အခန်း ၈၁၅
Vol. 77 Ch. 815
အခန်း (၈၁၅) - နှစ်တစ်ရာကြာပြီးနောက် ရွှမ်ဟွမ်ကမ္ဘာ၊ အလယ်အလတ်ကမ္ဘာငယ်များစွာကို ဖမ်းယူခြင်းနှင့် ဂိုဏ်း၏ကံကြမ္မာစွမ်းအားများ ကောင်းကင်ထိတိုင် ထိုးတက်သွားခြင်း(၅)။
နောက်ထပ် အချိန်အတော်ကြာပြီးနောက်။
ရှေးဟောင်းတည်နေရာပြောင်းအစီအရင်ကိုလည်း တပ်ဆင်ပြီးစီးသွားရာ ရွှမ်ဟွမ်ဂိုဏ်းနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်ပြီ ဖြစ်သည်။ ထိုတည်နေရာပြောင်းအစီအရင်မှတစ်ဆင့် ဂိုဏ်းချုပ်ဌာနချုပ်သို့ တိုက်ရိုက်ပြန်လည်ရောက်ရှိနိုင်ပေမည်။
သို့ရာတွင် ကျင့်ကြံသူအားလုံး ပြန်သွားကြမည်တော့ မဟုတ်ပေ။ ကျင့်ကြံသူအမြောက်အမြား ကျန်ရစ်နေခဲ့ကြဦးမည်သာ။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ဤကမ္ဘာသစ်ကြီးနှင့်ပတ်သက်၍ အလွန်စူးစမ်းချင်စိတ် ပြင်းပြနေသောကြောင့် ဖြစ်လေသည်။ ဤနေရာတွင် စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်သော ရတနာများစွာ ပေါက်ဖွားနေနိုင်သည် မဟုတ်ပါလော။
အကယ်၍သာ ရှာဖွေတွေ့ရှိခဲ့လျှင် အကျိုးအမြတ်များစွာ ရရှိမည်မှာ သေချာလှ၏။ ဤကဲ့သို့သော ရတနာမြေမျိုးမှ သူတို့အနေဖြင့် လက်ဗလာသက်သက် မည်ကဲ့သို့ ပြန်သွားချင်ကြပါမည်နည်း။
ဝူဝူပင်းမှာလည်း ထိုနည်းတူပင်။ သို့သော် သူသည် ချက်ချင်းကြီး အလောသုံးဆယ် မလုပ်သေးပေ။ ဤကောင်လေးကို ရွှမ်ဟွမ်ဂိုဏ်းဌာနချုပ်သို့ အရင်ခေါ်သွား၍ သေချာနေရာချထားပေးပြီးမှ ဤနေရာသို့ ပြန်လာလျှင်လည်း နောက်ကျမည်မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ တည်နေရာပြောင်းအစီအရင်ကို စီးနင်းရသည်မှာ မျက်စိတစ်မှိတ်အတွင်းသာဖြစ်ရာ အချိန်နှင့် ခွန်အားများစွာ ကြန့်ကြာမည် မဟုတ်ပေ။
ဝုန်း...။
များစွာမကြာလိုက် တည်နေရာပြောင်းအစီအရင်က စတင်လည်ပတ်လာသည်။ ဝူဝူပင်းက ကျိချွမ်ကိုခေါ်ကာ ရွှမ်ဟွမ်ဂိုဏ်းအတွင်းသို့ ပြန်လည်ရောက်ရှိသွားလေ၏။
ရွှမ်ဟွမ်ဂိုဏ်းသို့ ရောက်ရှိသွားသည့် မျက်စိတစ်မှိတ်အတွင်းမှာပင် အဝေးဆီမှ ကောင်းကင်နှင့်ထိစပ်နေသော သစ်ပင်ကြီးတစ်ပင်ကို ကျိချွမ် ပထမဆုံး မြင်တွေ့လိုက်ရသည်။
“ဒီ... ဒါက...”
ကျိချွမ်မှာ ချက်ချင်းပင် ကြက်သေသေသွားကာ မျက်လုံးများ ပြူးကျယ်သွားလေ၏။
အခြားသော ကောင်းကင်ထိစပ်နေသည့် သစ်ပင်ကြီးများဆိုသည်မှာ တင်စားချက်သက်သက်သာ ဖြစ်သော်လည်း၊ သူ၏မျက်စိရှေ့ရှိ ဤသစ်ပင်ကြီးမှာမူ ကောင်းကင်နှင့် အမှန်တကယ် ချိတ်ဆက်ထားပြီး လေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာအထိ ဆန့်တန်းနေကာ အဆုံးအစကိုပင် မမြင်နိုင်ချေ။
ထိုသစ်ပင်ကြီး၏ ပတ်ပတ်လည်တွင် တိမ်မြူများ ဝန်းရံနေပြီး သိပ်သည်းလှသော အင်မော်တယ်မူလချီများ လွှမ်းခြုံနေသည်ကို သူ မြင်လိုက်ရသကဲ့သို့ ရှိ၏။ ၎င်း၏အပေါ်တွင်လည်း ထူထပ်သိပ်သည်းလှသော လျှို့ဝှက်ဆန်းကြယ်သည့် အင်မော်တယ်စာလုံးများ ပေါ်လွင်နေလေသည်။
ထွက်ပေါ်လာသော အငွေ့အသက်တိုင်းက ကောင်းကင်ကြီးကိုပင် ပြိုကျသွားစေနိုင်စွမ်းရှိသည့်အလား ထင်မှတ်ရပေသည်။
တစ်ချက်လေး ကြည့်လိုက်ရုံမျှဖြင့် မြေပြင်ပေါ်တွင် ဝပ်တွားကာ ရှိခိုးပူဇော်ချင်စိတ်များ ပေါ်ပေါက်လာသည်ကို သူ ခံစားလိုက်ရသည်။
ဤသည်မှာ သူ တစ်ခါမှ မမြင်ဖူးခဲ့သော ကြီးမြတ်လှသည့် သက်ရှိတစ်ခုပင်။ ဤကြီးမြတ်သော သက်ရှိ၏ရှေ့မှောက်တွင် သူ၏အရာအားလုံးမှာ သန့်စင်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
‘မဖြစ်နိုင်ဘူး။ ဟုတ်ရောဟုတ်ရဲ့လား...’
‘ဒါက မဟာကမ္ဘာကြီး ဟုတ်သေးရဲ့လား...’
‘သာမန်ကမ္ဘာမှာ ဒီလိုအဆင့်ရှိတဲ့ သက်ရှိမျိုး ရှိနေတာလား။ ဒါက အင်မော်တယ်လောကက လာတဲ့ သက်ရှိများ ဖြစ်နေမလား...’
ကျိချွမ်၏ ကိုယ်ထဲတွင် ပုန်းအောင်းနေသော ဟွမ်ချွမ်မြေပုံမှာလည်း ကြက်သေသေသွားလေ၏။
၎င်းသည် ယန်မိုဂိုဏ်း၏ အစွမ်းထက်ပုဂ္ဂိုလ် အမြောက်အမြားအား မြင်ဖူးခဲ့သလို မဟာယာနအဆင့် ကျင့်ကြံသူများကိုလည်း အများအပြား မြင်တွေ့ခဲ့ဖူးသည်။
သို့သော် မျက်မှောက်ရှိ ဤသစ်ပင်ကြီးနှင့် ယှဉ်လိုက်ပါက ၎င်းတို့မှာ ဘာမှမဟုတ်တော့ချေ။ ဤသစ်ပင်ကြီးသာလျှင် အတိုင်းအတာတစ်ခုကို ကျော်လွန်နေသော တကယ့်အစစ်အမှန် ကြီးမြတ်သည့် သက်ရှိကြီးတစ်ခု ဖြစ်ပုံရသည်။
မဟာယာနအဆင့် ကျင့်ကြံသူဆိုသူများမှာ ၎င်းနှင့်ယှဉ်လျှင် အမှိုက်စမျှသာ ဖြစ်၏။ အလယ်အလတ်ကမ္ဘာပေါင်းများစွာကို ဖမ်းယူနိုင်ခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
ဤသို့သော ကြီးမြတ်သည့် သက်ရှိမျိုးမှသာလျှင် ဤအရာကို လုပ်ဆောင်နိုင်မည် ဖြစ်လေသည်။
‘သောက်ကျိုးနည်း... ငါက ဘယ်လိုကမ္ဘာမျိုး၊ ဘယ်လိုဂိုဏ်းမျိုးကို ရောက်လာခဲ့တာလဲ...’
အင်မော်တယ်ရတနာဖြစ်သော ဟွမ်ချွမ်မြေပုံမှာ အူတွေအသည်းတွေ စိမ်းသွားမတတ် နောင်တရသွားတော့သည်။ ၎င်းအနေဖြင့် ဤနေရာမှ ချက်ချင်း ထွက်ပြေးသွားချင်စိတ် ပေါက်သွားသော်လည်း ကျိချွမ်၏ ဝိညာဉ်နှင့် ချိတ်ဆက်ထားပြီး ဖြစ်နေ၏။
ထွက်ပြေးချင်လျှင်ပင် မည်သည့်နည်းလမ်းမှ မရှိချေ။ ယခုအချိန်တွင် ၎င်းအနေဖြင့် အခြေအနေကို ငြိမ်သက်စွာ စောင့်ကြည့်ရန်သာ တတ်နိုင်တော့သည်။ ဤဂိုဏ်းမှ ကျင့်ကြံသူများက ၎င်းကို မရှာဖွေနိုင်ပါစေရန်သာ မျှော်လင့်ရပေတော့မည်။
“ဒါက ငါတို့ရွှမ်ဟွမ်ဂိုဏ်းရဲ့ နတ်ဘုရားသစ်ပင်ဖြစ်တဲ့ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ပဲ...”
“ဒဏ္ဍာရီတွေအရတော့ သူက ဆက်တိုက်ကြီးထွားနေဆဲဖြစ်ပြီး နောက်ဆုံးကျရင် အင်မော်တယ်လောကနဲ့ ချိတ်ဆက်နိုင်လိမ့်မယ်တဲ့...”
“တစ်ချိန်ကျရင် ဒီသစ်ပင်ကြီးပေါ်ကနေ တက်သွားပြီး အင်မော်တယ်လောကဆီကို တိုက်ရိုက်ရောက်သွားနိုင်တာမျိုးလည်း ဖြစ်နိုင်တယ်လေ...”
ဝူဝူပင်းက အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
“အရမ်းကြောက်စရာကောင်းတာပဲ...”
ကျိချွမ်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် ဘာပြောရမှန်းပင် မသိတော့ချေ။
ရွှမ်ဟွမ်ဂိုဏ်းသည် ယင်ရှားဂိုဏ်းထက် များစွာ သာလွန်ကြောင်းကို သူ သိထားသော်လည်း ဤအဆင့်အထိ သာလွန်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ၎င်းနှင့်ယှဉ်လျှင် ယင်ရှားဂိုဏ်းမှာ အမှိုက်တစ်ခုမျှသာဖြစ်ပြီး လုံးဝ ဖော်ပြရန်ပင် မတန်တော့ချေ။
“ဒါက...”
အင်မော်တယ်ရတနာ ဟွမ်ချွမ်မြေပုံမှာ ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။ ကျိချွမ်မှာ အရူးကောင်လေးတစ်ယောက်သာဖြစ်ပြီး ဤအရာက မည်သည့်အဓိပ္ပာယ်ကို ကိုယ်စားပြုသည်ကို လုံးဝ သိမည်မဟုတ်ပေ။
အင်မော်တယ်လောကနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်သော သစ်ပင်ဆိုသည်မှာ ဤမျှ ရိုးရှင်းပါမည်လော။ ဤသည်မှာ အင်မော်တယ်အဆင့်ရှိသော အပင်တစ်ပင်ပင် ဖြစ်၏။
အတိတ်က ယန်မိုဂိုဏ်းဆိုလျှင်ပင် ဤကဲ့သို့သော သက်ရှိမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ မဟာယာနအဆင့် ကျင့်ကြံသူဆိုလျှင်ပင် ဤမျှလောက်သာ ရှိပေလိမ့်မည်။
တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြီးမားလှသည့် အငွေ့အသက်များနှင့် သက်ရှိစွမ်းအင်များကို ၎င်း ခံစားမိနိုင်ပြီး စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်ချေ။ အကယ်၍သာ စွမ်းအားအားလုံးကို အမှန်တကယ် ပေါက်ကွဲထုတ်လိုက်မည်ဆိုပါက မဟာယာနအဆင့် ကျင့်ကြံသူဆိုလျှင်ပင် ၎င်းကို ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။
ရွှစ်… ရွှစ်… ရွှစ်…
ထိုစဉ် အဝေးဆီမှ ထိတ်လန့်ဖွယ်ကောင်းသော အငွေ့အသက်များရှိသည့် ဝိညာဉ်သားရဲများ တစ်ကောင်ပြီးတစ်ကောင် ပျံသန်းလာကြလေသည်။
အချို့မှာ နဂါးများဖြစ်ပြီး ကောင်းကင်ယံတွင် ပျံသန်းကာ နဂါးစွမ်းအင်များကို ထုတ်လွှတ်နေကြ၏။ အချို့မှာ မိစ္ဆာဖီးနစ်ငှက်များဖြစ်ပြီး တောင်ပံများကိုခတ်ကာ အော်ဟစ်နေကြပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း မီးတောက်မီးလျှံများ တောက်လောင်နေလေသည်။
အချို့မှာ မြေကမ္ဘာဝက်ဝံကြီးများဖြစ်ပြီး ပေတစ်ရာကျော် မြင့်မားကာ အလွန်ခွန်အားကြီးမားပြီး တောင်တန်းများကြားတွင် လျှောက်လမ်းနေကြသည်။ အချို့မှာ ပေတစ်ရာရှည်သော စပါးအုံးမြွေကြီးများဖြစ်ပြီး မြေပြင်ပေါ်တွင် တွားသွားကာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေကြ၏။
“ဒါ... ဒါတွေက...”
ထိုထူးဆန်းသော သားရဲများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ကျိချွမ်မှာ ဘာဖြစ်သွားမှန်းပင် မသိတော့ဘဲ ကြောက်လန့်တကြား တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။
“မကြောက်ပါနဲ့။ ဒါတွေက ငါတို့ရွှမ်ဟွမ်ဂိုဏ်းရဲ့ အစောင့်အရှောက် ဝိညာဉ်သားရဲတွေပါ...”
“အနည်းဆုံးတော့ နတ်ဘုရားအသွင်ပြောင်းအဆင့်တွေချည်းပဲ...”
“သူတို့က ရွှမ်ဟွမ်ဂိုဏ်းရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ တာဝန်ယူထားတာမို့ ဘာမှ စိုးရိမ်စရာမလိုပါဘူး...”
ဝူဝူပင်းက နှစ်သိမ့်လိုက်ပြီး ဤဝိညာဉ်သားရဲများသည် အလွန်လုံခြုံစိတ်ချရကာ ရွှမ်ဟွမ်ဂိုဏ်း၏ အဖွဲ့ဝင်များဖြစ်ကြောင်း ဖော်ပြလိုက်သည်။
“အစောင့်အရှောက် ဝိညာဉ်သားရဲတွေက ဒီလောက်တောင် များတာလား...”
“ကျန်တော်တို့တို့ရွှမ်ဟွမ်ဂိုဏ်းက ဝိညာဉ်သားရဲတွေကို ယဉ်ပါးအောင် လုပ်တဲ့နေရာမှာလည်း ကျွမ်းကျင်တာလား...”
ကျိချွမ်က မနေနိုင်တော့ဘဲ မေးလိုက်လေသည်။
“ဒါပေါ့။ ဂိုဏ်းချုပ်ကြီးက ဒီကမ္ဘာမှာ အသန်မာဆုံး သားရဲထိန်းချုပ်သူလေ...”
“အခုဆို ငါတို့ရွှမ်ဟွမ်ဂိုဏ်းက နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိတဲ့ ဝိညာဉ်သားရဲ ထောင်သောင်းချီပြီး ယဉ်ပါးအောင် လုပ်ထားပြီးပြီ...”
“အဲဒါတွေက ငါတို့ရွှမ်ဟွမ်ဂိုဏ်းရဲ့ အင်အားအကြီးဆုံး စစ်အင်အားတွေထဲက တစ်ခုလို့ ပြောလို့ရတယ်...”
“တကယ်တော့ ဒီတစ်ခါ ယင်ရှားလောကကို သွားတဲ့နေရာမှာ ဂိုဏ်းချုပ်ကြီး ကိုယ်တိုင်ပါစရာတောင် မလိုပါဘူး။ နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲတချို့ကို လွှတ်လိုက်ရုံနဲ့တင် လုံလောက်နေပါပြီ...”
“ဒါပေမဲ့ ယင်ရှားဂိုဏ်းက အရမ်းဆိုးရွားပြီး ထွက်ပြေးတဲ့ နည်းလမ်းအမျိုးမျိုးကို ကျွမ်းကျင်တာကြောင့် တစ်ခုခုလွဲချော်သွားမှာကို စိုးရိမ်လို့ ဂိုဏ်းချုပ်ကြီးကိုယ်တိုင် ထွက်လာခဲ့တာ။ ယင်ရှားဂိုဏ်းတစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်း ရှင်းလင်းပစ်ပြီး သူတို့ ထွက်ပြေးလွတ်မြောက်သွားတာမျိုး မဖြစ်ရအောင်လို့ပေါ့...”
ဝူဝူပင်းက ရှင်းပြလိုက်၏။
‘အရင်က လှုပ်ရှားခဲ့တဲ့သူက ရွှမ်ဟွမ်ဂိုဏ်းချုပ်ကြီးပေါ့လေ...’
ထိုစကားကို ကြားလိုက်ရသောအခါ ကျိချွမ်မှာ ရင်ထဲလှိုက်ဖိုသွားပြီး စိတ်ထဲတွင် အံ့ဩချီးကျူးသွားလေသည်။
အရင်က ယင်ရှားဂိုဏ်းကို မည်သူက ဝင်ရောက်ရှင်းလင်းသွားသနည်းဟု သူ အလွန်သိချင်ခဲ့သော်လည်း ရွှမ်ဟွမ်ဂိုဏ်းချုပ်ကြီး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဤဂိုဏ်း၏ ဂိုဏ်းချုပ်ဆိုသည်နှင့် အမှန်တကယ်ပင် ထိုက်တန်ပါပေသည်။ သူ၏စွမ်းအားမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှပြီး အင်မော်တယ်များနှင့်ပင် များစွာကွာခြားမှု မရှိတော့ချေ။
ယခုအခါတွင် သူ ဤဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့သည်မှာ မည်မျှကံကောင်းကြောင်းကို သိရှိသွားပြီ ဖြစ်၏။ ဤသည်မှာ ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်ခဲ့ခြင်းပင်။
အကယ်၍သာ နောင်တစ်ချိန်တွင် သူသည်လည်း ဤကဲ့သို့သော ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်မည်ဆိုပါက၊ သေရမည်ဆိုလျှင်ပင် နောင်တရစရာ ရှိတော့မည်မဟုတ်ဟု ကျိချွမ်တစ်ယောက် ရင်ထဲမှ အလွန်အမင်း မျှော်လင့်နေမိတော့သည်။
“အို... ဒါက ကောင်လေးဝူ မဟုတ်လား။ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ပြန်ရောက်လာတာလဲ...”
“မင်းတို့က ယင်ရှားလောကကို သွားရှင်းလင်းတာ မဟုတ်ဘူးလား...”
ထိုစဉ် ပုံရိပ်တစ်ခုက ဤနေရာသို့ ရောက်ရှိလာပြီး ဝူဝူပင်း၏ရှေ့တွင် ပေါ်လာလေသည်။ သူကား စုန့်ဖျင်အန်းပင် ဖြစ်လေသည်။
ယခင်က သာမန်လူတစ်ယောက်သာဖြစ်သော်လည်း ကြိုးစားအားထုတ်မှုများမှတစ်ဆင့် စိတ်ဝိညာဉ်အမြစ်ကို စုစည်းနိုင်ခဲ့သော ဤပုဂ္ဂိုလ်အပေါ်တွင် သူ အလွန်အမင်း အထင်ကြီးလေးစားမှု ရှိထားသည်။
“အကြီးအကဲစုန့်... ယင်ရှားလောကရဲ့ ကိစ္စတွေက ပြီးဆုံးသွားပါပြီ...”
“အခု ကျွန်တော်က ဂိုဏ်းဝင်ဖို့အတွက် တပည့်သစ်တစ်ယောက်ကို ခေါ်လာတာပါ...”
ဝူဝူပင်းက ရိုရိုသေသေ ဖြေကြားလိုက်၏။
မည်သို့ပင်ဖြစ်စေ သူ၏ရှေ့မှောက်ရှိ ဤပုဂ္ဂိုလ်မှာ ဝိညာဉ်သန္ဓေသားနှောင်းပိုင်းအဆင့်ရှိ မဟာကျင့်ကြံသူတစ်ဦးဖြစ်ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက်အရှိဆုံး ကျင့်ကြံသူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
ရွှမ်ဟွမ်ဂိုဏ်းအတွင်း သူ၏အဆင့်အတန်းမှာ အလွန်ပင် အရေးပါလှသည်။
“တပည့်သစ်လေးလား...”
“ဒီလိုဆိုရင်လည်း မင်းတို့ အမြန်သွားကြတော့လေ...”
စုန့်ဖျင်အန်းက လက်ယမ်းကာ ပြောလိုက်လေသည်။
“ကောင်းပါပြီ အကြီးအကဲစုန့်...”
ဝူဝူပင်းက ခေါင်းညိတ်လိုက်ပြီး လက်တစ်ချက်ဝှေ့ယမ်းကာ ကျိချွမ်ကိုခေါ်၍ အဝေးဆီသို့ ချက်ချင်း ပျံသန်းသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့သည် ဤနေရာမှ ပျောက်ကွယ်သွားလေ၏။
“ယင်ရှားလောကကို ဒီလောက်မြန်မြန် ဖြေရှင်းနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”
“မူလကတော့ အချိန်တော်တော်ကြာမယ်လို့ ထင်ထားခဲ့တာ...”
“ဘာပဲဖြစ်ဖြစ် ယင်ရှားလောကမှာက နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာကျင့်ကြံသူ ရာဂဏန်းလောက် ရှိပြီး သူတို့ရဲ့စွမ်းအားကလည်း သာမန်မှမဟုတ်တာ...”
စုန့်ဖျင်အန်းက သက်ပြင်းချရင်း ပြောလိုက်လေသည်။
“ဟားဟား... ရွှမ်ဟွမ်ဘိုးဘေးကိုယ်တိုင် သွားခဲ့တာပဲ။ ဒီကိစ္စကို ဖြေရှင်းနိုင်တာ သဘာဝကျတာပေါ့...”
“ဒီမကောင်းဆိုးဝါးကောင်က အသက် ခြောက်ရာ၊ ခုနစ်ရာလောက်နဲ့တင် လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ။ တကယ့်ကို ကြောက်စရာကောင်းတဲ့ကောင်ပဲ...”
အရက်တာအိုအရှင်မှာ နှုတ်ခမ်းများ တွန့်ချိတ်သွားပြီး ဆွံ့အသွားကာ ဘာပြောရမှန်းပင် မသိတော့ချေ။
အတိတ်က သူ ဝိညာဉ်လောက၌ ရှိနေစဉ်က သူသည်လည်း လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ဦး ဖြစ်ခဲ့ပြီး လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်၌ ရှိနေခဲ့ကာ စွမ်းအားမှာလည်း သာမန်မဟုတ်ခဲ့ပေ။
သို့သော် သူ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ချိန်၌ အသက်မှာ သုံးလေးထောင်ခန့် ရှိနေပြီ ဖြစ်သည်။
သို့ရာတွင် ဤရွှမ်ဟွမ်ဘိုးဘေးမှာမူ အသက် ခုနစ်ရာမျှဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့၏။
အကယ်၍ သူ့အား မကောင်းဆိုးဝါးတစ်ကောင်ဟု မခေါ်လျှင် အဘယ်သို့သောအရာအား မကောင်းဆိုးဝါးဟု ခေါ်ရတော့မည်နည်း။