကော်ဖီကို လျစ်လျူရှု ကာ ခေါက်ထားသော ကတ်ပြားကိုသာ စိတ်အားထက်သန်စွာ ဖြန့်ကြည့်လိုက်လေသည် ။
သို့သော် ကတ်ပြားပေါ်တွင် ရေးထားသည့်အရာကို မြင်လိုက်ရသောအခါ သူ မှင်တက်သွားခဲ့လေသည် ။
လျန်ထျန်း သည်လည်း ထိုအခွင့်အရေးကို ဆုပ်ကိုင်ကာ ရှင်းပြလိုက်လေသည် ။
"ကတ်ပြားပေါ်မှာ ရေးထားသလိုပဲ ခင်ဗျားကို ဒီပုံစံနဲ့ တွေ့ရတဲ့အတွက် အရမ်း စိတ်မကောင်း ပါဘူး...။”
"ကျွန်တော်က ဘဲလည်ပင်း ကိစ္စနဲ့ ပတ်သက်တဲ့ အမှန်တကယ် အခြေအနေကို သိချင်ရုံပါ…၊ ခင်ဗျား ကျွန်တော့် ကို အမှန်အတိုင်း ပြောပြပြီး ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်...။”
လျန်ထျန်း စကားပြောပြီးနောက် ကောင်လေးသည် ကတ်ပြားထဲတွင် ညှပ်ထားသော တစ်ပြားတန် အကြွေစေ့ကို သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်လေသည် ။
အနီးအနားတွင် မည်သူမျှ မရှိသည်ကို မြင်သောအခါ သူက သူ၏ ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်လေသည် ။
"ပြဿနာ မရှိပါဘူး…၊ ဒီကိစ္စက ပိုက်ဆံနဲ့ ဘာမှ မဆိုင်ပါဘူး…။ တကယ်တော့ ကျွန်တော် အမှန်တရားကို ပြောပြချင်နေတာ ကြာပါပြီ...။”
ထို့နောက် သူတို့နှစ်ဦးသည် စကားပြောရန် ကော်ဖီဆိုင် တစ်ဆိုင်သို့ သွားခဲ့ကြလေသည် ။
စကားပြောဆိုနေစဉ်အတွင်း ကောင်လေးသည် အလွန် သာမန် မိသားစု တစ်ခုမှ ဆင်းသက်လာခြင်း ဖြစ်ပြီး သူ၏ မိသားစုသည် သူ၏ ပညာရေးကို ထောက်ပံ့ရန်အတွက် သူတို့၏ ငွေကြေးအားလုံးကို အသုံးပြုခဲ့ရကြောင်း လျန်ထျန်း သိရှိခဲ့ရလေသည် ။
ထို့အပြင် သူ၏ နေထိုင်စားသောက်စရိတ် အားလုံးကို အချိန်ပိုင်း အလုပ်လုပ်ကာ ကျောင်းတက်ရင်း ရှာဖွေခဲ့ ရခြင်း ဖြစ်သည် ။ ကောင်လေးသည် သူ၏ စစ်မှန်သော ခံစားချက်များကို ပြောပြချိန်တွင် ထပ်ခါတလဲလဲ သက်ပြင်းချနေခဲ့လေသည် ။
"လိမ်ပြောတာ မှားတယ်ဆိုတာ ကျွန်တော် သိပါတယ်…။ ဒါပေမဲ့ ကျွန်တော် ဘာလုပ်နိုင်မှာလဲ...။”
"အဲ့ဒါက ကြွက်ခေါင်းပဲ ဖြစ်ဖြစ်၊ ဘဲလည်ပင်းပဲ ဖြစ်ဖြစ် ဆရာတွေနဲ့ ကျောင်းဆီက ဖိအားတွေအောက်မှာ နောက်ဆုံးတော့ ကျွန်တော့် မျက်စိထဲမှာ ဘွဲ့လက်မှတ် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရတယ်...။”
"ကျွန်တော့် မိသားစုက ကျွန်တော့်ကို ကျောင်းထားပေးဖို့ အရာအားလုံးကို စွန့်လွှတ်ခဲ့ရတယ် …၊ကျွန်တော် သူတို့ကို စိတ်ပျက်အောင် မလုပ်နိုင်ဘူး…။ ကျွန်တော့် လိပ်ပြာ မလုံဘူး ဆိုရင်တောင်မှ၊ ကျွန်တော် ကိုယ်တိုင် ရွံရှာမိတဲ့ လူတစ်ယောက် ဖြစ်လာရင်တောင်မှ ကျွန်တော့်ရဲ့ ပညာရေးကို ဆက်လုပ်ရလိမ့်မယ်...။”
ဤနေရာတွင် ကောင်လေး၏ မျက်နှာအမူအရာမှာ ခါးသီးသော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ လေသည် ။
"ဘွဲ့မရခင်မှာတင် လူ့အဖွဲ့အစည်းရဲ့ ရိုင်းစိုင်းကြမ်းတမ်းမှုတွေကို ကျွန်တော် ကြုံတွေ့ခဲ့ရပြီးပြီ…။ ဒါပေမဲ့ ကျွန်တော် ဘာမှ မလုပ်နိုင်ဘူး…၊ ကျွန်တော်က သာမန် မိသားစု တစ်ခုက သာမန် လူတစ်ယောက် သက်သက် ပါပဲ...။”
"ခင်ဗျားက ဒီအရာတွေ အားလုံးကို ပြောပြဖို့ ကျွန်တော့်ကို တစ်ပြား ပေးခဲ့တယ်၊ ကျွန်တော်လည်း မျှော်လင့် ချက် မရှိတဲ့ အဆုံးမှာ အဲ့ဒီ ပိုက်ဆံကို လက်ခံလိုက်တာပါ...။”
"မကြာသေးခင်က ကျွန်တော့် အမေ ဖျားနေလို့ သူ့ကို ကုသဖို့ ပိုက်ဆံ အရေးတကြီး လိုအပ်နေပါတယ်…။ ဒါကြောင့် ဘွဲ့လက်မှတ် မရနိုင်တဲ့ အန္တရာယ် ရှိရင်တောင်မှ ကျွန်တော့် အမေကို အရင်ဆုံး ကယ်တင်ရလိမ့် မယ်...။”
"ပြီးတော့ ခင်ဗျားက မိန်းကလေး တစ်ယောက် ကျွန်တော့်ကို သဘောကျနေတယ်လို့ လိမ်ပြောခဲ့တယ်…။ ကျွန်တော် အရမ်း စိတ်လှုပ်ရှားသွားရတဲ့ အကြောင်းရင်းက ကျွန်တော့် အမေက မသေခင်မှာ သူ့ရဲ့ ချွေးမလေး ကို တွေ့ချင်တယ်လို့ အမြဲ ပြောနေလို့ပါပဲ…။ ဟူး...။”
နောက်ဆုံးတွင် ကောင်လေး၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာခဲ့လေသည် ။
ဤအချိန်တွင် လျန်ထျန်း သည် အမှန်တရား တစ်ခုလုံးကို သိရှိသွားခဲ့ပြီး ကောင်လေးအပေါ် ကိုယ်ချင်းစာစိတ် အချို့ကိုလည်း ခံစားလိုက်ရလေသည် ။
ခေတ္တမျှ စဉ်းစားပြီးနောက် လျန်ထျန်း က လေးနက်စွာ ပြောလိုက်လေသည် ။
"ရပါတယ် ကျွန်တော့် အမြင်အရတော့ လူတစ်ယောက်ရဲ့ စရိုက်လက္ခဏာက သူတို့ရဲ့ ပညာအရည်အချင်းထက် အမြဲတမ်း ပိုပြီး အရေးကြီးပါတယ်...။”
"မင်း အမေရဲ့ ရောဂါကို ကုသဖို့အတွက် ရိုးသားရဲတဲ့ မင်းရဲ့ သတ္တိက ငါ့ရဲ့ စမ်းသပ်မှုကို အောင်မြင်သွားပါပြီ...။”
"ဒါကြောင့် မင်း ဘွဲ့လက်မှတ် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ နောင်ကျရင် အယ်လာမာ မှာ လာအလုပ်လုပ်ပါ၊ မင်းမှာ အရည်အချင်း ရှိနေသရွေ့ ငါတို့က မင်းကို ဘယ်တော့မှ အလဟဿ ဖြစ်သွားအောင် ထားမှာ မဟုတ်ပါ ဘူး...။”
ဤစကားများကို ကြားပြီးနောက် ကောင်လေးသည် အံ့သြတကြီးဖြင့် မော့ကြည့်လိုက်လေသည် ။
"အယ်လာမာ က သန်းနဲ့ချီတဲ့ စျေးကွက်တန်ဖိုး ရှိတဲ့ ကုမ္ပဏီကြီး တစ်ခုလေ ကျွန်တော်က အဲ့ဒီလို ကုမ္ပဏီကြီး တစ်ခုမှာ တကယ် အလုပ်လုပ်ခွင့် ရနိုင်မှာလား...။”
လျန်ထျန်း က ပြုံးလျက် ပြန်ဖြေလိုက်လေသည် ။
"သေချာတာပေါ့ ငါက အယ်လာမာ ရဲ့ နောက်ကွယ်က အစုရှယ်ယာရှင်ကြီးပဲ…။ ငါ ပြောတဲ့ စကားကို ငါ လုံးဝ တည်ပါတယ်...။”
လျန်ထျန်း ၏ ကတိစကားကြောင့် ကောင်လေးသည် လက်သီးကို ဆုပ်လိုက်ပြီး နောက်ဆုံးတွင် အရေးကြီးသော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်လေသည် ။
"ကောင်းပါပြီ ကျွန်တော် ရှေ့ထွက်ပြီး တိုက်ရိုက် ထွက်ဆိုပေးပါ့မယ်...။”
"အဲ့ဒီအချိန်က အဲ့ဒီ ပြင်ပ အရာဝတ္ထုကို ယူသွားခဲ့ပေမဲ့ တကယ်တော့ ကျွန်တော်က သက်သေအထောက်အထား အချို့ကို လျှို့ဝှက် သိမ်းဆည်းထားခဲ့ပါတယ်...။”
"အဲ့ဒါက ဘဲလည်ပင်းပဲ ဖြစ်ဖြစ် ကြွက်ခေါင်းပဲ ဖြစ်ဖြစ် စစ်ဆေးကြည့်ရင် သိရမှာပါ…။ ပြီးတော့ အမှန်တရား က မကြာခင် ပေါ်ပေါက်လာတော့မှာပါ...။”