← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၁၀၅

"ကျွန်မကိုယ်ကျွန်မ ဆင်းရဲဒုက္ခရောက်နေတယ်လို့ မထင်ပါဘူး၊ ကျွန်မမှာ ကျွန်မကို သိပ်ချစ်တဲ့ မိဘတွေ ရှိခဲ့တာမို့ အရမ်း ပျော်ခဲ့ရပါတယ်။"

မူလခန္ဓာကိုယ်ပိုင်ရှင်သည် မိဘများ၏ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိခဲ့သည့် မှတ်ဉာဏ်များက စွဲထင်နေဆဲဖြစ်သည်။ ထျဲလန်ယန်ကိုယ်တိုင်လည်း ထိုမေတ္တာတရားကို ခံစားမိနေသည်။

"ကျွန်မမိဘတွေက ဆုံးပါးသွားကြပြီ၊ ရှင်တို့ရဲ့သမီးက ဘယ်သူပဲဖြစ်ဖြစ် ကျွန်မနဲ့မဆိုင်ဘူး၊ နောက်ကို ကျွန်မဆီ လာပြီး မရှုပ်ပါနဲ့တော့။"

သူမက ပြောပြောဆိုဆိုနှင့် နှင်လွှတ်လိုက်ရာ ဝမ်လိဟုန် ဘာမှပြန်မပြောရသေးခင် ဘေးမှ ချန်ပေါင်ကျူးက ပျာပျာသလဲလဲ ဖြစ်သွားခဲ့သည်။

"အစ်မ... ဘယ်လိုဖြစ်လို့ ဒီလိုစကားမျိုး ပြောနိုင်ရတာလဲ၊ အမေက အစ်မကို ရှာတွေ့ဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲဆိုတာ အစ်မ မသိပါဘူး၊ အစ်မပြောတဲ့ စကားတွေက တကယ့်ကို စိမ်းကားလွန်းတယ်။"

ထျဲလန်ယန်က ပခုံးတွန့်ပြလိုက်သည်။ "အဲဒါ ကျွန်မနဲ့ ဘာဆိုင်လို့လဲ၊ ရှင်တို့က သူစိမ်းတွေပဲဟာကို။"

မွေးဖွားစဉ်က ကလေးချင်း မှားသွားခဲ့သည်ဆိုဦးတော့၊ သူမကတော့ သူတို့ကို အသိအမှတ်ပြုရန် အစီအစဉ် လုံးဝမရှိသလို မည်သူမျှ သူမကို ကိုယ်ကျင့်တရားစံနှုန်းများဖြင့် လာရောက် ဖိအားပေး၍မရနိုင်ပါ။

ဝမ်လိဟုန်၏ မျက်ဝန်းများ နီမြန်းလာခဲ့သည်။ "လန်ယန်ရယ်... သမီး စိတ်ဆိုးနေတာကို အမေ သိပါတယ်၊ ဒီလောက်နှစ်တွေအကြာကြီးအထိ အမေတို့ အမှန်တရားကို မသိဘဲ သမီးကို လာမရှာနိုင်ခဲ့လို့ စိတ်ဆိုးနေတာမလား၊ အမေ တောင်းပန်ပါတယ်။"

"ကဲပါ... အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေပါနဲ့တော့၊ ကျွန်မ အပြင်ထွက်ပြီး အလုပ်လုပ်ရဦးမယ်၊ ရှင်တို့ ပြန်ကြပါတော့။"

ထျဲလန်ယန်က ထရပ်ပြီး တံခါးကိုဖွင့်ကာ သူတို့အား အပြင်သို့ နှင်ထုတ်လိုက်သည်။

ဝမ်လိဟုန်နှင့် သမီးဖြစ်သူ ချန်ပေါင်ကျူးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ချန်ပေါင်ကျူးက ခြေဆောင့်ကာ ပြောလိုက်သည်။ "အမေ။"

ဝမ်လိဟုန်က သူမ၏လက်ကို ပုတ်ပေးရင်း ပြောလိုက်သည်။ "မစိုးရိမ်ပါနဲ့၊ တို့တွေ ဧည့်ဂေဟာကို အရင်ပြန်ပြီးမှ ဆွေးနွေးကြတာပေါ့။"

ဧည့်ခန်းမကြီးထဲတွင် ယွီချင်းချုံသည် တံခါးမကြီးပေါ်၌ နှစ်သစ်ကူး နှုတ်ခွန်းဆက်စာတန်းများနှင့် စက္ကူနှင်းပွင့်များကို ကပ်နေသည်။

ထျဲလန်ယန်က ကူညီရန် အနားသို့ လျှောက်သွားလိုက်သည်။

ယွီချင်းချုံက သူမကို ကြည့်လိုက်သည်။ "နင် အဆင်ပြေရဲ့လား။"

ဒီလိုကိစ္စမျိုး အရင်ဘဝတုန်းက မဖြစ်ခဲ့ဖူးပါဘူး…

ဪ… ငါ မှားသွားတာ၊ အရင်ဘဝတုန်းက 'ထျဲလန်ယန်' ဆိုတဲ့လူမှ မရှိခဲ့တာပဲ။ သူမက စွန်းဝူခုန်းလိုမျိုး ကျောက်တုံးထဲကနေ ရုတ်တရက်ကြီး ပေါ်လာတာ။

စဉ်းစားကြည့်လျှင် ဟန်ခယ်အာနှင့် ပိုင်ယန်ရန်တို့၏ သနားစရာကောင်းသော ဇာတ်သိမ်းခန်းများတွင် ထျဲလန်ယန် ပါဝင်ပတ်သက်နေသကဲ့သို့ ရှိသည်။

ထို့ကြောင့် ယွီချင်းချုံက ထျဲလန်ယန်သည်လည်း သူမကဲ့သို့ပင် ပြန်လည်မွေးဖွားလာသူဖြစ်ပြီး သူမကို ကူညီရန် ရောက်ရှိလာခြင်း ဖြစ်နိုင်သည်ဟု တွေးမိလိုက်သည်။

မဟုတ်ရင်... ဘာလို့ သူမရဲ့ ရန်သူတွေ အကုန်လုံး တစ်ယောက်ပြီးတစ်ယောက် ဒီလိုမျိုး ပျက်စီးကုန်ရမှာလဲ။

ဤသို့ တွေးမိသောအခါ ယွီချင်းချုံသည် ထျဲလန်ယန်အပေါ် အလွန် ကျေးဇူးတင်မိသွားသည်။

အတိတ်ကမူ သူမနှင့် ထျဲလန်ယန်တို့၏ ဆက်ဆံရေးမှာ သာမန်မျှသာဖြစ်ပြီး ယခင်က ရှိခဲ့ဖူးသော အဆင်မပြေမှုအချို့ကြောင့် စကားပြောခဲလှသည်။

သို့သော် အခုမူ သူမသည် ထျဲလန်ယန်နှင့် ပိုရင်းနှီးအောင်ပြုလုပ်ပြီး သူငယ်ချင်း ဖြစ်ချင်စိတ် ပေါ်လာမိသည်။

"သူတို့ ဘာလို့ ပြန်သွားကြတာလဲ၊ နင်တို့ ရန်ဖြစ်လိုက်ကြလို့လား၊ ငါ တစ်ခုခု ကူညီပေးဖို့ လိုသေးလား။"

ထျဲလန်ယန်က သူမကို ထူးဆန်းသလို ကြည့်လိုက်သည်။

ဒီမိန်းကလေး ဘာဖြစ်သွားတာလဲ... ရုတ်တရက်ကြီး ဘာလို့ ဒီလောက်တောင် စိတ်အားထက်သန်နေရတာလဲ။

ထျဲလန်ယန် - "အဆင်ပြေပါတယ်။"

ယွီချင်းချုံ - "ဪ... အဆင်ပြေရင် ပြီးတာပါပဲ။"

စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ယွီချင်းချုံက စကားစမြည်ပြောရန် ထပ်မံကြိုးစားခဲ့သည်။ "ပြီးခဲ့တဲ့အပတ်က နင်ချက်တဲ့ ဝက်ခေါင်းစွပ်ပြုတ်က တကယ့်ကို အရသာရှိတာပဲ၊ ပြီးခဲ့တဲ့ရက်ကလည်း ရွာက ဝက်သားတွေ ဝေပေးထားသေးတယ်ဆိုတော့... နင် ဒီနေ့ အဲဒီဟင်းကို ထပ်ချက်ဦးမှာလား။"

"ချက်မယ်။"

စကားတစ်ခွန်းတည်းဖြင့် စကားဝိုင်းမှာ ပြတ်တောက်သွားရသည်။

ထျဲလန်ယန် စကားမပြောချင်ပေ။

သူမအနေဖြင့် ထိုသားအမိကို ငြင်းလွှတ်လိုက်ပြီ ဖြစ်သော်လည်း သူတို့၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် နောင်တွင် ပြဿနာများ ထပ်မံရောက်ရှိလာဦးမည်ဟု ခန့်မှန်းမိသည်။

ထျဲလန်ယန်သည် ပြဿနာများကို မနှစ်သက်ပေ။ သို့သော် အဓိကအချက်မှာ သူတို့က သူမကို ထိခိုက်အောင် မလုပ်နိုင်သော်လည်း စိတ်အနှောင့်အယှက်ဖြစ်အောင် အနားမှာ လာဝဲနေခြင်းဖြစ်ပြီး သူမဘက်ကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ရန် အကြောင်းမရှိသေးပေ။

ထို့ကြောင့် သူမ အနည်းငယ် စိတ်ပျက်နေမိသည်။

သူမ၏ အေးတိအေးစက် အမူအရာကို မြင်သောအခါ ယွီချင်းချုံလည်း စကားဆက်ပြောရန် အကြံကို လက်လျှော့လိုက်တော့သည်။

အခြားတစ်ဖက်တွင်မူ... ဝမ်လိဟုန်နှင့် သမီးဖြစ်သူ ချန်ပေါင်ကျူးတို့သည် ပြန်ရန် ပြင်ဆင်နေကြသည်။

သူတို့ ကျေးလက်သို့ လာစဉ်က လူတစ်ဦးကို အကူအညီတောင်းကာ နောက်တွဲယာဉ်ဖြင့် လိုက်ပို့ခိုင်းခဲ့ခြင်းဖြစ်သည်။

ယခု ခရိုင်မြို့သို့ ပြန်ရမည်ဖြစ်ရာ အရင်ဦးစွာ နွားလှည်းစီး၍ မြို့နယ်သို့ သွားရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဘတ်စ်ကားစီးကာ ခရိုင်ဧည့်ဂေဟာသို့ ပြန်ရမည်ဖြစ်သည်။

လမ်းခရီးတွင် ကားအကြိမ်ကြိမ် ပြောင်းစီးခဲ့ရသဖြင့် ဧည့်ဂေဟာသို့ ရောက်ရှိချိန်တွင် မှောင်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

"အမေ... သူများတွေကတော့ နှစ်သစ်ကူးပွဲ ဆင်နွှဲနေကြတာကို သမီးတို့ကြမှ အပင်ပန်းခံပြီး လျှောက်သွားနေရတယ်၊ ထမင်းပူပူလေးတောင် ဝဝလင်လင် မစားရဘူး၊ တကယ့်ကို စိတ်ညစ်ဖို့ကောင်းတာပဲ။"

ဝမ်လိဟုန် သက်ပြင်းချလိုက်သည်။ "အမေလည်း ဒီလိုမဖြစ်ချင်ပါဘူးသမီးရယ်၊ ဒါပေမယ့် နင့်အဖေက အတင်းလောနေတာလေ၊ တကယ်လို့ တို့တွေ အဲဒီလူကို ပြန်မခေါ်သွားနိုင်ရင် နောက်ဆုံး ဒုက္ခရောက်မှာက သမီးပဲဖြစ်လိမ့်မယ်။"

ထိုစကားကို ကြားသောအခါ ချန်ပေါင်ကျူး စိတ်ဓာတ်ကျသွားသည်။ "သမီးက အဲဒီအရူးကို တကယ်ပဲ လက်ထပ်ရမှာလားဟင်၊ တခြားလူနဲ့ ပြောင်းလို့မရဘူးလား။"

ဝမ်လိဟုန် - "မရဘူး... စက်ရုံမှူးဟွမ်က ပြောထားပြီးသား၊ သူ့ရဲ့သားနဲ့ လက်ထပ်တဲ့သူကို ဒုတိယစက်ရုံမှူးအဖြစ် ရာထူးတိုးပေးမယ်တဲ့။ ဒါက ကြုံတောင့်ကြုံခဲ အခွင့်အရေးမို့ နင့်အဖေက ဘယ်လိုနည်းနဲ့မှ လက်လွှတ်ခံမှာ မဟုတ်ဘူး။"

ချန်ပေါင်ကျူးက နှုတ်ခမ်းစူလျက် ပြောလိုက်သည်။ "အဖေကလည်း တကယ်ပဲ... အလုပ်ရာထူးအတွက်နဲ့ သမီးကို အရောင်းအစားလုပ်နေတာပဲ။"

ဝမ်လိဟုန်က သူမကို စူးစိုက်ကြည့်လိုက်သည်။ "အဲလိုမျိုး လျှောက်မပြောနဲ့၊ နင့်အဖေသာ မရှိရင် တို့တွေ အခုလို ကောင်းကောင်းမွန်မွန် နေနိုင်ပါ့မလား၊ တခြားလူတွေဆို ထမင်းတောင် နပ်မှန်အောင် မစားနိုင်ကြဘူး။"

ချန်ပေါင်ကျူး - "အင်းပါ... သိပါပြီ။"

ဝမ်လိဟုန် - "တို့တွေ ဒီကိစ္စကို အမြန်ဆုံး ပြီးအောင်လုပ်ရမယ်၊ မဟုတ်ရင် တခြားလူက ဦးသွားလိမ့်မယ်၊ အဲလိုဆိုရင်တော့ နင့်အဖေ ဒေါသထွက်ပြီး သေသွားနိုင်တယ်။"

ချန်ပေါင်ကျူးက နှုတ်ခမ်းကိုကိုက်ကာ စကားအနည်းငယ် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။ "အမေ... ထျဲလန်ယန်က တကယ်ပဲ အမေ့ရဲ့ သမီးအရင်းလားဟင်။ တကယ်လို့ သူမက သမီးအရင်းဆိုရင်ရော အမေက သူမကို အဲဒီအရူးဆီကို တကယ်ပဲ ပေးစားရက်မှာလား။"

"နင်က ပုံမှန်ဆို လည်လှချည်ရဲ့၊ အခုကြမှ ဘာလို့ ဒီလောက်တုံးသွားရတာလဲ။"

ဝမ်လိဟုန်က ဆက်ပြောသည်။ "ကိုယ့်ရဲ့ သမီးအရင်းကို မီးတွင်းထဲ သက်သက်ဆင်းခိုင်းတာကို ငါက ထိုင်ကြည့်နေလိမ့်မယ်လို့ ထင်လို့လား၊ ငါက အဲလောက်အထိ ရက်စက်တတ်တဲ့သူ မဟုတ်ပါဘူး။"

ချန်ပေါင်ကျူး စိတ်လှုပ်ရှားသွားခဲ့သည်။ "ဒါဆို အမေ့ဆိုလိုတာက... ကလေးချင်းမှားသွားတယ်ဆိုတာ မဟုတ်ဘူးပေါ့၊ သမီးကပဲ အမေ့ရဲ့ သမီးအရင်းပေါ့ ဟုတ်လား။"

ဝမ်လိဟုန်က ပြုံးလျက် သူမကို ကြည့်လိုက်သည်။ "ဒါပေါ့သမီးရယ်... သမီးရဲ့ ရုပ်ရည်က အမေနဲ့ တစ်ပုံစံတည်း တူတာပဲ၊ သမီးက အမေ့ရဲ့ သမီးအရင်းစစ်စစ်ပါ။"

"အမေရယ်၊ ဒါကို ဘာလို့ သမီးကို ကြိုမပြောရတာလဲ၊ သမီးမှာတော့... ငိုတောင်ငိုချင်လာပြီ။"

ချန်ပေါင်ကျူးသည် ဝမ်လိဟုန်၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်ကာ ဝမ်းသာအားရဖြင့် အသံများပင် တုန်ယင်နေခဲ့သည်။

ဝမ်လိဟုန်က သူမ၏ဆံပင်များကို သပ်ပေးရင်း မျက်ဝန်းများ အေးစက်သွားခဲ့သည်။ "အမေ သမီးကို တမင်ကွယ်ဝှက်ထားတာ မဟုတ်ပါဘူး၊ ဒါပေမယ့် နင့်အဖေရှေ့မှာတော့ ဟန်ဆောင်ပြရတာပေါ့၊ မဟုတ်ရင် သူက အဲဒီမိန်းမရဲ့ ကလေးအပေါ် စိတ်ပြတ်မှာ မဟုတ်ဘူး။"

ချန်ပေါင်ကျူး ဇဝေဇဝါဖြစ်သွားခဲ့သည်။ "အမေ... ဘာကို ဆိုလိုတာလဲဟင်၊ သမီး နားမလည်ဘူး။"

ဝမ်လိဟုန် - "နင့်အဖေက ငယ်ငယ်တုန်းက ထျဲလန်ယန်ရဲ့အမေ အားရှနဲ့ ရည်းစားတွေ ဖြစ်ခဲ့ကြတာ၊ သူက အားရှအပေါ် အမြဲတမ်း စိတ်ကူးယဉ်ပြီး သံယောဇဉ်ရှိနေခဲ့တာလေ။"

"အာ..." ချန်ပေါင်ကျူး အံ့ဩသွားရသည်။ "ဒါဆိုရင် ဘာလို့ အဖေက အမေနဲ့ နောက်ပိုင်းကြမှ လက်ထပ်ခဲ့တာလဲ။"

ဝမ်လိဟုန်က ခနဲ့ကာ ရယ်မောလိုက်သည်။ "ငါက လုယူခဲ့တာပေါ့၊ နင့်အဖေ မူးနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး သူ့အိပ်ရာထဲကို အတင်းဝင်ခဲ့တာလေ။"

ချန်ပေါင်ကျူး မယုံနိုင်အောင် ဖြစ်သွားရသည်၊ သူမ၏ ပုံမှန်ဆို နူးညံ့သိမ်မွေ့သော မိခင်ဖြစ်သူက ဤကဲ့သို့သော အလုပ်မျိုး လုပ်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့မိပေ။ "အမေရယ်... ဘာလို့ အဲလိုလုပ်ခဲ့ရတာလဲ..."

"ဘာလို့လဲဆိုတော့ သူက အစကတည်းက ငါ့လူဖြစ်ရမှာမို့လို့ပဲ။"

ဝမ်လိဟုန်က အံကြိတ်ကာ ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ပြောလိုက်သည်။ "ငါက နင့်အဖေကို အရင်ဆုံး သိခဲ့တာ၊ ဒါပေမယ့် အားရှ ပေါ်လာတာနဲ့တင် သူမက နင့်အဖေရဲ့ စိတ်ဝိညာဉ်ကို ဖမ်းစားသွားခဲ့တာ။ အဲဒီကောင်မက သူမရဲ့ လှပတဲ့မျက်နှာကို သုံးပြီး လူတွေကို မြူဆွယ်ရတာ သိပ်ကြိုက်တာ၊ ဟဲဟဲ... ဒါပေမယ့် နောက်ဆုံးတော့ သူမရဲ့ ယောကျ်ားကို ငါကပဲ လုယူလိုက်နိုင်တာပဲ မဟုတ်ဘူးလား။"

ချန်ပေါင်ကျူး၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသည်။

သမီးဖြစ်သူ၏ အမူအရာကို မြင်သောအခါ ဝမ်လိဟုန်လည်း အနည်းငယ် နောင်တရသွားမိသည်။

သို့သော် သူမအနေဖြင့် ဤအကြောင်းအရာများကို ရင်ထဲတွင် မြိုသိပ်မထားနိုင်တော့ပေ။

ဒီလောက်နှစ်တွေအကြာကြီးအထိ သူမ၏ခင်ပွန်းသည် သူမအပေါ် အေးတိအေးစက်သာ ဆက်ဆံခဲ့ပြီး ရင်ထဲတွင်မူ အားရှကိုသာ အမြဲတမ်း တမ်းတနေခဲ့သည်။

သူမသည် ခင်ပွန်းဖြစ်သူကို အပြစ်မတင်ရက်သဖြင့် ဒေါသအားလုံးကို အားရှအပေါ်၌သာ ပုံချခဲ့ရရာ အားရှအကြောင်း ပြောမိတိုင်း စိတ်လှုပ်ရှား ဒေါသထွက်ရခြင်း ဖြစ်သည်။

"ပေါင်ကျူး... သမီး အမေ့ကို အပြစ်မတင်ဘူးမလားဟင်။ အမေလုပ်ခဲ့သမျှ အရာရာတိုင်းက သမီး ကောင်းစားဖို့အတွက်ချည်းပါပဲ။"

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၁၀၆

မိခင်ဖြစ်သူ၏ အပြစ်မကင်းသကဲ့သို့ ဖြစ်နေသော အမူအရာကို မြင်ရသောအခါ ချန်ပေါင်ကျူးလည်း စိတ်ထဲတွင် မသက်မသာ ဖြစ်သွားရသည်။

သူမ၏ မိဘနှစ်ပါးသည် ဆက်ဆံရေး သိပ်မပြေလည်ကြသော်လည်း သူမအပေါ်တွင်မူ နှစ်ဦးစလုံးက အလွန်ကောင်းမွန်ကြပြီး သမီးဦးဖြစ်၍ စည်းစိမ်ချမ်းသာကြားတွင် ပြုစုပျိုးထောင်ပေးခဲ့ကြသည်။

ယခု အတိတ်မှ အမှန်တရားကို သိလိုက်ရသောအခါ သူမ အနည်းငယ် ဝေခွဲမရ ဖြစ်သွားမိသည်။

ဝမ်လိဟုန် - "ပေါင်ကျူး... ဘာလို့ ဘာမှမပြောတာလဲ၊ သမီး တကယ်ပဲ အမေ့ကို အပြစ်တင်နေတာလား။"

ချန်ပေါင်ကျူး - "အမေ... သမီးက ဘာလို့ အမေ့ကို အပြစ်တင်ရမှာလဲ၊ အမေသာမရှိရင် သမီးလည်း လူဖြစ်လာမှာ မဟုတ်ဘူး၊ အမေ့ကို ကျေးဇူးတောင် တင်ရဦးမယ်။"

လူဆိုသည်မှာ အတ္တရှိကြသောသူချည်းပင်။

အကယ်၍ သူမသာ မိခင်၏နေရာတွင်ဆိုလျှင်လည်း ဤကဲ့သို့သော ရွေးချယ်မှုကိုပင် ပြုလုပ်မိကောင်း ပြုလုပ်မိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဖခင်သည် အလွန်ထူးချွန်သူတစ်ဦးဖြစ်ရာ ထိုကဲ့သို့သော လူမျိုးကို အလွယ်တကူ လက်လွှတ်ခံနိုင်မည် မဟုတ်ပေ။

သမီးဖြစ်သူထံမှ ထိုစကားကို ကြားရသောအခါ ဝမ်လိဟုန် စိတ်သက်သာရာရသွားခဲ့သည်။ "ဒါဆိုလည်း ပြီးတာပါပဲ၊ သမီးက အမေ့ကို အပြစ်တင်မလားလို့ စိုးရိမ်နေတာ။ ဒါနဲ့... ထျဲလန်ယန်က အမေ့ရဲ့ သမီးအရင်း မဟုတ်ဘူးဆိုတာကို နင့်အဖေကို လုံးဝမပြောနဲ့ဦး၊ မဟုတ်ရင် သူက အဲဒီကောင်မလေးဘက်ကို ပိုပြီး ဘက်လိုက်သွားလိမ့်မယ်။"

"ဟုတ်ကဲ့... သမီး နားလည်ပါတယ်။"

ချန်ပေါင်ကျူးက မကျေနပ်သလို ပြန်ပြောလိုက်သည်။ ထျဲလန်ယန်သည် သူမအတွက်မူ သူစိမ်းသက်သက်သာ ဖြစ်သည်။

ဤသို့ တွေးမိသောအခါ ချန်ပေါင်ကျူးသည် ထျဲလန်ယန်အပေါ် မနာလိုစိတ် အနည်းငယ် ပေါ်လာမိသည်။

"ဒါနဲ့ အမေ... ထျဲလန်ယန်ရဲ့ အမေက အရမ်းလှတယ်လို့ အမေပြောခဲ့တယ်မလား၊ ဒါဆို သူမရဲ့ အဖေကလည်း ရုပ်ချောရမှာပေါ့။ ဒါပေမယ့် သူမကြမှ ဘာလို့ ဒီလောက်တောင် ရုပ်ဆိုးဆိုး သာမန်ပုံစံလို ဖြစ်နေရတာလဲ။"

ဝမ်လိဟုန် - "အမေလည်း အဲဒါကို တကယ်ပဲ မထင်ထားဘူး၊ အစက လူမှားတယ်တောင် အောက်မေ့မိတယ်။ ဒါပေမယ့် ဒီနေ့ အခန်းထဲမှာ စကားပြောရင်း သေချာကြည့်လိုက်တော့ သူမရဲ့ မျက်ဝန်းတွေက အားရှနဲ့ တစ်ပုံစံတည်း တူနေတာကို သတိထားမိတယ်၊ သူမက အားရှရဲ့ သမီးဖြစ်တာ သေချာပါတယ်။"

ချန်ပေါင်ကျူး နှုတ်ခမ်းစူလိုက်သည်။ "အမေ... ဒါဆို ဒီကိစ္စကို ဘယ်လိုဆက်လုပ်မှာလဲ။ ထျဲလန်ယန်က သမီးတို့ကို လုံးဝမယုံကြည်တဲ့အပြင် ဒီနေ့ သူမရဲ့ အမူအရာကလည်း အရမ်းစော်ကားလွန်းတယ်၊ ကြည့်ရတာ တကယ် ဒေါသထွက်ဖို့ကောင်းတယ်။"

ဝမ်လိဟုန် - "ရပါတယ်... တို့တွေ မနက်ဖြန်ကြရင် ထပ်သွားကြတာပေါ့။ အဲဒီအခါကြရင် သူမအတွက် မြို့ပေါ်မှာ အလုပ်တစ်ခု စီစဉ်ပေးမယ်လို့ ပြောလိုက်ရင် သူမ သဘောတူလာလိမ့်မယ်။"

ချန်ပေါင်ကျူး နှာမှုတ်လိုက်သည်။ "သူမကတော့ ပျော်နေမှာပေါ့၊ ကျေးလက်မှာ နေရတာက အရမ်းပင်ပန်းတာကိုး၊ မြို့ကို ပြန်ချင်ပေမယ့် ပြန်ခွင့်မရတဲ့သူတွေ အများကြီးပဲ။"

ဝမ်လိဟုန်က မဲ့ပြုံးပြုံးလိုက်သည်။ "သူမကို မြို့ပေါ်ရောက်အောင် လှည့်ဖြားခေါ်ဆောင်သွားနိုင်သရွေ့တော့... သူမက မိဘမဲ့တစ်ယောက်ပဲဟာ၊ တို့တွေ ကြိုက်သလို စီမံလို့ရတာပေါ့။"

သူမသည် အားရှအပေါ်ထားရှိသော နာကျည်းမှုများကို နှစ်ပေါင်းများစွာကြာအောင် ရင်ဖွင့်ခွင့် မရခဲ့ပေ။

အမေလုပ်သူ၏ အကြွေးကို သမီးက ဆပ်ရမည်ဖြစ်ရာ ထိုမိန်းမယုတ်၏ သမီးအပေါ်သို့သာ ကံကြမ္မာဆိုးများ သက်ရောက်ပါစေတော့။

တစ်ချိန်တည်းမှာပင်... ကွေ့ဟွာကျေးရွာရှိ ပညာတတ်လူငယ်များဝင်း၌ ဖြစ်သည်။

အခန်းထဲတွင် ထျဲလန်ယန်သည် မှန်တင်ခုံရှေ့၌ ထိုင်နေရင်း ရုတ်တရက် နှာချေခြင်း သုံးကြိမ်ဆက်တိုက် ဖြစ်သွားရသည်။

ဟင်း... တစ်ယောက်ယောက်တော့ ငါ့ကွယ်ရာမှာ အတင်းပြောနေပြီ ထင်တယ်။

ရပါတယ်... ပြဿနာရောက်လာရင် ရင်ဆိုင်ဖြေရှင်းရုံပဲ၊ ဘာမှကြောက်စရာမရှိဘူး။

မွန်းတည့်ချိန်တွင် ပညာတတ်လူငယ်များဝင်း၌ နှစ်သစ်ကူး ထမင်းစားပွဲ ပြီးဆုံးသွားပြီးနောက် စုန့်ပိုင်ယွမ်နှင့် စုန့်ရွှယ်တို့က သူမ၏ အခန်းတံခါးဝသို့ ရောက်ရှိလာပြီး ယနေ့ညနေတွင် သူတို့အိမ်၌ ညစာအတူစားရန် ဖိတ်ခေါ်ခဲ့ကြသည်။

ထျဲလန်ယန်ကလည်း မငြင်းပယ်ခဲ့ပေ။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း စုန့်ပိုင်ယွမ်သည် အိမ်သို့ ပြန်လာတိုင်း အချိန်တိုရုံသာ နေထိုင်နိုင်ခဲ့ပြီး ကောင်းကောင်းမွန်မွန် မနားခဲ့ရပေ။

ယခုအကြိမ်တွင်မူ သူသည် သူလျှိုတစ်ဦးကို ဖမ်းဆီးရာ၌ ကြီးမားသော အကျိုးဆောင်မှု ပြုလုပ်နိုင်ခဲ့သဖြင့် စစ်တပ်က သူ့အား အထူးခွင့်ရက် တစ်လ ပေးခဲ့ရာ နှစ်သစ်ကူးပြီးမှ စစ်တပ်သို့ ပြန်ရမည်ဖြစ်သည်။

ထို့ကြောင့် သူသည် အချိန်ရတိုင်း သူမကို လာရောက်တွေ့ဆုံလေ့ရှိသည်။

ယခုအခါ ကွေ့ဟွာတစ်ရွာလုံးက တပ်ရင်းမှူးဖြစ်လာသော စုန့်ပိုင်ယွမ်သည် ပညာတတ်လူငယ် ထျဲလန်ယန်ကို လိုက်နေသည်ဟု သိထားကြပြီ ဖြစ်သည်။

အားလုံးက သိနေကြပြီဖြစ်ရာ သူမအနေဖြင့်လည်း ဟန်ဆောင်မူနေရန် မလိုတော့ပေ။

မည်သို့ပင်ဆိုစေ သူမသည်လည်း စုန့်ပိုင်ယွမ်အပေါ် ခံစားချက်ကောင်း ရှိနေသည်မဟုတ်ပါလား။

ယနေ့သည် နှစ်သစ်ကူးနေ့ဖြစ်ပြီး အခြားသူအိမ်သို့ ညစာစားရန် သွားရမည်ဖြစ်သဖြင့် သူမ သေသေချာချာ ပြင်ဆင်ဝတ်ဆင်ရမည်ဖြစ်သည်။

ထျဲလန်ယန်သည် ဘယ်သောအခါမှ မပြောင်းလဲခဲ့သော ရှေ့ဆံမြိတ်များကို အပေါ်သို့ လှန်တင်ကာ ကလစ်ဖြင့် ညှပ်လိုက်သည်။

သူမသည် အနားကွပ်အမည်းရောင် မျက်မှန်ကို ချွတ်လိုက်သောအခါ သွယ်လျသော မျက်ခုံးတန်းများနှင့် စူးရှသော မျက်ဝန်းအစုံ ပေါ်ထွက်လာသည်။ ဖြူစင်ဝင်းပသော သူမ၏မျက်နှာလေးသည် တောက်ပသော အနီရောင် ကုတ်အင်္ကျီနှင့် လိုက်ဖက်လှသဖြင့် နှင်းဆီပန်းတစ်ပွင့်ထက်ပင် ပိုလှပ၍ ဆွဲဆောင်မှုရှိနေတော့သည်။

ထျဲလန်ယန် အခန်းထဲမှ ထွက်လာသောအခါ ဧည့်ခန်းမကြီးအတွင်း စကားပြောနေကြသော ပညာတတ်လူငယ်များ အားလုံး အံ့အားသင့်ကာ မှင်သက်သွားကြသည်။

"အစ်မယန်... ဒါ တကယ်ပဲ အစ်မလား။"

ထျဲလန်ယန် မျက်ခုံးပင့်လိုက်သည်။ " မဟုတ်ရင်ကော။ တခြားလူ ရှိဦးမယ်ထင်လား"

ဝမ်ကျွင်းကျွင်းက အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး စားနေသော မြေပဲစေ့များပင် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားရသည်။

"ဝါး..." ဝမ်ကျွင်းကျွင်းက စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်ရင်း ပြောလိုက်သည်။ "အစ်မယန်... အစ်မ ဆံပင်ပုံစံပြောင်းပြီး မျက်မှန်ချွတ်လိုက်တာ တခြားလူတစ်ယောက်အဖြစ် လုံးဝကို ပြောင်းလဲသွားတာပဲ။"

ကျန်ရှိသူများကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ "ဟုတ်တယ်... ထျဲလန်ယန်က စကားမပြောရင် တို့တွေ မှတ်မိမှာတောင် မဟုတ်ဘူး။"

"ဟုတ်တယ်၊ ငါတောင် သူ့ကို မနည်းမှတ်မိအောင်လုပ်လိုက်ရသေးတယ်။"

သူမနှင့် တစ်ခန်းတည်း အတူနေသော ပညာတတ်လူငယ် လျိုကလည်း ဇဝေဇဝါဖြင့် ပြောလိုက်သည်။ "လန်ယန်... နင်က အရင်တုန်းက ဘာလို့ ဒီလိုမျိုး မပြင်ဆင်ခဲ့တာလဲ၊ အခုလိုဆိုရင် အများကြီး ပိုလှတာကို။"

ထျဲလန်ယန် ပြုံးလိုက်သည်။ "အရင်က အဲဒီလိုပဲ ဝတ်ဆင်ရတာ အကျင့်ဖြစ်နေလို့ပါ၊ ရှေ့ဆံမြိတ်ကို အပေါ်လှန်တင်တာက ဒါ ပထမဆုံးအကြိမ်ပဲ။"

သူမ ကျေးလက်သို့ စတင်ရောက်ရှိစက လူသိမခံဘဲ အေးအေးဆေးဆေး နေထိုင်လိုသဖြင့် တမင်သက်သက် ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ နေ့ဘက်တွင် အလုပ်လုပ်ခြင်း၊ ညဘက်တွင် စာဖတ်ခြင်းနှင့် စာရေးခြင်းတို့ဖြင့် အလုပ်ရှုပ်နေခဲ့ရာ ပြင်ဆင်ခြယ်သရန် အချိန်မရှိခဲ့ပေ။

ယခုမူ နှစ်သစ်ကူးကာလဖြစ်ပြီး ရက်အနည်းငယ် နားရက်ရထားသည့်အပြင် အားလပ်ရက်တွင် သူတစ်ပါးအိမ်၌ ဧည့်သည်အဖြစ် သွားရောက်ရမည်ဖြစ်ရာ အလွန်အမင်း ရိုးရှင်းလွန်းစွာ သွားရန် မသင့်တော်ဟု တွေးမိသောကြောင့် ဖြစ်သည်။

ထိုစဉ် အသက်ကြီးပိုင်း ပညာတတ်လူငယ်တစ်ဦး ဝင်လာကာ ပြောလိုက်သည်။ "ထျဲကျစ်ချင်း... ရဲဘော်စုန့်က အပြင်မှာ စောင့်နေတယ်လို့ ပြောပါတယ်၊ အပြင်ထွက်သွားလို့ ရပါပြီ။"

"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်။"

ထျဲလန်ယန်က လျိုကျစ်ချင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "အစ်မလျို... ကျွန်မ ဒီည စုန့်ရွှယ်တို့အိမ်မှာ ညစာသွားစားမလို့၊ ကျွန်မအတွက် ထမင်းချက်မထားနဲ့တော့နော်။"

လျိုကျစ်ချင်းက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပါပြီ... စောစောပြန်လာခဲ့နော်၊ ညဘက်မိုးချုပ်ရင် လမ်းခရီးက အန္တရာယ်ရှိနိုင်ပြီး သွားရလာရတာ အဆင်မပြေတာမို့လို့။"

ဝမ်ကျွင်းကျွင်းက ကြားဖြတ်၍ ပြောလိုက်သည် "အစ်မလျိုကလည်း... သူမအတွက် စိုးရိမ်မနေပါနဲ့၊ လာပို့မယ့်သူ ရှိတာပဲဟာကို။"

ကျန်တဲ့သူတွေကလည်း လိုက်ရယ်ကြသည်။ "ဟုတ်ပါ့... အဲဒါကြောင့်မလို့ ဒီနေ့ ဒီလောက်တောင် လှလှပပ ပြင်ဆင်ထားတာကိုး။"

အားလုံး၏ စနောက်ခြင်းကို ခံရသဖြင့် ထျဲလန်ယန် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ "ကဲပါ... ကျွန်မ သွားတော့မယ်၊ အစ်မတို့ပဲ ဆက်ပြောကြတော့။"

ပညာတတ်လူငယ်များဝင်း၏ တံခါးဝတွင် စုန့်ပိုင်ယွမ်သည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

မကြာမီ လှပသော ပုံရိပ်လေးတစ်ခု လျှောက်လှမ်းလာခဲ့သည်။

ထိုမိန်းကလေးသည် တောက်ပသော မျက်ဝန်းများနှင့် ဖြူဖွေးညီညာလှသော သွားအစုံတို့ဖြင့် အနီရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားရာ မြင်မြင်ချင်းမှာတင် သူ့အား မျက်စိပွင့်သွားစေသည်။

စုန့်ပိုင်ယွမ်သည် ထိုနေရာ၌တင် မှင်သက်သွားရသည်။

သူ၏ ငေးမောနေသော အမူအရာကို မြင်သောအခါ ထျဲလန်ယန် ပြုံးလိုက်သည်။ "ဘာဖြစ်လို့လဲ... ကျွန်မကို မမှတ်မိတော့ဘူးလား။"

စုန့်ပိုင်ယွမ်၏ မျက်နှာ အနည်းငယ် နီမြန်းသွားခဲ့သည်။ "မှတ်မိပါတယ်... ဒါပေမယ့်..."

"ဒါပေမယ့် ဘာဖြစ်လဲ။"

ထျဲလန်ယန်က စုန့်ပိုင်ယွမ်တစ်ယောက် သူမ မည်မျှလှပကြောင်း ချီးမွမ်းလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း သူက ရုတ်တရက် ပြောလာသည်။ "ဒါပေမယ့်... မင်း မျက်မှန်မတပ်ထားရင် လမ်းကို သေသေချာချာ မြင်ရပါ့မလား၊ ကျွန်တော် တွဲပြီး လမ်းလျှောက်ကူပေးဖို့ လိုမလား။"

ထျဲလန်ယန် - ......

သံသယဖြစ်စရာမလိုအောင်ကိုပင် စုန့်ပိုင်ယွမ်သည် တကယ့်ကို အဖြောင့်ကြီးအတိုင်း စဉ်းစားတတ်သည့် ယောကျ်ားစစ်စစ်ပင် ဖြစ်သည်။

ထျဲလန်ယန်က နှုတ်ခမ်းကို မဲ့လိုက်သည်။ "ကျွန်မရဲ့ မျက်စိက အဲလောက်အထိ အခြေအနေ မဆိုးသေးပါဘူး၊ ရှင် တွဲပေးဖို့မလိုပါဘူး။"

သူမသည် အစက သူ၏လက်ကို တွဲထားရန် စိတ်ကူးရှိသော်လည်း သူမ၏ အစီအစဉ်များ ပျက်ပြားသွားရသဖြင့် စိတ်တိုသွားမိသည်။

ထျဲလန်ယန်သည် သူ့အနားသို့ တိုးကပ်သွားပြီး မျက်တောင်ခတ်လျက် ပြောလိုက်သည်။ "ရှင် ကျွန်မဆီမှာ ထူးခြားတာ တစ်ခုခုကို သတိမထားမိဘူးလား။"

သူမအနေဖြင့် သေသေချာချာ ပြင်ဆင်လာခဲ့ခြင်းဖြစ်ရာ ဤလူက ချီးမွမ်းစကား တစ်ခွန်းမျှပင် မပြောနိုင်လေသလား။

မိန်းကလေး၏ ရုတ်တရက် တိုးကပ်လာမှုနှင့်အတူ ချိုမြိန်ဆွဲဆောင်မှုရှိသော ရနံ့သင်းသင်းလေးတစ်ခု ပါရှိလာသည်။

စုန့်ပိုင်ယွမ်၏ လည်ချောင်းတစ်ခုလုံး ခြောက်သွေ့သွားကာ နှလုံးခုန်သံများ မြန်ဆန်လာရသည်။

သူ မျက်နှာလွှဲလိုက်သည်။ "ဘာမှ မထူးခြားပါဘူး။"

သူမက အရင်အတိုင်း လှပတောက်ပနေဆဲပါပဲ…

ထျဲလန်ယန် - ......

ကောင်းပြီ... ကောင်းပြီ၊ ငါ သစ်တုံးတစ်တုံးနဲ့ စကားပြောနေမိတာပဲ။

စုန့်မိသားစုအိမ်သို့ သွားရာလမ်းတစ်လျှောက်တွင် ထျဲလန်ယန်သည် တည်ကြည်သောအမူအရာဖြင့်သာ နေခဲ့သည်။

All Chapters