← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၁၀၁

"ဒီဟွမ်ဟဲက တကယ်ကို ယုတ်မာလွန်းတယ်၊ မင်းကို ဒုက္ခပေးဖို့ ဒီလိုအောက်တန်းကျတဲ့ နည်းလမ်းကို သုံးရဲတယ်ပေါ့။"

ထျဲလန်ယန် ခေါင်းခါပြလိုက်သည်။ "မဟုတ်ဘူး၊ သူက ရှင့်ကို နှိမ်နင်းချင်တာ။"

စုန့်ပိုင်ယွမ် အံ့အားသင့်သွားခဲ့သည်။

ထျဲလန်ယန် ဆက်ပြောလိုက်သည်။ "မနေ့ညက ဟွမ်ဟဲ အဲဒီလူနှစ်ယောက်ကို ပြောခဲ့တာ ရှင်မေ့သွားပြီလား၊ သူက ကျွန်မကို ဒုက္ခပေးဖို့ ပိုင်ရန်ရန်ကို အသုံးချမယ်လို့ ပြောခဲ့တာ၊ ဒါပေမယ့် တကယ်တမ်းကြတော့ သူက တစ်ချက်ခုတ် နှစ်ချက်ပြတ်အဖြစ် ကျွန်မကိုသုံးပြီး ရှင့်ရောကျွန်မကိုပါ နှစ်ယောက်လုံးကို တစ်ခါတည်း ရှင်းပစ်ချင်နေတာ။"

စုန့်ပိုင်ယွမ်က ဘာမှဝင်မပြောဘဲ သူမ၏စကားကိုသာ ဆက်နားထောင်နေသည်။

ထျဲလန်ယန် - "ကျွန်မ ခန့်မှန်းရသလောက်တော့ ဟွမ်ဟဲက ပိုင်ရန်ရန်ကို ပေးမယ့် နိုင်ငံခြားစာအုပ်ထဲမှာ ရှင်တိုင်းပြည်ကို သစ္စာဖောက်တဲ့အကြောင်း ရေးထားတဲ့ လျှို့ဝှက်စာတစ်စောင် ပါလိမ့်မယ်။"

"မဖြစ်နိုင်တာ၊ ငါက တိုင်းပြည်ကို ဘယ်တော့မှ သစ္စာမဖောက်ဘူး။" စုန့်ပိုင်ယွမ်၏ မျက်နှာထားမှာ ခက်ထန်ပြတ်သားသွားသည်။

ထျဲလန်ယန် - "ကျွန်မက ဥပမာပေးပြီး ရှင်းပြတာပါ၊ ဒါက ဟွမ်ဟဲရဲ့ အကွက်လေ။"

စုန့်ပိုင်ယွမ် - "မင်းပြောတာ ကိုယ် နားလည်ပြီ၊ ကိုယ် ဒါကို အထက်လူကြီးတွေကို ချက်ချင်း အစီရင်ခံလိုက်မယ်၊ သူတို့ကို ဘာအခွင့်အရေးမှ မပေးနိုင်ဘူး။"

ဒီတစ်ကြိမ် သူတို့တားဆီးနိုင်ခဲ့ရင်တောင် နောက်တစ်ကြိမ် ထပ်ကြံစည်လာနိုင်သဖြင့် ကြိုတင်အကြောင်းကြားထားခြင်းက ပိုစိတ်ချရသည်။

ထျဲလန်ယန် - "မလိုပါဘူး၊ ကျွန်မမှာ နည်းလမ်းရှိတယ်။"

စုန့်ပိုင်ယွမ် - ?

ထျဲလန်ယန် ပြုံးလိုက်သည်။ "သူတို့ရဲ့လှည့်ကွက်ကို သုံးပြီး သူတို့ကိုပဲ ပြန်ထောင်ချောက်ဆင်ရအောင်..."

နှစ်ရက်ကြာပြီးနောက်။

ပိုင်ရန်ရန်သည် မြို့နယ်ဆေးခန်းမှ ဆင်းလာခဲ့သည်။

သူမနှင့် အခန်းဖော်ဖြစ်သူ အမျိုးသမီးပညာတတ်လူငယ်တစ်ဦးမှလွဲ၍ ကျန်သူများက သူမကို လှည့်ပင်မကြည့်ကြပေ။

အကြောင်းရင်းမှာ သူမဆေးရုံတက်နေစဉ်အတွင်း ကျန်းကျစ်ချင်းက သူမ၏ အတိတ်က လုပ်ရပ်ဆိုးများကို လူတိုင်းကို ဖွင့်ချလိုက်သောကြောင့်ဖြစ်သည်။

ကျန်းကျစ်ချင်းက ထျဲလန်ယန်ကို ဘာကြောင့် ရုတ်တရက် တိုက်ခိုက်ခဲ့လဲဆိုသည်ကို လူတိုင်း သဘောပေါက်သွားကြပြီ ဖြစ်သည်။ အရာအားလုံးနောက်ကွယ်က ကြိုးကိုင်သူမှာ ပိုင်ရန်ရန် ဖြစ်နေခဲ့သည်။

ဤမျှ ကောက်ကျစ်စဉ်းလဲသောသူနှင့် မည်သူမျှ မပတ်သက်ချင်ကြပေ။ ပိုင်ရန်ရန်ကို စိတ်ဝင်စားခဲ့သော ချန်ဟွိုက်ကျင်းပင်လျှင် စိတ်ကုန်သွားခဲ့ရသည်။

သူက ကလေကချေဖြစ်သော်လည်း အဆိပ်ပြင်းတဲ့ မြွေဟောက်မတစ်ကောင်နှင့်တော့ လက်မတွဲချင်ပါ။ ပြန်အကိုက်ခံရလျှင် မသက်သာလှပေ။ ချန်ဟွိုက်ကျင်းမှာလည်း တကယ့် လူရှုပ်လူပွေတစ်ယောက် ဖြစ်သည်။

ဇာတ်လိုက်မဖြစ်သူ ယွီချင်းချုံကတော့ အခြေအနေကို ဘေးကနေ အသာလေး စောင့်ကြည့်နေသည်။ သူမလည်း ဒီရက်ပိုင်းအတွင်း အရာအားလုံးကို သဘောပေါက်သွားခဲ့ပြီ။

သူမအနေဖြင့် ကိုယ်တိုင်လက်ရက်စက်ပြီး ကလဲ့စားမချေနိုင်သေးသရွေ့ အခြေအနေကို စောင့်ကြည့်ပြီး အခွင့်အရေးကို စောင့်ဆိုင်းခြင်းက အကောင်းဆုံးဖြစ်သည်။ ပိုင်ရန်ရန်ရော ချန်ဟွိုက်ကျင်းပါ နောင်တွင် ပြေးလွတ်ကြမည်မဟုတ်ပေ။

ထိုညတွင် ပိုင်ရန်ရန်သည် ခိုးကြောင်ခိုးဝှက် ထကာ ထျဲလန်ယန်၏ အခန်းထဲသို့ သွားခဲ့သည်။ ပိုင်ရန်ရန် ပြန်ထွက်သွားသည်နှင့် ထျဲလန်ယန်သည် မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်သည်။

သူမသည် ခေါင်းအုံးအောက်ရှိ စာအုပ်ကို သူမ၏ နေရာလွတ်ထဲသို့ အရင်ထည့်လိုက်ပြီး စိတ်အာရုံဖြင့် စာအုပ်ကို လှန်လှောကြည့်ရှုခဲ့သည်။ အမှန်ပင် စာတစ်စောင်ကို ရှာတွေ့ခဲ့သည်။

သူမ ၎င်းကို ဖွင့်ကြည့်လိုက်သောအခါ စက္ကူနှစ်ရွက်ကို တွေ့ရသည်။ အားလုံးကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားပြီး တရုတ်နိုင်ငံ၏ တန်ဖိုးရှိသော သတင်းအချက်အလက်များ ပြည့်နှက်နေသည်။

စာ၏အဆုံးတွင် နိုင်ငံခြားသားအမည်ဖြင့် လက်မှတ်ထိုးထားသော်လည်း စာ၏အစတွင် လက်ခံမည့်သူအမည်ကို "စုန့်ပိုင်ယွမ်" ဟု ရှင်းလင်းစွာ ရေးသားထားသည်။

ဒါက တကယ့်ကို ယုတ်မာပက်စက်တဲ့ ထောင်ချောက်ဆင်မှုပင် ဖြစ်သည်။

အကယ်၍ ဤစာကို ရဲစခန်းက ရှာတွေ့သွားပါက စုန့်ပိုင်ယွမ်တစ်ယောက် မည်သို့မျှ ဆင်ခြေပေးပြီး ရှင်းပြနိုင်တော့မည် မဟုတ်ပေ။

ထျဲလန်ယန်သည် စိတ်အာရုံဖြင့် မီးခြစ်ကို ထုတ်ယူကာ ထိုစာကို ချက်ချင်းပင် မီးရှို့ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် သူမကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် စာတစ်စောင် ပြန်ရေးလိုက်သည်။

ဒါပေါ့... ဒီတစ်ကြိမ်တွင်မူ လက်ခံမည့်သူနေရာ၌ "ပိုင်ရန်ရန်" ဟု အမည်ပြောင်းလဲ ရေးသားလိုက်ခြင်းဖြစ်သည်။

ရေးပြီးနောက် သူမသည် ထိုစာကို နိုင်ငံခြားစာအုပ်ထဲသို့ ပြန်ထည့်ကာ ပိုင်ရန်ရန်၏ အခန်းထဲသို့ တိတ်တဆိတ် သွားရောက်ပြီး စာအုပ်ကို ပိုင်ရန်ရန်၏ ခရီးဆောင်သေတ္တာထဲသို့ အသာလေး ထိုးထည့်ထားလိုက်သည်။

ဟင်း... ထောင်ချောက်ဆင်တာကတော့ လူတိုင်း လုပ်တတ်တာပဲလေ။

နောက်တစ်နေ့ မိုးမလင်းမီအချိန်၌…

ပညာတတ်လူငယ်ဝင်း၏ တံခါးကြီးကို တဘုန်းဘုန်း လာရောက်ထုရိုက်တော့သည်။

ပညာတတ်လူငယ်ဟောင်းတစ်ဦးက တံခါးသွားဖွင့်ပေးရာ တံခါးပွင့်သွားသည်နှင့် ရဲစစ်ဆေးရေးမှူးနှစ်ဦး တံခါးဝတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။

"ကျွန်တော်တို့ မနေ့က အမည်မသိတိုင်ကြားစာတစ်စောင် ရရှိထားတယ်၊ ဒီဝင်းထဲမှာ ရန်သူ့သူလျှိုတစ်ယောက် ရှိနေတယ်လို့ သိရလို့ စုံစမ်းစစ်ဆေးရေးမှာ ပူးပေါင်းပါဝင်ပေးပါ။"

ပညာတတ်လူငယ်ဟောင်း၏ လက်များ တုန်ယင်သွားကာ ဟူဟောင်ကို အမြန်သွားခေါ်တော့သည်။ "ရဲဘော်ဟူဟောင်... ကိစ္စကြီးတော့မယ်၊ ငါတို့ဝင်းထဲမှာ ရန်သူ့သူလျှို ရှိနေတယ်တဲ့။"

သူ့အော်သံကြောင့် ပညာတတ်လူငယ်ဝင်းတစ်ခုလုံး နိုးကုန်ကြသည်။ လူတိုင်း သတင်းကိုကြားပြီး အဝတ်အစားများ အမြန်လဲကာ အိပ်ရာမှ ထလာကြသည်။

ဟူဟောင်သည် ပြဿနာတစ်ခုခု တက်မည်ကို စိုးရိမ်သဖြင့် စိတ်မအေးနိုင်ဘဲ ရွာအသင်းခေါင်းဆောင်ကို သွားခေါ်ရန် လူလွှတ်လိုက်ရသည်။

ထိုအချိန်တွင် ရဲအရာရှိနှစ်ဦးက နာမည်ကို တိုက်ရိုက်ခေါ်လိုက်တော့သည်။ "ဘယ်သူက ထျဲလန်ယန်လဲ၊ ရှေ့ကို ထွက်ခဲ့ပါ။"

ဤစကားကြောင့် ရှိနေသူအများစုမှာ လန့်ဖြန့်သွားကြသည်။

ထျဲလန်ယန်က ရန်သူ့သူလျှို ဟုတ်လား။

မဖြစ်နိုင်တာ။

သူမက အနည်းငယ် ဇွတ်တရွတ်နိုင်သော်လည်း စိတ်သဘောထားကောင်းသူဖြစ်ပြီး သူတို့ကို ခုခံကာကွယ်နည်းများပင် သင်ပေးခဲ့သေးသည်။

ဝမ်ကျွင်းကျွင်းက ထျဲလန်ယန်ကို စိုးရိမ်တကြီး ကြည့်နေသည်။

ထျဲလန်ယန်တွင် အစီအစဉ်ရှိမှန်း သိသော်လည်း အရာရာ မရှင်းလင်းသေးမီအထိ စိုးရိမ်စိတ်ကို မထိန်းနိုင်ဖြစ်နေရသည်။

ပိုင်ရန်ရန်၏ မျက်နှာတွင်မူ စိတ်လှုပ်ရှားဝမ်းသာမှုကို မဖုံးကွယ်နိုင်ဘဲ ဖြစ်နေသည်။

ထျဲလန်ယန်တော့ သွားပြီ၊ တကယ်ကို ဝမ်းသာစရာပဲ။

ဟွမ်ဟဲသည် သူမ၏အမူအရာကို မြင်သောအခါ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ကျွန်မပါ။" ထျဲလန်ယန် ရှေ့သို့ တိုးထွက်လာခဲ့သည်။

ရဲအရာရှိငယ်တစ်ဦးက ပြောလိုက်သည်။ "မင်း ရန်သူနဲ့ ပတ်သက်နေတယ်လို့ တိုင်ကြားချက်ရှိထားလို့ မင်းရဲ့ပစ္စည်းတွေကို ရှာဖွေရပါမယ်၊ ဒါကတော့ ရှာဖွေခွင့်ဝရမ်းပါ။" ထိုသို့ ပြောကာ စာရွက်စာတမ်းကို ကမ်းပေးလိုက်သည်။

ထျဲလန်ယန်က ကြည့်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။ "ကျွန်မရော တခြားလူတစ်ယောက်ကို လူကိုယ်တိုင် ပြန်တိုင်လို့ ရမလား။"

ရဲအရာရှိငယ်မှာ ဆွံ့အသွားခဲ့သည်။ "ဘာပြောချင်တာလဲ။"

ထျဲလန်ယန် - "ကျွန်မကို လာတိုင်သလို ကျွန်မကလည်း တခြားလူကို ပြန်တိုင်မယ်လေ၊ ဒါမှ တရားမျှတမှာပေါ့။"

အခြေအနေကို တည်ငြိမ်စွာ စောင့်ကြည့်နေသည့် သက်ကြီးရဲအရာရှိက မျက်မှောင်ကြုတ်လိုက်သည်။ "ဒီရဲဘော်မလေးကတော့ တကယ်ပဲ အရေးအကြောင်းနားမလည်တာပဲ၊ ဒါကို ကစားစရာများမှတ်နေလား။ မဟုတ်မမှန် တိုင်တန်းရင် ရဲတပ်ဖွဲ့ရဲ့ အချိန်တွေကို ဖြုန်းတီးရာကျလို့ အပြစ်ပေးခံရလိမ့်မယ်၊ ငြိမ်ငြိမ်နေစမ်းပါ။"

ထျဲလန်ယန်က ခေါင်းခါလိုက်သည်။ "ကျွန်မ အပြစ်ပေးခံရမှာ မကြောက်ပါဘူး၊ အဲဒီမိန်းမမှာ ပြဿနာရှိတယ်ဆိုတဲ့ သက်သေ ကျွန်မဆီမှာ ရှိတယ်။"

ရဲအရာရှိငယ်က တစ်ခုခုပြောရန် ပြင်စဉ် သက်ကြီးရဲအရာရှိက တားလိုက်သည်။ "ကောင်းပြီလေ၊ မင်းက ဒီလောက်တောင် သတ္တိရှိနေမှတော့ တိုင်စမ်းပါဦး။ ဘယ်သူ့ကို တိုင်ချင်တာလဲ၊ တခြားပညာတတ်လူငယ်တစ်ယောက်လား။"

ထျဲလန်ယန် - "ဟုတ်ပါတယ်။"

ဤစကားကြောင့် ရှိနေသော ပညာတတ်လူငယ်အားလုံး အံ့အားသင့်သွားကြသည်။

အထူးသဖြင့် ပိုင်ရန်ရန်ပင်။

ထျဲလန်ယန်တစ်ယောက် ယခုလို အချိန်မျိုးမှာ တခြားလူကို ဘာလို့ လိုက်တိုင်နေတာလဲဆိုတာ သူမ နားမလည်နိုင်ဖြစ်နေရသည်။

သူမကိုယ်သူမ အရင်လွတ်အောင် ကြံရမှာ မဟုတ်ဘူးလား။

ထျဲလန်ယန် တိုင်မည့်သူမှာ သူမကိုယ်တိုင်ဖြစ်မှန်း မသိရှာဘဲ ထျဲလန်ယန်သည် မိုက်မဲလှချည်ရဲ့ ဟု စိတ်ထဲတွင် လှောင်ပြောင်နေသေးသည်။

ထျဲလန်ယန်က သူမ၏အမည်ကို အော်ခေါ်လိုက်သောအခါ ပိုင်ရန်ရန်မှာ ကြောင်အသွားပြီးမှ လှောင်ရယ်လိုက်တော့သည်။ "ထျဲလန်ယန်... ငါတို့ချင်း အဆင်မပြေရုံနဲ့ နင်က ငါ့ကို လာတိုင်ရလား၊ နင်က တကယ်ပဲ သဘောထားသေးသိမ်တာပဲ။"

ထို့နောက် သူမက ရဲအရာရှိနှစ်ဦးဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ရဲအရာရှိတို့... ထျဲလန်ယန်က တမင်သက်သက် တိုင်တာ မဟုတ်ပါဘူး၊ သူမက စိတ်အခြေအနေ မတည်ငြိမ်လို့ ဖြစ်ရတာပါ၊ သူမကို အပြစ်မယူပါနဲ့နော်။"

သက်ကြီးရဲအရာရှိ၏ မျက်နှာမှာ ပို၍တည်တင်းသွားခဲ့သည်။ "မင်းတို့ချင်း ဘာရန်ငြိုးပဲရှိရှိ ငါတို့စိတ်မဝင်စားဘူး၊ ဒါပေမယ့် မဟုတ်မမှန်တိုင်ရင် နောက်ဆက်တွဲတာဝန်ယူရမယ်။ ရဲဘော်ထျဲ... မင်း တကယ်ပဲ တိုင်မှာ သေချာလား။"

ထျဲလန်ယန် - "သေချာပါတယ်။"

သူမ စကားအဆုံးတွင် ပိုင်ရန်ရန်က ကြားဖြတ်လိုက်သည်။ "ထျဲလန်ယန်... ခေါင်းမမာစမ်းပါနဲ့၊ ငါက နင့်အတွက် စိတ်ပူလို့..."

ထျဲလန်ယန်က သူမ၏ပါးကို ရိုက်ချလိုက်သည်။ "ဖယ်စမ်း... နင်က ဘာတွေလာပွစိပွစိ လုပ်နေတာလဲ။ ငါတိုင်တာ မတိုင်တာ ငါ့ကိစ္စ၊ ပြဿနာတက်ရင်လည်း ငါ့ဘာသာတာဝန်ယူမယ်၊ နင့်ရဲ့ ဟန်ဆောင်ကရုဏာတွေ လာပြမနေနဲ့။"

"ဝူး၀းဝူး... ရဲအရာရှိတို့... ကြည့်ကြပါဦး... ရဲဘော်ထျဲက လူမိုက်ဆန်လွန်းပါတယ်..."

ပိုင်ရန်ရန်က ထုံကျင်သွားသော ပါးပြင်ကို အုပ်ကာ မျက်ရည်များ ဝိုင်းလျက် ငိုယိုတိုင်တန်းတော့သည်။

သက်ကြီးရဲအရာရှိ၏ မျက်ခုံးများမှာ မကျေနပ်မှုကြောင့် အလွန်အမင်း တွန့်ချိုးသွားခဲ့သည်။

ရဲအရာရှိငယ်က မကျေမနပ်ဖြစ်သွားခဲ့သည်။ "ရဲဘော်ထျဲ... ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရှေ့မှာ လူကို ဒီလိုလက်ပါတာတော့ မကောင်းဘူးလေ။"

ထျဲလန်ယန် - "ရဲအရာရှိတို့... ပိုင်ရန်ရန်က တမင်စကားတွေ လျှောက်ပြောပြီး အချိန်ဆွဲနေတယ်လို့ ကျွန်မ သံသယရှိတယ်၊ အကယ်၍ သူမကြောင့် စုံစမ်းစစ်ဆေးရေး ကြန့်ကြာသွားရင် သူမက အရိုက်ခံရသင့်တယ် မဟုတ်ဘူးလား။"

ရဲအရာရှိငယ် - "ဒါကတော့..."

သက်ကြီးရဲအရာရှိ - "တော်ပြီ။ သူတို့နှစ်ယောက်လုံးရဲ့ ပစ္စည်းတွေကို သွားရှာကြ၊ ကျန်တာကို နောက်မှပြောမယ်၊ အချိန်မဖြုန်းကြနဲ့။"

ရဲတပ်ဖွဲ့ဝင်များသည် အဖွဲ့နှစ်ဖွဲ့ခွဲကာ ထျဲလန်ယန်နှင့် ပိုင်ရန်ရန်တို့၏ အထုပ်အပိုးများကို တစ်ပြိုင်နက်တည်း ဝင်ရောက်ရှာဖွေကြသည်။

မကြာမီမှာပင် ရလဒ်များ ထွက်ပေါ်လာခဲ့တော့သည်…

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၁၀၂

ထျဲလန်ယန်၏ ပစ္စည်းများထဲတွင်မူ မသင်္ကာစရာ တစ်ခုမျှ ရှာမတွေ့ခဲ့ပေ။

သို့သော် ပိုင်ရန်ရန်၏ ခရီးဆောင်သေတ္တာထဲတွင်မူ အင်္ဂလိပ်ဘာသာဖြင့် သီးသန့်ရေးသားထားသော နိုင်ငံခြားစာအုပ်တစ်အုပ်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုစာအုပ်ကို မြင်သည်နှင့် ပိုင်ရန်ရန်၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားကာ နောက်သို့ ဆုတ်လိုက်မိသည်။ "မဟုတ်ဘူး... မဖြစ်နိုင်တာ... ဒီစာအုပ်က အမှန်တော့..."

"အမှန်တော့ ဘာဖြစ်လဲ။"

ထျဲလန်ယန်က သူမကို လှောင်ပြုံးဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။ "ပိုင်ရန်ရန်... အခုတော့ သက်သေက ထင်ရှားနေတာပဲ၊ နင် ဘာဆင်ခြေပေးပြီး ငြင်းချင်သေးလဲ။"

သက်ကြီးရဲအရာရှိ၏ မျက်နှာမှာ အေးစက်သွားပြီး နှာခေါင်းရှုံ့လိုက်သည်။ "ရဲဘော်ထျဲ မင်းကို ရိုက်လိုက်တာ တကယ်ကို မှန်တာပဲ၊ ဒီရဲဘော်မလေးကတော့ ရိုးသားမှု လုံးဝမရှိဘူး။"

ရဲအရာရှိငယ်က စာအုပ်ကြားမှ ထွက်နေသော စာအိတ်ထောင့်စွန်းလေးကို မြင်သဖြင့် ဖွင့်ကြည့်လိုက်သည်။ "ဦးလေးချန်... ကြည့်ပါဦး၊ အထဲမှာ စာတစ်စောင်ပါသေးတယ်၊ အင်္ဂလိပ်လို ရေးထားတာ။"

ပိုင်ရန်ရန်၏ ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားရသည်။ စာတစ်စောင် ဟုတ်လား။

ဘာစာလဲ။

မနေ့က ဟွမ်ဟဲ သူမကို စာအုပ်ပေးစဉ်က သူများရိပ်မိမည်စိုးသဖြင့် သေချာပင် မကြည့်လိုက်ရပေ။

စာအုပ်ထဲမှာ စာပါနေတယ်ပေါ့၊ ဘာအကြောင်းအရာတွေလဲ။

ပိုင်ရန်ရန်သည် လူအုပ်ထဲတွင် ရပ်ကြည့်နေသော ဟွမ်ဟဲကို အကူအညီတောင်းခံသည့် မျက်ဝန်းများဖြင့် အမြန်လှမ်းကြည့်လိုက်သည်။

သူမ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားကာ မကောင်းသော ခံစားချက်ကို ခံစားလိုက်ရသည်။

အမှန်ပင် ရဲအရာရှိငယ်သည် စာကို ဖတ်ကြည့်ပြီးနောက် သူမကို ဒေါသတကြီး စိုက်ကြည့်ခဲ့သည်။ "သူခိုးက လူဟစ်တယ်ဆိုတာ ဒါမျိုးပဲ၊ မင်းက အခြေအနေကို ပြောင်းပြန်လှန်ပြီး ငါတို့ရဲ့ အာရုံကို တမင်လွှဲဖို့ လုပ်နေတာပဲ၊ တကယ်တမ်း ရန်သူနဲ့ အဆက်အသွယ်ရှိနေတာက မင်းပဲ။"

အမှန်တော့ ထိုစာထဲတွင် ပိုင်ရန်ရန်က ထျဲလန်ယန်ကို မည်သို့ ထောင်ချောက်ဆင်မည်ဟူသော အစီအစဉ်ကိုပါ ရေးသားထားသော်လည်း စာကို သေချာမဝှက်ထားနိုင်သဖြင့် ရဲများက ရှာတွေ့သွားခြင်း ဖြစ်သည်။

ပိုင်ရန်ရန်၏ မျက်နှာတွင် သွေးမရှိတော့ဘဲ ခန္ဓာကိုယ်ပါ ယိုင်လဲမလို ဖြစ်သွားရသည်။ "မဟုတ်ဘူး... အဲလိုမဟုတ်ပါဘူး၊ ကျွန်မက ရန်သူ့သူလျှို ဘယ်သူလဲဆိုတာတောင် မသိတာ၊ ဘယ်လိုလုပ် အဆက်အသွယ် ရှိမှာလဲ။ တစ်ယောက်ယောက်က ကျွန်မကို တမင်သက်သက် ထောင်ချောက်ဆင်တာပါ။ ဟုတ်တယ်... အဲဒါပဲ၊ တစ်ယောက်ယောက်က ကျွန်မကို ထောင်ချောက်ဆင်တာ။ ရဲအရာရှိတို့... ကျွန်မကို ယုံကြပါ။"

ပိုင်ရန်ရန်၏ မျက်နှာတစ်ခုလုံး ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

သို့သော် ထျဲလန်ယန်၏ မျက်နှာပေါ်မှ လှောင်ပြုံးကို မြင်လိုက်ရသောအခါ သူမ ရုတ်တရက် ဆွံ့အသွားသည်။

သူမ၏ အမူအရာမှာ ချက်ချင်းပင် ရူးသွပ်သွားသလို ဖြစ်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်တော့သည်။ "နင်ပဲ၊ ထျဲလန်ယန်၊ နင်လုပ်တာမလား။"

ထျဲလန်ယန် တစ်ခုခုကို ရိပ်မိသွားပြီး ဒီစာကို သူမ၏ သေတ္တာထဲသို့ တမင်ပြန်ထည့်ထားခြင်း ဖြစ်ရမည်။ သူမအနေဖြင့် ဤစာအကြောင်း ဘာမှမသိခဲ့ပေ၊ အားလုံးက ထျဲလန်ယန်၏ လက်ချက်သာ ဖြစ်ရမည်။

"နင် ငါ့ဘဝကို ဖျက်ဆီးလိုက်တာ၊ ငါ နင့်ကို မုန်းတယ်။"

ပိုင်ရန်ရန်သည် ထျဲလန်ယန်ကို ကုတ်ဖဲ့ရန် ရှေ့သို့ အတင်းပြေးဝင်သော်လည်း ဘေးကလူများက သူမကို ဝိုင်းဆွဲထားကြသည်။

သက်ကြီးရဲအရာရှိ၏ မျက်နှာမှာ ခက်ထန်နေသည်။ "သူကတော့ တကယ်ကို နောင်တမရနိုင်သေးဘူးပဲ၊ ရှောင်လီ... လက်ထိပ်ယူခဲ့၊ သူ့ကို လက်ထိပ်ခတ်ပြီး ရဲစခန်းကို ဖမ်းခေါ်သွား။"

"မလုပ်ပါနဲ့။"

ပိုင်ရန်ရန် ခေါင်းကို ရူးမတတ် ရမ်းခါသော်လည်း ဘေးတစ်ဖက်စီရှိ ပညာတတ်လူငယ်များက ဖမ်းချုပ်ထားသဖြင့် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ မကြာမီပင် သူမ၏ လက်များမှာ လက်ထိပ်ခတ်ခြင်း ခံလိုက်ရသည်။

ထိုအချိန်တွင် ရွာအသင်းခေါင်းဆောင်သည် လူတစ်စုနှင့်အတူ အပြေးအလွှား ရောက်ရှိလာခဲ့သည်။ "ရဲအရာရှိတို့... ဒါ ဘာတွေဖြစ်ကုန်တာလဲ။"

အကြောင်းစုံကို ကြားသိရပြီးနောက် အဖွဲ့ခေါင်းဆောင်၏ နဖူးမှ ချွေးစေးများ တရဟော စီးကျလာတော့သည်။

ဘုရားရေ... ဒီပညာတတ်လူငယ်တွေကတော့ သူ့ကို အမြဲတမ်း ပြဿနာအိုးတွေ ပေးနေတာပဲ၊ တစ်ရက်မှ မငြိမ်ကြဘူး။

ပထမတော့ လူသတ်မှုကျူးလွန်ဖို့ ကြံစည်တဲ့ ဟန်ခယ်အာ ထွက်သွားရုံရှိသေး၊ အခုတော့ ရန်သူ့သူလျှိုနဲ့ အဆက်အသွယ်ရှိတဲ့ ပိုင်ရန်ရန် ဖြစ်ပြန်ပြီ... ဒါက သူ့ကို အသက်ရှင်ရက်နဲ့ ငရဲပေးနေတာပဲ။

ပြောနေစရာပင် မလိုတော့ချေ၊ ကွေ့ကျိုးရွာအနေဖြင့် စံပြကျေးရွာဆု ရွေးချယ်ခံရဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။

အသင်းခေါင်းဆောင်က အပြစ်မကင်းသလို ခံစားရလျက် ပြောလိုက်သည်။ "ရဲအရာရှိတို့... အခြေအနေကို ကျွန်တော် နားလည်ပါပြီ။ ဒီလိုကိစ္စမျိုး ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်၊ ကျွန်တော်လည်း ရဲစခန်းကို အတူတူလိုက်ခဲ့ပါ့မယ်၊ ပြီးတော့ ပြည်သူ့အဖွဲ့အစည်း ခေါင်းဆောင်တွေကိုလည်း အစီရင်ခံလိုက်ပါ့မယ်။"

သက်ကြီးရဲအရာရှိက ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ။"

"မလိုက်ဘူး၊ ကျွန်မမှာ အပြစ်မရှိဘူး။"

ပိုင်ရန်ရန်က မလိုက်ဘဲ ရုန်းကန်ရင်း အော်ဟစ်တော့သည်။ "ဟွမ်ဟဲကြောင့်ပါ... ဟွမ်ဟဲက ထျဲလန်ယန်ကို ထောင်ချောက်ဆင်ခိုင်းတာ၊ အဲဒီနိုင်ငံခြားစာအုပ်ကို သူပေးတာ၊ အထဲမှာ စာပါနေမှန်း ကျွန်မ လုံးဝမသိဘူး။"

သူမ၏ စကားကြောင့် ရှိနေသူအားလုံး ချက်ချင်း ငြိမ်ကျသွားကြသည်။

"ရဲဘော်ဟွမ်... ပိုင်ကျစ်ချင်းပြောတာ အမှန်ပဲလား။"

ပိုင်ရန်ရန်က သူ့ကိုပါ ဆွဲထည့်လိုက်သောအခါ ဟွမ်ဟဲ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ယခင်ကလို ရိုးအအပုံစံ ပြန်လုပ်လိုက်သည်။

သူသည် ငိုတော့မည့်ရုပ်ဖြင့် ခြေဆောင့်ကာ ပျာပျာသလဲလဲ ငြင်းတော့သည်။

"ပိုင်ကျစ်ချင်း... မင်း ဒဏ်ရာတွေရပြီး သနားစရာကောင်းနေလို့သာ ကျွန်တော်က စိတ်ကောင်းစေတနာနဲ့ ဆိုင်မှာ ပစ္စည်းတွေဝယ်ပြီး ဆေးရုံအထိ လာမေးတာပါ၊ အခုကြမှ ဘာလို့ ကျွန်တော့်ကို မဟုတ်မမှန် စွပ်စွဲရတာလဲ။"

ပိုင်ရန်ရန် အော်ဟစ်လိုက်သည်။ "နင် လိမ်နေတာ။ နင်ပဲ ထျဲလန်ယန်ကို ကလဲ့စားချေဖို့ ကူညီမယ်လို့ သေချာပေါက်ပြောခဲ့တာ၊ အဲဒီစာအုပ်ကိုလည်း နင်ပေးတာ။"

ဟွမ်ဟဲ - "ကျွန်တော် ဘယ်တုန်းက စာအုပ်ပေးလို့လဲ၊ စကားကို လျှောက်မပြောနဲ့၊ မင်းမှာ သက်သေရှိလား။"

ဝမ်ကျွင်းကျွင်း၏ အမူအရာ ပြောင်းလဲသွားရာ ထျဲလန်ယန်က သူ့ကို အကြည့်တစ်ချက်ဖြင့် သတိပေးလိုက်သဖြင့် သူ ချက်ချင်းပင် ငြိမ်သွားခဲ့ရသည်။

ပိုင်ရန်ရန် - "ငါ့မှာ သက်သေမရှိဘူး၊ ဒါပေမယ့် စာအုပ်ကို နင်ပေးတာပဲ၊ တကယ်လို့ ငါလိမ်နေရင် မိုးကြိုးပစ်ခံရပြီး သေပါစေ။"

ဟွမ်ဟဲက သက်ပြင်းချကာ မတတ်နိုင်သလို ပုံစံဖြင့် ပြောလိုက်သည်။ "မင်း အဖမ်းခံရလို့ စိတ်လှုပ်ရှားနေတာ ကျွန်တော် နားလည်ပါတယ်၊ ဒါပေမယ့် အပြစ်ကိုတော့ ကျွန်တော့်အပေါ်လာပုံလို့ မရဘူးလေ၊ ရဲအရာရှိတွေမှာ ခွဲခြားသိမြင်နိုင်တဲ့ မျက်စိရှိပါတယ်။"

ပိုင်ရန်ရန် အံကြိတ်ကာ ရူးသွပ်မတတ် အော်ဟစ်တော့သည်။ "အား... ဟွမ်ဟဲ... နင် ငါ့ကို လှည့်စားခဲ့တာပဲ၊ နင် ငါ့ကို လှည့်စားခဲ့တာ။"

"တော်စမ်း၊ ဘယ်လောက်အထိ အော်ဟစ်နေဦးမှာလဲ၊ ငါတို့အချိန်တွေကို မဖြုန်းနဲ့။"

သက်ကြီးရဲအရာရှိက မျက်မှောင်ကြုတ်ကာ လူများကို ပိုင်ရန်ရန်အား ချက်ချင်း ဆွဲခေါ်သွားရန် ခိုင်းလိုက်သည်။

ပိုင်ရန်ရန်ကို ရွာသားနှစ်ဦးက ဆွဲခေါ်သွားရာ သူမသည် လမ်းတစ်လျှောက်လုံး ရုန်းကန်ရင်း အော်ဟစ်သွားခဲ့သည်။

ယခုကဲ့သို့ ပုံစံဖြင့်ဆိုလျှင် ယခင်က သူမ၏ နူးညံ့သိမ်မွေ့သော ပုံစံလေးမှာ ဘယ်ဆီသို့ ရောက်သွားမှန်း မသိတော့ပေ။

လူတိုင်းကတော့ ခေါင်းခါရုံသာ တတ်နိုင်ကြပြီး ပိုင်ရန်ရန်သည် သူမစိုက်ခဲ့သည့် အသီးကို သူမပြန်ရိတ်သိမ်းရခြင်း ဖြစ်သည်ဟု တွေးမိကြသည်။

လူအုပ်ထဲတွင် ရပ်နေသော ဟွမ်ဟဲ၏ မျက်နှာမှာ မည်းမှောင်နေပြီး စိတ်ကူးရခက်နေသည်။

ဒီတစ်ကြိမ် ကြံစည်မှု ကျရှုံးသွားရုံသာမက အတွင်းရှိစာပါ ပြောင်းလဲခံလိုက်ရလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့မိပေ။

ထျဲလန်ယန်၏ လက်ချက်ဖြစ်ရမည်။

ကံကောင်းသည်မှာ သူမအနေဖြင့် ပိုင်ရန်ရန်နှင့် သူ၏အစီအစဉ်ကို မသိရှိခဲ့ခြင်းပင်၊ သို့မဟုတ်ပါက ကိစ္စက ဤမျှနှင့် ပြီးသွားမည်မဟုတ်ပါ။

သို့သော် ပိုင်ရန်ရန် စောစောက အော်ဟစ်သွားခဲ့သဖြင့် စုန့်ပိုင်ယွမ်က သူ့ကို စုံစမ်းစစ်ဆေးလာနိုင်ရာ အခြေအနေကတော့ အနည်းငယ် ဆိုးရွားနေဆဲဖြစ်သည်။

လူအုပ်ကြီး လူစုခွဲသွားပြီးနောက် ဟွမ်ဟဲသည် ပညာတတ်လူငယ်ဝင်းထဲမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။ ထျဲလန်ယန်ကလည်း နောက်မှ ချက်ချင်း လိုက်သွားခဲ့သည်။

အပြင်ဘက်တွင် စောင့်နေသော စုန့်ပိုင်ယွမ်သည် သူမကို မြင်သည်နှင့် အတူတူပူးပေါင်းကာ ဟွမ်ဟဲ၏နောက်သို့ တိတ်တဆိတ် လိုက်ခဲ့ကြသည်။

သူတို့သည် ဟွမ်ဟဲ၏ နောက်သို့ တောက်လျှောက်လိုက်ခဲ့ရာ တောင်ပတ်လမ်းအတိုင်း ၃ နာရီနီးပါး စကားတစ်ခွန်းမှ မပြောဘဲ လျှောက်ခဲ့ကြပြီးနောက် နောက်ဆုံးတွင် မြို့ထဲသို့ ရောက်ရှိခဲ့ကြသည်။

မြို့ထဲရှိ လမ်းကြားငယ်များထဲသို့ ဘယ်ကွေ့ညာကွေ့ဖြင့် နာရီဝက်ခန့် လျှောက်ပြီးနောက် ဟွမ်ဟဲသည် နောက်ဆုံးတွင် အိမ်ဝင်းအိုလေးတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

သူက တံခါးကို ခေါက်လိုက်ရာ အထဲမှလူက တံခါးဖွင့်ပေးပြီး သူဖြစ်မှန်း သိသည်နှင့် အမြန်ပင် အထဲသို့ ပေးဝင်လိုက်သည်။

ထျဲလန်ယန်နှင့် စုန့်ပိုင်ယွမ်တို့သည် အနားသို့ အမြန်ကပ်သွားကာ အိမ်ဝင်းတံတိုင်းကို ကျော်တက်လိုက်ကြသည်။

အိမ်ခန်းအတွင်း၌မူ လူငါးဦး၊ ခြောက်ဦးခန့် စကားပြောနေကြသည်။

ခေါင်းဆောင်ဖြစ်သူက ပြောလိုက်သည်။ "ဟွမ်ဟဲ... မင်း ဘာလို့ ရောက်လာတာလဲ။ တစ်ပတ်ကိုတစ်ကြိမ် တောင်ခြေမှာပဲ တွေ့ပြီး စကားပြောမယ်လို့ ပြောထားတာ မဟုတ်ဘူးလား၊ ဘာလို့ ကိုယ့်သဘောနဲ့ကိုယ် ဒီကို လာရတာလဲ။"

"ကိစ္စတွေ ပေါက်ကြားကုန်ပြီ၊ စုန့်ပိုင်ယွမ်က အရမ်းပါးနပ်တယ်၊ သူ ငါ့ကို ပစ်မှတ်ထားလာတော့မှာ သေချာတယ်၊ ငါတို့တွေ ဒီကနေ မြန်မြန် ထွက်ပြေးမှဖြစ်မယ်။"

ခေါင်းဆောင် - "ဘာလဲ၊ ဒီလောက်တောင် အခြေအနေ ဆိုးသွားတာလား။ အဲဒီစုန့်ပိုင်ယွမ်က တကယ်ပဲ ဒီလောက်အထိ တော်လို့လား။"

ဟွမ်ဟဲ - "ကျွန်တော် ကြားရသလောက်တော့ သူက ပေကျင်းစစ်ဌာနချုပ်ရဲ့ အထူးတပ်ဖွဲ့က တပ်ရင်းမှူးပဲ၊ လက်ရည်ကလည်း အလွန်ကြောက်စရာကောင်းတယ်လို့ ပြောကြတယ်၊ ငါတို့တွေ သူ့ကို ယှဉ်လို့မရဘူး။"

ခေါင်းဆောင် - "ဒါဆိုရင် သွားကြစို့။ ကံကောင်းတာက ဒီနေ့ ငါတို့လူတွေ ဘယ်သူမှ အပြင်မထွက်ကြသေးဘူး၊ ပစ္စည်းတွေ အမြန်သိမ်းပြီး ကားမောင်းထွက်ကြမယ်။"

သူ့စကား ဆုံးသည်နှင့်အမျှ အေးစက်လှသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ "သွားမယ် ဟုတ်လား၊ ဘယ်ကို သွားကြမလို့လဲ။"

စုန့်ပိုင်ယွမ်သည် အေးစက်သော မျက်နှာထားဖြင့် ဖြည်းညင်းစွာ လျှောက်ဝင်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ လူသတ်ငွေ့များ ထွက်ပေါ်နေသည်။ သူ့ဘေးတွင်မူ ထျဲလန်ယန်ကလည်း တည်တံ့သောအမူအရာဖြင့် ရပ်နေခဲ့သည်။

ဟွမ်ဟဲ၏ ရင်ထဲတွင် ဗြောင်းဆန်သွားရသည်၊ သူတို့နောက်သို့ ဤမျှအထိ လိုက်လာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့မိပေ။

"ဆရာ... ဒီလူက စုန့်ပိုင်ယွမ်ပဲ၊ ဘေးကတစ်ယောက်ကတော့ ထျဲလန်ယန်၊ သူကလည်း လက်ရည်မဆိုးဘူး။"

ခေါင်းဆောင်က လှောင်ရယ်လိုက်သည်။ "ဘာကြောက်နေတာလဲ၊ ငါတို့ဘက်က လူအများကြီးပဲဟာကို၊ သူတို့နှစ်ယောက်တည်းလောက်ကိုတော့ မနိုင်စရာရှိလား။ သူတို့ဘာသာ သေတွင်းထဲ သက်သက်လာတိုးမှတော့... ညီအစ်ကိုတို့... အပြတ်ရှင်းပစ်ကြစို့။"

All Chapters