အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၁၀၃
သူလျှိုခေါင်းဆောင်က အမိန့်ပေးလိုက်သည်နှင့် သန်မာထွားကြိုင်းသော လူရမ်းကားအချို့သည် ရှေ့သို့ အတင်းပြေးဝင်လာကြတော့သည်။
စုန့်ပိုင်ယွမ်နှင့် ထျဲလန်ယန်တို့သည် တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြရာ သူတို့၏ မျက်ဝန်းများတွင် ပြတ်သားမှုများဖြင့် ပြည့်နှက်နေပြီး ချက်ချင်းပင် တုံ့ပြန်တိုက်ခိုက်ကြတော့သည်။
၁၀ မိနစ်အတွင်းမှာပင် ရန်သူ့သူလျှိုအားလုံး နှိမ်နင်းခြင်းခံလိုက်ရပြီး ထွက်ပြေးရန် ကြံစည်နေသော ဟွမ်ဟဲပင်လျှင် အဖမ်းခံလိုက်ရသည်။
သူတို့အားလုံးကို ကြိုးများဖြင့် သေသေချာချာ တုပ်နှောင်ပြီးနောက် ထျဲလန်ယန်အား စောင့်ကြည့်ရန် ထားခဲ့ပြီး စုန့်ပိုင်ယွမ်သည် ရဲစခန်းသို့ ထွက်ခွာသွားခဲ့သည်။
မိနစ် ၃၀ ကြာပြီးနောက် လက်နက်ကိုင်ရဲအရာရှိတစ်စု အပြေးအလွှား ရောက်ရှိလာကာ ထိုလူအားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အခင်းဖြစ်ပွားရာနေရာရှိ သက်သေခံပစ္စည်းအားလုံးကိုလည်း သိမ်းဆည်းရွှေ့ပြောင်းသွားခဲ့ကြသည်။
စုန့်ပိုင်ယွမ်နှင့် ထျဲလန်ယန်တို့သည် ထွက်ဆိုချက်ပေးရန် ရဲစခန်းသို့ အတူတူသွားခဲ့ကြသည်။
ဤကိစ္စသည် ရန်သူ့သူလျှိုများနှင့် ပတ်သက်နေသောကြောင့် ရဲစခန်းအရာရှိကြီးများက အလွန်တရာ အလေးထားကြပြီး အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်မေးမြန်း စုံစမ်းခဲ့ကြသည်။
ထျဲလန်ယန်၏ ထွက်ဆိုချက်ကို ကြားလိုက်ရသောအခါ ရဲအရာရှိအားလုံး ဆွံ့အအံ့အားသင့်သွားကြရသည်။
ဤမိန်းမပျိုလေးသည် ဤမျှအထိ ပါးနပ်လိမ္မာပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝမထင်မှတ်ထားခဲ့ကြပေ။
သူမသည် တကယ့်ကို ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော အမျိုးသမီးတစ်ဦးပင် ဖြစ်ပေသည်။
ရန်သူ့သူလျှိုများကို ဖမ်းဆီးရာတွင် စစ်တပ်အား ကူညီပေးခဲ့သည့် ထျဲလန်ယန်ကို ကျေးဇူးတင်သောအားဖြင့် ရဲအရာရှိကြီးများသည် ဂုဏ်ပြုဆုတစ်ခုအတွက် အထူးလျှောက်ထားပေးခဲ့ကြသည်။
ထျဲလန်ယန်သည် ဂုဏ်ပြုအလံစာတန်း၊ ယွမ် ၁၀၀ နှင့် ကလောင်တံတစ်ချောင်း ဆုချီးမြှင့်ခြင်း ခံခဲ့ရသည်။
ဒါပေါ့... စုန့်ပိုင်ယွမ်လည်း စစ်တပ်အရာရှိကြီးများထံမှ ချီးကျူးဂုဏ်ပြုလွှာကို ရရှိခဲ့သည်။
ပိုင်ရန်ရန်နှင့် ပတ်သက်၍မူ သူမသည် ဟွမ်ဟဲ၏ လှည့်စားခြင်းကို ခံခဲ့ရသည်ဆိုသော်လည်း ထျဲလန်ယန်ကို ထောင်ချောက်ဆင်ရန် ကြံစည်ခဲ့သည်မှာ အမှန်တရားဖြစ်ပြီး ရန်သူ့သူလျှိုများ အောင်မြင်လုနီးပါးဖြစ်အောင် ကူညီပေးမိခဲ့သည်မှာလည်း အမှန်ပင် ဖြစ်သည်။
ဟွမ်ဟဲနှင့် ကျန်ရှိသော ရန်သူ့သူလျှိုများကို စစ်ခုံရုံးသို့ လွှဲပြောင်းစစ်ဆေးခဲ့ကြသည်။
အပြင်းထန်ဆုံးသော ပြစ်ဒဏ်များက သူတို့ကို စောင့်ကြိုနေခဲ့ပြီ ဖြစ်သည်။
ပိုင်ရန်ရန်သည် အဖမ်းခံရပြီး လဝက်လောက်အကြာတွင် သေဆုံးသွားခဲ့သည်။
ထိုသတင်းကို ကြားလိုက်ရသောအခါ ပညာတတ်လူငယ်ဝင်းအတွင်းရှိ လူတိုင်း သက်ပြင်းချမိကြတော့သည်။
"အင်း... ပိုင်ကျစ်ချင်းကတော့ နှမြောစရာပဲ၊ အရင်တုန်းက သူက သိပ်ကောင်းတဲ့လူပါ..."
"ကောင်းတယ် ဟုတ်လား။ သူမက ဟန်ဆောင်နေတာလေ၊ သူမက ကျန်းကျစ်ချင်းကို အသုံးချပြီး ထျဲလန်ယန်ကို ဒုက္ခပေးဖို့ ကြံစည်ခဲ့တာ နင်တို့မမှတ်မိကြတော့ဘူးလား။"
"ဟုတ်တယ်၊ ပိုင်ရန်ရန်လိုလူမျိုးက တကယ်ကို ကြောက်ဖို့ကောင်းတာ၊ အပြင်ပန်းမှာ အမြဲတမ်း နူးညံ့ပြနေပြီး နောက်ကွယ်မှာတော့ ဒီလောက်တောင် ယုတ်မာတာပဲ။"
ပိုင်ရန်ရန် သေဆုံးသွားခြင်းအပေါ် အပျော်ဆုံးလူမှာ ယွီချင်းချုံ ဖြစ်သည်။
ပိုင်ရန်ရန်သည် မိမိဖန်တီးသော ကံကြမ္မာကြောင့် မိမိဘာသာ ပျက်စီးလိမ့်မည်ဟု သူမ ကြိုတင်ခံစားမိခဲ့သော်လည်း ဤမျှအထိ မြန်ဆန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဒါဆိုရင်... နောက်တစ်ယောက်က ချန်ဟွိုက်ကျင်း ဖြစ်နေမလား။
မလှမ်းမကမ်းနေရာတွင် ရှိနေသော ချန်ဟွိုက်ကျင်းသည် ရုတ်တရက် ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။
ပိုင်ရန်ရန် သေဆုံးသွားသည့်အကြောင်း ကြားရသောအခါ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ဝမ်းနည်းခြင်းမဟုတ်ဘဲ စိတ်အေးသွားခြင်းသာ ဖြစ်သည်။
နောက်ပိုင်းတွင် ပိုင်ရန်ရန်ကို အများကြီး သွားမပတ်သက်ခဲ့မိသဖြင့် တော်သေးသည်ဟု သူ တွေးမိကာ သက်ပြင်းချနိုင်ခဲ့သည်၊ သို့မဟုတ်ပါက သူပါ ဆွဲထည့်ခံရနိုင်သည်။
ယွီချင်းချုံကတော့ တော်သေးသည်၊ သူမက အမြဲတမ်း မျက်နှာသေနှင့် အေးစက်နေတတ်သော်လည်း အနည်းဆုံးတော့ ရိုးသားဖြောင့်မတ်ပြီး ဘာပြဿနာမှ ရှာမည့်သူမဟုတ်ပေ။
ယွီချင်းချုံ - ???
ငါ့မှာ နင့်ရဲ့ သဘောတူအသိအမှတ်ပြုမှု လိုလို့လား။
ငါ နင့်ကို တကယ်ပဲ ဓားနဲ့ ထိုးပစ်ချင်တာ။
မြောင်းထဲက ကြွက်ညစ်ပတ်ကြီးဖြစ်သည့် ပိုင်ရန်ရန် မရှိတော့သဖြင့် ထျဲလန်ယန်သည် မိမိပတ်ဝန်းကျင်ရှိ လေထုမှာ ပိုလတ်ဆတ်သွားသလို ခံစားလိုက်ရသည်။
ဤကာလအတွင်း သူမသည်လည်း အလွန်အမင်း အလုပ်ရှုပ်နေခဲ့သည်။
နေ့ဘက်တွင် လယ်ကွင်းထဲ၌ အလုပ်လုပ်ပြီး ညဘက်တွင်မူ သူမ၏ နေရာလွတ်ထဲ၌ စာဖတ်ခြင်း၊ ဝတ္ထုတိုများရေးခြင်းနှင့် သိုင်းပညာလေ့ကျင့်ခြင်းများကို ပြုလုပ်ခဲ့သည်။
အထူးတလည် ဝမ်းမြောက်ဖွယ်ရာ ဖော်ပြရမည့်အချက်မှာ သူမစာမူပေးပို့ထားသော ပုံပြင်ပေါင်းချုပ် မဂ္ဂဇင်းတိုက်ထံမှ အကြောင်းပြန်စာ ရရှိခဲ့ခြင်းပင် ဖြစ်သည်။
သူမ၏ စာမူကို ရွေးချယ်ဖော်ပြရန် လက်ခံလိုက်ပြီဖြစ်သည်။
မဂ္ဂဇင်းတိုက်က စာလုံးရေတစ်ထောင်လျှင် ၃ ယွမ်နှုန်းဖြင့် ဝယ်ယူခဲ့သည်။ ထျဲလန်ယန်သည် စုစုပေါင်း စာလုံးရေ ၁၀၀၀၀ ရေးသားခဲ့သဖြင့် ၃၀ ယွမ် ရရှိမည်ဖြစ်သည်။
စာမူခကိုနောက်ထပ် နှစ်လအကြာတွင် မဂ္ဂဇင်းနမူနာစာအုပ် ထွက်ရှိလာမှသာ ရရှိမည်ဖြစ်သည်။
သို့သော်လည်း ကိစ္စမရှိပါ၊ အကြောင်းပြန်စာ ရရှိလိုက်ရုံနှင့်တင် သူမ အလွန်ကျေနပ်နေပြီဖြစ်သည်။
စာထဲတွင် မဂ္ဂဇင်းအယ်ဒီတာက သူမအား စာမူများ ပိုပေးပို့ရန် ဖိတ်ခေါ်ထားသေးသည်။
အကယ်၍ သူမအနေဖြင့် တစ်လလျှင် စာမူနှစ်စောင် မှန်မှန်ပေးပို့နိုင်ပါက စာမူခကို ၀.၅ ယွမ် ထပ်တိုးပေးမည်ဖြစ်ရာ စာလုံးရေတစ်ထောင်လျှင် ၃.၅ ယွမ်အထိ ရရှိမည်ဖြစ်သည်။
ဤဈေးနှုန်းမှာ အလွန်မြင့်မားသည်ဟု သတ်မှတ်နိုင်သဖြင့် ထျဲလန်ယန်သည် အလွန်စိတ်လှုပ်ရှားသွားကာ ချက်ချင်းပင် ကလောင်တံကိုကောက်ကိုင်၍ အခြားပုံပြင်တစ်ပုဒ်ကို ဆက်ရေးသားတော့သည်။
ဤတစ်ကြိမ်တွင်မူ ပုံပြင်မှာ သူမကိုယ်တိုင်အကြောင်းကို အခြေခံထားခြင်းဖြစ်သည်။
ထျဲလန်ယန်သည် ပိုင်ရန်ရန်ကို သူမမည်သို့ အကွက်ကျော်ကာ တန်ပြန်ထောင်ချောက်ဆင်ခဲ့ပုံနှင့် ရန်သူ့သူလျှိုများကို ဖမ်းဆီးရာတွင် စုန့်ပိုင်ယွမ်အား မည်သို့ကူညီခဲ့ပုံကို သက်ဝင်လှုပ်ရှားသော အရေးအသားဖြင့် ရေးဖွဲ့ခဲ့သည်။
ဒါပေါ့... သူမသည် စာထဲတွင် ရှောင်ရန်ဆောင်ရန်များနှင့် သတိထားရမည့်အချက်အချို့ကိုပါ ထည့်သွင်းရေးသားခဲ့သည်၊ ဤအချက်က အလွန်အရေးကြီးပေသည်။
ထျဲလန်ယန်သည် ထိုပုံပြင်ကို ပြီးစီးအောင် ရေးသားရန် နှစ်ရက်အချိန်ယူခဲ့ရသည်။ သူမ မြို့နယ်စာတိုက်သို့ သွားရန် ပြင်နေစဉ်မှာပင် စာပို့သမားက စာတစ်စောင် လာရောက်ပို့ဆောင်ပေးခဲ့ရာ ၎င်းမှာ ပေကျင်းရှိ နျိုတပင်း ထံမှ ပေးပို့သော စာဖြစ်နေသည်။
ထျဲလန်ယန်သည် စာကိုလက်ခံရယူလိုက်ပြီးနောက် စာပို့သမားအား သူမ၏ စာမူကို စာတိုက်သို့ ကူညီပေးပို့ပေးရန် တောင်းဆိုလိုက်သည်။
သူထွက်သွားပြီးနောက် သူမသည် စာအိတ်ကို ဖြည်းညင်းစွာဖွင့်၍ ဖတ်လေသည်။
စာ၏အစတွင်မူ အမြဲတမ်းရင်းနှီးနေကျ စကားစုဖြစ်သည့် "အစ်မကြီး" ဟု ရေးသားထားရာ ရင်းနှီးပြီးသား ခံစားချက်ကို ပေးစွမ်းနေသည်။ ထျဲလန်ယန်က ပြုံးလိုက်မိပြီး ဆက်၍ဖတ်ခဲ့သည်။
ကျေးလက်သို့ ရောက်ရှိလာခဲ့သည့် ခြောက်လအတွင်း ထျဲလန်ယန်နှင့် နျိုတပင်းတို့သည် စာအပြန်အလှန် အကြိမ်ကြိမ် ပေးပို့ခဲ့ကြပြီးဖြစ်သည်။
သူ့ထံမှလာသော စာများကို ဖတ်ရခြင်းဖြင့် ထျဲလန်ယန်သည် သူအိမ်ထောင်ကျပြီးနောက်ပိုင်း ဘဝတစ်ခုလုံးတွင် သူမကိုယ်တိုင် ပါဝင်ဖြတ်သန်းနေရသကဲ့သို့ ခံစားရစေသည်။
သူနှင့် သူ၏မိဘ၊ မောင်နှမများကြားမှ ဉာဏ်ရည်ပြိုင်ပွဲများအပြင် နေ့ဘက်တွင် ဇနီးသည်နှင့် စကားများပြီး ညဘက်တွင် ကုတင်တစ်ခုတည်း၌ အတူတူအိပ်စက်ရပုံအထိ သူက အရာရာကို အကုန်ချရေးထားတတ်သည်။
သူက စကားအလွန်များသော်လည်း တကယ့်ကို နွေးထွေးမှုကို ပေးစွမ်းသည်။
ထျဲလန်ယန်သည် နျိုတပင်း၏ စာများကို ဖတ်ရသည်ကို သဘောကျပြီး စာဖတ်သည့် အကြိမ်တိုင်းတွင် အသံထွက်၍ အမြဲရယ်မောမိတတ်သည်။
ဤစာထဲတွင်မူ နျိုတပင်း၏ လူနေမှုဘဝမှာ တစ်နေ့ထက်တစ်နေ့ ပိုကောင်းမွန်လာပုံနှင့် သူ၏မိဘများက သူ့ထံသို့ တစ်ဖန်ပြန်လည်ကာ လာရောက်နှောင့်ယှက်ကြပုံကို ရေးထားသည်။
နျိုတပင်းနှင့် သူ၏ဇနီးတို့သည် လူကိုယ်တိုင် ထွက်ပင်မတွေ့လိုက်ရဘဲ သူ၏မိဘများကို ညီငယ်အချို့က မောင်းထုတ်ပစ်လိုက်ကြသည်... ထိုသူများကို ကောင်းကောင်းကြီး ဆုံးမလိုက်နိုင်သဖြင့် တကယ့်ကို စိတ်ကျေနပ်စရာ ကောင်းလှသည်။
ဟုတ်ပေသည်၊ ဒါအမှန်ပဲ။
ထျဲလန်ယန်၏ လမ်းညွှန်မှုနှင့် နျိုတပင်းကိုယ်တိုင်၏ သတ္တိတို့ကြောင့် နျိုတပင်းသည် မှောင်ခိုဈေးကွက်တွင် နာမည်တစ်ခု ရရှိထားခဲ့ပြီဖြစ်ရာ ယခင်ကလို ဆင်းရဲမွဲတေသော လူတစ်ယောက် မဟုတ်တော့ပေ။
ယခုအခါ သူနှင့် သူ၏ဇနီးသည် သက်တောင့်သက်သာရှိသော ဘဝကို ပိုင်ဆိုင်ထားကြပြီး ရက်ပိုင်းခြားတစ်ခါ အသားကို ကောင်းကောင်း စားနိုင်နေကြပြီဖြစ်သည်။
စာထဲတွင် သတင်းကောင်းတစ်ခုလည်း ပါရှိသေးသည်၊ ၎င်းမှာ နျိုတပင်း၏ ဇနီးတွင် ကိုယ်ဝန်ရှိနေပြီဟူသော သတင်းပင် ဖြစ်သည်။
"အစ်မကြီး... အစ်မကြီးရော ဘယ်တော့မှ လက်တွဲဖော်ရှာမှာလဲဟင်၊ အစ်မကြီး မကြာခင် အိမ်ထောင်ပြုနိုင်ပါစေလို့ ဆုတောင်းပါတယ်၊ ဒါမှ ကျွန်တော်တို့ရဲ့ ကလေးအချင်းချင်း စေ့စပ်ပေးလို့ရမှာ။"
ထျဲလန်ယန် နှုတ်ခမ်းကို မဲ့လိုက်မိသည်၊ သူမက ငယ်ငယ်လေးရှိသေးသည်ကို ဒီကောင်ကတော့ တကယ့်ကို အသားလွတ် လေကြီးနေတော့သည်။
စာကို ဖတ်ပြီးနောက် ထျဲလန်ယန်သည် ၎င်းကို သံဘူးတစ်ခုထဲသို့ ထည့်သိမ်းလိုက်သည်။ ထိုဘူးထဲတွင် နျိုတပင်းထံမှ လာသော စာများဖြင့် ပြည့်နှက်နေသည်။
သူမသည် ယခင်က စာဟောင်းများကို လှန်လှောကြည့်ရှုလိုက်ရာ မည်သည့်စာကိုမဆို တစ်စောင်နှစ်စောင် အလွတ်ကောက်ဖတ်လိုက်ရုံနှင့်တင် အကျယ်ကြီး ရယ်မောမိစေသည်။
နောက်ထပ် ပုံပြင်အသစ်အတွက် ဘာအကြောင်းအရာ ရေးရမှန်း မသိဖြစ်နေချိန်မှာပင် စိတ်ကူးသစ်တစ်ခု ဖျတ်ခနဲ ရရှိသွားခဲ့သည်။
သူမသည် နျိုတပင်းကို အခြေခံ၍ ပုံပြင်တစ်ပုဒ် ရေးသားချင်သွားသည်၊ ၎င်းမှာ အလွန်စိတ်ဝင်စားဖို့ကောင်းမည်မှာ သေချာသည်။
ဤသို့ တွေးတောရင်း ထျဲလန်ယန်သည် ဘောပင်ကို ကောက်ကိုင်ကာ စတင်ရေးသားတော့သည်။
အချိန်များမှာ အလျင်အမြန် ကုန်ဆုံးသွားခဲ့သည်။
ဒီနေ့တွင်မူ ဝင်းအတွင်းရှိ ပညာတတ်လူငယ်အားလုံးသည် နွေဦးပွဲတော် ဆင်နွှဲရန်အတွက် စောစောစီးစီး ထကာ ပြင်ဆင်နေကြသည်။
ထျဲလန်ယန်သည် အမျိုးသမီးပညာတတ်လူငယ်အချို့နှင့်အတူ စက္ကူနှင်းပွင့်ညှပ်ခြင်း အလုပ်ကို လုပ်ကိုင်နေစဉ်မှာပင် ရွာအသင်းခေါင်းဆောင်သည် ရုတ်တရက် မိခင်နှင့် သမီးဖြစ်သူ နှစ်ဦးကို ခေါ်ဆောင်၍ လာရောက်လည်ပတ်ခဲ့သည်။
"ရဲဘော်ထျဲ... မြန်မြန်ထွက်ခဲ့ပါဦး၊ မင်းရဲ့ အမေနဲ့ ညီမလေး ရောက်လာကြပြီ။"
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၁၀၄
ထျဲလန်ယန် - ???
မဟုတ်ပါဘူး... သူမက မိဘမဲ့တစ်ယောက်လေ၊ ဘယ်ကနေပြီး ဒီအမေနဲ့ ညီမလေးက ရောက်လာရတာလဲ။
ထျဲလန်ယန်သည် ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် အပြင်သို့ လျှောက်ထွက်လာခဲ့သည်။
အိမ်ဝင်းထဲတွင် ရွာအသင်းခေါင်းဆောင်အပြင် အခြားလူနှစ်ဦး ရှိနေသည်။
တစ်ဦးမှာ ဂွမ်းခံအင်္ကျီအပြာရောင်ကို ဝတ်ဆင်ထားပြီး ဆံပင်ပုံစံမှာလည်း ခေတ်ဟောင်းစတိုင် အလိပ်ကြီးကြီးများဖြင့် စတိုင်ကျကျ ကောက်ထားရာ သားနားကြွယ်ဝပုံရသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ဖြစ်သည်။
ကျန်တစ်ဦးမှာမူ သူမနှင့် အသက်အရွယ်ချင်း မတိမ်းမယိမ်းလေးရှိကာ ရုပ်ရည်ချောမောလှပပြီး အဝါရောင်ကုတ်အင်္ကျီနှင့် သားရေဖိနပ်အမည်းလေးကို စီးထားရာ အလိုလိုက်ခံထားရသည့် သူဌေးသမီးလေးတစ်ဦးနှင့် တူလှသည်။
ထျဲလန်ယန် ထွက်လာသောအခါ အခြားအမျိုးသမီး ပညာတတ်လူငယ်များသည်လည်း အခြေအနေကို စူးစမ်းရန် စိတ်ဝင်တစားဖြင့် ဝိုင်းအုံထွက်လာကြရာ သူတို့အထဲတွင် ယွီချင်းချုံလည်း ပါဝင်သည်။
အိမ်ဝင်းထဲရှိ သက်လတ်ပိုင်းအမျိုးသမီးဖြစ်သူ ဝမ်လိဟုန်သည် မိန်းကလေးများ၏ မျက်နှာကို ဝေ့ဝဲကြည့်ရှုလိုက်သည်။
ထို့နောက် ယွီချင်းချုံ၏ မျက်နှာပေါ်သို့ အကြည့်ရောက်သွားကာ မျက်ရည်များ ဝဲလျက် ရှေ့သို့ အတင်းပြေးဝင်သွားတော့သည်။
"လန်ယန်... အမေ နောက်ဆုံးတော့ သမီးကို ရှာတွေ့ပြီ၊ အမေ သိပ်ပျော်တာပဲ... ဝူးဝူးဝူး..."
ထျဲလန်ယန် - ???
မဟုတ်သေးပါဘူး... အခုက နှစ်သစ်ကူးလေ၊ ပွဲလည်း မဟုတ်ဘဲနဲ့ ဘာလို့ ကျေးလက်အထိလာပြီး လျှောက်ပြောနေတာလဲ။
ယွီချင်းချုံက ထိုအမျိုးသမီးကို အနေခက်စွာဖြင့် တွန်းဖယ်လိုက်သည်။ "ဘာလဲဟင်၊ သူက ဘယ်သူလဲ။"
ဝမ်လိဟုန်သည် ထျဲလန်ယန်ကို လှမ်းကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် အံ့ဩရိပ်တစ်ခု ဖျတ်ခနဲ ဖြတ်ပြေးသွားသည်။ အကျိုးသင့်အကြောင်းသင့်ပြောရလျှင် သူမသည် အလွန်လှပရမည်ဖြစ်သော်လည်း အဘယ်ကြောင့် ဤမျှ သာမန်ကာလျှံကာ ဖြစ်နေရသနည်း။
ရွာအသင်းခေါင်းဆောင်က ဘေးမှနေ၍ ပြောလိုက်သည်။ "ဟုတ်ပါတယ်၊ မျက်မှန်တပ်ထားတဲ့ ဒီမိန်းကလေးက ပညာတတ်လူငယ် ထျဲလန်ယန်ပါ။"
အသင်းခေါင်းဆောင်ကိုယ်တိုင် ပြောသဖြင့် ဒါက အမှန်တရား ဖြစ်ရပေမည်။
ဝမ်လိဟုန်သည် ယွီချင်းချုံကို ဦးစွာတောင်းပန်လိုက်ပြီးနောက် မျက်ရည်ဝဲလျက် ထျဲလန်ယန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "သနားစရာကောင်းတဲ့ ငါ့သမီးလေးရယ်... ကျေးလက်မှာ နေရတာ ဘယ်လောက်တောင် ဒုက္ခရောက်နေလဲကြည့်ဦး၊ မျက်စိတွေတောင် မကောင်းတော့ဘူး၊ သမီး တကယ်ကို ဆင်းရဲဒုက္ခတွေ အများကြီး ခံခဲ့ရတာပဲ။"
သူမက ပြောပြောဆိုဆိုဖြင့် ထျဲလန်ယန်ကို ဖက်ရန် ပြင်လိုက်သော်လည်း ထျဲလန်ယန်က ရှောင်ထွက်လိုက်သည်။
"နေပါဦး အဒေါ်... ကျွန်မက မိဘမဲ့တစ်ယောက်ပါ၊ မိဘတွေ ဆုံးပါးသွားတာ ကြာပါပြီ၊ ဆွေမျိုး လာမစပ်ပါနဲ့ဦး။"
ဝမ်လိဟုန်၏ မျက်နှာမှာ တောင့်ခဲသွားရသည်၊ အဒေါ် ဟုတ်လား။
သူမကို ပြောတာလား။
သူမကိုယ်သူမ ခေတ်ဆန်ပြီး နုပျိုအောင် ပြင်ဆင်ဝတ်စားထားတာကို ဘယ်လိုဖြစ်လို့ အန်တီလို့ ခေါ်ရတာလဲ၊ ဒီမိန်းကလေးကတော့ တကယ့်ကို စကားပြောမတတ်တာပဲ။
"ဒါက ပြောရရင် ဇာတ်လမ်းက အရမ်းရှည်တယ်၊ တစ်ထိုင်တည်းနဲ့ အကုန်ရှင်းပြလို့ မရနိုင်ဘူး၊ ဒါကြောင့် တို့တွေ ခရိုင်ဧည့်ဂေဟာကို အတူတူသွားပြီး နှစ်သစ်ကူးပွဲ ဆင်နွှဲရင်း အကြောင်းစုံကို ရှင်းပြပေးမယ်လေ။"
ပြောရင်းဆိုရင်းဖြင့် ဝမ်လိဟုန်သည် သူမနောက်ရှိ သမီးအငယ်ဖြစ်သူဘက်သို့ အမြန်လှည့်ကာ ပြောလိုက်သည်။ "ပေါင်ကျူး... ဒီကိုလာဦး၊ ဒါ နင့်ရဲ့အစ်မလေ၊ နင် အမြဲတမ်း တွေ့ချင်နေခဲ့တာ မဟုတ်ဘူးလား။"
ချန်ပေါင်ကျူးသည် ပြုံးလျက် ရှေ့သို့ လျှောက်လာပြီး ချိုသာစွာ ခေါ်လိုက်သည်။ "အစ်မ။"
ထျဲလန်ယန်က လက်ကာပြလိုက်သည်။ "မလုပ်ပါနဲ့၊ ကျွန်မမှာ ညီမ မရှိပါဘူး၊ ကျွန်မက မိဘမဲ့ပါ။"
သူမ၏ ဘဝလေး အေးအေးချမ်းချမ်း ရှိခါမှ ရုတ်တရက် လူတချို့က လာရောက်ဆွေမျိုးစပ်နေသဖြင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ရသည်။
ချန်ပေါင်ကျူး၏ အပြုံးမှာ ပျက်သွားပြီး အနည်းငယ် ဝမ်းနည်းဟန်ဖြင့် ပြောလိုက်သည်။ "အစ်မ... အမေနဲ့ ညီမလေးက အဝေးကြီးကနေ အပင်ပန်းခံပြီး လာရှာတာကို အစ်မက ညီမတို့ကို ငြင်းပယ်နေတော့မှာလား။"
ဝမ်လိဟုန်ကလည်း မျက်ရည်များဖြင့် ပြောခဲ့သည်။"ဟုတ်ပါတယ်သမီးရယ်... တို့တွေ ရှန်ဟိုင်းကနေ သမီးကို တွေ့ဖို့ တောက်လျှောက် လာခဲ့ကြတာ၊ သမီး အမေတို့ကို နည်းနည်းလေးမှ သနားစိတ် မရှိဘူးလား။"
ထျဲလန်ယန်က တည်ငြိမ်စွာ ခေါင်းခါပြလိုက်သည်။ "မရှိပါဘူး၊ ရှင်တို့က ကျွန်မအတွက်တော့ သူစိမ်းတွေပဲဟာကို၊ ဘာလို့ သနားရမှာလဲ။"
ဝမ်လိဟုန် - …
ဒီမိန်းကလေးကတော့ တကယ့်ကို ပြောရဆိုရ ခက်တာပဲ။ သူမ အံကြိတ်ကာ အပြုံးတစ်ခုကို အတင်းညှစ်ထုတ်ရင်း ပြောလိုက်သည်။ "ရပါတယ်... ထားပါတော့လေ၊ အမေက သမီးရဲ့အနားမှာ ၁၈ နှစ်လုံးလုံး မရှိပေးနိုင်ခဲ့တော့ သမီး အမေ့အပေါ် အပြစ်မြင်ပြီး စိတ်ဆိုးနေတာကို နားလည်ပေးနိုင်ပါတယ်။"
သူမ စကားဆုံးသည်နှင့် ရွာအသင်းခေါင်းဆောင်က ဝင်ပြောသည်။ "ရဲဘော်ထျဲ... အခုက နှစ်သစ်ကူးကာလပဲဟာ၊ ဒီလို စိတ်ထိခိုက်စရာ စကားမျိုးတွေ မပြောပါနဲ့၊ သူတို့နဲ့အတူ ဧည့်ဂေဟာကို လိုက်သွားပြီး အကြောင်းစုံကို သေသေချာချာ နားထောင်ကြည့်ပါဦးလား။"
ထျဲလန်ယန်က သူမလက်ထဲမှ စက္ကူနှင်းပွင့်ကို မြှောက်ပြကာ ပြောလိုက်သည်။"ကျွန်မ စက္ကူညှပ်လို့ မပြီးသေးဘူး၊ မသွားချင်ပါဘူး။"
ဒီနေ့က နှစ်သစ်ကူးနေ့ ဖြစ်သော်လည်း မနက်ခင်းတွင် နှင်းခဲများ ကျဆင်းနေပြီး လေကလည်း အလွန်အမင်း တိုက်ခတ်နေသဖြင့် သူမ အပြင်မထွက်ချင်ပေ။
ဝမ်လိဟုန်က ပျာပျာသလဲလဲဖြင့် ပြောလိုက်သည်။ "ရပါတယ်... ဒါဆိုရင် တို့တွေ အခန်းထဲမှာပဲ ထိုင်ပြောကြတာပေါ့၊ သမီး စက္ကူညှပ်ရင်းနဲ့ အမေပြောတာကို နားထောင်လို့ ရတာပဲ။"
ထျဲလန်ယန် - "ကောင်းပြီ... ဒါဆိုရင် အထဲကို လိုက်ခဲ့ကြပါ။"
သူတို့အုပ်စု စကားပြောနေကြစဉ်မှာပင် ဝင်းထဲရှိ အခြားပညာတတ်လူငယ်များလည်း စူးစမ်းလိုစိတ်ဖြင့် အနားသို့ ရောက်ရှိလာကြသည်။
ဝမ်ကျွင်းကျွင်းသည် ထျဲလန်ယန်၏ နောက်လိုက်ငယ်လေးဖြစ်သည့်အလျောက် သဘာဝအတိုင်း အတက်ကြွဆုံး ဖြစ်နေသည်။ "အဒေါ်နဲ့ ဒီရဲဘော်မလေး... စွပ်ပြုတ်ချိုချိုလေး သောက်ပါဦး"
"အို... ကျေးဇူးပါပဲမောင်ရင်၊ ဒီလူငယ်လေးက တကယ့်ကို စိတ်ကောင်းရှိတာပဲ။"
ဝမ်လိဟုန်က ပြုံးလျက် ဝမ်ကျွင်းကျွင်းကို ကြည့်လိုက်သော်လည်း သူ၏ ကောက်ကွေးနေသော ဆံပင်များကို မြင်လိုက်ရသောအခါ သူမ၏ အပြုံးမှာ အနည်းငယ် ပျောက်ကွယ်သွားသည်။
ဝမ်ကျွင်းကျွင်းကတော့ ထိုအချက်ကို သတိမပြုမိဘဲ ငတုံးပုံစံဖြင့် စပ်ဖြဲဖြဲလုပ်ကာ ပြောလိုက်သည်။ "အဒေါ်... ကျွန်တော့်ကို အားနာမနေပါနဲ့၊ ကျွန်တော်က ရဲဘော်ထျဲလန်ယန်ရဲ့ သူငယ်ချင်းပါ၊ အဒေါ်တို့က သူ့ရဲ့ဆွေမျိုးတွေဆိုတော့ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေလည်း ဖြစ်တာပေါ့။"
ဝမ်လိဟုန်က ရယ်လိုက်ရုံသာ ပြုလုပ်ပြီး ပြန်မပြောခဲ့ပေ။ သို့သော် ချန်ပေါင်ကျူးမှာမူ ဝမ်ကျွင်းကျွင်း၏ ချောမောခံ့ညားသော မျက်နှာလေးကို ကြည့်ကာ စွဲလန်းသွားခဲ့သည်။
ဝမ်လိဟုန်က သူမကို စူးစိုက်ကြည့်လိုက်သဖြင့် ချန်ပေါင်ကျူးသည် မတတ်သာဘဲ အကြည့်ကို လွှဲလိုက်ရတော့သည်။
ထျဲလန်ယန်သည် သူတို့နှစ်ဦးကြားမှ အမူအရာကို သတိပြုမိသွားကာ မျက်ခုံးပင့်လိုက်မိသည်။ ဝမ်ကျွင်းကျွင်း ထိုနေရာတွင် ရပ်နေဆဲဖြစ်သည်ကို မြင်သဖြင့် သူမ ပြောလိုက်သည်။ "ဝမ်ကျွင်းကျွင်း... နင် သွားစရာရှိတာ သွားလုပ်တော့လေ၊ ငါ သူတို့နဲ့ ခဏ စကားပြောလိုက်ဦးမယ်။"
ဝမ်ကျွင်းကျွင်း - "ဪ... ဟုတ်ကဲ့၊ တစ်ခုခုလိုရင် လှမ်းအော်လိုက်နော်၊ ကျွန်တော် ချက်ချင်း အရောက်လာခဲ့မယ်။"
သူ ထွက်သွားသည်နှင့် ဝမ်လိဟုန်က ဟန်ဆောင်ရယ်လျက် ပြောလိုက်သည်။ "လန်ယန်... အဲဒီ ဝမ်ကျွင်းကျွင်းနဲ့ သမီးက ဘယ်လိုပတ်သက်တာလဲဟင်။ သူက သမီးနဲ့ တော်တော်လေး ရင်းနှီးပုံရတယ်၊ သမီးရဲ့ ရည်းစားလား။"
ထျဲလန်ယန်က သူမကို အကဲခတ်သလို ကြည့်လိုက်သည်။ "မဟုတ်ဘူး..."
ဝမ်လိဟုန်၏ မျက်နှာမှာ ချက်ချင်းပင် ဝင်းပသွားခဲ့သည်။ "ဪ... တော်သေးတာပေါ့၊ တော်သေးတာပေါ့။"
ထျဲလန်ယန် - "ကဲ... ဘာကိစ္စလဲဆိုတာ ပြောပါဦး။ ကျွန်မရဲ့ အချိန်တွေကို မဖြုန်းပါနဲ့၊ ကျွန်မတို့ ပညာတတ်လူငယ်တွေက နေ့လယ်ကြရင် နှစ်သစ်ကူးနေ့လယ်စာ အတူတူစားကြရမှာ၊ ပြီးတော့ လုပ်စရာ အလုပ်တွေလည်း အများကြီး ရှိသေးတယ်။"
အကြောင်းရင်းကို မသိရသော်လည်း သူမအနေဖြင့် ဤသားအမိကို ကြည့်ရသည်မှာ တစ်ခုခု မူမမှန်သလို ခံစားနေရသည်၊ သူတို့၏ အပြုံးများမှာ စိတ်ရင်းမပါဘဲ အပေါ်ယံ ဟန်ဆောင်ထားသကဲ့သို့သာ ဖြစ်နေသည်။
ထျဲလန်ယန်၏ စကားကို ကြားသောအခါ ဝမ်လိဟုန်၏ မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူမ ထျဲလန်ယန်ကို ဆူပူပြစ်တင်ရန် ပြင်လိုက်သော်လည်း ဤခရီးစဉ်၏ အဓိက ရည်ရွယ်ချက်ကို တွေးမိကာ စိတ်ကိုထိန်း၍ ဆက်ပြောလိုက်ရသည်။
"လန်ယန်... ကိစ္စက ဒီလိုပါ၊ အမေပြောတာကို သေချာနားထောင်ဦး..."
အမှန်တော့ ထျဲလန်ယန်၏ မွေးစားမိခင်ဖြစ်သူ အားရှသည် ငယ်စဉ်က ရှန်ဟိုင်းသို့ ထွက်ပြေးတိမ်းရှောင်လာစဉ် ဝမ်လိဟုန်၏ မိဘများ၏ ကယ်တင်ခြင်းကို ခံခဲ့ရပြီး သူတို့အိမ်၌ ခေတ္တခိုလှုံခဲ့ဖူးသည်။
အားရှနှင့် ဝမ်လိဟုန်တို့မှာ သက်တူရွယ်တူများ ဖြစ်ကြသဖြင့် အလွန်ရင်းနှီးကြပြီး အမြဲတမ်း ညီအစ်မကဲ့သို့ ခေါ်ဝေါ်ခဲ့ကြသည်။ နောက်ပိုင်းတွင် သူတို့နှစ်ဦးစလုံးသည် အိမ်ထောင်ကျကာ နွေးထွေးပျော်ရွှင်သော ဘဝများကို အသီးသီး ပိုင်ဆိုင်ခဲ့ကြသည်။
ထို့နောက် အားရှ ကလေးမွေးဖွားပြီးချိန်တွင် သူမခင်ပွန်း၏ အလုပ်အကိုင် အပြောင်းအလဲကြောင့် ပေကျင်းသို့ ပြောင်းရွှေ့သွားခဲ့ကြရာမှ သူတို့၏ အဆက်အသွယ်မှာ တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။
"အဲဒီတုန်းက အမေနဲ့ အားရှက ကိုယ်ဝန်ရှိတာလည်း အချိန်တူတူပဲ၊ ကလေးမွေးတာလည်း တစ်ချိန်တည်းမို့ မွေးခန်းထဲကို တူတူတွန်းပို့ခံခဲ့ရတာ၊ ဒါပေမယ့် သူနာပြုက ကလေးတွေကို မှားပြီး လဲပေးလိုက်မိတယ်။"
"လွန်ခဲ့တဲ့ နှစ်လက ပေါင်ကျူး ဒဏ်ရာရလို့ သွေးသွင်းဖို့ လုပ်ရာကနေ သူမရဲ့ သွေးအမျိုးအစားက တို့မိသားစုနဲ့ မတူနေတာကို သိလိုက်ရတာ၊ အဲဒါကြောင့်သာ မဟုတ်ရင် ဒီပြဿနာကို ဘယ်တော့မှ သိမှာမဟုတ်ဘူး။"
"အမေနဲ့ အမေ့ယောကျ်ားလည်း ရူးမတတ်ဖြစ်ပြီး အဲဒီတုန်းက ဆေးရုံမှတ်တမ်းတွေကို အပြေးအလွှား သွားစုံစမ်းခဲ့ရတယ်၊ ပြီးတော့ ပေကျင်းကိုပါ လူလွှတ်ပြီး သမီးရဲ့ မိဘတွေကို ရှာခိုင်းတော့မှ သမီးတို့ မိသားစုမှာ ဒီလို အဖြစ်ဆိုးကြီး ကြုံခဲ့ရမှန်း သိလိုက်ရတာပဲ။"
ဝမ်လိဟုန်၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာပြီး သူမက ဆက်တိုက် သုတ်နေခဲ့သည်။ ချန်ပေါင်ကျူးကလည်း နှုတ်ခမ်းကို ကိုက်ထားပြီး ငိုချင်သော်လည်း မငိုရဲသည့်ပုံစံဖြင့် သနားစရာကောင်းအောင် ဟန်လုပ်နေသည်။
ထျဲလန်ယန်၏ မျက်နှာမှာမူ အမူအရာ လုံးဝမရှိပေ။
သူမသည် ဝမ်လိဟုန် ပြောသမျှ စကားတစ်ခွန်းကိုမျှ မယုံကြည်ပေ။
အကယ်၍ သူမသည် တကယ်ပင် မိခင်အရင်းဖြစ်ပြီး သူတို့မိသားစုနှင့် ရင်းနှီးခဲ့သည်ဆိုပါက ပေကျင်းသို့ ပြောင်းသွားပြီးကတည်းက ဘာကြောင့် အဆက်အသွယ် လုံးဝ ဖြတ်တောက်ပစ်ခဲ့ရသနည်း။
မူလခန္ဓာကိုယ်ပိုင်ရှင်၏ ၁၀ နှစ်တာ မှတ်ဉာဏ်များအတွင်း၌ ဝမ်လိဟုန်ဟူသော အမျိုးသမီး တစ်ကြိမ်တစ်ခါမျှ ပေါ်မလာခဲ့ဖူးပေ။
ဖြစ်နိုင်သည်မှာ ဝမ်လိဟုန် လိမ်ညာနေခြင်း သို့မဟုတ် ထိုမိသားစုနှစ်စုသည် ယခင်ကတည်းက ရန်ဖြစ်ကာ လမ်းခွဲခဲ့ကြခြင်း ဖြစ်ရမည်။
မည်သို့ပင်ဖြစ်စေ... သူမအနေဖြင့် ဤမိသားစုကို လုံးဝ ဆွေမျိုးအဖြစ် အသိအမှတ်ပြုမည်မဟုတ်ပေ။