အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၉၇
ထမင်းစားပွဲဝိုင်းတွင် ထျဲလန်ယန်က ထိုစကားများကို ထပ်မံပြောဆိုလိုက်သောအခါ လူတိုင်း၏ တုံ့ပြန်မှုများမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။
ဟူဟောင်နှင့် အခြားဝါရင့်ပညာတတ်လူငယ်အချို့မှာမူ တရားမှတ်နေသော ဘုန်းကြီးများကဲ့သို့ပင် မည်သည့်ခံစားချက်မျှမပြဘဲ တည်ငြိမ်နေကြသည်။
သူတို့က ထမင်းစားဖို့ပဲ စိတ်ဝင်စားကြပြီး မိမိတို့နှင့်မသက်ဆိုင်သည့် ကိစ္စများကို ဘာမှဂရုမစိုက်ကြပေ။
ကျန်းကျစ်ချင်းက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။ "ဝဋ်ဆိုတာ လည်တတ်တာပဲ၊ နောက်ဆုံးတော့လည်း လူတစ်ယောက် ဝဋ်လိုက်တာကို မြင်ရပြီ။"
သူမ ခန့်မှန်းခဲ့သည်မှာ မှန်ကန်နေခဲ့သည်။ ဒါတွေအားလုံးက ပိုင်ရန်ရန်ရဲ့ လက်ချက်တွေပဲ။ စုန့်ပိုင်ယွမ်က သူမကို လုံးဝသဘောမကျဘဲ ထျဲလန်ယန်ကိုပဲ သဘောကျနေခဲ့တာ။
သူမကိုယ်တိုင်က အသုံးချခံရလောက်အောင် ငတုံး ဖြစ်ခဲ့မိသည်။ ယခုတော့ သူမ၏အပြစ်များအတွက် အဖတ်ဆယ်ရန် နေ့ရောညပါ အလုပ်လုပ်နေရသဖြင့် ငိုချင်လျက် မျက်ရည်မကျနိုင်လောက်အောင် ပင်ပန်းနေရပြီ ဖြစ်သည်။
ချန်ဟွိုက်ကျင်းကလည်း ဘာမှဝင်မပြောပေ။ မကြာသေးမီက ပိုင်ရန်ရန်က သူ့အပေါ် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့သဖြင့် သူလည်း ဝင်ရောက်ကူညီပေးချင်စိတ် မရှိတော့ပေ။
ကျန်တဲ့လူတွေကတော့ ပိုပြီးတော့တောင် ဝင်ပြောဖို့ စိတ်ကူးမရှိကြပေ။
ပြန်လည်မွေးဖွားလာခဲ့သည့် အမျိုးသမီးဇာတ်ဆောင် ယွီချင်းချုံတော့ အပျော်ဆုံးဖြစ်နေသည်။
သူမအနေဖြင့် ဘာမှလုပ်စရာမလိုဘဲ ပိုင်ရန်ရန်က သူမဘာသာသူမ ပျက်စီးအောင် လမ်းခင်းနေသလို ဖြစ်နေသည်ကို သတိထားမိလိုက်သည်။
အခြေအနေက အဲဒီလိုဆိုမှတော့ သူမက ပွဲကြည့်ပရိသတ်အဖြစ်ပဲ ထိုင်ကြည့်နေလိုက်တော့မည်။
လူအများရှေ့တွင် ထျဲလန်ယန်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသဖြင့် ပိုင်ရန်ရန်မှာ ဒေါသလည်းထွက်၊ အရှက်လည်းရ ဖြစ်သွားရသည်။
"နင့်ပစ္စည်းတွေကို ငါကပဲ မက်မောနေတဲ့အတိုင်းပဲ။ ငါမလိုချင်ဘူး၊ ဒါကြောင့်လည်း မစားဘူး။ မသိရင် အရမ်းတန်ဖိုးရှိတဲ့ အရာကြနေတာပဲ။"
ပိုင်ရန်ရန် အံကြိတ်လိုက်သည်။ "စိတ်ချပါ၊ ငါ လုံးဝမစားဘူး။"
ပြောပြောဆိုဆိုဖြင့် ဆန်ပြုတ်ကို အမြန်သောက်ကာ ထိုင်နေရာမှထပြီး သူမအခန်းထဲသို့ ဆောင့်အောင့်ကာ ဝင်သွားတော့သည်။
ကျန်တဲ့လူတွေ အစားမစားဘဲ ကြည့်နေကြသည်ကို မြင်သောအခါ ထျဲလန်ယန်က ပြောလိုက်သည်။ "စားကြပါ၊ အားလုံးပဲ စားကြပါ၊ လူတစ်ယောက်ကြောင့်နဲ့ ထမင်းစားတာ အာရုံအပျက်မခံပါနဲ့။"
အားလုံး - .....
သူမ၏ ပြောဆိုချက်မှာ ကွက်တိကျလှသော်လည်း အနည်းငယ်တော့ နေရခက်စေသည်။
ညစာစားပြီးနောက် အဝတ်လျှော်ရန် မြစ်ဆိပ်သို့ အတူတူ ထွက်လာခဲ့ကြသည်။
အခန်းထဲတွင် အောင့်အီးနေခဲ့သော ပိုင်ရန်ရန်သည်လည်း အဝတ်လျှော်ဇလုံကို ကိုင်ကာ ထွက်လာခဲ့သည်။
သူမ၏ အဝတ်အစားများမှာ လေးငါးရက်ခန့် ပုံနေပြီဖြစ်ရာ မလျှော်ပါက အနံ့ဆိုးများ ထွက်လာတော့မည် ဖြစ်သည်။
ဇန်နဝါရီလ၏ ရာသီဥတုက အလွန်အမင်း အေးစက်လှပြီး မြစ်ရေပြင်ပေါ်တွင်ပင် ရေခဲလွှာပါးလေးများ ဖုံးလွှမ်းနေသည်။
အအေးဒဏ်ကြောင့် လူတိုင်း၏ လက်ချောင်းများမှာ နီရဲနေကြရသည်။
ထျဲလန်ယန်တွင် လျှော်စရာအဝတ် အနည်းငယ်သာ ရှိသဖြင့် ခဏလေးအတွင်းမှာပင် လျှော်ဖွပ်ပြီးသွားခဲ့သည်။
သူမ ပိုင်ရန်ရန်၏ ဘေးမှ ဖြတ်အသွားတွင် ကျောက်ခဲတစ်လုံးကို တမင်နင်းကာ ခြေချော်ဟန်ဆောင်ပြီး ပိုင်ရန်ရန်အပေါ်သို့ လှဲချလိုက်သည်။
ပိုင်ရန်ရန် မြစ်ထဲသို့ ပြုတ်ကျလုမတတ် ဖြစ်သွားသဖြင့် ဒေါသတကြီး အော်ဟစ်တော့သည်။ "နင် ဘာလုပ်တာလဲ၊ ဒီလောက်တောင် နမော်နမဲ့ နိုင်ရလား။"
ထျဲလန်ယန်က သူမအပေါ်မှ ပြန်အထတွင် သူမ၏နားနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ဆောရီးပဲနော်၊ ငါ မတော်တဆ လုပ်မိတာ မဟုတ်ဘူး၊ တမင်တကာ လုပ်လိုက်တာ။"
"ပိုင်ရန်ရန်... နင် ငါ့ကွယ်ရာမှာ ဘာတွေလုပ်နေလဲဆိုတာ ငါအကုန်သိတယ်၊ အသာလေး စောင့်နေလိုက်၊ နင်တော့ သေဖို့သာ ပြင်ထားတော့။"
ထိုခဏ၌ ပိုင်ရန်ရန်သည် ရေခဲဂူထဲသို့ ပြုတ်ကျသွားသလိုမျိုး တစ်ကိုယ်လုံး စိမ့်ခနဲ ခံစားလိုက်ရသည်။
မဟန်တော့ဘူး၊ ထျဲလန်ယန် အကုန်လုံးကို သိသွားပြီပဲ။
ပိုင်ရန်ရန် ပညာတတ်လူငယ်ဝင်းသို့ ပြန်ရောက်လာသောအခါ မျက်နှာတစ်ခုလုံး ဖြူလျော်နေပြီး လက်ခြေများပင် တုန်ရီအားနည်းနေခဲ့သည်။
သူမ၏ စိတ်ပျက်အားငယ်နေသော ပုံစံကို မြင်လိုက်ရသဖြင့် ဝင်းထဲတွင် စောင့်နေသော ရိုးသားသည့် အမျိုးသားပညာတတ်လူငယ် ဟွမ်ဟဲက အမြန်လျှောက်လာခဲ့သည်။
"ပိုင်ကျစ်ချင်း... ဘာဖြစ်လို့လဲဟင်။ မင်းပုံစံ ကြည့်ရတာ နေလို့ သိပ်မကောင်းသလိုပဲ။"
ပိုင်ရန်ရန်က သူ့ကို မော့ကြည့်လိုက်ရာ မျက်ဝန်းများ နီရဲလာပြီး မျက်ရည်များ ဝဲတက်လာတော့သည်။
"ရဲဘော်ဟွမ်ဟဲ... ကျွန်မ ဘာလုပ်ရမလဲဟင်။ ကျွန်မ ထျဲလန်ယန်ကို စိတ်ဆိုးအောင် လုပ်မိသွားတယ်၊ သူမက ကျွန်မကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်တော့ဘူး။"
သူမ ငိုနေသည်ကို မြင်တော့ ဟွမ်ဟဲတစ်ယောက် ပျာပျာသလဲ ဖြစ်သွားခဲ့သည်။ "မငိုပါနဲ့၊ ဘာဖြစ်တာလဲဆိုတာ ဖြည်းဖြည်းချင်း ပြောပြပါ၊ ကျွန်တော် ကူညီပေးနိုင်တာများ ရှိမလားလို့ပါ။"
ပိုင်ရန်ရန်က ရင်ကွဲမတတ် ခံစားနေရသော အမျိုးသမီးတစ်ဦးကဲ့သို့ ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြောလိုက်သည်။ "အဟင့်... ဒီလိုရှိပါတယ်..."
ပိုင်ရန်ရန်သည် ထျဲလန်ယန်နှင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကို ပြန်ပြောပြရာတွင် မိမိ၏ မကောင်းကြောင်းများကို ချန်လှပ်ထားခဲ့သည်။
စုန့်ပိုင်ယွမ်က သူမအပေါ် စိတ်ဝင်စားနေသည်ဟု အထင်မှားခဲ့မိခြင်းကြောင့် စိတ်ကူးယဉ်ဆန်ဆန်ဖြင့် စိတ်နာကျင်စရာ စကားအချို့ ပြောမိသွားခြင်းသာ ဖြစ်သည်ဟု ရိုးသားသောပုံစံဖြင့် ပြောလိုက်သည်။
"ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး၊ ထျဲလန်ယန် ဒီလောက်အထိ ဒေါသထွက်သွားလိမ့်မယ်လို့လည်း မထင်ထားမိဘူး၊ သူမက ကျွန်မကို မြစ်ထဲကိုတောင် တွန်းချတော့မလိုအထိ ဖြစ်သွားတာ။"
"ဘာပြောလိုက်တယ်။" ပိုင်ရန်ရန်ကို တိတ်တခိုး သဘောကျနေသော ဟွမ်ဟဲသည် ဒါကို ကြားရသောအခါ ဒေါသတကြီး ပေါက်ကွဲလေတော့သည်။ "ဒီထျဲလန်ယန်က တကယ်ကို ဗိုလ်ကျနေတာပဲ။ အဲဒါ သူမက မင်းကို မနာလိုဖြစ်နေတာ၊ မင်းကိုတောင် တွန်းချရဲတယ်ပေါ့လေ။"
ပိုင်ရန်ရန်က လက်ကိုင်ပဝါဖြင့် မျက်ရည်များကို သုတ်ရင်း ရှိုက်ကြီးတငင် ပြောလိုက်သည်။ "သူမက ကျွန်မထက် ရုပ်ဆိုးလို့ မနာလိုဖြစ်တာလည်း ဖြစ်နိုင်တာပဲ၊ ကျွန်မလို ရုပ်ရည်မျိုး ရချင်တယ်လို့ ကျွန်မရှေ့မှာ တစ်ကြိမ်ထက်မက ပြောဖူးတယ်။"
(ထျဲလန်ယန် - နင့်ကို မနာလိုဖြစ်တယ် ဟုတ်လား။ နင့်ကို ကန်ချပစ်လိုက်ရမလား။)
ဟွမ်ဟဲ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ "တကယ့် မိစ္ဆာမပဲ။ သူမက ဘယ်လိုကြည့်ကြည့် ရုပ်ဆိုးပါတယ်၊ ပိုင်ကျစ်ချင်းလိုတော့ ဘယ်တော့မှ လှလာမှာ မဟုတ်ဘူး။"
ပြောပြီးသည်နှင့် ဟွမ်ဟဲကိုယ်တိုင်လည်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။
ပိုင်ရန်ရန်က မျက်ရည်များရွှဲနေသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး စကားတစ်ခွန်း လွှတ်ခနဲ ပြောလိုက်မိသည်။ "ပိုင်ကျစ်ချင်း... ကျွန်တော့်ကို ယုံပါ၊ မင်းအတွက် ကျွန်တော် ကလဲ့စားချေပေးမယ်။"
"တကယ်လားဟင်။" ပိုင်ရန်ရန်၏ မျက်ဝန်းများ ဝင်းပသွားပြီးမှ တဖန် ပြန်လည်မှိန်ဖျော့သွားကာ ပြောလိုက်သည်။ "မလုပ်ပါနဲ့တော့၊ ထျဲလန်ယန်က တော်တော်လေးကို သြဇာကြီးတာ၊ သူမက ရှင့်ကိုပါ ရန်ရှာမှာ စိုးရိမ်မိတယ်၊ အဲဒီလိုဆိုရင် ကျွန်မ စိတ်မကောင်းဖြစ်ရလိမ့်မယ်လေ။"
ဟွမ်ဟဲ လက်ယမ်းပြလိုက်သည်။ "စိတ်မပူပါနဲ့၊ ကျွန်တော်က ယောကျာ်းပဲ၊ မိန်းမတစ်ယောက်တည်းကိုတော့ ကိုင်တွယ်နိုင်ပါတယ်၊ စိတ်အေးအေးထား။"
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် သတိတော့ထားနော်။"
ပိုင်ရန်ရန် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ကျေးဇူးတင်သော အပြုံးလေး ပြုံးပြလိုက်သည်။
ဟွမ်ဟဲက ခေါင်းကုတ်ရင်း အူတူတူ ရယ်မောလိုက်သည်။ "ကျေးဇူးတင်စရာ မလိုပါဘူး၊ ကျွန်တော်တို့တွေက သူငယ်ချင်းတွေပဲဥစ္စာ၊ သူငယ်ချင်းဆိုတာ တစ်ယောက်ကိုတစ်ယောက် ကူညီရမှာပေါ့။"
ပိုင်ရန်ရန်၏ မျက်နှာလေး ရဲတက်သွားခဲ့သည်။ "ရှင်က ကျွန်မအပေါ် သိပ်ကောင်းတာပဲ။"
သို့သော် သူမ၏ ရင်ထဲတွင်မူ လှောင်ပြောင်နေခဲ့သည်။ နောက်ဆုံးတော့လည်း အရူး နောက်တစ်ယောက်ကို မျှားနိုင်ခဲ့ပြီပဲ။
"ဒီတစ်ကြိမ်တော့ သူမကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ရတာပဲ။"
နောက်နေ့ မွန်းတည့်ချိန်တွင် ထျဲလန်ယန် လက်ဆေးနေစဉ် ဟွမ်ဟဲက ရှက်ကိုးရှက်ကန်း အပြုံးဖြင့် အနားသို့ ကပ်လာခဲ့သည်။
"ထျဲကျစ်ချင်း... ကျွန်တော် အလုပ်ကအပြန် လမ်းမှာ ရဲဘော်စုန့်နဲ့ ဆုံခဲ့တယ်၊ သူက တောင်ကုန်းနောက်ဖက်မှာ မင်းကို ပြောစရာရှိလို့ အဲဒီကို လာခဲ့ပေးဖို့ မှာလိုက်တယ်။"
ထျဲလန်ယန် မျက်မှောင်ကြုတ်လိုက်မိသည်။
ပုံမှန်ဆိုလျှင် စုန့်ပိုင်ယွမ် စကားပြောစရာရှိပါက သူမဆီသို့သာ တိုက်ရိုက် လာတတ်သည်။ အခြားသူထံမှတစ်ဆင့် စကားပါးလေ့မရှိပေ။
သူမ ဝေခွဲမရဖြစ်နေသည်ကို မြင်သောအခါ ဟွမ်ဟဲက အလျင်အမြန်ပင် ဖြည့်စွက်ပြောလိုက်သည်။ "ရဲဘော်စုန့်က မင်းကို အံ့သြစရာ လက်ဆောင်တစ်ခု ပေးချင်လို့တဲ့၊ နှစ်ယောက်သား မလွဲသွားခင် အမြန်သွားလိုက်ပါဦး။"
ဟွမ်ဟဲ၏ ပုံစံမှာ အနည်းငယ် ပျာယာခတ်နေပုံရသဖြင့် သံသယဖြစ်ဖွယ် ကောင်းလှသည်။
ထျဲလန်ယန်က သူ့ကို တစ်ချက်ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။ "ကောင်းပြီလေ... ကျွန်မ သွားလိုက်မယ်။"
တောင်ကုန်းနောက်ဖက်မှာ သူမအတွက် ဘာတွေ စောင့်ကြိုနေမလဲဆိုတာကို သူမ သိချင်လှပြီ ဖြစ်သည်။
ထျဲလန်ယန် အခန်းထဲ ပြန်ဝင်ကာ အဝတ်အစားလဲပြီးနောက် စစ်သုံးလွယ်အိတ်ကို ယူကာ ထွက်လာခဲ့သည်။
သူမ တောင်ခြေသို့ ရောက်သောအခါ သစ်ပင်ကြီးတစ်ပင်တွင် ချည်နှောင်ထားသော အနီရောင်ဖဲကြိုးတစ်စနှင့် ထွင်းထုထားသော လမ်းညွှန်မြှားပြကွက်သင်္ကေတတစ်ခုကို တွေ့လိုက်ရသည်။
ထိုအပင်ပေါ်တွင်လည်း မြှားပုံစံ အမှတ်အသားတစ်ခု ရှိနေသေးသည်။
ထျဲလန်ယန်သည် ထိုအမှတ်အသား လမ်းကြောင်းအတိုင်း တောအုပ်အလယ်သို့ လျှောက်လှမ်းခဲ့သည်။
သူမ ဆက်လျှောက်လှမ်းရန် ပြင်စဉ်မှာပင် တစ်စုံတစ်ယောက်က သူမကို စိုက်ကြည့်နေသည်ကို ရိပ်ခနဲ သတိထားမိလိုက်သည်။
ထျဲလန်ယန် ချက်ချင်းပင် လှည့်လိုက်ပြီး ထိုသူ၏ ရင်ဘတ်ကို အားပြင်းစွာဖြင့် ကန်ချလိုက်တော့သည်။
"ဘုန်း။"
ထိုလူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။
သူက မျက်နှာကို အဝတ်နက်ဖြင့် ဖုံးအုပ်ထားပြီး လက်ထဲတွင်လည်း ဂုန်နီအိတ်တစ်လုံးကို ကိုင်ထားသဖြင့် ရုပ်ရည်ကို မမြင်ရပေ။
ထျဲလန်ယန် အနားသို့ လျှောက်သွားပြီး သူ့မျက်နှာပေါ်က အဝတ်ကို ဆွဲခွာလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ရင်းနှီးနေသော မျက်နှာတစ်ခု ဖြစ်နေခဲ့သည်။
သူမကို လိမ်ညာခေါ်ဆောင်လာခဲ့သည့် ရိုးအလှချည်ရဲ့ ဆိုသော ဟွမ်ဟဲပင် ဖြစ်သည်။
ထျဲလန်ယန်က သူ့ကို အေးစက်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။ "ဟွမ်ဟဲ... နင်နဲ့ ငါ့ကြားမှာ ဘာရန်ငြိုးမှလည်း မရှိဘဲနဲ့ နင်က ဘာလို့ ငါ့ကို လာတိုက်ခိုက်ရတာလဲ။"
ဟွမ်ဟဲ မြေပြင်ကနေ လူးလဲထကာ သူမကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ "ထျဲလန်ယန်... နင်က သိပ်ပြီး မာနထောင်လွှားလွန်းတယ်၊ ငါက တရားမျှတမှုအတွက် ဒါကို လုပ်တာ။"
ထျဲလန်ယန်က သူ့လက်ထဲက အိတ်ကို ကြည့်ပြီး ပြောလိုက်သည်။ "ဪ... ဒါဆို နင်က ငါ့ကို ဒီကို မျှားခေါ်လာပြီး အိတ်ထဲထည့် ရိုက်မလို့ပေါ့ ဟုတ်လား။"
ဟွမ်ဟဲ တိတ်တဆိတ်ပဲ နေလိုက်သည်။ အမှန်တကယ်ပင် ထျဲလန်ယန် ခန့်မှန်းလိုက်သည်မှာ ကွက်တိမှန်နေခြင်းကြောင့်ဖြစ်သည်။
သူမက အေးစက်စွာ ပြုံးလိုက်ပြီးနောက် သူ့ပါးကို နှစ်ချက်ဆင့် ရိုက်ကာ ထပ်မံကန်ကျောက်လိုက်တော့သည်။
ဟွမ်ဟဲ ပြန်လည်ခုခံရန် ကြိုးစားသော်လည်း ထျဲလန်ယန်၏ အင်အားကို မယှဉ်နိုင်ပေ။
သူ မြေပြင်ပေါ်သို့ လဲကျသွားပြီး မျက်နှာတစ်ခုလုံး နီရဲလျက် အံကြိတ်ကာ ပြောလိုက်သည်။ "ထျဲလန်ယန်... မင်းက ရုပ်ဆိုးမပဲ၊ မင်း ခွန်အားကြီးတိုင်း ဘယ်သူမှ မနိုင်ဘူးလို့ မထင်နဲ့။"
'ဒီနေ့ အရိုက်ခံရတာကို ငါမှတ်ထားမယ်၊ တစ်နေ့နေ့ကြရင် မင်းကို ပြန်ပြီး လက်စားချေဦးမှာ။'
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၉၈
"ဖြန်း။"
ထျဲလန်ယန်က သူ့ပါးကို နောက်ထပ် တစ်ချက် ခပ်ပြင်းပြင်း ထပ်ရိုက်လိုက်သည်။
ထို့နောက် သူမသည် မြေပြင်ပေါ်က ဂုန်နီအိတ်ကို ကောက်ယူကာ သူ့ခေါင်းထဲသို့ စွပ်လိုက်ပြီး အသေအလဲ တီးတော့သည်။
ဟွမ်ဟဲမှာ နာကျင်လွန်းသဖြင့် အော်ဟစ်ညည်းတွားနေရရှာပြီး နောက်ဆုံးတွင် အော်ပင်မအော်နိုင်တော့လောက်အောင် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲလာတော့မှသာ ထျဲလန်ယန်က လက်ရပ်လိုက်တော့သည်။
သူမ အိတ်ကို ဖယ်လိုက်သောအခါ ဟွမ်ဟဲ၏ မျက်နှာမှာ ဝက်ခေါင်းတစ်ခုလို ဖူးယောင်နေခဲ့ပြီ ဖြစ်သည်။
ထျဲလန်ယန်က ပြုံးလျက် သူ့ကို နှစ်ချက် ထပ်ကန်လိုက်သည်။ "ဒီမှာ ကြည့်စမ်း... ငတုံးဝက်ခေါင်းရဲ့၊ နင့်ပုံစံက ဒီလိုဖြစ်နေတာတောင် နင့်ရဲ့ ချစ်ရသူလေးအတွက် ကလဲ့စားချေပေးချင်သေးတယ်ပေါ့ ဟုတ်လား။"
ဟွမ်ဟဲ ကြောင်အသွားခဲ့သည်။ "နင်... ဘာတွေ ပြောနေတာလဲ၊ ငါ ဘာမှနားမလည်ဘူး။"
ထျဲလန်ယန် - "စောစောက နင် ဝင်းထဲမှာ ပိုင်ရန်ရန်နဲ့ စကားတွေ တပြုံးပြုံးနဲ့ ပြောနေတာကို ငါမြင်သားပဲ။"
သူမက ဘာမှသတိမထားမိဘူးများ ထင်နေတာလား။
သူမ ကျေးလက်သို့ ရောက်ကတည်းက ဟွမ်ဟဲသည် သူမနှင့် သုံးကြိမ်ထက်မက စကားပြောဖူးသည် မဟုတ်ပေ။
အခုကြမှ ဘာလို့ ရုတ်တရက်ကြီး လာစကားပြောရတာလဲ၊ အောက်လမ်းနည်း သုံးနေတာ သိသာလွန်းတယ်။
ဒါကို ကြားရသောအခါ ဟွမ်ဟဲ၏ မျက်နှာတွင် ပျာယာခတ်မှုများ ဖြတ်ပြေးသွားခဲ့သည်။ "ဒါ... ဒါတွေက ပိုင်ကျစ်ချင်းနဲ့ ဘာမှမဆိုင်ဘူး၊ သူမကို သွားပြီး ဒုက္ခမပေးနဲ့၊ သူမအပြစ် မဟုတ်ဘူး၊ ပြောစရာရှိရင် ငါ့ကိုပဲ ပြော။"
ဟွမ်ဟဲမှာ အရှက်ရသလို ဖြစ်သွားရသည်မှာ အမှန်ပင်။
ထျဲလန်ယန် ပြောလိုက်သည်။ "နင်က ငါ့ကို လာတိုက်ခိုက်ဖို့ ကြံစည်တယ်၊ ပြီးတော့ ငါ့ရဲ့ နုနယ်တဲ့ နှလုံးသားလေးကို နာကျင်အောင် လုပ်တယ်၊ ဒါကြောင့် တောင်းပန်တဲ့အနေနဲ့ နင် ငါ့ကို ယွမ်ငါးဆယ် ပေးရမယ်။"
ဟွမ်ဟဲ - .....
ဘယ်သူက နုနယ်တာလဲ၊ နာကျင်နေရတာ သူကိုယ်တိုင်ပဲဥစ္စာ။
ပြီးတော့ ယွမ်ငါးဆယ်တဲ့လား။ ယွမ်ငါးဆယ်ဆိုတာ သူ ခြောက်လလောက် အေးအေးဆေးဆေး စားသောက်နေထိုင်နိုင်တဲ့ ပမာဏဖြစ်ပြီး သူ့မှာ စုဆောင်းထားတာ ထိုမျှသာ ရှိသည်။
သူ လုံးဝ သဘောမတူနိုင်ပေ။
"ငါ့မှာ ပိုက်ဆံမရှိဘူး၊ မင်း လုပ်ချင်တာသာ လုပ်လိုက်တော့။"
ဟွမ်ဟဲက လည်ပင်းကို ဆန့်ပေးကာ အရှုံးပေးသည့်ပုံစံဖြင့် ကံကြမ္မာကို လက်ခံရန် ပြင်လိုက်သည်။
ထျဲလန်ယန်က သူမလက်မောင်းပေါ်က မရှိတဲ့ ဖုန်မှုန့်တွေကို ခါချဟန်လုပ်ရင်း ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီလေ... ဒါဆိုရင်တော့ ငါ အိမ်ပြန်ပြီး ပိုင်ရန်ရန်ကို သွားရိုက်တော့မယ်၊ သူမကိုလည်း နင့်လို ဝက်ခေါင်းဖြစ်သွားအောင် ရိုက်ပစ်မယ်။"
ဟွမ်ဟဲသည် စိတ်ကူးထဲတွင် ပိုင်ရန်ရန်၏ လှပသော မျက်နှာလေး ဝက်ခေါင်းအဖြစ် ပြောင်းလဲသွားပုံကို အလိုလို မြင်ယောင်မိသွားသည်။
ရုပ်ဆိုးပြီး သနားစရာ ကောင်းလိုက်မည့်ဖြစ်ခြင်း။
ဒါပေမယ့် အဲလိုဆိုရင်တော့ သူနဲ့ လိုက်ဖက်သွားမှာပဲ။
ဒါမှမဟုတ်…
မဟုတ်သေးပါဘူး။
သူမက သူ့ရဲ့ နှလုံးသားလေးပဲ၊ သူမ နာကျင်ခံစားရမှာကို သူ ဘယ်လိုလုပ် ရက်စက်နိုင်ပါ့မလဲ။
"ငါ မင်းကို ပိုက်ဆံ ပေးပါ့မယ်၊ ဒါပေမယ့် ပိုင်ကျစ်ချင်းကို သွားပြီး ဒုက္ခမပေးပါဘူးလို့ ငါ့ကို ကတိပေး။"
ထျဲလန်ယန်က ပြုံးလျက် ခေါင်းညိတ်သည်။ "ရတယ်လေ၊ ဒီနေ့တော့ သူမကို ငါ သွားပြီး ပြဿနာမရှာဘူး။"
ဒီနေ့ မရှာဘူးဆိုပေမယ့် နောက်ရက်တွေမှာ မရှာဘူးလို့ မဆိုလိုပေ။
ပိုင်ရန်ရန်က ကောက်ကျစ်စဉ်းလဲပြီး ပရိယာယ်များလှသည်၊ သူမက အလွယ်တကူ လက်လျှော့မည့်သူ မဟုတ်ဘဲ နောက်ထပ် ပြဿနာထပ်ရှာဦးမှာ သေချာသည်။
ဒါကြောင့် ထျဲလန်ယန်အနေဖြင့် သူမကို နှိမ်နင်းရန် စောစောစီးစီး အပြတ်ဖြတ်လိုက်တာက ပိုကောင်းလိမ့်မည်။
.....
ထျဲလန်ယန်သည် မကြာမီမှာပင် ပညာတတ်လူငယ်ဝင်းသို့ ပြန်ရောက်လာခဲ့သည်။
အတန်ကြာမှ ဟွမ်ဟဲတစ်ယောက် မျက်နှာတစ်ခုလုံး ဖူးယောင်ညိုမဲလျက် ခြေထောက်တစ်ဖက်ကို အသာဆွဲကာ တုန်ချည့်တုန်ချည့်ဖြင့် ပြန်ရောက်လာခဲ့သည်။
ပိုင်ရန်ရန်သည် အခန်းထဲတွင် စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီဖြစ်ပြီး ပြတင်းပေါက်မှနေ၍ အပြင်ဘက်သို့ ခဏခဏ လှမ်းကြည့်နေခဲ့သည်။
ဟွမ်ဟဲ၏ မျက်နှာပျက်စီးနေပုံကို မြင်လိုက်ရသောအခါ သူမရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး မကောင်းသော နိမိတ်ကို ခံစားလိုက်ရသည်။
သူသည် ထျဲလန်ယန်၏ အရိုက်ခံရရုံတင်မက ယွမ် ၅၀ ပါ လိမ်ညာအညှစ်ခံလိုက်ရကြောင်း ဟွမ်ဟဲက ပြောပြသောအခါ ပိုင်ရန်ရန်၏ မျက်နှာ အလိုလို ပုပ်သိုးသွားတော့သည်။
ယောကျာ်းတန်မဲ့ ဒီလောက်တောင် အသုံးမကျရလား၊ မိန်းမတစ်ယောက်ကိုတောင် မနိုင်ဘူး။
သူမသည် ထိုစကားကို ရင်ထဲတွင်သာ အော်ဟစ်လိုက်မိသော်လည်း အပြင်သို့ စကားသံများ ထွက်မလာအောင်တော့ မနည်းထိန်းလိုက်ရသည်။
ဟွမ်ဟဲက အပြစ်ရှိသလို မျက်နှာဖြင့် ပြောလိုက်သည်။ "တောင်းပန်ပါတယ် ပိုင်ကျစ်ချင်း၊ ကျွန်တော် မင်းကို စိတ်ပျက်အောင် လုပ်မိပြီ၊ ကျွန်တော့်အပေါ် စိတ်ပျက်သွားပြီလားဟင်။"
ပိုင်ရန်ရန် အံကြိတ်လိုက်မိသည်၊ စိတ်ပျက်ရုံတင် ဘယ်ကမလဲ၊ မျှော်လင့်ချက်တွေပါအကုန်ကုန်သွားတာ။
သူမ ရှာထားတဲ့လူတွေက တစ်ယောက်မှ အသုံးမကျဘူး၊ အားလုံးက ကျရှုံးတာချည်းပဲ။
သူမကိုယ်တိုင်ပဲ သွားပြီး ဖြေရှင်းရတော့မလား။
ဒါပေမယ့် ထျဲလန်ယန်က အရူးမပဲ၊ သူမ လူရိုက်တဲ့ပုံစံက အတော်လေး ကြောက်စရာကောင်းလွန်းလှသဖြင့် သူမကိုယ်တိုင်လည်း ရင်ဆိုင်ရဲခြင်း မရှိပေ။
"မဟုတ်တာ... ကျွန်မအတွက် ကူညီပေးတာနဲ့တင် ကျေးဇူးတင်လှပါပြီ၊ ရှင့်ကို ဘယ်လိုလုပ် စိတ်ပျက်ရမှာလဲ။"
ပိုင်ရန်ရန်သည် စိတ်ပါလက်ပါမရှိဘဲ ပြောလိုက်ခြင်းဖြစ်ပြီး မျက်နှာတွင်လည်း အပြုံးကို အတင်းလုပ်ယူ၍မရသဖြင့် အကြောင်းအရာကို ချက်ချင်း ပြောင်းလိုက်သည်။
အနည်းဆုံးတော့ ယွမ် ၅၀ ချက်ချင်းထုတ်ပေးနိုင်တဲ့လူဆိုတော့ သူ့မိသားစုအခြေအနေက မဆိုးလောက်ဘူး၊ နောက်ကြရင် သူ့ကို ထမင်းကျွေးမယ့် ရိက္ခာရှင်အဖြစ် သုံးလို့ရနိုင်သေးတာပဲ။
ဒါကို ကြားရသောအခါ အားငယ်စိတ်ပျက်နေသော ဟွမ်ဟဲမှာ ချက်ချင်းပင် ပြန်လည်ပြုံးရွှင်သွားခဲ့သည်။ "ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ပိုင်ကျစ်ချင်း။"
ပိုင်ရန်ရန်က ဟွမ်ဟဲအား အရက်ပြန် လိမ်းပေးနေစဉ်မှာပင် ထျဲလန်ယန် ရောက်ရှိလာခဲ့သည်။
"အလိုလေး... အရက်ပြန်တွေတောင် လိမ်းပေးနေတာကိုး၊ ပိုင်ရန်ရန်... နင်က ရဲဘော်ဟွမ်ဟဲအပေါ် အတော်လေး ကောင်းတာပဲ၊ နင်တို့နှစ်ယောက် တွဲနေကြတာတော့ မဟုတ်ပါဘူးနော်။"
ပိုင်ရန်ရန်၏ လက်များ တုန်ရီသွားပြီး မျက်ဝန်းထဲတွင် ရွံရှာမှုများ ဖြတ်ပြေးသွားကာ ပြောလိုက်သည်။"ထျဲလန်ယန်... လျှောက်မပြောနဲ့၊ ငါနဲ့ ရဲဘော်ဟွမ်ဟဲက တော်လှန်ရေးရဲဘော်တွေပဲ၊ သူ ဒဏ်ရာရလာတာကို မကြည့်ရက်လို့ ကူညီပေးနေတာ။"
သူမက ဟွမ်ဟဲလို လူစားမျိုးနဲ့ ဘယ်လိုလုပ် တွဲမှာလဲ။
ဟွမ်ဟဲရဲ့ ရုပ်ရည်ကတင် သူမနဲ့ မလိုက်ဖက်တာ၊ ကျန်တဲ့ သူမသတ်မှတ်ထားတဲ့ အခြေအနေတွေနဲ့ဆို ပိုလို့တောင် မကိုက်ညီသေးပေ။
ဟွမ်ဟဲသည် ပိုင်ရန်ရန် စိတ်ဆိုးသွားမည်စိုးသဖြင့် အလျင်အမြန်ပင် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ကျွန်တော်နဲ့ ပိုင်ကျစ်ချင်းကြားမှာ ဘာမှမရှိပါဘူး၊ မဟုတ်တာတွေ လျှောက်မပြောပါနဲ့။"
ထျဲလန်ယန် နှာခေါင်းရှုံ့လိုက်သည်။ "နင်တို့နှစ်ယောက် ဘာပတ်သက်မှုပဲရှိရှိ ငါ့ကိစ္စမဟုတ်ဘူး၊ ငါ့ကို ပေးဖို့ ကတိပေးထားတဲ့ ယွမ် ၅၀ သာ မြန်မြန်ထုတ်ပေး။"
"ပိုက်ဆံ ဒီမှာ။"
ဟွမ်ဟဲသည် အခန်းထဲကနေ ပိုက်ဆံ သွားယူထားပြီးဖြစ်ရာ အိတ်ထဲကနေ ထုတ်ပေးလိုက်သည်။
ထျဲလန်ယန် ပိုက်ဆံကို လှမ်းယူလိုက်ပြီး ပိုင်ရန်ရန်အား လှောင်ပြုံးဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။ "ပိုင်ရန်ရန်... နောက်တစ်ခါကြရင်တော့ နင် ဒီလောက် ကံကောင်းမှာ မဟုတ်တော့ဘူး။"
ပိုင်ရန်ရန်၏ မျက်နှာ တင်းမာသွားပြီး နှုတ်ခမ်းကို ကိုက်လိုက်သည်။ "ထျဲကျစ်ချင်း... ငါ နင့်ကို ဘာမှမလုပ်ရသေးဘူးနော်။"
"တော်စမ်းပါ... ငါ့ရှေ့မှာ လာပြီး ဟန်ဆောင်မနေနဲ့။"
ထျဲလန်ယန်က လှောင်ရယ်ရင်း ဆက်ပြောလိုက်သည်။ "မနေ့က နင် စုန့်ပိုင်ယွမ်ကို လမ်းမှာတားပြီး ငါ့အကြောင်း မကောင်းတာတွေ ပြောခဲ့တာကို ငါအကုန်သိတယ်။"
"ရယ်စရာကောင်းလိုက်တာ၊ နင့်ရဲ့ အောက်တန်းကျတဲ့ လှည့်ကွက်လေးတွေနဲ့ စုန့်ပိုင်ယွမ်က အယုံလွယ်လိမ့်မယ်လို့ ထင်နေတာလား။ လူတွေကို ငတုံးတွေလို့ မထင်နဲ့ဦး။"
ထိုသို့ပြောပြီးနောက် ထျဲလန်ယန်က ဟွမ်ဟဲကို လှမ်းကြည့်ကာ ပြောလိုက်သည်။ "ဪ... ငါပြောတာ မှားသွားတယ်၊ ဒီမှာ သူတစ်ပါးကို ကူညီချင်လွန်းလို့ အရိုက်ခံလိုက်ရတဲ့ အရူးတစ်ယောက် ရှိနေတာပဲဥစ္စာ။"
ဟွမ်ဟဲ နှုတ်ခမ်းကို မဲ့လိုက်မိသည်၊ သူမက သူ့ကို ပြောနေတာလား။ သူက တကယ်ပဲ ငတုံးတစ်ယောက်လို ပုံပေါက်နေလို့လား။
ထျဲလန်ယန် ထွက်သွားပြီးနောက် ပိုင်ရန်ရန်သည် ဟွမ်ဟဲအား ဝမ်းနည်းပက်လက် မျက်နှာလေးဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ရဲဘော်ဟွမ်ဟဲ... ရှင်လည်း ကျွန်မကို အမှားလုပ်တယ်လို့ ထင်နေတာလား။ ထျဲလန်ယန်က ကျွန်မကို ဒီလောက်အထိ စော်ကားပြောဆိုနေတာတောင် ရှင် ဘာမှဝင်မကူညီပေးဘူး။"
ဟွမ်ဟဲက ကပျာကယာပင် နှစ်သိမ့်ရှာသည်။ "မဟုတ်ပါဘူး၊ ကျွန်တော်က စကားပြောရတာ လည်လည်ဝဲဝဲ မရှိလို့ပါ။ ဝင်ပြောရင် ထျဲလန်ယန်က မင်းကို ပိုပြီး ဆဲဆိုနေမှာ စိုးလို့ပါ၊ စိတ်မဆိုးပါနဲ့နော်။"
ပိုင်ရန်ရန် ခေါင်းခါလိုက်သည်။ "ကျွန်မ စိတ်မဆိုးပါဘူး၊ ရှင့်အတွက် စိုးရိမ်လို့ပါ၊ သူမက ရှင့်ပိုက်ဆံတွေ အကုန်ယူသွားတော့ ရှင် ဘယ်လိုလုပ်မလဲ။"
ဟွမ်ဟဲ ရယ်မောလိုက်သည်။ "ရပါတယ်၊ အိမ်ကို ဖုန်းဆက်ပြီး ပိုက်ဆံ ထပ်ပို့ခိုင်းလိုက်မယ်။"
ပိုင်ရန်ရန် ရင်ထဲတွင် ခိုးပြီး ဝမ်းသာသွားသည်၊ သူမ ခန့်မှန်းတာ တကယ်မှန်တာပဲ၊ ဟွမ်ဟဲရဲ့ မိသားစုက တကယ် ချမ်းသာတာပဲ။
"အို... ဟန်ခယ်အာ ထွက်သွားတုန်းက ကျွန်မဆီက ပိုက်ဆံချေးသွားလို့ သနားတာနဲ့ ရှိသမျှ ထုတ်ပေးလိုက်မိတာ၊ အခုတော့ ကျွန်မမှာ တစ်ပြားမှမရှိတော့ဘူး။ ခေါင်းစည်းကြိုးလေးတစ်ကြိုးတောင် ဝယ်ဖို့ ပိုက်ဆံမရှိတော့ဘူးလေ၊ တကယ်ကို မွဲသွားပါပြီ။"
ပိုင်ရန်ရန်က နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်ခြင်းဖြစ်ပြီး သူမ၏ ရည်ရွယ်ချက်မှာ အလွန်ပင် ထင်ရှားလှသည်။
"မင်း အားမနာဘူးဆိုရင်တော့... ကျွန်တော့်အိမ်က ပိုက်ဆံပို့လာတာနဲ့ မင်းကို ယွမ် ၂၀ ချေးပေးပါ့မယ်။"
ပိုင်ရန်ရန် - .....
ချေးပေးမယ် ဟုတ်လား။
ယွမ် ၂၀ က ဘာမှမဟုတ်တာကို၊ ဒီတိုင်းပဲ လက်ဆောင်ပေးလိုက်တာက ပိုကောင်းမှာပေါ့။
ပိုင်ရန်ရန်က ထိုသို့ အပြင်ထုတ်မပြောရဲဘဲ ဟန်ဆောင်ကာ ငြင်းလိုက်သည်။ "မလိုပါဘူး၊ အားနာစရာကြီး၊ ကျွန်မတို့ မိသားစုကလည်း ဆင်းရဲတော့ နောက်ကြရင် ရှင့်ပိုက်ဆံကို ပြန်မဆပ်နိုင်ရင် ဘယ်လိုလုပ်မလဲ။"
"ပြန်မဆပ်နိုင်လည်း ကိစ္စမရှိပါဘူး။"
ဟွမ်ဟဲ ပြောလိုက်သည်။ "မင်း သုံးဖို့ အဆင်ပြေရင်ပဲ ကျွန်တော် ပျော်ပါပြီ။"
ပိုင်ရန်ရန် မျက်နှာလေး ရဲတက်သွားခဲ့သည်။ "ရဲဘော်ဟွမ်ဟဲ... ရှင်က ကျွန်မအပေါ် သိပ်ကောင်းတာပဲ။"
ဟွမ်ဟဲက တဟီးဟီး ရယ်ပြီး ခေါင်းကိုသာ ကုပ်နေပြီး ဘာမှထပ်မပြောတော့ပေ။
အရက်ပြန် လိမ်းပေးပြီးနောက် ပိုင်ရန်ရန် ထွက်ခွာသွားခဲ့သည်။
သူမ ထွက်သွားသည့် ကျောပြင်ကို ကြည့်ရင်း ဟွမ်ဟဲ၏ မျက်ဝန်းထဲက အပြုံးများမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားကာ သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့တော့သည်…