← Chapters

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၉၉

ထိုည သန်းခေါင်ကျော် ၁၂ နာရီ ၁ မိနစ်အချိန်တွင်။

ထျဲလန်ယန်သည် အိပ်ရာမှထကာ ပိုင်ရန်ရန်၏ အခန်းဆီသို့ လျှောက်သွားခဲ့သည်။

သူမသည် ပိုင်ရန်ရန်၏ ပါးစပ်ထဲသို့ အဝတ်ထုပ်တစ်ထုပ် အတင်းထိုးထည့်ပြီး ခေါင်းကိုလည်း ဂုန်နီအိတ်ဖြင့် စွပ်ကာ အသေအလဲ ထုနှက်တော့သည်။

ပိုင်ရန်ရန် အိပ်ပျော်နေရာမှ လန့်နိုးလာပြီး အော်ဟစ်အကူအညီတောင်းရန် ပြင်လိုက်သော်လည်း မည်သည့်အသံမျှ ထွက်မလာခဲ့ပေ။

သူမ၏ မျက်နှာတစ်ခုလုံး တဘုန်းဘုန်းရိုက်ခံနေရသဖြင့် မျက်စိထဲတွင်လည်း ကြယ်လွှာများပင် လင်းလက်သွားသလို ခံစားလိုက်ရသည်။

အတန်ကြာ၍ ပိုင်ရန်ရန် ငြိမ်ကျသွားသည်ကို မြင်မှ ထျဲလန်ယန်က အိတ်ကို ဖယ်လိုက်သည်။

ပိုင်ရန်ရန်မှာတော့ သတိလစ်မေ့မြောသွားခဲ့ပြီ ဖြစ်သည်။

သူမ၏ သွယ်လျသော လည်ပင်းလေးကို ကြည့်ရင်း ထျဲလန်ယန်တစ်ယောက် လည်ပင်းကို ချိုးပစ်ချင်စိတ် ပေါက်သွားမိသည်။

ကံဆိုးချင်တော့... လူသတ်ဖို့အတွက် အချိန်ကောင်း မဟုတ်သေးပေ။

သူမနှင့် ပိုင်ရန်ရန်ကြား ရန်ငြိုးရှိသည်ကို လူတိုင်းသိထားကြသဖြင့် သူမကို သံသယမဝင်ဘဲ နေကြမည်မဟုတ်ပေ။

သတ်လို့မရမှတော့ သူမကို အနည်းငယ် ခံစားရအောင် လုပ်ရမည်။

ထျဲလန်ယန်သည် အသံနှစ်ချက်နှင့်အတူ ပိုင်ရန်ရန်၏ လက်မောင်းနှစ်ဖက်လုံးကို ချိုးပစ်လိုက်ပြီးမှ ကျေနပ်အားရစွာဖြင့် အခန်းထဲမှ ထွက်လာခဲ့သည်။

သူမ အခန်းသို့ ပြန်ရန် ပြင်စဉ်မှာပင် ပညာတတ်လူငယ်ဝင်းထဲမှ ခိုးကြောင်ခိုးဝှက် ထွက်သွားသော သန်မာထွားကြိုင်းသည့် လူရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။

ထျဲလန်ယန် ချက်ချင်းပင် နောက်ကနေ တိတ်တဆိတ် လိုက်သွားခဲ့သည်။

ထျဲလန်ယန်သည် သစ်ပင်ကြီးတစ်ပင်၏ နောက်ကွယ်တွင် အမြန်ပုန်းကွယ်ကာ ထိုလူသုံးဦး၏ စကားပြောသံကို ချောင်းနားထောင်နေလိုက်သည်။

ထိုအထဲမှ တစ်ယောက်က မေးလိုက်သည်။ "ဒီရက်ပိုင်း ဘာတွေစုံစမ်းရမိလဲ။ သတင်းအချက်အလက်တွေ များများရအောင်ယူ၊ ဒါမှ အမေရိကန်ဘက်က ကျေနပ်မှာ။"

ပညာတတ်လူငယ်ဝင်းထဲမှ ထွက်လာသော လူရိပ်က ခေါင်းခါပြကာ ပြောလိုက်သည်။ "မရသေးဘူး၊ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်သားတစ်ယောက် ငါတို့ကို လိုက်စုံစမ်းနေတယ်၊ အမိခံရမှာစိုးလို့ ငါဘာမှမလှုပ်ရှားရဲသေးဘူး။"

စစ်သားတစ်ယောက် ဟုတ်လား။

ထျဲလန်ယန် အံ့အားသင့်သွားရသည်၊ သူပြောနေတာ စုန့်ပိုင်ယွမ်ကို ပြောတာလား။

"မင်းကတော့ တကယ်ကို အသုံးမကျတာပဲ၊ အဲဒီစစ်သားကို သတ်ပစ်လိုက်ရုံပဲဥစ္စာ။" အခြားတစ်ယောက်က ဒေါသတကြီး ပြောခဲ့သည်။

ပညာတတ်လူငယ်ဝင်းမှ လူရိပ်က သက်ပြင်းချရင်း ပြောလိုက်သည်။ "ဒါပေမယ့် အဲဒီလူက အတော်လေး လက်ရည်ပြောင်ပြီး သတိလည်း အရမ်းကောင်းတယ်၊ ငါသူ့အနားကို ကပ်လို့တောင် မရဘူး။"

ပထမတစ်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။ "တခြားနည်းလမ်း လုံးဝမရှိတော့ဘူးလား။"

ပညာတတ်လူငယ်ဝင်းမှ လူရိပ် - "ရှိတော့ရှိတယ်၊ အချိန်နည်းနည်းတော့ လိုမယ်။ အခု ငါ အမျိုးသမီးပညာတတ်လူငယ်တစ်ယောက်နဲ့ ရင်းနှီးအောင် လုပ်နေတယ်၊ သူမက အဲဒီစစ်သား စိတ်ဝင်စားနေတဲ့သူနဲ့ အဆင်မပြေဘူး၊ အဲဒီမိန်းမကို သုံးပြီး ပြဿနာရှာဖို့ ငါစီစဉ်ထားတယ်။"

သစ်ပင်နောက်ကွယ်မှ ထျဲလန်ယန် ဒါကို ကြားလိုက်ရသောအခါ သူမ၏ မျက်ဝန်းများ ဝင်းပသွားသည်။

သူမ ထိုအသံကို သိသည်၊ ဟွမ်ဟဲပင်။

ဒါဆို သူက အမေရိကန်သူလျှိုပေါ့ ဟုတ်လား။

သတင်းအချက်အလက်တွေ ရဖို့အတွက် ပညာတတ်လူငယ်ဝင်းထဲမှာ တမင်ပုန်းအောင်းနေတာကိုး။

မထင်မှတ်ဘဲ သူက ရိုးအအပုံစံ ဟန်ဆောင်နေခဲ့တာပဲ။

ပိုင်ရန်ရန်ကတော့ သူမနောက်ကွယ်မှာ အလိုလိုက်မယ့် ငတုံးတစ်ယောက် ရှာတွေ့ပြီဆိုပြီး ဘဝင်မြင့်နေတာ၊ သူမကိုယ်တိုင် အသုံးချခံနေရတာကို မသိရှာဘဲ ဘယ်လိုသေရမှန်းတောင် သိမှာမဟုတ်ပေ။

ကောင်းပြီလေ... ပိုင်ရန်ရန်ကို ဘယ်လိုနှိမ်နင်းရမလဲလို့ တွေးနေတာ၊ အခုတော့ ပူစရာမလိုတော့ဘူး။

ရန်သူနဲ့ ပူးပေါင်းတဲ့အပြစ်ကတော့ "ကျည်ဆန်တစ်တောင့်ဆိုရင်ပဲ လုံလောက်ပြီ။"

မလှမ်းမကမ်းတွင် ထိုလူအချို့၏ စကားပြောသံများမှာ ပြီးဆုံးလုနီးပါး ဖြစ်လာခဲ့သည်။

ထျဲလန်ယန် ရိပ်မိသွားမည်စိုးသဖြင့် သူမ၏ နေရာလွတ်ထဲသို့ ချက်ချင်းဝင်ပုန်းလိုက်ပြီး အပြင်ဘက်တွင် အသံများ လုံးဝငြိမ်သက်သွားမှသာ ပြန်ထွက်လာခဲ့သည်။

နောက်တစ်နေ့ နံနက်တွင် ထျဲလန်ယန် စုန့်မိသားစုအိမ်သို့ သွားခဲ့သည်။

သူမကို မြင်သည်နှင့် စုန့်မိခင် ဟဲချွန်းဟွာက နွေးထွေးစွာ ကြိုဆိုတော့သည်။ "လန်ယန်လေး... မနက်စောစောစီးစီး ရောက်လာတာပဲ၊ ဘာကိစ္စရှိလို့လဲ၊ မနက်စာရော စားပြီးပြီလား။"

ထျဲလန်ယန် - "အဒေါ်... ကျွန်မ စုန့်ပိုင်ယွမ်နဲ့ စကားပြောချင်လို့ပါ၊ သူ နိုးပြီလားဟင်။"

ဟဲချွန်းဟွာ - "နိုးပြီအေ့၊ အခု ရေချိုးခန်းထဲမှာ ရေချိုးနေတယ်၊ မနေ့ညက ဘယ်တွေလျှောက်သွားနေလဲ မသိပါဘူး၊ တစ်ကိုယ်လုံး ရွှံ့တွေချည်းပဲ။"

ထျဲလန်ယန် မျက်ခုံးပင့်လိုက်မိသည်၊ စုန့်ပိုင်ယွမ် ယခုတစ်ခေါက် ပြန်လာတာ ရန်သူ့သူလျှိုကို လိုက်လံစုံစမ်းဖို့ ဖြစ်မည်ဟု သူမ ခန့်မှန်းမိလိုက်သည်။

သူက အမြဲတမ်း ပျောက်ပျောက်သွားပြီး ကပျာကယာ ဖြစ်နေတာ မဆန်းတော့ပေ။

မကြာမီမှာပင် စုန့်ပိုင်ယွမ် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ သူက ရေချိုးပြီးခါစဖြစ်၍ တစ်ကိုယ်လုံး လန်းဆန်းကာ ဆံပင်များလည်း စိုစွတ်နေသည်။

စုန့်ပိုင်ယွမ်သည် ခေါင်းငုံ့လျက် တဘက်ဖြင့် ဆံပင်များကို သုတ်နေရင်း မော့အကြည့်တွင် ထျဲလန်ယန်ကို မြင်လိုက်ရသဖြင့် မျက်ဝန်းများ ချက်ချင်းပင် တောက်ပသွားတော့သည်။

၁၀ မိနစ်ခန့် ကြာပြီးနောက်။

ထျဲလန်ယန်၏ စကားများကို ကြားရပြီးနောက် စုန့်ပိုင်ယွမ်၏ မျက်နှာမှာ တည်တံ့လေးနက်သွားကာ ပြောလိုက်သည်။ "မင်း တကယ်ပဲ မျက်စိမမှားဘူးဆိုတာ သေချာရဲ့လား။"

၎င်းသည် ရန်သူ့သူလျှိုနှင့် ပတ်သက်နေသဖြင့် သူအလွန်အမင်း သတိထားရခြင်း ဖြစ်သည်။

ထျဲလန်ယန် - "သေချာပါတယ်၊ ကျွန်မ တကယ် မြင်ခဲ့တာ။"

သူမ သူတို့စကားပြောတာကို ခိုးနားထောင်ရင်း တိတ်တဆိတ် လှမ်းကြည့်ခဲ့ခြင်းဖြစ်သည်။ ဟွမ်ဟဲဖြစ်တာ ကျိန်းသေသည်။

ထိုအချိန်က လရောင်က အတော်လေး သာနေသဖြင့် သူမ လုံးဝမျက်စိမမှားနိုင်ပါ။

"ကောင်းပြီ... ကျွန်တော် ဒါကို သိပြီ၊ ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်။"

စုန့်ပိုင်ယွမ်က အသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။ "ဒါပေမယ့် မင်း ဒါကို လျှို့ဝှက်ထားပေးဖို့ လိုမယ်၊ ရန်သူ ရိပ်မိမသွားစေနဲ့၊ ဟွမ်ဟဲရဲ့နောက်ကွယ်က ရန်သူ့ဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းပစ်ချင်လို့။"

ယခင်က သူဘာခြေရာခံမျှမရဘဲ နေ့တိုင်း တောထဲတောင်ထဲ အချိန်အကြာကြီး လိုက်ရှာနေခဲ့ရခြင်း ဖြစ်သည်။ ယခုတော့ လမ်းစနှင့် အကွက်ကောင်း ရသွားပြီဖြစ်ရာ များစွာ ပိုမိုလွယ်ကူသွားခဲ့ပြီပင်။

သူမကြာမီ တာဝန်ကို ပြီးမြောက်အောင်မြင်နိုင်တော့မည်ဟု ယုံကြည်နေသည်။

စုန့်ပိုင်ယွမ် - "တစ်ခုခု ဖြစ်လာရင်လည်း ကျွန်တော့်ကို ချက်ချင်း အကြောင်းကြားပါ၊ ကျွန်တော်ပဲ အကုန်ကိုင်တွယ်လိုက်မယ်။"

ထျဲလန်ယန် - "ကောင်းပါပြီ။"

သူမက ရက်စက်တတ်တဲ့ လူသတ်သမားတစ်ယောက် ဖြစ်ဖူးသော်လည်း တိုင်းပြည်ကို ချစ်တဲ့စိတ်တော့ ရှိသေးသည်။ တိုင်းပြည်ကို သစ္စာဖောက်ရဲမှတော့ ငရဲသွားဖို့သာ ပြင်ထားပေတော့။

ထျဲလန်ယန် ပညာတတ်လူငယ်ဝင်းသို့ ပြန်ရောက်သောအခါ ဝင်းတစ်ခုလုံး ကမောက်ကမ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

အကြောင်းရင်းမှာ ပိုင်ရန်ရန် နံနက်တွင် နိုးလာသောအခါ သူမ၏ မျက်နှာမှာ ဝက်ခေါင်းတစ်ခုလို ထုရိုက်ခံထားရပြီး လက်မောင်းနှစ်ဖက်လုံးလည်း ကျိုးနေသည်ကို သိလိုက်ရခြင်းကြောင့် ဖြစ်သည်။

သူမသည် စူးစူးဝါးဝါး အော်ဟစ်ငိုကြွေးသဖြင့် အားလုံး နိုးကုန်ကြရသည်။

"အစ်မယန် ယုံနိုင်မှာတောင်မဟုတ်ဘူး၊ ပိုင်ရန်ရန်ရဲ့ မျက်နှာက နာကျင်လွန်းလို့ တွန့်လိမ်နေတာ၊ ကျွန်တော် သူမကို အဲဒီလိုပုံစံ တစ်ခါမှ မမြင်ဖူးဘူး၊ တကယ် ကြောက်စရာကောင်းတယ်။"

ဝမ်ကျွင်းကျွင်းက ထျဲလန်ယန်အနားသို့ တိုးလာကာ ပြောပြရှာသည်။ "ဟူဟောင်က သူမပုံစံကို မြင်တော့ အမြန်ပဲလူလွှတ်ပြီး အသင်းခေါင်းဆောင်ကို သွားရှာခိုင်းတယ်၊ ပြီးတော့ သူမကို မြို့နယ်ဆေးခန်းကို ချက်ချင်း ပို့လိုက်ကြတယ်။"

ထျဲလန်ယန် - "ပိုင်ရန်ရန်က သူမကို ဘယ်သူရိုက်တယ်လို့ ပြောလဲ။"

"ပြောတယ်။"

ဝမ်ကျွင်းကျွင်းက နေရခက်စွာ ချောင်းဟန့်ရင်း သူမကို ကြည့်ကာ ပြောလိုက်သည်။ "သူမက အစ်မယန် လုပ်တာလို့ပဲ တောက်လျှောက် အော်ပြောနေတာ၊ အစ်မက သူမအပေါ် ရန်ငြိုးထားလို့တဲ့၊ ဒါပေမယ့် နောက်မှ ရဲဘော်ဟွမ်ဟဲက သူမနားနားမှာ တစ်ခုခု သွားပြောလိုက်တော့ သူမက ချက်ချင်း စကားပြောင်းသွားပြီး သူမ မှားသွားပါတယ်ဆိုပြီး ပြောတယ်၊ တကယ် ထူးဆန်းတယ်..."

ထျဲလန်ယန်၏ မျက်ဝန်းများ မှေးမှိန်သွားသည်၊ ကြည့်ရတာ ဟွမ်ဟဲတစ်ယောက် စတင်လှုပ်ရှားတော့မည့်အလားပင်။

သူမ ချက်ချင်းပင် စုန့်အိမ်သို့ တစ်ခေါက် ထပ်သွားခဲ့သော်လည်း စုန့်ပိုင်ယွမ် အပြင်ထွက်သွားပြီဖြစ်ကြောင်း စုန့်မိခင်က ပြောပြခဲ့သည်။

ထျဲလန်ယန် ပြန်ရောက်လာပြီးနောက် ဝမ်ကျွင်းကျွင်းက မြို့ထဲသွားမလားဆိုပြီး သူမနောက်သို့ တကောက်ကောက် လိုက်ပူဆာပြန်သည်။

"ကျွန်တော့်မှာ သကြားလက်မှတ် ရှိသေးတယ်၊ အရောင်းဆိုင်ကို သွားပြီး သကြားလုံး သွားဝယ်ရအောင်၊ ဒီနေ့ အားလပ်ရက်ပဲဥစ္စာ။"

ထျဲလန်ယန်သည် သူ၏ ခွေးလိမ္မာလေးလို ပြုံးနေသော မျက်နှာကို ကြည့်ကာ ရုတ်တရက် အကြံတစ်ခု ရသွားသည်။ "နင် သကြားလုံးဝယ်ပြီးရင် ငါတို့တွေ မြို့နယ်ဆေးခန်းကို သွားပြီး ပိုင်ရန်ရန်ဆီ လူမမာသတင်း သွားမေးကြမလား။"

ထျဲလန်ယန် ပခုံးတွန့်ပြလိုက်သည်။ "ငါ ပျင်းလို့ လိုက်ခဲ့တာလို့ပဲ သဘောထားလိုက်၊ နင် သွားမှာလား မသွားဘူးလား၊ တွန့်ဆုတ်တွန့်ဆုတ် လုပ်မနေနဲ့။"

ဝမ်ကျွင်းကျွင်း အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "သွားမယ်၊ သွားမယ်၊ ကျိန်းသေပေါက် လိုက်မှာပေါ့။"

သူ၏နှာခေါင်းက အလွန်အမင်း အနံ့ခံကောင်းလှသည်။

သူ အတင်းအဖျင်း သတင်းထူးတစ်ခု၏ အနံ့ကို ရနေပြီဖြစ်သည်။

အကြီးကြီးပဲ။

သူ ဒီလို စိတ်လှုပ်ရှားစရာ ပွဲကြီးကို လွတ်သွားလို့မဖြစ်ပေ၊ သွားကို သွားကြည့်ရမည်။

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၁၀၀

မြို့ထဲရောက်သော် ထျဲလန်ယန်နှင့် ဝမ်ကျွင်းကျွင်းတို့သည် အရောင်းဆိုင်သို့ အတူတူသွားခဲ့ကြသည်။

ဝမ်ကျွင်းကျွင်း - "အစ်မယန်... အစ်မက ပိုင်ကျစ်ချင်းအတွက် တကယ်ပဲ သကြားလုံးဝယ်ပေးမလို့လား။ အဲဒါထက် ဖရဲစေ့တို့ ဘာတို့ပဲ ဝယ်လိုက်ရင် မကောင်းဘူးလား။"

ထျဲလန်ယန် - "ကောင်းပြီလေ... ဖရဲစေ့တွေ အများကြီးဝယ်ခဲ့၊ ငါတို့က အဲဒါတွေကို ကိုက်စားပြမယ်၊ သူကတော့ ထိုင်ကြည့်နေရုံပေါ့။ ဘာပဲဖြစ်ဖြစ် သူ့လက်မောင်းနှစ်ဖက်လုံး ကျိုးနေတော့ မ တောင် မ မနိုင်ဘူးမလား။"

ဝမ်ကျွင်းကျွင်း - …

တကယ့်ကို ရက်စက်လှတဲ့ အတွေးပဲ။ အစ်မယန်ပီသပါပေတယ်၊ တကယ့်ကို မညှာတာတတ်ဘူး။

ဖရဲစေ့များ ဝယ်ပြီးနောက် ထိုနှစ်ဦးသည် မြို့နယ်ဆေးခန်းဆီသို့ ထွက်လာခဲ့ကြသည်။

ဆေးခန်းအဝင်ဝသို့ ရောက်သည်နှင့် ရင်းနှီးနေသော လူရိပ်တစ်ခုဖြစ်သည့် အမျိုးသားပညာတတ်လူငယ် ဟွမ်ဟဲကို လှမ်းမြင်လိုက်ရသည်။

ဝမ်ကျွင်းကျွင်း အံ့အားသင့်သွားခဲ့သည်။ "ဟိုမှာ ရဲဘော်ဟွမ်ဟဲပါလား၊ သူက ဘာလို့ဒီရောက်နေတာလဲ၊ သူလည်း ပိုင်ရန်ရန်ဆီ လူမမာလာမေးတာလား။ ဒါပေမယ့် သူတို့က ဘယ်တုန်းက ဒီလောက်တောင် ရင်းနှီးသွားကြတာလဲ။"

ထျဲလန်ယန် - "ဘာပဲဖြစ်ဖြစ် စကားတစ်ခွန်းမှ မပြောနဲ့၊ ငါ့နောက်ပဲ လိုက်ခဲ့။"

သူမ၏ တည်တံ့သော မျက်နှာပေးကို မြင်သဖြင့် ဝမ်ကျွင်းကျွင်း အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ။"

သူတို့နှစ်ဦးသည် ဟွမ်ဟဲ၏နောက်မှ တိတ်တဆိတ်လိုက်ရင်း ဆေးခန်း၏ အစွန်ဆုံးထောင့်ရှိ လူနာဆောင်တစ်ခုဆီသို့ ရောက်လာခဲ့ကြသည်။

လူနာဆောင်တံခါးမှာ ပိတ်ထားသဖြင့် ထျဲလန်ယန်သည် တံခါးဝတွင် နားကပ်ကာ အကဲခတ်ခဲ့သည်။ ဝမ်ကျွင်းကျွင်းလည်း သူမနည်းတူ လိုက်လုပ်သည်။

လူနာဆောင်အတွင်း၌မူ ပိုင်ရန်ရန်၏ လက်မောင်းနှစ်ဖက်လုံးမှာ ကျိုးနေပြီး ပတ်တီးများ စည်းထားသဖြင့် မလှုပ်ရှားနိုင်ဘဲ ဖြစ်နေသည်။

သူမ၏ မျက်ခုံးတန်းကြားတွင် နာကျင်မှုကြောင့် အားနည်းဖျော့တော့နေသည့် မိန်းမလှလေး ရှီးရှီကဲ့သို့ သနားစဖွယ် ပုံစံပေါက်နေသည်။

ဟွမ်ဟဲ အခန်းထဲသို့ ဝင်လာပြီး ထိုမြင်ကွင်းကို မြင်သောအခါ သူ၏မျက်ဝန်းများ ဝင်းပသွားပြီးနောက် ရိုးအအပုံစံ ချက်ချင်း ဟန်ဆောင်လိုက်သည်။

"ပိုင်ကျစ်ချင်း... ကျွန်တော် အပြင်က အရောင်းဆိုင်မှာ မင်းအတွက် ပစ္စည်းတချို့ သွားဝယ်လာတယ်၊ ဒီရက်ပိုင်း အကောင်းဆုံး အနားယူပါနော်။"

ဟွမ်ဟဲသည် သူယူဆောင်လာသော မုယောနို့မှုန့်ဘူးနှင့် ကိတ်မုန့်ထုပ်ကို ထုတ်ပြလိုက်သည်။

ပိုင်ရန်ရန်သည် ပထမတော့ ဝမ်းသာသွားသော်လည်း ချက်ချင်းပင် မေးခွန်းထုတ်လိုက်သည်။ "နင့်မှာ ဘယ်ကပိုက်ဆံရှိတာလဲ။ နင့်ပိုက်ဆံတွေအကုန် ထျဲလန်ယန်ကို ပေးလိုက်ရပြီ မဟုတ်ဘူးလား။"

ဟွမ်ဟဲ - "တခြားပညာတတ်လူငယ်တွေဆီကနေ ခဏချေးလာတာပါ။"

ပိုင်ရန်ရန်က နှုတ်ခမ်းကို ကိုက်လိုက်သည်။ "အားနာစရာကြီး၊ ရှင် ဒုက္ခခံလိုက်ရတာ၊ တကယ်ပဲ အကြွေးတွေ အများကြီး တင်သွားပြီ။"

ဟွမ်ဟဲက ဟန်ဆောင်ကာ အူကြောင်ကြောင် ရယ်မောရင်း ပြောလိုက်သည်။ "ရပါတယ်၊ ကျွန်တော်တို့တွေက တော်လှန်ရေးရဲဘော်တွေပဲဟာ၊ သူငယ်ချင်းအချင်းချင်း ကူညီတာ သဘာဝကျပါတယ်။"

ပိုင်ရန်ရန် ရှက်ပြုံးလေးဖြင့် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"

"မလိုပါဘူး။"

ဟွမ်ဟဲက ရုတ်တရက် သက်ပြင်းချကာ ပြောလိုက်သည်။ "ကျွန်တော် မင်းကို မကာကွယ်ပေးနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်မိတာပါ။"

ပိုင်ရန်ရန် - "ရှင် ကူညီတာ လုံလောက်ပါပြီ၊ အပြစ်တင်ချင်ရင်တော့ အဲဒီကောင်မ ထျဲလန်ယန်ကိုပဲ အပြစ်တင်ရမယ်။"

သူမကို ဘယ်သူရိုက်နှက်သွားလဲ မမြင်လိုက်ရသော်လည်း ထျဲလန်ယန်သာ ဖြစ်ရမည်ဟု သူမ တွေးထားသည်။

အကြောင်းမှာ ပညာတတ်လူငယ်ဝင်းတစ်ခုလုံးတွင် သူမနှင့် ရန်ငြိုးရှိသူမှာ ထျဲလန်ယန်တစ်ယောက်တည်းသာ ရှိသောကြောင့်ဖြစ်သည်။

"ဒီမနက် ရှင်ပြောတော့ ထျဲလန်ယန်ကို နှိမ်နင်းဖို့ နည်းလမ်းရှိတယ်ဆို၊ ကျွန်မကိုလည်း ဘာမှမပြောဘဲ ငြိမ်ငြိမ်နေခိုင်းထားပြီးတော့... အဲဒီအစီအစဉ်က ဘာလဲ။"

ပိုင်ရန်ရန်၏ စိတ်ထဲတွင် ကလဲ့စားချေလိုစိတ်များဖြင့် ပြည့်နှက်နေသည်၊ သူမ အလကားသက်သက် အထိခိုက်ခံနိုင်မည် မဟုတ်ပေ။

"ကျွန်တော်... ကျွန်တော့်မှာ နိုင်ငံခြားစာအုပ်တချို့ ရနိုင်မယ့်နည်းရှိတယ်... အဲဒါကို ထျဲလန်ယန်ရဲ့ ခေါင်းအုံးအောက်မှာ သွားဝှက်ထားပြီး... သူမကို သူလျှိုဆိုပြီး တိုင်လို့ရတယ်။"

ဟွမ်ဟဲက ရိုးသားဟန်ဆောင်ကာ စကားထစ်လျက် ပြောလိုက်ပြီး မျက်နှာတစ်ခုလုံး နီမြန်းနေသည်။ "ဒါပေမယ့် ဒီနည်းလမ်းက နည်းနည်းတော့ ရက်စက်ရာကျတယ်၊ အစိုးရက စုံစမ်းလို့သာ မိသွားရင် ထျဲလန်ယန်တစ်ယောက် ထောင်ကျသွားနိုင်တယ်..."

"ရက်စက်တယ်ပြောရရင် ထျဲလန်ယန်က ပိုရက်စက်သေးတယ်။"

ပိုင်ရန်ရန် စိတ်လှုပ်ရှားစွာဖြင့် တိုက်တွန်းလေတော့သည်။ "ရှင်ပြောတဲ့နည်းလမ်းက အရမ်းကောင်းတယ်၊ ကျွန်မအတွက် အဲဒီစာအုပ်တွေကို မြန်မြန်သွားရှာပေး။"

ထျဲလန်ယန်သာ အဖမ်းခံရရင် စုန့်ပိုင်ယွမ်က သူမအပေါ် စိတ်ပျက်သွားမှာ သေချာသည်။ အဲဒီအချိန်ကြမှ သူမက ကြားထဲက ဝင်ပါပြီး စုန့်ပိုင်ယွမ်ကို သိမ်းသွင်းရုံပင် ဖြစ်သည်။

ပိုင်ရန်ရန်သည် အလှကြီး တွေးတောနေသော်လည်း ဟွမ်ဟဲ၏ မျက်ဝန်းထဲမှ လှောင်ပြုံးကိုမူ လုံးဝသတိမထားမိခဲ့ပေ။

ဟွမ်ဟဲ - "စိတ်မပူပါနဲ့၊ မနက်ဖြန်မနက်ကြရင် ကျွန်တော် မှောင်ခိုဈေးကိုသွားပြီး လူရှာလိုက်မယ်၊ မင်း ဆေးရုံကဆင်းတာနဲ့ ချက်ချင်း စတင်လှုပ်ရှားလို့ရပြီ။"

ပိုင်ရန်ရန် - "ကောင်းပြီ။"

ထိုခေတ်က သစ်သားတံခါးများမှာ အသံလုံခြင်းမရှိသဖြင့် အတွင်းမှ ပြောသမျှစကားများကို အပြင်ဘက်မှ အတိုင်းသား ကြားနေရသည်။

ဟွမ်ဟဲနှင့် ပိုင်ရန်ရန်တို့ ထျဲလန်ယန်ကို ထောင်ချောက်ဆင်ရန် ကြံစည်နေသည်ကို ကြားလိုက်ရသောအခါ ဝမ်ကျွင်းကျွင်း၏ မျက်ဝန်းများတွင် ဒေါသမီးလျှံများ တောက်လောင်လာခဲ့သည်။

သူက တံခါးကိုကန်ကျောက်ပြီး အခန်းထဲ ဝင်ချသွားရန် ပြင်လိုက်စဉ်မှာပင် ထျဲလန်ယန်က သူ့ကို လှမ်းတားလိုက်သည်။ "ရှူး... အသံမထွက်နဲ့၊ ငါ့နောက်လိုက်ခဲ့။"

သူတို့နှစ်ဦး ဆေးခန်းအပြင်ဘက် တိတ်ဆိတ်သော ထောင့်တစ်နေရာသို့ ရောက်သည်အထိ မည်သည့်စကားမျှ မပြောဘဲ ထွက်လာခဲ့ကြသည်။

ဝမ်ကျွင်းကျွင်းက မအောင့်နိုင်တော့ဘဲ ပြောလိုက်သည်။ "အစ်မယန်... စောစောက ကျွန်တော့်ကို ဘာလို့တားတာလဲ။ ကျွန်တော် အဲဒီကောင်စုတ် ဟွမ်ဟဲကို ဆွဲထိုးပစ်ချင်လို့။"

ထိုရွံရှာဖွယ်ကောင်းသော ဟွမ်ဟဲသည် ပုံမှန်ဆိုလျှင် ရိုးရိုးအေးအေးလေးသာ နေတတ်သော်လည်း စိတ်ထားကမူ ယုတ်မာကောက်ကျစ်လှသည်။

ဒါက ရိုးရိုးနောက်ပြောင်တာ မဟုတ်ဘူး၊ တကယ်လို့ သူတို့ ထောင်ချောက်ဆင်တာ အောင်မြင်သွားရင် အစ်မယန်ရဲ့ ဘဝတစ်ခုလုံး ပျက်စီးသွားလိမ့်မည်။

ထျဲလန်ယန်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "နင် စောစောက ငါ့အစီအစဉ်တွေကို ဖျက်ဆီးမိတော့မလို့ သိရဲ့လား။ ငါနင့်ကို စိတ်မလောဖို့ ပြောထားတယ်မလား။"

ဝမ်ကျွင်းကျွင်းသည် ဟွမ်ဟဲက ရန်သူ့သူလျှိုဖြစ်မှန်း မသိပေ၊ ထျဲလန်ယန်ကလည်း သူ့ကို ပြောပြရန် ဆန္ဒမရှိပေ။

ဝမ်ကျွင်းကျွင်းက စကားများပြီး လျှို့ဝှက်ချက်မလုံတတ်သဖြင့် သူ့ကို မပြောပြဘဲ ထားခြင်းက ပိုကောင်းသည်။

ထို့အပြင် စုန့်ပိုင်ယွမ်ကလည်း လိုက်လံစုံစမ်းနေဆဲဖြစ်ရာ ရန်သူရိပ်မိသွားပြီး အပေါင်းအပါများ ထွက်ပြေးကုန်လျှင် ဒုက္ခလှလိမ့်မည်။

သူမအနေဖြင့် စုန့်ပိုင်ယွမ်ကို လျှို့ဝှက်ထားပေးမည်ဟု ကတိပေးထားခဲ့သည်။

ထျဲလန်ယန် - "သူတို့ ငါ့ကို ထောင်ချောက်ဆင်ဖို့ ကြံနေတာ ငါသိပြီးသားမို့လို့ စိတ်မလှုပ်ရှားနဲ့တော့။"

အဓိကအချက်မှာ ဝမ်ကျွင်းကျွင်း၏ စိတ်ကို အရင်ဆုံး ငြိမ်သက်အောင် လုပ်ဖို့ဖြစ်သည်။

"ငါ့မှာ နည်းလမ်းရှိပြီးသားမို့လို့ နင်ဘာမှဝင်လုပ်စရာမလိုဘူး၊ ထိုင်ကြည့်နေရုံပဲ။"

ဝမ်ကျွင်းကျွင်း - "တကယ်လား၊ ကျွန်တော့်အကူအညီ လုံးဝမလိုဘူးပေါ့။"

"ငါ စုန့်ပိုင်ယွမ်ကို သွားရှာလိုက်မယ်။"

ထျဲလန်ယန် မျက်ခုံးပင့်လိုက်မိသည်။"နင်က စုန့်ပိုင်ယွမ်ထက် ပိုတော်တယ်လို့ ထင်လို့လား။"

ဝမ်ကျွင်းကျွင်းက အူကြောင်ကြောင် ပြုံးလိုက်သည်။ "အစ်ကိုစုန့်က ပိုတော်တာပေါ့၊ သူက တပ်ရင်းမှူးပဲဥစ္စာ၊ လက်ရည်ကလည်း အလွန်ကောင်းတာ။"

ထျဲလန်ယန် - "ဒါဆိုရင် ပြီးတာပဲ၊ အခု နင်လုပ်ရမှာက ပါးစပ်ပိတ်ထားဖို့ပဲ၊ ဘာမှမသိသလို ဟန်ဆောင်နေ၊ ကြားလား။"

ဝမ်ကျွင်းကျွင်း ခေါင်းအမြန်ညိတ်လိုက်သည်။ "စိတ်ချပါ အစ်မယန်၊ ကျွန်တော် ဘာမှလျှောက်မပြောဘူးလို့ ကတိပေးပါတယ်။"

ထျဲလန်ယန် - "ကောင်းပြီ၊ ဒါဆို ပြန်ကြစို့။"

ဝမ်ကျွင်းကျွင်းက ဖရဲစေ့ထုတ်ကို မြှောက်ပြကာ ပြောလိုက်သည်။"ဒါဆို ဒီဖရဲစေ့တွေကိုတော့..."

ထျဲလန်ယန် - "လမ်းဘေးခွေးတွေကို ကျွေးပစ်လိုက်၊ ပိုင်ရန်ရန်ကိုတော့ အလကားတောင် မပေးနိုင်ဘူး။"

ဝမ်ကျွင်းကျွင်း - "အမ်။"

ထျဲလန်ယန် ရယ်မောလိုက်သည်။ "နောက်တာပါ၊ နင့်ဘာသာနင်ပဲ သိမ်းထားပြီး စားလိုက်။"

ဝမ်ကျွင်းကျွင်း - …

ဒါဆို အစ်မယန်က သူ့ကို ခွေးနဲ့နှိုင်းလိုက်တာလား။

ထျဲလန်ယန်နှင့် ဝမ်ကျွင်းကျွင်းတို့ ရွာသို့ ပြန်ရောက်လာကြသည်။ စုန့်ပိုင်ယွမ်မှာ ရွာသို့ပြန်ရောက်နေပြီဖြစ်ပြီး ပညာတတ်လူငယ်ဝင်းအဝင်ဝတွင် စောင့်ဆိုင်းနေခဲ့သည်။ ထျဲလန်ယန်ကို မြင်သည်နှင့် သူ ချက်ချင်း အနားသို့ တိုးလာခဲ့သည်။

"အမေက ပြောတယ်... မင်း စောစောက ကိုယ့်ကို လာရှာတယ်ဆို။"

ထျဲလန်ယန် - "ဟုတ်တယ်၊ တခြားတိတ်ဆိတ်တဲ့နေရာမှာ သွားပြောရအောင်။"

ထိုနှစ်ဦးသည် တိတ်ဆိတ်သော လမ်းကလေးတစ်ခုသို့ လျှောက်သွားခဲ့ကြသည်။ ထျဲလန်ယန်က သူမ မြို့နယ်ဆေးခန်းတွင် ကြားခဲ့ရသမျှကို စုန့်ပိုင်ယွမ်အား အကုန်ပြောပြလိုက်သည်။

စကားအဆုံးတွင် စုန့်ပိုင်ယွမ်၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့သည်။

All Chapters