← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အပိုင်း ၉၁

"ထျဲလန်ယန်... နင် လျှောက်ပြောမနေနဲ့၊ ပြဿနာရှိနေတာက နင်ပဲ။"

ကျန်းကျစ်ချင်းသည် ဒေါသအလွန်ထွက်နေသည်။

အခန်းထဲရှိ ကျန်လူများမှာလည်း လုံးဝ ကြောင်အသွားကြသည်။

နေပါဦး... ထျဲလန်ယန်နဲ့ ကျန်းကျစ်ချင်းတို့က ဘာလို့ ရန်ဖြစ်နေကြတာလဲ။

ကျန်းကျစ်ချင်းမှာ ဝင်းထဲတွင် စိတ်ထားကောင်းပြီး ပျော်ပျော်နေတတ်သူအဖြစ် လူသိများသော စီနီယာတစ်ဦး ဖြစ်သဖြင့် သူမ ယခုကဲ့သို့ ဒေါသထွက်နေသည်မှာ အံ့သြစရာပင် ဖြစ်နေသည်။

ဟူဟောင်က အမြန်ပင် ကြားဝင်ဖျန်ဖြေခဲ့သည်။ "ကျန်းကျစ်ချင်း... ဘာဖြစ်လို့လဲ။ အေးအေးဆေးဆေး ပြောကြပါ၊ အားလုံးဝိုင်းပြီး ဖြေရှင်းပေးပါ့မယ်။"

ဟန်ခယ်အာ ရှိစဉ်က ပြဿနာခဏခဏရှာပြီး ဝင်းတစ်ခုလုံးကို ရှုပ်ပွအောင် လုပ်ခဲ့ဖူးသဖြင့် ယခုတစ်ဖန် ရန်ပွဲထပ်ဖြစ်မည်ကို သူ အမှန်တကယ် စိုးရိမ်နေမိသည်။

ကျန်းကျစ်ချင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "ထျဲလန်ယန်ကိုပဲ ရှင်းခိုင်းလိုက်၊ သူမ ဘာလုပ်ခဲ့လဲဆိုတာ သူမကိုယ်တိုင် သိမှာပါ။"

ထျဲလန်ယန်မှာ ဝေခွဲမရဖြစ်နေသည်။ "ကြည့်ရတာ နင်က မျက်စိကန်းရုံတင်မကဘူး၊ ရူးတောင် ရူးနေပြီထင်တယ်၊ ငါကိုယ်တိုင်တောင် ငါဘာလုပ်မိလဲ မသိတာကို နင်ကတော့ အကုန်သိနေသလိုပဲနော်။"

ကျန်းကျစ်ချင်းက ပြန်ပြောသည်။ "နင်က ငြင်းချင်သေးတာလား၊ ငါ့မျက်စိနဲ့ အသေအချာကြီးကို မြင်ခဲ့တာ။"

ထျဲလန်ယန်သည် သူမ၏ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ဘုန်းခနဲ မြည်အောင် ချလိုက်သည်။ "ဘာမြင်လိုက်တာလဲ။ ဒါပေမယ့် နင်က ဘာသက်သေမှမရှိဘဲ ကောလာဟလတွေ လျှောက်ဖြန့်နေတာ၊ အဲဒါကို နင်ကိုယ်တိုင် ရှင်းပြရမယ်။"

ပိုင်ရန်ရန်မှာ မျက်လုံးလေးများ လှုပ်သွားပြီး အမြန်ပင် ကြားဝင်လာသည်။ "ထျဲ... နင် သန်မာတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် အစ်မကျန်းကို အခုလိုမျိုးတော့ ခြိမ်းခြောက်လို့ မရဘူးလေ။"

"အစ်မကျန်းက ပွင့်ပွင့်လင်းလင်း နေတတ်သူဆိုတာ လူတိုင်းသိပါတယ်၊ တကယ်လို့ သူမက တစ်ခုခု မှားပြောမိတယ်ဆိုရင်လည်း သူမကိုယ်စား ငါပဲ တောင်းပန်ပါတယ်။"

ဤသို့ပြောလိုက်ခြင်းက ပိုင်ရန်ရန်ကို စိတ်ထားကောင်းသူအဖြစ် ပေါ်လွင်စေပြီး ထျဲလန်ယန်ကိုတော့ သေးသိမ်သောသူကဲ့သို့ ဖြစ်သွားစေသည်။

သူမဘက်မှ ကာကွယ်ပေးသော ပိုင်ရန်ရန်ကို ကျန်းကျစ်ချင်းက ကျေးဇူးတင်သွားသည်။ "ရန်ရန်... ကျေးဇူးပဲ၊ ငါ့ဘာသာငါပဲ ကိုင်တွယ်လိုက်ပါ့မယ်။"

သူမသည် ထျဲလန်ယန်ဘက်သို့ ပြန်လှည့်ကာ ရွံရှာသော မျက်နှာပေးဖြင့် ပြောလိုက်သည်။ "ထျဲလန်ယန်... နင်က သူများရည်းစားကို မြူဆွယ်ဖို့ အားမနာတမ်း ကြိုးစားနေပြီးတော့မှ အခုထိ အပြစ်ကင်းသလို ဟန်ဆောင်နေတုန်းပဲလား။"

ထိုစကားများ သူမပါးစပ်မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် လက်ဖက်ရည်ခွက်တစ်ခွက်သည် သူမ၏ ခေါင်းဆီသို့ လွင့်ပျံလာတော့သည်။

ချက်ချင်းဆိုသလိုပင် ကျန်းကျစ်ချင်း၏ နဖူးပေါ်တွင် ဖူးယောင်သောအညိုအမည်းကွက် ပေါ်လာသည်။

"ထျဲလန်ယန်၊ နင် ငါ့ကို ရိုက်ရဲတယ်ပေါ့။"

ကျန်းကျစ်ချင်းသည် သူမ၏နဖူးကို အုပ်ကာ ထျဲလန်ယန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ထျဲလန်ယန် ပြန်ပြောသည်။ "ငါက ဘာလို့ မရိုက်ရမှာလဲ။ နင်က ဘာသက်သေမှမရှိဘဲ မုသားတွေ လျှောက်ဖြန့်နေတာ၊ နင် ငါ့ကို ရှင်းပြချက် ပေးရမယ်။"

အခြေအနေကို အကဲခတ်ပြီးနောက် ဤကိစ္စ၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ မည်သူဖြစ်ကြောင်း ထျဲလန်ယန် ရိပ်မိသွားသည်။

ဒါဟာ အရိပ်ထဲမှာ ပုန်းအောင်းပြီး လှည့်ဖြားကြံစည်တတ်တဲ့ ပိုင်ရန်ရန်ပဲ ဖြစ်ရမည်။

ပိုင်ရန်ရန်မှာ အတ္တကြီးသူဖြစ်ပြီး စုန့်ပိုင်ယွမ်ကို သူမ၏ ပိုင်ဆိုင်မှုဟု သတ်မှတ်ထားပုံရသည်။

ထို့ကြောင့် ထျဲလန်ယန်နှင့် စုန့်ပိုင်ယွမ်တို့ လမ်းလျှောက်နေသည်ကို သူမ မြင်သောအခါ ကျန်းကျစ်ချင်းကို မရေမရာ စကားများဖြင့် သွေးထိုးပေးလိုက်ခြင်း ဖြစ်လိမ့်မည်။

ထို့နောက် ကျန်းကျစ်ချင်း၏ တရားမျှတမှုစိတ်ဓာတ်ကို အသုံးချခဲ့တာပင်။

"ကျန်းကျစ်ချင်း... နင်ကတော့ သူများခိုင်းဖက် အသုံးချခံနေရတာပဲ၊ တကယ့်ကို တုံးလွန်းတယ်။"

ထျဲလန်ယန်သည် ထိုကဲ့သို့ နုံအသူမျိုးကို သည်းမခံနိုင်ပေ။

သူမ မတ်တပ်ရပ်ကာ ကျန်းကျစ်ချင်းထံ လျှောက်သွားပြီး စိုက်ကြည့်လိုက်သည်။ "ကဲ ပြောလေ... ငါ သူများရည်းစားကို ဘယ်လို မြူဆွယ်လဲဆိုတာ အားလုံးကို ပြောပြလိုက်လေ၊ အကုန်ပြောစမ်း။"

ကျန်းကျစ်ချင်းမှာ ကျောချမ်းသွားခဲ့သည်။ "နင် ခုနက တပ်ရင်းမှူးစုန့်နဲ့ အပြင်သွားတာ လူတိုင်းမြင်တာပဲ၊ နင် ငြင်းချင်သေးတာလား။"

ထျဲလန်ယန် ပြန်ပြောလိုက်သည်။ "ဟုတ်တယ်၊ စုန့်ပိုင်ယွမ်နဲ့ ငါက သူငယ်ချင်းတွေပဲ၊ ငါတို့တွေ စကားပြောဖို့ အပြင်သွားတာ နင်နဲ့ ဘာဆိုင်လို့လဲ။"

ကျန်သည့်သူများကလည်း ထောက်ခံကြသည်။ "ဟုတ်ပါတယ်၊ ဒါက ဘာမှ မဟုတ်ပါဘူး။"

ထိုခေတ်အခါက ပတ်သက်မှုများမှာ တင်းကျပ်သော်လည်း သူတို့မှာ သူငယ်ချင်းအဖြစ် စကားပြောခြင်းသာ ဖြစ်သဖြင့် မလျော်ကန်သည်မှာ ဘာမျှမရှိပေ။

အားလုံး၏ ဇဝေဇဝါမျက်နှာများကို မြင်သောအခါ ကျန်းကျစ်ချင်း ပျာယာခတ်သွားကာ ပြောလိုက်သည်။ "ဒါပေမယ့် တပ်ရင်းမှူးစုန့်မှာ ရည်းစားရှိတယ်လေ၊ ထျဲလန်ယန်က သူ့အနား အတင်းကပ်နေတာဟာ မရိုးသားတဲ့ ရည်ရွယ်ချက် ရှိလို့ပဲ။"

ထျဲလန်ယန် နှာခေါင်းရှုံ့လိုက်သည်။ "စုန့်ပိုင်ယွမ်မှာ ရည်းစားရှိတယ်ဆိုတာ နင် ဘယ်လိုသိတာလဲ၊ အဲဒါ ဘယ်သူလဲ။"

"ငါ ဘယ်လိုသိလဲဆိုတော့... ငါက..."

ကျန်းကျစ်ချင်း စကားပြောရန် ပြင်လိုက်သော်လည်း ပိုင်ရန်ရန်က အသံကျယ်ကျယ်ဖြင့် ကြားဖြတ်ပြောလိုက်သည်။ "အစ်မကျန်း... ဘာမှ ဆက်မပြောပါနဲ့တော့၊ တပ်ရင်းမှူးစုန့်က တော်တော်လေး စည်းကမ်းကြီးတဲ့သူဆိုတော့ သူ့အကြောင်း ကောလာဟလတွေ ပြန့်နေတာကို သူ ကြိုက်မှာမဟုတ်ဘူး။"

"ဒီမိုက်မဲတဲ့ မိန်းမ။" ပိုင်ရန်ရန် တွေးလိုက်သည်။ "ငါ့အကြောင်း ထည့်မပြောဖို့ ပြောထားတာကို သူမက ပြန်ဖော်တော့မလို့၊ တကယ်ကို အသုံးမကျတာ။"

ပိုင်ရန်ရန်၏ ကြားဖြတ်ပြောဆိုမှုကြောင့် ကျန်းကျစ်ချင်းမှာ သတိဝင်လာပြီး သူမ၏ အမှားကို သိသွားသည်။ "ဩော်... ဟုတ်သားပဲ၊ ငါ မှားသွားတာ ဖြစ်မှာပါ..."

သူမသည် ပိုင်ရန်ရန်၏ သတိပေးမှုကို ကျေးဇူးတင်မိသည်၊ မဟုတ်လျှင် သူမ အမှန်တရားကို လွှတ်ခနဲ ပြောမိတော့မည် ဖြစ်သည်။

ထျဲလန်ယန်က အေးစက်စွာ ရယ်မောလိုက်သည်။ "ရယ်ရတယ်နော်၊ အမှားတစ်ခုတည်းနဲ့ အရာအားလုံးကို ပြီးစလွယ် လုပ်လို့ရမလား။ ခုနကတော့ တကယ်ကြီးလိုလိုနဲ့၊ ငါ့ရဲ့ နာမည်ဂုဏ်သတင်းကို ထိခိုက်အောင် လုပ်ခဲ့တာကို နင် ဘယ်လို ပြန်ပေးဆပ်မလဲ။"

ကျန်းကျစ်ချင်း ပြောလိုက်သည်။ "နင်လည်း ငါ့ကို ခွက်နဲ့ ရိုက်ပြီးပြီပဲ၊ အဲဒါနဲ့ပဲ ကျေလိုက်ကြရအောင်။"

ထျဲလန်ယန် ခြိမ်းခြောက်လိုက်သည်။ "အဲဒါနဲ့ မလုံလောက်ဘူး၊ နင်က မုသားတွေနဲ့ ကောလာဟလတွေ ဖြန့်နေတာ၊ ငါ နင့်ကို ရဲစခန်းမှာ တိုင်ပြီး အဖမ်းခံခိုင်းမယ်။"

ရဲစခန်းဟူသော စကားကြောင့် ကျန်းကျစ်ချင်း ထိတ်လန့်သွားခဲ့သည်။ "ထျဲလန်ယန်... ငါ စကားလေး နည်းနည်း ပြောမိရုံတင်ပါ၊ တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ။"

ထျဲလန်ယန် ပြောလိုက်သည်။ "ခွင့်မလွှတ်နိုင်ဘူး၊ နင့်တောင်းပန်မှုက စိတ်မပါဘူး။"

ကျန်းကျစ်ချင်း အံကြိတ်လိုက်သည်။ "ဒါဆို နင် ဘာလိုချင်တာလဲ။"

ထျဲလန်ယန်က ပြောသည်။ "ဒီလိုလုပ်... ငါတို့တွေ လယ်ကွင်းထဲ အလုပ်ဆင်းတဲ့အခါ ငါ့ကိုယ်စား တစ်ပတ်တိတိ အလုပ်လုပ်ပေးရမယ်။"

"ဘာ။" ကျန်းကျစ်ချင်း၏ မျက်နှာ ဖြူလျော်သွားသည်။

"ထျဲလန်ယန်... နင်က ဘာလို့ ဒီလောက် ရက်စက်ရတာလဲ။ ငါ့အလုပ်နဲ့တင် ငါ ပင်ပန်းလှပြီ၊ နင့်ကို ကူညီဖို့ အချိန်မရှိဘူး။"

ထျဲလန်ယန် ပြန်ပြောလိုက်သည်။ "ကောင်းပြီလေ၊ နင် သဘောမတူရင်လည်း ငါ ရဲတိုင်မယ်၊ ရဲတွေကတော့ ငါ့အတွက် တရားမျှတမှု ရှာပေးမှာ သေချာတယ်။"

ကျန်းကျစ်ချင်းက အသနားခံသည်။ "တခြား နည်းလမ်းနဲ့ လဲလို့မရဘူးလား။"

"မရဘူး။" ထျဲလန်ယန်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

"ထျဲလန်ယန်... နင်ကလည်း တအား ဖိအားပေးလွန်းတာပဲ၊ ငါတို့တွေ အားလုံးက ပညာတတ်လူငယ်တွေပဲ၊ တစ်ယောက်ကိုတစ်ယောက် ကူညီသင့်တာ မဟုတ်ဘူးလား။" ပိုင်ရန်ရန်က သူတော်စင်လေးအယောင်ဆောင်ပြီး ကြားဝင်လာပြန်သည်။

"ဩော်... ငါက လူကောင်းမှ မဟုတ်တာ၊ နင်ကသာ လူကောင်းဆိုရင် ကျန်းကျစ်ချင်းကိုယ်စား နင်ပဲ အလုပ်လုပ်ပေးလိုက်လေ၊ ငါကတော့ ဘာမှမဖြစ်ဘူး။"

ထျဲလန်ယန်၏ စကားကြောင့် ပိုင်ရန်ရန်၏ သူတော်စင်လုပ်ကွက်မှာ ချက်ချင်း ပျက်သွားတော့သည်။

သူမသည် စကားဖြင့် ဟန်ဆောင်ရန် ဝါသနာပါသော်လည်း သူတစ်ပါးအတွက် တကယ် အလုပ်လုပ်ပေးရမည့်အထိတော့ မမိုက်ပေ။

သို့သော် ကျန်းကျစ်ချင်းက ထိုစကားကို အတည်မှတ်သွားကာ ပြောလိုက်သည်။ "ဟုတ်တယ် ပိုင်ရန်ရန်... ကျေးဇူးပြုပြီး ငါ့ကို ကူညီပါဦး၊ ငါတို့နှစ်ယောက် အတူလုပ်ရင် ပိုမြန်မှာပါ။"

ဘာပဲဖြစ်ဖြစ် သူမသည် ပိုင်ရန်ရန်အတွက် ရှေ့ထွက်ပေးခဲ့လို့ အခုလို ဖြစ်ရခြင်းဖြစ်သဖြင့် ပိုင်ရန်ရန်တွင် တာဝန်ရှိသည်ဟု သူမ ခံစားရသည်။

"အစ်မကျန်း... ကျွန်မ မနေ့က ခြေကျင်းဝတ် နည်းနည်း အဆစ်လွဲသွားလို့ပါ၊ အလုပ်အများကြီး မလုပ်နိုင်ဘူး ဖြစ်နေတယ်။" ပိုင်ရန်ရန်က နှုတ်ခမ်းကိုကိုက်ကာ မတတ်သာသည့်ပုံစံ ဟန်ဆောင်လိုက်သည်။

ဤသို့လုပ်ဆောင်ခြင်းက ကျန်းကျစ်ချင်းကိုသာ အဓိပ္ပာယ်မရှိ တောင်းဆိုနေသူကဲ့သို့ ဖြစ်သွားစေသည်။

"ကျန်းကျစ်ချင်း... ကိုယ်စိုက်တာ ကိုယ်ရိတ်ရတာပဲ၊ နင့်ပြဿနာကို ဘာလို့ သူများဆီ လွှဲချနေတာလဲ။" တစ်စုံတစ်ဦးက ပြောသည်။

ကျန်သူများကလည်း ခေါင်းညိတ်ကြသည်။ "ဟုတ်တယ်၊ နင့်ကိစ္စမှာ ပိုင်ရန်ရန်ကို ဆွဲမထည့်နဲ့၊ နင်လုပ်တာ နင် တာဝန်ယူရမှာပေါ့။"

သက်သေမရှိဘဲ ကောလာဟလဖြန့်ခဲ့သည်မှာ သူမ၏ အမှားပင် ဖြစ်သည်။ လူတိုင်းသာ ထိုသို့လုပ်ကြလျှင် အရာအားလုံး ရှုပ်ထွေးကုန်လိမ့်မည်။

အပယ်ခံလိုက်ရသဖြင့် ကျန်းကျစ်ချင်းမှာ အလွန်အမင်း စိတ်ပျက်သွားသည်။ သူမသည် ပိုင်ရန်ရန်ကို အားကိုးတကြီး ကြည့်လိုက်သော်လည်း

"ရန်ရန်... ကျေးဇူးပြုပြီး ကူညီပါဦး..."

ပိုင်ရန်ရန် မျက်နှာလွှဲလိုက်သည်။ "စိတ်မကောင်းပါဘူး အစ်မကျန်း၊ ကျွန်မ မကူညီနိုင်ဘူး။"

ထိုအခိုက်အတန့်တွင် ကျန်းကျစ်ချင်းသည် ရုတ်တရက် နောင်တရသွားသည်။

သူမသည် ဘာကြောင့်များ စိတ်လိုက်မာန်ပါ လုပ်ပြီး ပိုင်ရန်ရန်အတွက် ရှေ့ထွက်ပေးခဲ့မိပါလိမ့်။

သူမသာ ဒဏ်ရာရခဲ့ပြီး ပိုင်ရန်ရန်ကတော့ ဘာမှမဖြစ်ဘဲ လွတ်မြောက်နေသည်။

ဖြစ်နိုင်သည်မှာ စုန့်ပိုင်ယွမ်သည် ပိုင်ရန်ရန်ကို တကယ် စိတ်မဝင်စားခြင်း ဖြစ်လိမ့်မည်။ မဟုတ်လျှင် သူ၏ တုံ့ပြန်မှုမှာ ထိုမျှ အေးစက်နေမည် မဟုတ်ပေ။

အကယ်၍ ထိုသို့သာဆိုလျှင် ပိုင်ရန်ရန်သည် လိမ်လည်နေခြင်းဖြစ်ပြီး သူမကို အသုံးချခဲ့ခြင်းသာ ဖြစ်လိမ့်မည်။

ဒါကို သိလိုက်ရသောအခါ ကျန်းကျစ်ချင်းသည် သူမကိုယ်သူမ သူတစ်ပါး လှည့်စားခြင်းခံရသော အရူးတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။

ကံမကောင်းစွာဖြင့် ပိုင်ရန်ရန်နှင့် စုန့်ပိုင်ယွမ်တို့၏ ပတ်သက်မှုမှာ မည်သို့ရှိသည်ကို သူမ ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။ အခုမှ ရှင်းပြရန် ကြိုးစားလျှင်လည်း လူများက သူမ ဒေါသထွက်၍ လျှောက်ပြောနေသည်ဟုသာ ထင်ကြလိမ့်မည်။

"ငါက တကယ်ကို အရူးပဲ။"

ကျန်းကျစ်ချင်းသည် သူမကိုယ်သူမ တိုးတိုးလေး ကျိန်ဆဲလိုက်ပြီးနောက် ခေါင်းညိတ်လိုက်ရတော့သည်။ "ကောင်းပြီလေ၊ ငါ သဘောတူတယ်။"

ကျန်းကျစ်ချင်း သဘောတူလိုက်သည်ကို မြင်သောအခါမှ ပိုင်ရန်ရန် သက်ပြင်းချနိုင်တော့သည်။

တော်သေးတာပေါ့၊ သူမကိုယ်သူမ ဖော်မိတော့မလို့။

နောင်တွင် ပို၍ တော်သော အပေါင်းအဖော်များကို ရှာရန် လိုအပ်မည်ဟု သူမ တွေးလိုက်သည်။ လူနုံများကို အသုံးချခြင်းမှာ မိမိကိုယ်ကို ပြန်ထိခိုက်စေနိုင်သည်။

ဟန်ခယ်အာလည်း မရှိတော့သလို ကျန်းကျစ်ချင်းကလည်း အသုံးမကျတော့ပေ။ နောက်တစ်ခါ ဘယ်သူ့ကို အသုံးချရပါ့မလဲ။

ပိုင်ရန်ရန်၏ မျက်ဝန်းများမှာ အခြားပညာတတ်လူငယ်များ၏ မျက်နှာကို တစ်ချက်ဖတ်ကြည့်လိုက်ရာ ရိုးသားအေးဆေးပုံရသော အမျိုးသား ပညာတတ်လူငယ် ဟွမ်ဟဲ၏ မျက်နှာပေါ်တွင် ရပ်တန့်သွားသည်။

ဟွမ်ဟဲသည် သူမ သူ့ကို ကြည့်နေသည်ကို တွေ့သောအခါ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး အမြန်ပင် ခေါင်းငုံ့လိုက်ရှာသည်။

ပိုင်ရန်ရန် ပြုံးလိုက်သည်။ သူ သူမကို စိတ်ဝင်စားနေသည်ကို သူမ သိသည်။ အရင်ကတော့ သူမ သူ့ကို စိတ်မဝင်စားခဲ့သော်လည်း ယခုတော့ သူ့ကို အသုံးချနိုင်ပြီ ဖြစ်သည်။

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၉၂

စုန့်မိသားစု၏အိမ်တွင်၊

စုန့်ပိုင်ယွမ်၏ မိခင် ဟဲချွန်းဟွာမှာ ဝင်းထဲ၌ အဝတ်လျှော်နေသည်။

စုန့်ပိုင်ယွမ် ပြန်လာသည်ကို မြင်သဖြင့် သူမလက်ကို ခါးစည်းမှာသုတ်ပြီး အမြန်ထကာ ပြောလိုက်သည်။"ပိုင်ယွမ်... ပြန်လာပြီလား၊ ဘယ်လိုလဲ၊ ထျဲလန်ယန်နဲ့ တွေ့ခဲ့လား။"

မြေပြင်ပေါ်တွင် ကျောက်ခဲလေးများနှင့် ဆော့နေသော စုန့်ရွှယ်ကလည်း ပြေးလာကာ ပြောလိုက်သည်။"ကိုကြီး... အစ်မယန်နဲ့ ဘယ်တော့ လက်ထပ်မှာလဲ၊ ဒါမှ ညီမလေး အတူဆော့ဖို့ လူရှိမှာ။"

စုန့်ပိုင်ယွမ် - .....

အိမ်ကို နည်းနည်းနောက်ကျမှ ပြန်လာခဲ့ရင် ကောင်းမှာဟု သူ တွေးလိုက်မိသည်။

သူသည် နောက်ဆုံးတွင် သူတို့၏ မေးခွန်းများကို လွှဲရှောင်လိုက်နိုင်သည်။ "အဆင်ပြေပါတယ်၊ အလျင်မလိုပါဘူး၊ သူမက ငယ်သေးတာပဲ။"

ဟဲချွန်းဟွာ ပြောလိုက်သည်။ "ငယ်သေးတာတော့ သိပါတယ်၊ ဒါပေမယ့် တစ်ခုခု အတည်ဖြစ်အောင် လုပ်ထားသင့်တယ်၊ တခြားလူက အရင်ဦးသွားရင် ဘယ်လိုလုပ်မလဲ။"

"ဒီတစ်ခါရော ဘယ်လောက်ကြာကြာ နေမှာလဲ၊ ဒီအခွင့်အရေးကို လက်လွတ်မခံနဲ့ဦးနော်။"

စုန့်ပိုင်ယွမ် ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါတယ်။"

သူ အခုလို ရုတ်တရက် ပြန်လာခြင်းမှာ တကယ်တော့ အားလပ်ရက် အပန်းဖြေရန် မဟုတ်ပေ။ ခရိုင်အတွင်း၌ ရန်သူ့သူလျှိုတစ်ဦး ရှိနေကြောင်း အထက်လူကြီးများထံမှ အကြောင်းကြားစာ ရရှိထားခြင်းကြောင့် ဖြစ်သည်။

သူသည် ထိုကိစ္စကို စုံစမ်းစစ်ဆေးရန် သီးသန့် ပြန်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤတာဝန်မှာ လျှို့ဝှက်ချက် ဖြစ်သဖြင့် မိခင်နှင့် ညီမကို ပြောပြ၍ မရပေ။ ထို့ကြောင့် လောလောဆယ်တွင် မရေမရာသာ ဖြေကြားခဲ့ရတော့သည်။

.....

ပညာတတ်လူငယ်ဝင်းသို့ ပြန်ရောက်ရောက်ချင်း ထျဲလန်ယန်သည် အခြေအနေကို ရှင်းပြရန် ကျန်းကျစ်ချင်းအား တပ်ဖွဲ့ခေါင်းဆောင်ထံသို့ အတင်းဆွဲခေါ်သွားခဲ့သည်။

သူ့ကို ကြိုတင်အကြောင်းကြားထားရန် အရေးကြီးသည်၊ မဟုတ်လျှင် နောက်ပိုင်းတွင် ရှင်းပြရခက်ခဲလိမ့်မည်။

"တပ်ဖွဲ့ခေါင်းဆောင်... ဖြစ်ပုံက ဒီလိုပါ..."

ထျဲလန်ယန်သည် ကျန်းကျစ်ချင်း၏ ကောင်းသောလုပ်ဆောင်ချက်များကို အမြန်ပင် ပြန်ပြောပြပြီးနောက် ဖြေရှင်းမည့်နည်းလမ်းကို အကြမ်းဖျင်း တင်ပြလိုက်သည်။ "တောင်းပန်တဲ့အနေနဲ့ ကျန်းကျစ်ချင်းက ကျွန်မကိုယ်စား တစ်ပတ်တိတိ အလုပ်လုပ်ပေးဖို့ ဆုံးဖြတ်ထားပါတယ်၊ နေ့လယ်စာစားဖို့လည်း အလုပ်နားမှာမဟုတ်သလို ညတိုင်း ၉ နာရီအထိ လုပ်ပေးမှာပါ၊ အဲဒါဆိုရင်တော့ သူမရဲ့ အပြစ်အတွက် လုံလောက်တဲ့ ပြန်ပေးဆပ်မှု ဖြစ်မှာပါ။"

တပ်ဖွဲ့ခေါင်းဆောင် - .....

သူမ အတည်ပြောနေတာလား။

နေ့ရောညပါ အလုပ်လုပ်ရလျှင် ထိုရက်ပိုင်းအပြီး၌ လူရုပ်ပင် ပေါက်တော့မည်မဟုတ်ပေ။

ဒါက တကယ့်ကို ခေါင်းခဲစရာ ပြဿနာပင်။

ဒီပညာတတ်လူငယ်တွေက ဘာလို့ တစ်ရက်ခြားတစ်ခါ ပြဿနာရှာနေကြတာလဲ။ သူလည်း ဆံပင်တွေ ကျွတ်ကုန်တော့မည်။

"ထျဲလန်ယန်... မင်း စိတ်ဆိုးတာကို ငါနားလည်ပါတယ်၊ ဒါပေမယ့် ကျန်းကျစ်ချင်းရဲ့ ကျန်းမာရေးကိုလည်း ထည့်တွက်ဦးလေ၊ အလုပ်ပင်ပန်းပြီး ဖျားနာသွားရင် မကောင်းဘူးမဟုတ်လား။"

ထျဲလန်ယန် ပြန်ပြောလိုက်သည်။ "အဲဒါ သူမအပိုင်းပဲလေ၊ သူများအကြောင်းကို လျှောက်ပြီး မဟုတ်မတရား မစွပ်စွဲသင့်တာ။"

ကျန်းကျစ်ချင်းသည် မျက်နှာတစ်ခုလုံး နီမြန်းလျက် ခေါင်းငုံ့ကာ ပြောလိုက်သည်။ "တပ်ဖွဲ့ခေါင်းဆောင်... ကျွန်မ မှားသွားပါတယ်၊ ပြစ်ဒဏ်ကို လက်ခံပါတယ်။"

"ကဲ... ဒါဆိုလည်း မင်းတို့ဘာသာမင်းတို့ပဲ ညှိနှိုင်းလိုက်ကြတော့၊ လယ်ကွင်းထဲက အလုပ်တွေကိုတော့ မထိခိုက်စေနဲ့။"

အပြန်လမ်းတွင် ကျန်းကျစ်ချင်းက ရုတ်တရက် ပြောလိုက်သည်။ "တောင်းပန်ပါတယ်။"

ထျဲလန်ယန် လမ်းလျှောက်နေရာမှ ရပ်ကာ သူမကို လှည့်ကြည့်လိုက်သည်။

ကျန်းကျစ်ချင်းက ဆက်ပြောသည်။ "ငါ အလျင်စလို ကောက်ချက်ချပြီး နင့်ကို မထိခိုက်စေသင့်ဘူး၊ ငါ မှားသွားပါတယ်။"

ထျဲလန်ယန်က ခွင့်လွှတ်သည် မလွှတ်သည်ကို မပြောဘဲ နှာခေါင်းရှုံ့ရုံသာ တုံ့ပြန်ခဲ့ပြီး သူမ၏ သဘောထားမှာ အရင်အတိုင်း အေးစက်နေဆဲပင် ဖြစ်သည်။

အမှန်တော့ ကျန်းကျစ်ချင်းမှာ လူဆိုးတစ်ယောက် မဟုတ်ပေ။ ပိုင်ရန်ရန်၏ လှည့်စားမှုကို ခံလိုက်ရခြင်းသာ ဖြစ်သည်။

သို့သော် အမှားသည် အမှားသာဖြစ်ပြီး မိမိလုပ်ရပ်အတွက် ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။

ပညာတတ်လူငယ်ဝင်းသို့ ပြန်ရောက်သောအခါ ကျန်းကျစ်ချင်းသည် အိမ်ထဲသို့အဝင် အပြင်ထွက်ရန် ပြင်နေသော ပိုင်ရန်ရန်နှင့် တိုးမိတော့သည်။

ပိုင်ရန်ရန်မှာ စိတ်မသက်မသာဖြစ်သွားခဲ့သည်။ "အစ်မကျန်း..."

ကျန်းကျစ်ချင်းက သူမကို လျစ်လျူရှုကာ အိမ်ထဲသို့ တန်းဝင်သွားခဲ့သည်။

ပိုင်ရန်ရန်၏ မျက်နှာ ညှိုးမှိန်သွားပြီး ဝင်းထဲသို့ ထွက်လာခဲ့သည်။

ရိုးသားအေးဆေးသော အမျိုးသား ပညာတတ်လူငယ် ဟွမ်ဟဲမှာ အိမ်တံစက်မြိတ်အောက်တွင် စောင့်ဆိုင်းနေနှင့်ပြီ ဖြစ်သည်။

ပိုင်ရန်ရန်ကို မြင်သောအခါ သူသည် ရင်ခုန်သလိုလို တုန်လှုပ်သလိုလိုဖြင့် ပြောလိုက်သည်။ "ပိုင်... ပိုင်ကျစ်ချင်း၊ ဘာကိစ္စရှိလို့လဲဗျ။"

ပိုင်ရန်ရန်က သူမ၏ နွေးထွေးသော အပြုံးလေးဖြင့် ပြောလိုက်သည်။ "ဘာမှမရှိပါဘူး၊ ရဲဘော်ဟွမ်က စီချွမ်ကလို့ ကြားလို့ပါ၊ စိတ်ဝင်စားလို့ အဲဒီအကြောင်းလေး ပြောပြပေးနိုင်မလား။"

"ရတာပေါ့။"

ဟွမ်ဟဲ ချက်ချင်း တက်ကြွသွားခဲ့သည်။ "ကျွန်တော်တို့ဆီမှာ ထူးခြားတဲ့ ဒေသထွက် အစားအစာတွေ အများကြီး ရှိတယ်။ ပြီးတော့ အစပ်လည်း အရမ်းကြိုက်ကြတယ်..."

ဟွမ်ဟဲက မရပ်မနား ပြောပြနေပြီး ပိုင်ရန်ရန်က ပြုံးလျက် နားထောင်ကာ တစ်ခါတရံမှသာ စကားထောက်ပေးသည်။ သူတို့ နာရီဝက်ခန့် စကားပြောဖြစ်ခဲ့ကြသည်။

ဟွမ်ဟဲ လည်ချောင်းခြောက်လာသည်ကို မြင်သောအခါ ပိုင်ရန်ရန်က စာနာထောက်ထားစွာဖြင့် ရေအေးတစ်ခွက် ကမ်းပေးလိုက်သည်။ "ရေသောက်လိုက်ပါဦး၊ လည်ချောင်း အေးသွားတာပေါ့။"

ဆောင်းတွင်းအလယ်ခေါင်တွင် ရေအေးသောက်ရသည်မှာ မခံမရပ်နိုင်စရာ ဖြစ်သည်။

သို့သော် ဟွမ်ဟဲမှာ အအေးဒဏ်ကို လုံးဝ မခံစားရတော့ဘဲ ကြည်နူးပီတိဖြစ်နေသည်။ "ကျေးဇူးတင်ပါတယ် ပိုင်ကျစ်ချင်း၊ မင်းက တကယ် စိတ်သဘောထား ကောင်းတာပဲ။"

ထိုချီးမွမ်းစကားကြောင့် ပိုင်ရန်ရန် ရှက်သွေးဖြာသွားဟန်ဖြင့် ပြောလိုက်သည်။ "ဟွမ်ကျစ်ချင်းလည်း လူကောင်းတစ်ယောက်ပါပဲ၊ အရမ်းလည်း ကြိုးစားတာလေ၊ ကျွန်မက ဟွမ်ဟဲနဲ့ သူငယ်ချင်း အမြဲဖြစ်ချင်ခဲ့တာ၊ အဲဒါ သဘောတူရဲ့လားဟင်။"

ဟွမ်ဟဲက ကပျာကယာ ခေါင်းညိတ်ပြလိုက်သည်။ "တူတာပေါ့၊ သဘောတူတာပေါ့။"

သူ့မျက်နှာတစ်ခုလုံး ရဲတက်လာပြီး နားရွက်များပင် နီမြန်းသွားတော့သည်။

ပိုင်ရန်ရန်၏ အပြုံးမှာ ပို၍ ကြီးမားသွားခဲ့သည်။

သူမ အသုံးချနိုင်မည့် နောက်ထပ်လူတစ်ယောက် ရပြီဟု ထင်ရသည်။

….

ထိုညတွင် ပညာတတ်လူငယ်များ၏ ဝန်း နံရံကို အနက်ရောင်ပုံရိပ် တစ်ခု ကျော်တက်သွားခဲ့သည်။

နှစ်နာရီကြာပြီးနောက် ထိုလူရိပ်သည် ခိုးကြောင်ခိုးဝှက်ဖြင့် ပြန်ဝင်လာခဲ့သည်။

ပညာတတ်လူငယ်ဝင်းတစ်ခုလုံး တိတ်ဆိတ်နေသဖြင့် မည်သူမျှ သတိမထားမိလိုက်ကြပေ။

….

နောက်တစ်နေ့မနက်တွင် ထျဲလန်ယန် စောစောနိုးကာ ကိုယ်လက်သန့်စင်ပြီး ရွာထိပ်သို့ ထွက်လာခဲ့သည်။

စုန့်ပိုင်ယွမ်မှာ ထိုနေရာတွင် စောင့်ဆိုင်းနေနှင့်ပြီ ဖြစ်သည်။

သူက ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော ထုပ်ပိုးမှုကို ကမ်းပေးရင်း ပြောလိုက်သည်။ "အမေက ကိုယ်တို့တွေ ခရိုင်ထဲသွားမယ်ဆိုတာ သိလို့၊ မင်း မနက်စာ မစားရသေးမှာကို စိုးရိမ်ပြီး ကြက်သွန်မြိတ် ပန်ကိတ်တွေ လုပ်ပေးလိုက်တယ်၊ မြည်းကြည့်ပါဦး။"

ထျဲလန်ယန်က သူ့ကို ကျေးဇူးတင်စကားဆိုကာ အထုပ်ကို ဖြည်လိုက်ရာ ကြီးမားပြီး မွမွကြွပ်ကြွပ် ကြက်သွန်မြိတ် ပန်ကိတ် သုံးချပ် ပေါ်လာသည်။ ၎င်းတို့မှာ အလွန် မွှေးကြိုင်လှသည်။

သူမ တစ်ကိုက် ကိုက်လိုက်သည်နှင့် မျက်လုံးများ ဝင်းပသွားခဲ့သည်။ "အရသာရှိလိုက်တာ။"

သူမ အရသာရှိရှိ စားနေသည်ကို ကြည့်ပြီး စုန့်ပိုင်ယွမ်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "မင်း ကြိုက်တယ်ဆိုရင် နောက်တစ်ခေါက်ကြ အမေ့ကို ပိုလုပ်ခိုင်းလိုက်မယ်။"

ထျဲလန်ယန် လက်ယမ်းပြလိုက်သည်။ "ရပါတယ်၊ ဒီပန်ကိတ်တွေက ဆီများတယ်၊ တစ်ခါတလေ စားတာက အဆင်ပြေပေမယ့် အများကြီးစားရင် အီသွားလိမ့်မယ်။"

သူမ စကားမှာ တစ်ဝက်ခန့် မှန်ပါသည်၊ သူမ သူ့အပေါ် အခွင့်ကောင်း မယူလိုခြင်းလည်း ပါဝင်သည်။

ထိုနေ့တွင် ရွာက အလုပ်နားရက်ဖြစ်သဖြင့် မြို့သို့တက်မည့်သူ အများအပြား ရှိနေသည်။

ရွာမှ သက်ကြီးအမျိုးသမီးတစ်စု ရောက်လာပြီး ထျဲလန်ယန်နှင့် စုန့်ပိုင်ယွမ်တို့ အတူရပ်နေသည်ကို သိချင်စိတ်ဖြင့် စပ်စုကြသည်။ "ရှောင်စုန့်... နင်က ထျဲလန်ယန်နဲ့ သိတာလား။ နှစ်ယောက်သား မြို့ကို အတူတူ သွားကြမလို့လား။"

စုန့်ပိုင်ယွမ် ပြန်ဖြေရန် ပြင်လိုက်သော်လည်း ထျဲလန်ယန်က အမြန်ပင် ကြားဖြတ်ပြောလိုက်သည်။ "ကျွန်မတို့တွေက အဲလောက် မရင်းနှီးပါဘူး၊ လမ်းမှာ တိုက်တိုက်ဆိုင်ဆိုင် ဆုံလို့ စကားစမြည် ပြောနေတာပါ။"

ရွာက မိန်းမကြီးများမှာ အတင်းအဖျင်း ပြောရာတွင် နာမည်ကြီးသဖြင့် သူမ သူတို့၏ ပါးစပ်ဖျားတွင် ရေပန်းစားမည့်အဖြစ်ကို မလိုလားပေ။

စုန့်ပိုင်ယွမ်၏ မျက်ဝန်းများ မှေးမှိန်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။

နွားလှည်းပေါ်တွင် လူအလွန်ကျပ်သဖြင့် စကားမပြောဖြစ်ဘဲ ငြိမ်သက်စွာ လိုက်ပါခဲ့ကြသည်။

မြို့သို့ ရောက်၍ လှည်းပေါ်မှ ဆင်းသောအခါ သူတို့နှစ်ဦးလုံး စကားမဆိုဘဲ ဘတ်စ်ကားဂိတ်ဆီသို့ ဦးတည်လျှောက်လှမ်းခဲ့ကြသည်။

အတန်ကြာ လမ်းလျှောက်ပြီးနောက် ထျဲလန်ယန် ရပ်လိုက်ပြီး စုန့်ပိုင်ယွမ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ရှင်က ခြေထောက်လည်း ရှည်ရဲ့သားနဲ့ ဘာလို့ ဒီလောက် နှေးနှေးလျှောက်နေတာလဲ။ မြန်မြန်လုပ်၊ မဟုတ်ရင် နောက်တစ်ခေါက်လာမယ့် ကားကို လွတ်သွားလိမ့်မယ်။"

စုန့်ပိုင်ယွမ် ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပါပြီ။"

သူသည် ခြေလှမ်းကျဲကြီးများဖြင့် အရှိန်မြှင့်ကာ ထျဲလန်ယန်၏ ရှေ့သို့ ချက်ချင်းပင် ကျော်တက်သွားတော့သည်။

ထျဲလန်ယန် - .....

"ငါ လိုက်မှာပဲ၊ ငါ့ခြေထောက်တွေလည်း ရှည်တာပဲဟာ။"

All Chapters