အခန်း ၈၁၂
Vol. 77 Ch. 812
အခန်း (၈၁၂) - နှစ်တစ်ရာကြာပြီးနောက် ရွှမ်ဟွမ်ကမ္ဘာ၊ အလယ်အလတ်ကမ္ဘာငယ်များစွာကို ဖမ်းယူခြင်းနှင့် ဂိုဏ်း၏ကံကြမ္မာစွမ်းအားများ ကောင်းကင်ထိတိုင် ထိုးတက်သွားခြင်း(၂)။
ဝုန်း... ဝုန်း... ဝုန်း...။
သို့သော်ငြား ဤအခိုက်အတန့်၌ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့လေသည်။ အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားသကဲ့သို့ တစ်လောကလုံးကို သက်ရောက်သွားစေ၏။
အဆုံးမဲ့သော ကောင်းကင်မြေကြီး စိတ်ဝိညာဉ်ချီများက လှိမ့်ဝင်လာပြီး ကြောက်မက်ဖွယ် စိတ်ဝိညာဉ်ချီ မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။
ဝှစ်… ဝှစ်… ဝှစ်…
ယင်ရှားဂိုဏ်း၏ ကျင့်ကြံသူများစွာမှာ ဘာဖြစ်မှန်း နားမလည်နိုင်သေးခင် ကောင်းကင်ထက်၌ ဧရာမ ပဉ္စမအဆင့် ငွေရောင်ပျံသန်းရေး သင်္ဘောကြီးများ ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး ယင်ရှားဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် မျက်စိတစ်မှိတ်အတွင်း ပေါ်လာခဲ့လေသည်။
အုန်း...
မျက်စိတစ်မှိတ်အတွင်းမှာပင် ယင်ရှားဂိုဏ်းကို ဖုံးလွှမ်းထားသော ပဉ္စမအဆင့် အထွတ်အထိပ် အစီအရင်ကြီးသည် ချက်ချင်း ပြာကျသွားခဲ့ပြီး အစီအရင် အကာအကွယ်များစွာ ပျက်စီးသွားခဲ့ရသည်။ ယင်ရှားဂိုဏ်း၏ ဌာနချုပ်သည်လည်း ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး မီးခိုးရောင်မြူခိုးများစွာက ချက်ချင်း ပျံ့လွင့်သွားတော့၏။
ဧရာမတောင်ထွတ်များပေါ်တွင် အရိုးဖြူများ ပြည့်နှက်နေသကဲ့သို့ ရှိနေပြီး တောင်ထွတ်များပေါ်တွင် ခမ်းနားထည်ဝါသော ရွှေရောင်နန်းတော်များစွာ ပေါ်လာခဲ့လေသည်။ ၎င်းတို့သည် မရေမတွက်နိုင်သော ရွှေများဖြင့် သွန်းလုပ်ထားသကဲ့သို့ အလွန်တရာ တောက်ပလင်းလက်နေ၏။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ယင်ရှားစွမ်းအင်များက ကောင်းကင်သို့တိုင် ထိုးတက်သွားပြီး ယင်မိစ္ဆာများအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေ၏။
မရေမတွက်နိုင်သော နတ်ဆိုးများ၊ မကျွတ်လွတ်သော ဝိညာဉ်များက ငိုကြွေးနေသကဲ့သို့ ထင်မှတ်ရလေသည်။
"ဘာဖြစ်တာလဲ...”
လယ်ကျွန်လေး ကျိချွမ်းမှာ ချက်ချင်းဆိုသလို ကြောင်အမ်းသွားပြီး ဘာဖြစ်သွားမှန်း လုံးဝ နားမလည်ချေ။
မည်သို့ပင်ဆိုစေ လောကကို အုပ်စိုးထားသော ယင်ရှားဂိုဏ်းသည် မည်သည့်အချိန်က ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ကြုံတွေ့ခဲ့ရဖူးမည်နည်း။
ဤသည်မှာ မရေမတွက်နိုင်သော နှစ်များအတွင်း ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။
သူတစ်ယောက်တည်းသာမကဘဲ လယ်ကျွန်များစွာမှာလည်း ထိုနည်းတူပင် ဖြစ်နေကြ၏။
"ဘယ်သူလဲ...”
"ငါတို့ ယင်ရှားဂိုဏ်းကို လာပြီး စော်ကားရဲတဲ့ကောင်က ဘယ်သူလဲ။ သေချင်နေတာလား...”
ထိုခဏ၌ ယင်ရှားဂိုဏ်းမှ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများသည် ကောင်းကင်မှ ဆင်းသက်လာကြပြီး ဒေါသကို မထိန်းချုပ်နိုင်အောင် ဖြစ်နေကြတော့သည်။
တစ်ဦးချင်းစီသည် အဆုံးမဲ့သော သွေးစွမ်းအင်၊ အငြိုးအတေးနှင့် နာကြည်းချက်များကို သယ်ဆောင်ထားကြပြီး ဧရာမ မိစ္ဆာကြီးများကဲ့သို့ပင် ဖြစ်လေသည်။
အချို့သောသူများမှာ မျက်လုံးများ ဆုံးရှုံးနေကြပြီး သူတို့၏ မျက်လုံးအိမ်နက်ရှိုင်းသောနေရာတွင် မရေမတွက်နိုင်သော မကျွတ်လွတ်သည့် ဝိညာဉ်များ ခိုအောင်းနေသကဲ့သို့ ရှိ၏။
အချို့မှာမူ မျက်နှာများ တွန့်လိမ်နေကြပြီး မျက်လုံး၊ နှာခေါင်း၊ ပါးစပ် စသည့် နေရာများမှနေ၍ အနက်ရောင် အဆိပ်ရည်များ အခါအားလျော်စွာ စီးကျနေပေသည်။
အချို့သောသူများ၏ ခန္ဓာကိုယ်မှာ အရိုးစုများကဲ့သို့ ဖြစ်နေချေပြီ။ အမှန်တကယ်ဆိုရလျှင် ထိုကျင့်ကြံသူများသည် လူသားများဟု မဆိုနိုင်တော့ဘဲ မိစ္ဆာသတ္တဝါများအဖြစ် ပြောင်းလဲသွားကြပြီ ဖြစ်ပေသည်။ ယခုအခါ သူတို့မှာ ဒေါသူပုန်အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
'ယင်ရှားဂိုဏ်း' သည် အချိန်ကြာမြင့်စွာ ဗိုလ်ကျစိုးမိုးလာခဲ့ရာ သူတို့၏ တံခါးဝအထိ လာရောက်တိုက်ခိုက်ရဲသူမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။ ရန်သူများ မည်သို့ပုံစံရှိသည်ကိုပင် သူတို့ မေ့လျော့နေကြပြီ ဖြစ်သည်။
ဘုန်း…။
သို့သော် စကားမဆုံးသေးမီ လူတိုင်း၏ အကြည့်အောက်၌ပင် ကောင်းကင်နှင့် နေမင်းကြီးကိုပါ ဖုံးလွှမ်းသွားနိုင်သည့် ကြောက်မက်ဖွယ် ရွှေရောင်လက်ဝါးကြီးတစ်ဖက်က ကောင်းကင်ပေါ်မှ ကျဆင်းလာချေ၏။
၎င်းပေါ်တွင်လည်း မရေမတွက်နိုင်သော မန္တန်အက္ခရာများ ထူထပ်စွာ ပေါ်ထွက်နေလေ၏။ မိုင်သောင်းချီ ကျယ်ဝန်းသော ဧရိယာအတွင်းရှိ ကောင်းကင်မြေကြီး စိတ်ဝိညာဉ်ချီဓာတ်များအားလုံး စုစည်းသွားကြသည်။
နတ်ဘုရားတစ်ပါး၏ လက်ဝါးကြီးတစ်ဖက်နှင့်ပင် တူနေချေသည်။
ဤအခိုက်တွင် အချိန်ကာလများပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီး လူတိုင်းမှာ သစ်သားရုပ်များပမာ မှင်သက်သွားကြရသည်။ သူတို့၏ ခန္ဓာကိုယ်များက မည်သည့်တုံ့ပြန်မှုမျှ မလုပ်နိုင်ကြတော့ဘဲ ရွှေရောင်လက်ဝါးကြီး ကျဆင်းလာသည်ကို မျက်လုံးအပြူးသားဖြင့်သာ ကြည့်နေနိုင်ကြတော့၏။
ဘန်း...
တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် 'ယင်ရှားဂိုဏ်း' တစ်ခုလုံး၊ မိုင်သောင်းချီ ဧရိယာ၊ မရေမတွက်နိုင်သော တောင်ထွတ်များ၊ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ ရာချီနှင့်တကွ များစွာသော ဂိုဏ်းတပည့်များပါ မျက်စိတစ်မှိတ်အတွင်း ပြာကျသွားကြလေသည်။
ဤလက်ဝါးကြီး ဖိချလိုက်သောအခါ တောင်ထွတ်များစွာမှာ ချက်ချင်း ပြားကပ်သွားပြီး မြေပြင်နှင့် တစ်ပြေးညီ ဖြစ်သွားကြ၏။ မြေကြီးပေါ်တွင်လည်း အလွန်ကြီးမားပြီး ရှင်းလင်းစွာ မြင်နိုင်သော လက်ဝါးရာကြီးတစ်ခု ပေါ်လာကာ အဆုံးမဲ့ စွမ်းအားများကို ထုတ်လွှတ်နေတော့သည်။
စင်ကြယ်သော ယန်ချီအငွေ့များ ထွက်ပေါ်လာရာ ပတ်ဝန်းကျင်ရှိ တစ္ဆေမိစ္ဆာများနှင့် ယင်အဆိပ်ချီများမှာ ရေခဲများ အရည်ပျော်ကျသွားသကဲ့သို့ ချက်ချင်း အရည်ပျော်သွားပြီး တရွှီးရွှီးအသံများ ထွက်ပေါ်လာလေသည်။
"ဒါ... ဒါက..."
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျိချွမ်းမှာ မျက်လုံးပြူးကာ ပါးစပ်အဟောင်းသားဖြင့် လုံးဝ အံ့အားသင့်သွားရသည်။ မည်သို့ပြောရမှန်းမသိဘဲ နေရာတွင်ပင် အရူးတစ်ယောက်လို ရပ်နေမိပြီး နှလုံးသားထဲတွင်မူ လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ ခံစားနေရလေ၏။
ယခုလေးတင် သူသည် မိမိ၏ ကျင့်ကြံမှုအဆင့်ကို အမြန်မြှင့်တင်ပြီး အနာဂတ်တွင် ဤ 'ယင်ရှားဂိုဏ်း' ကို ဖျက်ဆီးပစ်ရန် စဉ်းစားထားခဲ့သည် မဟုတ်ပါလော။
သို့သော် သူ မလှုပ်ရှားရသေးခင်မှာပင် 'ယင်ရှားဂိုဏ်း' သည် ကောင်းကင်မှ ကျဆင်းလာသော လက်ဝါးကြီးတစ်ဖက်၏ ရိုက်ချက်အောက်တွင် ပျက်စီးသွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ဤတိုက်ခိုက်မှု၏ စွမ်းအားမှာ နတ်ဘုရားတစ်ပါး၏ ရိုက်ချက်နှင့်ပင် တူနေချေသည်။ ကမ္ဘာလောကသို့ အင်မော်တယ်တစ်ပါး ဆင်းသက်လာသကဲ့သို့ ယခုလောက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူ့တစ်သက်တာတွင် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။
၎င်း၏ ဂယက်ရိုက်ခတ်မှုကို အနည်းငယ်ထိမိရုံဖြင့် သူ ပြာကျသွားလိမ့်မည်ဟုပင် ထင်မှတ်ရလေသည်။ သို့သော် ထိုလက်ဝါးကြီး၏ စွမ်းအားမှာ အလွန်အမင်း ထိန်းချုပ်ထားသကဲ့သို့ ဖြစ်နေပြီး 'ယင်ရှားဂိုဏ်း' နယ်မြေအတွင်းကိုသာ လွှမ်းခြုံထား၏။
အခြားနေရာများမှာမူ မည်သည့်စွမ်းအား၏ ရိုက်ခတ်မှုကိုမျှ မခံရပေ။ စွမ်းအားအသုံးပြုမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်လေသည်။
"မဖြစ်နိုင်ဘူး။ လာနောက်နေတာလား...”
"ဒီနေရာက အလယ်အလတ်ကမ္ဘာ မဟုတ်ဘူးလား။ အစွမ်းအထက်ဆုံးက နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေလေ...”
"ဘာလို့ ဒီနေရာမှာ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ပါး ပေါ်လာရတာလဲ...”
"ဒီကမ္ဘာက ယန်မိုကမ္ဘာနဲ့ အဆင့်တူတဲ့ မဟာကမ္ဘာများ ဖြစ်နေတာလား...”
အင်မော်တယ်ရတနာ 'ဟွမ်ချွမ်မြေပုံ' သည်လည်း ချက်ချင်းပင် အူကြောင်ကြောင် ဖြစ်သွားလေ၏။ မူလက ၎င်းသည် အလယ်အလတ်ကမ္ဘာတစ်ခုသို့ ကူးပြောင်းလာသည်ဟု ထင်မှတ်ထားခဲ့သည်။
၎င်း၏ စွမ်းအားဖြင့် ဤကမ္ဘာတွင် ဗိုလ်ကျစိုးမိုးနိုင်ပြီး လုံလောက်သော စွမ်းအားများကို စုဆောင်းကာ ယန်မိုကမ္ဘာကို ပြန်လည်တိုက်ခိုက်နိုင်မည် မဟုတ်ပါလော။
သို့သော် ရုတ်တရက် လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ပါး ပေါ်လာမည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
၎င်းမှာ သေလုမတတ် ကြောက်ရွံ့သွားလေသည်။ အကယ်၍ ဤလေဟာနယ်သန့်စင်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးက ၎င်း၏တည်ရှိမှုကို သတိထားမိသွားပါက သေချာပေါက် သေရပေတော့မည်။ ၎င်းမှာ ဟိုတွေးဒီတွေးဖြင့် ဘာလုပ်လို့ဘာကိုင်းရမှန်း မသိတော့ချေ။
ရွှစ်… ရွှစ်… ရွှစ်…
အင်မော်တယ်ရတနာ 'ဟွမ်ချွမ်မြေပုံ' တစ်စုံတစ်ရာတွေးတောမိခြင်း မရှိသေးခင် ကောင်းကင်ထက်ရှိ ပျံသန်းရေးသင်္ဘောများပေါ်မှ တာအိုဝတ်ရုံ ဝတ်ဆင်ထားသော ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။
သူတို့သည် မှော်ရတနာအမျိုးမျိုးကို ကိုင်ဆောင်ထားကြပြီး ကြောက်မက်ဖွယ်ရာ ချီအငွေ့အသက်များကို ထုတ်လွှတ်ကာ နေရာအနှံ့ လူစုခွဲသွားကြ၏။ ဤမြေပြင်ပေါ်ရှိ ကျင့်ကြံသူများစွာ၏ ချီအငွေ့အသက်များကို ပစ်မှတ်ထားနေပုံရလေသည်။
ထိုစဉ် သင်္ဘောထဲမှ လူရိပ်တစ်ခုလည်း လှမ်းထွက်လာပြန်သည်။ သူ၏ ချီအငွေ့အသက်များမှာ ခြောက်ခြားဖွယ် တွင်းနက်ကြီးတစ်ခုနှင့် တူနေချေသည်။
လေထဲတွင် ရပ်နေရုံမျှဖြင့် အင်မော်တယ်တစ်ပါး ဆင်းသက်လာသကဲ့သို့ ထင်မှတ်ရပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် သူတစ်ပါးတည်းသာ ကြီးမြတ်နေသယောင် ဖြစ်နေလေသည်။
ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသားသည် အလွန်ငယ်ရွယ်သူတစ်ဦးဖြစ်ကာ ပြိုင်ဘက်ကင်းစွာ ချောမောခန့်ညားကြောင်း ကျိချွမ်း သတိပြုမိလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မပြည့်စုံသည့်နေရာဟူ၍ တစ်ခုမျှမရှိဘဲ အဆုံးမဲ့ အလင်းရောင်များ တောက်ပနေပုံရပေသည်။
"ဂိုဏ်းချုပ်ကြီး...”
များစွာသော ကျင့်ကြံသူများသည် ထိုလူငယ်လေးကို လေးလေးစားစားဖြင့် အရိုအသေပေးလိုက်ကြသည်။
"ဒီကမ္ဘာကို ထိန်းချုပ်ထားတဲ့ဂိုဏ်းက ယင်ရှားဂိုဏ်းလို့ ခေါ်တယ်...”
"ဒါက လူမဆန်ဘဲ အပြစ်တွေနဲ့ ပြည့်နှက်နေတဲ့ မိစ္ဆာဂိုဏ်းပဲ...”
"ဒါကြောင့် ဒီဂိုဏ်းက ဆက်ရှိနေဖို့ မလိုတော့ဘူး...”
"ဒါပေမဲ့ ယင်ရှားဂိုဏ်းရဲ့ အကြွင်းအကျန်တွေ အများကြီး ကျန်နေသေးတယ်။ မင်းတို့သွားပြီး ရှင်းလင်းလိုက်ကြ...”
"အပြစ်တွေနဲ့ ပြည့်နှက်နေသရွေ့ သက်ညှာစရာမလိုဘူး...”
စကားပြောလိုက်သူမှာ သဘာဝကျစွာပင် ကိုယ်ပွားကျိုးစွေ့ပင်။ သူသည် များပြားလှသော ရွှမ်ဟွမ်ဂိုဏ်းတပည့်များကို ဦးဆောင်ကာ ဤ 'ယင်ရှားကမ္ဘာ' သို့ လာရောက်တိုက်ခိုက်ခြင်း ဖြစ်၏။
လွန်ခဲ့သော နှစ်နှစ်ရာကျော်အတွင်း 'ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်' သည် ကမ္ဘာအချို့ကို မကြာခဏ ဖမ်းယူကာ ရွှမ်ဟွမ်ကမ္ဘာအတွင်းသို့ ပေါင်းစည်းပေးခဲ့သည်။ အချို့သော ကမ္ဘာများသည် ရွှမ်ဟွမ်ကမ္ဘာအတွက် အကျိုးရှိပြီး ဖြောင့်မတ်ဂိုဏ်းများက ထိန်းချုပ်ထားခြင်း ဖြစ်သည်။
သို့သော် အချို့သော ကမ္ဘာများသည် အန္တရာယ်ရှိပြီး မိစ္ဆာဂိုဏ်းများက ထိန်းချုပ်ထားကာ မိစ္ဆာတပည့်များစွာမှာ အပြစ်များနှင့် ပြည့်နှက်နေကြလေသည်။
ထိုသို့သော မိစ္ဆာကျင့်ကြံသူများအတွက် သူ၌ ဆုံးဖြတ်ချက်တစ်ခုတည်းသာ ရှိသည်။ ထိုသည်မှာ သက်ညှာခြင်းကင်းစွာ သတ်ဖြတ်ရန်ပင်။ မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့သော အဆိပ်အတောက်များကို ရွှမ်ဟွမ်ကမ္ဘာအား ဆက်လက်အဆိပ်ခတ်ခွင့် ပြု၍မရပေ။
မှန်ပေသည်၊ ပင်မကိုယ်က လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာသောအခါ ကိုယ်ပွား၏ ကျင့်ကြံမှုအဆင့်မှာလည်း အလိုအလျောက် မြင့်တက်လာပြီး လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာလေသည်။
သူ၌ ပင်မကိုယ်၏ စွမ်းအား ထက်ဝက်ခန့်သာ ရှိစေကာမူ ၎င်းမှာ သာမန် လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများ ယှဉ်ပြိုင်နိုင်သည့်အရာ မဟုတ်ပေ။
ယခု ရွှမ်ဟွမ်ကမ္ဘာတွင် ဤသို့သော ကျင့်ကြံမှုအဆင့်သည် ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခုဖြစ်ပြီး လွှမ်းမိုးနိုင်သော အားသာချက်ကို ရယူထားလေသည်။
ထို့ကြောင့် ဖမ်းဆီးခံရသော ဤကမ္ဘာများထဲမှ တစ်ခုမျှ ရွှမ်ဟွမ်ဂိုဏ်း၏ အုပ်ချုပ်မှုကို မပုန်ကန်နိုင်ကြပေ။ ပုန်ကန်ရဲသော ဂိုဏ်းအဖွဲ့အစည်းတိုင်းမှာ အခြေခံအားဖြင့် ဤကမ္ဘာပေါ်မှ ပျောက်ကွယ်သွားခဲ့ကြလေပြီ။