အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၉၃
ခရိုင်မြို့ထဲသို့ ရောက်သောအခါ ထျဲလန်ယန်သည် အချိန်ပိုရှိသေးသည်ကို တွေ့သဖြင့် သူငယ်ချင်းတစ်ယောက်နှင့် တွေ့ရန်ရှိကြောင်း ပြောလိုက်သည်။ "ရှင် ကုန်စုံဆိုင်ဘက် သွားပြီး လျှောက်ကြည့်နေလိုက်လေ၊ ၁၁ နာရီခွဲကြရင် နိုင်ငံပိုင်စားသောက်ဆိုင်မှာ ဆုံကြမယ်၊ ဟုတ်ပြီလား။"
စုန့်ပိုင်ယွမ်က ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ၊ မင်းကိစ္စရှိတာ သွားလုပ်နှင့်ပါ။"
သူ့တွင်လည်း လုပ်စရာကိစ္စအချို့ ရှိနေသည်။
သူတို့နှစ်ဦး လမ်းခွဲကာ မတူညီသော လမ်းကြောင်းများသို့ ဦးတည်လျှောက်လှမ်းသွားကြသည်။
နာရီဝက်ခန့် ကြာပြီးနောက် ထျဲလန်ယန်သည် လမ်းကြားလေးတစ်ခုထဲသို့ ကွေ့ဝင်ကာ သူမ၏ နေရာလွတ်ထဲသို့ ဝင်လိုက်သည်။ အဝတ်အစားများကို အမြန်လဲလှယ်ပြီးနောက် ဆေးရုံအနီးရှိ အိမ်ဝင်းလေးတစ်ခုဆီသို့ သွားခဲ့သည်။
"ဒေါက်... ဒေါက်။"
သူမ တံခါးခေါက်လိုက်ရာ တံခါးမှာ ချက်ချင်းဆိုသလို ပွင့်လာသည်။
သူမကို မြင်မြင်ချင်းပင် တံခါးဖွင့်ပေးသူက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ "အစ်မနန်၊ ရောက်လာပြီပဲ။"
သူကတော့ မျောက်ပျင်းပင် ဖြစ်သည်။
တစ်လကျော်အတွင်းမှာတင် သူ အများကြီး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အရင်က ဖာထေးရာများဖြင့် စုတ်ပြတ်သတ်နေသော အဝတ်အစားများကို ဝတ်ဆင်ခဲ့သော်လည်း ယခုအခါ အသစ်စက်စက် အနက်ရောင် ဂွမ်းခံအင်္ကျီကို ဝတ်ဆင်ထားသည်။ ငှက်သိုက်ကဲ့သို့ ရှုပ်ပွနေသော ဆံပင်များကို ကတုံးကေညှပ်ထားပြီး ပိန်လှီညှိုးနွမ်းနေသော မျက်နှာမှာလည်း အနည်းငယ် ပြည့်ဖြိုးလာသည်။
"အစ်မနန်... ရေနွေးကြမ်း သောက်ပါဦး။"
မျောက်ပျင်းသည် ရေနွေးပူပူတစ်ခွက်ကို အမြန်ငှဲ့ကာ သူမထံ ရိုရိုသေသေ ကမ်းပေးလိုက်သည်။
သူ ရရှိခဲ့သော ပြောင်းလဲမှုအားလုံးမှာ အစ်မနန်ကြောင့် ဖြစ်သဖြင့် သူမကို ကောင်းကောင်းမွန်မွန် ပြုစုရမည်။
"အစ်မနန်... ဟီး... သကြားလုံး။"
ငတုံးဥမှာ အပြင်မှ ပြန်ရောက်လာချိန်နှင့် တိုက်ဆိုင်နေသည်။ ထျဲလန်ယန်ကို မြင်သောအခါ သူ စုပ်နေသည့် တစ်ဝက်ကျန် သကြားလုံးလေးကို စိတ်အားထက်သန်စွာဖြင့် လှမ်းပေးလေသည်။
ထျဲလန်ယန် - .....
"ရပါတယ်... နင်ပဲ စားလိုက်ပါ။"
"ဟီး... ဟုတ်ကဲ့..."
ငတုံးဥက သကြားလုံးကို ပါးစပ်ထဲ အမြန်ပြန်ထည့်ကာ ပျော်ပျော်ရွှင်ရွှင် စုပ်နေတော့သည်။
အမာရွတ်လျိုမှာ မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေခြင်းဖြစ်သည်။ ထျဲလန်ယန် ရောက်နေသည်ကို ကြားသောအခါ သူ ဝမ်းသာအားရ ထွက်လာခဲ့သည်။ "အစ်မနန်... နေ့လယ်စာ စားပြီးပြီလား။ ကျွန်တော်တို့တွေနဲ့အတူ စားပါလား၊ မနေ့ကတင် ကြက်ဥတချို့ ဝယ်ထားတာဆိုတော့ ကြက်ဥကြော် လုပ်စားကြတာပေါ့။"
ထျဲလန်ယန် ပြောလိုက်သည်။ "မစားတော့ပါဘူး၊ နိုင်ငံပိုင်စားသောက်ဆိုင်မှာ ချိန်းထားတာ ရှိလို့၊ ဒီနေ့က စာရင်းအင်းတွေ လာစစ်တာ။"
လွန်ခဲ့သော တစ်လကျော်က ထျဲလန်ယန်သည် သူတို့အတွက် အိမ်လေးတစ်လုံး ငှားပေးခဲ့ပြီး မှောင်ခိုဈေးကွက်တွင် အရောင်းအဝယ် လုပ်ခိုင်းခဲ့သည်။
မှောင်ခိုဈေးကွက်၏ ခေါင်းဆောင် လောင်ဝမ်နှင့် အရောင်းအဝယ်ဖြစ်ရုံတင်မက သူမသည် သူတို့ကို ကုန်ပစ္စည်းများပေးကာ မှောင်ခိုဈေး၌ ကိုယ်တိုင်ရောင်းချစေပြီး ရွှေ၊ ငွေ၊ ရတနာများနှင့် ရှေးဟောင်းပစ္စည်းများကိုပါ စုဆောင်းခိုင်းခဲ့သည်။
သူမသည် သူတို့ကို ကုန်ပစ္စည်း နှစ်ကြိမ်တိုင်တိုင် ထောက်ပံ့ပေးခဲ့သော်လည်း ငွေကြေးများကို မသိမ်းရသေးပေ။ ယခုတစ်ခေါက်တွင်တော့ လာရောက်သိမ်းဆည်းခြင်း ဖြစ်သည်။
"ကောင်းပါပြီ။"
အမာရွတ်လျိုက ငတုံးဥကို မီးဖိုချောင်တွင် မီးကြည့်ခိုင်းထားပြီး မျောက်ပျင်းကို စာရင်းစာအုပ် သွားယူခိုင်းလိုက်သည်။
သူသည် ထျဲလန်ယန်နှင့်အတူ စာရင်းများကို တစ်ခုချင်းစီ အသေးစိတ် စစ်ဆေးခဲ့သည်။
လောင်ဝမ်နှင့် နှစ်ကြိမ်တိုင် အရောင်းအဝယ် ပြုလုပ်ခဲ့ရာမှ စုစုပေါင်း ယွမ် ၅၇၈၀၀ ခန့် ရရှိခဲ့သည်…
"ပြီးတော့ မှောင်ခိုဈေးမှာ ကိုယ်တိုင်ရောင်းလို့ ရတဲ့ငွေက ၁၀၀၀ ယွမ်လောက် ရှိပါတယ်၊ ရွှေ၊ ငွေ၊ ရတနာတွေနဲ့ ရှေးဟောင်းပစ္စည်းတွေ ထည့်ထားတဲ့ သေတ္တာ လေးငါးလုံးလည်း စုဆောင်းမိထားပါတယ်။"
ထျဲလန်ယန် ခေါင်းညိတ်လိုက်သည်။ "မဆိုးဘူး၊ စာရင်းတွေကို သေသေချာချာ မှတ်ထားတာပဲ၊ နောက်ကြရင် ကုန်ပစ္စည်းတွေ ထပ်ပို့ပေးမယ်၊ လာမယ့်ရက်ပိုင်းတွေမှာတော့ နင်တို့ အလုပ်ရှုပ်ကြဦးမယ်။"
အမာရွတ်လျိုက အမြန်ပင် လက်ယမ်းပြလိုက်သည်။ "ဘာမှ ပြဿနာမရှိပါဘူး၊ အစ်မနန်အတွက် အလုပ်လုပ်ရတာ ကျွန်တော်တို့တွေ ပျော်ပါတယ်၊ အစ်မနန်က ကျွန်တော်တို့အသက်ကို ကယ်တင်ခဲ့ပြီး စားစရာနဲ့ နေစရာ ပေးခဲ့တာပဲလေ၊ ကျွန်တော်တို့အသက်ကို စွန့်ခိုင်းရင်တောင် လုပ်ရဲပါတယ်။"
ထျဲလန်ယန် ပြောလိုက်သည်။ "အဲဒါတွေ မလိုပါဘူး၊ အလုပ်ကို ကြိုးကြိုးစားစားလုပ်၊ နောက်ဆို ငါနဲ့အတူ ကောင်းကောင်းမွန်မွန် နေထိုင်ရမှာပါ။"
အမာရွတ်လျိုနှင့် မျောက်ပျင်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်ဝန်းများတွင် စိတ်ပိုင်းဖြတ်ထားသည့် အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။ "ဟုတ်ကဲ့ပါ။"
သူတို့သည် ငွေအားလုံးကို သေတ္တာတစ်လုံးထဲ ထည့်ပြီး စုဆောင်းထားသော အခြားပစ္စည်းများကို လက်တွန်းလှည်းပေါ် တင်ပေးကာ ထျဲလန်ယန်က တွန်းထုတ်ယူသွားခဲ့သည်။
သူမသည် လက်တွန်းလှည်းကို လမ်းကြားလေးထဲ တွန်းရင်း ဒီဘက်ဟိုဘက် ကွေ့ဝိုက်သွားပြီးနောက် သူမနှင့် လှည်းသည် နေရာလွတ်ထဲသို့ ပျောက်ကွယ်သွားတော့သည်။
သူမသည် ပစ္စည်းအားလုံးကို သင့်တော်ရာနေရာများတွင် အစီအရီချကာ မိမိ၏ ပိုင်ဆိုင်မှုများကို ရေတွက်စစ်ဆေးတော့သည်။
ကျေးလက်သို့ မလာခင်က သူမတွင် ယွမ် ၂၀၀၀၀ ခန့် ရှိခဲ့သည်။ ထို့နောက် မှောင်ခိုဈေးတွင် လောင်ဝမ်နှင့် အရောင်းအဝယ် လုပ်ခဲ့သလို လူမိုက်များကိုလည်း ဓားပြတိုက်ခဲ့သေးသည်။
ယခုရရှိသော ပမာဏကိုပါ ပေါင်းထည့်လိုက်သောအခါ သူမ၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ ယွမ် ၁၀၀၀၀၀ ကျော်သွားပြီ ဖြစ်သည်။
၁၉၇၀ ပြည့်လွန်နှစ်များတွင် ယွမ် ၁၀၀၀၀၀ ဟူသော ပမာဏမှာ ကြီးမားလှသော အခြေပစ္စည်း ဖြစ်သည်။ ၎င်းနှင့် ပတ်လည်အိမ်ဝင်း အများအပြားကိုပင် ဝယ်ယူနိုင်သည်။
ထျဲလန်ယန်၏ မျက်ဝန်းများ တောက်ပသွားပြီး ထိုအိမ်ဝင်းကြီးများက သူမကို လက်ယပ်ခေါ်နေသကဲ့သို့ပင် မြင်ယောင်လာသည်။
ဟား... ဒါက တကယ့်ကို ကောင်းမွန်လှသည်။
အရာအားလုံး ပြီးစီးသွားသောအခါ ထျဲလန်ယန်သည် စားပွဲတွင် ထိုင်ကာ စာရေးသားခြင်းကို စတင်လိုက်သည်။
ကုန်ပစ္စည်းများကို လွှဲပြောင်းပြီးနောက် သူမသည် နိုင်ငံပိုင်စားသောက်ဆိုင်သို့ ထွက်လာခဲ့သည်။
နိုင်ငံပိုင်စားသောက်ဆိုင်၏ ရှေ့တွင် စုန့်ပိုင်ယွမ်သည် လမ်းကွေ့တစ်ခုမှ ထွက်လာစဉ် အဝေး၌ အမျိုးသမီးတစ်စု ရန်ဖြစ်ငြင်းခုံနေကြသည်ကို မြင်လိုက်ရသည်။
ထိုလူအုပ်ထဲတွင် ထူးခြားသော မိန်းကလေးတစ်ဦးရှိနေပြီး စိတ်ဝင်တစားဖြင့် ကြည့်ရှုနေသည်။
သူမသည် ဖရဲစေ့ကို ဝါးရင်း ပိုရှင်းလင်းစွာ မြင်ရစေရန် ခြေဖျားထောက်၍ ကြည့်နေခြင်း ဖြစ်သည်။
ဒီမြင်ကွင်းက ဂူထဲမှာ ဖြစ်ပျက်ခဲ့တာနဲ့ အနည်းငယ် တူနေသည်။
ဒီမိန်းကလေးကတော့ ဖရဲစေ့စားရင်း ရန်ပွဲကြည့်ရတာကို တကယ် ဝါသနာပါပုံရသည်။
စုန့်ပိုင်ယွမ် ပြုံးစိစိဖြင့် လျှောက်သွားကာ မေးလိုက်သည်။ "ကြည့်လို့ ကောင်းရဲ့လား။"
ထျဲလန်ယန်သည် သူ၏အသံကို ကြားသော်လည်း လှည့်မကြည့်ဘဲ ပြောလိုက်သည်။ "အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ။"
"ဒီမိန်းမက တခြားတစ်ယောက်ဆီက ပိုက်ဆံခိုးတာကို မဝန်ခံဘူးလေ၊ အဲဒါနဲ့ ရှာဖွေလိုက်ကြတာ ပိုက်ဆံကို အတွင်းခံထဲမှာ တွေ့တယ်၊ ဖင်တစ်ခုလုံးတောင် ပေါ်သွားသေးတယ်၊ ရှင်လည်း လာကြည့်ဦး။"
စုန့်ပိုင်ယွမ် - .....
သူကတော့ ထိုကဲ့သို့ စပ်စုစရာ မြင်ကွင်းမျိုးကို ရှောင်ရှားရန်သာ ဆုံးဖြတ်လိုက်သည်။
အရောင်းအဝယ် သမဝါယမဆိုင်မှာ နိုင်ငံပိုင်စားသောက်ဆိုင်နှင့် မလှမ်းမကမ်းတွင် ရှိသည်။
စုန့်ပိုင်ယွမ်သည် ထိုဘက်သို့ လျှောက်သွားပြီး ဖရဲစေ့၊ မြေပဲနှင့် သီးစုံယိုများကို ဝယ်ယူခဲ့သည်။
သူ ပြန်ရောက်လာချိန်တွင် ထျဲလန်ယန်မှာ ရန်ပွဲကို ကြည့်နေဆဲဖြစ်ပြီး သူမ၏ ဖရဲစေ့များမှာ ကုန်လုနီးပါး ဖြစ်နေပြီပင်။
စုန့်ပိုင်ယွမ်က စက္ကူအိတ်ကို ကမ်းပေးရင်း ပြောလိုက်သည်။ "ရော့... ဒါလေး စားလိုက်ဦး။"
ထျဲလန်ယန် အံ့အားသင့်သွားပြီး အိတ်ကို ဖွင့်ကြည့်လိုက်ရာ အထဲမှ ပစ္စည်းများကို မြင်ပြီး ပြုံးလိုက်မိသည်။ "ရှင် ကျွန်မအတွက် ဝယ်ပေးတာလား။"
စုန့်ပိုင်ယွမ် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ မင်း ဖရဲစေ့ ကြိုက်တာ မြင်လို့ တခြားမုန့်တွေပါ ဝယ်လာခဲ့တာ။"
ထျဲလန်ယန် ပြောလိုက်သည်။ "ကျေးဇူးပဲ၊ နောက်ကြရင် စုန့်ရွှယ်အတွက် သကြားလုံး ပြန်ဝယ်ပေးမယ်။"
စုန့်ပိုင်ယွမ် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ။"
ထိုအချိန်တွင် ရန်ပွဲမှာ ပြီးဆုံးသွားပြီး လူအုပ်လည်း လူစုကွဲသွားခဲ့သည်။
ထျဲလန်ယန်နှင့် စုန့်ပိုင်ယွမ်တို့သည် နိုင်ငံပိုင်စားသောက်ဆိုင်ထဲသို့ ဝင်ခဲ့ကြသည်။
ရုံးပိတ်ရက် ဖြစ်သောကြောင့် နိုင်ငံပိုင်စားသောက်ဆိုင်၏ မီနူးတွင် ဟင်းပွဲအသစ် အများအပြား ရှိနေသည်။
ငါးသိုင်းချက်၊ ခြင်္သေ့အသားလုံးချက်၊ မျှစ်နှင့် ဝက်သားကြော်၊ ကြက်သားမှိုပေါင်း၊ အာလူးချောင်းကြော်၊ မုန်ညင်းဖြူတို့ဟူးချက်နှင့် ခရမ်းချဉ်သီး ကြက်ဥဟင်းချိုတို့ ပါဝင်သည်။
လူနှစ်ယောက်အတွက် ဟင်းနှစ်ပွဲနှင့် ဟင်းချိုတစ်ခွက်ဆိုလျှင် လုံလောက်သည်။
စုန့်ပိုင်ယွမ်က ထျဲလန်ယန်ကို မှာခိုင်းသဖြင့် သူမက အသားလုံးချက်၊ မျှစ်ဝက်သားကြော်နှင့် ခရမ်းချဉ်သီး ကြက်ဥဟင်းချိုတို့ကို ရွေးချယ်ခဲ့သည်။
သူတို့နှစ်ဦးလုံးမှာ အစားကြီးသူများ ဖြစ်ကြသဖြင့် ဟင်းရည်ကြည်ခေါက်ဆွဲ လေးပွဲနှင့် ပေါက်စီအိအိ အကြီးကြီး နှစ်လုံးကိုပါ ထပ်မံမှာယူခဲ့ကြသည်။
ထိုဟင်းပွဲများအတွက် ငွေ ၄ ယွမ် ၃၈ ဆင့် ကျသင့်ပြီး ကောက်ပဲသီးနှံကူပွန်နှင့် အသားကူပွန်များလည်း ပေးခဲ့ရသည်။
စုန့်ပိုင်ယွမ် ငွေရှင်းလိုက်သည်။
မနက်ပိုင်းမှ ယခုအချိန်အထိ ထျဲလန်ယန်နှင့် စုန့်ပိုင်ယွမ်တို့ စကားအများကြီး မပြောဖြစ်ခဲ့ကြပေ။ ယခုအခါ မျက်နှာချင်းဆိုင် ထိုင်နေရသဖြင့် အနည်းငယ် စိတ်အောင့်သက်သက် ဖြစ်နေကြသည်။
ထျဲလန်ယန်က ပေါ့ပေါ့ပါးပါး မေးခွန်းဖြင့် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ "ဒီတစ်ခါ အိမ်မှာ ဘယ်လောက်ကြာကြာ နေမှာလဲ၊ နှစ်သစ်ကူးအထိ နေမှာလား။"
စုန့်ပိုင်ယွမ် ပြန်ဖြေလိုက်သည်။ "ကျွန်တော်လည်း သေချာမသိသေးဘူး၊ အခြေအနေပေါ် မူတည်တာပေါ့။"
သူသည် ရန်သူ့သူလျှိုကို စုံစမ်းရန် လာခြင်းဖြစ်သဖြင့် အိမ်တွင် ကြာကြာနေနိုင်မည် မဟုတ်ပေ။
မကြာမီ ဟင်းပွဲများ ရောက်ရှိလာရာ ပမာဏမှာ အလွန် များပြားလှသည်။
နိုင်ငံပိုင် စားသောက်ဆိုင် ပီပီ ပေးရသည့်စျေးနှင့် တန်ရုံတင်မက ပိုပင်ပိုသေးသည်။
ဟင်းပွဲများမှာလည်း အလွန် အရသာရှိလှသည်။
ထျဲလန်ယန်နှင့် စုန့်ပိုင်ယွမ်တို့သည် စိတ်ကျေနပ်စွာ စားသောက်ကြပြီး ဟင်းရည်ပါမကျန် အကုန်ပြောင်အောင် စားခဲ့ကြသည်။
ပန်းကန်လာသိမ်းသော အမျိုးသမီးက သူတို့ကို မစနောက်ဘဲ မနေနိုင်တော့ပေ။ "မင်းတို့နှစ်ယောက်က ပြောင်နေအောင် စားတာပဲ၊ အဒေါ်ဖြင့် ပန်းကန်တောင် ဆေးစရာ မလိုတော့ဘူး။"
စုန့်ပိုင်ယွမ်၏ မျက်နှာနီမြန်းသွားကာ အမြန် ရှင်းပြလိုက်သည်။ "ထျဲလန်ယန်နဲ့ ကျွန်တော်က လက်မထပ်ရသေးပါဘူးခင်ဗျာ။"
ထိုအမျိုးသမီးက ပြုံးလိုက်သည်။ "ဪ... ရည်းစားဘဝကနေ နောက်တော့လည်း လက်ထပ်ကြမှာပဲလေ၊ နှစ်ယောက်သား ကြည့်ရတာ တကယ့်ကို လိုက်ဖက်ပါတယ်။"
စုန့်ပိုင်ယွမ် ထပ်ပြောလိုက်သည်။ "ကျွန်တော်တို့တွေက ရည်းစားတွေ မဟုတ်ကြပါဘူး။"
ထိုအမျိုးသမီး ခဏမျှ ကြောင်အသွားပြီးမှ ပြုံးလိုင်သည်။ "ဒါဆိုရင်တော့ လူပျိုကြီးရေ... မင်းဘက်က ပိုကြိုးစားဖို့ လိုနေပြီနော်။"
စုန့်ပိုင်ယွမ် - .....
ထျဲလန်ယန် မတ်တပ်ရပ်လိုက်သည်။ "ကျွန်မတို့တွေ ဗိုက်ပြည့်ပြီဆိုတော့ သွားကြစို့။"
နိုင်ငံပိုင်စားသောက်ဆိုင်မှ ထွက်လာပြီးနောက် စုန့်ပိုင်ယွမ် ပြောလိုက်သည်။ "ထျဲလန်ယန်... ကျွန်တော် တောင်းပန်ပါတယ်။"
ထျဲလန်ယန် - "ရပါတယ်၊ ရှင် တောင်းပန်ဖို့ မလိုပါဘူး၊ အပြင်လူတွေက နားလည်မှုလွဲတာပဲဥစ္စာ..."
"ဒါက နားလည်မှုလွဲရုံတင် သက်သက်ပါပဲ။"
စုန့်ပိုင်ယွမ်သည် သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်၊ အမှန်တော့ သူလည်း ထိုသို့ပင် ဆန္ဒရှိမိသော်လည်း သူမ သူ့ကို ဆူပူကြိမ်းမောင်းမည်ကို စိုးရိမ်နေမိခြင်း ဖြစ်သည်။
ရုပ်ရှင်ရုံရှေ့မှ ဖြတ်သွားစဉ် ထျဲလန်ယန် စကားစလိုက်သည်။ "ဒီနေ့ ရှင်က ကျွန်မကို ထမင်းနဲ့ မုန့်တွေ ကျွေးခဲ့တာဆိုတော့ ကျွန်မက ရုပ်ရှင် ပြန်ပြပါရစေ။"
ဤခေတ်ကာလသို့ ရောက်ရှိလာပြီးကတည်းက သူမ ရုပ်ရှင်မကြည့်ရသေးသဖြင့် စိတ်ဝင်စားနေခြင်း ဖြစ်သည်။
စုန့်ပိုင်ယွမ် အံ့အားသင့်သွားသော်လည်း အမြန် ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ။"
ပုံမှန်အားဖြင့် လူများသည် မိသားစု သို့မဟုတ် ချစ်သူများနှင့်သာ ရုပ်ရှင်ကြည့်လေ့ရှိကြပြီး အပျိုလူပျိုချင်း အတူတူလာကြည့်သည်မှာ ရှားပါးလှသည်။
စုန့်ပိုင်ယွမ်၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု တိုးဝှေ့လာခဲ့သည်။
ထျဲလန်ယန် လက်မှတ်သွားဝယ်သည်ကို မြင်သဖြင့် သူသည် အနီးရှိ ဖျော်ရည်ဆိုင်သို့ သွားကာ လိမ္မော်ဆိုဒါ နှစ်ပုလင်း ဝယ်ယူခဲ့သည်။
ထျဲလန်ယန် ပြန်ရောက်လာသောအခါ စုန့်ပိုင်ယွမ်က ဆိုဒါပုလင်း ကမ်းပေးရင်း ပြောလိုက်သည်။ "ဒီလိမ္မော်ဆိုဒါက တော်တော်သောက်လို့ကောင်းတယ်၊ မြည်းကြည့်ပါဦး။"
ထျဲလန်ယန် တစ်ငုံ သောက်လိုက်သည်။
အင်း... ဆောင်းတွင်းအေးအေးမှာ သောက်ရတဲ့ ဖျော်ရည်က အေးစိမ့်ပြီး လန်းဆန်းသွားစေသည်။
၎င်းတွင် ချိုမြိန်သော အရသာလေး ပါဝင်နေသေးသည်။
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၉၄
မကြာမီမှာပင် သူတို့နှစ်ဦး ရုပ်ရှင်ရုံထဲသို့ ဝင်ခဲ့ကြသည်။
ရုပ်ရှင်ရုံ၏ အလှဆင်မှုမှာ တော်တော်လေး ဟောင်းနွမ်းနေပြီး နံရံများပေါ်တွင် ဆေးရောင်လွင့်ပြယ်နေသော ရုပ်ရှင်ဇာတ်ကောင်ပုံများကို ရေးဆွဲထားသည်။ အရောင်အသွေးများမှာလည်း မှိန်ဖျော့နေသည်။
ရုပ်ရှင်ပြသသည့်မှာလည်း အခန်း နှစ်ခန်းသာ ရှိသည်။
အပြင်ဘက်တွင် အခန်းတစ်ခန်းချင်းစီ၏ ပြသမည့်ရုပ်ရှင်အမည်ကို ရေးသားထားသော ကျောက်သင်ပုန်းအသေးလေးတစ်ခုစီ ချိတ်ဆွဲထားသည်။
ထျဲလန်ယန်နှင့် စုန့်ပိုင်ယွမ်တို့သည် ရုပ်ရှင်အမည်ကို ကြည့်၍ အခန်းတစ်ခန်းကို ရွေးချယ်ကာ နေရာရှာထိုင်လိုက်ကြသည်။
သူတို့ ထိုင်ပြီး သိပ်မကြာခင်မှာပင် ရုပ်ရှင်စတင်ပြသတော့သည်။
၁၉၇၀ ပြည့်လွန်နှစ်များက ရုပ်ရှင်များသည် တော်လှန်ရေး သို့မဟုတ် အလုပ်သမားလူတန်းစားအကြောင်းကိုသာ အဓိကထား ရိုက်ကူးလေ့ရှိကြသည်။
ထျဲလန်ယန် ရွေးချယ်ခဲ့သည်မှာ ဂန္ထဝင်စစ်ကားတစ်ကား ဖြစ်သည်။
ရုပ်ရှင်စသည်နှင့် သေနတ်သံများနှင့် ပေါက်ကွဲသံများ တရစပ် ထွက်ပေါ်လာပြီး ရုံတစ်ခုလုံး ဆူညံသွားအောင် အသံများ ဟိန်းထွက်လာတော့သည်။
ထိုအသံများကြောင့် ထျဲလန်ယန် နားပင် ကွဲလုမတတ် ဖြစ်သွားရသည်။
"ဘာဖြစ်လို့လဲ၊ နားထဲ အဆင်မပြေလို့လား။"
သူမ နားကို ပွတ်နေသည်ကို မြင်သောအခါ စုန့်ပိုင်ယွမ်က တိုးတိုးလေး မေးလိုက်သည်။
ထျဲလန်ယန် ခေါင်းယမ်းပြလိုက်သည်။ "ဘာမှမဖြစ်ပါဘူး၊ နားနည်းနည်း ယားလို့ပါ။"
ထိုခေတ်အခါက ရုပ်ရှင်နည်းပညာမှာ အခြေခံမျှသာ ရှိသေးသဖြင့် အသံပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ညံ့ဖျင်းသည်မှာ နားလည်ပေး၍ ရပါသည်။
စစ်သားတစ်ယောက် ဖြစ်သည့်အတွက် စုန့်ပိုင်ယွမ်သည် စစ်ကားများကို နှစ်သက်ပြီး အမြဲတမ်း စိတ်အားထက်သန်စွာ ကြည့်ရှုလေ့ရှိသည်။
အခြားတစ်ဖက်တွင်မူ ထျဲလန်ယန်မှာ စိတ်မပါတပါ ဖြစ်နေသည်။
သူမသည် ခေတ်သစ်ကမ္ဘာတွင် စစ်ကားပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးသဖြင့် ရိုးအီနေပြီ ဖြစ်သည်။
ထို့ကြောင့် ထျဲလန်ယန်သည် ရုပ်ရှင်ကို ကြည့်နေရင်း တစ်ပြိုင်နက်တည်းမှာပင် သူမ၏ စိတ်အာရုံကို သုံး၍ နေရာလွတ်ထဲမှ ကောက်ပဲသီးနှံများကို သိမ်းဆည်းစီမံနေလိုက်သည်။
ဒါဟာ သူမ၏ တတိယအကြိမ်မြောက် အသီးအနှံ ရိတ်သိမ်းမှု ဖြစ်သည်။
ထျဲလန်ယန်သည် စိတ်စွမ်းအားကို သုံး၍ ကြီးမားသော ဂိုဒေါင်ကြီးတစ်ခုကို ဖန်တီးကာ ရိတ်သိမ်းထားသော သီးနှံအားလုံးကို အထဲတွင် သိုလှောင်လိုက်သည်။
ယခုအခါ သူမ၏ နေရာလွတ်ထဲတွင် ရာစုနှစ်ပေါင်းများစွာ စားသုံး၍ ကုန်နိုင်မည်မဟုတ်သော ဆန်ရေစပါး၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ရှိနေပြီဖြစ်သည်။
စုဆောင်းထားသော ရွှေ၊ ငွေ၊ ရတနာများ၊ ရှေးဟောင်းပစ္စည်းများနှင့် အခြားတန်ဖိုးကြီး ပစ္စည်းများကိုပါ ပေါင်းလိုက်လျှင် စုစုပေါင်း တန်ဖိုးမှာ ဘီလီယံနှင့်ချီ၍ ရှိပေလိမ့်မည်။
သူမသည် ပတ်လည်အိမ်ဝင်းကြီးများ မဝယ်လျှင်တောင်မှ ဘဝတစ်သက်တာလုံး ချမ်းချမ်းသာသာနှင့် သက်တောင့်သက်သာ နေထိုင်သွားနိုင်သည်။
ဒါပေမယ့် ဘယ်သူက ပိုက်ဆံပိုရတာကို မလိုချင်ဘဲ နေပါ့မလဲ။
ထျဲလန်ယန်သည် အတိတ်ဘဝက ဆင်းရဲငတ်မွတ်ခဲ့ဖူးသဖြင့် ပစ္စည်းဥစ္စာအပေါ် လောဘကြီးမိသည်။
သူမသည် ချမ်းသာကြွယ်ဝမည့် အခွင့်အရေးမှန်သမျှကို အရယူလိုပြီး သူမ၏ နေရာလွတ်တစ်ခုလုံး ပြည့်လျှံသွားသည်အထိ ပစ္စည်းများကို စုဆောင်းလိုစိတ် ရှိနေသည်။
သူမ နေရာလွတ်ကို စီမံပြီးသွားချိန်တွင် ရုပ်ရှင်မှာလည်း ပြီးဆုံးလုနီးပါး ဖြစ်နေပြီ။
ရုပ်ရှင်ရုံထဲမှ ထွက်လာကြသောအခါ စုန့်ပိုင်ယွမ်၏ မျက်လုံးများ နီမြန်းနေသည်ကို ထျဲလန်ယန် သတိပြုမိလိုက်သည်။
သူ့ကြည့်ရသည်မှာ ကြမ်းတမ်းခက်ထန်သော ယောက်ျားကောင်းတစ်ဦးပုံစံ ဖြစ်သော်လည်း တကယ်တော့ အတော်လေး စိတ်နုတတ်သူ ဖြစ်ပုံရသည်။
အပြင်ရောက်သော် စုန့်ပိုင်ယွမ်သည် ထျဲလန်ယန်၏ လက်ထဲမှ ဖျော်ရည်ပုလင်းခွံကို သဘာဝကျကျပင် လှမ်းယူကာ ဆိုင်သို့ ပြန်လည်အပ်နှံပေးခဲ့သည်။
ထိုခေတ်အခါက ဖန်ထည်ပစ္စည်းများမှာ အနည်းငယ် ဈေးကြီးသေးသဖြင့် ဖျော်ရည်ပုလင်းများကို ဆိုင်သို့ ပြန်အပ်ကာ ပြန်လည်အသုံးပြုကြရသည်။
ထျဲလန်ယန်လည်း ဘာမှ ထွေထွေထူးထူး မတွေးမိပါ၊ သူမသည် ဤနေရာ၏ ဓလေ့ထုံးစံများကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်နေခြင်း ဖြစ်သည်။
ထမင်းစား၊ ရုပ်ရှင်ကြည့်ရုံတင် ရှိသေးသည်၊ နေ့တစ်နေ့မှာ ကုန်ဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။
"တစ်နေ့တာကတော့ ကုန်ဆုံးတော့မှာပဲ။"
အပြန်လမ်းတွင် စုန့်ပိုင်ယွမ်က ထျဲလန်ယန်ကို သူ့အိမ်၌ ညစာစားရန် ဖိတ်ခေါ်ခဲ့သည်။ "အမေက ဟင်းကောင်းတွေ အများကြီး ချက်ထားတယ်၊ ကျွန်တော်တို့ ပြန်လာမှာကို စောင့်နေတာ၊ မင်း လိုက်ခဲ့ရမယ်နော်၊ မဟုတ်ရင် စုန့်ရွှယ် စိတ်မကောင်း ဖြစ်လိမ့်မယ်။"
ထျဲလန်ယန် သဘောတူလိုက်သည်။ "ကောင်းပါပြီ၊ ဒါဆို ကျွန်မ သမဝါယမဆိုင်ကို သွားပြီး ပစ္စည်းတချို့ ဝယ်လိုက်ဦးမယ်။"
သူတစ်ပါးအိမ်သို့ ထမင်းစားသွားလျှင် လက်ဆောင်တစ်ခုခု ယူဆောင်သွားခြင်းက ထုံးစံတစ်ခုပင် ဖြစ်သည်။
ထျဲလန်ယန်သည် ယုန်ဖြူကြီးနို့သကြားလုံးတစ်ထုပ်နှင့် ကိတ်မုန့်တစ်ပေါင်ကို ဝယ်ယူခဲ့သည်။
စုန့်ပိုင်ယွမ်ကတော့ စုန့်ရွှယ်အတွက်ဟု ဆိုကာ ကလစ်အချို့ကို ဝယ်ခဲ့သည်။
ရွာထိပ်သို့ ရောက်သောအခါ သူသည် မိုးပြာရောင် ကလစ်လေးတစ်ခုကို ထုတ်ယူပြီး ထျဲလန်ယန်ထံ ကမ်းပေးလိုက်သည်။ "ဒီကလစ်လေးက မင်းနဲ့ လိုက်ဖက်မယ်လို့ ထင်လို့ပါ၊ မင်းအတွက် ပေးတာ၊ ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"
ထျဲလန်ယန် အနည်းငယ် အံ့အားသင့်သွားရသည်။
ဒီနေ့အတွင်းမှာတင် စုန့်ပိုင်ယွမ်သည် သူမအတွက် အများကြီး လုပ်ပေးခဲ့သည်။
ထမင်းကျွေး၊ မုန့်ဝယ်ပေး၊ ဖျော်ရည်တိုက်သည့်အပြင် ယခုအခါ ကလစ်လေးတစ်ချောင်းပါ လက်ဆောင်ပေးနေပြန်ပြီ။
ဒီအချက်တွေကို စုစည်းတွေးတောကြည့်လျှင် ဖြစ်နိုင်ခြေတစ်ခုကို မတွေးဘဲ နေရန် ခက်ခဲလှသည်။
ဖြစ်နိုင်သည်မှာ စုန့်ပိုင်ယွမ်သည် သူမအပေါ် ခံစားချက်ရှိနေခြင်း ဖြစ်လိမ့်မည်။
ဒါပေမယ့် သူတို့ ဆုံဖြစ်ကြသည်မှာ ဘာမျှမကြာသေးပေ၊ ဒီလောက်တောင် မြန်ဆန်နိုင်ပါ့မလား။
"ရဲဘော်စုန့် ကျွန်မကို ကြိုက်လား"
ထျဲလန်ယန်သည် ကလစ်ကို လှမ်းမယူဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်တော့သည်။
သူမသည် စကားကို လှည့်ပတ်ပြောရသည်ကို မနှစ်သက်ဘဲ သိချင်တာရှိလျှင် တန်းမေးရသည်ကို သဘောကျသည်။
မှန်ပါသည်၊ သူမသည် စိတ်အောင့်သက်သက် ဖြစ်သွားမည်ကိုလည်း မကြောက်ပေ။
အကယ်၍ အခြေအနေက အနေခက်သွားလျှင်လည်း နောက်ခါ သူ့ကို မတွေ့ရုံသာ ရှိသည်၊ ဒါက ကိစ္စအကြီးကြီး မဟုတ်ပေ။
စုန့်ပိုင်ယွမ် ပြောလိုက်သည်။ "ကျွန်တော်... ကျွန်တော် မင်းကို သဘောကျလို့ပါ ထျဲလန်ယန်၊ ကျွန်တော့်ကို အခွင့်အရေးတစ်ခု ပေးနိုင်မလား။"
သူမဘက်က တည့်တည့်မေးလာပြီဖြစ်ရာ သူလည်း နောက်ဆုတ်မည်မဟုတ်ပေ။
စုန့်ပိုင်ယွမ်သည် အမြဲတမ်း ပွင့်လင်းပြီး ပြတ်သားသူတစ်ဦး ဖြစ်သည်။
အကယ်၍ ထျဲလန်ယန်က ငယ်သေးသဖြင့် ထိတ်လန့်သွားမည်ကို စိုးရိမ်မနေခဲ့လျှင် သူ မနေ့ကတည်းက ဖွင့်ပြောမိပြီးသား ဖြစ်လိမ့်မည်။
"ရှင် ကျွန်မရဲ့ ဘယ်အချက်ကို သဘောကျတာလဲ။"
ဒါဟာ သူမဘဝတွင် ပထမဆုံးအကြိမ် ဖွင့်ပြောခံရခြင်း ဖြစ်သော်လည်း ထျဲလန်ယန် ရှက်သွေးမဖြာခဲ့ပေ။
သူမသည် လောကဓံကို အမှုမထားသလို ဘဝ၏ အနိမ့်အမြင့်များစွာကို ဖြတ်သန်းခဲ့ဖူးသူမို့ ဤသို့သော အရာများကို ဂရုမစိုက်တတ်ပေ။
စုန့်ပိုင်ယွမ်က သူမ၏ မည်သည့်အချက်ကို သဘောကျသလဲဆိုသည်ကိုသာ သိချင်စိတ် ဖြစ်မိသည်။
ဘာပဲဖြစ်ဖြစ် စုန့်ပိုင်ယွမ်မှာ ရုပ်ရည်ချောမောပြီး တပ်ရင်းမှူးတစ်ယောက်ဖြစ်ကာ အနာဂတ်လည်း တောက်ပသူ ဖြစ်သည်။
သူ့ကို စွဲလမ်းနှစ်သက်ကြသည့် မိန်းကလေးများစွာ ရှိနေလိမ့်မည်။
သူက ဘာလို့ ရုတ်တရက်ကြီး သူမကို သဘောကျရတာလဲ။
စုန့်ပိုင်ယွမ် - .....
စုန့်ပိုင်ယွမ်သည် သူမ၏ မေးခွန်းကြောင့် အံ့အားသင့်သွားရသည်။
သူ ထိုမေးခွန်းကို ထည့်မတွေးမိခဲ့ဖူးပေ။
အသေအချာ ပြန်စဉ်းစားကြည့်လျှင် သူ ဘယ်အချိန်ကစပြီး ထျဲလန်ယန်ကို သဘောကျမိမှန်း မသေချာတော့ပေ။
ပေကျင်းရှိ နိုင်ငံပိုင်စားသောက်ဆိုင်မှာ သူမ သူ့ဘက်ကနေ မားမားမတ်မတ် ကာကွယ်ပေးခဲ့စဉ်ကလား။
ဒါမှမဟုတ် တောထဲမှာ တောဝက်တစ်ကောင်ကို သူမ သတ်ဖြတ်နေတာကို မြင်လိုက်ရချိန်ကလား။
ဒါမှမဟုတ် သူမ ဖရဲစေ့ကို ဝါးရင်း ရန်ပွဲတွေကို စိတ်ဝင်တစား စပ်စုကြည့်ရှုနေပြီး မျက်ဝန်းလေးတွေ လခြမ်းကွေးပုံသဏ္ဍာန် ပြုံးယောင်သန်းနေချိန်ကလား။
မည်သို့ပင်ဖြစ်စေ သူမ၏ လှုပ်ရှားမှုတိုင်းက...... သူ့နှလုံးသားကြိုးကို လှုပ်ခတ်စေခဲ့သည်မှာ အမှန်ပင်။
စစ်တပ်ထဲတွင်ရှိစဉ်က နိုင်ငံရေးမှူးက သူ့ကို အမြဲတမ်း ဇီဇာကြောင်သူ၊ စံနှုန်းမြင့်လွန်းသူဟု ပြောလေ့ရှိသည်။
ဒါပေမယ့် အဲဒါ မဟုတ်ပါဘူး။
သူဟာ သင့်တော်တဲ့သူနဲ့ မဆုံတွေ့သေးလို့သာ ဖြစ်ပြီး မဟုတ်ကဟုတ်က ဖန်တီးယူရမည့် အဖြစ်မျိုးကို မလိုလားခြင်း ဖြစ်သည်။
ထျဲလန်ယန်နှင့် ဆုံတွေ့ရသည့်တိုင်အောင်ပေါ့။
ရုတ်တရက်ဆိုသလို သူ အဖော်တစ်ယောက် ရှာချင်စိတ် ပေါ်ပေါက်လာခဲ့သည်။
"မင်းက သတ္တိရှိတယ်၊ ထူးခြားတယ်၊ ပြီးတော့ တက်ကြွဖျတ်လတ်တယ်၊ မင်းရဲ့ အရည်အချင်းတိုင်းက ကျွန်တော့်ကို ဆွဲဆောင်နေတာ၊ ဒါကြောင့်မို့လည်း ကျွန်တော် မင်းကို သဘောကျမိတာ ဖြစ်မှာပါ။"
နူးညံ့သော အပြုံးတစ်ခုက စုန့်ပိုင်ယွမ်၏ နှုတ်ခမ်းထောင့်တွင် ပေါ်လာသည်။
သူသည် ထျဲလန်ယန်ကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် ရေခဲကိုပင် အရည်ပျော်စေနိုင်သည့် နွေးထွေးညင်သာမှုများ ပြည့်နှက်နေသည်။
ထျဲလန်ယန် ပြောလိုက်သည်။ "ကျွန်မတို့တွေ သိတာ သိပ်မကြာသေးဘူး၊ တစ်ယောက်အကြောင်းတစ်ယောက်လည်း အများကြီး မသိသေးဘူးလေ၊ ပြီးတော့ ကျွန်မက ငယ်သေးတော့ ဒီလိုအရာတွေကို မစဉ်းစားမိသေးဘူး။"
ထိုစကားများက သွယ်ဝိုက်သော ငြင်းပယ်မှုပင် ဖြစ်သည်။
ထိုခေတ်အခါက တွဲကြပြီဆိုလျှင် လက်ထပ်ရမည်ဟူသော အဓိပ္ပာယ်သက်ရောက်သဖြင့် သူမ အလောတကြီး မလုပ်ဆောင်လိုပေ။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် တစ်နှစ်လိုသေးပြီး ထို့နောက် တက္ကသိုလ်တက်ရန် လေးနှစ် ရှိသေးသည်။
ထိုသည်က အနည်းဆုံး လေးငါးနှစ်ခန့် အချိန်ဆွဲရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သူမက ငယ်ရွယ်သေးသဖြင့် စောင့်နိုင်သော်လည်း သူကတော့ စောင့်နိုင်ချင်မှ စောင့်နိုင်လိမ့်မည်။ ထို့ကြောင့် ဤကိစ္စကို မေ့လိုက်ခြင်းက ပိုကောင်းသည်။
စုန့်ပိုင်ယွမ် ပြောလိုက်သည်။ "ရပါတယ်၊ ကျွန်တော် စောင့်နိုင်ပါတယ်၊ မင်း အဆင်သင့် ဖြစ်တဲ့အထိပေါ့။"
ထျဲလန်ယန် မျက်ခုံးပင့်လိုက်မိသည်။ "တကယ်လို့ နှစ်အကြာကြီး စောင့်ရမယ်ဆိုရင်ရော။"
စုန့်ပိုင်ယွမ်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ "နှစ်အနည်းငယ်ဆိုတာ ဘာမှမဟုတ်ပါဘူး၊ တစ်သက်လုံး စောင့်ရရင်တောင် ရပါတယ်။"
သူသည် တစ်ဘဝလုံး လူပျိုကြီးအဖြစ် နေထိုင်ရန်ပင် ပြင်ဆင်ထားခဲ့ဖူးပြီး သူ၏မိခင်ကလည်း နားလည်ပေးထားပြီးသား ဖြစ်သည်။
ယခုအခါ သူ နှစ်သက်ရသူ ရှိလာပြီဖြစ်ရာ တစ်သက်လုံး စောင့်ရန် အဘယ်ကြောင့် မဖြစ်နိုင်ရမည်နည်း။
ထျဲလန်ယန်၏ ရင်ထဲတွင် ခံစားချက်လှိုင်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။
ရိုးရိုးသားသား ပြောရလျှင် ထိုကဲ့သို့ ထူးချွန်ထက်မြက်သူတစ်ဦး၏ သဘောကျခြင်းကို ခံရသည့်အတွက် သူမ အနည်းငယ် ဂုဏ်ယူမိသည်။
အရေးကြီးဆုံးအချက်မှာ သူမ စုန့်ပိုင်ယွမ်ကို မုန်းတီးခြင်း မရှိပေ။
"ဒါဆိုရင်လည်း စမ်းကြည့်ကြတာပေါ့၊ အရင်ဆုံး သူငယ်ချင်းအဖြစ် စကြည့်မယ်၊ နောက်ပိုင်း ဘာဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ရတာပေါ့။"
ထျဲလန်ယန်သည် ပွင့်လင်းပြတ်သားသူ ဖြစ်သည်။
သူမ တစ်သက်လုံး တစ်ယောက်တည်း နေသွား၍ ရမည်မဟုတ်ပေ။
စုန့်ပိုင်ယွမ်သည် လူကောင်းတစ်ယောက်ဖြစ်ပြီး သူသည် ကောင်းမွန်သော လက်တွဲဖော်တစ်ယောက် ဖြစ်လာနိုင်သည်။
သူမ သူ့ကို အရင်ဆုံး စောင့်ကြည့်ရမည်။
အဆင်ပြေမပြေဆိုသည်မှာတော့ အနာဂတ်တွင်လာမည့်အပိုင်းသာ ဖြစ်သည်။
စုန့်ပိုင်ယွမ်မှာ အခြေအနေများ ဤမျှ မြန်ဆန်သွားသည့်အတွက် အံ့အားသင့်သွားရသည်။
"ကောင်းပါပြီ။ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်။ ထျဲလန်ယန်... ကျွန်တော့်ကို ယုံကြည်ပေးပါ။"
သူသည် သူ့၏ နွေးထွေးသော လက်ကို ကမ်းလိုက်သည်။
ထျဲလန်ယန် ပြုံးလိုက်ရာ မျက်ဝန်းလေးများ ကွေးညွှတ်သွားပြီး သူ့လက်ကို လှမ်းကိုင်လိုက်သည်။ "ရဲဘော်စုန့်ပိုင်ယွမ်... နောက်နောင်လည်း ကျွန်မကို လမ်းညွှန်ပြသပေးပါဦး။"