အခန်း ၈၁၈
Vol. 77 Ch. 818
အခန်း (၈၁၈) - ကံကြမ္မာသားတော်များ ရွှမ်ဟွမ်တွင် စုဝေးခြင်း၊ ဖုန်းရှီးမြို့တော်၏ နှစ်တစ်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဖုန်းရှီးကျွန်းအား တစ်ပါးတည်းအုပ်စိုးခြင်း(၃)။
"မင်းရဲ့ ကံတရားကို ငါ လုယူလိမ့်မယ်လို့လည်း စိုးရိမ်မနေပါနဲ့...”
"လူတိုင်းမှာ ကိုယ်စီ ကံတရားတွေ ရှိကြတာပဲ...”
"သူတစ်ပါးရဲ့ ကံတရားကို လုယူရင် သူတစ်ပါးရဲ့ ကံကြမ္မာ အကျိုးသက်ရောက်မှုကို ခံယူရမှာမို့လို့ တစ်ခါတလေကျရင် ဒါက ကောင်းတဲ့အရာ မဟုတ်ဘူး...”
ကျိုးစွေ့က ရှင်းပြလိုက်သည်။
ထို့အပြင် သူ၏ ကိုယ်ပေါ်တွင်လည်း အဖိုးတန် ရတနာများစွာ ရှိနေပြီးသား မဟုတ်ပါလော။
ဤကဲ့သို့သော ပျက်စီးနေသည့် အင်မော်တယ်ရတနာမျိုးကို သူ စိတ်မဝင်စားပေ။
သူ့၌ ရတနာများစွာ ရှိနေပြီးဖြစ်ရာ တစ်ခု သို့မဟုတ် နှစ်ခု ပိုလာခြင်းမှာလည်း ထူးခြားမှု မရှိပေ။
"ဟုတ်ကဲ့ပါ... ဂိုဏ်းချုပ်အရှင်...”
ကျိချွမ်းက ခေါင်းညိတ်လိုက်၏။
သူ့စိတ်ထဲတွင် များစွာ ခံစားလိုက်ရ၏။ သူ့ရှေ့မှ ရွှမ်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ တကယ်ပင် နက်နဲလှပြီး မြင့်မြတ်သော တာအိုကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။
ထိုသူမှာ ယင်ရှားဂိုဏ်းမှ ကျင့်ကြံသူများနှင့် မတူဘဲ ဖြောင့်မတ်တည်ကြည်ကာ ခန့်ညားထည်ဝါလှသည်။
ဤသည်မှာ စစ်မှန်သော ဂိုဏ်းအရှင်တစ်ဦးပင် ဖြစ်ပေ၏။
ထိုအချိန်တွင် ကျိချွမ်းသည် ရွှမ်ဟွမ်တောင်ထွတ်မှ ရိုသေကိုင်းညွတ်စွာဖြင့် ထွက်ခွာသွားတော့သည်။
သူ့ရင်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုမှာလည်း နောက်ဆုံးတွင် ကျဆင်းသွားခဲ့ပြီး များစွာ စိတ်သက်သာရာ ရသွားတော့သည်။
အမှန်အတိုင်း ပြောရပါက ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် သူ အစိုးရိမ်ဆုံးအရာမှာ ဂိုဏ်း၏ ကျင့်ကြံသူများက ရတနာအတွက် မိမိကို သတ်ဖြတ်လုယူသွားမည်ကိုပင်။
အဘယ်ကြောင့်ဆိုသော် သူသည် သေးနုပ်လှသော ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်ရာ ဤကဲ့သို့သော အဖိုးတန်ရတနာကို မည်သို့ ကာကွယ်နိုင်ပါမည်နည်း။
သို့သော် ယခုမူ မတူတော့ပေ။
ဂိုဏ်းချုပ်အရှင်ကြီး၏ ထောက်ခံချက်ကို ရရှိထားပြီးဖြစ်ရာ မည်သူက သူ၏ရတနာကို လုယူဝံ့ပါမည်နည်း။
အကယ်၍ အပြင်သို့ ပေါက်ကြားသွားခဲ့လျှင်ပင် သူ့အတွက် ကြီးမားသော ပြဿနာ ရှိလာလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း လျှို့ဝှက်ထားနိုင်ခြင်းက အကောင်းဆုံး ဖြစ်ပေ၏။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်အရှင်ကြီးက သူ၏ကံတရားကို စိတ်မဝင်စားသော်လည်း အခြားသော ကျင့်ကြံသူများက စိတ်မဝင်စားဘဲ နေလိမ့်မည် မဟုတ်သောကြောင့် ဖြစ်၏။
ဤလောကတွင် ကောက်ကျစ်စဉ်းလဲသော ကျင့်ကြံသူများ အလွန်ပင် များပြားလှရာ သတိထား၍ နေထိုင်ရပေမည်။
"သွားပြီ... သွားပြီ... ငါတော့ တကယ့်ကို သွားပြီ...”
"ဒီတစ်ခါတော့ မင်းလက်ထဲမှာ ငါ အပြည့်အဝ ဒုက္ခရောက်ရပြီ...”
"ဟိုရွှမ်ဟွမ်တာအိုအရှင်ဆိုတဲ့ လူယုတ်မာက ဒီလောက်အထိ ယုတ်မာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး...”
"သူတစ်ပါးကို ဒုက္ခပေးပြီး ကိုယ့်အတွက်လည်း အကျိုးမရှိတဲ့ကောင်ပဲ...”
"အဲဒီကောင်က မင်းကို ကူညီပေးလိုက်တာနဲ့ပဲ လူကောင်းလို့ မထင်လိုက်နဲ့ဦး...”
"ဒီလို ဗေဒင်တွက်တဲ့ ကျင့်ကြံသူတွေကို ငါ အများကြီး တွေ့ဖူးတယ်။ သူတို့ရဲ့ စိတ်က တကယ့်ကို ညစ်ပတ်လွန်းတယ်...”
"မင်းကွယ်ရာမှာ မင်းကို ဘယ်နှစ်ကြိမ်တောင် အကွက်ဆင်ထားပြီးပြီလဲဆိုတာ မသိနိုင်ဘူး...”
"အရင်တုန်းက ဟွမ်ချွမ်ဂိုဏ်းလည်း ဗေဒင်တွက်တဲ့ ကောင်တစ်ယောက်ရဲ့ အကွက်ဆင်မှုကို ခံလိုက်ရလို့ နောက်ဆုံးမှာ မြုပ်စရာမြေတောင် မကျန်ခဲ့ဘူး...”
"အခု မင်းအပေါ် ကောင်းပြနေပေမဲ့ နောင်တစ်ချိန်မှာ ဘာဖြစ်လာမလဲဆိုတာ မပြောနိုင်ဘူး...”
အင်မော်တယ် ဟွမ်ချွမ်မြေပုံက ဒေါသတကြီး ဆဲရေးတိုင်းထွာပြီး အလွန်အမင်း စိတ်ဆိုးဒေါသထွက်နေတော့သည်။
၎င်းအနေဖြင့် ကျိချွမ်းနှင့် ဤမျှအထိ တင်းကျပ်စွာ ပေါင်းစည်းသွားရလိမ့်မည်ဟု ထင်မထားခဲ့ဘဲ လွတ်မြောက်ရန်လည်း လုံးဝ မဖြစ်နိုင်တော့ပေ။
အကယ်၍ ကျိချွမ်း သေဆုံးသွားပါက ၎င်း၏ဝိညာဉ်ပါ အတူတူ သေဆုံးသွားရမည် ဖြစ်၏။
သူတို့နှစ်ဦးမှာ ကံကြမ္မာတစ်ခုတည်းသို့ ရောက်ရှိသွားခဲ့ချေပြီ။
ယခင်က ၎င်းသည် ကျိချွမ်းကို မိမိ၏စွမ်းအားများ ပြန်လည်ကောင်းမွန်လာစေရန်နှင့် ပျက်စီးနေသော အစိတ်အပိုင်းများကို ပြုပြင်ရန်အတွက် အသုံးချခံတစ်ခုအဖြစ်သာ သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုမူ သူတို့နှစ်ဦးမှာ အကျိုးစီးပွား တစ်ခုတည်းအောက်တွင် ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။
၎င်းအနေဖြင့် ဗေဒင်တွက်သော ကျင့်ကြံသူများကို အလွန်ပင် မုန်းတီးလှသည်။
ထိုသူများမှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်ကြပြီး ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို သိရှိထားသည်ဟု ထင်မှတ်ကာ မရေမတွက်နိုင်သော လူများကို မိမိတို့၏ လက်ဖဝါးပေါ်တွင် ကစားလေ့ရှိကြသည်။
ယခုမူ ၎င်းသည် ထိုကဲ့သို့သော ယုတ်မာလှသည့် လူတစ်ဦးနှင့် ထပ်မံ ကြုံတွေ့ခဲ့ရပြန်ပြီဖြစ်ရာ ကံဆိုးလွန်းလှသည်ဟု ဆိုရပေမည်။
"ဟားဟား... ဒါက ကောင်းတဲ့အရာ မဟုတ်ဘူးလား...”
"ဂိုဏ်းချုပ်အရှင်ရဲ့ ရုပ်သေးတစ်ရုပ် ဖြစ်လာနိုင်တာက ရုပ်သေးတစ်ရုပ် ဖြစ်ဖို့တောင် အရည်အချင်း မပြည့်မီတာထက်စာရင် ပိုကောင်းပါသေးတယ်...”
"အသုံးချလို့ မရတဲ့လူတွေက ဒီလောကမှာ ရှင်သန်နိုင်မှာ မဟုတ်ဘူး...”
ကျိချွမ်း၏ မျက်နှာမှာ အလွန်ပင် တည်ငြိမ်နေပြီး အရာအားလုံးကို ဉာဏ်အလင်းပွင့်သွားပုံရနေချေသည်။
သူသည် အသုံးချခံရမည်ကို စိုးစဉ်းမျှ ဂရုမစိုက်ပေ။
ယင်ရှားဂိုဏ်းကဲ့သို့သော မိစ္ဆာဂိုဏ်းတစ်ခုတွင် ဤမျှကြာအောင် ရှင်သန်ခဲ့ပြီးနောက် သူသည် အမှန်တရားတစ်ခုကို ကောင်းစွာ နားလည်ထားသည်။ ၎င်းမှာ လူတစ်ယောက်အနေဖြင့် အသုံးချခံရမည်ကို မကြောက်သင့်ဘဲ အသုံးမဝင်တော့မည်ကိုသာ အကြောက်ရဆုံး ဖြစ်သည်ဟူ၍ပင်။
ယင်ရှားဂိုဏ်းမှ ကျင့်ကြံသူများ၏ လက်ထဲတွင် သေဆုံးသွားခဲ့ကြရသည့် ကျွန်များမှာ အခြေခံအားဖြင့် အသုံးချ၍ မရတော့သောသူများသာ ဖြစ်ကြ၏။
သူသည်လည်း တက်ကြွလှုပ်ရှားပြီး ဝီရိယရှိရှိ ကြိုးစားခဲ့ကာ ယင်ရှားဂိုဏ်းကျင့်ကြံသူများအား မိမိတန်ဖိုးကို မြင်အောင် ပြသနိုင်ခဲ့သောကြောင့်သာ ဤမျှအထိ အသက်ရှင်နိုင်ခဲ့ခြင်း ဖြစ်သည်။
မဟုတ်ပါက သူသည် လွန်ခဲ့သော အချိန်ကတည်းကပင် ထိုသူများ၏ လက်ထဲတွင် သေဆုံးသွားခဲ့ပြီဖြစ်ရာ ယနေ့အထိ မည်သို့ ရှင်သန်နိုင်ပါမည်နည်း။
ထို့ကြောင့် သူသည် အသုံးချခံရမည်ကို လုံးဝ မကြောက်ဘဲ မိမိ၌ အသုံးချနိုင်စွမ်းမရှိတော့မည်ကိုသာ စိုးရိမ်မိသည်။
"ကောင်းတယ်... ကောင်းတယ်။ တကယ့်ကို မိစ္ဆာလမ်းစဉ်ရဲ့ အရှင်သခင်တစ်ယောက်ရဲ့ ပုံစံမျိုး ရှိနေပြီပဲ...”
"မင်းနောက်ကို လိုက်ရင်တော့ ငါလည်း ရှင်သန်ဖို့ အခွင့်ရေး ရှိနိုင်သေးတာပေါ့...”
"အဲဒီလိုမျိုး ထိပ်တန်းပုဂ္ဂိုလ်ကြီးက မင်းအပေါ် တကယ်ပဲ အကွက်ဆင်ထားတာ ရှိရင်တောင် အခုချက်ချင်းတော့ ဖြစ်လာဦးမှာ မဟုတ်ပါဘူး...”
"အနည်းဆုံးတော့ မင်း ဝိညာဉ်သန္ဓေသားအဆင့် ဒါမှမဟုတ် နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ရောက်တဲ့အထိ စောင့်ရလိမ့်မယ်...”
"အခုကစပြီး မင်းအနေနဲ့ အထက်ကို အသည်းအသန် တက်လှမ်းနိုင်ဖို့ပဲ လိုတယ်။ ဒါမှလည်း ကြိုးဆွဲသူတစ်ယောက် ဖြစ်လာဖို့ အရည်အချင်း ရှိလာမှာ...”
"ဒါပေမဲ့ ပြောရဦးမယ်... ဒီရွှမ်ဟွမ်ဂိုဏ်းက တကယ့်ကို မရိုးရှင်းဘူး။ သူတို့ရဲ့ နောက်ခံက နက်နဲလွန်းတယ်...”
"အထူးသဖြင့် ဒီရွှမ်ဟွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကတော့ အင်မော်တယ်တစ်ယောက် ဝင်စားတာဖြစ်မယ်လို့ ငါ သံသယရှိမိတယ်...”
"မဟုတ်ရင် ငါ့ရဲ့ ဟွမ်ချွမ်မြေပုံကိုတောင် ဘယ်လိုလုပ် မျက်စိထဲမထည့်ဘဲ နေပါ့မလဲ...”
အင်မော်တယ် ဟွမ်ချွမ်မြေပုံက အံများကိုကြိတ်ကာ ဒေါသတကြီး ဆဲရေးတိုင်းထွာနေတော့သည်။
၎င်းသည် မိမိကိုယ်ကိုယ် အခြားသူများ တွေ့ရှိပါက အရူးအမူး လုယူကြမည့် လှပသော မိန်းမပျိုတစ်ဦးသဖွယ် ထင်မှတ်ထားခဲ့သည်။
သို့သော် ယခုမူ လှပသော ပန်းတစ်ပွင့်ဖြစ်ခဲ့သော်လည်း ပျက်စီးယိုယွင်းနေပြီဖြစ်ရာ အခြားသူ၏ လှည့်ကြည့်ခြင်းကိုပင် မခံရတော့ချေ။
၎င်းအတွက်မူ အလွန်တရာ ကြီးမားသော အရှက်ရစရာ ဖြစ်ပေသည်။
'ငါ့ကို စောင့်နေလိုက်စမ်း။ ဒီရွံစရာကောင်းတဲ့ ရွှမ်ဟွမ်ဘိုးဘေး။ နောင်တစ်ချိန်ကျရင် ငါ အဲဒီကောင်ကို ငါ့အပေါ် အမြင်သစ်နဲ့ ကြည့်လာအောင် သေချာပေါက် လုပ်ပြမယ်။ ပြီးတော့ ငါ့ကို မရရှိခဲ့တဲ့အတွက် ဒီကောင် နောင်တရစေရမယ်...’
............
ရွှမ်ဟွမ်တောင်ထွတ်ရှိ နန်းတော်တစ်ခုအတွင်း၌။
ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်၊ လန်ယွဲ့ရှီ၊ လင်းယာကျူ၊ ရှန်ပိချန်၊ သခင်မမက်မွန်ပွင့်၊ ချွန်းထောင်၊ ရှားထောင်၊ ချိုးထောင်၊ တုန်းထောင်၊ ချူတျဲယီ၊ ချန်ဇီယွင်၊ ချိုးရူယွီ၊ ရှရွှေယန်၊ ယဲ့ဖေးရို တို့မှာ ဤနေရာတွင် ရှိနေကြလေသည်။
ရှည်လျားလှသော ကျင့်ကြံခြင်းလမ်းစဉ်အပြီးတွင် ချန်ဇီယွင်၊ ယဲ့ဖေးရို၊ ချိုးရူယွီတို့သည် နတ်ဘုရားအသွင်ပြောင်းအဆင့် နှောင်းပိုင်းသို့ တက်လှမ်းနိုင်ခဲ့ကြပြီ ဖြစ်၏။
ကျိပင်းယွီနှင့် အခြားသူများမှာလည်း နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ်သို့ တစ်ဦးပြီးတစ်ဦး တက်လှမ်းနိုင်ခဲ့ကြလေသည်။
၎င်းမှာ အလွန်တရာ လျင်မြန်သော တိုးတက်မှု ဖြစ်ပေသည်။
ဤမျှ လျင်မြန်စွာ တိုးတက်ရခြင်းမှာ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၊ ထို့အပြင် ပဉ္စမအဆင့် စိတ်ဝိညာဉ်ဆေးပင် မြောက်မြားစွာနှင့် များစွာ သက်ဆိုင်နေပေသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင် အနီးတွင် ကျင့်ကြံနေကြခြင်း ဖြစ်ပြီး၊ ဤနေရာ၏ စိတ်ဝိညာဉ်စွမ်းအား သိပ်သည်းဆမှာ သတ္တမအဆင့် စိတ်ဝိညာဉ်ကြောနှင့် ညီမျှသောကြောင့်ပင် ဖြစ်၏။
ထို့အပြင် ပဉ္စမအဆင့် စိတ်ဝိညာဉ်ဆေးပင် မြောက်မြားစွာကိုလည်း စိတ်ကြိုက် သုံးဆောင်နိုင်ကြလေသည်။
ထို့ကြောင့် ၎င်းတို့၏ ကျင့်ကြံမှုမှာ သဘာဝကျကျပင် လျင်မြန်စွာ တိုးတက်နေသဖြင့် အခြားကျင့်ကြံသူများအနေဖြင့် လုံးဝ လိုက်မမီနိုင်ပေ။
သို့သော် နတ်ဘုရားအသွင်ပြောင်းအဆင့်တွင် ကျင့်ကြံရခြင်းမှာ ခက်ခဲလှ၏။
လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းလိုပါကလနေ့ချင်းညချင်း လုပ်ဆောင်နိုင်မည့်အရာ မဟုတ်ချေ။
ဝှစ်…။
ထိုအခိုက်တွင် ကျိုးစွေ့၏ကိုယ်ပွားသည်လည်း ဤနေရာသို့ ရောက်ရှိလာ၏။
"ယောကျ်ားက ဝိညာဉ်လောကမှာ ဘယ်လိုနေလဲဟင်...”
ကျိပင်းယွီက မေးမြန်းလိုက်၏။
သူမသည် ဤကိုယ်ပွားထံမှတစ်ဆင့် ကျိုးစွေ့၏ လက်ရှိအခြေအနေကို မကြာခဏ မေးမြန်းလေ့ရှိသည်။
"စိတ်ချပါ၊ ပင်မခန္ဓာကိုယ်က ဝိညာဉ်လောကမှာ ဘေးကင်းပါတယ်။ အခုအချိန်မှာ လေဟာနယ်သန့်စင်ခြင်းအဆင့် အစောပိုင်းကို ရောက်နေပြီ။ နောက်ထပ် အချိန်အတန်ကြာရင် ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေး ရှိလိမ့်မယ်…”
“ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်လာပြီဆိုရင် နယ်မြေဖြတ်ကျော် အစီအရင်ကို ရှာဖွေပြီး ရွှမ်ဟွမ်လောကကို ပြန်လာနိုင်မယ့် အခွင့်အလမ်း ရှိနိုင်ပါတယ်...”
ကိုယ်ပွားက ပြောလိုက်၏။
၎င်းအနေဖြင့် ကျိုးစွေ့ ဝိညာဉ်လောကတွင် ကြုံတွေ့ခဲ့ရသမျှ ကိစ္စအဝဝကို အသေးစိတ် ပြောပြရန် မဖြစ်နိုင်ပေ။ ဘေးကင်းကြောင်း သတင်းပါးရုံမျှဖြင့် လုံလောက်သည်။
"တကယ်ကို ယောကျ်ားပါပဲ။ ဝိညာဉ်လောကကို ရောက်သွားတာတောင် အဆင်ပြေပြေနဲ့ အောင်မြင်နေတုန်း။ ဒီလောက် တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်တာ တကယ့်ကိုပါရမီရှင်ပဲ...”
ချိုးရူယွီက သက်ပြင်းချရင်း ပြောလိုက်၏။
သူမသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် ကျင့်ကြံခြင်း၏ ခက်ခဲမှုကို ကောင်းစွာ သိရှိသည်။
နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်ရှိပြီးနောက် မိမိကိုယ်တိုင်မှာ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ဖြစ်သော်လည်း ကျင့်ကြံမှုအရှိန်မှာ သိသိသာသာ နှေးကွေးသွားခဲ့၏။
မကြာခဏဆိုသလို နှစ်ပေါင်းရာချီ တံခါးပိတ်ကျင့်ကြံရန် လိုအပ်ပေသည်။
သို့သော် မိမိတို့၏ယောကျ်ားမှာမူ ကျင့်ကြံမှုအဆင့် တက်လှမ်းခြင်းမှာ ထမင်းစားရေသောက်သကဲ့သို့ လွယ်ကူလှပြီး မည်သည့်အတားအဆီးမျှ မရှိသကဲ့သို့ပင်။
နှစ်ပေါင်း ရာဂဏန်းမျှအတွင်းမှာပင် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
လေဟာနယ်သန့်စင်ခြင်းအဆင့်အထိ မည်သို့အလွယ်တကူ တက်လှမ်းနိုင်ပါမည်နည်း။ ၎င်းမှာ အမှန်တကယ်ပင် စိတ်ကူးကြည့်ရန် ခက်ခဲလှ၏။