အခန်း ၃၀၇
Vol. 31 Ch. 307
အခန်း (၃၀၇)
ငါ့ကို အော်ရဲတယ်ပေါ့ တကယ်ပဲ ငါ့ကို အော်ရဲတယ်ပေါ့
ဘဲလည်ပင်း ပြဿနာ ၏ အမှန်တရား ပေါ်ပေါက်လာပြီးနောက် လျန်ထျန်း၏ တန်ပြန်တိုက်ခိုက်မှု အစပြုပြီ ဖြစ်ကြောင်း အချက်ပေးသံ ထွက်ပေါ်လာခဲ့လေသည်။
သူသည် မြို့တော် ဥပဒေစိုးမိုးရေးအဖွဲ့ထံသို့ ချက်ချင်း ဆက်သွယ်ခဲ့လေသည်။ တန်ကော်ဟွာကိုယ်တိုင် ဦးဆောင်ကာ အာဏာပိုင် အဖွဲ့အစည်းများအတွင်း ပုန်းအောင်းနေသော ပိုးမွှားများကို ရှင်းလင်းဖယ်ရှား ခဲ့လေသည်။
ဤလုပ်ရပ်က အဆင့်မြင့်ဆုံး ကြီးကြပ်ရေးအဖွဲ့အစည်းများ၏ ယုံကြည်ကိုးစားမှုကို ပြန်လည်ရရှိစေခဲ့သည်မှာ သေချာလှပေသည်။
တရားခံများထဲတွင် ဒေသခံ စျေးကွက်ကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး၊ ကျောင်း၏ အထက်လူကြီးနှင့် ကန်တင်းကန်ထရိုက်တာတို့ ပါဝင်လေသည်။ သို့သော် တာဝန်ယူရမည့်အပိုင်းသို့ ရောက်သောအခါ ကန်ထရိုက် တာက မိမိဆန္ဒအလျောက် အပြစ်အများစုကို ယူခဲ့ပြီး ကျောင်းအထက်လူကြီးက ဒုတိယ နေရာမှ ယူခဲ့လေ သည်။ ညွှန်ကြားရေးမှူးကမူ လာဘ်စားမှုနှင့် မှားယွင်းသော စစ်ဆေးချက် ထုတ်ပြန်မှုကိုသာ ဝန်ခံခဲ့ပြီး ကျန်သည် များကို ငြင်းဆိုခဲ့လေသည်။
ဆက်လက်စုံစမ်းကြည့်သောအခါ ပြဿနာဖြစ်ပွားသည်နှင့် တစ်ပြိုင်နက် ထိုသူများ၏ မိသားစုဝင်အားလုံး နိုင်ငံခြားသို့ ထွက်ပြေးသွားကြကြောင်း သိရှိခဲ့ရလေသည်။
သီးသန့်အခန်းတစ်ခန်းအတွင်း၌ လျန်ထျန်းနှင့် တန်ကော်ဟွာတို့ တွေ့ဆုံခဲ့ကြလေသည်။ မိတ်ဆွေဟောင်းများ အကြား ခေတ္တမျှ နှုတ်ဆက်ပြီးနောက် အဓိကအကြောင်းအရာသို့ တိုက်ရိုက် ဝင်လိုက်ကြလေသည်။ လျန်ထျန်း သည် သူ့ရှေ့ရှိ စာရွက်စာတမ်းများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။
"သဲလွန်စတွေက ပြတ်တောက်ပြီး ပြန့်ကျဲနေတယ်...။ တစ်စုံတစ်ယောက်က သဲလွန်စတွေကို ဖုံးကွယ်ဖို့ သူတို့ ကို အပြစ်ပုံချပြီး ထုတ်သုံးလိုက်တာ သေချာတယ်...။”
တန်ကော်ဟွာက ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်တယ်...၊ သဲလွန်စမရှိရင် ဆက်ပြီး တူးဆွဖို့ အရမ်းခက်ခဲတယ်...။ ငါ့အမြင်တော့ ပြည်သူတွေရဲ့ ဒေါသကို ပြေလျော့စေဖို့ ဖမ်းမိထားတဲ့သူတွေကိုပဲ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးဖို့လွဲပြီး တခြား မရှိတော့ဘူး...။”
လျန်ထျန်းက ခေတ္တမျှ စဉ်းစားပြီးနောက် သဘောတူလိုက်လေသည်။
"လောလောဆယ်တော့ ဒီနည်းလမ်းပဲ ရှိတော့တယ်...။ ကြွက်ကို ဘဲလို့ခေါ်တဲ့ ပြဿနာက တကယ်ကို ဆိုးရွား လွန်းတယ်...။ လူတိုင်းက သူတို့ရဲ့ ဒေါသကို ထွက်ပေါက်ပေးဖို့ လိုအပ်နေတယ်လေ...၊ ပြီးတော့ ဒီလူတွေက လူဆိုးတွေကို ကူညီခဲ့တာမို့ ပြစ်ဒဏ်ခံရဖို့ ထိုက်တန်ပါတယ်...။ ငါသိရသလောက်ဆိုရင် သူတို့က တခြားသူတွေ ကို အပြစ်ပုံချဖို့ အကြိမ်ကြိမ် လုပ်ခဲ့ဖူးတယ်...။ သူတစ်ပါးကို ဒုက္ခပေးသူက ကိုယ့်ကိုယ်ကိုယ် ပြန်ဒုက္ခပေး သလို ပဲ...၊ မကောင်းမှု များများလုပ်ရင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသလို ဖြစ်မှာပဲ...။”
ကိစ္စရပ်မှာ ဤနေရာတွင် ယာယီ ရပ်ဆိုင်းသွားခဲ့သော်လည်း တန်ကော်ဟွာက နောက်ကွယ်မှ ဆက်လက် စုံစမ်း စစ်ဆေးသွားမည်ဟု ကတိပြုခဲ့ပြီး လျန်ထျန်းကလည်း တတ်နိုင်သမျှ ကူညီပေးမည်ဟု ကတိပေးခဲ့လေသည်။
အီးထွမ်ကို ဖျက်ဆီးရန် နောက်ကွယ်မှ ကြိုးကိုင်နေသူ သို့မဟုတ် အင်အားကြီးမားသော ငွေကြေးအဖွဲ့အစည်း တစ်ခုခု ရှိနေသည်မှာ သေချာသလောက် ရှိနေပေသည်။ ယခုမှစ၍ သူသည် ပိုမို သတိထားရမည် ဖြစ်သည်။ နောက်ကွယ်မှ ကြိုးကိုင်သူကို စောစော ရှာတွေ့လေ သူ စိတ်အေးရလေ ဖြစ်ပေမည်။ အမှောင်ထဲမှ ရန်သူများ သည် အလင်းရောင်ထဲမှ ရန်သူများထက် အမြဲတမ်း ပို၍ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
သို့သော် အလွန်အမင်း စိုးရိမ်စရာတော့ မလိုပေ။ လျန်ထျန်းက သူ၏ အထောက်အထားကို ကောင်းစွာ ဖုံးကွယ် ထားနိုင်သည်ဟု ယုံကြည်ထားလေသည်။ ထို့အပြင် သူ့ကို နောက်ကွယ်မှ ကာကွယ်ပေးနေသော ချူရှီမင်နှင့် အချိန်မရွေး ပျံသန်းလာပြီး ကူညီပေးနိုင်သည့် တရုတ်နိုင်ငံ၏ အိုင်းရွန်းမန်း ဖြစ်သော ကျန်းချောင်တို့ ရှိနေသေး သည်။
သူ၏ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး မထိခိုက်သရွေ့ အခြားအရာအားလုံးမှာ ကျော်လွှားရမည့် အတားအဆီးများသာ ဖြစ်လေသည်။
ထိုနေ့တွင် လျန်ထျန်းသည် ထုံးစံအတိုင်း အစားအသောက် ပို့ဆောင်ပေးနေလေသည်။ သူသည် ဈေးဝယ်စင်တာ တစ်ခုသို့ ပို့ဆောင်ရမည့် ပန်းအမှာစာတစ်ခုကို လက်ခံရရှိခဲ့လေသည်။ မှတ်ချက်ထဲတွင် ရေးသားထားသည်မှာ -
[ပို့ဆောင်ရေးအစ်ကို...၊ ဒီနေ့က ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးတို့ ချစ်သူသက်တမ်း ရက်တစ်ရာ ပြည့်တဲ့ နေ့ပါ...။ သူမက ဈေးဝယ်စင်တာထဲမှာ ကျွန်တော့်ကို စောင့်နေပါတယ်...။ ဒီပန်းစည်းလေးက သူမအတွက် အံ့သြစရာလေးပါ...။ တတ်နိုင်သမျှ မြန်မြန် ပို့ပေးပါနော်….၊ ဘောက်ဆူး အများကြီး ပေးပါ့မယ်...။ ကြိုပြီး ကျေးဇူးတင်ပါတယ်...။ ဒါနဲ့ ကျွန်တော်က အနီးအနားမှာ ပုန်းကြည့်နေမှာမို့ အစ်ကို ပို့ပေးတာနဲ့ ကျွန်တော် ထွက် လာပြီး နောက်ထပ် အံ့သြစရာတစ်ခု လုပ်ပေးမှာပါ...။ ကျွန်တော် သူမကို လက်ထပ်ခွင့် တောင်းတော့မလို့...။]
မှတ်ချက်ကို ဖတ်ပြီးနောက် လျန်ထျန်းက ပြုံးလိုက်လေသည်။
“ဒီအစ်ကိုက တော်တော် ရိုမန်းတစ်ဆန်တာပဲ...။ ကောင်းပြီလေ သူ့အတွက် ကြိုပြီး ဆုတောင်းပေးလိုက်ပါ တယ်...၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ခုလို ပျော်ရွှင်စရာ အမှာစာတွေ လက်ခံရတာက ငါ့ကိုလည်း ပျော်ရွှင်စေ တယ်...။ ဒါက ကံကောင်းခြင်းရဲ့ လက္ခဏာပဲ...၊ သွားကြစို့...။”
မကြာမီပင် လျန်ထျန်းသည် ပန်းဆိုင်မှ လှပစွာ ထုပ်ပိုးထားသော ပန်းစည်းကြီးကို ယူဆောင်လာခဲ့လေသည်။ နှင်းဆီပန်း ကိုးဆယ့်ကိုးပွင့်ခန့် ပါဝင်နိုင်သော ကြီးမားသည့် ပန်းစည်းကြီး ဖြစ်သည်။ သူက ပန်းစည်းကို လေ ကာစွပ်ဖြင့် အုပ်ကာ ဈေးဝယ်စင်တာသို့ အပြေးအလွှား သွားခဲ့ပြီး ခြောက်လွှာသို့ တက်ရန် ဓာတ်လှေကားဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့လေသည်။
ဓာတ်လှေကားခန်းမအတွင်း၌ သူမှလွဲ၍ နိုင်ငံခြားသား နှစ်ဦး ရှိနေလေသည်။ လူဖြူတစ်ဦးနှင့် လူမည်းတစ်ဦး ဖြစ်သည်။ သူတို့က သူ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ အင်္ဂလိပ်လို စကား ပြောဆိုနေကြလေသည်။
လူမည်းဖြစ်သူက ပြောလိုက်လေသည်။
"အစ်ကို...၊ ခင်ဗျား ပြောတဲ့ စိန်ခေါ်မှု အကြောင်း ဆက်ပြောပြပါဦး...။ သူက ပို့ဆောင်ရေးသမား တစ်ယောက် ပါ...၊ ကျွန်တော်တို့ ပြောတာကို နားလည်မှာ မဟုတ်ပါဘူး...။”
လူဖြူဖြစ်သူက ပြန်ပြောလေသည်။
"အိုကေ...၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ မိန်းကလေးတွေကို ချစ်ရေးဆိုတဲ့ ဗီဒီယိုတစ်ခုကို အွန်လိုင်းမှာ တင် လိုက်တာ ကြည့်တဲ့သူတွေ အရမ်းများသွားတယ်...။ ငါ ပိုက်ဆံတွေ အများကြီး ရခဲ့တယ်...၊ တရုတ်မိန်းကလေး တွေက လွယ်လွန်းတယ်...။ အလွယ်တကူ ရနိုင်တဲ့ မိန်းကလေးတွေလေ...၊ ဒါကြောင့် ငါ အကြံတစ်ခု ရလာ တယ်... ။ စိန်ခေါ်မှုတစ်ခု လုပ်ကြရအောင်...၊ ကျပန်း ရွေးထားတဲ့ တရုတ်မိန်းကလေး တစ်ရာကို ဘယ်သူ အရင် နမ်းနိုင်မလဲ ဆိုတာပေါ့...။ ငါတို့အတွက် လွယ်လွယ်လေးပါ...၊ ဗီဒီယိုတွေကို အွန်လိုင်းမှာ တင်ပြီး ပိုက်ဆံအများ ကြီး ရှာလို့ရတယ်...။”
လူမည်းဖြစ်သူက သွားဖြူဖြူများ ပေါ်လာသည်အထိ ပြုံးပြလိုက်လေသည်။
"အရမ်းကောင်းတဲ့ အကြံပဲ...၊ ပြဿနာမရှိဘူး လုပ်ကြတာပေါ့...။”
သူတို့နှင့်အတူ ခန်းမထဲတွင် ရပ်နေသော ပို့ဆောင်ရေးသမားက နားမလည်နိုင်ဟု ၎င်းတို့က ထင်မှတ်ထားခဲ့သော် လည်း လျန်ထျန်းက စကားလုံးတိုင်းကို ကြားနေရလေသည်။ ဒေါသလှိုင်းများက သူ၏ ကိုယ်တွင်း၌ ပေါက်ကွဲ ထွက်လာလေသည်။ ထိုစဉ် ဓာတ်လှေကားတံခါး ပွင့်လာပြီး လျန်ထျန်းက အင်္ဂလိပ်လို ပြောလိုက်လေသည်။
"အသုံးမကျတဲ့ အမှိုက်ကောင်တွေ...။”
ထိုသို့ပြောပြီးနောက် သူသည် နောက်လှည့်မကြည့်ဘဲ ဓာတ်လှေကားထဲမှ ထွက်ခွာသွားခဲ့လေသည်။ နိုင်ငံခြား သား နှစ်ဦးမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ဒေါသထွက်သွားကြသော်လည်း လျန်ထျန်းမှာ ဝေးကွာသွားပြီ ဖြစ်ကာ လူအများအပြား ရှိနေသဖြင့် ပြဿနာ မရှာရဲကြပေ။ နောက်ဆုံးတွင် သူတို့သည် ဓာတ်လှေကားထဲမှ ဆင်းလာပြီး အချင်းချင်း နှစ်သိမ့်လိုက်ကြလေသည်။
"သူ့ကို မေ့လိုက်ပါ...၊ ငါတို့ အလုပ်ကိုပဲ ငါတို့ လုပ်ကြရအောင်...။”
"ဟုတ်တယ်...၊ သွားပြီး တရုတ်အလွယ်တကူ ရနိုင်တဲ့ မိန်းကလေးတွေကို နမ်းကြရအောင်...။ ဒီလို ကောင်တွေ ကတော့ အဲ့လို အခွင့်အရေးမျိုးတောင် ရမှာမဟုတ်ဘူး...။”
တစ်ချိန်တည်းမှာပင် လျန်ထျန်းသည် ဖောက်သည်၏ ကောင်မလေးကို အသွင်အပြင်အရ လိုက်ရှာနေလေသည်။
"အနက်ရောင် ကုတ်အင်္ကျီ...၊ ဆံပင်အရှည်...၊ ပန်းရောင် အိတ်လေးကို ကိုင်ထားတယ်...၊ အို သူမ ဖြစ်ရမယ်...။”
လျန်ထျန်းက အမျိုးသမီးကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ထိုနိုင်ငံခြားသား နှစ်ဦး သူမထံသို့ ချဉ်းကပ်သွား သည်ကို မြင်လိုက်ရလေသည်။ လူမည်းဖြစ်သူက ဖုန်းဖြင့် ဗီဒီယိုရိုက်ရန် တိုင်နောက်တွင် ပုန်းနေပြီး လူဖြူဖြစ် သူက ရှေ့သို့ တက်သွားကာ ပီတပီ တရုတ်စကားဖြင့် စကားစမြည်ပြောရန် ကြိုးစားနေလေသည်။
"ဟိုင်း အလှလေး...၊ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းက ဂိမ်းတစ်ခု ဆော့နေတာပါ...။ ကျွန်တော်တို့ကို ကူညီ ပေးလို့ ရမလား...။ ဂိမ်းကတော့ ဘယ်သူက အလှလေး တစ်ရာကို အရင်နမ်းနိုင်မလဲ ဆိုတာပါပဲ...။ ခင်ဗျားက အလှလေးတစ်ယောက်ဖြစ်ပြီး ကျွန်တော်က လူချောလေးတစ်ယောက်မို့လို့ ခင်ဗျားကို နမ်းချင်ပါတယ်...။”
ဟုတ်ပေသည်။ ထိုနိုင်ငံခြားသားက ထိုမျှပင် ဗြောင်ကျကျ ပြောဆိုရဲလေသည်။ အကယ်၍ တရုတ်အမျိုးသား တစ်ဦးသာ ဤသို့ မေးခဲ့လျှင် ထိုအမျိုးသမီးက ပါးရိုက်မည် သို့မဟုတ် ရဲခေါ်မည်မှာ သေချာလှသည်။ သို့သော် နိုင်ငံခြားသားတစ်ဦးနှင့် ရင်ဆိုင်ရသောအခါ အမျိုးသမီးက ရှက်သွေးဖြာကာ ချွဲနွဲ့သော အပြုံးလေးဖြင့် ခေါင်းခါ ပြလိုက်လေသည်။
"ဒါ မကောင်းပါဘူး...၊ ဟင့်အင်း မလုပ်ပါနဲ့...။”
ဗိုက်ရွှဲနေသော လူဖြူနိုင်ငံခြားသားက သူ၏ ထိပ်ပြောင်နေသော ခေါင်းကို ပွတ်သပ်လိုက်လေသည်။
"ဘာဖြစ်လို့လဲ...၊ ကျွန်တော့်မှာ ဆံပင် မရှိလို့လား...။”
အမှန်တကယ်တော့ ဤလူဖြူမှာ လူချောလေး တစ်ယောက် မဟုတ်ဘဲ အဆီတဝင်းဝင်းနှင့် ထိပ်ပြောင်နေသော အမျိုးသားတစ်ဦးသာ ဖြစ်လေသည်။
သို့သော် အမျိုးသမီးက ချက်ချင်းပင် ပြောလိုက်လေသည်။
"မဟုတ်ပါဘူး...၊ ကျွန်မ လူတစ်ယောက်ကို စောင့်နေလို့ အဆင်မပြေတာပါ...၊ နောက်တစ်ခါမှပေါ့...။”
လူဖြူနိုင်ငံခြားသားက သက်ပြင်းချလိုက်လေသည်။
"လူတစ်ယောက်ကို စောင့်နေတာလား...၊ ခင်ဗျားရဲ့ လူချောလေးကို စောင့်နေတာလား...။”
အမျိုးသမီးက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။
"ဟုတ်ပါတယ်...။”
နိုင်ငံခြားသားက ဆက်လက် ဇွတ်တောင်းဆိုနေလေသည်။
"သူမှ မရှိသေးတာ ရပါတယ်...၊ ဒါက ကျွန်တော်တို့ရဲ့ လျှို့ဝှက်ချက်ပဲလေ...။”
နိုင်ငံခြားသား၏ ပူဆာမှုအောက်တွင် အမျိုးသမီးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မလုံမလဲဖြင့် သဘောတူ လိုက်လေသည်။
"ကောင်းပြီလေ...။”
လူဖြူနိုင်ငံခြားသားက သူမကို ဖက်ရန် လက်လှမ်းလိုက်ပြီး သူမ၏ နှုတ်ခမ်းများပေါ်သို့ အနမ်းတစ်ပွင့် ပေးတော့ မည့်ပုံ ပေါ်နေလေသည်။ အနီးအနားမှ စောင့်ကြည့်နေသော လျန်ထျန်းမှာ ထိတ်လန့်သွားပြီး ဝင်ရောက် တားဆီး ရန် အမြန် ပြေးသွားခဲ့လေသည်။
အမျိုးသမီး၏ ချစ်သူမှာ သူမကို အံ့အားသင့်စေရန်နှင့် လက်ထပ်ခွင့်တောင်းရန် အနီးအနားတွင် ပုန်းနေကြောင်း သူ သိထားလေသည်။ အကယ်၍ သူမက သူစိမ်းနိုင်ငံခြားသားတစ်ဦးကို နမ်းနေသည်ကို သူမချစ်သူသာ မြင် သွားပါက အံ့အားသင့်စရာ အစီအစဉ် ဖြစ်လာပါဦးမည်လား။ သူမကို လက်ထပ်ခွင့် တောင်းချင်ပါဦးမည်လား။
"အစ်မ... ခဏလောက် စောင့်ပါဦး...။”
လျန်ထျန်းက အော်ပြောလိုက်လေသည်။
"ဒီပန်းစည်းက အစ်မရဲ့ ချစ်သူ ပို့လိုက်တာပါ...၊ သူ အခုချက်ချင်း ရောက်လာတော့မှာမို့ သူ့အတွက် ခဏ လောက် ထပ်စောင့်ပေးပါဦး...။”
လျန်ထျန်း ရုတ်တရက် ရောက်လာမှုကြောင့် သူတို့၏ နှုတ်ခမ်းများ မထိမီလေးတွင် အနမ်းမှာ ပြတ်တောက်သွား ခဲ့လေသည်။ အမျိုးသမီးမှာ မှင်တက်သွားလေသည်။ သူမသည် လျန်ထျန်းကို စိတ်အိုက်စွာ စိုက်ကြည့်လိုက်ပြီး ပန်းစည်းကို လုယူလိုက်လေသည်။
"ကောင်းပြီ...၊ ငါ ပန်းစည်း ရပြီမို့ အခု ထွက်သွားတော့...။”
ထို့နောက် သူမက ရေရွတ် ညည်းညူလိုက်လေသည်။
"ဒီလူက တကယ်ပဲ...၊ နောက်ကျရဲသေးတယ်...။ သူက အမြဲတမ်း ငါ့ကို စောင့်နေကျလေ...၊ ဘယ်အချိန်က တည်းက ငါက သူ့ကို စောင့်ရတဲ့ အလှည့် ရောက်သွားတာလဲ...။ ပန်းစည်းလေး တစ်စည်းနဲ့ ငါက သူ့ကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ ထင်နေတာလား...။”
နောက်ဆုံးတွင် သူမက လူဖြူနိုင်ငံခြားသားကို အလျင်စလို ပြောလိုက်လေသည်။
"သူ အချိန်မရွေး ရောက်လာနိုင်တယ်...၊ မြန်မြန် နမ်းလိုက်ရအောင်...။”
လူဖြူနိုင်ငံခြားသားမှာ အလွန် ဝမ်းသာသွားပြီး လျန်ထျန်းကို အောင်နိုင်သူတစ်ဦးလို လှောင်ပြောင်ပြုံးရယ် ပြလိုက်လေသည်။ သူသည် ဓာတ်လှေကားထဲမှ ပို့ဆောင်ရေးသမားကို ရှင်းလင်းစွာ မှတ်မိနေလေသည်။
လျန်ထျန်းမှာ အံ့ဩတုန်လှုပ်သွားရလေသည်။ သူ၏ တန်ဖိုးထားမှုများမှာ အခြေခံမှစ၍ တုန်လှုပ်သွားခဲ့ပြီး သူ မနေနိုင်တော့ဘဲ နောက်တစ်ကြိမ် ကြိုးစားကြည့်လိုက်လေသည်။
"အစ်မ... အစ်မရဲ့ ချစ်သူက ဒီပန်းတွေကို ပို့ပေးထားတာကို အစ်မက ဒီနေရာမှာ တခြားလူကို နမ်းနေတယ်...၊ ဒီလုပ်ရပ်က မသင့်တော်ဘူးလို့ မထင်ဘူးလား...။”
သစ္စာရှိသော အမျိုးသားတစ်ဦး နှလုံးကွဲကြေသွားသည်ကို သူ မမြင်တွေ့လိုသောကြောင့် သူ နှစ်ကြိမ်တိုင်တိုင် ဝင်ရောက် စွက်ဖက်ခဲ့ခြင်း ဖြစ်သည်။ မိမိ၏ ချစ်သူက နေ့ခင်းကြောင်တောင် သူစိမ်းတစ်ယောက်ကို နမ်းနေ သည်ကို မြင်လိုက်ရခြင်းက ပြင်းထန်သော စိတ်ဒဏ်ရာကို ရရှိစေမည် ဖြစ်သည်။
ထို့အပြင် ထိုအမျိုးသားက လက်ထပ်ခွင့် တောင်းရန်ပင် စီစဉ်ထားသေးသည် မဟုတ်ပါလား။ ဤအရာက ရက်စက်လွန်းလှပေသည်။ လျန်ထျန်းသည် ချစ်သူကွယ်ရာတွင် ဤကဲ့သို့ အရှက်မရှိ ပြုမူနေခြင်းကိုလည်း ထိုအမျိုးသမီးအား သတိပေးရန် ကြိုးစားနေခြင်း ဖြစ်သည်။
လျန်ထျန်းက တတ်နိုင်သမျှ ယဉ်ကျေးစွာ ပြောဆိုခဲ့သော်လည်း ထိုအမျိုးသမီးက ဒေါသထွက်နေသော ကြောင်ရိုင်းတစ်ကောင်ကဲ့သို့ ပေါက်ကွဲလာလေသည်။ သူမက သူ့ကို အော်ဟစ်လိုက်လေသည်။
"နံစော်နေတဲ့ ပို့ဆောင်ရေးသမား...၊ ငါ ဘာလုပ်လုပ် နင့်အလုပ် မဟုတ်ဘူး...။ ပစ္စည်းပို့ပြီးရင် ထွက်သွားစမ်း ဒီနေရာမှာ လာပြီး မျက်စိနောက် နေနဲ့...။ နင် ဘာမှ နားလည်တာ မဟုတ်ဘူး...၊ နမ်းတယ်ဆိုတာ နိုင်ငံခြားမှာ သာမန် ယဉ်ကျေးမှု တစ်ခုပဲ နင် တကယ်ကို အရှက်မဲ့တာပဲ...။”
အမျိုးသမီးသည် လှပသော မိတ်ကပ်များကို လိမ်းခြယ်ထားသော်လည်း ယခုအချိန်တွင်မူ လျန်ထျန်းအပေါ် ရွံရှာမှုများ ပြည့်နှက်နေသည့် ရက်စက်သော နတ်ဆိုးတစ်ကောင်နှင့် တူနေလေသည်။ လျန်ထျန်း၏ ဝင်ရောက် စွက်ဖက်မှုက သူမ၏ ပျော်ရွှင်စရာ အချိန်လေးကို ဖျက်ဆီးလိုက်သကဲ့သို့ ဖြစ်နေပြီး သူမ၏ အပြုအမူများက နိုင်ငံခြားသားများအပေါ် ဖားယားမှုများဖြင့် ပြည့်နှက်နေလေသည်။
လျန်ထျန်းမှာ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ လူဖြူနိုင်ငံခြားသားက ထိုအမျိုးသမီး ကို ဖမ်းဆွဲကာ နှုတ်ခမ်းချင်း တေ့နမ်းလိုက်သည်ကိုသာ သူ စောင့်ကြည့်နေနိုင်တော့သည်။ သူတို့ နှစ်ကြိမ်တိုင် တိုင် နမ်းရှိုက်ခဲ့ကြပြီး လျှာများပင် ထုတ်လာကြသည်ကို သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဘေးမှ ကြည့်နေရသူ လျန်ထျန်းပင်လျှင် ရွံရှာမိလေသည်။ အနီးအနား တစ်နေရာ တွင် ပုန်းကွယ်ကာ ဤမြင်ကွင်းကို တွေ့မြင်လိုက်ရမည့် ချစ်သူအမျိုးသား၏ စိတ်အခြေအနေက မည်သို့ ရှိမည် ကို တွေးကြည့်ရုံမျှဖြင့်ပင် သိနိုင်ပေသည်။
ထင်သည့်အတိုင်းပင် အမျိုးသမီးနှင့် နိုင်ငံခြားသားတို့ ပြင်းပြစွာ ဖက်တွယ်နမ်းရှိုက်နေချိန်တွင် နောက်တစ်စက္ကန့် ၌ အမျိုးသားတစ်ဦးက တိုင်နောက်မှ ခုန်ထွက်လာပြီး သူတို့ထံ လျှောက်လာကာ ပြင်းထန်သော ဝမ်းနည်းပူဆွေး မှုဖြင့် အော်ဟစ်လိုက်လေတော့သည်။
"ဘယ်လို...၊ မင်း ငါ့ကို ဘယ်လိုများ ခုလို လုပ်ရက်ရတာလဲ...။ ငါ မင်းကို ဘယ်နေရာမှာများ စိတ်ပျက်အောင် လုပ်ခဲ့ဖူးလို့လဲ...။”
အော်ဟစ်သံကို ကြားသောအခါ အမျိုးသမီးက နိုင်ငံခြားသားထံမှ နောက်ဆုံးတွင် ခွာထွက်လိုက်လေသည်။ သူမ သည် ထိုအချိန်လေးကို အရသာခံနေဆဲဖြစ်သကဲ့သို့ မသိစိတ်ဖြင့် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်လေသည်။ မိမိ လိုချင်သောအရာကို ရသွားပြီဖြစ်သော လူဖြူနိုင်ငံခြားသားမှာ တာဝန်ယူရန် ဂရုမစိုက်တော့ဘဲ ချက်ချင်းပင် လစ်ထွက်သွားလေတော့သည်။
အမျိုးသမီးမှာ ခေတ္တမျှ ထိတ်လန့်သွားပြီးနောက် တကယ်ပင် တန်ပြန် အော်ဟစ်လိုက်လေသည်။
"နင်က ငါ့ကို အော်နေတာလား...၊ တကယ်ပဲ နင်က ငါ့ကို အော်ရဲတာလား...။”