အခန်း ၈၁၇
Vol. 77 Ch. 817
အခန်း (၈၁၇) - ကံကြမ္မာသားတော်များ ရွှမ်ဟွမ်တွင် စုဝေးခြင်း၊ ဖုန်းရှီးမြို့တော်၏ နှစ်တစ်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဖုန်းရှီးကျွန်းအား တစ်ပါးတည်းအုပ်စိုးခြင်း(၂)။
အခြားတစ်ဖက်တွင်မူ။
ကျိချွမ်းသည်လည်း စာရင်းပေးသွင်းမှတ်ပုံတင်ကာ ရွှမ်ဟွမ်ဂိုဏ်း၏ တပည့်အဖြစ် အဆင့်အတန်းကို ရရှိခဲ့လေသည်။ ထို့နောက် သူသည် ရွှမ်ဟွမ်တောင်ထွတ်သို့ ရောက်ရှိလာခဲ့၏။
ဤသည်မှာ ရွှမ်ဟွမ်ဂိုဏ်း၏ အဓိကတောင်ထွတ်ဖြစ်ပြီး နန်းတော်တစ်ခုလုံး၌ ကျိုးစွေ့နှင့် ကျိချွမ်း နှစ်ဦးတည်းသာ ရှိလေသည်။
"ဂိုဏ်းချုပ်ကြီး...”
ကျိချွမ်းသည် ဤနက်နဲသိမ်မွေ့သော ရွှမ်ဟွမ်ဂိုဏ်းဂိုဏ်းချုပ်အား စိုးရိမ်တကြီးဖြင့် ကြည့်လိုက်လေသည်။
ရွှမ်ဟွမ်ဂိုဏ်း၏ အသန်မာဆုံးသူနှင့် တွေ့ဆုံခွင့်ရမည်ဟု သူကိုယ်တိုင်ပင် ထင်မှတ်မထားခဲ့ပေ။ ၎င်းမှာ မကြုံစဖူး ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
သူ၏ အရည်အချင်းအရဆိုလျှင် ဤပုဂ္ဂိုလ်ကြီးနှင့် ထိတွေ့ခွင့်ရရန် မဖြစ်နိုင်ဟု သူ ခံစားမိသည်။
"မင်းကို ငါ့ရွှမ်ဟွမ်ဂိုဏ်းရဲ့ တပည့်အဖြစ် ဘာလို့ လက်ခံလိုက်တယ်ဆိုတာ သိလား...”
ကျိုးစွေ့က ခပ်ဖွဖွပြုံးကာ ကျိချွမ်းအား ကြည့်လိုက်၏။
"တပည့် မသိပါဘူး...”
ကျိချွမ်းက ခေါင်းခါလျက် ရိုးသားစွာပင် ဖြေကြားလိုက်၏။
"အရမ်းရိုးရှင်းပါတယ်။ အဲဒါက မင်းဆီမှာရှိတဲ့ ကံကြမ္မာစွမ်းအားကြောင့်ပဲ။ လောကက လူတိုင်းမှာ ကံကြမ္မာစွမ်းအားဆိုတာ ရှိကြတယ်။ တချို့လူတွေက ကောင်းကင်ကြီးလောက် ကံကောင်းကြပြီး တချို့ကြတော့လည်း ဆက်တိုက်ကို ကံဆိုးနေတတ်ကြတယ်…”
“ကံကြမ္မာစွမ်းအားသာ မလုံလောက်ဘူးဆိုရင် ဇာတ်မြစ်နောက်ကြောင်းက ဘယ်လောက်ပဲ နက်နဲနေပါစေ၊ ပါရမီက ဘယ်လောက်ပဲ အံ့မခန်းဖြစ်နေပါစေ သေချာပေါက် အသေဆိုးနဲ့ သေရမှာပဲ။ ဒါပေမဲ့ ကံကြမ္မာစွမ်းအားသာ လုံလောက်မယ်ဆိုရင် အဆိုးကနေ အကောင်းကို ပြောင်းလဲနိုင်ပြီး အန္တရာယ်ကနေ ကံကောင်းခြင်းတွေ ဖြစ်လာနိုင်တယ်…”
“မင်းက ကြီးမားတဲ့ ကံကြမ္မာစွမ်းအားကို ပိုင်ဆိုင်ထားတဲ့သူပဲ။ ယင်ရှားကမ္ဘာရဲ့ ကံကြမ္မာကို လက်ခံရရှိပြီး မွေးဖွားလာတဲ့ ကံကြမ္မာရဲ့ သားတော်လည်း ဖြစ်နိုင်တယ်။ ငါတို့ ရွှမ်ဟွမ်ဂိုဏ်းသာ ဝင်မပါခဲ့ဘူးဆိုရင် မင်းဟာ ယင်ရှားကမ္ဘာမှာ အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာနိုင်ခြေ အများကြီးရှိတယ်။ အနာဂတ်မှာ ယင်ရှားဂိုဏ်းရဲ့ အုပ်ချုပ်မှုကိုတောင် ဖြုတ်ချပစ်နိုင်လိမ့်မယ်...”
ကျိုးစွေ့က လက်နောက်ပစ်လျက် မတ်တပ်ရပ်နေလေသည်။
"ဒါက..."
ထိုစကားကို ကြားသောအခါ ကျိချွမ်းမှာ စိတ်ဓာတ်တက်ကြွသွားရသည်။
'သြော်... ဒီလိုကိုး။ ဒါက ဒီနက်နဲသိမ်မွေ့တဲ့ ပုဂ္ဂိုလ်ကြီးက ငါ့ကို တပည့်အဖြစ် လက်ခံချင်တဲ့ အကြောင်းရင်းလား။ ငါကက ကြီးမားတဲ့ ကံကြမ္မာစွမ်းအားကို သယ်ဆောင်ထားတာလား...’
ပြဿနာမှာ သူ့တွင် မည်သည့် ကံကြမ္မာစွမ်းအားကြီးမှ မရှိနေခြင်းပင်။
'မဟုတ်ဘူး၊ မဟုတ်သေးဘူး… ငါ ဒီအင်မော်တယ်ရတနာ ဟွမ်ချွမ်မြေပုံကို ရခဲ့တာကြောင့်များလား...’
ထိုသို့တွေးမိသည်နှင့် သူ၏မျက်နှာမှာ ပြောင်းလဲသွားလေသည်။
'ဒီပုဂ္ဂိုလ်ကြီးက ငါ့ဆီက ဒီရတနာကို ရိပ်မိသွားလို့များ တပည့်အဖြစ် လက်ခံခဲ့တာလား။ သူ လူသတ်ပြီး ရတနာလုချင်တာများလား...’
မဟုတ်သေးချေ၊ ဤသည်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော ထိပ်တန်းပုဂ္ဂိုလ်ကြီးတစ်ဦးအနေဖြင့် တကယ်ပင် လူသတ်လုယက်လိုပါက ဤမျှအထိ ပင်ပန်းခံနေစရာအကြောင်း ရှိပါမည်လော။
သူ့အနေဖြင့် စိတ်ကူးတစ်ချက်မျှဖြင့် မိမိကို သတ်ပစ်နိုင်ပြီး ကိုယ်ပေါ်ရှိ ရတနာများကိုလည်း ချက်ချင်း လုယူနိုင်သည်။ ဤမျှထိ ရှုပ်ထွေးအောင် လုပ်စရာ လုံးဝမလိုချေ။
ဤသို့ တွေးမိပြီးနောက် သူ၏ စိတ်သောကများလည်း ချက်ချင်းပင် တော်တော်လေး လျော့ပါးသွားတော့သည်။
ကျိချွမ်းက တွေဝေမနေတော့ဘဲ မိမိကိုယ်ပေါ်ရှိ လျှို့ဝှက်ချက်များကို ချက်ချင်း ဖွင့်ဟရန် ဆုံးဖြတ်လိုက်တော့သည်။
"ဂိုဏ်းချုပ်အရှင်... ကျုပ်ကိုယ်ပေါ်မှာ ကြီးမားတဲ့ ကံတရားတွေ ရှိနေတာ တကယ်ပါပဲ...”
"အရင်တုန်းက နေရာတစ်ခုမှာ ပျက်စီးနေတဲ့ အင်မော်တယ်ရတနာတစ်ခုကို ကျုပ် ကောက်ရခဲ့ပါတယ်...”
"သူ့ကိုယ်သူတော့ ယန်မိုလောကရဲ့ ဟွမ်ချွမ်ဂိုဏ်းက အဖိုးတန်ရတနာဖြစ်တဲ့ အင်မော်တယ်ရတနာ ဟွမ်ချွမ်မြေပုံလို့ ပြောပါတယ်...”
သူက လက်ကိုဆန့်ထုတ်၍ ဟွမ်ချွမ်မြေပုံကို ထုတ်ယူလိုက်၏။
ဤသည်မှာ ပန်းချီကားလိပ်တစ်ခုဖြစ်ပြီး ထိုအထဲတွင် ကျယ်ပြောလှသော မြစ်ကြီးတစ်စင်းရှိနေပုံရကာ မြစ်ရေများမှာ ဝါကြင်ကြင်နှင့် အလွန်ပင် နောက်ကျိနေလေသည်။
မြစ်ရေပြင်ထဲ၌လည်း မရေမတွက်နိုင်သော နာကြည်းဝိညာဉ်ဆိုးများက ဟိန်းဟောက် အော်ဟစ်ကာ ငိုကြွေးနေကြသကဲ့သို့ ရှိသည်။
သို့သော် ဤဟွမ်ချွမ်မြေပုံမှာ ပျက်စီးယိုယွင်းနေသော အခြေအနေတွင် ရှိနေပြီး အစိတ်အပိုင်း အများအပြားလည်း ပျောက်ဆုံးနေကာ အဓိက အစိတ်အပိုင်းအချို့သာ ကျန်ရှိတော့ပုံရ၏။
"ငတုံး... မင်းက တကယ့်ငတုံးပဲ...”
"ငါ့အကြောင်းကို ဘာလို့ သွားပြောပြရတာလဲ...”
"မင်းက ငါတို့နှစ်ယောက်လုံး သေအောင် လုပ်နေတာပဲ...”
ဤစကားကို ကြားလိုက်ရချိန်တွင် ဟွမ်ချွမ်မြေပုံ၏ ဝိညာဉ်က ဒေါသတကြီး ဆဲရေးတိုင်းထွာပြီး အလွန်အမင်း စိတ်ဆိုးဒေါသထွက်သွားချေသည်။
၎င်းအနေဖြင့် မိမိရွေးချယ်မိသော သခင်မှာ ဤမျှအထိ ထုံအလှပြီး လျှို့ဝှက်ချက်များကို ကိုယ်တိုင် လိုက်လံထုတ်ဖော်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဤသည်မှာ လူမိုက်သက်သက်သာ ဖြစ်ပေသည်။
အကယ်၍ ယန်မိုလောကတွင်သာ ဖြစ်ပါက ဤလူမှာ မည်မျှအကြိမ်ကြိမ် သေဆုံးသွားခဲ့ရမည်ကိုပင် မသိနိုင်တော့ပေ။
ကျိုးစွေ့က သူ၏စိတ်အာရုံကို ဖြန့်ကြက်၍ စစ်ဆေးကြည့်လိုက်ရာ ဤအင်မော်တယ် ဟွမ်ချွမ်မြေပုံနှင့် ကျိချွမ်း၏ ဝိညာဉ်မှာ တစ်သားတည်းကျခြင်း မရှိသေးသည်ကို ချက်ချင်း သိရှိလိုက်၏။
ဟွမ်ချွမ်မြေပုံသည် ကျိချွမ်းကို သခင်အစစ်အမှန်အဖြစ် သတ်မှတ်ထားခြင်း မရှိဘဲ အလွန်ဆုံး ပူးပေါင်းလုပ်ဆောင်သည့် ဆက်ဆံရေးမျှသာ ဖြစ်ပေသည်။
အကယ်၍ ဟွမ်ချွမ်မြေပုံဘက်က အလိုရှိပါက အချိန်မရွေး ထွက်ပြေးလွတ်မြောက်သွားနိုင်ပြီး အခြားသခင်အသစ်တစ်ဦးကို ရှာဖွေနိုင်သည်။
"အိုး... မိစ္ဆာလမ်းစဉ်ရဲ့ အဖိုးတန်ရတနာတစ်ပါးပဲ။ တကယ်ကို ထူးခြားဆန်းပြားလှတယ်...”
"ဒါပေမဲ့ မင်းက ဒီအင်မော်တယ်ရတနာကို အပြည့်အဝ သန့်စင်နိုင်ခြင်း မရှိသေးဘဲ ထိန်းချုပ်ခွင့် အနည်းငယ်ပဲ ရထားပုံရတယ်...”
"ကံကောင်းတာက သူက ပျက်စီးနေတဲ့ အခြေအနေမှာမို့ မင်းအနေနဲ့ အလွယ်တကူ သန့်စင်နိုင်ခဲ့တာပဲ...”
"ဒါပေမဲ့ သူ့ရဲ့ စွမ်းအားတွေ ပြန်ကောင်းလာတာနဲ့အမျှ မင်းကို ပြန်ပြီး လွှမ်းမိုးသွားလိမ့်မယ်...”
"မင်းရဲ့ ခန္ဓာကိုယ်ကိုတောင် လုယူသွားနိုင်တယ်...”
"ဒါပေမဲ့ မင်းက ငါတို့ ရွှမ်ဟွမ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်နေမှတော့ မင်းကို ငါ ကူညီပေးပါ့မယ်...”
ဝုန်း...
ထိုခဏ၌ ကျိုးစွေ့က ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို ချက်ချင်း လှုံဆော်လိုက်၏။ အင်မော်တယ်မူလစွမ်းအားများက တစ်ရစ်ချင်း ကျဆင်းလာပြီး ကျိချွမ်း၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားကာ ဝိညာဉ်ကို ဆေးကြောသန့်စင်ပေးလိုက်လေသည်။
ချက်ချင်းပင် သူ၏ ဝိညာဉ်အင်အားမှာ အဆမတန် တိုးမြင့်လာပြီး ဝိညာဉ်ပေါ်တွင် သိပ်သည်းလှသော ဝိညာဉ်အင်းကွက်များ ထွက်ပေါ်လာတော့သည်။
တစ်ချိန်တည်းမှာပင် ကျိချွမ်းမှာ မိမိကိုယ်တွင်းမှ ကြီးမားလှသော စွမ်းအားများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး၊ ထိုစွမ်းအားများမှာ အင်မော်တယ်ရတနာ ဟွမ်ချွမ်မြေပုံ၏ အတွင်းပိုင်း အဓိကနေရာအထိ ချက်ချင်းလက်ငင်း ထိုးဖောက်ဝင်ရောက်သွားကာ သူ၏ ဝိညာဉ်အပိုင်းအစတစ်ခုကို ရောနှော ပေါင်းစပ်လိုက်လေသည်။
အင်မော်တယ်ရတနာ ဟွမ်ချွမ်မြေပုံက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး နာကျင်စွာ ညည်းတွားလိုက်ရ၏။ ၎င်း၏ ကိုယ်ပေါ်တွင် ပဋိညာဉ်ရုန်းများစွာ ထွက်ပေါ်လာပြီး သံကြိုးများသဖွယ် မိမိကိုယ်ကို ချည်နှောင်လိုက်သည်ကို ခံစားလိုက်ရသောကြောင့် ဖြစ်ချေသည်။
"ခွေးကောင်... ငါ့ကို သန့်စင်ဖို့ ကြိုးစားရဲတယ်ပေါ့...”
ထိုအခိုက်၌ ကျိုးစွေ့၏ အေးစက်စက် အသံက ပျံ့လွင့်လာ၏။
"နောက်တစ်ခါ ထပ်အော်ရင် မင်းရဲ့ဝိညာဉ်ကို ငါ ဖျက်ဆီးပစ်ပြီး ဒီအင်မော်တယ်ရတနာထဲမှာ ဝိညာဉ်အသစ်တစ်ခု ပေါ်ထွက်လာအောင် လုပ်ပစ်မယ်...”
ဤစကားကို ကြားလိုက်ရချိန်တွင် အင်မော်တယ်ရတနာ ဟွမ်ချွမ်မြေပုံမှာ ချက်ချင်းပင် အလျော့ပေးလိုက်တော့သည်။ မိမိထက် အစွမ်းထက်သူနှင့် ရင်ဆိုင်ရချိန်တွင် အညံ့ခံခြင်းကသာ အကောင်းဆုံး မဟုတ်ပါလော။
သေဆုံးသွားခြင်းထက် အသက်ရှင်နေခြင်းက ပိုကောင်းပေသည်။
ယခုအချိန်တွင် အခြားသူ၏ ထိန်းချုပ်မှုကို ခံရသည်မှာ ပျက်စီးသွားရသည်ထက်စာလျှင် ပို၍ပင် တော်သေးသည်ဟု ၎င်း တွေးတောလိုက်၏။
"တောင်း… တောင်းပန်ပါတယ်… သခင်ကြီး...”
မကြာမီပင် ကျိချွမ်းသည် မိမိအနေဖြင့် အင်မော်တယ် ဟွမ်ချွမ်မြေပုံကို အပြည့်အဝ သန့်စင်ပြီးသွားပြီ ဖြစ်ကြောင်း သိရှိလိုက်ရ၏။ ထိုအင်မော်တယ်ရတနာမှာလည်း ချက်ချင်းပင် လုပ်ဆောင်ချက် အများအပြားကို သူ့အတွက် ဖွင့်ဟပေးလိုက်ပုံရသည်။
သူ့မျက်နှာပေါ်တွင်လည်း လှိုက်လှဲသော ဝမ်းမြောက်ဝမ်းသာဖြစ်မှုများ အထင်းသား ထွက်ပေါ်လာတော့သည်။
ယခုမှသာ သူသည် ဤအင်မော်တယ်ရတနာကို စစ်မှန်စွာ ပိုင်စိုးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ကျိချွမ်းက ကျိုးစွေ့ကို အလွန်ပင် ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ၏လောင်းကြေးမှာ လုံးဝကို အောင်မြင်သွားခဲ့ပြီ ဖြစ်ကြောင်း သူ သိလိုက်၏။
သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်လှသော ရွှမ်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ သူ၏ရတနာကို လုံးဝ စိတ်မဝင်စားပေ။
သူက မိမိ၏ လျှို့ဝှက်ချက်ကို တက်ကြွစွာ ဖွင့်ဟပြခဲ့သောကြောင့် ကိုယ်ပေါ်ရှိ အန္တရာယ်များကိုပါ ဖြေရှင်းပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍သာ ထိုသူကို လိမ်ညာခဲ့ပါက ဤကဲ့သို့သော အခွင့်အရေးမျိုးနှင့် လွဲချော်သွားမည်မှာ သေချာလှသည်။
အခြားသူများကို ငတုံးများဟဟု မထင်မှတ်သင့်ပေ။ မိမိကဲ့သို့သော သာမန် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ကိုယ်ပေါ်ရှိ လျှို့ဝှက်ချက်များကို ထိုပုဂ္ဂိုလ်ကြီးက ကြိုတင်သိရှိပြီးသား ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေသင့်ပေ။
"ဂိုဏ်းချုပ်အရှင်ကြီးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ...”
"အားနာနေစရာမလိုပါဘူး...”
ကျိုးစွေ့က တည်ငြိမ်စွာပင် ပြောလိုက်သည်။
"မင်းက ငါတို့ ရွှမ်ဟွမ်ဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်နေကတည်းက အခြားသော မိစ္ဆာလမ်းစဉ်ရဲ့ တိုက်ခိုက်မှုကို ခံရဖို့ ခွင့်မပြုနိုင်ဘူး...”
"မင်းက အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ်ပဲ ရှိပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ကတော့ သာမန်မဟုတ်ဘူး။ ဒါက နာမည်ကျော်ကြားလှတဲ့ ကမ္ဘာဦးမိစ္ဆာခန္ဓာ ဖြစ်ရမယ်...”
"ဒီလို ခန္ဓာကိုယ်မျိုးက မိစ္ဆာလမ်းစဉ်ရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်မျိုးမို့လို့ ဒီအင်မော်တယ်ရတနာ ဟွမ်ချွမ်မြေပုံက မင်းဆီကို ကပ်တွယ်လာတာပဲ...”
"ဒါက ပျက်စီးနေတဲ့ အင်မော်တယ်ရတနာ ဖြစ်နေရင်တောင်… အင်မော်တယ်ရတနာက အင်မော်တယ်ရတနာပဲမို့လို့ တန်ဖိုးကတော့ ဖြတ်လို့မရဘူး...”
"ဒီအကြောင်းကို ဘယ်သူ့ကိုမှ လျှောက်မပြောမိစေနဲ့...”
သူ ကျိချွမ်းကို ကူညီခြင်းမှာလည်း ကိုယ်ပိုင် ရည်ရွယ်ချက် ရှိသောကြောင့် ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ကံကြမ္မာအာရုံခံနိုင်စွမ်းအရ ကျိချွမ်းမှာလည်း ကံကြမ္မာ၏ သားတော်တစ်ဦးဖြစ်ပြီး ကိုယ်ပေါ်တွင် ရွှေရောင်ကံကြမ္မာများ ရှိနေကာ အနာဂတ်တွင် နာမည်ကျော်ကြားမည့် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာပေလိမ့်မည်။
အကယ်၍ သေချာစွာ ပြုစုပျိုးထောင်ပေးပါက အနာဂတ်တွင် ရွှမ်ဟွမ်ဂိုဏ်း၏ အဆင့်မြင့် စွမ်းအားရှင်တစ်ဦး ဖြစ်လာမည်မှာ သေချာလှသည်။
ဤသည်မှာ ရွှမ်ဟွမ်ဂိုဏ်းနှင့် လူသားမျိုးနွယ်စုကြီး၏ ကံကြမ္မာကို စုဆောင်းရန်အတွက် များစွာ အကျိုးရှိပေလိမ့်မည်။